အိုင်အိုဝါ ရက်စွဲများ - ၁
မင်း ဒီအစီအစဉ်ကို
လာတက်နိုင်မလား တဲ့။ မမျှော်လင့်ဘဲ သူတို့က မေးလာတယ်။ ကျွန်မက မိသားစုစီမံကိန်းအတွက်
အလုပ်ကခွင့်ယူပြီး ကိုယ့်နိုင်ငံမှာ ပြန်အနားယူနေတာ အခြေအနေမသိခင် အခုချက်ချင်းဆိုရင်
အကြောင်းပြန်လို့မရဘူးလို့ ပြောလိုက်တယ်။ အဖြေပြောနိုင်တဲ့ နေ့တစ်နေ့မှာ ဖိတ်ခေါ်စာ
ရောက်လာတယ်။ ခရီးထွက်လို့ ဖြစ်နိုင်တဲ့ အနေအထားမို့ လာခဲ့မယ်လို့ အကြောင်းပြန်ခဲ့တယ်။
အဲဒီနောက်တော့ စာရွက်စာတမ်းတွေ လျှောက်လွှာတွေနဲ့ နပမ်းလုံးရတော့တာပါပဲ။
၂၀၁၂ ရဲ့
သြဂတ်စ် ၂၄ ရက်ညနေ ၄ နာရီခွဲ မှာ ရန်ကုန်လေဆိပ်က ထွက်လာတဲ့ လေယာဉ်ထဲ လိုက်ပါလာခဲ့တယ်။
ဒီတစ်ကြိမ် ပျံသန်းရတဲ့ ခရီးကတော့ မရောက်ဖူးတဲ့ ဒေသတစ်ခုက မကြုံဖူးသေးတဲ့ အတွေ့အကြုံတွေဆီကိုလေ။
ကိုယ်စိတ်ဝင်စားတာတာတွေကို အလေးအနက်လုပ်နိုင်ဖို့ အချိန်လပ်ကလေးတစ်ခု ဘဝမှာ ရှိခွင့်ရလာတာဟာ
သိပ်ကို ကံကောင်းပါတယ်။
ဘန်ကောက်
လေဆိပ်ထဲရောက်တဲ့အချိန်မှာ ညနေ ၆နာရီခွဲလောက် ဆိုတော့ တော်တော် စောနေသေးတယ်။ ညအိပ်နားဖို့
Louis Tavern ဟိုတယ် ရှိတယ်ဆိုတာ ကြိုစုံစမ်းထားခဲ့တယ်။ လေးနာရီ အနားယူရင် ဘတ် ၂၅ဝဝ
ဒါမှမဟုတ် ယူအက်စ် ဒေါ်လာ ၉၀ ကျတယ်တဲ့။
သြဂတ်စ် ၂၅
မနက် ၃ နာရီခွဲမှာ ဘန်ကောက် Louis Tavern ဟိုတယ် ကနေ ထွက်လာတယ်။ တိုကျို Narita လေဆိပ်
ကို ပျံခဲ့တဲ့ ၆ နာရီကျော်ကြာ ခရီးစဉ်မှာတော့ ပထမပိုင်း အိပ်ငိုက်လိုက် နိုးလိုက်နဲ့ပဲ။
ရုပ်ရှင်တွေ ကြည့်လို့ရတဲ့ မော်နီတာစခရင်က ထိုင်ခုံတိုင်းမှာပါတယ်။ ကြိုက်တာ ရွေးကြည့်လို့ရတယ်။
ထိုင်ခုံကတော့ အလယ်တန်း အလယ်မှာ။ ဘေးတစ်ဖက် တစ်ချက်မှာ ဂျပန်နှစ်ယောက်။ War Horse ဆိုတဲ့ကားလေးကို
အစပိုင်းကြည့်ရင်းနဲ့ အိပ်ငိုက်လာလို့ ဆက်မကြည့်ဖြစ်ဘူး။ နောက်တော့ လေယာဉ်ဆိုက်ခါနီး
၁နာရီကျော်လောက်အလိုမှာ သေသေချာချာနိုးသွားတယ်။ ဒါနဲ့ Dumbo ဆိုတဲ့ ကာတွန်းကားလေးကို
ကြည့်လိုက်တယ်။ နားရွက်အကြီးကြီးနဲ့ ဆင်လေးက ပျံနိုင်တဲ့ရုပ်ရှင်လေး။ အိမ်က ညီမလေးအကြိုက်ပေါ့။
Narita လေဆိပ်မှာ |
Narita ကိုရောက်တော့
အချိန်ရသေးတာနဲ့ လေဆိပ်ကစားသောက်ဆိုင်မှာ ဘာစားရင်ကောင်းမလဲ ကြည့်တယ်။ ဂျပန် ပဲခေါက်ဆွဲ
တစ်ပွဲဝယ် စားလိုက်တယ်။ ၉ ဒေါ်လာကျော်ပေးရတယ်။ လေဆိပ်ဆိုတော့လည်း ဈေးကြီးတာပေါ့။ လေဆိပ်ထဲကို
လှည့်ပတ်ကြည့်လိုက်သေးတယ်။ Chicago ကိုပျံမယ့် လေယာဉ်က ညနေ ၄ နာရီ ၃၅ ထွက်ရမှာ တစ်နာရီ
နောက်ကျပြီး ၅ နာရီ ၃၅ မှထွက်လာတယ်။ 747 လေယာဉ်ထဲမှာ ဒီတစ်ခါတော့ ထိုင်ခုံတစ်ခုချင်းမှာ
မဟုတ်ဘဲ အားလုံးအတူ ကြည့်ရတဲ့ တီဗွီစခရင်တွေပဲ ပြထားတယ်။ ဒီတစ်ခါ ထိုင်ခုံကတော့ လမ်းဘေးကပ်လျက်
ဆိုတော့ ကောင်းတယ်။ ၁၁ နာရီကျော် သွားရမယ့် ခရီးမှာ ရေအိမ် ကို ထသွားရတာ လွယ်တယ်လေ။
ဘေးမှာထိုင်တာကတော့ ကပ္ပလီဝတုတ်လေး တစ်ယောက်။ အိတ်ကို ကူချပေး ကူတင်ပေးနဲ့ ကူညီရှာပါတယ်။
စကားတော့ တစ်လုံးမှ မပြောဖြစ်ပါဘူး။
Narita လေဆိပ်မှာ |
Chicago ကိုရောက်တော့
အဲဒီကအချိန် ညနေ ၃နာရီခွဲလောက်။ ပြောင်းစီးရမယ့် ပြည်တွင်းလေယာဉ် က ညနေ ၆ နာရီ ၅ မိနစ်ထွက်မှာဆိုတော့
အေးအေးဆေးဆေးပဲ လို့ထင်မိခဲ့တာ။ transit သွားမယ့် လိုင်းက immigration မှာ တန်းစီရတယ်။
လူတန်းရှည်ကြီးထဲမှာ ၂ နာရီကျော်လောက် စောင့်ပြီးတော့မှ တံဆိပ်တုံးထုလို့ပြီးတယ်။ ပြီးတော့
luggage ကို လိုက်ရှာရတယ်။ ကိုယ့် လေယာဉ်ဆိုက်တာ ကြာနေပြီဆိုတော့ luggage တွေက တန်းစီပြီး
လည်နေတဲ့အထဲမှာ မရှိတော့ဘူး။ monitor မှာ ပြထားတဲ့ စာရင်း ထဲမှာတောင် လေယာဉ် နာမည်
မပါတော့ဘူး။ ဒါနဲ့ လုံခြုံရေးတွေကို မေးပြီး ကိုယ့်အိတ်တွေရှိတဲ့နေရာကို လိုက်ရှာရတယ်။
အိတ်ရပြီးတော့ ပြည်တွင်းလေယာဉ် ရှိတဲ့ နေရာမှာ အိတ်ကို check in ပြန်လုပ်ရတယ်။ လက်ဆွဲအိတ်
တွေကို ဆွဲပြီး လေယာဉ်ထွက်မယ့် ဂိတ်ကို ရှာရတယ်။ United Airline က Terminal 1 မှာလို့
လုံခြုံရေး အမျိုးသမီးတစ်ယောက်က ပြောလို့ ရထားလေးစီးပြီးသွားရတယ်။ စစ်ဆေးရေး ဖြတ်ရပြန်တယ်။
အဲဒီမှာလည်း လူတန်းရှည်ကို စောင့်ရပြန်တယ်။ (စစ်ဆေးရေးတွေက တစ်ခါဖြတ်တိုင်းမှာ ကွန်ပြူတာအပြင်ထုတ်၊
ဖိနပ်ချွတ်၊ ခါးပတ်ပါရင်ချွတ်ပြီး ဗန်းတွေထဲ ထည့်ရတယ်။) ဖြတ်ပြီးတော့ ကိုယ့်လေယာဉ်ထွက်မယ့်
ဂိတ်ကို အဲဒီအထဲကနေ ငါးမိနစ်လောက် လမ်းလျှောက်သွားရပြန်တယ်။
အချိန်က ညနေ ၆ နာရီထိုးခါနီးနေပြီဆိုတော့ အပြေးတပိုင်းသွားရတယ်။ လေယာဉ်ပေါ် ရောက်ပြီး
နောက် ၅ မိနစ်ကြာတယ်ဆို ထွက်တာပဲ။ မီရုံလေးရှိတယ်။ (နောက်မှ ပြန်သိရတာ မမီခဲ့ရင် နောက်တစ်နေ့ထွက်တဲ့
လေယာဉ်နဲ့မှ လိုက်ရမတဲ့။)
လေယာဉ်ပျံချိန်
တစ်နာရီမကြာပါဘူး Ceder Rapids မြို့ရဲ့ လေဆိပ်ကိုရောက်တယ်။ ညနေ
၇ နာရီလောက်ပေါ့။ luggage တွေကို ရွေးဖို့ တွန်းလှည်းယူတော့ ပိုက်ဆံ ၂ဒေါ်လာထင်တယ် deposit
ထည့်ရမယ် လို့ရေးထားတယ်။ ကိုယ့်မှာ အကြွေမရှိလို့ အခက်အခဲတွေ့နေတုန်း လေဆိပ်က ဝန်ထမ်းတစ်ယောက်က
သူတို့တွေ သုံးတဲ့ တွန်းလှည်းတစ်စီးကို ထုတ်လာပေးတယ်။ ဒါဆိုရင် မင်းပိုက်ဆံသုံးစရာမလိုတော့ဘူးပေါ့
တဲ့။ နောက်တော့ အဲဒီတွန်းလှည်းလေးကို တွန်းပြီး ကိုယ့်အနားမှာသူက လာကူစောင့်ပေးတယ်။ ကိုယ့်လက်ထဲက ပစ္စည်းတွေကို ကူသယ်ကူချပေးတယ်။ ကိုယ့်နိုင်ငံ လေဆိပ်က ပစ္စည်းကူသယ်ပေးသူတွေလို
ပိုက်ဆံပေးစရာလည်း မလိုတာကတော့ သေချာတယ်။ အပျင်းပြေအောင် သူက စကားတွေလာပြောပေးနေတယ်။
ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွေရွေပဲ။ စောင့်နေတဲ့
luggage ကတော့ ပါမလာဘူး။
ကျောင်းက
ကားမောင်းတဲ့ မိန်းကလေးချောချောတစ်ယောက် လာကြိုတယ်။ နောက်ထပ် တခြားနိုင်ငံက စာရေးဆရာ
၃ ယောက်လည်း လေဆိပ်မှာ ရောက်နေကြတယ်။ ပါကစ္စတန်၊ ဂရိ၊ အီရတ် နိုင်ငံတွေကပါ။ အီရတ်က စာရေးဆရာမရဲ့
နာမည်က “ဂူလာလာ” လို့ခေါ်တယ်။ လေဆိပ်မှာ ဂူလာလာရဲ့ အိတ်ရော ကိုယ့်အိတ်ပါ ပါလာတာ မတွေ့လို့
claim လုပ်ထားလိုက်ခဲ့ရတယ်။ ပါကစ္စတန်က စာရေးဆရာက ပြောတယ်။ ဘာမှမပူပါနဲ့ ဒီနိုင်ငံဟာ
ဘာမဆို အားလုံးအတွက် လွယ်ကူအောင် လုပ်ထားတာ။ အိတ်တွေ နောက်နေ့ ရောက်ကို ရောက်လာမှာပါ တဲ့။ သူကတော့
အမေရိကကို ရင်းနှီးပြီးသားပါ။
အိုင်အိုဝါမြို့ဆီကို လေဆိပ်ကနေထွက်လာတဲ့
ကားလမ်းဘေး တစ်ဖက်တစ်ချက် မှာတော့ မြင်ကွင်းတွေက ကျယ်တယ်။ မြင်လေရာရာ တမျှော်တခေါ်တွေချည်း။
လေထုကလည်း သန့်ရှင်းနေတယ်။ မြို့ထဲဝင်လာတော့ အိမ်ကလေးတွေက သပ်သပ်ရပ်ရပ် လှလှပပ လုံးချင်းလေးတွေများတယ်။
အဆောက်အဦ အမြင့်တွေ မတွေ့ရဘူး။ မိုးလည်း ဖွဲဖွဲရွာနေတယ်။ နေရမယ့် Iowa House
Hotel ကိုရောက်လာကြတယ်။ အဲဒီဟိုတယ်က University of Iowa ရဲ့ ကျောင်းဝင်းထဲမှာပါပဲ။
ခဏနားပြီးတော့
ဂူလာလာက အပြင်မှာ လိုတာလေးတွေ ဝယ်မယ်ဆိုလို့ နှစ်ယောက်သား ထွက်လာခဲ့ကြတယ်။ ဟိုမေးဒီမေးနဲ့
စားသောက်ဆိုင်တန်းတွေ ရှိတဲ့နားတွေဖြတ်ပြီး ရှော့ပင်းမောလ် ရှိတဲ့နေရာကို ရောက်သွားတယ်။
ည ၉ နာရီကျော်ပြီဆိုတော့ ဆိုင်တွေက ပိတ်နေပြီ။
ဝယ်မရတော့ဘူး။ ညနေစာကို noodle soup ပွဲအသေးလေး ပါဆယ်ဝယ်ပြီး အိမ်ပြန်လာခဲ့ကြတယ်။ ဂူလာလာကတော့
ညနေစာ မစားဘူးတဲ့။ အပြန်မှာ နှစ်ယောက်သား လမ်းမှားသွားကြသေးတယ်။ ကျောင်းသားလေးတွေကို
မေးစမ်းပြီး ဟိုတယ်ကို ပြန်ရောက်လာကြတယ်။
နေရတဲ့အခန်းမှာ
ပြတင်းပေါက်က လှမ်းကြည့်လိုက်ရင် ငြိမ့်ငြိမ့်လေးစီးနေတဲ့ အိုင်အိုဝါမြစ်ကလေးနဲ့ တံတား
အစိမ်းနုရောင်လေးကို မြင်နေရတယ်။ ညနေစာစားပြီးတော့ ခေါင်းကိုက်လာတာနဲ့ အိပ်လိုက်တယ်။
မနက် ၄ နာ၇ီလောက်မှာ နိုးလာတော့ ပြန်အိပ်မရဘူး။ ဒါနဲ့ မိသားစုတွေနဲ့ viber ကနေ လှမ်းဖုန်းပြောတယ်။
စင်ကာပူနဲ့ ပြောတယ်။ နောက်ပြီး ရန်ကုန်နဲ့ ပြောတယ။် ကော်နက်ရှင်ကောင်းတာကိုတော့ အထူးပြောစရာမလိုတော့ဘူး။
အိုင်အိုဝါ မြစ်ရဲ့ လှပတဲ့ နံနက်ခင်း |
Iowa House Hotel ကို တံတားလေးကနေ လှမ်းမြင်ရ |
နောက်တစ်နေ့မနက်
breakfast ကို hotel က ကျွေးပါတယ်။ ခြောက်ခြောက်ကပ်ကပ်မို့ သိပ်စားမဝင်ပါဘူး။ ပေါင်မုန့်၊
ဒိုးနပ်၊ သစ်သီး၊ ကော်ဖီ လက်ဖက်ရည် စီရီယယ်လ်တွေနဲ့ နို့နဲ့ စသည်ဖြင့်။ နေ့လည်ကျတော့
ရှော့ပင်းမောတစ်ခုဆီကို ဂရိက စာရေးဆရာရယ် အီရတ်က စာရေးဆရာမရယ် နဲ့ တက္ကစီ
စပ်ငှားပြီး သွားကြတယ်။
ညနေပြန်ရောက်တော့
ခေါင်းပြန်ကိုက်ပြီး အအေးမိသလိုဖြစ်နေတာနဲ့ ဆေးသောက်လိုက်ရတယ်။ လည်ချောင်းကလည်း နာလာတယ်။
အဲဒီညနေရောက်တော့ ဟိုတယ်ကို luggage ရောက်လာတယ်။
နောက်ရက်တွေမှာ
ကြုံတွေ့ရမယ့် အစီအစဉ်တွေအတွက် စိတ်လှုပ်ရှားနေမိတယ်။ International Writing Program တဲ့။ ဆရာကျော်ဝင်းရဲ့ မစ္စစ္စပီ ခရီးသည် စာအုပ်ကလေးကို အိတ်ထဲက ထုတ်ကြည့်လိုက်တယ်။
ပန်ဒိုရာ
27.8.2012 10:25 pm Iowa House Hotel,
Iowa City
6 comments:
အမေရိကရဲ့ အလှတွေကို ခံစားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် .... အိုင်အိုဝါက လှပအေးချမ်းတဲ့ ပြည်နယ် တစ်ခုပါပဲ . . . ပျော်ရွှင်ပါစေ
ခင်မင်တဲ့
ဗညားရှိန်
အတွေ့အကြုံသစ်မှာ အမြင်အတွေးသစ်တွေ နဲ့ ဆောင်ရွက် အောင်မြင်နိုင်ပါစေကြောင်း ဆုခြွေတောင်း၏ ။
အိုး စိတ်ဝင်စားစရာဘဲ မရေ။
အိုင်အိုဝါရောက် ပန်ဒိုရာ ...
အစစ အဆင်ပြေ ချောမွေ့ အောင်မြင်ပါစေ ... ။
အားကျလိုက်တာ အစ်မရေ ။ တကယ်ပါ ။နောက်လည်း ဆက်ရေးပါဦးနော်။
အသစ် အသစ်တွေနဲ့ အမြဲတမ်းအောင်မြင်နိုင်ပါစေ'
Post a Comment