သူဟာ လမ်းဘေးရေမြောင်းထဲက ဒိုက် မှော် ရေညှိတွေ ကြားမှာ ငါးကလေးတွေ လူးလာခေါက်ပြန် ကူးခတ်နေကြတာကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မျက်တောင်မခတ် စူးစမ်းကြည့်နေတယ်။ ကြည့်လိုက်စမ်းလေ… ချစ်စရာ ငါးလေးတွေ လွတ်လွတ်လပ်လပ် ရေကူးနေတာ ….။ သူ့မျက်နှာလေး ပြုံးသထက် ပြုံးလာတယ်။ သူ့စိတ်ကူးတွေက စည်း ဘောင် အကန့်အသတ်တွေကို ဖောက်ထွက်သွားတယ်။ ငါးလေးတွေဟာ ရေကူးတတ်ရုံတင် ဘယ်ကမလဲ။ ပျံတောင် ပျံသန်းနိုင်သေးတာပေါ့။ ပျံနိုင်သမှ ဟိုး.. မိုးပေါ်က တိမ်တွေကြားမှာ.. ငှက်တွေကြားမှာ… ကမ္ဘာကြီးရဲ့ ပြင်ပ အာကာသထဲတောင် ရောက်သွားတယ်လေ။ ငါးလေးတွေဟာ ကြယ်တာရာတွေ လတွေ ဂြိုဟ်တွေနဲ့အတူတူ ပြေးတမ်းလိုက်တမ်း ကစားကြတဲ့အထိပေါ့။ အဲဒီခဏ အတောင်ပံတွေ တလွင့်လွင့်ဖြစ်နေတဲ့ သူ့ရဲ့ စိတ်ကူးတွေကို ဗြုန်းဆို ရပ်တန့်ခံလိုက်ရတယ်။ စာလုံးတွေ ကိန်းဂဏန်းတွေ ကျောင်းစာအုပ်တွေ အလွတ်ကျက်သင်ယူမှုတွေ ပြိုင်ဆိုင်မှုတွေ ပုံစံတကျသပ်ရပ်မှုတွေ အချိန်ဇယားတွေ သတ်မှတ်ချက်တွေ စည်းကမ်းလိုက်နာမှုတွေ……… အိုးးးးးး ဘာတွေလဲ ။
Taare Zameen Par ဆိုတဲ့ အိန္ဒိယရုပ်ရှင် ဒီဗွီဒီတစ်ကား ကြည့်ဖြစ်ပါတယ်။ ဒါရိုက်တာ သရုပ်ဆောင် မင်းသား အမီခန်း (Aamir Khan) ရိုက်ကူးထုတ်လုပ်ထားတဲ့ ဘောလိဝုဒ်က ရုပ်ရှင်ပါ။ ၂၀၀၇ ခုနှစ် က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကလေးဘ၀မှာ စာသင်ယူတတ်မြောက်ဖို့ အခက်အခဲရှိနေတဲ့ ကောင်ကလေးတစ်ယောက် အကြောင်းပါ။ အဓိက ဇာတ်လိုက် ဖြစ်တဲ့ ၈ နှစ်အရွယ် ကလေး အိရှန်း (Ishaan Awasthi) အဖြစ် ဒါရှီးလ် ဆဖရေ (Darsheel Safary) က သရုပ်ဆောင်ထားပါတယ်။ အမီခန်း ကိုယ်တိုင်ကတော့ ကျောင်းဆရာတစ်ဦးအဖြစ် ပါဝင်ပံ့ပိုး သရုပ်ဆောင်ထားပါတယ်။
အိရှန်းဟာ စာမေးပွဲ ရှုံးထားတဲ့ မူလတန်းကျောင်းသားလေးပါ။ သူ့မှာ စာတော်တဲ့ အစ်ကိုရယ်၊ စည်းကမ်းကြီး ရည်မှန်းချက်လည်းကြီးတဲ့ ဖေဖေရယ်၊ သူ့ကို သိပ်ချစ်ပြီး ဂရုစိုက်ကြင်နာတတ်တဲ့ မေမေရယ် ရှိပါတယ်။ အိရှန်းက တိရိစ္ဆာန်လေးတွေကို ချစ်တယ်။ ပတ်ဝန်းကျင်ကို စိတ်ဝင်စားတယ်။ သဘာဝတွေကို စူးစမ်းချင်တယ်။ အရောင်တွေ ပုံသဏ္ဍာန်တွေနဲ့ အရုပ်ဆွဲရတာကို နှစ်ခြိုက်တယ်။ အဆော့မက်ပြီး စိတ်ကူးယဉ်တောမှာ မျောနေတတ်သူလေးပေါ့။ အဲဒီလို အကျင့်စရိုက်တွေနဲ့ အိရှန်းဟာ ကျောင်းစာ အိမ်စာတွေကို မှန်မှန်လုပ်ပြီး စည်းကမ်းလိုက်နာ စာကြိုးစားကြတဲ့ သူ့ပတ်ဝန်းကျင်က သာမန်ကလေးတွေနဲ့ ကွဲပြားနေတယ်။
သူဟာ ကျောင်းမှာ စာမလိုက်နိုင်ဘူး။ စာလုံးတွေ ကိန်းဂဏန်းတွေဟာ သူ့မျက်စိရှေ့မှာ ကခုန်ပျံသန်းနေကြတယ်။ သူရေးသမျှ စာလုံးပေါင်းတွေ အကုန်မှားတယ်။ သင်္ချာတွေ မှန်အောင် မတွက်နိုင်ဘူး။ ဆရာတွေ စာရှင်းပြတာကိုလည်း သူ နားမလည်ဘူး။ အတန်းထဲမှာ စာမေးရင်မရဘူး။ လပတ် စာမေးပွဲတွေမှာလည်း ဆိုးဆိုးဝါးဝါး စာမေးပွဲကျတော့ ဆရာတွေက သူ့ကို အထင်သေးတယ်။ သူငယ်ချင်းတွေက လှောင်ပြောင်ကြတယ်။ မိဘတွေကလည်း သားကြီးက စာတော်သလောက် သားငယ် အိရှန်းကျမှ ဘာလို့ ဒီလောက်ညံ့ရသလဲဆိုတာ နားမလည်နိုင်တော့ဘူး။
အဲဒီ့အပြင် သူဟာ သူ့ကို အနိုင်ကျင့်တဲ့ ကလေးတွေနဲ့ ရန်ဖြစ်တာမျိုးလည်း ရှိလာတယ်။ ကျောင်းက စာသင်ကြားပုံကို လုံးဝစိတ်မ၀င်စား မပျော်ပိုက်တော့ဘူး။ တနေ့တော့ သူဟာ ကျောင်းပြေးပြီး လမ်းမတွေပေါ်မှာ လျှောက်သွားဖြစ်ပါတယ်။ မိဘတွေ သိသွားတော့ စိတ်ဆိုးစိတ်ပူကြတယ်။ ဒါနဲ့ပဲ သူ့အဖေက သူ့ကို ပညာသင်နှစ်ဝက်မှာတင် လက်ရှိကျောင်းကနေ ထုတ်ပြီး ကျောင်းအိပ်ကျောင်းစား နေရတဲ့ ယောင်္ကျားလေးဘော်ဒါကျောင်းကို သွားပို့လိုက်တော့တယ်။
အိရှန်းဟာ သူ့မိသားစုနဲ့ တီတီတာတာ ချစ်ချစ်ခင်ခင် သိပ်နေချင်တဲ့ကလေးပါ။ သူ့ကို ဂရုစိုက်တဲ့ အမေကိုတော့ အတွယ်တာဆုံးပေါ့။ သူ့ကို အလိုလိုက်ပေးတတ်တဲ့ သူ့အကိုကိုလည်း ချစ်တယ်။ တည်တည်ကြီးနေတတ်တဲ့ သူ့အဖေကိုလည်း ချစ်တာပါပဲ။ အိမ်နဲ့ခွဲပြီး ဘော်ဒါကျောင်းကို သွားပို့လိုက်တာ သူ့အတွက် ၀မ်းနည်းကြေကွဲစရာ သိပ်ကောင်းတဲ့ အပြစ်ဒဏ်ပေါ့။
ဘော်ဒါကျောင်းမှာ သူ မပျော်ဘူး။ အဲဒီက တင်းကျပ်တဲ့စည်းကမ်းနဲ့ ခေါက်ရိုးကျိုးနေတဲ့ သင်ကြားမှုပုံစံတွေ ရိုက်နှက်အပြစ်ပေးမှုတွေကြားမှာ သူဟာ စိတ်ဒဏ်ရာ ရလာတယ်။ အင်မတန် အထီးကျန်ဆန်ပြီး တိတ်ဆိတ်တဲ့ ကလေးဖြစ်လာတယ်။ အဲဒီကျောင်းမှာ သူ့ကို နားလည် ကြင်နာတတ်တာ ခြေထောက်မသန်တဲ့ သူငယ်ချင်းလေးတစ်ယောက်ပဲ ရှိပါတယ်။
တနေ့တော့ သူတို့ကျောင်းမှာ ပန်းချီဘာသာရပ်သင်တဲ့ ခပ်ဆိုးဆိုးဆရာတစ်ယောက် ပြောင်းသွားတဲ့အခါ ယာယီသင်ပေးဖို့ ဆရာအသစ်တစ်ယောက် ရောက်လာပါတယ်။ ဆရာ့နာမည်ကတော့ ရမ် (Ram Shanka) (မင်းသား အမီခန်း) တဲ့။
ပန်းချီဆရာအသစ်ဟာ အဲဒီကျောင်းမှာ မရှိဖူးတဲ့ လွတ်လပ်ပေါ့ပါးတဲ့ ချဉ်းကပ်ပုံအသစ်နဲ့မို့ ကလေးတွေကို ပျော်ရွှင်စေပါတယ်။ ဆရာရမ်က ကလေးတွေရဲ့ ဦးနှောက် နဲ့နှလုံးသားကို လွတ်လွတ်လပ်လပ် ဖွင့်ထားဖို့ အားပေးတယ်။ သူများတွေလို မပျော်ဘဲ ပန်းချီဆွဲခိုင်းတာကို မဆွဲဘဲ ထိုင်ပြီးငေးငိုင်နေတဲ့ အိရှန်းကို ဆရာရမ်က သတိထားမိတယ်။
ဆရာရမ်က ကလေးတွေကို ချစ်ခင်ကြင်နာစိတ်နဲ့ ပျိုးထောင်ချင်သူတစ်ဦးပါ။ ဒီကျောင်းကို ရောက်မလာခင် သူစာသင်ပေးတဲ့ ကျောင်းကတော့ ဉာဏ်ရည်မပြည့်တဲ့ ကလေးတွေအတွက် သီးသန့်ဖွင့်ထားတဲ့ ကျောင်းမှာပါ။ ဆရာရမ်ဟာ အိရှန်းရဲ့ ဘာသာရပ်တိုင်းက လေ့ကျင့်ခန်းစာအုပ်တွေ ကို လိုက်ကြည့်လိုက်တော့ အမှားတွေဗလပွ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကလေးဟာ တဖြည်းဖြည်း စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတာကို ပြန်ထူထောင်နိုင်အောင် ဘယ်လို ကူညီရမလဲလို့ နည်းလမ်းရှာပါတယ်။ အိရှန်းရဲ့ အိမ်အထိသွားပြီး မိဘတွေနဲ့ စကားပြောဆွေးနွေးတယ်။ အိရှန်းအိမ်မှာ အိရှန်း တီတီထွင်ထွင်လုပ်ထားတဲ့ ရုပ်ပုံစာအုပ်နဲ့ တခြား လက်ရာမြောက်တဲ့ ပန်းချီပုံလေးတွေကို တွေ့တော့ သူအံ့သြရတယ်။
ကလေးဟာ ဉာဏ်မမီလို့ စာမလိုက်နိုင်တာမဟုတ်ပဲ dyslexic လို့ခေါ်တဲ့ ပြဿနာကြောင့် စာသင်ယူလို့မရ ဖြစ်နေတဲ့အကြောင်းကို အိရှန်းမိဘတွေကို ရှင်းပြပါတယ်။ အိရှန်းဟာ စာလုံးတွေနဲ့ အဓိပ္ပါယ်တွေကို ဆက်စပ်ဖို့ အခက်အခဲ တွေ့နေတာတွေ၊ တချို့စာလုံးတွေကို အမြဲမှားပြီး ပြောင်းပြန် ရေးလေ့ ရှိနေတာတွေ၊ သူနားမလည်နိုင်တာကို လူကြီးကို ပြောမပြတတ်လို့ ကလန်ကဆန်နဲ့ ဆိုးနေတဲ့ ကလေးတစ်ယောက်ဘ၀ ရောက်နေရတာတွေ ကို ရှင်းပြပါတယ်။ နောက်တော့ ကျောင်းအုပ်ကြီးဆီမှာ အကျိုးအကြောင်းပြော ခွင့်တောင်းပြီး ကလေးကို သီးသန့်အချိန်ယူပြီး စာသင်ပေးပါတယ်။
ငယ်ငယ်က အိရှန်းလိုမျိုး စာသင်ကြားဖို့ အခက်တွေ့ခဲ့ပေမယ့် ကြီးပြင်းလာတဲ့အခါ ကမ္ဘာကျော် ထူးချွန်သူတွေ ဖြစ်သွားကြတဲ့ အိုင်စတိုင်း၊ ပီကာဆို၊ အက်ဒီဆင် အစရှိသူတွေအကြောင်းကို ကလေးအားတက်အောင် ပြောပြပေးတယ်။ ဆရာကိုယ်တိုင်လည်း ငယ်ဘ၀က အဲဒီလိုကြုံခဲ့ဖူးတာကို ပြောပြတော့ အိရှန်းလည်း ပိုအားတက်သွားပါတယ်။ အိရှန်း ထပ်ကာ ထပ်ကာ မှားယွင်းနေတတ်တဲ့ စာလုံးတွေကို အသေအချာ ပြုပြင်သင်ကြားပေးတယ်။ ပန်းချီဝါသနာကို မြှင့်တင်ပေးတယ်။ နောက်ဆုံးတော့ အိရှန်းဟာ စာကောင်းကောင်း ရေးတတ်ဖတ်တတ် သင်္ချာတွေလည်း တွက်ချက်တတ်သွားပြီး ဆရာတွေရော ကျောင်းသားတွေပါ ကျောင်းလုံးကျွတ် ယှဉ်ပြိုင်ကြတဲ့ ပန်းချီပြိုင်ပွဲမှာတောင် ပထမဆု ရသွားပါတော့တယ်။
ဒီဇာတ်ကားဟာ အိန္ဒိယပရိသတ် အများစု နှစ်ခြိုက်လေ့ရှိတဲ့ မင်းသားမင်းသမီး အသားပေး၊ အချစ် အကြမ်း အလွမ်း ဘောလိဝုဒ်ရုပ်ရှင်တွေကနေ တမူခွဲထွက်နေပါတယ်။ အမီခန်းဟာ သူတင်ပြချင်တာတွေကို ပြနိုင်ဖို့အတွက် သူ့အခန်းကဏ္ဍကိုတောင် ဇာတ်လမ်းလိုအပ်ချက်ထက် မပိုစေပဲ ပါဝင်ခဲ့တယ်။ အိန္ဒိယရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း musical လို့ခေါ်တဲ့ သီချင်းနဲ့အကသရုပ်ဖော် တွေ လည်း ပါဝင်ပေမယ့် အဲဒါတွေကိုလည်း ဇာတ်လမ်းနဲ့ လိုက်ဖက်ညီ ခေတ်မီဆန်းသစ်ထားပါတယ်။ ဒီကားနဲ့ ပတ်သက်လို့ ရုပ်ရှင်ကောင်းမကောင်း ဝေဖန်ချက်ထက် နောက်ကွယ်က တွေးချင်စရာ သုံးသပ်ချင်စရာ အကြောင်းတွေကို ဆက်ပြောချင်ပါတယ်။
အမီခန်းဟာ ပရိသတ်ကို သူတင်ပြချင်တဲ့ အချက်အလက်တွေကို အခုလို ထည့်သွင်းထားခဲ့တယ်။
ဆရာရမ်က အိရှန်းမိဘတွေကို သွားတွေ့တဲ့ အခန်းမှာ အိရှန်းအဖေက ကလေးဟာ ဉာဏ်ရည်မမီ ဖြစ်နေတာလားလို့ မေးပါတယ်။ ဒီတော့ ဆရာရမ်က ကလေးဟာ အသိဉာဏ်ပုံမှန်ရှိတဲ့ ကလေး၊ ခင်ဗျားတို့ကျွန်တော်တို့ထက်တောင် စိတ်ကူးစိတ်သန်း ကောင်းတဲ့ကလေး လို့ ပြောပြီး ကလေးဆွဲထားတဲ့ ပုံတွေကို သက်သေပြတော့ အိရှန်းအဖေက ဒီပုံတွေက ဘာလုပ်ရမှာလဲ၊ ဘာ ပြန်ရမှာမို့လို့လဲ လို့မေးပါတယ်။ ဆရာရမ်က ခင်ဗျားက တခုခု ပြန်ရဖို့ မျှော်လင့်နေသလား လို့မေးတယ်။ ကလေးအဖေက ဟုတ်တယ်လေ ဒါတွေနဲ့ ဘ၀မှာ ဘယ်လိုလုပ် ပြိုင်တိုးနိုင်မှာလဲ။ တသက်လုံး ငါတို့က ကျွေးထားရမှာလား လို့ ပြောတော့ ဆရာရမ် ဆက်ပြောတဲ့ စကားတွေက ဒီလိုပါ။
Out there, it’s a merciless, competitive world where everyone wants to breed toppers and rankers. Everyone wants top scores. Medical, Engineering, Management.. everything less is intolerable.
အကြင်နာတရားကင်းမဲ့တဲ့ အပြိုင်အဆိုင်ကမ္ဘာမှာ လူတိုင်းက ထိပ်တန်းတွေ အကောင်းဆုံးတွေကိုချည်း မွေးချင်ကြတယ်။ စာအတော်ဆုံးတွေပဲ ဖြစ်စေချင်ကြတယ်။ ဆေးပညာ၊ အင်ဂျင်နီယာ၊ စီမံခန့်ခွဲမှုပညာ ဒါမျိုးတွေထက်များ နိမ့်ရင် သည်းမခံနိုင်တော့ဘူး။
Each child has unique skills, capabilities and dreams. But no, everyone’s hell bunt on pulling and stretching to make each finger long. Go ahead, even if the finger breaks.
ကလေးတွေမှာ သူ့ကိုယ်ပိုင် ကျွမ်းကျင်မှုနဲ့ အရည်အသွေးနဲ့ အိပ်မက်တွေ ကိုယ်စီနဲ့ပါ။ ဒါပေမယ့် လူတွေက လက်ချောင်းတစ်ချောင်းစီကို ရှည်အောင် အတင်းဆွဲဆန့်နေသလို ဖြစ်နေကြတယ်။ ဆွဲတယ်… ဆန့်တယ်.. အဲဒီလက်ချောင်း ကျိုးကျိုးကြေကြေပဲ။
အိရှန်းမိဘတွေနဲ့ တွေ့ပြီး ပြန်လာတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမလေးကို ပြန်ပြောပြတဲ့အခါ အခုလို မှတ်ချက်ချခဲ့ပါသေးတယ်။
If you fancy racing, breed racehorses not children. Forcing the children to bear the burden of your ambitions….it’s worse than child labour.
ပြိုင်ရဆိုင်ရတာ သိပ်ကြိုက်နေရင် ပြိုင်မြင်းတွေ မွေးကြလေ၊ ကလေးမမွေးနဲ့။ ကိုယ့်ရည်မှန်းချက်တွေ ရဲ့ဝန်ထုတ်ဝန်ပိုးတွေကို ကလေးအပေါ် ပုံပေးနေတာ ကလေးအလုပ်သမား ခိုင်းတာထက်တောင် ဆိုးသေးတယ်။
မိဘတွေဟာ ကလေးတွေကို တိုးတက်အောင်မြင်စေချင်တဲ့အခါ ကလေးကောင်းစားရေးအတွက် စေတနာ ဆိုတာ ပါဝင်ပေမယ့် ကလေးရဲ့ဆန္ဒတွေ အိပ်မက်တွေထက် ငါဖြစ်စေချင်တာ ငါ့မျှော်လင့်ချက် ငါ့အတွက် အကောင်းဆုံး အတော်ဆုံး ဖြစ်ရမယ် ဆိုတဲ့ ကိုယ့်အတ္တတွေနဲ့ ယှဉ်တွဲနေတတ်တာကို ဒီဇာတ်ကားက ပြောထားပါတယ်။ အိရှန်းရဲ့အစ်ကိုဟာ တင်းနစ်ပြိုင်ပွဲတစ်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ရှုံးသွားတဲ့အခါ နှစ်သိမ့်အားပေးရမယ့်အစား အိရှန်းအဖေက အားမလိုအားမရ မျက်နှာပျက် ဒေါသထွက်နေပုံကို ပြတဲ့အခန်းမှာလည်း ဒါကို ထင်ရှားစေပါတယ်။
ကလေးကို ငါတို့က ဂရုမစိုက်ဘူးလို့ မထင်ပါနဲ့ လို့ အိရှန်းအဖေက ဆရာရမ် ကို ပြောတဲ့ အခန်းတစ်ခန်းလည်း ပါပါတယ်။ ဂရုစိုက်တယ် ဆိုတာနဲ့ ပတ်သက်လို့ ဆရာရမ်က သူ့အမြင်တွေကို ပြောပြပါတယ်။ ကလေးကိုပွေ့ဖက်တာ ကလေးနဲ့အတူ ချစ်ချစ်ခင်ခင်နေထိုင်တာ အားပေးနှစ်သိမ့်တာ ကလေးရဲ့ စိတ်ဝင်စားမှုတွေကို နားလည်တာ .. ဒါတွေကို ပြောပြတော့ ဒါမျိုး တစ်ခါမှ ဂရုတစိုက် မလုပ်ခဲ့ဖူးတဲ့ အိရှန်းအဖေဟာ မျက်နှာပျက်သွားပါတယ။်
စည်းကမ်းမှ စည်းကမ်းဆိုပြီး ချုပ်နှောင်ထားတဲ့ အုပ်ချုပ်မှုတွေဟာ ကလေးတွေရဲ့အသိဉာဏ်ကွန့်မြူးမှု ကို ပိတ်ဆို့စေတယ်။ ကြက်တူရွေးပညာရေးရဲ့ အလွတ်ကျက်စနစ်မှာ ဆရာမှာ-မှာတဲ့အတိုင်း ထပ်တူကျမှ အမှန်လို့ သတ်မှတ် ကြတာဟာ ကလေးတွေရဲ့ ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည်အသွေးနဲ့ ဖောက်ထွက်တွေးတောမှုတွေကို ဟန့်တားထားတတ်တာကိုလည်း ပြထားပါတယ်။ ဘော်ဒါကျောင်းကို ရောက်တော့ ပထမဆုံး တက်ရတဲ့အတန်းမှာ အိရှန်းဘေးမှာထိုင်တဲ့ ကျောင်းသားလေးကို ဆရာက ကဗျာတစ်ပုဒ် ဖတ်ခိုင်းပြီး အိရှန်းကို အဓိပ္ပါယ် ပြန်ခိုင်းပါတယ်။ အိရှန်းက ကဗျာကို သူနားလည်မိသလို ပြန်ပြောပြတာဟာ စကားလုံး မလှပေမယ့် ကဗျာရဲ့ တကယ့်အနှစ်သာရကို ထင်ဟပ်နေပါတယ်။ ဒါပေမယ့်လည်း ဆရာက လှောင်ပြောင်ရယ်မောပြီး သူသင်ထားတဲ့အတိုင်း ကဗျာရဲ့အပေါ်ယံ အဓိပ္ပါယ်ကိုပဲ သွက်သွက်လက်လက် ပြန်ပြောတတ်တဲ့ ကျောင်းသားတစ်ယောက်ကို ချီးကျုးလိုက်ပါတယ်။ ဒါမျိုးတွေဟာ အိရှန်းလို ကလေးမျိုးအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့ပြီး ကိုယ်ရည်ကိုယ်သွေးကိုလည်း ကျဆင်းစေပါတယ်။
ကမ္ဘာကျော် တီထွင်သူတွေ အတတ်ပညာရှင် အနုပညာရှင်တွေထဲက တချို့ဟာ ငယ်ငယ်က စာသင်ခန်းမှာ တခြားကလေးတွေလို စာသင်ကြားလို့မရပဲ အခက်အခဲတွေ ရှိတတ်ကြတဲ့အကြောင်းကို ဆရာရမ်က ရှင်းပြခဲ့ပါတယ်။ သူတို့ဘာလို့ အဲဒီလိုဖြစ်ရသလဲ။ သူတို့မှာ သာမန် အများသူငါနဲ့ မတူတဲ့ ထူးခြားတဲ့ ကိုယ်ပိုင်အမြင်တွေ ရှိနေကြလို့ပဲ လို့ ဆိုပါတယ်။ ဒါဟာ ညံ့တယ် တုံးတယ်လို့ အလွယ်တကူ သတ်မှတ်လိုက်မယ့်အစား မတူညီတဲ့ ကလေးတစ်ယောက်ချင်းအတွက် ပြဿနာတွေရဲ့ ရင်းမြစ်ကို မိဘတွေ ဆရာတွေ နားလည်လာစေဖို့ မီးမောင်းထိုးပြထားတာပါ။ တကယ်တော့လည်း လူအများသတ်မှတ်ထားတဲ့ စည်းဘောင်တွေအတိုင်းပဲ ရေစီးကြောင်းတစ်ခုထဲမှာ အားလုံးက လိုက်မျောနေကြရင်တော့ ထိုးထွင်းတီထွင်မှုတွေဟာ ဘယ်လိုလုပ် ပွင့်လန်းလာတော့မှာလဲ။
အခုလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမြင်တွေကို ဝေမျှပြောရတဲ့အခါ ကိုယ့်အနေနဲ့ကတော့ မိဘတစ်ယောက် ဖြစ်မလာသေးတဲ့အတွက် ကလေးကို ဖြစ်မြောက်စေချင်စိတ်နဲ့ အခက်တွေ့ရတဲ့ ဒွိဟအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ စာနာနားလည်မှု အပြည့်အ၀မရှိနိုင်ဘူး လို့ ယူဆချင်ရင်လည်း ယူဆနိုင်ပါတယ်။ ကိုယ်တိုင် မိဘဖြစ်လာတဲ့အခါ ဒါမျိုးတွေကို သတိတရနဲ့ ဆင်ခြင်နိုင်ဖို့ ကြိုးစားရမှာပါ။
ဒီရုပ်ရှင်ဟာ ဆုတွေလည်း ရခဲ့ပါတယ်။ ဟောလိဝုဒ် ဒစ်စနေက ပြန်ဝယ်ပြီး Like Stars on Earth ဆိုတဲ့ နာမည်နဲ့ ထပ်ဖြန့်ချိတယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းက ကိုယ်တိုင်အတွက်လည်း ဖြတ်သန်းခဲ့ရတဲ့ စနစ်တစ်ခုနဲ့ ကြီးပြင်းခဲ့ရတဲ့ ငယ်စဉ်ဘ၀ အတွေ့အကြုံတွေကို သတိရစေပါတယ်။ ကလေးဇာတ်လိုက်လေးနဲ့မို့ တချို့က ကလေးတွေကြည့်ဖို့ ရုပ်ရှင်လို့ ထင်ကောင်းထင်မယ်။ ကလေးတွေအတွက် ဆိုတာထက် မိဘတွေအတွက်လို့ ပြောချင်ပါတယ်။ လက်ရှိ သားသမီး ရှိသူတွေရော မိဘဖြစ်လာဖို့ စီမံကိန်းရှိသူတွေပါ ကြည့်သင့်တဲ့ကားပါ။ မတူကွဲပြားတဲ့ အိပ်မက်ကိုယ်စီနဲ့ ကလေးတိုင်းဟာ အထူးစပါယ်ရှယ်တွေချည်းပါပဲ တဲ့။
ပန်ဒိုရာ
(Youtube မှာ အဲဒီရုပ်ရှင်ကို တွေ့ထားတယ်။ အပိုင်း ၁၇ ပိုင်း ခွဲတင်ထားတယ်။ စာတန်းထိုးတော့ မပါဘူး။ စင်္ကာပူမှာတော့ Esplanade Library က DVD ငှားလို့ရပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ဖို့ ညွှန်းပေးတဲ့ မိတ်ဆွေတစ်ယောက်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း။)
19 comments:
အိန္ဒိယက ခလေးသရုပ်ဆောင်တွေက အရမ်းတော်ကြတာ ကြည့်ဖူးတဲ့ ကားနည်းပေမယ့်ါ ခန့်မှန်းမိတယ် ပေးထားတဲ့ လင့်ကနေ ဒီကားကိုကြည့်ဖြစ်အောင်ကြည့်လိုက်အုံးမှ ထောင့်စေ့အောင်ရေးထားတာက ရုပ်ရှင်ကြည့်နေရသလိုပဲ အရသာရှိတယ် ။
ကျေးဇူးလို့မပြောတော့ဘူးနော့် ဒေါ်လေးရေ ခဏခဏပြောနေတာ စားလို့လည်းမရပဲနဲ့လို့ ထင်မှာကြောက်လို့း)
you tube ကပဲ ကြည့်လိုက်ပါမည်။
မပန်ရေးထားတော့ စာတန်းမထိုးလဲ မှန်းပြီးလည်လို့ ရမယ် ထင်တယ်။
sdl
ရင်သွေးလေးရတဲ့အခါကျရင် ဒီဇာတ်ကားကို မေ့မနေနဲ့ဦး။ :D
အဲဒီ့ကား ကြည့်ဖူးတယ် ပန်ပန် ၊ ကလေး သရုပ်ဆောင်နေရာမှာ အဲဒီ့ကလေးလို မျက်နှာမျိုးလေး ရွေးထားတာက အစ သဘောကျခဲ့တာ။ ဆရာရဲ့ ငယ်ဘဝက ခံစားခဲ့ရတဲ့ ရောဂါနဲ့ တထပ်တည်း တူနေလို့သာပေါ့၊ အမှားတွေ တူနေတာ ဆရာက ရိပ်မိပြီး ကယ်တင် သင်ကြားပေးခဲ့တာ၊ မိဘတွေ အထူး ကြည့်သင့် သတိထားသင့်တဲ့ ကားလေးပါ ပန်ပန်ရေ...
ချက်ချင်း လာအားပေးကြတာ ကျေးဇူး။
ဟုတ်တယ်. မချစ်ကြည်အေးပြောမှ ဆရာကိုယ်တိုင်ရဲ့ အဲဒီအကြောင်းလည်း ထည့်ရေးဖို့ မေ့သွားတာ သတိရတယ်. အခုထည့်လိုက်တယ်နော်။ ကျေးဇူး။
သိပ်စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာ မပန်။ အဲဒီ ခေါင်းစဉ်တွေကို စိတ်ဝင်စားတယ်။
ချစ်ခြင်း၏ အနုပညာမှာ ဂျူး ပေးချင်တဲ့ msg တွေဟာ အဲဒါတွေပဲလို့ ခံစားရတယ်။
ဟင်...ကလေးဇတ်လိုက်ဆိုရင်တော့ သီချင်းတွေဆိုပြီးတောင်ပေါ်တက်လိုက် ရေထဲပြေးဆင်းလိုက် သစ်ပင်ကိုပတ်ပြီးကလိုက် အခန်းတွေပါမှာ မဟုတ်လောက်ဖူး၊ ဒါဆိုရင်တော့ ပျင်းတယ်...
အဲ့ဒီဇတ်ကား ကြည့်ပြီးပါပြီ ပန်ပန်
ပို့စ်အဖြစ် ရေးပေးလို့ ကျေးဇူးတင်ပါတယ်
:)
မြန်မာစာတမ်းထိုးပြီး မြန်မာ့ရုပ်သံကလွှင့်ပေးနိုင်ရင် ကောင်းမယ်။
အင်း...မကြည့်ဖူးဘူး....
Great!
Thanks!
ဂွတ်ဧ။် ဗျာ ...း)
Oh great! I am gonna watch asap :) Thanks for sharing.
ခရီးသွားတဲ့အခါမှာပဲ ကုလားကားပေါ်မှာ ကုလားကားတွေ ကြည့်ဖြစ်တယ်။ Aamir Khanကို အဲဒီမှာ စတွေ့တာ။ အမြင်သစ်တွေ ပေးတတ်တာ သဘောကျစရာ။
ဝန်ကြီးချုပ်လဲ သူ့ကို အားပေးသတဲ့..။
http://www.dnaindia.com/india/report_pm-manmohan-singh-to-watch-aamir-khan-s-peepli-live-tomorrow_1430091
ရုပ်ရှင်မကြည့်တော့ပါဘူး...
ညီမရေးထားတာနဲ့တင် နားလည် သိမှတ်စရာတွေက လုံလောက်တာထက် ပိုနေပါပြီ...
အရာရာမှာ အတော်ဆုံးတွေချည်းပဲ ဖြစ်စေချင်၊ အကောင်းဆုံးတွေချည်းပဲ ရစေချင်တဲ့ ကိုယ့်ရဲ့ အတ္တကြောင့် ကလေးကို ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ မိဘတွေထဲ ကိုယ်မပါအောင် အမြဲကြိုးစားနေတယ်... သူထူးချွန်ရာ၊ သူဝါသနာပါရာ၊ သူစိတ်ထက်သန်ရာကို ဘေးကနေ အလိုက်တသိ ဖြည့်ဆည်းပြီး လိုသမျှ ကူညီပံ့ပိုးပေးတဲ့ မိဘအဖြစ်ကိုပဲ ရအောင် ကြိုးစားနေပါတယ်...။
အခုတော့ အဖေ ဆရာဝန် အမေ အင်ဂျင်နီယာကို လုံးဝ စိတ်မဝင်စား၊ Lawyer ပဲ လုပ်မယ် ဆိုတဲ့ သားကို ဒီတိုင်းပဲ ကြည့်နေလိုက်တယ်… ဒါပေမယ့် စိတ်ထဲမှာ နဲနဲ ခိုးလိုးခုလု ဖြစ်မိတာတော့ အမှန်ပါ။
((ဒီပိုစ့်ကို တယောက်ယောက်ကို ပေးဖတ်ချင်လိုက်တာ))
Pan Pan....thx 2 much :)
M T Wai ...don't la Z...
go & watch :)
ကလေးပြုစုပျိုးထောင်ခြင်းနဲ့ စိတ်ပညာ...
လူကြီးတယောက်ရဲ့ဘဝ မှာ ကလေးတယောက်ရဲ့ အရိပ်တွေက ကြီးစိုးလို့..
(ကလေးတယောက်သည် လူကြီး၏ ဖခင်ဖြစ်သည်တဲ့)
များသောအားဖြင့် စိတ်ဝင်စားတတ်တာ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေပဲ။
ညနက်နက်မှာ လထွက်ခြင်းက ကြိုက်တာလေးတွေပါ
အထူးသဖြင့် စနစ်ကျတဲ့ ကလေးမွေးမြူနည်းဟာ သိပ်အရေးကြီးပါတယ်၊ အတ္တနဲ့ ပရ မျှတတဲ့သူတွေ၊ မိမိလိုအင်နဲ့ နိုင်ငံလိုအင်ကို ညှိယူမှုကောင်းသူတွေ၊ ပြိုင်ဆိုင်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို သူ့နေရာနဲ့သူ ခွဲခြားဦးစားပေးတတ်သူတွေ ဖြစ်လာဖို့ ကလေးဘဝထဲက အိမ်တွေမှာ ကျောင်းတွေမှာ လေ့ကျင့်ပေးရမယ်။ မွေးမြုခြင်းဆိုတာမှာ လေ့ကျင့်ခြင်းသဘောက ပါနေတယ်။ စနစ်ကျသော၊ သတိပညာဦးဆောင်သော၊ ချစ်ခြင်းမေတ္တာ ပတ်ဝန်းကျင်ရှိသော လေ့ကျင့်ပေးခြင်းပေါ့...
ကလေးလေးတွေဟာ ကလေးလေးလို ဖူးခွင့် ငုံခွင့် ပြည့်ပြည့်၀၀ မရရင်.လူကြီးတွေမှာပဲ တာဝန်ရှိပါတယ်.I m Sam ကိုလဲညွှန်းပါဦး ခင်ဗျားပြောတာ ကွက်ကွက်ကွင်းကွင်းပေါ်တယ်ဗျ.
Post a Comment