Monday, August 2, 2010

ပိုပို မိုမို ဂိုဂို - အပိုင်း ၆ (ဇာတ်သိမ်းပိုင်း)

ပိုပို မိုမို ဂိုဂို - အပိုင်း ၁ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၂ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၃ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၄ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၅ သို့

ဘဲငန်းလေးတွေအကြောင်း ရှေ့မဆက်ခင် ဘဲအမျိုးအစားနဲ့ ပတ်သက်လို့ လူတွေ မှားတတ်ကြတာကို ပြောရဦးမယ်။ အားလုံးဟာ ငှက်အမျိုးအစားတွေပဲ ဆိုပေမယ့် မတူတာလေးတွေ ရှိပါတယ်။ ဘဲဂတ် ဒါမှ မဟုတ် ၀မ်းဘဲ လို့ခေါ်တဲ့ duck ဘဲတွေက လည်ပင်းတိုတယ် အကောင်သေးတယ်။ အသားလည်း နည်းပါတယ်။။ စားနေကြတဲ့ ဘဲဥ တို့ တရုတ်ဆိုင်မှာ အကောင်လိုက် ချိတ်ထားတဲ့ ဘဲကင်တို့က အဲဒီ ၀မ်းဘဲတွေပါ။ goose ဘဲငန်းက လည်ပင်းရှည်တယ် အကောင်ကြီးတယ်။ အမွှေးအတောင် ပိုဖြူပါတယ်။ သူ့ဥက ရိုးရိုးဘဲတွေရဲ့ ဥထက်ကြီးပါတယ်။ သူ့အသားကလည်း ပိုများပါတယ်။ ကျေးလက် တောရွာတွေမှာ အလှူလုပ်ရင် ဘဲငန်းကို တစ်ကောင်လုံးပေါ်ပြီး ချက်လေ့ရှိတယ်။ ၀မ်းဘဲ ဘဲသားကို အအေးစာ လေစာလို့ သတ်မှတ်ကြပေမယ့် ဘဲငန်းသားကတော့ လေစာ မဟုတ်ပါ။ မန်ဒါလီ ဆိုတာလည်း ရှိပါသေးတယ်။ အင်္ဂလိပ်လိုတော့ ဘယ်လိုခေါ်လဲ မသိဘူး။ သူကတော့ လမ်းလျှောက်ရင် နှေးနှေးလျှောက်တယ်။ ၀မ်းဘဲ နဲ့ အသွင်သဏ္ဍာန်တူပြီး ခပ်၀၀ အကောင်ပိုကြီးတယ်၊ ခြေထောက်တိုတယ်၊ အမောက်ကြီးကြီးပါတယ်။ နောက်တစ်မျိုး ကတော့ swan ငန်း ပါ။ ချိုက်ကော့ဗ်စကီး (Tchaikovsky) ရဲ့ ငန်းတို့ပျော်ရာ ရေကန်သာ ထဲက ငန်း ပေါ့။ သူတို့က ပိုရှားပါတယ်။ လည်ပင်း ပိုရှည်ပြီး ပိုသွယ်လျ လှပတယ်။ အနက်ရောင်လည်း ရှိတယ်။ ငန်းတွေကိုတော့ အလှမွေးကြတာ များမယ်ထင်ပါတယ်။

ဇာတ်လမ်းကို ဆက်ရရင် …..
တက္ကဆက်မှာ နွားကျောင်းတဲ့ cowboy တွေက မြင်းစီးပြီး နွားကျောင်းလေ့ရှိတယ်။ အိမ်က ညီမလေး goosegirl ကတော့ စက်ဘီးတစ်စီးနဲ့ ဘဲငန်းတွေကို လိုက်ရှာ လိုက်ကျောင်းရပါတယ်။ ကားတိုက်ခံရပြီးစ ကာလတွေက ဘဲအုပ်က လမ်းမကြီးဘက် မသွားတော့ပေမယ့် နောက်ပိုင်းကျတော့ ဟိုဟိုဒီဒီ အနီးအနားဝန်းကျင်ကို လျှောက်သွားနေကြပြန်ပါတယ်။

တစ်ခါကတော့ ဘဲအုပ်ကြီးဟာ တစ်နေ့လုံး ပြန်မလာကြပါဘူး။ ညနေစောင်းတော့ ရပ်ကွက်ထဲက ကလေးတွေ ပြောပြချက်အရ ဂိုဂိုတို့ဟာ အိမ်ရှေ့လမ်းသွယ်ကနေ လမ်းမကြီးကိုဖြတ် အဲဒီကနေမှ အဝေးပြေးလမ်းမကြီးကို ဆက်သွားပြီး သောက်ရေကန်ကြီးနားမှာ ရောက်နေတယ် လို့ သတင်းရပါတယ်။ ညီမလေးလည်း မျက်လုံးပြူး သွားတယ်။ အဲဒီအဝေးပြေးလမ်းမကို ပျက်စီးမှာစိုးလို့ နွားလှည်းတွေ ဖြတ်သန်းသွားလာခွင့်မပြုဘူး ဆိုပဲလေ။ ကျွဲနွားတွေ ဖြတ်သွားရင် သိမ်းမယ် လို့ ရပ်ကွက်လူကြီးကလည်း ဟိုတလောကပဲ လော်စပီကာနဲ့ လိုက်အော်ထားသေးတယ်။

ဘဲငန်းတွေကိုလည်း အဲဒီလမ်းကဖြတ်သွားရင် သိမ်းလိုက်မှာလား မသိဘူးလို့ ညီမလေးက စိုးရိမ်သွားတယ်။ မေမေကတော့ ဘဲငန်းတော့ သိမ်းမယ် မထင်ပါဘူးဟယ်၊ အုပ်လိုက်ကြီး ဘယ်နားကို သွားထားမလဲ လို့ပြောပါတယ်။ ညီမလေးက သိမ်းချင်ရင်လည်း သိမ်းကြည့်ပေါ့ နားပူတာနဲ့ ခံနိုင်မယ် မထင်ပါဘူးလေ လို့ ပြောပြောဆိုဆို စက်ဘီးလေးတက်စီးပြီး သောက်ရေကန်ကြီး ဘက်ကို ထွက်လာခဲ့တယ်။

သောက်ရေကန်ကြီးဘေး မြက်ခင်းစပ်စပ်လေးမှာ ငြိမ်ငြိမ်လေး ထိုင်နေကြတဲ့ ဘဲငန်းတသိုက်ကို တွေ့လိုက်တဲ့အခါမှာတော့ ညီမလေးလည်း အံ့သြရတယ်။ ဘဲငန်းတွေက အကောင် သုံးလေးဆယ်လောက် ဖြစ်နေပါလား။ လက်စသတ်တော့ ဂိုဂိုတို့က အမျိုးတွေနဲ့ တွေ့ပြီး စကားလက်ဆုံကျလို့ အေးအေးဆေးဆေး ထိုင်နေကြတာ။ ကိုယ့်အကောင်တွေက ဘယ်ကောင်တွေမှန်းတောင် မသိတော့ဘူး။ ရောနှော နေကြတော့တယ်လေ။

ဂိုဂို ပိုပို မိုမို အိမ်ပြန်ကြမယ် လို့ အော်လိုက်တော့မှ လည်ပင်းတွေ ဆန့်ပြီး ထ လာကြပါတယ်။ သူတို့သားသမီးတွေကို သူတို့ဘာသာခေါ်ပြီး စက်ဘီးဘေးကနေ လိုက်လာကြပါတယ်။ ပြောလို့ပြောတာတော့ မဟုတ်ဘူး။ တကယ်က သေသေချာချာကြည့်ရင်တော့ ကိုယ့်အိမ်က ဘဲငန်းတွေက သူများဘဲငန်းတွေနဲ့ နည်းနည်းကွာတာ အမှန်ပဲ။ အတောင်ပံတွေဆိုရင်လည်း ပိုသန့်ရှင်းနေသလို ခေါင်းလေးတွေက ၀ိုင်း မျက်လုံးလေးတွေဝိုင်းပြီး မျက်နှာပေါက်ကလည်း ပိုလှတာပေါ့။ :)

ဒီလိုနဲ့ ဘဲငန်းအလတ်တွေ အတော်ကြီးလာတဲ့အခါ သူတို့ပါ သားထပ်ပေါက်ရင် ဘယ်လိုမှ မွေးနိုင်မယ် မထင်တော့ဘူးလေ။ ပိုပိုနဲ့ မိုမို နှစ်ကောင်က ပေါက်တဲ့သားနဲ့တင် ဘဲအုပ်က အတော်ကြီးနေတာကိုး။ ဒီတော့ ဘဲငန်းလတ်တွေကို ရောင်းဖို့ စဉ်းစားရတာပေါ့။ ဘဲငန်းရောင်းဖို့ရှိတယ်လို့ သတင်းကြားတော့ စုံစမ်းသူတွေ ရှိလာတယ်။ ညီမလေးက လာမေးသူတွေကို ဘာလုပ်ဖို့ဝယ်မှာလဲလို့ မေးပါတယ်။ စားဖို့ဆိုရင် မရောင်းဘူး။ ဆက်မွေးမယ့် လူတွေကိုပဲ ရောင်းမယ်လို့ စည်းကမ်းလုပ်ထားလိုက်ပါတယ်။ အဲဒီလိုနဲ့ ဂိုဂို ပိုပိုနဲ့ မိုမိုကိုပဲ နောက်ထပ် သားပေါက်အောင် ဆက်ထားပြီး မွေးလာတဲ့ ဘဲငန်းလေးတွေကို တော်တော်လေး ကြီးလာတဲ့အချိန်ရောက်ရင် အိမ်မှာမထားတော့ပဲ ရောင်းထုတ်ရပါတယ်။

ဘဲငန်းတွေ ဆိုးတာကို ဆက်ပြောပါဦးမယ်။ သိကြမယ့်အတိုင်း သူတို့ရဲ့ လက်နက်ကတော့ နှုတ်သီး လေ။ လည်ပင်းကို တရှိန်ထိုးဆန့် ပြီး ပြေးထိုးတာ အသားကိုမိသွားရင် နှုတ်သီးနဲ့ဆွဲလိမ်တတ်လို့ ခံရသူမှာ အညိုအမည်းစွဲပြီး အတော်နာစေပါတယ်။ သူတို့ဟာ အထူးသဖြင့် သားပေါက်ချိန်မှာ ရန်လိုတယ်။ အိမ်သားတွေကိုတောင် နှုတ်သီးနဲ့ ထိုးချင်သလိုလို လုပ်တာ။ ဖေဖေကတော့ ဂိုဂို ထိုးမယ်ကြံရင် ခေါင်းကိုဖမ်းပြီး နှုတ်သီးကို ဖမ်းကိုင်ထားတာကို သိပ်ကျွမ်းကျင်ပါတယ်။ အဲဒီလိုအချိန်မှာ ဂိုဂို မလှုပ်နိုင်တော့ဘူး။ ညီမလေးကတော့ အဲဒီအချိန်မှာ အခွင့်ကောင်းယူပြီး ဂိုဂို့နှုတ်သီးပေါ်က အမောက် လုံးလုံးအိအိလေးကို ကိုင်ကြည့်တတ်တယ်။ အဲဒီလိုဆိုရင် ဂိုဂိုက အားကြီးစိတ်ဆိုးတာ။ အသက်ရှူသံပြင်းပြင်းနဲ့ ရှူးရှူး လုပ်နေတတ်တယ်။

သူတို့ဒဏ်ကို ခံရသူတွေ အတော်များပါတယ်။ အားနာဖို့လည်း ကောင်းလှပါတယ်။ တစ်ခါကလည်း ၀ါတွင်းကာလမှာ ဆွမ်းဆန်စိမ်းခံထွက်တဲ့ ကျောင်းသားလေးတွေ အိမ်ရှေ့က ဖြတ်သွားချိန် သူတို့က လမ်းပေါ်မှာရှိနေတာနဲ့ ကြုံတော့ လိုက်ထိုးကြတယ်။ ကျောင်းသားလေးတွေလည်း ကြောက်ကြောက်နဲ့ ထွက်ပြေးလိုက်တာ မောင်းထောင်ခွက်လည်း မှောက်ကျပါလေရော။ အဲဒီတော့မှ မှောက်ကျသွားတဲ့ ဆန်တွေကို ဂိုဂိုတို့ မိသားတစ်စု ၀မ်းသာအားရ ၀ိုင်းစားကြတယ်လေ။

အိမ်ကိုလာတဲ့ ဧည့်သည် တစ်ယောက်ကိုလည်း ပုဆိုးကျွတ်ကျလောက်အောင် လိုက်ထိုးကြတာတို့ အိမ်နားက မူလတန်းကျောင်းလေး ညနေကျောင်းဆင်းချိန် ရောက်ရင် ပြန်လာတဲ့ ကလေးတွေကို လိုက်ထိုးမယ်ပြင်လို့ ကလေးတွေ ထွက်ပြေးရင်း မြောင်းထဲပြုတ်ကျရတာတို့ ပြောရရင်တော့ တပုံကြီးပါပဲ။ နောက်တော့ ကလေးတွေ ကျောင်းဆင်းချိန်ဆိုရင် အိမ်သားတစ်ယောက်ယောက်က အိမ်ရှေ့ခုံတန်းလေးကနေ ထိုင်ပြီး ဘဲငန်းတွေကို စောင့်ကြည့်ပေးရတယ်။

အဲဒီလိုနဲ့ ပူပြင်းတဲ့ နွေတစ်နှစ်ကို ရောက်လာပါတယ်။ ပိုပိုနဲ့ မိုမိုတို့ ဥချပြီးတဲ့ ကာလပေါ့။ နေ့ရောညပါ ၀ပ်နေတဲ့ ပိုပိုဟာ တစ်နေ့တော့ အစာထွက်စားချိန်မှာ ရုတ်တရက် လဲကျသွားပါတယ်။ အိမ်သားတွေလည်း အံ့သြပြီး အတင်းသွားပြေးကြည့်ကြတယ်။ သူ့ကို ကောက်ချီလိုက်ချိန်မှာ အသက်မရှိတော့ပါဘူး။ အားနည်းနေချိန်မှာ ရာသီဥတုပြင်းလို့ အပူရှပ်သွားတာလို့ပဲ ထင်လိုက်ကြပါတယ်။ ပိုပို့ကို အသေအချာ မြေမြုပ်သဂြိုလ်လိုက်တဲ့အချိန် ဂိုဂိုနဲ့ မိုမိုကလည်း ၀မ်းနည်းသံတွေနဲ့အော်ကြတယ်။ သူတို့လည်း စိတ်ထိခိုက်ပုံရတယ်။ ဂိုဂိုဆိုရင် နောက်တစ်ရက်နှစ်ရက် အထိ ဟိုနားလိုက်ရှာ ဒီနားလိုက်ရှာနဲ့ ပိုပို့ကို ရှာနေပုံပဲ။ တော်သေးတာပေါ့ မိုမို အနားမှာ ကျန်ပေလို့။ ဘဲငန်းတွေဟာ သံယောဇဉ်ကြီးတယ်။ သူတို့အဖော်သေရင် ရင်ကွဲနာကျပြီး လိုက်သေတတ်တယ်လို့ ပြောကြပါတယ်။

ဘဲငန်းတွေဟာ စုစုပေါင်း လေးနှစ် လေးမိုး အိမ်မှာ နေခဲ့ကြပါတယ်။ တစ်နေ့တော့ ရပ်ကွက်ထဲက အိမ်နီးနားချင်းတစ်ယောက်က မြို့အပြင်ဘက်က သူတို့အုတ်ဖိုမှာ ဘဲငန်းအားလုံးကို မွေးချင်တဲ့အကြောင်း ကမ်းလှမ်းပါတယ်။ မွေးမယ့်သူက ကိုယ်နဲ့ ရင်းနှီးစိတ်ချရသူ ဖြစ်တာက တစ်ကြောင်း နေရာထိုင်ခင်းကလည်း သူတို့အတွက် အဆင်ပြေတာက တစ်ကြောင်းဆိုတော့ သူတို့အားလုံးကို အပြတ်ရောင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူတို့ကို ပိုင်ရှင်အသစ်က ခေါ်သွားတဲ့နေ့က ရပ်ကွက်ထဲကလူတွေ အတော်များများ တစ်ယောက်ပြီး တစ်ယောက် ပျာပျာသလဲ လာပြောကြပါတယ်။ ဒီအိမ်က ဘဲအုပ်ကို လူတစ်ယောက်က တာလမ်းမကြီးအတိုင်း မောင်းခေါ်သွားတဲ့အကြောင်း.. ပေါ့။ ခေါ်သွားသူကို အုတ်ဖိုပိုင်ရှင်ရဲ့ လူငှားမှန်း မသိဘဲ လာပြောကြတာလေ။ အိမ်သားတွေကလည်း ဘဲငန်းတွေအားလုံးကို အပြီး ရောင်းလိုက်တယ်ဆိုတာ ရှင်းပြရပါတယ်။

အဲဒီအချိန်ကစပြီး မနက်မနက်ဆိုရင် အိမ်သားတွေကိုနှိုးမယ့် အော်သံတွေကို မကြားရတော့ဘဲ တိတ်ဆိတ်လို့ပေါ့။ ခေါင်းရင်းက စဥ့်အိုးကွဲရေကန်သာလေးမှာလည်း ခြောက်ကပ်နေတော့တယ်။ နေ့လည်ဘက်တွေဆိုရင် သူတို့များ အိမ်ပြန်ပြေးလာဦးမလားလို့ မျှော်မိသေးတယ်။ ရောင်းလိုက်တဲ့ အုတ်ဖိုနေရာက တစ်မိုင်နီးပါး ဝေးတော့ မဖြစ်နိုင်ပါဘူးလို့ ပြန်တွေးရတယ်။ ရပ်ကွက်ထဲက ကလေးတွေလည်း သူတို့နဲ့ ရန်ဖြစ်ဖော်တွေ မရှိတော့လို့ ပျင်းနေကြတော့တယ်။

လအနည်းငယ်ကြာ ဆောင်းရာသီ တစ်မနက်မှာတော့ တစ်အိမ်သားလုံး မနေနိုင်ဘဲ ဂိုဂိုတို့ဆီ သွားလည်ဖို့ လမ်းလျှောက် ထွက်ခဲ့ကြပါတယ်။ ဘဲငန်းတွေကို မွေးထားတဲ့ အုတ်ဖိုကို ရောက်တော့ ကွင်းပြင်ကျယ်ကြီးကို တွေ့လိုက်ရတယ်။ မြက်ခင်းတွေလည်း စိမ်းလန်းပြီး လေပြည်လေးကလည်း တဖြူးဖြူးတိုက်နေတယ်။ ဘဲငန်းပိုင်ရှင်အသစ်ကလည်း အဲဒီအချိန်မှာ အုတ်ဖိုမှာရှိနေတယ်။ ပိုင်ရှင်ဟောင်း မိသားစုကို ၀မ်းသာအားရ ကြိုဆိုပါတယ်။ ဘဲငန်းတွေ ရှိတဲ့နေရာကို ကြည့်လိုက်တော့ ဘဲငန်းလတ်တွေကလည်း အကြီးကောင်တွေ ဖြစ်လာပြီး လွတ်လွတ်လပ်လပ် ကျယ်ကျယ်ဝန်းဝန်းနေရာမှာ ဥတွေ ထပ်ပေါက်ထားကြပုံရပါတယ်။ ဘဲအင်ပိုင်ယာကြီးက အကောင်ကြီးတွေ အကောင်လတ်တွေ အကောင်ပေါက်စလေးတွေ အများကြီးနဲ့ တမျှော်တခေါ် ဖြစ်နေပါတယ်။

ဂိုဂိုဟာ အိမ်ကိုရောက်တဲ့အချိန်မှာ နှစ်နှစ်သားလောက် ရှိတာမို့ အခုဆိုရင် ခြောက်နှစ်သားလောက် ဖြစ်သွားပြီ။ မိုမိုကတော့ လေးနှစ်ကျော်ပေါ့လေ။ ဘဲငန်းတွေရဲ့ သက်တမ်းက ဆယ်နှစ်လောက် နေရတယ်လို့ ဆိုကြပါတယ်။ အသက် သုံးလေးနှစ် ဖြစ်သွားတဲ့ ဘဲငန်းကလည်း စားလို့မကောင်းတော့ပဲ ရင့်သွားပြီလို့ ပြောကြတယ်။ ဒီအတိုင်းဆိုရင် သူတို့ကိုတော့ သက်တမ်းစေ့ ဆက်မွေးထားဖို့ပဲ သေချာတယ် လို့ အုတ်ဖိုပိုင်ရှင်ကလည်း ပြောပါတယ်။

ဘဲငန်းတွေဘက်ကိုလှည့်ပြီး ညီမလေးက ဂိုဂိုရေ မိုမိုရေ လို့ခေါ်လိုက်တော့ ဂိုဂိုနဲ့ မိုမိုဟာ ဘဲငန်းအုပ်ကြီးထဲကနေ ထွက်လာပြီး လည်တဆန့်ဆန့်နဲ့ အနားကို အတင်းပြေးလာကြပါတယ်။ သူတို့ လည်ပင်းလေးတွေကို ပွတ်ပေးလိုက်တော့ ငြိမ်နေကြတယ်။ သူတို့ကို သတိရတိုင်း လာလည်မယ်နော်လို့ ပိုင်ရှင်သစ်ကို ပြောပြီး အိမ်ကိုပြန်လာကြတဲ့အခါ ဂိုဂိုတို့ကတော့ စားကျက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ လေကောင်းလေသန့်လည်းရ သဘာဝနဲ့လည်း ပိုနီးစပ်တဲ့ အဲဒီနေရာလေးမှာ မိသားစု အကြီးကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် ကျန်ရစ်ခဲ့ကြပါတော့တယ်။

(ပြီးပါပြီ။)

ပန်ဒိုရာ

(ဘဲငန်းလေးတွေအကြောင်း ရေးပေးပါလို့ ပူဆာပြီး ကိုယ်မသိလိုက်တဲ့ အချိန်အတော်များများက အဖြစ်အပျက်တွေကို ဖြည့်စွက်ပေးတဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်။ ကလေးတစ်ယောက်ကို အလိုလိုက်ရတာလည်း မလွယ်ဘူး။ တော်တော်လက်ညောင်းသား :P
ဒီစာကို တစ်စုတစ်စည်းတည်း လိုချင်ကြတယ် ဆိုရင်တော့ ပီဒီအက်ဖ် စီစဉ်ပေးပါမယ်။ လုပ်ဖြစ်ရင်တော့ ပုံတွေ ထပ်ဆွဲထည့်ပေးပါမယ်။)

22 comments:

khin oo may said...

3 Aug 10, 00:02
kom: ပေးမယ်ဆိုတော့လဲ တောင်းဆိုရသေးတာပေါ့။
3 Aug 10, 00:01
kom: သူ့ဘဲကိုစားမှာစိုးလို့..

ywartharlay-ytu said...

ဝေးးးးးးးးးးးအပြီးထိရေးပြီးသွားပြီကွ

ဘဲငန်းသမိုင်းကို အပြီးဖတ်လိုက်ရပြီ

ဒဿနတွေလည်းပါတယ်နော်

ကျေးဇူးပါဗျာ

TURN-ON-IDEAS said...

"သံယောဇဉ်၊ သံယောဇဉ်...လူကို အရူးတပိုင်းဖြစ်စေတဲ့ ဒီသံယောဇဉ်"
ဖတ်ခါစ ... ဘဲငန်းပေါက်စတွေကို ချစ်စိတ်ဝင်
နိဂုံးအထိဖတ်ပြီးနောက် ... ဟင်းးး..မလွယ်ပါလားနော်
သုတ နဲ့ ရသအတွက်
ကျေးဇူးပါ...မပန်

Ko Boyz said...

ကျေးဇူး..
အပြီးထိ ရေးပေးလို့...

ကိုဇော် said...

ကျယ်ကျယ်ဝန်းဝန်း ဆိုတော့ ပိုကောင်းပါတယ်။
လွတ်လွတ်လပ်လပ် ရှိတာပေါ့လေ။

အစအဆုံးရေးပေးတာ ကျေးဇူးပါပဲ။

thanhtunlinn said...

တကယ်ကောင်းပါတယ် sister ... အားပေးလျက် :)

Anonymous said...

မပန်..ခုမှ ကော်မန့်လာရေးတာ..
အားလုံးအပီးထိ နေ့တိုင်းစောင့်နေတာ..သိပ်ကောင်းတာပဲ..အမရာ.

ဖတ်လို့ကောင်းလိုက်တာ။

မြတ်နိုး

MDW said...

ပုံလေးတွေနဲ့ ပီဒီအက်ဖ်လုပ်ရင် လိုချင်တယ်။
ညီမလေး စက်ဘီးနဲ့ ဘဲကျောင်းထွက်တဲ့ပုံလေးပါ ထည့်ဆွဲပေးပါ ပန်ပန်။
Beatrix Potter ရဲ့ ယုန်ပီတာတို့လို ပန်ပန်ရဲ့ ဘဲဇာတ်ကောင်လေးတွေနဲ့ ကလေးစာအုပ်ကလေး လုပ်စေချင်လိုက်တာ။ ပုံလေးတွေဝေေ၀ဆာဆာနဲ့ပေါ့။

လင်းထက် said...

"ဘဲငန်းတွေဘက်ကိုလှည့်ပြီး ညီမလေးက ဂိုဂိုရေ မိုမိုရေ လို့ခေါ်လိုက်တော့ ဂိုဂိုနဲ့ မိုမိုဟာ ဘဲငန်းအုပ်ကြီးထဲကနေ ထွက်လာပြီး လည်တဆန့်ဆန့်နဲ့ အနားကို အတင်းပြေးလာကြပါတယ်.."

အဲဒီ ဇာတ်သိမ်းခန်း က စာသားလေးတွေက တစ်ကယ် အပြင်မှာ ဖြစ်နေတာကို မျက်လုံးထဲ မြင်လာ သလို ခံစားရတယ်ဗျာ..

Rita said...

တိရိစ္ဆာန်လေးတွေအကြောင်းရေးတာ ဖတ်ရရင် ငယ်ငယ်က ကာတွန်းကားလေးတွေ ကြည့်ရသလို စိတ်ကူးပြီး ခံစားမိတယ်။

နိုင်ထွန်း said...

မိုက်တယ်ဗျိုး။ ရေးထားတာ ဖတ်လို့အရမ်းကောင်းပါတယ်။ ဘဲမွေးချင်စိတ်တောင် ပေါက်သွားပီ :-P

tin min htet said...

ဒိုဒို ရေးတဲ့ ပိုပို မိုမို ဂိုဂို တော့ ဖတ်ပြီးသွားပြီ။ ဟုတ်တယ် ငန်းပေါက်စလေးတွေက သိပ်ချစ်စရာကောင်းတာ။ မန်ဒါလီရော မမွေးဖူးဘူးလား မန်ဒါလီက သိပ်အငန်းသန်တာ၊ တခြံလုံးက ကြက်ဘဲအားလုံး ကြက်ဆင်ပါ မချန် အားလုံးကို လိုက်ရစ်တော့တာပဲ။

မွေးဖူးတဲ့ အကောင်တွေ အကြောင်းတောင် ရေးချင်သလိုလို ဖြစ်လာတယ်။ မွေးဖူးတာတွေက – ကြက်၊ ဘဲ၊ ငန်း၊ မန်ဒါလီ၊ ကြက်တူရွေး၊ သာလိကာ၊ ယုန်၊ ပူး၊ ခွေး၊ ကြောင်၊ ရှုးပျံ၊ ကုန်းလိပ်၊ ပင်လယ်လိပ်၊ သင်းခွေချပ်၊ ခွေးအ (ခဲဝါ)။

rose of sharon said...

ဘဲငန်းအရမ်းကြောက်တာ... ဂမူးရှုးထိုးနဲ့ လိုက်ထိုးခံရမှာစိုးလို့

~ဏီလင်းညို~ said...

မပန်ရေ့........

လာလာဖတ်နေတာ......။
ဒီနေ့မှ အဆုံးသတ်ကိုဖတ်ပြီး တော့တယ်......။
သံယောဇဉ်ဆိုတာလည်း..........အဲ့သလိုပဲနော်...။ နောက်ဆုံး သူတို့ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် နေရာမှာနေသွားရတာ ကောင်းပါတယ်........။
(ကျွန်တော်ကတော့ ငန်းဆိုနည်းနည်းကြောက်တယ်.....။ ငယ်ငယ်က လိုက်ဆိတ်ခံရလို့ ပြေးလိုက်ရတာများ........တန်းနေတာပဲလေ.....း)))

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

မောင်မျိုး said...

ပျော်စရာလေးနဲ့ ဇတ်သိမ်းလို့ တော်ပါသေးတယ်လို့ ဖြစ်သွားတယ် ။ ဘယ်အကောင်များ ထပ်သေအုံးမလဲဆို ပြီး ရင်တထိတ်ထိတ်နဲ့ ကျေးဇူး ဒေါ်လေး တော်တော်ဖိတ်လို့ကောင်းတဲ့ ဘဲရာဇ၀င်ပဲ ။

မောင်လေး said...

အင်း...သံယောဇဉ်အမျှင်တန်း ကို ဒီလိုပုံ ရှင်ခန်းဖြတ်ခဲ့ရ
တယ်ပေါ့နော်....ကောင်းတယ်ဗျ...ဇာတ်လမ်းလေးက..။

သက်ဝေ said...

အစ အဆုံး ပြန်ဖတ်သွားတယ် ပန်ပန်...
အဆုံးသတ်လေးက ဝမ်းနည်းစရာလေး...
ဒါပေမယ့်လဲ သူတို့လေးတတွေ သဘာဝအတိုင်း ကျယ်ကျယ်လွင့်လွင့် နေခွင့်ရသွားတာကလဲ တနည်းအားဖြင့်တော့ စိတ်ကျေနပ်စရာကောင်းပါတယ်...

တခါတခါ စဉ်းစားမိတယ်
ကိုယ်လဲ အရင်ဘဝတုံးက အကောင်လေးတွေကို လှောင်ထားဖူးလို့များ ဒီဘဝမှာ ကျယ်ကျယ်လွင့်လွင့် နေရာမျိုးမှာ နေခွင့်မရတာလားလို့...း((

ပုံလေးတွေ ဝေဝေဆာဆာနဲ့ စာအုပ်လေး လုပ်ဖြစ်အောင်လုပ်ပါလို့ တိုက်တွန်းပါတယ်...း))

ချစ်ကြည်အေး said...

ပန်ပန်ရေ...အကုန်ဖတ်ပြီးပြီ...ပိုမိုဂိုတို့ကို ရောင်းပစ်လိုက်ပေလို့...နို့မို့ဆို ဘဲကင်စားချင်တဲ့ အပေါ်ကလူက သိတ်စိတ်မချရဘူး....
ဒီပိုစ့်မှာ ပန်ပန့် ရေးဟန်ကလေးကို သတိထားမိပြီး သဘောကျမိတယ်...:)

Hmoo said...

ငန်းတအုပ်နဲ့တငယ်ချင်း....အခုရောငန်းတွေမွေးနိုင်ပါ့ဦးမလား...:)
အသက်ကြီးတော့ငန်းမဲ့သွားလောက်ပြီထင်ရဲ့..
:)

မိုးငွေ့...... said...

ဘဲငန်းပို့စ်လေးခုလိုဇာတ်သိမ်းသွားတော့လဲ လွမ်းသလိုလိုရှိသား....

ခင်တဲ့
မိုးငွေ့

Younggun said...

ဘဲတွေများ ဟင်းဖြစ်မလား စောင့်နေတာ .. အဟီး။ အဲဒီညီမလေးကလည်း သူမရေးရတိုင်း အစ်မကို ပြသနာရှာနေတယ်နဲ့ တူတယ်။

Moe Cho Thinn said...

သူတို့ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေကြရတယ်ဆိုရင် ၀မ်းသာစရာပေါ့။
ခရီးသွားနေလို့ ခုမှ ပြန်လာဖတ်ရတာပါ။ အမကိုလဲ pdf ပို့ပေးပါ။ အဲဒီလို စာကြည်ကြည်လေးတွေကို ဖတ်ရတာ သဘောကျလို့ပါ။