Saturday, September 1, 2012

အမေနဲ့ဝံပုလွေ (ဘာသာပြန်ဝတ္ထုတို)


စစ်ပွဲနဲ့ ထိတွေ့နေတဲ့ နိုင်ငံတစ်နိုင်ငံက ခေတ်ပြိုင်စာပေလက်ရာတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အာဖဂန်နစ္စတန်က စာရေးဆရာ မိုဟစ် ဇဂမ်း Mohib Zegham  ဟာ နှလုံးအထူးကု ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ဝတ္ထုတိုပေါင်းချုပ် ၂ အုပ်၊ ကလေးစာပေ  ၃ အုပ် နဲ့ “အသေခံဗုံးခွဲသမား” နဲ့ “သမ္မတရဲ့အမိန့်” လို့အမည်ရတဲ့ ဝတ္ထုရှည် ၂ အုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်တယ်။ သူဟာ ဆေးဘက်ဆိုင်ရာ ဆောင်းပါးတွေ၊ ကလေးစာပေတွေနဲ့ စိတ်ပညာဆိုင်ရာ စာတွေကို ပက်ရှတိုဘာသာကို ပြန်ဆိုလျက်ရှိပါတယ်။ မိုစဝါ ကလေးစာပေထုတ်ဝေရေးမှာ ဦးဆောင်ညွှန်ကြားနေပြီး စာပီဒါ ယဉ်ကျေးမှုမဂ္ဂဇင်းရဲ့ အယ်ဒီတာလည်း ဖြစ်ပါတယ်။ မိုဟစ်ရဲ့ “အမေနဲ့ ဝံပုလွေ” ဆိုတဲ့ ဝတ္ထုတိုလေးကို ခံစားကြည့်ဖို့ ရွေးချယ်ထားပါတယ်။

မြန်မာစာဖတ်ပရိသတ်တွေကိုတော့ မိုဟစ်က အခုလို နှုတ်ခွန်းဆက်လိုက်ပါတယ်။



  “ချစ်ခင်လေးစားရပါသော မြန်မာစာဖတ်သူတို့။ ကျွန်တော့်နိုင်ငံ(အာဖဂန်နစ္စတန်) မှာ သတ္တိ ဆိုတာ သူများကို သတ်တာဖြတ်တာ လို့ ထင်နေတဲ့ အမေတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အစဉ်အဆက် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ နိုင်ငံရေးကြောင့်သာမဟုတ်ပါဘူး ယဉ်ကျေးမှုကြောင့်လည်း ပါပါတယ်။ ဒါကို စကားထဲမှာ ထည့်ပြီး မဆွေးနွေးကြလို့ပါ။ ကျွန်တော်ကတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တော်လှန်ရေးထက် ယဉ်ကျေးမှု တော်လှန်ရေးတစ်ရပ် နိုင်ငံမှာ လိုအပ်တယ်လို့ ထင်ပါတယ်။ တစ်ချိန်က အာဖဂန်နစ္စတန် တောင်ပိုင်းဒေသက ကျေးလက်ဆေးခန်း တစ်ခုမှာ ကျွန်တော် အလုပ်လုပ်ခဲ့ပါတယ်။ အမေတစ်ယောက်က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူ့သားတစ်ယောက်အကြောင်းကို သူ့သားမဟုတ်တဲ့ တခြားတစ်ယောက်အကြောင်းကိုပြောသလို ခံစားချက်မပါဘဲ ပြောပြနေတာကို ကြုံခဲ့ရပါတယ်။ တကယ်လို့ အမေတွေဟာ တိုက်ပွဲမှာကျသွားတဲ့ သားတွေအတွက် ငိုကြွေးကြမယ်ဆိုရင် ဘယ်သားမှ အလွယ်တကူ စစ်ထဲမလိုက်ဘူးလို့ ကျွန်တော်ထင်မိပါတယ်။”


အမေနဲ့ ဝံပုလွေ

ကျွန်တော့် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။ ပထမဆုံး ကြားလိုက်ရတာကတော့ ကျွန်တော်ကိုယ်တိုင်ရဲ့ အူဝဲဆိုတဲ့ ငိုသံ။ ပြီးတော့ အချင်းချင်း ဂုဏ်ပြုနှုတ်ဆက်နေကြတဲ့ ဆူဆူညံညံအသံတွေ။ စူးရှလွန်းတဲ့ အလင်းရောင်တွေကြောင့် ကျွန်တော် မျက်စိပြန်မှိတ်လိုက်ရတယ်။ မိန်းမကြီးတွေရဲ့ အသံတွေ တိုးသွားတယ်။ ရုတ်တရက်ပဲ ပေါက်ကွဲသံတွေ ဆင့်ဆင့်ပြီး ကြားလိုက်ရတော့ ကျွန်တော်လန့်ဖြန့်သွားတယ်။

တခြားကမ္ဘာက လာတဲ့ အိန်ဂျယ်နတ်သားက ကျွန်တော့်ခေါင်းကို သူ့လက်နဲ့ ပွတ်ပေးတယ်။ အဲဒီလက်က နူးညံ့ညင်သာလိုက်တာ ကြင်နာတတ်တဲ့ အမေတစ်ယောက်ရဲ့ စကားလုံးတွေလိုပဲ။  

 “မကြောက်နဲ့။ ဒါ ဂုဏ်ပြုသေနတ်ဖောက်သံတွေပါ။ မင်းအဖိုးရော အဖေရော ဦးလေးတွေပါ မင်းမွေးလာတာကို ပျော်ရွှင်နေကြတယ်” သူက ပြောပြတယ်။

“ပျော်နေတယ်ဆိုရင် သူတို့က ဘာလို့ သေနတ်တွေ ပစ်နေကြတာလဲ” ကျွန်တော်က မေးလိုက်တယ်။

“မင်းက သေနတ်မရှိရင် မဖြစ်တဲ့ နိုင်ငံမှာ မွေးလာတာကိုး။ သေနတ်ဆိုတာ ကြေကွဲစရာတွေ အမြဲသယ်လာတတ်ပေမယ့်လည်း သူတို့က ပျော်ပွဲရွှင်ပွဲတောင်မှ သေနတ်မပါရင် မပြီးဘူး”

ကျွန်တော်အံ့သြသွားတယ်။ “ဘာဖြစ်လို့လဲဗျ”

အိန်ဂျယ်က သက်ပြင်းချတယ်။ “ဒီဒေသမှာ လူတိုင်းဟာ ရန်သူပဲ။ မင်းရဲ့ နိုင်ငံက ရန်ပွဲတွေနဲ့ ပြည့်နေတာ။ သူတို့က တခြားနိုင်ငံတွေနဲ့လည်း ရန်ဖြစ်ကြတယ်။ သူတို့ ဝမ်းကွဲတွေနဲ့လည်း အငြင်းပွားကြတယ်။ ရန်သူ ရှာမရရင် ညီအစ်ကိုအချင်းချင်း ထချကြတယ်။ အခုဆိုရင် မင်းဦးလေးတွေ မင်းမွေးလာလို့ ပျော်ပွဲဆင်နေကြတယ်။ ဒါပေမယ့် နောက် မင်းကြီးပြင်းလာရင် မင်းအမွေကိစ္စနဲ့ ရန်ဖြစ်ကြဦးမှာ”

ကျွန်တော်က အိမ်ဂျယ်ကို မေးခွန်းတွေ အများကြီး မေးချင်သေးတာ။ ဒါပေမယ့် သူကပြောတယ်။ 
“ဘာမှပူမနေနဲ့။ အနားယူတော့။ မင်းကြီးလာရင် ဒါတွေ တဖြည်းဖြည်း သဘောပေါက်လာမှာပါကွာ” 

နောက်တစ်နေ့ကျတော့ ကျွန်တော်တို့အိမ်ကို လူတွေအများကြီး ရောက်လာကြတယ်။ သူတို့တွေဟာ အိုးစည်ဗုံမောင်းနဲ့ ကကြခုန်ကြတယ်။ ဒါပေမယ့် ကျွန်တော့်အိမ်ဂျယ်ကတော့ ပျော်ပုံမရဘူး။ သူက ကျွန်တော့်ကို ဝမ်းနည်းပက်လက် စိုက်ကြည့်နေတယ်။ “ငါသွားတော့မယ်” လို့ သူကပြောတယ်။

“ဘယ်ကို သွားမှာလဲဗျ” ကျွန်တော်က မေးလိုက်တယ်။

“တခြားကမ္ဘာကို ပြန်တော့မယ်ကွာ။ ဒီမှာ သွေးညှီနံ့တွေနံတယ်။ အိမ်နောက်ဖေးမှာ သူတို့တွေ သိုးကို သတ်နေကြပြီ။ မင်းအဖေက စားပွဲကြီး ဒီနေ့ ကျင်းပဖို့ ရွာသားတွေအားလုံးကို ဖိတ်ထားတယ်”

“ခင်ဗျားပြောတော့ ကျွန်တော့်ကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော်နဲ့ နေပေးမယ်ဆို” ကျွန်တော်က စောဒကတက်လိုက်တယ်။

“ဟုတ်တယ် ဒါပေမယ့် ငါ သွေးမြေကျတဲ့နေရာမှာ မနေနိုင်ဘူး။ ငါက သွေးတွေကို မုန်းတယ်။ သွေးထွက်သံယိုဆိုရင် မကြည့်နိုင်ဘူး။ ဒါပေမယ့် မင်း.. အင်း မင်းကတော့ သွေးထွက်သံယိုတွေ အများကြီး တွေ့ရဦးမယ်” သူကပြောတယ်။

အိမ်ဂျယ်က ကျွန်တော့်ကို နှုတ်ဆက်နမ်းပြီး ပြတင်းပေါက်ဆီ ထွက်သွားတော့တယ်။

“ကျွန်တော့်ကို ဘယ်သူနဲ့ထားခဲ့မှာလဲ” ကျွန်တော် သူ့ကို အော်မေးလိုက်တယ်။

“မင်းအမေနဲ့ ထားခဲ့မယ်လေ။ အမေတွေ ဆိုတာလည်း အိမ်ဂျယ်တွေပဲ မဟုတ်လား။ ဒါပေမယ့် ဝံပုလွေနဲ့တူတဲ့ အမေတွေ ရှိတတ်တယ် ဆိုတာကိုတော့ သတိရပေါ့ကွာ” သူက ပြန်ပြောတယ်။

အိမ်ဂျယ် ထွက်သွားတယ်။ ရက်အနည်းငယ်ကြာတော့ ကျွန်တော်လည်း သူ့ကိုမေ့သွားတော့တယ်။

နှစ်ကာလတွေ ဖြတ်ကျော်လာတယ်။ ကျွန်တော်လည်း အရွယ်ရောက်လာတယ်။ ပြီးခဲ့တဲ့ ခြောက်လလောက်ကတော့ ကျွန်တော့် အဖေဘက်ကဦးလေးနဲ့ အမွေကိစ္စ အငြင်းအခုံ ဖြစ်ရတယ်။ သူက ကျွန်တော်တို့မြေကို သူတို့ပိုင်တယ်ဆိုပြီး လာတောင်းတယ်။ 

ကျွန်တော်တို့ အငြင်းပွားတဲ့ကိစ္စကို ဖြေရှင်းဖို့ မုတ်ဆိတ်ဖြူဖြူနဲ့ အဘိုးကြီးတွေက သောကြာညနေတိုင်းမှာ အစည်းအဝေး လာလုပ်ပေးရတယ်။ ဖျန်ဖြေသူတွေကို ကျွေးမွေးဖို့ သောကြာညနေတိုင်းမှာ သိုးတစ်ကောင် သတ်ရတယ်။ ပိုက်ဆံလည်း ပေးရတယ်။ သူတို့က ဖြေရှင်းဖို့ နည်းလမ်းအမျိုးမျိုး အကြံပေးကြတယ်။ ဒါပေမယ့် ဦးလေးကတော့ တစ်ခုမှ သဘောမတူနိုင်ဘူး ဖြစ်နေတယ်။ ဒီလိုနဲ့ ကျွန်တော့်အဖေက ပင်လယ်ကွေ့ ကို ခရီးသွားတော့ ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့တယ်။ ဦးလေးမှာကတော့ သား ငါးယောက်ရှိတယ်။
တစ်နေ့တော့ ဦးလေးရဲ့မိန်းမ ကျွန်တော့်အဒေါ်က အမေ့ကို တစ်ခုခု လာပြောတယ်။ 

“ဒီကောင်မက သူ့မှာ သား ငါးယောက်ရှိတာကို သိပ်ဂုဏ်ယူနေလေရဲ့။ ငါကတော့ သားတစ်ယောက်တည်း ရှိတယ်ဆိုပြီး ငါ့ကို သရော်မော်ကား လာလုပ်တယ်” အိမ်အပြန်လမ်းမှာ အမေက မျက်ရည်လည်ရွဲနဲ့ ဆိုလာတယ်။

“အဲဒီတော့ ဘာဖြစ်လဲဗျာ။ သူပြောချင်တာ ပြောပစေပေါ့”  ကျွန်တော်က အမေ့ကိုပြောလိုက်တယ်။

အမေက တဟီးဟီး ငိုတော့တယ်။ “ဘုရားသခင်က ငါ့ကို သားတစ်ယောက်ပဲ ပေးသနားရတဲ့အထဲ အခုတော့ ဒီသားကလည်း သူရဲဘောကြောင်တဲ့ ငကြောက် ဖြစ်နေပါပေါ့လား”
ကျွန်တော်က အမေပြောသမျှကို နားစွင့်နေလိုက်တယ်။

“နင့်အဖေသာ ဒီမှာရှိရင် ဒီကောင်မရဲ့ သားငါးယောက်ကို ချက်ချင်း သွားရှင်းပစ်လိုက်မှာ။ နင်ကတော့ ဒီမှာရှိပါရဲ့။ ဒါပေမယ့် သတ္တိမှ မရှိတာကိုး”

ကျွန်တော် စိတ်တိုသွားတယ်။ “သတ္တိရှိတော့ ဘာလုပ်ရမှာလဲဗျ”

“ဘာလုပ်ရမလဲ ဟဲ့၊ နင့်အမေအတွက်မှ သတ္တိမပြရင် ဘယ်အချိန် နင့်သတ္တိကို သွားပြမှာတုန်း” အမေက ပြန်ပြောတယ်။

“ကောင်းပြီလေ။ ဒါဆို ကျွန်တော်ဘာလုပ်ရမလဲ ပြော” ကျွန်တော် မတ်တပ်ထရပ်လိုက်တယ်။

“နင့်မှာ သတ္တိရှိတယ်ဆိုရင် သေနတ်ယူပြီး ဟိုကောင်မရဲ့သားတွေကို သွားသတ်လိုက်၊ ဒါမှ ငါ့ဒေါသ ပြေမယ်”

အမေက ကျွန်တော့်ကို မျက်ထောင့်နီကြီးတွေနဲ့ စိုက်ကြည့်ပြီး ပြောလာတယ်။

ကျွန်တော်က အမေပြောတဲ့အတိုင်း လုပ်လိုက်တယ်။ ကျည်ဖြည့်ထားတဲ့ ရိုင်ဖယ်ကို လွယ်ပြီး ဟိုငါးကောင်ဆီကို ရောက်သွားတော့ သူတို့က ရေနုတ်မြောင်းကမ်းပါးမှာ ကိုယ်လက်သန့်စင်နေကြချိန်။ ဒီကောင်တွေ အကုန်လုံးကို ပစ်ချလိုက်ပြီးတော့ မြင်းပေါ်ခုန်တက် သုတ်ချေတင် ထွက်ပြေးလာခဲ့တယ်။ 

အဲဒီညသန်းခေါင်မှာ ကျွန်တော့်အမေဘက်က ဦးလေးအိမ်ကို ရောက်သွားတယ်။ နောက်တစ်နေ့ မနက်ကျတော့ ကျွန်တော်က ပါကစ္စတန်မြောက်ပိုင်းက ဝါဇီရစ္စတန် တောင်ကုန်းဒေသကို ရောက်နေပြီ။ နောက်တစ်ရက်နှစ်ရက် ကြာတော့ အမေလည်း ဦးလေးနဲ့အတူ ဝါဇီရစ္စတန်ကို လိုက်လာတယ်။ အမေက ကျွန်တော့်ကို မြင်တယ်ဆို ကျစ်ကျစ်ပါအောင် ဖက်ပြီး ကျွန်တော့်နဖူးကို နမ်းတယ်။ “ဒါမှ ငါ့သား” လို့ ချီးမွမ်းတယ်။ 

နောက်တော့ ကျွန်တော်တို့နိုင်ငံမှာ တော်လှန်ရေးကြီး ဖြစ်လာတော့တယ်။ ကျွန်တော်တို့ဆီက တခြားလူတွေလည်း ဝါဇီရစ္စတန်ကို ပြောင်းလာကြတယ်။ သူတို့က မြင့်မြတ်တဲ့စစ်ပွဲကြီး ကို ဆင်နွှဲကြဖို့ လှုံ့ဆော်လာကြတယ်။

“အမိမြေဆိုတာလည်း အမေလိုပဲ။ သားက အမေ့ရဲ့ ဂုဏ်သိက္ခာကိုတော့ ဆယ်ပြီးပြီ။ ဒါပေမယ့် အခုတော့ နင်ဟာ အမိမြေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ်” အမေက ကျွန်တော့်ကို ပြောတယ်။

ကျွန်တော် လူတွေအများကြီးကို သတ်တယ်။ တချို့ကို သေနတ်နဲ့ ပစ်သတ်တယ်။ တချို့ကို ဓားနဲ့ခုတ်သတ်တယ်။ တချို့ကိုတော့ ဗုံးခွဲပြီး တစ်စစီဖြစ်အောင် လုပ်ပစ်တယ်။ အကျဉ်းသားတွေရော လက်နက်ချသူတွေကိုပါ အရှင်မထားပဲ သတ်တယ်။

ဒီလိုနဲ့ ကျွန်တော် သေသွားတဲ့အချိန်မှာ မြင့်မြတ်တဲ့စစ်ပွဲကြီး ဆင်နွှဲလာခဲ့တာလည်း ငါးနှစ်တိုင်ပြီပေါ့။ ကျွန်တော့် အသုဘကို လာတဲ့လူတွေထဲမှာ အိမ်ဂျယ်ကို တွေ့တော့ ကျွန်တော်သူ့ကို ပြန်မှတ်မိလိုက်တယ်။ ဒီအိမ်ဂျယ်က အရင်တုန်းက အိမ်ဂျယ်နဲ့ အတူတူပါပဲ။ ဒါပေမယ့် အခုတော့ သူလည်း ပါးရေနားရေတွေ တွန့်ပြီး စိတ်မကောင်း ဖြစ်နေပုံပေါ်တယ်။ ဆံပင်တွေလည်း ဖွေးဖွေးဖြူလို့။ ကျွန်တော်ငယ်ငယ်က တွေ့ခဲ့ဖူးတဲ့ ကြင်နာတဲ့ အရိပ်အယောင်တွေကိုတော့ သူ့မျက်လုံးတွေထဲမှာ မတွေ့ရတော့ဘူး။

“ကောင်းပါ့ဗျား။ ကျွန်တော့် ဘဝတလျှောက်လုံးမှာ တစ်ခုခု ပျောက်ဆုံးနေသလို ခံစားရတာ ဘာမှန်း စဉ်းစားမရခဲ့ဘူး။ အခု ခင်ဗျားကို ပြန်တွေ့တော့မှ ပျောက်နေတာ ခင်ဗျားပဲဆိုတာ သတိရပြီ” ကျွန်တော်က သူ့ကို ပြုံးပြီး ပြောလိုက်တယ်။

အိမ်ဂျယ်က ကျွန်တော့်ကို တိတ်တဆိတ် ကြည့်နေတယ်။ စကားတစ်လုံးမှ မပြောဘူး။ သူ့မျက်လုံးတွေဟာ မျက်မမြင်တစ်ယောက်ရဲ့ မျက်လုံးတွေလို အေးစက်စက်။ 

ကျွန်တော့်ကို အိမ်ဂျယ်က ဟိုဘက်ကမ္ဘာမှာတုံးက ချစ်ချစ်ခင်ခင်ရှိခဲ့သလို အခုလည်း ဂရုတစိုက် ရှိလာမှာလားလို့ ကျွန်တော်က မျှော်လင့်နေမိတယ်။ ဒါပေမယ့် သူက သူ့လက်နဲ့ ကျွန်တော့် ခေါင်းကိုလည်း ပွတ်မပေးဘူး ပြုံးလည်းမပြုံးဘူး။

ကျွန်တော့် အသုဘအတွက် ဝတ်ပြုဆုတောင်းမှုတွေ ပြီးသွားတော့ ကျွန်တော့်ကို ဂူထဲမှာ မြုပ်လိုက်ကြတယ်။ အိမ်ဂျယ်က မီးအိမ်လေးကိုင်ပြီး မြေတွင်းနက်ထဲကို ဝင်လာတယ်။ သူ့ဘေးမှာက မြေသားအတိပြီးတဲ့ ကိုယ်ခန္ဓာနဲ့ အမျိုးသမီးတစ်ယောက်။ အဲဒီ မြေသားအမျိုးသမီးကလည်း အိမ်ဂျယ်လိုပဲ ပါးရေနားရေတွေ တွန့်နေပြီ။ 

“သူက ဘယ်သူလဲ” လို့ ကျွန်တော်က အိမ်ဂျယ်ကို မေးလိုက်တယ်။

“အဲဒါ အမိမြေ ပေါ့” လို့ အိမ်ဂျယ်က ပြန်ဖြေတယ်။

အမိမြေဟာ ကျွန်တော့်ကို ချစ်ခင်ကြင်နာမှုတွေ ပြလာလိမ့်မယ်လို့ ထင်မိလိုက်တယ်။ ကျွန်တော်က သူ့အတွက် လူတွေအများကြီး သတ်ပေးခဲ့တယ်လေ။ နောက်ဆုံး ကျွန်တော်က သူ့အတွက် အသက်တောင် စတေးခဲ့တယ်မဟုတ်လား။ အခုတော့ ကျွန်တော် စွန့်လွှတ်စွန့်စားခဲ့သမျှရဲ့ ရလာဒ် အသီးအပွင့်တွေကို တွေ့ရတော့မယ်လို့ မျှော်လင့်လိုက်တယ်။

ဒါပေမယ့် အမိမြေကို ကြည့်ရတာလည်း အိမ်ဂျယ်လိုပဲ ဝမ်းနည်းပူဆွေးနေပုံပေါ်တယ်။ သူက စကားလည်းမပြော ပြုံးလည်းမပြုံးဘူး။

ကျွန်တော် စိတ်မရှည်တော့ဘူး။ “အမေ.. ဘာလို့ မပျော်တာလဲ။ ကျွန်တော့်ကို ကြည့်ပါဦး။ ကျွန်တော် အမေ့အတွက် သွေးမြေကျပေးခဲ့တယ်လေ။ အမေ့အတွက် ကျွန်တော် လူတွေဘယ်နှစ်ယောက်တောင် သတ်ပေးခဲ့တယ်ဆိုတာ သိရဲ့လား။ ဒါတောင် ဘာဖြစ်လို့ မပျော်နိုင်ရတာလဲ”  ကျွန်တော်က မေးလိုက်တယ်။

အမိမြေရဲ့ မျက်လုံးထဲက မျက်ရည်တွေ စီးကျလာတယ်။ ဒါပေမယ့် သူ့ ပါးရေတွေ တွန့်ခေါက်သွားတော့ မျက်ရည်တွေက ပြန်ပျောက်သွားတယ်။ ဘာနဲ့တူလဲဆိုတော့ မိုးခေါင်နေတာ ကြာပြီဖြစ်တဲ့ သဲမြေပေါ်မှာ မိုးရေစက်တွေ ခဏလေးနဲ့ စိမ့်ဝင် ပျောက်ကွယ်သွားသလိုပဲ။

“အမေ… ဘာကြောင့် ဒီလောက်တောင် ခြောက်သွေ့နေရတာလဲ။ ကျွန်တော် အမေ့အတွက် အများကြီး သွေးချောင်းစီးပေးခဲ့တယ်လေ” ကျွန်တော် ထပ်ပြောလိုက်တယ်။

 အမိမြေက ဖြည်းဖြည်းညင်းညင်း ပြန်ဖြေလိုက်တယ်။

“သား.. ငါက မင်းအမေပါ။ ဝံပုလွေ မဟုတ်ဘူး”




(Mohib Zegham ၏ The Mother and the Wolf ကို Rashid Khattak က အာဖဂန်  ပက်ရှတိုဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည်ကို ပန်ဒိုရာ မြန်မာမှုပြုသည်။)



ပန်ဒိုရာ

9 comments:

ဘုန်း၂တောက် said...

ဝတ္ထုတို လာဖတ်သွားတယ်...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

Nyi Linn Thit said...

ဝတ္ထုတိုလေး သဘောကျတယ် မပန်ဒိုရာ..၊ သွေးဆာနေတဲ့ 'သား'တွေ အမိမြေဆိုတာ ဝံပုလွေ မဟုတ်ဘူးလို့ မြင်လာနိုင်မယ့် နေ့ကိုပဲ မျှော်လင့်မိပါရဲ့။

လရိပ်အိမ် said...

ဝတ္ထုတိုလေးကောင်းလိုက်တာ ၊ ဘာသာပြန်ထားတာ အရမ်းချောမွေ့တာဘဲ။

မိုးနတ်ကြယ်စင် said...

ကောင်းလိုက်တာကွယ်..ဖတ်ရင်းနဲ့လဲ မိုးနတ်မှာ အသိအမြင်တွေ..ဗဟုသုတတွေ အများကြီးရပါတယ်၊
မိုးနတ်လဲ အဲဒိဒေသက လူတွေအကြောင်းအမြဲတမ်း
မြင်နေ..ကြားနေရပေမဲ့ ဒီဝတ္ထုတိုလေးနဲ့ကျမှ အဓိပ္ပါယ်
ပိုပြီးပြည့်စုံလေးနက်သွားတော့တယ်..၊ကောင်းလိုက်တဲ့
သရုပ်ဖော်ဝတ္ထုတိုလေးပါ...မူရင်းရေးတဲ့သူရော..
ဘာသာပြန်တဲ့ မမပန်ဒိုရာရော...၂ယောက်စလုံးကို
ချီးမွမ်းမိပါတယ်...
ခင်မင်လေးစားအားကျလျက်
မိုးနတ်

မိုးရဲ said...

ဝံပုလွေနဲ့တူတဲ့ အမေတဲ့လား အစ်မရယ်။စိတ်ထဲ မကောင်းဘူး။

Tin Khine said...

Thanks a lot Ma Pandora for translating this beautifully-written novel though the actual fact is nowhere near beautiful!

ya thaw said...

ငြိမ်းချမ်းခြင်းရဲ့ အဓိပ္ပါယ်ခွင့်လွှတ်တတ်ရင်သိလိမ့်မယ်..

အသိတစ်ခုတိုးပါတယ်...

ya thaw said...

ငြိမ်းချမ်းခြင်းရဲ့ အဓိပ္ပါယ်ခွင့်လွှတ်တတ်
ရင်သိလိမ့်မယ်..
အသိတခုတိုးပါတယ်..

ya thaw said...

ုငြိမ်းချမ်းခြင်ရဲ့ အဓိပ္ပါယ်ခွင့်လွှတ်တတ်ရင်
သိလိမ်မယ်..အသိတခုရပါတယ်....