ကြိုးညှိခြင်းကဗျာစာအုပ်ကို
FM Bagan မှာ ဆွေးနွေးကြခြင်း (အပိုင်း ၂)
(FM Bagan ရေဒီယိုမှာ မင်းခက်ရဲ တင်ဆက်တဲ့ ခေတ်ပြိုင်ကဗျာဆွေးနွေးချက် အစီအစဉ်မှာ
ဆွေးနွေးခဲ့ကြတာပါ။ အပိုင်း ၃ ပိုင်းခွဲပြီး တင်ဆက်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒီဆွေးနွေးချက်တွေကို
ပို့ပေးတဲ့ ကိုမင်းခက်ရဲ ကို ကျေးဇူးတင်ပါတယ်။)
ခုကျွန်တော်တို့ဆွေးနွေးမယ့်
အကြောင်းအရာကတော့ အမျိုးသမီးခေတ်ပြိုင်ကဗျာကျမ်းဟာ ခေတ်ပြိုင်ကဗျာ သမိုင်းမှာ
အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဆွေးနွေးခြင်းပါပဲ ။
ကြိုးညှိခြင်းလို့အမည်ရတဲ့ မြန်မာအမျိုးသမီးကဗျာ စာအုပ်ကို ဆရာမပန်ဒိုရာက
စုစည်းပြီး ၂၀၁၂ သြဂတ်စ်လမှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ် ။ ဒီမတိုင်ခင်က အမျိုးသမီး ကဗျာ
ဆရာမတွေရဲ့ ကဗျာတွေကို စုစည်းဖို့ နေနေသာသာ ခေတ်ပြိုင်ကဗျာ စုစည်းမှုတွေမှာ ၊
တက္ကသိုလ်ရဲ့ ကဗျာလက်ရွေးစင်ကျမ်းတွေမှာ အမျိုးသမီးတွေရဲ့ ကဗျာကို အလွန်တွေ့ရခဲပြီး
တစ်ခါတစ်ရံတစ်ဦးတစ်လေမှာ ဖော်ပြခြင်း မခံရတာကိုတွေ့ရပါမယ် ။ ယခင်တစ်ပတ်ကတော့
ဒီကဗျာစုစည်းမှုဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကဗျာဆရာမတွေကို ဘေးဖယ်ထုတ်ထားသလို
ဖြစ်နေခြင်းအပေါ် မီးမောင်းထိုးပြလိုက်ရာရောက်ကြောင်းကို ဖော်ပြခဲ့ပါတယ် ။ ပြီးတော့
ကဗျာ စုစည်းမှုတွေမှာ မိန်းမတွေ မထည့်ဝင်ခြင်းဟာ ယောက်ျားကြီးစိုးလွှမ်းမိုးတဲ့
အမြင်တစ်ရပ်အကြောင်းကို ပြောဆိုဆွေးနွေး ဖြစ်ခဲ့ပါတယ် ။ ယခုလည်း ပထမဆုံးအကြိမ်း
မြန်မာအမျိုးသမီးကဗျာများကို စုစည်းထုတ်ဝေမှုဟာ ခေတ်ပြိုင်ကဗျာ တိုးတက်
ပြောင်းလဲမှုအတွက် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အမျိုးသမီးကဗျာတွေဟာ
ခေတ်ပြိုင်ကဗျာစုစည်းမှု ၊ မြန်မာကဗျာ ဖတ်စာအုပ်များအတွင်းကနေ
ဘေးဖယ်မထုတ်သင့်ကြောင်း နဲ့ ပညာရေး စနစ် အတွင်း ဒီလိုဘေးဖယ်ထုတ်ခြင်း၊
လိင်အရခွဲခြားခြင်းတွေဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွေမှာ
မရှိသင့်တော့ကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ် ။ မြန်မာ အမျိုးသမီးများစွာရဲ့
ပထမဆုံးအကြိမ်ကဗျာ စုစည်းထုတ်ဝေမှုကို ကြိုဆိုတဲ့ အနေနဲ့ စာအုပ်ပါ ကဗျာဆရာမမြတ်ရဲ့
ကဗျာတစ် ပုဒ်ကို ရွတ်ဆိုသွားပါမယ် ။ မြတ်ရဲ့ကဗျာမှာ မိန်းမဖြစ်မှုနဲ့ မိန်းမတွေရဲ့တွေ့ကြုံခံစားမှုသဘာဝကို
ထုတ်ပြနိုင်တာကိုလည်း တွေ့ရမယ် ။
တစ်ညနေ
တစ်ဖက်မှာ…
လက်ကိုင်တုတ်တွေ
သံဆူးကြိုးတွေ
ယူနီဖေါင်းဝတ်သေနတ်သမားတွေ
အရံအတားတွေ
တစ်ဖက်မှာ…
လမ်းလျှောက်တုတ်ကောက်တွေနဲ့
အဖိုး အဖွါးအိုတွေ နှင်းဆီပန်းအ၀ါတွေ ကင်မရာလွယ်သတင်းသမားတွေ မျှော်လင့်ခြင်းတွေ
သေနတ်သမားတွေက
အရံအတားတွေ ဖယ်ပေးလိုက်တယ်ဆိုရင်ပဲ
မျှော်လင့်ခြင်းတွေ
ဝေါကနဲသွန်ကျ
လမ်းမပေါ်
ဝမ်းမြောက်ခြင်း ပုလဲလုံးတွေ အချုပ်အနှောင်မဲ့
မြေမထိ
ခြေထောက်တွေ သံတံခါးဝဆီ အပြေးအလွှား
လေထဲလွင့်ပါသွားမတတ်
အမေနဲ့ဝေးတဲ့ကလေးတွေ
အမေ့ကိုပြန်တွေ့တဲ့ တစ်ညနေ ။ ။
မြတ်
ကိုသော်ဇင် ။ ကဗျာလေးကတော့ အကျဉ်းထောင်ကနေ ပြန်လွှတ်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရ သူတွေ စောင့်နေတဲ့ လူတွေအကြောင်းရေးထားတာလို့ ထင်တယ် ။
ကိုဗညား ။ ဟုတ်တယ် ကျွန်တော်လည်း အဲလိုပဲ ထင်တယ် ။ မပိုင်ပိုင် ပြောချင်မယ့် မိန်းမတွေရဲ့တွေ့ကြုံခံစားမှုမျိုးက ဘာကို ပြောမလဲ ။
မပိုင်ပိုင် ။ ကဗျာမှာ ခွှင့်လွှတ်တဲ့ စိတ်နဲ့ မိခင်စိတ်ကို အထင်းသားတွေ့ရတဲ့ အချက်ကြောင့် မိန်းမတစ်ဦးက မိန်းမဖြစ်မှု အတွင်းကနေ မြင်ထားတဲ့ အမြင်လို့ဆိုချင်တာပါ ။ကဗျာမှာ လွတ်ငြိမ်းချမ်းသားခွင့်နဲ့ ထောင်ထဲက လွတ်လာတဲ့ မျှော်လင့် ချက်တွေကို ခွင့်လွှတ်တဲ့ စိတ် ၊ မျှော်လင့်တောင့်တမှုတွေနဲ့ ပြောတယ် ။ နောက်ဆုံးစာကြောင်းမှာ “ အမေနဲ့ ဝေးတဲ့ ကလေးတွေ အမေ့ကို ပြန်တွေ့တဲ့ တစ်ညနေ ” လို့ မိခင်စိတ် ၊ အင်း … မိန်းမတွေရဲ့ ခံစားမှုကို ဖော်ပြနိုင်တဲ့ စာကြောင်းနဲ့ ဖော်ပြထားတယ် ။
ကိုသော်ဇင် ။ ။ မပိုင်ပိုင်ပြောနေတဲ့ အမျိုးသမီးတွေရဲ့ တွေ့ကြုံခံစားမှုဆိုတာဘာလဲ ။ လူ့အဖွဲ့အစည်းအတွက် အရေးကြီး သလား။
မပိုင်ပိုင် ။ ဟုတ်တယ် ကိုသော်ဇင်ရေ ၊ ကျွန်မတို့ခုဆွေးနွေးမယ့် အကြောင်းအရာက ကိုသော်ဇင်ပြောတဲ့အမျိုးသမီးတွေရဲ့ တွေ့ကြုံခံစားမှုနဲ့ ဆက်စပ်နေတယ် ။ လူ့အဖွဲ့အစည်းအတွင်းမှာ လူတွေရဲ့တွေ့ကြုံခံစားမှုတွေကို နားလည်မှ အဲဒီလို လူတွေကိုနားလည် ခံစားပေးနိုင်မှာ ။ အဲဒီလို လူတွေရဲ့ အထူးသဖြင့် မိန်းမတွေ၊ တိုင်းရင်သားတွေ၊ ဂေးနဲ့လတ်စဘီယံ တွေရဲ့တွေ့ကြုံခံစားမှုတွေပါတဲ့ ကဗျာတွေ၊ ၀တ္ထုတွေကို ပညာရေးထဲပြဌာန်ပြီး လူအားလုံးမျှဝေခံစားနိုင်မှာ ကွဲပြားခြားနားမှု အပြုသဘောဆောင်နားလည်လာမှာ ။ မဟုတ်ရင် ကွဲပြားခြားနားခြင်းကို ရန်လိုစရာ ၊ ဒါမှမဟုတ် ကိုယ့် ထက်နိမ့်ကျတာရယ်လို မြင်သွားရင် ရန်လိုနေတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာမှာ အမှန်ပဲ ။
ကိုဗညား ။ ။ ဒါကြောင့် အမျိုးသမီးတွေရဲ့အမြင်တွေ ၊ တွေ့ကြုံခံစားနိုင်မှုတွေ အများအပြားပါဝင်တဲ့ ကြိုညှိခြင်းကဗျာ စာအုပ်ဟာ လူ့အဖွဲ့အစည်းအတွက်ရော ၊ ခေတ်ပြိုင်ကဗျာသမိုင်း အတွက်ရော အရေးပါတာပေါ့ ။ ဒီသဘောပေါ့ ။ ဟုတ် လား မပိုင်ပိုင် ။
မပိုင်ပိုင် ။ ။ ဟုတ်တယ် ကိုဗညား ။ ဒီစာအုပ်ကနေတစ်ဆင့် ကျွန်မတို့ပြောနိုင်တာက အမျိုးသမီးတွေရဲ့ စာတွေ၊ နဲ့ အမျိုးသမီးတွေရဲ့တွေ့ကြုံခံစားမှုတွေ ၊ ဘ၀တွေကို ပညာရေးအင်စတီးကျူးရှင်းတွေ၊ ပညာရပ်နယ်ပယ်တွေမှာ ထည့်ဝင်ခွင့်ရရရေးပဲ ။
ကိုသော်ဇင် ။ ။ ဟုတ်တယ်ဗျ၊ ကျွန်တော်တို့ဆီက ခေတ်ပြိုင်ကဗျာစုစည်းမှုမှာ အမျိုးသမီးကဗျာဆရာမ တစ်ယောက်မှ မပါတာထက် အနောက်တိုင်းလူ့အဖွဲ့အစည်းထဲက ခေတ်ပြိုင်ကဗျာ စုစည်းမှုတွေမှာ မပါတာက ပိုဆိုးတယ်လို့ထင်တယ် ။ အနောက်တိုင်းမှာက ကဗျာစုစည်းမှုတွေကို တက္ကသိုလ်တွေနဲ့ ပညာရပ်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေက လုပ်တာမဟုတ် လား ။
မပိုင်ပိုင် ။ ။ တက္ကသိုလ်က လုပ်တဲ့ စုစည်းမှုတွေထဲမှာ အမျိုးသမီးကဗျာဆရာမတွေ တစ်ယောက်မှ မပါတာဟာ မိန်းမတွေ ကို ပညာရေးအင်စတီကျူးရှင်းကြီးတစ်ခုလုံးက လစ်လျူရှုလိုက်တာပဲလို့ ဆိုလိုရာရောက်တယ် ။ ဒါကြောင့် အနောက်တိုင်း လူ့အဖွဲ့အစည်းထဲမှ က္ကတ္ထ၀ါဒီတွေ ၊ အမျိုးသမီးပညာရှင်တွေက အမြဲစိန်ခေါ်နိုင်ဖို့ကြိုးစားတယ် ။ ခုကြိုးညှိခြင်း ကဗျာ စာအုပ်ထုတ်ဝေသလို ပုံစံတစ်မျိုးမဟုတ် တစ်မျိုးနဲ့ စိန်ခေါ်နိုင်ဖို့ ကြိုးစားကြတယ် ။
ကိုဗညား ။ ။ ကျွန်တော်တို့ ဆီက တက္ကသိုလ်တွေကတော့ ရှေးရိုးစွဲတွေပဲ ။ ပညာရှင်တစ်ချို့က ခေတ်ပေါ်ကဗျာတွေ ၊ အမျိုးသမီးကဗျာဆရာမတွေကို တက္ကသိုလ်သင်ရိုးထဲထည့်ဖို့ ကြိုးစားကြပေမယ့်အများစုနဲ့ အနည်းစုဖြစ်နေမှာပဲ ။ တက္ကသိုလ်ကလည်း အစိုးကချုပ်ကိုင်ထားတော့ကာ ပညာရှင်ဆိုတာထက် တစ်ချို့နေရာတွေမှာ အစိုးရရုံးဝန်ထမ်းလိုဖြစ် နေတယ် ။ ယခင်ကာလက အာဏာရှင်အစိုးရဆိုတော့ သူတို့ပြောသမျှသာလုပ်ရပြီး ကိုယ်က တစ်ခုမှ ပြန်မပြောရဲတဲ့ အခြေအနေဆိုတော့ အမှောင်ဖုံးခဲ့ကြတယ် ။ ခုလိုပွင့်လင်းစပြုလာတဲ့ အခြေအနေမှာ ဆိုရင်တော့ လုပ်ပိုင်ခွင့်ရှိတဲ့သူ ဒါမှမဟုတ် သြဇာအာဏာရှိတဲ့သူက စပြီးစိန်ခေါ်နိုင်ရင်တော့ ပြောင်းလဲသွားနိုင်တယ် ။
မပိုင်ပိုင် ။ ။ ဒီမိုကရေစီအစိုးရဖြစ်လာလို့ လုပ်လို့ လွယ်ကူသွားမှာပဲလို့ သတ်မှတ်လို့တောမရဘူး ။ ဒီကိစ္စက အစိုးရရော လူ့အဖွဲ့အစည်း အတွင်းလူတွေရဲ့ နားလည်လက်ခံနိုင်စွမ်းနဲ့ရောဆိုင်တယ် ။ ကျွန်မဥပမာပြောရရင် ကျွန်မတို့ တွေအနေနဲ့ ပွင့်လင်းပါတယ်လို့ ထင်တဲ့ အမေရိကန်မှာ ၁၉၇၀ ပတ်ဝန်ကျင်က ပညာရပ်ဆိုင်ရာ အဖြစ်အပျက်လေးတွေ အကြောင်း ပြောချင်တယ် ။
ကိုသော်ဇင် ။ ။ ၁၉၆၀နဲ့ ၇၀ခုနှစ်ဆိုတာ အမေရိကန် ပိုမိုပွင့်လင်းလာဖို့ရာ နှစ်တွေလဲ ။ သူတို့ရဲ့ ဒီမိုကရေစီစနစ်ခိုင်မြဲနေ တာလည်း နှစ်၂၀၀နီးပါးရှိပြီပေါ့ နော် ။
မပိုင်ပိုင် ။ ။ ဒါပေမယ့် သူတို့ရဲ့ လူ့အဖွဲ့အစည်းက ယခုကျွန်မတို့ ကြုံတွေ့နေရသလို ယောက်ျားအဓိက လူ့အဖွဲ့အစည်းပဲ ။ သူတို့အတွက်ကတော့ လူဖြူယောက်ျားတွေရဲ့ တန်ဖိုးစံတွေ လွှမ်းမိုးနေတဲ့ ကာလပဲ ။ ကျွန်မပြောချင်တာက ကိတ်မီးလတ် (Kate Millet ) ဆိုတဲ့ အမျိုးသမီးပညာရှင်တစ်ဦးအကြောင်းပဲ ။ သူ့ရဲ့ Sexual Politic ဆိုတာ နာမည်ကြီးတယ် ။ ဒါပေမယ့် ဒီကျမ်းကိုရေးပြီးတဲ့ အခါမှာ တက္ကသိုလ်ကနောက်ထပ်ထပ်ပြီး သူ့ကို ကန်ထရိုက်စာချုပ်မချုပ်တော့ဘူး ။ ကျွန်မတို့ဆီက အခြေအနေနဲ့ ဆိုရင် သူ့ကို အလုပ်ထုတ်လိုက်တယ်ပေါ့လေ ။
ကိုဗညား ။။ ဒီကျမ်းကြောင့်ပေါ့ ၊ ဒီကျမ်းက နာမည်ကြီးတယ် ။ ကျွန်တော်လည်းဖတ်ဖူးတယ် ။ ၁၉၆၉ခုနှစ်ထုတ်ပဲ ။ မီးလတ် ကို က္ကတ္ထိယ၀ါဒီအဖြစ်သတ်မှတ်ကြတယ် ။ ဒီကျမ်းက အမျိုးသမီးလွတ်မြောက်ရေးလှုပ်ရှားမှုတွေအတွက် ကျမ်း တစ်စောင်ပဲ ။ ဂန္ထ၀င် ယောက်ျားစာရေးဆရာတွေကို က္ကတ္ထယ၀ါဒအမြင်ကနေ ပြန်လည်ဖတ်ရှုထားတယ် ။ ပြည့်တန်ဆာ တစ်ချို့အပေါ် ဂရုဏာသက်အင်တာဗျူးလုပ်ထားတဲ့ အပိုင်းလည်းပါတယ်လေ ။
မပိုင်ပိုင် ။ ။ ဟုတ်တယ် ။ မီးလတ်က အဲဒီကျမ်းကို သူ့ရဲ့ အသတ် ၃၅နှစ်မှာထုတ်တာလေ ။ ဒီစာအုပ်မှာ အင်္ဂလိပ်နဲ့ အမေရိကန်တို့ရဲ့ စာပေးသမိုင်းမှာ အရေးပါတယ် ။ ဒီအိပ်ခ်ျလော့ရင့် ဖတ်ရှုထားပုံ ကြောင့် ယောက်ျားပညာရှင်တွေ ၊ အင်္ဂလိပ်ဂန္ထ၀င်စာပေးတွေ ရှေးရိုးစွဲရှုထောင့်အသေတစ်ရပ်နဲ့ ဆုပ်ကိုင်ထားသူတွေ တုန်လှုပ်သွားတယ်။ သူက လော့ရင့် ၊ နော်မန်မီးလာ ၊ ဟင်နရီမီးလားနဲ့ ဂျင်းဂျဲနက်တို့ရဲ့ အရေးအသားတွေဟာ အမျိုးသမီးတွေရဲ့ သဘာဝနဲ့ လိင်သဘာဝကို ဘယ်လောက်အထိ အဖျက်သဘောဆောင်ဖျက်ဆီးလိုက်သလဲဆိုတာကို ရှင်းပြခဲ့တာပါ ။ ဒီရှင်းပြချက်ကြောင့်ပဲ ဘားနဒ် တက္ကသိုလ်က သူ့ကို အလုပ်ဆက်လုပ်ခွင့်မပေးတာ့ဘူး။
ကိုသော်ဇင် ။ ။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတာ ဘာလဲလို့ ပြောရမလိုဖြစ်နေပြီ နော်။
မပိုင်ပိုင် ။ ဟုတ်တယ် ကိုသော်ဇင် ။ တကယ်တော့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုတာကို အစိုးရတစ်ရပ်ကနေ တားမြစ် ပိတ်ပင်တတ်သလို ၊ လွှမ်းမိုးကြီးစိုးဆဲ တန်ဖိုးစံတွေကနေလည်း ပိတ်ပင်တတ်တယ် ။ ကိတ်မီးလတ်ရဲ့ ပြဿနာကနေ ပြနေတာက မိန်းမတွေရဲ့ အမြင်တစ်ရပ်ကို ယောက်ျားကြီးစိုးဆဲ တန်ဖိုးစံတွေကနေ တားမြစ်ပိတ်ပင်ဖို့ ကြိုးစားနေတယ် ဆိုတာပဲ ။
ကိုဗညား ။ ဒါကြောင့်လည်း
ကျွန်တော်တို့ ဆီက ဖတ်စာအုပ်တွေထဲမှာ အမျိုးသမီးကဗျာဆရာတွေနည်းနေတာပဲ ။ အဓိက တော့
ယောက်ျားကြီးစိုးဆဲ တန်ဖိုးစံတွေကို ဆုပ်ကိုင်ထားတဲ့အတွက် ယောက်ျားတွေရဲ့ စာသာလျင်
ပိုတန်ဖိုးတတ်နေတယ် လို့ထင်တာရယ် ၊ နောက် မိန်းမတွေရဲ့ တွေ့ကြုံခံစားမှု
နားမလည်တာရယ်ကြောင့်ပဲ ပေါ့ ။
ကိုသော်ဇင် ။ ။ ကျွန်တော် မပိုင်ပိုင်ကိုမေးချင်တာက ဖတ်စာအုပ်တွေမှာ ၊ ကဗျာ စုစည်းမှုတွေမှာ အမျိုးသမီးကဗျာတွေ မပါတဲ့ အခြေခံအချက်ကတော့ ယောက်ျားလွှမ်းမိုးကြီးစိုးဆဲတန်ဖိုးစံတွေနဲ့ အဓိက ရွေးချယ်အလုပ်လုပ်နေတာ ကြောင့် ပေါ့ ဟုတ်လား ။
မပိုင်ပိုင် ။ ။ ဟုတ်တယ် ကိုသော်ဇင်ရဲ့ ။ ဥပမာ Norton Anthology of English Literature စာအုပ်ကို ပထမအကြိမ် ရွေးချယ်တည်းဖြတ်စဉ်က မိန်းမတစ်ယောက်မှ မပါဘူး ။ ဒုတိယ အကြိမ်တည်းဖြတ်ပြီး ပြန်လည်ထုတ်ဝေတော့ မိန်းမတွေ အများကြီးပါခဲ့တယ် ။ ဘာကြောင့်လဲ ။
ကိုဗညား ။ ။ ပညာရပ်နယ်ပယ် အတွင်းမှာ ၊ ကဗျာရွေးချယ်တည်းဖြတ်သူတွေကြားမှာ ယောက်ျားအဓိကဆိုတဲ့ တန်ဖိုးစံတွေ လျော့ကျသွားလို့ပဲ ဖြစ်မှာပေါ့ ။
ကိုသော်ဇင် ။ ။ဟုတ်တယ် ။ ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ် ။
မပိုင်ပိုင် ။။ ကိုဗညားနဲ့ ကိုသော်ဇင်ပြောတာမှန်တယ် ။ ၁၉၇၀ကာလမှာ အနောက်တိုင်းလူ့အဖွဲ့အစည်းထဲမှာ ယဉ်ကျေးမှု စစ်ပွဲများ ဆိုပြီးပေါ်လာတယ် ။ စစ်ပွဲဆိုလို့ လက်နက်ကိုင်စစ်တော့မဟုတ်ဘူး ။ ဘေးဖယ်ထုတ်ခံရတဲ့ အကြောင်းအရာတွေ ကိုလေ့လာတဲ့ စစ်ပွဲပဲ ။ အသိဥာဏ်ပညာခြင်းယှဉ်တဲ့စစ်ပွဲပေါ့ ။ ထွန်းကားလာတဲ့ ပညာရပ်တွေက အမျိုးသမီးလေ့လာမှု ပညာ၊ လူမျိုးလေ့လာမှုပညာ၊ က္ကတ္ထိဝါဒ၊ ဂေးနဲ့လတ်စဘီယံလေ့လာမှုပညာပဲ ။ ဒီပညာရပ်တွေပေါ်ပေါက်လာတယ် ။ပထမ တော့ ထုံးစံအတိုင်း လက်မခံကြဘူးပေါ့ ။ နောက်တော့တဖြည်းဖြည် စိန်ခေါ်မှုများလာပြီး ပညာရပ်အဆောက်အအုံအတွင်း လက်ခံလာတယ် ။ ဒီလို လက်ခံလာမှ ဒီပညာရပ်တွေကနေပေးတဲ့ တန်ဖိုးစံတွေဟာ ကဗျာလက်ရွေးစင်ကျမ်းပြုစုသူတွေ ကို သတိထားမိလာစေပြီး ကဗျာကျမ်းတွေထဲမှာ မိန်းမကဗျာဆရာတွေ ပိုပါဝင်ဖို့ ဖြစ်လာစေတာပဲ ။
ကိုသော်ဇင် ။ ဒါဆို ကျွန်တော်တို့ရဲ့ ပညာရပ်အဆောက်အအုံအတွင်းမှာ အဲဒီပညာရပ်တွေပြန့်ပွားဖို့လိုတယ်ဆိုတဲ့သဘော ပေါ့နော ။
ကိုဗညား ။ ပညာရပ်အဆောက်အအုံတင်မကပါဘူး ၊ ကဗျာရွေးချယ်သူတွေနဲ့ဖတ်ရှုသူတွေဆီပါရောက်နိုင်ဖို့ လိုတယ်လို့ ထင်တယ် ။
မပိုင်ပိုင် ။။ အပြန်အလှန်ပေါ့ ကိုဗညား ။ ပညာရပ်အဆောက်အအုံထဲရောက်မှ ပညာရေးကနေတစ်ဆင့် တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန် ဦးတည်နိုင်မှာ မဟုတ်လား။
ကိုသော်ဇင် ။ ဟုတ်ပြီး ကျွန်တော်တို့ရဲ့ အဓိကဆွေးနွေးမှုဆီပြန်ဆက်ရအောင်ပါ ။ ပထမဆုံး မြန်မာအမျိုးသမီး ၃၅ ဦး စုစည်းရေးတဲ့ ကဗျာစာအုပ်ဟာ အရေးကြီးတဲ့ ဆိုတဲ့ အကြောင်းလေး ။ မပိုင်ပိုင် နိဂုံးချုပ်နေနဲ့ဆွေးနွေးပေးပါ ။
မပိုင်ပိုင် ။ ။ ကဗျာဆိုတာ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စပါပဲ ။ ဒီလို အမျိုးသမီးကဗျာဆရာတွေအများအပြာ စုဝေးထားတဲ စာအုပ်မပေါ်ဘဲနဲ့ စာပေးဆိုင်ရာ ကျမ်းပြုသူတွေဟာ အမျိုးသမီးတွေရဲ့ တွေ့ကြုံခံစားမှုကို စာပေလက်ရာထဲကနေ ဘယ်လို သွားလေ့လာမလဲ ။ လူ့အဖွဲ့အစည်ထဲ ဆင်းပြီးလေ့လာရင်ဒါဟာလူမှုရေးဗေဒဆိုင်ရာကိစ္စဖြစ်သွားမှာ ။ ကိတ်မီးလတ် တို့လို စာပေသီအိုရီနဲ့ စာပေပညာရပ်ထဲကနေ အမျိုးသမီးလေ့လာမှုပညာ၊ က္ကတ္တိယ၀ါဒဆိုင်ရာအမြင်တွေ ပညာရပ်ထဲဖြစ်ထွန်း လာဖို့အတွက် ဒီလို စာအုပ်မျိုးရှိနေခြင်းကအရေးကြီးပါတယ် ။ တက္ကသိုလ်အတွင်း ခေတ်ပြိုင်အမျိုးသမီးကဗျာဆရာမတွေ ရေးတဲ့ ကဗျာတွေ ပြဌာန်းလာဖို့ တွန်းအားလည်းဖြစ်တယ် ။ အဲဒီလိုပြဌာန်းမှလည်း လိင်အရကွဲပြားခြားနားမှုကို တန်ဖိုးထား နားလည်လာပြီး လူသားချင်းစာနာမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဆီကို ဦးတည်နိုင်မှာဖြစ်တယ် ။
No comments:
Post a Comment