Monday, May 24, 2010

အခုတလော ဒါမျိုးတွေ ခေတ်စားနေတယ်


လူသားတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြသတဲ့။ လျှို့ဝှက်ချက်ကို သိလျှင် အံ့သြသွားပါလိမ့်မည်။ ထိုမျှော်လင့်ချက် ဟူသည် သူတပါး၏ မျှော်လင့်ချက်များ ဖြစ်သည်။ တနည်းအားဖြင့် ဆိုရသော် လူရာဝင်၊ လူဝင်ဆန့်၊ လူတန်းစေ့၊ လူ့ဘောင်၊ လူမှုရေး၊ လူ့ဂုဏ်သိက္ခာ စသည့် သတ်မှတ်ချက်များအောက်တွင် ကိုယ်မဟုတ်သော အခြားသူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းနိုင်ရန် လူတို့သည် ကျိုးနွံစွာ နေထိုင်ကြလေသည်။ လူ ဟူသည့်စကားလုံး မပါသော အခြား မျှော်လင့်ချက်များမှာ ခေတ်မီ၊ ခေတ်ပေါ်၊ ခေတ်ပြိုင်၊ ခေတ်ကျန်၊ စတိုင်၊ ဖက်ရှင်၊ စတန့် စသည်တို့ဖြစ်ကောင်းဖြစ်မည်။ ခေတ်မီနည်းပညာများ ထွန်းကားလာသောအခါ ကမ္ဘာကြီးသည် ရွာကြီးဖြစ်လာခဲ့ပြီ။ ကမ္ဘာဟာ ရွာမဖြစ်ခင်ကတော့ တော ပါပဲ။ တောထဲမှာ ဒါဝင်က မျောက်မျိုးစေ့တွေ ကြဲချလိုက်သည်။ လူတွေ လက်ဆော့ခြေဆော့ ဖြစ်လာသောအခါ ခရစ္စတိုဖာကိုလံဘတ်စ်က ကမ္ဘာလုံးလုံးပေါ်မှာ လိမ့်ရင်း အမေရိကကို တွေ့ရှိသွားသည်။ ကမ္ဘာသည် ကမ္ဘာဆန်ဆန် ဖြစ်လာပြန်တော့ (ကမ္ဘာဟာ ကမ္ဘာမဆန်လို့ ဘာဆန်ရမှာလဲ) ဂျိုးဇက်စတီးဂလစ်ဇ်က အစာမကြေမှုတွေကို ဖွင့်ချလိုက်သည်။ သောမတ်စ်ဖရီးမင်းကလည်း ကမ္ဘာကို တူဖြင့်ထုလိုက်သည်။ အိုင်စတိုင်းကတော့ ကမ္ဘာကြီး အန္တရာယ်ရှိလာတာ အန္တရာယ်ရှိအောင် လုပ်သူတွေကြောင့်သာ မကဘူး၊ ထိုင်ကြည့်နေပြီး ဘာမှမလုပ်သူတွေကြောင့်ပါ ဖြစ်တယ် ဟု စွပ်စွဲခဲ့ပါသည်။ (ထိုစကားက ကျွန်ုပ်တို့ကို ထိုင်ရမလို ထရမလို မိုးတိုးမတ်တတ် ဖြစ်စေသည်။) စတီဖင်ဟော့ကင်းက ကမ္ဘာ့အပြင်မှ ဂြိုလ်သားများက နှုတ်ဆက်လာလျှင် မသိကျိုးကျွံပြုရန် အကြုံပြုလာသည်။ သို့ဖြင့် ကမ္ဘာသည် အထီးကျန်ပြီးရင်း ကျန်ရင်းဖြစ်သည်။ အထီးကျန်ကမ္ဘာတွင် ကြည်သောရေနှင့် နုသောမြက်တို့သည် လူတို့အတွက် မက်လုံးဖြစ်သည်။ ရေနောက် မြက်ခြောက် သွားသောအခါ အခြားရေကြည်ရာ မြက်နုရာသို့ ဆက်ထွက်သွားကြပြန်သည်။ တခါတလေတော့ ဟိုဘက်ခြံက မြက်က ပိုစိမ်းခြင်းသည် မျက်မှန်စိမ်းများ တပ်ကြည့်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကမ္ဘာကြီး စိမ်းလန်းစိုပြည်စေရန် သင့်ကြောင့် ရေမခန်းပါစေနှင့်။ ရွှေကိုမလို ရေကိုသာ လိုပါသည်။ ယခုရေးလိုက်သော စာကို ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်၊ ဒန်တံဆိပ်များ လာကပ်လျှင်တော့ ကျွန်ုပ်က အပြင်းအထန် ကန့်ကွက်ရမည် ဖြစ်သည်။

ပန်ဒိုရာ

24 comments:

Anonymous said...

ကျွန်ုပ်လည်း ပန်ဒိုရာ စာဖတ်ပြီး ထိုင်ရမလို ထရမလို မိုးတိုးမတ်တတ် ဖြစ်သွားသည်။ ဤစာကို ပတ္တမြားတံဆိပ်ကပ်သွားပါတယ်။


လေးစားလျှက်..

ချစ်ကြည်အေး said...

ကောင်းတယ် ပန်ပန် :D ရပ်ရမလို ထိုင်ရမလိုနဲ့ ခုတော့ ပျံသွားပြီ...ခိခိ

သိင်္ဂါကျော် said...

လူရာဝင်၊ လူဝင်ဆန့်၊ လူတန်းစေ့၊ လူ့ဘောင်၊ လူမှုရေး၊ လူ့ဂုဏ်သိက္ခာ စသည့် သတ်မှတ်ချက်များအောက်တွင် ကိုယ်မဟုတ်သော အခြားသူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းနိုင်ရန် လူတို့သည် ကျိုးနွံစွာ နေထိုင်ကြလေသည်။

စာသားလေး အရမ်းသဘောကျသွားတယ်..။

ZT said...

အိုင်းစတိုင်း ကို ပြောလိုက်ပါ။ ထိုင်မနေပါ။ အိပ်နေပါတယ်လို့။
ကမ္ဘာကြီး အထီးကျန် နေတာ သက်သက် မဟုတ်ပါ။ အထီးရော အမရော ၂ပိုင်း ၁ပိုင်းတွေ ပါ ကျန်နေပါသေးသည်။ :D

သက်ပိုင်သူ said...

ကောင်းတဲ့စာသားတွေ...း)

(...)ချစ်ကြည်အေး ကွန့်မက်ကို ဖတ်ပြီး ပြုံးမိတယ်။

An Asian Tour Operator said...

"အခုတလော ဒါမျိုးတွေ ခေတ်စားနေယ်" (သံယောင်လိုက် သွားတယ်)

Rita said...

ကိုZT အဆိုအရ အိပ်နေတဲ့ လူတွေတော့ အပြောလွတ်တဲ့ သဘောပဲ။ 2010 အဓိဋ္ဌာန်က "အိပ်ရေးဝဖို့" ဖြစ်နေတာ တော်သေးးးးးး

သက်ဝေ said...

အိုင်စတိုင်းကတော့ ထားပါတော့... အမှန်က မလုပ်သင့်ဆုံး အလုပ်ကို လုပ်တဲ့သူကတော့ ဒါဝင် ပဲ...
သူ့ကြောင့်... သူ့ကြောင့်...

ဘာပဲပြောပြော အထီးကျန်နေတဲ့ ကမ္ဘာအတွက် အခုလိုမျိုး ခေတ်နဲ့အညီရေးလိုက်နိုင်တဲ့ ပန်ပန် တော်တယ်...း))

ရွှေရတုမှတ်တမ်း said...

ဦးချိန်တီတံဆိပ်ပဲကပ်လိုက်သည်။
အစာလဲကြေသည်...လေလဲလည်သည်။

ဏီလင်းညို said...

မပန်ရေ........

နောက်ဆုံး......စာကြောင်းလေးကို အားကြီးသဘောကျတယ်.........။
စိတ်ကူးကတော့ ကောင်းပဗျာ.........။

(ကိုကြီးကျောက် မန့်သွားတာကိုလည်း.......ရယ်မိတယ်.....း))

ခင်မင်တဲ့
ဏီလင်းညို

အိန္ဒြာ said...

ဖိုက်ဘာ မယ်လမင်းဆိုတာပေါ့...
အဲဒါ ကပ်တယ်...

ဒန်တယ်ဆိုတာ အောက်သွားပြီ....းP

Anonymous said...

ရေတံဆိပ် ကပ်လိုက်မယ်။
ရေကိုသာလိုတယ်ဆိုလို့။
ရေတံဆိပ်ဆိုတော့ ဘယ်သူမှ မမြင်ရဘူး။
transparancy :)

blueskyforest said...

ပန်ဒိုရာလည်း ပြင်းထန်လာပြီ။ ပြင်းထန်သူများကို လေးစားကြပါ။ သတိလည်းထားကြပါ။

Moe Cho Thinn said...

တိုတိုလေးနဲ့ ထိတယ်။ မိုက်တယ် ပန်ပန်.. မလိမ်မာဘူး။ :)

Unknown said...

အောင်ပိုင်စိုး

ဗလာတံဆိပ် ကပ်လိုက်မိတယ်။အရောင် အဆင်း ၊အနံ့၊ အရာသာ မရှိစေချင်၍ ဖြစ်သည်။

Unknown said...

အောင်ပိုင်စိုး

တံဆိပ် မကပ်ပါနဲ့။

sonata-cantata said...

ပထမတခေါက်ဖတ်တုန်းက အမ သိပ်နားမလည်ဘူး
နောက်ထပ်လာဖတ်တော့မှ မျိုးစုံအတွေးတွေ ၀င်လာတော့တာ...

Maung Myo said...

တခါတလေတော့ ဟိုဘက်ခြံက မြက်က ပိုစိမ်းခြင်းသည် မျက်မှန်စိမ်းများ တပ်ကြည့်သောကြောင့်လည်း ဖြစ်နိုင်ပါသည် ။

တကယ်တော့ ကိုယ့်ခြံက မြက်ကပဲ စိမ်းတယ်ထင်ချင်ပါတယ် စိမ်းတယ် ကြည်တယ်ဆိုပြီး ရေနောက်သောက် မြက်ခြောက်တွေ ပြန်စားမိတာ ဟိုဘက်ခြံက မြက်စားဖူးတော့လည်း အရသာချင်းတော်တော်ကွဲလို့
ဟိုဘက်ခြံကို ပြန်ရောက်ခဲ့ပေါ့ ဒေါ်လေးရေ ။

MANORHARY said...

အခုတလော ...
အစဉ်အဆက် အခုတလောများ .....

mabaydar said...

ဘာလို့လဲတော့ မသိဘူး... ဒီပိုစ့်ပေါ်က မြက်တွေကတော့ အတော်စိမ်းတယ်လို့ ထင်တယ်.. ဟီး... ရွှေတံဆိပ်တပ်မလားလို့.. အောက်ဆုံး စာကြောင်းမှာ ပိတ်ပြောလိုက်တော့ နင်တောင်သွားတယ်... ဂလု...

Anonymous said...

ပန်ပန်

မိုးတိုးမတ်တတ် နဲ့ မျက်မှန်စိမ်းတတ်ပြီးဖတ်သွားပါတယ် ရွှေတံဆိပ်တော့ ကပ်ပေးချင်သား အကပ်မခံလို့သာပေါ့နော

ps စာကောင်းလေးတွေ ရေးပေးတဲ့အတွက် ကျေးဇူး
ခင်တဲ့
seesein

Taw Lu Thit said...

ဘာတံဆိပ်မှ မကပ်ရလို့ အစာမကြေဖြစ်ပြီးပြန်သွားပါတယ်.ရေမရှိပါဘူးဆိုမှ ခေတ်ကိုစားနေသေးတယ်ဗျာ ခင်ဗျားကလဲ

ရေသန့်  said...

ထိုင်ရမလို ထရမလို ဖြစ်သွားလို့  ချီးကျူးစာရေးလိုက်
ပါတယ် .... တကယ်ကောင်းတယ် ...

jr.lwinoo said...

ဒီအရေးလေးကို ကြိုက်တယ်လို့တော့ပြောပါရစေမပန်ရ..
:)