Sunday, January 9, 2011
ယူနီကုတ်သင့် မကုတ်သင့်
အင်တာနက်ထဲကို မ၀င်ဖြစ်တာ နည်းနည်းကြာသွားတယ်။ ဒီအတောအတွင်း မြန်မာယူနီကုတ်စနစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကျယ်ကျယ်လောင်လောင် ဆွေးနွေးခဲ့ကြတာကို ကြားရပါတယ်။ ကိုအန်ဒီမြင့် (WeSheMe) ကလည်း ယူနီကုတ်ပြောင်းကြမလားလို့ သူ့ဘလော့ဂ်မှာ မေးထားပါတယ်။ အဲဒါကို ဖြေကြားရင်း နည်းပညာ မတတ်ကျွမ်းတဲ့ သုံးစွဲသူတစ်ဦးရဲ့ ရှုထောင့်ကနေ နည်းနည်းလောက် ပြောပါရစေ။
အပြောင်းအလဲကို ခုခံခြင်း
ကွန်ပြူတာပညာရှင်အချို့က ယူနီကုတ် သစ်ပင်ကလေးကို စိုက်ပျိုးနေကြချိန်မှာ သုံးစွဲသူတွေကလည်း ဇော်ဂျီဆိုတဲ့ ၀ါးနဲ့ ပေါင်းကွပ်နေခဲ့ကြတာ အတော်ကြာခဲ့ပါပြီ။ အခုတော့ တည်ငြိမ်လာပြီလို့ ဆိုကြတဲ့ မြန်မာယူနီကုတ်စနစ်ကို ပြောင်းလဲသုံးစွဲပြီး ယူနီကုတ်နဲ့ ကိုက်ညီတဲ့ဖောင့်တွေကို တပ်ဆင်သင့်ကြောင်း တိုက်တွန်းသံတွေ ပိုပြီး ပေါ်ထွက်လာခဲ့ပါပြီ။
လူတွေမှာ အပြောင်းအလဲတွေကို ခုခံတတ်တဲ့ သဘာဝရှိပါတယ်။ တစ်ဖက်ကလည်း Customer is always right လို့ ပြောကြတဲ့ စကားရှိပါတယ်။ ကောင်းလည်းကောင်းတယ် သင့်လည်းသင့်တော်တယ် ဆိုတဲ့ အပြောင်းအလဲတစ်ခုကို ပြောင်းဖို့ တိုက်တွန်းတဲ့အခါ သုံးစွဲသူတွေက တွန့်ဆုတ်နေကြတယ် ဆိုရင် အောက်ပါ အကြောင်းတရားတွေကြောင့် ဖြစ်နိုင်ပါတယ်။
(၁) အပြောင်းအလဲရဲ့ နောက်ဆက်တွဲ ပြဿနာများ ရှိနေခြင်း
(၂) အပြောင်းအလဲရဲ့ အကျိုးကျေးဇူးကို မသိနားမလည်ခြင်း
(၃) ရှုပ်ထွေးတဲ့အတွက် ဘာမှနားလည်အောင် မကြိုးစားတော့ဘဲ နေမြဲနေခြင်း
(၄) အားလုံးက သူများပြောင်းမှ လိုက်ပြောင်းမယ် ဆိုပြီး ဘယ်သူမှ စမပြောင်းတဲ့အခါ ရပ်တန့်နေခြင်း
ဒီနေရာမှာ ပြဿနာပိုင်းကို အရင်ဆုံး ပြောပြလိုပါတယ်။
(၁) အပြောင်းအလဲရဲ့ နောက်ဆက်တွဲ ပြဿနာများ ရှိနေခြင်း
သုံးစွဲသူဘက်က ပြောရရင် ယူနီကုတ်ကို ပြောင်းသုံးတဲ့အခါ အောက်မှာ ဖော်ပြထားတဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။
(က) စာရိုက်ရန် လက်ကွက်ပြောင်းရခြင်း
ပန်ဒိုရာအတွက်တော့ ပထမဆုံး မြန်မာစာကို စရိုက်ကြည့်ခဲ့တာက မြန်မာစာလက်နှိပ်စက်မှာပါ။ ကွန်ပြူတာသုံးစွဲလာတဲ့အခါ Doc မှာ ရေးခဲ့တဲ့ မြန်မာစာစနစ်ကို မမီခဲ့ပါဘူး။ ၁၉၉၈ လောက်မှာ ၀င်းဖောင့်တွေကို စရိုက်ခဲ့ပါတယ်။ ၂၀၀၄ ၂၀၀၅ ခုနှစ်တွေမှာ အင်တာနက်ထဲက ဖိုရမ်တွေကို ဖတ်ဖြစ်လာတဲ့ အချိန်မှာတော့ ပလန်းနက်ကတဆင့် ဇော်ဂျီကို တွေ့ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဖိုရမ်တချို့မှာ A type တို့ win innwa တို့နဲ့ ဆက်သုံးနေပါသေးတယ်။ အဲဒီအချိန်က ဂျီတော့ခ်လည်း မသုံးကြသေးတော့ တမဟုတ်ချင်း ဆက်သွယ်တဲ့နေရာမှာလည်း yahoo messenger နဲ့ အဓိက chatting လုပ်ကြပြီး အဲဒီမှာလည်း ၀င်း နဲ့ပဲ ရိုက်ခဲ့တာပါပဲ။
ဒီလိုနဲ့ ဘလော့ဂ်ရေးဖြစ်ပြီး ဇော်ဂျီကီးဘုတ်ကိုပဲ အဓိကပြောင်းသုံးလိုက်တဲ့အခါ ရပင့် ရယစ်တွေအမျိုးမျိုး ကွဲပြားနေတာကိုတောင် စစချင်း သတိမထားမိခဲ့ဘူး။ နောက်တော့လည်း ဇော်ဂျီနဲ့ ကျင့်သားရသွားပါတယ်။ ဇော်ဂျီကျေးဇူးနဲ့ အွန်လိုင်းမှာ မြန်မာစာ ရေးသားဖတ်ရှုခြင်းဟာလည်း ပိုပြီး ထွန်းကားလာခဲ့ပါတယ်။
အခုတော့ တည်ငြိမ်လာပြီလို့ ဆိုတဲ့ ယူနီကုတ်စနစ်ထဲကို ၀င်သုံးစွဲကြမယ်ဆိုရင် လက်ကွက် အပြောင်းအလဲအတွက် ပြန်လေ့ကျင့်ဖို့ လိုလာမယ်လို့ သိထားပါတယ်။ ပန်ဒိုရာ တစ်ယောက်တည်း အနေနဲ့ကတော့ အဲဒီလို ပြန်လေ့ကျင့်ရမှာကို ပြဿနာလို့ မမြင်မိပါဘူး။ စံနှုန်းကိုက်ညီတဲ့ စနစ်တစ်ခု ထွန်းကားလာရေးအတွက်ဆိုရင် အဲဒီလောက် ဒုက္ခကို ခံနိုင်ပါတယ်။ ၀င်း ကနေ ဇော်ဂျီပြောင်းခဲ့သလိုဘဲ မကြာခင် နေသားကျသွားလိမ့်မယ်လို့ ယူဆပါတယ်။ ယူနီကုတ်မှာ အလိုအလျောက် ပြင်ဆင် ပေးတာတွေလည်း ရှိလာမယ့်အတွက် စာလုံးပေါင်းမှာ ပိုစိတ်ချရပြီး ပိုလွယ်ကူတယ်လို့လည်း ပြောနေကြပါတယ်။ ဒါပေမယ့်လည်း တချို့လူတွေအတွက်ကတော့ ဒီ အပြောင်းအလဲဟာ အခက်အခဲ ဖြစ်နေနိုင်ပါသေးတယ်။
(ခ) သူများစာတွေကို ကိုယ်က မမြင်ရခြင်း
ဒါကတော့ ပိုကြီးတဲ့ ပြဿနာဖြစ်ပါတယ်။ ယူနီကုတ်ကို ကွန်ပြူတာထဲမှာ တပ်ဆင်လိုက်တဲ့အခါ တွင်ကျယ်နေဆဲဖြစ်တဲ့ ဇော်ဂျီနဲ့ ရေးထားတဲ့ ဖောင့်တွေကို အလွယ်တကူ မြင်ရသေးရဲ့လားဆိုတာကို သိချင်ပါတယ်။ လတ်တလောတော့ ကွန်ပြူတာထဲမှာ ဇော်ဂျီလက်ကွက်၊ ဇော်ဂျီဖောင့်နဲ့ ၀င်းဖောင့်တချို့ အပြင် လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက တပ်ထားခဲ့တဲ့ မြန်မာသရီးဖောင့်လည်း ရှိပါတယ်။ ဒါကြောင့် ယူနီကုတ်ပြောင်းထားတဲ့ ဘလော့ဂ်တွေက ပို့စ်တွေကို ဖတ်လို့ရနေပါတယ်။ ပန်ဒိုရာအနေနဲ့တော့ ကိုယ်တကယ်ဖတ်ချင်တဲ့ စာဆိုရင် ကိုယ့်မှာမရှိတဲ့ ၀င်းဖောင့်နဲ့ဖြစ်နေပါစေ converter ထဲကို ကော်ပီပေ့စ်လုပ်ပြီး ဖတ်ပါတယ်။ ဒါပေမယ့်လည်း အလုပ်ထဲမှာ လမ်းသွားရင်းလာရင်းမှာ ကိုးကားစရာ ဖတ်စရာ လိုအပ်လာရင်တော့ အချိန်အခက်အခဲ ရှိလာပါတယ်။
မှတ်ချက်တွေမှာတော့ ယူနီကုတ်ဘလော့တွေမှာ ဇော်ဂျီနဲ့ မှတ်ချက်ရေးထားရင် မမြင်ရပြန်ရပါဘူး။ မြင်ချင်ရင် တချို့ဘလော့ဂ်တွေက ဇော်ဂျီ သို့မဟုတ် ယူနီကုတ် လို့ ရွေးစရာပေးထားတာကို ပြောင်းရွေးလိုက်မှ မြင်ရပါတယ်။ ဒါကြောင့် မတူတဲ့ဖောင့်နဲ့ရေးထားတဲ့ မှတ်ချက်အားလုံးဖတ်ချင်တဲ့အခါ ယူနီကုတ်တစ်လှည့် ဇော်ဂျီတစ်လှည့် ပြောင်းဖတ်ရပါတယ်။ sidebar လည်း အဲဒီအတိုင်းပါပဲ။
Facebook ထဲမှာတော့ ယူနီကုတ်နဲ့ရေးထားတာကို မမြင်ရပါဘူး။ ယူနီကုတ်ပြောင်းထားသူတွေကရော ဇော်ဂျီရော ယူနီကုတ်ကိုပါ တပြိုင်နက် မြင်ရမမြင်ရ သိချင်ပါတယ်။ ယူနီကုတ်တပ်ဆင်ပြီးတဲ့အခါ browser ထဲမှာ zawgyi one ကို default အနေနဲ့ ပြန်ပြောင်းလိုက်ရင် ယူနီကုတ်ရော ဇော်ဂျီကိုပါ မြင်ရတယ်လို့ ပြောထားတာတွေကိုလည်း တွေ့ရပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ ပန်ဒိုရာ တစ်ယောက်တည်းအနေနဲ့ကတော့ ကိုယ်ဖတ်ချင်တဲ့စာရှိလာရင် converter နဲ့တောင် ပြောင်းဖတ်လေ့ရှိတဲ့အတွက် အနည်းငယ် အဆင်ပြေနေနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း အဲဒီလို အထစ်အငေါ့ဖြစ်လာရင် စာတိုင်းကိုတော့ အလွယ်တကူ လိုက်ဖတ်ဖြစ်ဖို့ အချိန်ကန့်သတ်သွားပါလိမ့်မယ်။
(ဂ) ကိုယ့်စာကို သူများက မမြင်ရခြင်း
ဒါကတော့ အင်တာနက်ထဲမှာ စာရေးပြီး သူများကို ဝေမျှဖတ်ချင်သူတွေအတွက် အကြီးမားဆုံးသော ပြဿနာဖြစ်ပါတယ်။ စာဖတ်သူအများစုဟာ ဒုက္ခရှာပြီး ဟိုဟာတပ် ဒီဟာပြောင်း လုပ်စရာမလိုပဲ စာတွေကို လှလှပပနဲ့ မြန်မြန် လွယ်လွယ် ဖတ်ချင်ကြတာ သဘာဝပါ။ တခါတလေကျတော့လည်း ကိုယ်ပိုင်မဟုတ်တဲ့ အများသုံးစက်ဖြစ်စေ အလုပ်ထဲက စက်ဖြစ်စေ သုံးစွဲရတဲ့အခါ ဖောင့်တွေကို တပ်ဆင်ချင်ရင်တောင်မှ တပ်ဖို့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဇော်ဂျီဘလော့ဂ်တွေပေါ်လာတဲ့အခါ EOT လုပ်ပြီး ဖတ်သူတွေအတွက် အဆင်ပြေနိုင်သမျှ ပြေအောင် ကြံစည်ခဲ့ကြပါတယ်။
ဖတ်သူတွေက မြင်ရမမြင်ရ ဆိုတာကို ပြောတဲ့နေရာမှာ ဘလော့ဂ်ထဲမှာတင် မကပါဘူး။ ဘလော့ဂ်မှာ ဆိုရင်လည်း blogger နဲ့ wordpress မှာ မတူညီတာတွေ ရှိပါဦးမယ်။ ပန်ဒိုရာအနေနဲ့ကတော့ google reader မှာ subscribe လုပ်ထားသူတွေဟာ နေ့စဉ်လာဖတ်သူတွေထက် အဆများစွာ ပိုတဲ့အတွက်ကြောင့် reader မှာ မြင်ရပါ့မလား ဆိုတာကိုလည်း စဉ်းစားရပါတယ်။ အဲဒီ့အပြင် browser မှာဆိုရင်လည်း Firefox တင်မက IE မှာရော မြင်ရပါ့မလား ဆိုတာကိုလည်း စဉ်းစားရပါတယ်။ search engine တွေထဲမှာ ရှာတဲ့အခါ ဘယ်လိုပေါ်နေမလဲ ဆိုတာကိုလည်း စဉ်းစားရပါတယ်။
တနေ့တခြား တိုးပွားနေတဲ့ မြန်မာဘလော့ဂ်တွေ ၀က်ဘ်ဆိုက်တွေ ဖေ့ဘွတ်ခ်ပို့စ်တွေထဲမှာ ရွေးချယ်စရာတွေ ပိုများလာတဲ့အခါ စာဖတ်သူရဲ့ တက်နှုန်းကျနှုန်း အရှိန်ကလည်း ပိုမြန်လာပါတယ်။ ဘလော့ဂ်နဲ့ နည်းနည်းလေးကင်းကွာလိုက်ရင်၊ ပို့စ်တင်တာ ကျဲသွားရင် ဖတ်သူတွေက ချက်ချင်းကို ကျသွားတတ်ပါတယ်။ တခြားဘလော့ဂ်ကို လိုက်လည်နှုတ်ဆက် အပြန်အလှန်လည်ပတ်ဖတ်ရှုတာတွေ နည်းသွားတိုင်းလည်း ချက်ချင်းကျသွားပါတယ်။ အဲဒီလိုတွေ ဖြစ်နေတဲ့အချိန်မှာ ဖောင့်မမြင်ရတဲ့ အခက်အခဲကလည်း ရှိလာရင် စာဖတ်သူက ဒုက္ခရှာမနေတော့ပဲ ဆက်မဖတ်မယ့် ဖြစ်နိုင်ခြေက များနေပါတယ်။ ဒါကြောင့် အင်တာနက်ထဲမှာ စာရေးသားသူတွေအနေနဲ့ စာဖတ်သူတွေအတွက် အပြောင်းအလဲရဲ့ နောက်ဆက်တွဲတွေကို ပူပန်နေတာဟာ မလွန်ပါဘူး။
ယူနီကုတ်ဖောင့်ကို တပ်ဆင်မထားတဲ့စက်ကနေ ယူနီကုတ်နဲ့ရေးထားတဲ့ ဘလော့ဂ်ကို ဖတ်နိုင်သလား ဆိုတာကို စမ်းသပ်ကြည့်ဖြစ်ပါတယ်။ ဇော်ဂျီရော မြန်မာသရီးဖောင့်ကိုပါ တပ်ဆင်ထားတဲ့ စက်ရယ်၊ ဇော်ဂျီဖောင့်တစ်မျိုးတည်းကိုသာ တပ်ဆင်ထားတဲ့ စက်ရယ် နှစ်လုံးနဲ့ ယှဉ်စမ်းကြည့်ထားပါတယ်။
မင်းယွန်းသစ် ရဲ့ ဘလော့ဂ်ကတော့ ယူနီကုတ်ပြောင်းထားပေမယ့် ဖတ်တဲ့စက်ရဲ့ browser က default ဖောင့်ကို စစ်ဆေးပြီး အလိုအလျောက် ပြောင်းပေးနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဖတ်သူအနေနဲ့ default ဖောင့်က ဇော်ဂျီဖြစ်နေရင် ဇော်ဂျီဖောင့်အနေနဲ့ မြင်ရပါတယ်။
ဒါကတော့ မင်းယွန်းသစ်ဘလော့ဂ်ကို မြန်မာသရီး တပ်ထားတဲ့ စက်ကနေ တိုက်ရိုက်မြင်ရပုံပါ။
မင်းယွန်းသစ် ဘလော့ဂ်ကို ယူနီကုတ်ဖောင့်တစ်ခုမှ မရှိတဲ့ စက်ကနေ တိုက်ရိုက်မြင်ရပုံပါ။
ဒါကတော့ Google Reader ထဲမှာ မင်းယွန်းသစ်ဘလော့ဂ်ကို မြန်မာသရီး တပ်ထားတဲ့ စက်ကနေမြင်ရပုံပါ။
Google Reader ထဲမှာ မင်းယွန်းသစ် ဘလော့ဂ်ကို ယူနီကုတ်ဖောင့်တစ်ခုမှ မရှိတဲ့ စက်ကနေ မြင်ရပုံပါ။
MrDBA ကတော့ wordpress blog ဖြစ်ပါတယ်။ wordpress ဘလော့ဂ်တွေအတွက် ယူနီကုတ်ဖောင့် တပ်မထားသူတွေကို မြင်ရအောင် mmunicode-embed ဆိုတာကို သုံးထားပါတယ်။ ဖတ်သူအနေနဲ့ ယူနီကုတ်ဖောင့်နေနဲ့ မြင်ရပါတယ်။
ဒါကတော့ MrDBA ဘလော့ဂ်ကို မြန်မာသရီး တပ်ထားတဲ့ စက်ကနေ တိုက်ရိုက်မြင်ရပုံပါ။
MrDBA ဘလော့ဂ်ကို ယူနီကုတ်ဖောင့်တစ်ခုမှ မရှိတဲ့ စက်ကနေ တိုက်ရိုက်မြင်ရပုံပါ။
ဒါကတော့ Google Reader ထဲမှာ MrDBA ဘလော့ဂ်ကို မြန်မာသရီး တပ်ထားတဲ့ စက်ကနေမြင်ရပုံပါ။
Google Reader ထဲမှာ MrDBA ဘလော့ဂ်ကို ယူနီကုတ်ဖောင့်တစ်ခုမှ မရှိတဲ့ စက်ကနေ မြင်ရပုံပါ။
မြန်မာကျူတိုရီယယ်လ်စ်ဘလော့ဂ် ကိုလည်း MrDBA ရဲ့ အနေအထားအတိုင်းမြင်ရပါတယ်။ ပို့စ်ရှည်နေလို့ screenshot တွေကို မတင်တော့ပါဘူး။
ဒီ့ထက်ဆက်ပြီး IE၊ Google Chrome စတဲ့ တခြား browser တွေမှာ မြင်ရမမြင်ရ၊ default လုပ်ထားတဲ့ ဖောင့်ကို ဘယ်လိုပြင်ဖို့ လိုအပ်သလဲ ဆိုတာတွေကို စမ်းချင်ပါသေးတယ်။
(ဃ) ဆက်သွယ်ရေးအတွက် အခက်အခဲရှိမရှိ
မြန်မာအများစု သုံးစွဲကြတာက Gmail နဲ့ G talk ဖြစ်ပါတယ်။ တချို့က အင်တာနက်ထဲမှာ စာရေးစာဖတ် သိပ်မလုပ်ဖြစ်ပေမယ့် ပြည်တွင်းပြည်ပ ဆက်သွယ်ဖို့အတွက် မြန်မာစာဖောင့်တွေကို သုံးကြရပါတယ်။ ယူနီကုတ်စနစ်ကို တပ်ဆင်ပြီးတဲ့အခါ ဇော်ဂျီနဲ့ပို့လိုက်တဲ့ မေးလ်တို့ chatting တို့ကို အလွယ်တကူ မြင်နိုင်မမြင်နိုင်၊ Status တွေကိုလည်း ဖတ်လို့ရမရ၊ ဇော်ဂျီနဲ့ ယူနီကုတ် အပြင်အလှန်ပြောဖို့ အဆင်ပြေမပြေ သိချင်ပါတယ်။ ပြီးတော့ အခြား email တွေနဲ့ messenger တွေမှာလည်း ဘယ်လို ပြောင်းလဲမှုတွေ ရှိမလဲဆိုတာကို သိချင်ပါတယ်။ facebook ကိုလည်းဆက်သွယ်ရေးအတွက် သုံးစွဲကြတဲ့အတွက် အဲဒီအတွက်ကိုလည်း သိချင်ပါတယ်။ ဒါတွေကတော့ အသေးစိတ် မဖတ်ရ မစမ်းရသေးလို့ မေးမြန်းဖို့ပဲ တတ်နိုင်ပါတယ်။
(၂) အပြောင်းအလဲရဲ့ အကျိုးကျေးဇူးကို မသိနားမလည်ခြင်း
အထက်မှာ ပြောခဲ့တဲ့ (က) ကနေ (ဃ) ကတော့ လတ်တလောစဉ်းစားမိသလောက် အပြောင်းအလဲရဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အပြောင်းအလဲကို တိုက်တွန်းတဲ့အခါ ပြဿနာတွေ မရှိခဲ့ရင်တောင်မှ အကျိုးကျေးဇူးတွေကို မသိနားမလည်လို့လည်း ငြင်းဆန်ကြတာ ဖြစ်နိုင်ပါတယ်။ အဲဒါကိုတော့ ယူနီကုတ်တိုးတက်ရေး လုပ်ဆောင်နေသူတွေက အသိပညာတွေကို ဒီ့ထက်ပိုပြီး ရှင်းရှင်းလင်းလင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးဖို့ လိုအပ်ပါလိမ့်မယ်။
မြန်မာစာရေးသားနည်းဟာ သူ့စည်းစနစ်တွေနဲ့သူ ရှိနေပြီး အဲဒီစည်းစနစ်တွေကို ကွန်ပြူတာဘာသာစကားနဲ့ ပြန်ပုံဖော်ရတဲ့အခါ အလွန်ခက်ခဲပါတယ်။ လတ်တလော ဇော်ဂျီက မတတ်နိုင်တဲ့ ဖြစ်ရပ်တွေထဲက တစ်ခုကတော့ အက္ခရာစီစဉ်တဲ့အခါ ဗျည်းနဲ့သရ ခွဲခြားပြီး မမှတ်နိုင်တာပါပဲ။ ဥပမာ သဝေထိုးတွေ ပါလာတဲ့အခါ ကကြီး ခခွေးနဲ့ မစီစဉ်တော့ပဲ သဝေထိုးတွေချည်း တန်းစီပေးပါတယ်။ စာရိုက်တဲ့အခါမှာလည်း ဥပမာ ရရစ်ချင်း အတူတူတောင်မှ ကကြီးအတွက်တစ်မျိုး ခခွေးအတွက်တစ်မျိုး သီးခြားစီ မှတ်နေရပါတယ်။ ယူနီကုတ်မှာတော့ အဲဒီ ပြဿနာတွေ ပြေလည်သွားတော့မှာပါ။ ဘာကြောင့် ယူနီကုတ်ဖြစ်သင့်သလဲဆိုတာကို ပိုပြီး သိချင်ရင်တော့ အောက်က ပို့စ်တွေကို သွားဖတ်ကြဖို့ ညွှန်းချင်ပါတယ်။
http://www.myanmartutorials.com/articles/me-and-unicode/
http://www.myanmartutorials.com/articles/my-unicode-route/
http://www.myanmartutorials.com/articles/my-unicode-route-2/
http://minnyoonthit.net/?p=3727#more-3727
နောက်ထပ်လည်း ရှင်းပြထားတာတွေ ရှိကြဦးမှာပါ။ အပြုသဘောဆောင်ပြီး တစ်ဦးနဲ့တစ်ဦး လက်ဆင့်ကမ်းကြဖို့ လိုအပ်ပါမယ်။ (အဲဒီနေရာမှာလည်း ဖတ်ဖြစ်ဖို့က လိုရင်းမို့ ဇော်ဂျီနဲ့ပဲဖြစ်စေ ဖတ်ဖို့လွယ်အောင် ကမ်းကြဖို့လိုပါမယ်။ တော်ကြာ သော့ခတ်ထားတဲ့ သေတ္တာထဲက သော့ လို ဖြစ်နေပါဦးမယ်။)
(၃) ရှုပ်ထွေးတဲ့အတွက် ဘာမှနားလည်အောင် မကြိုးစားတော့ဘဲ နေမြဲနေခြင်း
ဒါကတော့ လူတွေရဲ့ သဘောထားနဲ့ ဆိုင်ပါတယ်။ အဲဒီလို လူတွေ များနေရင်လည်း အပြောင်းအလဲက မဖြစ်တော့ပါဘူး။ စောစောကပြောသလိုပါပဲ။ ပြီးပြည့်စုံတဲ့ စနစ်ဖြစ်မလာသေးခင် အကူးအပြောင်းကာလမှာ ပြဿနာတွေ ရှိပါတယ်။ ဘာကြောင့် ပြောင်းရမှာလဲ ဘယ်လို ပြောင်းရသလဲ ဆိုတာတွေမှာလည်း ဘာသာစကားဘက်ကရော နည်းပညာဘက်ကပါ ရှုပ်ထွေးမှုတွေ သိပ်များပါတယ်။ ငွေကြေးအကုန်အကျမပါတဲ့ ကိစ္စဖြစ်ပေမယ့် ရှင်းပြသူတွေက ပိုပြီး စိတ်ရှည်ရှည်နဲ့ ရှင်းပြပြီး သုံးစွဲသူတွေရဲ့ အခက်အခဲကို ထည့်တွက်ပေးဖို့လိုသလို၊ သုံးစွဲသူတွေဘက်ကလည်း မြန်မာစာစနစ်တစ်ခုအတွက် ကိုယ့်တာဝန် ကိုယ်ကျေအောင် သိနားလည်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြရင် ကောင်းပါတယ်။ ဒီအတိုင်း နေနေရင်တော့ မရွေ့တော့ပါဘူး။ ဒီနေရာမှာလည်း ဖျန်ဖြေစေ့စပ်တဲ့အနေနဲ့ ပြောနေတာ မဟုတ်ပါဘူး။ ပြောပိုင်ခွင့်လည်း ရှိမယ်မထင်ပါဘူး။ မြန်မာစာသုံးစွဲသူ အားလုံးနဲ့ သက်ဆိုင်တယ်လို့ ယုံကြည်မိတဲ့ သဘောထားကို တင်ပြရုံပါ။း)
(၄) အားလုံးက သူများပြောင်းမှ လိုက်ပြောင်းမယ် ဆိုပြီး ဘယ်သူမှ စမပြောင်းတဲ့အခါ ရပ်တန့်နေခြင်း
ဒီအကြောင်းကလည်း လူတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ပြောင်းဖို့ တကယ်လိုပြီ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ပြီ ဆိုရင်ကတော့ လိုက်ပြောင်းကြမှာပါပဲ။ ဒါပေမယ့် လူအများပါဝင်လာမှ အဆင်ပြေမယ့် ဒီလိုကိစ္စမျိုးမှာတော့ အားလုံးက ထိုင်စောင့်နေကြလို့ မဖြစ်ပါဘူး။ လူဖတ်များတဲ့ ၀က်ဘ်ဆိုက်တွေ ဘလော့ဂ်တွေ (ဥပမာ Eleven Media Group ၊ နိုင်းနိုင်းစနေ ဘလော့ဂ်) တွေကို အရင်ဆုံး စည်းရုံးနိုင်ရင်တော့ ပိုမြန်လာမလားလို့ ထင်မိပါတယ်။ တစ်ဖက်ကလည်း ဇော်ဂျီကနေ အကူးအပြောင်းအတွက် စောစောက ပြောထားခဲ့တဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မှသာလျှင် ရွေ့လာနိုင်စရာ အကြောင်းက ပိုရှိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီပြဿနာတွေကြောင့် ထိုင်စောင့်နေတဲ့အထဲမှာပဲ ပါရမလိုဖြစ်နေပါတယ်။း)
ယူနီကုတ်သင့် မကုတ်သင့်
မြန်မာပြည်မှာ ကော်နက်ရှင်ကနှေး၊ ဟိုကျော်ဒီခွ လုပ်ရတဲ့အထဲ ဒီလိုအဆင့်အထိရောက်အောင် ကြိုးပန်းခဲ့ကြတဲ့ ပညာရှင်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ထမင်းကိုယ်စား ကိုယ်ပိုင်အချိန်တွေသုံးပြီး ကိုယ်ရောအများပါ အဆင်ပြေနိုင်စေမယ့် အဖြေတွေကို အကျိုးအမြတ်မမျှော်ကိုးပဲ ဘေးကနေ ရှာကြံပေးနေကြတဲ့ နည်းပညာသမားတွေကိုလည်း ပိုပြီးကျေးဇူးတင်ပါတယ်။ စောစောကပြောခဲ့တဲ့ အချက်တွေကို အကျဉ်းချုပ်ကလေး ပြန်ပြောရင်း ကိုအန်ဒီ မေးတာကိုလည်း ဖြေရရင်တော့ -
  • ယူနီကုတ်ပြောင်းသင့်တယ် ဆိုတာကို လက်ခံပါတယ်။ အကျိုးကျေးဇူးတွေကိုလည်း နားလည်ပါတယ်။
  • လက်ကွက်အပြောင်းအလဲ နဲ့ သူများရေးတာကို ဖတ်ရနိုင်ဖို့အတွက် ကိုယ့်စက်မှာ လိုအပ်သလို တပ်ဆင်တာတွေ စာရိုက်လေ့ကျင့်တာတွေ လုပ်နိုင်ပါတယ်။
  • ဒါပေမယ့်လည်း ပြောင်းလိုက်တဲ့အခါ ပန်ဒိုရာဘလော့ဂ်ကို စာဖတ်သူတွေအတွက် ဖြစ်လာမယ့် ပြဿနာတွေရယ်၊ အခြားဆက်သွယ်မှုအတွက် ပြဿနာတွေရယ် ပြေလည်မှသာလျှင် ယူနီကုတ်ကို ပြောင်းချင်ပါတယ်။
  • အဲဒီ ပြဿနာတွေကတော့ ယူနီကုတ်တပ်မထားတဲ့ စက်ကနေ ဘလော့ဂ်မှာ တိုက်ရိုက်ရော၊ Feed ကတဆင့် Reader ကနေပါ မြင်နိုင်ဖို့၊ browser အမျိုးမျိုးအတွက် အဆင်ပြေဖို့၊ အီးမေးလ်တွေ chatting တွေမှာ အဆင်ပြေစေဖို့ပါ။ (တခြား ပြဿနာတွေ မြင်ရင်လည်း ပြောသွားကြပါဦး။)
  • အဲဒါတွေကို ဖြေရှင်းလို့ရတယ် ဆိုရင် မှတ်ချက်မှာ ရေးသွားကြပါ။ ပြေလည်တာနဲ့ အမြန်ဆုံး ပြောင်းနိုင်ပါတယ်။ ရှင်းမရဘူးဆိုရင်လည်း အကျိုးအကြောင်း ပြောသွားကြပါ။ အကျိုးသင့် အကြောင်းသင့်ဆိုရင် အားလုံးမပြေလည်နိုင်ပေမယ့် ပြောင်းဖို့စဉ်းစားပါဦးမယ်။
  • ဒီအတောအတွင်းမှာ စာဖတ်သူတွေကလည်း ယူနီကုတ်ဖောင့်တွေကို ကွန်ပြူတာထဲမှာ တပ်ဆင်လာကြတဲ့အခါ ဒီပြဿနာတွေ တစတစ ပြေလည်လာမယ်လို့ မျှော်လင့်ပါတယ်။
  • ပြောင်းဖြစ်တဲ့အခါ ပြောင်းပုံပြောင်းနည်းကိုလည်း တတ်ကျွမ်းသူများက ကူညီပေးစေလိုပါတယ်။
Blogspot ကို ဖတ်မရသူများအတွက် ပန်ဒိုရာဘလော့ဂ်အတွက် “.com” ဒိုမိန်းဝယ်ဖို့လည်း စီစဉ်နေပါတယ်။ ဖောင့်ပြဿနာကြောင့် ခဏစောင့်နေသေးတာပါ။
အွန်လိုင်းမှာ မြန်မာစာရေးသားဖတ်ရှုခြင်းနဲ့ ပတ်သက်လို့ အားလုံးအတွက်အဆင်ပြေစေမယ့် နည်းစနစ်မှန်များ အမြန်ဆုံး ထွန်းကားပါစေ။
ပန်ဒိုရာ
(နောက်ဆက်တွဲ။ ။ ယူနီကုတ် ဆိုတဲ့ စာလုံးပေါင်းကိုလည်း ကုဒ်လား ကုတ်လား၊ တည်ထောင်သူအများ သတ်မှတ်ထားတာရှိရင် လိုက်သုံးစွဲပါမယ်။:))
22 comments:
Andy Myint said...
အခုလို ချက်ချက်လက်လက် ဖြေကြားပေးတဲ့ အတွက် ကိုအန်ဒီမြင့်က ကျေးဇူးတင်ပါတယ်။ ... ဟမ် .. ဘယ်က ဘယ်လို ကိုအန်ဒီက ပါလာပါလိမ့် ;-) ။ Voice from Resistance တွေပေါ့။
အိမ့်ချမ်းမြေ့ said...
နေကောင်းလားဟင်.
ဖတ်သွားပါတယ်..
ခုချိန်မှာ ဟိုဖတ်ဒီဖတ် လိုက်ဖတ်နေတဲ့အဆင့်ပဲရှိပါသေးတယ် ..
အီဗင်ချူးလီးတော့ ကုတ်.. ကုဒ် ကြမှာပါပဲ။
အဲသလို မကုဒ်..တကုတ်ခင်မှာတော့ လိုက်ဖတ်နေဆဲ အဆင့်ပဲ ရှိသေးပါတယ်လို့။
Anonymous said...
ယူနီကုတ် နဲ့ ပထမဦးဆုံး စမ်းရိုက်ကြည့်တာ။ လက်ကွက်တွေဘာတွေကို သတိမထားဘူး။ အရင် ဇော်ဂျီကိုရိုက်သလိုပဲ ရိုက်တယ်။ အခုရိုက်နေတဲ့အထိတော့ ယူနိကုတ်နဲ့လက်ကွက်ပြန်ကျင့်ရမလား၊ မလားဆိုတာသေချာမသိပေမယ့်၊ ခုထိတော့ အိုကေနေတာပဲ။
ယူနီကုတ် တီထွင်သူများကို ကျေးဇူးတင်ပါတယ်။ မြန်မာအွန်လိုင်းစာပေ ဒီထက်ပိုပြီးတိုးတက်ပါစေလို့ ဆုတောင်းပါတယ်။
(အခုထိတော့ အိုကေတာပဲ။ ခေါင်းလောင်းလေးလည်း ရွှေရောင်တောက
MrDBA said...
တ​ကူး​တ​ကြ​ကိုး​စား အား​ထု​တ်ေ​လ့​လာ​ထား​လို့​ ဝ​မ်း​သာ ကျေး​ဇူး​တင်ရ​ပါ​တ​ယ်။ ေ​လာ​ေ​လာ​ဆ​ယ​္ေ​တာ့ သံုး​စြဲ​သူ​ေ​တြ သေ​ဘာ​ထား​နဲ​႔ စာ​ဖတ္သူ​ေ​တြ တျ​ခား ဘေ​လာ့​ေ​ရး​သူ​ေ​တြ​ရဲ​႕ Feed Back ကို ေ​လ့​လာ​ေ​န​တု​န်း​ပါ။ အခု​အချိန်မှာြေ​ပာ​င်း​ထား​တဲ့ ကျွ​န်ေ​တာ်​တို့​​ကေ​ကာ​င်း​ကြက္ကေ​လး​ေ​တြ ေ​ရး​ရ​င်ြေ​ပာ​င်းေ​စချင်လို့​ တ​ဖက်လှ​ည့် တိုက်တွ​န်း​တာ​လို့​ ထ​င်ေ​နြ​ကျ​ပီး​ေ​တာ့ မေ​ကာ​င​္း​တာ​ေ​လး​ေ​တြ ေ​ရး​ျ​ပျ​ပ​န​္ေ​တာ့​လဲ ဒါ​ေ​ၾ​ကာ​င​့္ မေ​ျ​ပာ​င​္းခ်င္တာ​ေ​ပါ့​လို​႔ ေျ​ပာ​ၾ​ကျ​ပန္ပါ​တ​ယ​္။ ဒါ​ေ​ၾ​ကာ​င​့္ နဲ​နဲ အေ​န​အထို​င​္ ဂရု​စို​က​္ေ​နရ​တဲ့ ကာ​လျ​ဖစ္ပါ​တ​ယ​္။ :D
ေ​လာ​ေ​လာ​ဆယ္မွာ​ေ​တာ့ ထူး​ေ​တ​ဇာ​က​လဲ One Stop FAQ and Support site တစ္ခု လု​ပ​္ေ​န​ပါ​တ​ယ​္။ ေ​လး​ငါး​ရ​က​္ေ​လာ​က​္ေ​နရ​င် ဆိုက်တက်လာ​မှာ​ပါ။
IE အတြက္ကေ​တာ့ ဘယ္လို​မွာ အဆင္မေ​ျ​ပႏ​ို​င​္ေ​သး​ပါ​ဘူး။ IE9 သုံး​ရ​င်ေ​တာ့ အဆ​င်ြေ​ပ​ပါ​တ​ယ်။ ခ​ဏေ​န အခ်ိန္တစ္ခု ေ​ရာက္လာ​ရ​င​္ How to .. ဆို​တာ​ေ​တြ ေ​ရး​လာ​ၾ​ကေ​တာ့​မွာ​ပါ။ ဆို​ေ​တာ့ ေ​လာ​ေ​လာ​ဆ​ယ​္ အား​လံုး Relax လုပ္ထား​ေ​စခ်င္ပါ​တ​ယ​္။ အဲ​ဂေ​လာက္ပါ​ပဲ။
ကုတ္လိုက္လို​႔ ေ​ရး​ျ​ဖစ္သြား​ပါ​တ​ယ​္။ အရင္က​ဆို တိတ္တိတ္ကေ​လး ဖ​တ်ြ​ပီးြ​ပန်သွား​တဲ့ လူ​ပါ။
MrDBA said...
This comment has been removed by the author.
MrDBA said...
ြေ​ပာ​ဖို့​ တစ်ခုကျန်ခဲ့​လို့​​ပါ။ Facebook မွာ ေ​ဇာ​္ဂ်ီ​ေ​ရာ​ယူ​နီ​ကု​တ​္ေ​ရာ ၂ မ်ိ​ဳး​စ​လံုး ျ​မ​င်နိုင်ဖို့​​အတွ​က် Google Chrome Browser ကို​သုံးြ​ပီး Parallel Universe ဆို​တဲ့ Chrome Extemsion (https://chrome.google.com/extensions/detail/dlgmiidgfdpjcnhnhafijlpinepjkpnd?hl=en) Install လုပ်ထားဖို့လိုပါတယ်။ ေ​လာ​ေ​လာ​ဆယ္မွာ မ်ား​ျ​ပား​လွ​တဲ့ Browser ေ​တြ အားလုံး​အတြ​က် အဆ​င်ြေ​ပ​မ​ယ့် ဟာ​တစ်ခု​ကို လုပ်လို့​ မ​ရေ​သး​ပါ​ဘူး။
sawphonelu2010@hotmail.com said...
ယူနီကုဒ် ပြောင်းသူ တွေ က အား လုံး နဲ့ အဆင် ပြေ မဲ့ လမ်း ကြောင်း ကို ချ ပြ ဖို့ လို ပါ လိမ့် မယ် ။ ငါ တို့ နားလည် တဲ့ လူ တွေ က တော့ ပြောင်း ပြီ ။ ငါ့ စာ ဖတ် ချင် ရင် လိုက် ပြောင်း ကျ ဆို တာ ကေ တာ့ သိပ် အဆင် မ ပြေ လှ ဘူး ထင် တယ် ။ ၉၉.၉၉% က လိုက် မဖတ် ပါ ဘူး။ ကျွန်တော် အပါ အဝင် အများ စု ကတော့ အများ ပြောင်း မဲ့ အချိန် ကိုတော့ စောင့် နေ ပါ သေး တယ်။ အများ စု ကို နား လည် အောင် ပြန် ချ ပြ တာ တွေ ၊ ပညာ ပေး ဘလော့ လေး တွေ ၊ လုပ် ရ ဦး မယ် ထင် ပါ တယ် ။
မေဓာဝီ said...
အများ ဂျီ လို့ လိုက် ဂျီခဲ့ပါတယ်။
အများ ကုတ် ရင် လိုက် ကုတ်ပါမယ်။
နည်းပညာ အင်မတန် အားနည်းတဲ့အတွက် သူများဘယ်လိုကုတ်သလဲ ဘယ်လက်နဲ့ကုတ်လား ညာလက်နဲ့ကုတ်လား စသဖြင့် စောင့်ကြည့်လေ့လာပြီးမှ ကုတ်မယ်လို့ စိတ်ကူးပါတယ်။
ခုလို အပတ်တကုတ် ကြိုးစားအားထုတ် စုံစုံလင်လင် ရေးသားပြုစုပေးတဲ့ ပန်ဒိုကုတ်ကိုလဲ ကျေးဇူးတင်ပါတယ်။ :)
Anonymous said...
နိုင်းနိုင်းစနေပြောင်းလို့လုံးဝမဖြစ်ပါဘူး..သူသာပြောင်းလိုက်ရင် ငိုမှာပဲ..
ယူနီကုတ်ဖောင့်ကိုသွင်းတိုင်းဇော်ဂျီတွေဖတ်လို့ကိုမရလို့ ပြန်ဖြုတ်ရတာ ၃ခါရှိပါပီ။ဘယ်လိုမှအဆင်မပြေပါ.
အဲ့ဒီအတွက် ဘယ်လိုမှ မပြောင်းချင်ပါ။
မနိုင်းနိုင်းစနေ ကျေးဇူးပြု၍ ယူနီမပြောင်းပါနဲ့။
မြတ်နိုး
Maung Myo said...
ခုလောလောဆယ်တော့ မကုတ်သေးဘူးဗျာ ဟိုနေ့က ကုတ်ထည့်လိုက်တာ ဘလော့ ၂ ခုလောက်ကဖတ်လို့မရတော့ ဖတ်ရတဲ့ဆိုဒ်တွေကျတော့ ဆိုဒ်ဘားတွေက မပေါ်ပြန် ။ အင်း... ဖျင်းတယ်ပဲပြောပြော ပျင်းတယ်ပဲပြောပြော လောလောဆယ်တော့ ဇော်ဂျီပဲ သုံးအုံးမယ် ကြားမှာ ယူနီကုဒ်နဲ့ ပက်သက်တဲ့အကြောင်းတွေ ရှာဖွေဖတ်နေပြီး အဆင်ပြေမယ်ထင်တဲ့နေ့ ပြောင်းပါမယ် ။
Anonymous said...
ကိုဖူးနုသစ်တို့ကိုလဲ ဖတ်ချင်လို့ ကြိုးစားခဲ့ဖူးပေမဲ့..လက်လျှော့လိုက်ရတာ..
ရီဒါထဲကမဖျက်သေးပေမဲ့ ဘယ်လိုမှမဖတ်နိုင်တော့ စိတ်ညစ်ရတာ..ကိုယ်ပဲသိပါတယ်..မပန်
ဖြစ်နိုင်ရင်မပြောင်းစေချင်ဘူး။
မြတ်နိုး
ရွှေရတုမှတ်တမ်း said...
ကုတ်ချင်ကုတ် မကုတ်ချင်နေ..
ဖတ်ရရင်ဖတ်မယ်..ဖတ်မရတာခေါင်းရှုတ်ခံ မသွား..
လူတိုင်းမှာ အလုပ် လူမှုရေး ကျန်းမာရေးတွေ နဲ့ စိတ်ရှုတ်နေကြရတဲ့ အထဲ..မအားရာ ယားနာပေါက်မနေတော့ပါဘူး..
ဖတ်သူ ၉၉% က ဇော်ဂျီနဲ့ ပဲဖတ်တတ်တာဆိုတော့..
ကိုယ့်စာကို ဖတ်စေချင်လို့ ဇော်ဂျီနဲ့ ပဲ ရေးနေအုန်းမယ်..
JulyDream said...
ကုတ်သင့်တဲ့အချိန်မှာ ကုတ်ကြမယ်လေ... အခုတော့ မယားသေးတော့ မကုတ်သေးဘူး။ :P
သိင်္ဂါကျော် said...
အားလုံး Unicode ဆိုတဲ့ အချိန်ကျရင်တော့ လုပ်မယ်လေ နော်..
Anonymous said...
Ma Myat Noe, at least you can use two browsers (Chrome/IE/Firefox/Safari). One for reading unicode font written blogs and another for Zaw Gyi. Quite surprised to read that easy thing is very difficult for you. :P
Anonymous said...
ဖတ်သွားတယ်...မပန်......။
အနော်လည်း..အဆက်ပြတ်နေတာ...
ခုမှပဲရောက်ဖြစ်...ဖတ်ဖြစ်တော့သည်.....။
ငြိမ်ငြိမ်လေး......စောင့်ကြည့်နေမည်....။
(ဘာမှ မလုပ်တတ်လေ.....း))
ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို
Anonymous said...
ယူနီကုဒ်သမားတွေ ဝါဒဖြန့်နေတာက တရားလွန်လာပြီထင်တယ်။ ဇော်ဂျီနဲ့ ရေးနေတဲ့ဘလော့တွေပဲ ပျက်တော့မယောင် ဒုက္ခရောက်တော့မယောင် လိုက်ခြိမ်းခြောက်တယ်။ ကျွန်တော့်ဘလော့မှာလဲ ဇော်ဂျီသုံးတာကို ကွန်မန့်မှာ လာလာဆဲနေလို့ သူ့ကွန်မန့်တွေ ဖျက်ဖျက်ပစ်ရတယ်။
အနာဂတ်မှာ ဇော်ဂျီနဲ့ ရေးတဲ့စာတွေ ဖတ်မရဖြစ်မယ်လို့ သူတို့သတင်းလွှင့်နေတာ လိုက်စုံစမ်းကြည့်တော့ မဟုတ်ပါဘူး။ သက်သက် သူ့ဟာကို လူသုံးအောင် လိုက်ခြိမ်းခြောက်နေတာ။ သူက အစိုးရနောက်ခံနဲ့ ထုတ်တာဆိုတော့ ပြည်တွင်းက ဇော်ဂျီသမားတွေက သူတို့ကို ပြန်မဆန့်ကျင်ရဲဘူး။ ဇော်ဂျီ တစ်ဖက်သတ် ခံနေရတာ အဲဒီအတွက်ပဲ။ သူက ဘာမှ ပြန်မှ မပြောရဲတာ။
သူ့ဟာတွေ ဖတ်မရဘူးဆိုတော့ သူတို့်ပေးတဲ့အဖြေက စက်ထဲက ဇော်ဂျီကိုဖျက်ပြီး သူ့ဟာပဲသုံး၊ ဖတ်ရလိမ့်မယ်တဲ့။ သူ့ဟာကို စက်ထဲ သွင်းလိုက်ရင် ဇော်ဂျီနဲ့ရေးတဲ့စာတွေ ဖတ်မရတော့ဘူးဆိုတော့ ဘလော့တွေအားလုံး ဇော်ဂျီမသုံးဘဲ သူ့ဟာဘဲသုံးဖို့ပဲ လိုက်ပြောနေတယ်။ အတင်းလိုက်တောခြောက်၊ LOBBY လုပ်တာတွေက အောက်တန်းကျလွန်းလို့ အမြင်ကပ်လာပြီ။ ဒီလိုအောက်တန်းကျတဲ့ လော်ဘီကို အမြင်ကပ်တဲ့အတွက်ကို သူ့ဟာ လုံးဝမသုံးဘဲ ဇော်ဂျီပဲ သုံးနေဦးမယ်။
Zephyr said...
Let's Convert to Unicode.
I am now Unicode-believer. :)
Btw, I don't want to come to this blog.
Not because of your writing.
But you are a Man-U fan or
Manu U aficionado or Man U supporter.
I will try to convert to Unicode so soon.
And will let you know the pros and cons then.
It is just a converting to true unicode.
It is not shaking the world or launching nuclear missile or something else.
I don't know whether the unicode phobia exits in the world. We all see this Unicode development is Open source. 100 % of open source project are not perfect, so do the proprietary solutions. LOL.
As long as, they can update in time, it is OK. There will be a lot of trial-and-errors attempts to the way of the complete system.
Bloggers are not changing the language, just changing the font :). If the market is demanding a software to see all these fonts in a single reader, the developers will help us to develop. As the Covey and his son are always shouting, "Put first things first" .
We just help to make the unicode environment stronger and bigger and we wish to see the one complete standard for our country.
I believe that the backbone structure is more important than the cosmetic changes.
And they are keep improving year by year.
Nobody hinders Zaw-gyi team from following true unicode standard. They chose their way. Frankly, there will be no vivid advantages for readers from conversion of Unicode. But the unicode standard needs to be stronger and to be more stable in order to improve the development communites' dreams. There is one golden rule for every change. Nobody will try to make a change if the change cannot guarantee some advantages. So for next generations or next next next generations to read and write and search Myanamar posts from the blogs easily and to see their great great great grandpa had forseen for them since last few decades ago. ................
As the Gandhi always told, "Be the change".
That's literally mean ......??????
Regards,
Zephyr
Zephyr said...
This comment has been removed by the author.
Zephyr said...
This comment has been removed by the author.
Han Myo Htwe said...
you can make ur blog to see both fonts. u can check my blog.
မေဓာဝီ said...
ပြန်ဖတ်သွားသည် :)
ခုထိ မကုတ်သေးသူတဦး