Thursday, September 12, 2013

အိတ်ပွင့်လေသောအခါ



 မရေးဖြစ်တာကြာတဲ့ ဘလော့ဂါဆန်တဲ့ပို့စ်တစ်ခု ရေးလိုက်ပါတယ်။ မတက်ဂ်ဝေ အတွက် :)

၂၀၀၇ ခုနှစ်တုန်းကတော့ အိတ်ထဲမှာ ဘာရှိသလဲ ဆိုတဲ့ tag ပို့စ်တစ်ပုဒ် ရေးဖူးပါတယ်။ စိတ်ဝင်စားရင် ပြန်ဖတ်ကြည့်လို့ရပါတယ်။ ၂၀၀၇ ခုနှစ်က စင်ကာပူမှာ ရုံးတက်ရင်းလွယ်တဲ့ အိတ်ထဲက အရာတွေနဲ့ ၂၀၁၃ ခုနှစ် မြန်မာပြည်မှာ ဟိုနားဒီနားသွားရင်းလွယ်တဲ့ အိတ်ထဲက အရာတွေ ဘာကွာသလဲ ဆိုတာကို ယှဉ်ကြည့်လို့ရမယ်။

ကိုယ့်မှာ အိတ်တွေ များတယ်။ ကြွားတာမဟုတ်ပါဘူး။ မိန်းကလေးတချို့ဟာ ဒီလိုပါပဲ။ အဟောင်းတွေက မပျက်စီးသေးတော့ အသစ်ထပ်ဝယ်တဲ့အခါ တိုးပွားလာတဲ့သဘောလည်း ဖြစ်ပါတယ်။ တချို့အိတ်တွေက သွားရလာရတဲ့ လမ်းနဲ့ သင့်တော်အောင် ပြောင်းကိုင်စရာ လိုတယ်။ တချို့ကတော့ အဝတ်အစားတွေနဲ့ အရောင်အသွေးလိုက်ဖက်အောင် ဝယ်မိတာဖြစ်တယ်။ စင်ကာပူမှာ နေတုန်းကတော့ လျှော့ဈေးနဲ့ရလို့ မရည်ရွယ်ပဲ ဝယ်ဖြစ်တာမျိုးတွေ ရှိခဲ့တယ်။ 

မြန်မာပြည်ကို ပြန်ရောက်တဲ့အခါ လုံခြုံတဲ့ အိတ်တွေကို ဦးစားပေး လွယ်ဖြစ်တယ်။ ပြီးတော့ ကဒ်ပြားတွေထည့်ထားတဲ့ ခေါက်အိတ်(wallet)ကလေး ဆန့်ရုံနဲ့ မလုံလောက်တော့ဘူး။ ပိုက်ဆံတွေအချပ်လိုက် ထူထူဖောင်းဖောင်း သယ်စရာတွေ ရှိလာတဲ့အခါ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ အိတ်တွေကို သုံးဖြစ်တယ်။ အိတ်တစ်လုံးကနေ တစ်လုံး ပြောင်းကိုင်တဲ့အခါ ဟိုဟာမေ့ ဒီဟာမေ့လည်း ဖြစ်တတ်ပါတယ်။

အခုတလောတော့ edc အိတ်လေးကိုပဲ ကိုင်ဖြစ်ပါတယ်။ ပျော့ပြောင်းပြီး ဖွင့်ရပိတ်ရ လွယ်ကူတယ်။ အိတ်ထဲမှာတော့ သူများတကာထက် ထူးထူးထွေထွေ ပါလိမ့်မယ်လို့ မထင်ပါဘူး။

၁။ အနက်ရောင် ပိုက်ဆံအိတ်လေး။ တကယ်တော့ အဲဒီအိတ်က အလှပြင်ပစ္စည်းထည့်တဲ့အိတ်ပါ။ မြန်မာပိုက်ဆံတွေ ဆန့်ရမယ်။ ပါးပြီး ပျော့ပြောင်းရမယ်။ ပေါ့ရမယ်။ သိပ်လည်းမကြီးရဘူး။ အဲဒီလိုစဉ်းစားတော့ အဲဒီအိတ်လေးကိုပဲ သုံးလိုက်တယ်။ အထဲမှာ တစ်ရှူး၊ ပိုက်ဆံအချို့၊ မှတ်ပုံတင်ကဒ် ပါတယ်။ မရှင်းလင်းဖြစ်တဲ့ ဘောက်ချာဟောင်း တချို့လည်းပါတယ်။

၂။ Name card holder သားရေအိတ်ကလေး။ အထဲမှာ နာမည်ရင်းနဲ့ ကဒ်တွေရော၊ ပန်ဒိုရာနာမည်နဲ့ ကဒ်တွေရောပါတယ်။ ကိုယ့်ကိုသူများက ကဒ်ပေးရင်လည်း အဲဒီအိတ်ထဲက အကန့်တစ်ကန့်မှာ ထည့်ထားတယ်။ ပိုက်ဆံအိတ် ပြောင်းတဲ့အခါ အဲဒီ name card အိတ်လေးက မကြာခဏ မေ့ကျန်တတ်တယ်။

၃။ iPhone external ဘက်ထရီ။ မြန်မာပြည်မှာ မီးခဏခဏ ပျက်တယ်ဆိုလို့ စင်ကာပူက မပြန်ခင် ဝယ်လာခဲ့တာပါ။ ခရီးဝေးသွားတော့ အသုံးဝင်တယ်။ ဟိုနားဒီနားသွားရင် သိပ်မလိုပေမယ့် ဆောင်ထားဖြစ်တယ်။

၎။ ဘောလ်ပင်တစ်ချောင်း။ လောလောဆယ် ဒီအိတ်ထဲမှာ ရှိတဲ့ ဘောလ်ပင်ကတော့ မနော်ရဲ့ အော်ဇီလက်ဆောင် ဘောလ်ပင်လေးပါ။ အဘော်ရီဂျင်နယ် ဒီဇိုင်းကို ကြိုက်လို့ ဒါလေးကို သေသေချာချာ သုံးဖြစ်တယ်။ မင်တောင် အတော်လျော့နေပါပြီ။ (မနော်က ဒီတစ်ခါပြန်လာရင် နောက်ထပ် တစ်ချောင်း ထပ်ပေးနေပါဦးမယ်လေ။ :P)
 
၅။ clinique နှုတ်ခမ်းနီနဲ့ မိတ်ကပ်တွဲလျက်။ တစ်ခါတည်းတွဲထားတော့ အဆင်ပြေလို့ပါ။ မှန်လည်းပါတယ်။
 
၆။ မှတ်စုစာအုပ်သေးသေးလေး။ မှတ်စုစာအုပ် ၃ အုပ်လောက်ထားပြီး ဟိုအိတ် ဒီအိတ်တွေထဲ ရောက်နေတယ်။ မှတ်စရာရှိရင် ကြုံသလိုမှတ်တယ်။ ဘယ်ထဲမှာ မှတ်မိမှန်းမသိလို့လည်း ပြန်ရှာရတတ်တယ်။ ဒီအိတ်ထဲမှာတော့ ဒီစာအုပ်လေး ရှိတယ်။

၇။ memory stick ။ အချက်အလက်တွေ လိုအပ်ရင် ကူးဖို့ ပေးဖို့။ မပျောက်အောင် သတိထားရတယ်။

၈။ သောက်ဆေးအချို့။ 

၉။ ဆံပင်စည်းတဲ့ ကွင်းလေးတစ်ခု လိုရမယ်ရ။

၁၀။ စာမူခ ထည့်ထားတဲ့ စာအိတ်တွေ။ စာမူခရလာရင် သတ်သတ်မှတ်မှတ် သိမ်းထားလေ့ ရှိပါတယ်။ အခုတလောတော့ ရလာရင် ပိုက်ဆံအိတ်ထဲက မထုတ်မိပဲ အသုံးစရိတ်ထဲ ထည့်မိသွားလို့။ 

၁၁။  လက်ကိုင်ဖုန်း။ iPhone 3GS အဟောင်းလေးပါ။ (သနားစရာ)

၁၂။ နေကာမျက်မှန်ထည့်ထားတဲ့ အိတ်ပန်းရောင်လေး။ အဲဒီအိတ်ကလည်း အလှပြင်ပစ္စည်း ထည့်တဲ့အိတ်မျိုးပါပဲ။ အဲဒီအထဲကို ကြုံသလို မျက်မှန်ကို ထည့်ထားတာ။ အလှအပအတွက် တပ်လေ့တော့ သိပ်မရှိပါဘူး။ (မျက်မှန်ထက် ပိုလှပတဲ့ မျက်လုံးတွေကို ဖုံးအုပ်ထားလို့ ဘယ်ဖြစ်မလဲနော့ :P) နေပူတဲ့နေ့တွေမှာ လမ်းမကို ကြည့်ရတာ မျက်စိကျိန်းလို့ ဆောင်ထားတာ။ 

၁၃။ ခေါက်ထီးတစ်ချောင်း ပါလေ့ရှိပါတယ်။ နေပူလည်းမခံနိုင်၊ မိုးရွာလည်းမခံနိုင်လို့ပါ။ ဓာတ်ပုံထဲမှာတော့ မပါဘူး။ 

iPad ကို လေးလို့ အမြဲသယ်လေ့မရှိဘူး။ သုံးစရာရှိလို့ သယ်ရင်လည်း အိတ်ထဲမှာ မထည့်ပဲ သပ်သပ် ကိုင်ပါတယ်။ ကွန်ပျူတာ ယူရင်လည်း ကွန်ပျူတာအိတ်နဲ့ သီးသန့် ထည့်ပါတယ်။

စင်ကာပူမှာ အိတ်ထဲမှာပါတဲ့ ပစ္စည်းတွေနဲ့ မြန်မာပြည်က အိတ်ထဲမှာပါတဲ့ အရာတွေ ဘာကွာလဲ။ ယှဉ်ကြည့်နိုင်ပါပြီ။ :)


P.S. ဒါနဲ့ အိတ်ပွင့်လေသောအခါ ဆိုတာက ဆရာအောင်လင်းရဲ့ ရင်ပွင့်လေသောအခါ ဆိုတဲ့ ဝတ္ထုခေါင်းစဉ်ကို သတိရလို့။







Expand..

Saturday, August 31, 2013

မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ်



မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ်

၂၀၀၇ စက်တင်ဘာ ၁ ရက်တွင် ဘလော့ဂ်ဒေးကျင်းပနေသော ဘလော့ဂါများ


အင်တာနက်ကို စတင် သုံးစွဲခဲ့တာ ၂၀၀၁ ခုနှစ် ဂျူလိုင်လမှာ စင်ကာပူကို ရောက်တဲ့အချိန်က စတယ် ဆိုပေမဲ့ လူမှုကွန်ယက်တွေထဲမှာ နာမည်တစ်ခု ဖန်တီးပြီး လှုပ်ရှားသက်ဝင်ခဲ့တာက ၂၀၀၅ ခုနှစ်မှာပါ။ အင်တာနက်ထဲမှာ ကျွန်မအများဆုံး အသုံးပြုဖြစ်တဲ့ စာမျက်နှာတွေကတော့ google.com ရှာဖွေရေးစနစ်ရယ် အစပိုင်းက hotmail နောက် yahoo နဲ့ အခုလက်ရှိတော့ gmail ဆက်သွယ်ရေးစနစ်တွေပါ။ နောက်တော့ blogspot နဲ့ နောက်ဆုံး facebook လူမှုကွန်ယက်တွေကို အချိန်အတော် ခွဲဝေပေးဖြစ်ခဲ့ပါတယ်။

မရေရာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ရော၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိချင်တာကြောင့်ရော၊ အများနဲ့သက်ဆိုင်နေတဲ့ ကိုယ့်အလုပ်အကိုင်နဲ့ ခပ်ကင်းကင်းဖြစ်အောင်ရော ပန်ဒိုရာ ဆိုတဲ့ အမည်ကို စသုံးချိန်မှာတော့ အလွယ်တကူမှတ်မိနိုင်ပြီး ဘယ်နိုင်ငံက ဘယ်သူဘယ်ဝါလို့ ခွဲခြားမှုမရှိနိုင်တဲ့ nick name တစ်ခုလို့သာ မှတ်ယူခဲ့ပါတယ်။ ကလောင်နာမည်တစ်ခုအနေနဲ့ စာရေးသားမယ်လို့ မရည်ရွယ်ခဲ့ပါ။  ၂၀၀၅ ခုနှစ်လောက်မှာ “မောင်း” လို့လည်း အမည်ရ “မှုန်ရွှေရည်” လို့လည်းခေါ်တဲ့ မြန်မာဝက်ဘ်ဆိုက်တစ်ခုရယ်။ “ပလန်းနက် (Planet) ဖိုရမ်” ရယ်မှာ ပန်ဒိုရာ နာမည်နဲ့ အကောင့်တွေဖွင့်ခဲ့တယ်။

ကျွန်မဟာ တက်ကြွတဲ့ ဖိုရမ်မာတစ်ဦး မဟုတ်ခဲ့ပေမဲ့ ဖိုရမ်တွေမှာ သူများတွေရေးခဲ့တာကိုတော့ စိတ်ဝင်စားမိပါတယ်။ အပြန်အလှန်ပြောစကားတွေကြားမှာ ကိုယ့်နိုင်ငံရဲ့ အခြေအနေတွေ၊ လူမှုဘဝတွေ၊ လူတွေရဲ့ တွေးခေါ်ယူဆပုံတွေကို စူးစမ်းမိပါတယ်။ အဲဒီမှာ ကျွန်မ မမီလိုက်တဲ့ အချိန်က ပုဂံ ဖိုရမ်ဆိုတာ အတော်ကို သက်ဝင်စည်ကားခဲ့တဲ့ နေရာတစ်ခုလို့ ကြားခဲ့ရပါတယ်။ အဲဒီဖိုရမ် ပျက်သွားတဲ့အခါ အတော်များများဟာ ပလန်းနက်ဖိုရမ် ကို ပြောင်းရွှေ့လာခဲ့ကြတယ်။  ပလန်းနက်ထဲမှာတော့ ညီလင်းဆက်၊ မေဓာဝီ၊ ကယ်လ်ဗင်၊ lion slayer၊ နတ်ဆိုး အစရှိတဲ့ ဖိုရမ်မာတွေရဲ့ အရေးအသားတွေကို တွေ့နေရပါတယ်။ အဲဒီတုန်းက ဖိုရမ်တချို့မှာ ဇော်ဂျီဖောင့်ကို တွင်တွင်ကျယ်ကျယ် မသုံးကြသေးဘူး။ ကျွန်မကလည်း မြန်မာစာကို win စနစ်ကနေ ရိုက်တတ်ခဲ့တာမို့ စာရိုက်ရတာတော့ သိပ်အခက်အခဲမရှိခဲ့ပါဘူး။

နောက်တော့ ပလန်းနက်ဖိုရမ်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ငြင်းခုန်မှုတွေ ဆူပွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ တစ်ယောက်ယောက်က hack လိုက်တယ်ထင်ပါတယ်။ ဖိုရမ်ကြီး ဒေါင်းသွားပါတယ်။ ပြန်ပေါ်လာတော့ ပို့စ်တွေအများကြီး ပျောက်ကုန်တယ်။ The day after tomorrow ရုပ်ရှင်ထဲက ရေခဲခေတ်ကို ပြန်ရောက်သွားသလို အားလုံးဟာ ရှင်းလင်းသွားတယ်။ ဒီလိုနဲ့ ဖိုရမ်မာတွေဟာ အားကြိုးမာန်တက် ပြန်ရေးကြပါသေးတယ်။ နောက်တော့ အဲဒီလို အကြိမ်ကြိမ် ဒေါင်းရင်း ပျောက်ရင်းနဲ့ စိတ်ညစ်လာကြတယ်ထင်ပါတယ်။ အခြားဖိုရမ်တွေကို ရွှေ့ပြောင်းကုန်ကြတယ်။

ပဒုမ္မာ၊ နေးတစ်ဗ် စတဲ့ဖိုရမ်တွေ အသီးသီးပေါ်လာပါတယ်။ ရတနာ ဖိုရမ်ကတော့ ပလန်းနက် နဲ့ အချိန်အတူတူလောက်ကတည်းက ပေါ်နေတာလို့ထင်ပါတယ်။  ရတနာဖိုရမ်မှာ လူသိပ်မများတာနဲ့ ကျွန်မက သွားရေးဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ ကဗျာတွေ၊ အက်ဆေးတွေကို အဲဒီမှာ တင်ပြီး ဝါသနာပါသူတွေနဲ့ ဝေမျှဖတ်ခဲ့တယ်။ ပန်ဒိုရာဆိုတဲ့ နာမည်နဲ့ စာပေလက်ရာတွေ ပြန်ရေးဖြစ်တာ အဲဒီအချိန်က အစောဆုံးလို့ပြောလို့ရမယ်။ အခုတော့ ရတနာဖိုရမ် မရှိတော့ပါဘူး။ အဲဒီက မိတ်ဆွေအတော်များများလည်း အဆက်အသွယ်တွေ ပြတ်သွားကြပါပြီ။  မြန်မာကျူးပစ် ဖိုရမ်ဟာလည်း ထင်ရှားပါတယ်။ အဲဒီမှာ အကောင့်တစ်ခု ဖန်တီးဖြစ်ပေမယ့် ဖတ်ရုံပဲဖတ်ဖြစ်ပါတယ်။ မြန်မာကျူးပစ်ဟာ အခုအထိလည်း ဆက်လက်ရှင်သန်နေတယ်လို့ ထင်ပါတယ်။ အဲဒီက ထုတ်တဲ့ အီးဘွတ်ခ်တွေ အတော်များများရှိပါတယ်။ ဒီကြားထဲမှာ မြန်မာတီးရှော့ပ် ဆိုတဲ့ဖိုရမ်ဟာ နိုင်ငံရေးအကြောင်းအရာတွေ ဆွေးနွေးပြီး အတော် အသက်ဝင်ခဲ့ပါသေးတယ်။ ရည်ရွယ်ချက်တစ်ခုထားပြီး ဆွေးနွေးဖလှယ်ကြတဲ့ ဖိုရမ်တွေလည်း ပေါ်လာပါတယ်။ ဥပမာ ပြောရရင် မြန်မာအန်ဂျီအိုများ ဖိုရမ်ပါ။

စာပေနဲ့ပတ်သက်လို့တော့ အိပ်မက်၊ ချယ်ရီသစ္စာ စတဲ့ ဝက်ဘ်ဆိုက်တွေကို သတိထားခဲ့မိပါတယ်။ အဲဒီဝက်ဘ်ဆိုက်တွေမှာ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဆောင်းပါးတွေ၊ ဘာသာပြန်လက်ရာတွေကို တွေ့ရပါတယ်။ ချယ်ရီသစ္စာက အီးဘွတ်ခ်တွေ ထုတ်ခဲ့ပါတယ်။ စင်ကာပူအခြေပြု သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းဟာ ၂၀၀၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ မဂ္ဂဇင်းပါ။ မာယာမဂ္ဂဇင်း၊ ကောင်းကင်၊ နေ့သစ်၊ မိုးမခ၊ စတဲ့ ပြည်ပအခြေစိုက် အင်တာနက် ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း စာပေလက်ရာတွေ အများအပြားကို တွေ့နိုင်ပါတယ်။ နောက်ပိုင်းတော့ ဖွဲ့တည်ရာ၊ စာပန်းချီ၊ လောကအလှ တို့ကိုလည်း ဖတ်ရှုသူ များလာပါတယ်။ အီးဘွတ်ခ် အနေနဲ့ရော အွန်လိုင်းအနေနဲ့ပါ စာပေမဂ္ဂဇင်းတွေ ပေါ်လာခဲ့ပါတယ်။ ပျောက်သူတွေလည်း ပျောက်သွားကြပါတယ်။ အခုနောက်ပိုင်းတော့ ရွှေဒေါင်းတောင်၊ မျက်ရှု၊ ခရမ်းရိပ်၊ ရသကမ်းခြေ လပွတ္တာအွန်လိုင်းမဂ္ဂဇင်း စတာတွေ ဆက်လက်ထွန်းကားနေတာကို တွေ့နိုင်ပါတယ်။

ဖိုရမ်တွေ၊ ဝက်ဘ်ဆိုက်တွေကို ဖတ်ရှုနေချိန်မှာ ဘလော့ဂ်တွေကို စပြီး သတိထားမိပါတယ်။ မောင်လှ၊ ညီလင်းဆက်၊ မေဓာဝီ၊ နိုင်းနိုင်းစနေ၊ အိမ့်ချမ်းမြေ့၊ စိုးဇေယျထွန်း၊ ဟနစံ အစရှိတဲ့ ဘလော့ဂါတွေဟာ ဘလော့ဂ်ထူထောင်ရာမှာ အတော် စောခဲ့ကြပါတယ် ။ ၂၀၀၆ ခုနှစ်ဝန်းကျင်မှာ ပေါ်လာတဲ့ ဘလော့ဂ်တွေဖြစ်ပါတယ်။ ကျွန်မကတော့ ၂၀၀၆ ဒီဇင်ဘာမှာ ဘလော့ဂ်စပေါ့မှာ pandora-and-pandora.blogspot.com ဆိုပြီး ဘလော့ဂ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစာမှ မတင်သေးဘဲ တခြားဘလော့ဂ်တွေကို လေ့လာနေခဲ့ပါတယ်။ ဘလော့ဂ်ပို့စ် ပထမဆုံး စတင်တဲ့ နေ့ကတော့ ၂၀၀၇ မတ်လ ၂၇ ရက်နေ့ဖြစ်ပါတယ်။

မြန်မာဘလော့ဂ်တွေ အများဆုံး အသုံးပြုကြတဲ့ ပလက်ဖောင်းတွေကတော့ blogspot  နဲ့ wordpress ပါ။ blogspot က user friendly ပိုဖြစ်တာမို့ အများစုက ဘလော့ဂ်စပေါ့ကို သုံးကြပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အပြီးမှာတော့ ဘလော့ဂ်စပေါ့ကို မြန်မာပြည်က ကြည့်လို့မရအောင် ပိတ်လိုက်တာမို့ wordpress ကိုလည်း တချို့ ပြောင်းကုန်ကြပါတယ်။ တချို့လည်း ဒိုမိန်းနာမည်တွေ .com .net တွေ ဝယ်ကုန်ကြတယ်။ မြန်မာပြည်မှာ နေထိုင်သူတွေကလည်း proxy တွေသုံးကြ၊ ကျော်ကြ၊ ခွကြရပါတယ်။

စက်တင်ဘာ၂၀၀၇ မတိုင်ခင်ပေါ်ခဲ့တဲ့ ဘလော့ဂ်တွေကို ကြည့်ရင် အများစုက နာမည်ရင်းမသုံးစွဲတာကို တွေ့ရပါတယ်။ ဘလော့ဂ်အမျိုးအစားတွေဟာ သတင်း၊ စာပေ၊ နည်းပညာ၊ ဘာသာရေး၊ နိုင်ငံရေး၊ ဓာတ်ပုံ၊ နည်းပညာ၊ အထွေထွေ စသည်ဖြင့် စုံလင်ပါတယ်။ စာပေနဲ့ပတ်သက်ရင် အများစုဟာ ပရော်ဖက်ရှင်နယ်တွေ စာရေးဆရာတွေ မဟုတ်ကြဘဲ အပျော်ထမ်းရေးသူများသာ ဖြစ်ကြပါတယ်။ ချွင်းချက်အနေနဲ့တော့ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ (ဥပမာ ဆရာမ ဒေါ်မေငြိမ်းတို့လို) စာရေးဆရာ အချို့သာ ရှိပါတယ်။ အဲဒီအချိန်က လူအများစုဟာ အင်တာနက်သုံးတာ၊ ဘလော့ဂ်တည်ဆောက်တာ၊ နည်းပညာတွေ သုံးစွဲတာတွေကို မကျွမ်းကျင်ကြသူတွေ များတဲ့အတွက် နည်းပညာဝေမျှပေးတဲ့ ဘလော့ဂ်တွေ အများအပြားပေါ်လာပါတယ်။ မောင်လှ၊ ညီလင်းဆက်၊ စေတန်ဂေါ့၊ ရန်အောင် စသူတွေဟာ template တွေ၊ gadget တွေ တပ်ဆင်ပုံအတွက် အားထားရတဲ့ ဘလော့ဂါတွေပါ။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ citizen journalist တွေလို့ပဲ ပြောပြော ဘလော့ဂါတွေလို့ပဲပြောပြော ပုံမှန်မီဒီယာလမ်းကြောင်းက မဟုတ်တဲ့ တစ်ဦးချင်းတစ်ယောက်ချင်း သတင်းဝေမျှသူတွေရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ပါတယ်။ ………

ပန်ဒိုရာ
၃၁.၈.၂၀၁၃
(နာမည်တွေမပြည့်စုံရင် အချက်တွေမတိကျရင် ကျေးဇူးပြုပြီး ဖြည့်စွက်ပေးပါ။ ဆက်လက်ပြီး ရွှေဝါရောင်တော်လှန်ရေးအပြီး ဘလော့ဂ်များ၊ ပိတ်ဆို့စဉ်ကာလက အခြားပလက်ဖောင်းများ၊ ညီလင်းဆက်ရဲ့ ဘလော့ဂ်ဂါစစ်တမ်း၊ ဘလော့ဂါတို့ရဲ့ လှုပ်ရှားမှုများ၊ ဘလော့ဂ်ဒေး၊ ဘလော့ဂ်ထဲက ဆုပေးပွဲများ၊ ထင်ရှားသူဘလော့ဂါများ၊ ဘလော့ဂ်နဲ့ ဖိုရမ်ဘာကွာသလဲ၊ အင်တာနက်စာပေဆိုတာ ရှိသလား အစရှိတဲ့ အကြောင်းအရာတွေကိုလည်း (ရေးချင်ရင်)ရေးသားသွားမှာမို့ မျှော်.. ဟော် ဟော်.. )

Expand..

Wednesday, July 31, 2013

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”

(မှတ်ချက်။ ။ ကြုံတွေ့ခဲ့တဲ့ ကဗျာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ သူတို့ရဲ့ လက်ရာအချို့ကို ဆက်လက်တင်ပြသွားပါမယ်။ မကြာခင်ကတော့ အီရတ်က “ဂူလာလာနိုရိ” နဲ့ နယူးဇီလန်က “ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း” တို့အကြောင်းကို ရေးသားခဲ့ပါတယ်။ အခုလို မိတ်ဆက်ပေးသွားမယ့် ကဗျာဆရာတွေ အားလုံးဟာ ဆုရသူတွေ၊ အကောင်းဆုံးတွေ၊ နာမည်အကြီးဆုံးတွေ ဟုတ်ချင်မှ ဟုတ်ကြပါမယ်။ ဟုတ်ရင်လည်း ဟုတ်ကြပါမယ်။ သေချာတာကတော့ သူတို့ဟာ သူတို့ရဲ့နိုင်ငံမှာ လက်တလော ကဗျာရေးသားနေဆဲ ယနေ့ခေတ် ကဗျာဆရာများ ဖြစ်ကြပါတယ်။ အခြားနိုင်ငံတွေရဲ့ ယနေ့ခေတ် ကဗျာလောကထဲမှာ သူလိုကိုယ်လို ရေးသားနေသူတို့ရဲ့ ဘဝ၊ ပြောပြချက်တွေနဲ့ လက်ရာတွေကို မိမိဘာသာ တစေ့တစောင်း ကြည့်ချင်လို့ လက်လှမ်းမီသလောက် မေးကြည့်ခြင်းသာ ဖြစ်ပါတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့ မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်းရချိန်မှာ တရားဝင်ခွင့်တောင်းပြီး ဘာသာပြန်ခြင်း အလေ့အထကို နှစ်သက်လို့လည်း ဖြစ်ပါတယ်။)


(photo by Ariel Manuel)

ဖိလစ်ပိုင်နိုင်ငံက ကဗျာဆရာမ၊ စာရေးဆရာမ၊ ဘာသာပြန်သူ တစ်ဦးဖြစ်တဲ့ ဂျင်းန်ဗီး အယ်လ် အာစန်ဂျို (Genevieve L. ASENJO)  ဟာ ကျေးလက်ဒေမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ကဗျာကို ငယ်စဉ်ကတည်းက ယဉ်ပါးခဲ့ပါတယ်။ သူတို့ဆီက ကျေးလက်လူထုထဲမှာ ကဗျာစပ်ခြင်းနဲ့ ကဗျာရွတ်ခြင်းဆိုတာဟာ ရင်းနှီးကျွမ်းဝင်ပြီးသား အလေ့အထတစ်ခုဖြစ်တယ်လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။ ကျေးလက် လူမှုရေး အခမ်းအနားတွေမှာ အမျိုးသား အမျိုးသမီးတွေဟာ လက်တန်း ကဗျာတွေကို အပြိုင်အဆိုင် ရွတ်ဆိုလေ့ရှိကြတဲ့ ဓလေ့ရှိတဲ့အကြောင်း သူက ကျွန်မကို ပြောပြပါတယ်။ ဒီလိုဓလေ့မျိုးဟာ ကျွန်မတို့ မြန်မာနိုင်ငံက ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားအချို့မှာလည်း ရှိကြတယ်ဆိုတာ မှတ်သားဖူးတာမို့ ဗဟုသုတချင်း ဖလှယ်ဖြစ်ခဲ့ကြပါသေးတယ်။

ဂျင်းန်ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံး အချက်ကတော့ ကဗျာက သူ့ဘဝကို မြှင့်တင်ပေးပြီး အဆင့်အတန်းရှိတဲ့ အလုပ်အကိုင်တစ်ခုကိုပါ ဖန်တီးပေးခဲ့တယ် ဆိုတာပါပဲ။ သူ့ရဲ့ ကဗျာတွေကို တက္ကသိုလ်က နှစ်သက်သဘောကျတဲ့အတွက် သူဟာ တက္ကသိုလ်ဆရာမတစ်ဦး အဖြစ် အလုပ်ရခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်၊ သူ့ကို မေးမြန်းခဲ့တဲ့ အင်တာဗျူးနဲ့ သူ့ရဲ့ ထင်ရှားတဲ့ ကဗျာနှစ်ပုဒ်ကို မိတ်ဆက် တင်ပြလိုက်ပါတယ်။ အင်တာဗျူးကတော့ အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဂျင်းန် ဟာ စာအုပ် ၄ အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသား စာအုပ်ဆု (National Book Award) ကို ချီးမြှင့်ခံခဲ့ရပါတယ်။ သူ့ရဲ့ ဝတ္ထုတိုတွေနဲ့ ကဗျာတွေဟာ မဂ္ဂဇင်းတွေမှာ၊ စုစည်းမှုတွေမှာ ဖော်ပြခံရပါတယ်။ ဂျင်းန် ဟာ ဖိလစ်ပိုင်ရဲ့ ဘာသာစကားတွေဖြစ်တဲ့ ကီနာရေ-အ၊ ဟီလီဂေနွန်နဲ့ ဖလစ်ပီနို ဘာသာတွေကို ဘာသာပြန်ဆိုပါတယ်။ Balay Sugidanun (Storytelling House) ရဲ့ တည်ထောင်သူဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ De La Salle University-Manila ရဲ့ စာပေနဲ့တီထွင်ဖန်တီးစာရေးသားခြင်း ဌာနမှာ လက်ထောက်ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မေး။    ။ဆရာမက စာရေးဆရာလည်းဖြစ်တယ် တက္ကသိုလ်ဆရာမ တစ်ယောက်လည်း ဖြစ်တယ် ဆိုတော့ ဘယ်အသက်မွေးဝမ်းကျောင်းကို အရင် စလုပ်ဖြစ်တာပါပဲ။ ဘယ်လိုများ လုပ်ခဲ့ပါသလဲ။
ဖြေ။     ။ကျွန်မ တက္ကသိုလ်ဆရာမ ဖြစ်လာရတာက စာရေးဆရာတစ်ယောက်မို့လို့ပါ။ ကျွန်မ ဆက်ပြီး စာရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်အတွက်ရော တက္ကသိုလ်ထဲမှာပါ လူထုနဲ့ ဆက်သွယ်မှုတွေ သုတေသနတွေ လုပ်ရလို့ပါ။ အလုပ်ရဖို့၊ အလုပ်သက်တမ်းတိုးဖို့၊ ရာထူးတက်ဖို့နဲ့ အမြဲခန့်ရာထူးကို ရဖို့ စာရေးသားထုတ်ဝေဖို့ လိုပါတယ်။ ဒါကြောင့် တချို့ အခြေအနေတွေက လွဲလို့ ကျွန်မဟာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတယ်လို့ ခံစားရပါတယ်။ ကျောင်းအလုပ်တွေနဲ့ ပင်ပန်းနေတဲ့အခါမှာတော့ စာရေးဖို့ လိုအပ်တဲ့ အာရုံစူးစိုက်မှုအတွက် အချိန်ပေးရတာ အားမွေးရတာ သိပ်ကို ခက်ခဲပါတယ်။

မေး။    ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာမ စာရေးပါသလဲ။
ဖြေ။     ။ ကျွန်မ စာတွေကို အတိတ်မှတ်တမ်းနဲ့ အနာဂတ်အမြင်အဖြစ် ရေးပါတယ်။ ဒါကြောင့်မို့ စာရေးခြင်းဆိုတာ ကျွန်မအတွက် အဓိပ္ပာယ်ရှိပြီး ထင်ရှားတဲ့ အတိတ်က ဇာတ်လမ်းတွေကို မှတ်မိခြင်းနဲ့ အဓိပ္ပာယ်ဖော်ခြင်း လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဥပမာ ငယ်ဘဝ၊ ဒေသရဲ့သမိုင်းတွေ၊ နေရာတွေ လိုမျိုးပေါ့။ ဒီတော့ ဒါတွေဟာ အဆက်မပြတ်ဖြစ်လာပြီး ကျွန်မတို့ဟာ အတွေးတွေ အပြုအမူတွေရဲ့ ပုံစံကို ခြေရာခံနိုင်မယ်။ ခေတ်ပြိုင် စာဖတ်သူတွေကလည်း အဲဒီလို သတိရခြင်းတွေမှာ ပါဝင်လာနိုင်မယ် ဒါမှမဟုတ် တူညီတဲ့ ဘာသာစကားနဲ့ အမှတ်တရတွေကတဆင့် လူ့အဖွဲ့အစည်းတွေဟာ ရှေ့ဆက်လာမယ်လို့ မျှော်လင့်ပါတယ်။  အနာဂတ်အမြင်လို့ ပြောရခြင်းကတော့...................


ဘာသာပြန်ကဗျာ ၂ ပုဒ်အပါအဝင် အပြည့်အစုံကို ရသကမ်းခြေ လပွတ္တာ အွန်လိုင်းမဂ္ဂဇင်းမှာ ဆက်ဖတ်ပါ။


http://www.lptmagazine.net/2013/07/blog-post_28.html

Expand..

Friday, July 5, 2013

သူရဲကောင်းအဲလက်စ်




သူရဲကောင်းအဲလက်စ်


ကျား.. ကျားကြီး… အမျိုးသမီးတစ်ယောက်ရဲ့ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရတယ်။ ရွာထဲကို ကျားတစ်ကောင် ဝင်လာလို့တဲ့။  ကလေးငယ်တွေ အာခေါင်ခြစ်ပြီး အော်ငိုကြတယ်။ တချို့လည်း ဘာမှန်းမသိ သူများငိုသံကြားလို့ လိုက်ငိုကြတယ်။ အားလုံး ကစင့်ကလျား ပြေးလွှားကြ။ ကျားဆိုတာ သွား ပါတယ်။ ကျားကိုက်တယ်ဆိုတာ အပေါက်ကလေးနဲ့ မဟုတ်ဘူး။ နာတာရှည်လည်း မဟုတ်ဘူး။ ကျား ဆိုမှတော့ ကူးစက်ရောဂါလည်း မဟုတ်ဘူး။ လူသူအများဟာ အိမ်ကြီးအိမ်ကောင်းတွေပေါ် သစ်ပင်တွေပေါ် တက်မိတက်ရာ တက်ပြေးကြ။

ကျားက တကယ်တော့ အိမ်ကြိုအိမ်ကြားမှာ တစ်လှမ်းချင်း လှမ်းနေတာ။ သူဟာ အားနည်းကျုံလှီနေပုံ ပေါ်တယ်။ သူ့ရဲ့မျက်နှာမှာ မောပန်းမှု၊ ဆာလောင်မှု၊ နာကျင်မှု၊ ဘာကိုမှ မယုံကြည်နိုင်မှု၊ စိတ်ဓာတ်ကျဆင်းမှု၊ မျှော်လင့်ချက်ကင်းမဲ့မှု..။

ကျားရဲ့ရှေ့မှောက်ကို ဗြုန်းဆို အရိပ်တခုကျလာတယ်။ အားအင်ပြည့်ဖြိုး ခွန်အားတိုးကာ ပြတ်သားရဲရင့်တဲ့ အကြည့်တွေနဲ့ ကေ-သ-ရာ-ဇာ ခြင်္သေ့။ တစ်ကောင်တည်း.. ဒါပေမယ့် ခြင်္သေ့။ ခြင်္သေ့စစ်စစ်။ ရေမရောဘူး။ မြက်မစားဘူး။ သက်သတ်လွတ်မစားဘူး။ သူက ကျားကို နှစ်ကိုယ်ကြား ပြောလိုက်တယ်။

မင်းဟာ အန္တရာယ်ကောင်ပဲ။ ရွာထဲမှာ သားရဲတိရစ္ဆာန်တစ်ကောင် ဝင်နေတာ ရွာသူရွာသားတွေအတွက် အန္တရာယ်ရှိတယ်။ မင်းကို သုတ်သင်ပစ်ရမယ်

ဗျာ

ကျားက မျက်လုံးကြီးပြူးသွားတယ်။ မေးချင်နေတယ် - နင်ကရော သားရဲတိရိစ္ဆာန် မဟုတ်လို့လား ခြင်္သေ့ရဲ့။  မေးဖို့အချိန်မရလိုက်တဲ့ တိုက်ပွဲက သိပ်မကြာပါဘူး။ မကြာခင်ပဲ ကျားဟာ မြေပေါ်မှာ ဘုန်းဘုန်းလဲကျပြီး သွေးအိုင်ထဲမှာ မလှုပ်မယှက်။

ခြင်္သေ့က အားလုံးကို သဘောကောင်းတဲ့ အပြုံးနဲ့ ပြုံးပြပြီး အေးအေးဆေးဆေး ရပ်နေတော့ လူတွေက အံ့သြသွားကြတယ်။ မရဲတရဲ အနားကပ်လာတယ်။ ကျေးဇူးတင်လိုက်တာ ခြင်္သေ့ကြီးရယ်..။ လူတွေက ပြောတော့ ခေါင်းလေးညိတ်ပြတယ်။ ရပါတယ်ဗျာ.. ဒါက ကျွန်တော့်အတွက် အသေးအဖွဲပါ။ ခြင်္သေ့ဟာ လူတွေနဲ့ သိပ်ယဉ်ပါးနေပုံရတယ်။

ဟာ… ဒါ.. ဒါ.. အဲလက်စ် မဟုတ်လား

ကလေးတစ်ယောက်က ပြောလိုက်တယ်။ အဲလက်စ် အဲလက်စ်…. မဂဒါစကာ ရုပ်ရှင်ထဲက အဲလက်စ်၊ နယူးယောက်မြို့ စင်ထရယ်ပါ့ခ် ပန်းခြံထဲက တိရိစ္ဆာန်ရုံမှာ လူတွေကို ဖျော်ဖြေမှုပေးတဲ့ အဲလက်စ်။ ဟုတ်တာပေါ့ ဒါ အဲလက်စ် အစစ်ပဲ။

အဲလက်စ်ဆိုတာ နှယ်နှယ်ရရမှ မဟုတ်ပဲ။ ဆယ်လစ်ဘရစ်တီပဲ။ ရုပ်ရှင်မင်းသားပဲ။ အခုတော့ ရွာရဲ့ ဟီးရိုးပဲ။ လူတွေဟာ အဲလက်စ်ကို ပျော်ပျော်ရွှင်ရွှင် လက်ဆွဲနှုတ်ဆက်ကြ။ တွဲပြီး ဓာတ်ပုံရိုက်သူကရိုက်။ မကြာမီ အိုးစည်ဗုံမောင်းတွေနဲ့ ထွက်တဲ့လူက ထွက်လာတယ်။ ရွာသားတွေကို သားရဲတိရစ္ဆာန်ရန်ကနေ ကယ်တင်ပေးတဲ့ ယဉ်ပါးတဲ့ခြင်္သေ့ကို ဂုဏ်ပြုအခမ်းအနားတော့ ကျင်းပမှဖြစ်မယ်။ တစ်ယောက်ယောက်က ဆော်သြလိုက်တယ်။   တစ်ယောက်ယောက်က စပွန်ဆာပေးလိုက်တယ်။ တစ်ယောက်ယောက်က အကောင်အထည် ဖော်လိုက်တယ်။ တစ်ယောက်ယောက်မကတွေက နောက်ကလိုက်ပါလာကြတယ်။ ဒီလိုနဲ့ ပွဲတစ်ခုခု ဖြစ်လာတယ်။

အဲလက်စ်ဟာ လည်ဆံမွှေးတွေကို သံလွင်ဆီလိမ်း သပ်သပ်ရပ်ရပ် ဖြီးသင်ပြီးတော့ ဂုဏ်ပြုခံဖို့ မတ်တတ်လေး ရပ်စောင့်နေပါတယ်။ သူ့ဘေးတဖက်တချက်ကို ညိုဝါရောင်ဝတ်စုံဆင်မြန်းပြီး ဆံပင်တွေဖားလျားချထားတဲ့ မိန်းမပျိုလေးတွေ ရောက်လာတယ်။ ဒါ သူ့ရဲ့အရောင်အသွေး အသွင်သဏ္ဍာန်လို ဆင်ယင်ပြီး သူ့ရဲ့ဂုဏ်ဝါကို ခမ်းနားသထက်ခန်းနားအောင် ဝန်းရံပေးထားမယ့် ရည်ရွယ်ချက်ဖြစ်တယ်။

လက်ဆွဲနှုတ်ဆက်ချင်သူတွေများလွန်းလို့ ခန်းမတစ်ခုလုံးပြည့်လျှံသွားတယ်။ အဲလက်စ်ရဲ့လက်ဖဝါးတွေနဲ့ ထိတို့ခွင့်ရဖို့အရေး အဲလက်စ်နဲ့ တွဲပြီး ဓာတ်ပုံရိုက်ဖို့အရေး တန်းစီစောင့်ဆိုင်းကြရတယ်။ လူတန်းရှည်ကြီးဘေးမှာ အမောပြေ အဆာပြေ ရေသန့်ဗူး ဆေးလိပ်ကွမ်းယာ ရောင်းသူတွေ အလျှိုလျှို ပေါ်ပေါက်လာတယ်။ ဝယ်သူရှိရင် ရောင်းသူရှိ အရောင်းအဝယ်ရှိရာ ဈေးကွက်ရှိ ဆိုသလိုပါပဲ။

ဈေးကွက်ကချဲ့ထွင်လာလိုက်တာ တန်းစီသူတွေက နေရာရောင်းစားလာကြတဲ့ အထိပဲ။ တချို့ကလည်း တစ်မိသားစုလုံး ညအိပ်ညနေ နှစ်ခါ သုံးခါပြန် တန်းစီရင်း ဝင်ငွေရှာကြတယ်။ တချို့ကလည်း အဲလက်စ်ကို ဂုဏ်ပြုတဲ့ပွဲကိုမှ မသွားရင် ခေတ်နောက်ကျမလိုလို ကြော်ငြာတွေဝင်ပြီး ဒီနေရာကို စည်ကားသထက် စည်ကားအောင် လုပ်ကြတယ်။
အားနာတတ်သူ ယဉ်ကျေးတဲ့ ခြင်္သေ့ကလေးအဲလက်စ် ဟာ လူငွေ့တွေကြား ချွေးတွေပျံလာတယ်။ ဆွဲယမ်းနှုတ်ဆက်ရလွန်းလို့ လက်တွေ နာလာတယ်။ ပြုံးဖြဲထားရလို့ ပါးစပ်တွေ ညောင်းလာတယ်။ အဲဒီထက်ဆိုးတာက ဗိုက်ဆာလာတယ်။ ဗိုက်ဆာတာက အရေးမကြီးဘူး။ ဆာဆာနဲ့ တောစိတ်တောင်စိတ်တွေပေါက်ပြီး  လူအုပ်ထဲ ကိုက်ချင်ခဲချင်စိတ် ဝင်လာမှ ဟုတ်ပေ့ဖြစ်မယ်။  အဲလက်စ် စိတ်ညစ်လာတယ်။

လူတွေကြားမှာ ပွဲဆိုတာက စလိုက်ရင် တော်တော်နဲ့ ဘယ်အဆုံးသတ်ပါ့မလဲ။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုလူတန်းစား အလွှာအသီးသီးက ဒီပွဲကို လာနေကြတယ် ဆိုတာသိတော့ စီးပွားရေး နိုင်ငံရေး အပေးအယူ အရောင်းအဝယ် ညှိနှိုင်းချိတ်ဆက်ချင်သူတွေကလည်း ဒီနေရာကို မျက်စိကျလာတယ်။

ဂွင်သမားတွေ ကျင်လည်ကျက်စားလာတော့ တချို့တွေလည်း ပွဲထဲမှာ ဆိုင်ရာဆိုင်ရာတွေကို လိုက်ရှာပြီး မတော်တဆတွေ့သလိုလိုနဲ့ ဈေးစကားတွေ အပြေးအလွှားပြောကြတယ်။ တချို့လည်း ဒီရည်ရွယ်ချက်နဲ့ပဲ ပွဲကိုလာကြတယ်။ တချို့က အဲလက်စ်ကိုတောင် အလေးမထားတော့ဘူး။ အဲလက်စ်ကို မမြင်ဘဲ အဲလက်စ်ဘေးက ညိုဝါဝတ်စုံနဲ့ မိန်းကလေးတွေကို အဲလက်စ်အမှတ်နဲ့ ဝတ်ကျေတန်းကျေ နှုတ်ဆက်ပြီး ကပျာကယာ ထွက်သွားကြတယ်။

အချိန်တွေ တရွေ့ရွေ့ကြာလာတယ်။ ဂွင်တွေ တဖြည်းဖြည်းများလာတယ်။ အလဲအလှယ် အပေးအယူတွေ ပိုပို အလုပ်ဖြစ်လာတယ်။ အတော်များများဟာ အဲလက်စ်ကို အမှတ်မဲ့ ကျော်ဖြတ်ကုန်ကြတယ်။ အဲလက်စ်ဟာ ဒီပွဲက ငါ့အတွက်မှ ဟုတ်ရဲ့လားလို့ သူ့ရဲ့အရေးပါမှုကို သူ့ဘာသာ သံသယဖြစ်လာတယ်။ မတ်တတ်ရပ်နေရာက နောက်ကို တစ်လှမ်းဆုတ်ကြည့်တယ်။ လူတွေက သူ့ကို ကျော်ဖြတ်သွားကြတယ်။ ပွဲကတော့ ဆက်လက် စည်ကားလျက်။ ခပ်ဝေးဝေး ထောင့်ကလေးကို အသာ သွားနေလိုက်တယ်။ ဘယ်သူမှ သတိမထားမိဘူး။ ပွဲက စည်ကားလျက်ပါပဲ။ ခန်းမရဲ့ အပြင်ဘက်ကို တဖြည်းဖြည်း ဆုတ်ခွာလာခဲ့တယ်။ လူသူဆူပူအသံတွေ ကြိတ်ကြိတ်တိုးနေဆဲ ကျန်ခဲ့တယ်။

ဆုတ်တယ်။ ဆက်ပြီး ဆုတ်ခွာတယ်။ ရွာလယ်ခေါင်ကနေ ရွာဆင်ခြေဖုံးအထိ။ ရွာရဲ့ နယ်နိမိတ်ဆုံး တောစပ်လို့ ထင်ရတဲ့ နေရာအထိ။

ဟူး.. အခုမှပဲ တောကို ရောက်တော့တယ်။ လူတွေနဲ့ ဝေး.. ဝေး.. ဝေးတဲ့နယ်မြေ….ဟိုက်..

အဲလက်စ် အံ့သြစိတ်ပျက်သွားရတယ်။ တောဆိုတာ ရှိမှ မရှိတော့ပဲ။ ရွာက တဖြည်းဖြည်း ချဲ့ထွင်ထားလိုက်တာ နေရာတကာ လူနေအိမ်ခြေတွေနဲ့ချည်းပဲ။ သဘာဝပေါက်ပင်တွေလည်း ခပ်ကျဲကျဲပဲ ရှိတော့တယ်။ ဘယ်နေရာကို ဦးတည်ဦးတည် လူနေရပ်ကွက်တွေပဲ ဖြစ်နေလို့ အဲလက်စ် လည်း စိတ်ပျက်မိတယ်။ ကိုင်း.. သူ ဘယ်လိုဆက်လက်ပြီး ရှင်သန်ရမလဲ။ အဲလက်စ်က လူတွေကြားကို ပြန်မသွားတော့ဘူး။ သူ့ကိုဗဟိုပြုတဲ့ ပွဲတစ်ခုဟာ သူမရှိတောင်မှ ဆက်ဖြစ်နေသေးတဲ့ နေရာကို သူမပြန်ချင်တော့ဘူး။

အဲဒီလိုနဲ့ ရက်မှ လ၊ လမှ နှစ် ကူးသွားတယ် ထင်ပါတယ်။ အချိန်တွေ ဘယ်လောက် ကြာသွားသလဲ မသိတော့ဘူး။ သူတပါးကို သတ်ဖြတ်စားသောက်ခြင်းမပြုဖို့ ငယ်ငယ်ကတည်းက တိရစ္ဆာန်ရုံမှာ လေ့ကျင့်ခံထားရတဲ့ အဲလက်စ်ဟာ တစ်နေ့တစ်နေ့ ပံ့သကူသားကိုသာ  အိမ်ကြိုအိမ်ကြား မီးဖိုချောင်တွေနား ခိုးကြောင်ခိုးဝှက် ရှာဖွှေ စားသောက်ရင်း အသက်ဆက်တယ်ဆိုရုံ ဆက်နေရတယ်။

တနေ့။ ကံဆိုးတဲ့နေ့၊ မိုးမှောင်တဲ့နေ့၊ ရုပ်ရှင်ထဲမှာသာဆိုရင် ရေအိုးတို့ ဖန်ခွက်တို့ ကျကွဲမယ့်နေ့။

မောပန်းမှု၊ ဆာလောင်မှု၊ နာကျင်မှု၊ ဘာကိုမှ မယုံကြည်နိုင်မှု၊ စိတ်ဓာတ်ကျဆင်းမှု၊ မျှော်လင့်ချက်ကင်းမဲ့မှု တွေ ရောပြွန်းနေတဲ့ မျက်နှာနဲ့  အဲလက်စ်ဟာ အိမ်တစ်အိမ်ရဲ့ ရေကပြင်အောက်ကို ချဉ်းကပ်လာတယ်။ အိမ်အောက်မှာ တစ်ခုခုကျလို့ ဆင်းကောက်နေတဲ့ လူတစ်ယောက်နဲ့ မမျှော်လင့်ပဲ ပက်ပင်းတိုးတယ်။

ခြင်္သေ့.. ခြင်္သေ့ကြီး … စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရတယ်။ ကလေးငယ်တွေ အာခေါင်ခြစ်ပြီး အော်ငိုကြတယ်။ တချို့လည်း ဘာမှန်းမသိ သူများငိုသံကြားလို့ လိုက်ငိုကြတယ်။ အားလုံး ကစင့်ကလျား ပြေးလွှားကြ။ လူသူအများဟာ အိမ်ကြီးအိမ်ကောင်းတွေပေါ် သစ်ပင်တွေပေါ် တက်မိတက်ရာ တက်ပြေးကြ။

အဲလက်စ်ရဲ့ရှေ့မှောက်ကို ဗြုန်းဆို အရိပ်တခုကျလာတယ်။ အားအင်ပြည့်ဖြိုး ခွန်အားတိုးကာ ပြတ်သားရဲရင့်တဲ့ အကြည့်တွေနဲ့ ကျားသစ်တစ်ကောင်။  သူက အဲလက်စ်ကို နှစ်ကိုယ်ကြား ပြောလိုက်တယ်။

မင်းဟာ အန္တရာယ်ကောင်ပဲ။ ရွာထဲမှာ သားရဲတိရစ္ဆာန်တစ်ကောင် ဝင်နေတာ ရွာသူရွာသားတွေအတွက် အန္တရာယ်ရှိတယ်။ မင်းကို သုတ်သင်ပစ်ရမယ်။

ဗျာ

အဲလက်စ် မျက်လုံးကြီးပြူးသွားတယ်။ မေးချင်နေတယ် - နင်ကရော သားရဲတိရိစ္ဆာန်မဟုတ်လို့လား ကျားသစ်ရဲ့။ မေးဖို့အချိန်မရလိုက်တဲ့ တိုက်ပွဲက သိပ်မကြာပါဘူး။

ပန်ဒိုရာ
၂၃-၂၈.၄.၂ဝ၁၂


(ယုံမလားတော့မသိဘူး။ အဲဒီ ဇာတ်လမ်း အစအဆုံးဟာ ကျွန်မ အိပ်မက်မက်ခဲ့တာပါ။ အဲဒီတုန်းက မမေ့ခင် ချရေးထားတဲ့ ပုံပြင်ခေါ်မလား၊ ဝတ္ထုခေါ်မလား (ဒါမှမဟုတ် စကားပြေကဗျာလို့ပဲခေါ်မလား :)) အဲဒီစာလေးကို ပြန်တွေ့လို့ တင်လိုက်ပါတယ်။)

Expand..

Wednesday, July 3, 2013

အာဂမိန်းမ (ဘာသာပြန်ကဗျာ)



Poem Hunter website ကို သွားလည်လိုက်တိုင်းမှာ မာယာအန်ဂျလို (Maya Angelou) ရဲ့ အာဂမိန်းမ (Phenomenal Woman) ကဗျာဟာ  top 500 ကဗျာတွေထဲမှာ အမြဲ နံပါတ် ၁ ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီကဗျာကို ကျွန်မ ဘာသာပြန်ခဲ့ပြီး ၂၀၁၂ ဧပြီလမှာ ကောင်းကင်မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ ဒီနေ့ ဂျူလိုင် ၃ ရက်နေ့ဟာ အမျိုးသမီးများနေ့ ဖြစ်တဲ့အတွက် ဒီကဗျာကို အမှတ်တရ ပြန်တင်လိုက်ပါတယ်။  

အာဖရိကန် လူမည်း အမျိုးသမီးတစ်ဦး ဖြစ်တဲ့ မာယာအန်ဂျလိုကို ၁၉၂၈ ခုနှစ်မှာ မစ္စစ္စပီ စိန့်လူးဝစ် မှာ မွေးဖွားခဲ့ပါတယ်။ အခုထိ သက်ရှိထင်ရှား ရှိနေဆဲပါ။ ဣတ္ထိယဝါဒီ လို့ ထင်ရှားတဲ့ မာယာအန်ဂျလိုရဲ့ စာပေလက်ရာတွေကို ထိထိရောက်ရောက် ခံစားနိုင်ဖို့အတွက် သူ့ဘဝရဲ့ အတက်အကျ နောက်ကြောင်းတွေကိုလည်း အနည်းငယ် သိဖို့လိုအပ်ပါတယ်။ သူ အသက် ၃ နှစ်အရွယ်မှာ မိဘတွေဟာ ကွာရှင်းခဲ့ကြပါတယ်။ အာကန်ဆန်မှာ နေထိုင်တဲ့ အဘွားဆီကို ၅ နှစ်ကြာ ပို့ထားခံရပါတယ်။ အဲဒီဒေသမှာ လူမျိုးရေး ခွဲခြားဖိနှိပ်မှုကို တွေ့ကြုံခဲ့ရပါတယ်။ အာဂမိန်းမ ကဗျာဟာ လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်တဲ့ သူမရဲ့ အောင်မြင်မှုတစ်ခုကိုလည်း ဖော်ညွှန်းချင်တာလို့လည်း ဆိုကြပါတယ်။ အသက် ၇ နှစ် ၈ နှစ် အရွယ်မှာ သူဟာ သူ့အမေရဲ့ရည်းစားက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာကို ခံခဲ့ရပြီး ၅ နှစ်လောက် စကားမပြောပဲ ဆွံ့အ နေခဲ့ပါတယ်။ အာဂမိန်းမကဗျာဟာ နှုတ်ဆိတ်နေခဲ့ရတဲ့ ကာလတွေအတွက် ပြန်လည် အလျော်အစား ပေးထားတာ လို့လည်း သုံးသပ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကျောင်းထွက်ခဲ့ပြီး ဆန်ဖရန်စစ္စကိုရဲ့ ပထမဆုံး အာဖရိကန် အမေရိကန် အမျိုးသမီး ကေဘယ်ကား လက်မှတ်ရောင်းသူ ဖြစ်လာခဲ့ပါတယ်။ နောက်တော့ အထက်တန်းကျောင်းမှာ ပြန်တက်နေတုန်း စီနီယာနှစ်မှာ ကိုယ်ဝန်ရပြီး သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ကလေးကို စောင့်ရှောက်ရတဲ့ တစ်ဦးတည်းမိခင် အနေနဲ့ ဘဝမှာ အတော်ရုန်းကန်ခဲ့ရပါတယ်။ စားပွဲထိုး၊ ထမင်းချက် အဖြစ် အသက်မွေးခဲ့ရပါတယ်။

အဲဒီအတောအတွင်းမှာပဲ သူ့ရဲ့ ဝါသနာဗီဇ ဖြစ်တဲ့ ဂီတ၊ အက၊ သရုပ်ဆောင်ခြင်းနဲ့ ကဗျာရေးခြင်းကို အားထုတ်ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ဂရိ သင်္ဘောသားတစ်ယောက်နဲ့ လက်ထပ်ပြီး ညကပွဲတွေမှာ သီချင်းဆိုခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ ကလေးဘဝနာမည်နဲ့ အိမ်ထောင်နာမည်ကို ပေါင်းစပ်ပြီး မာယာအန်ဂျလို ဆိုတဲ့ နာမည်ကို ယူခဲ့ပါတယ်။ အိမ်ထောင်က မတည်မြဲခဲ့ပေမယ့် အဆိုတော်ဘဝ၊ အကမင်းသမီး ဘဝကတော့ ဆက်လက်ခဲ့ပါတယ်။ ၁၉၅၄ ၅၅ ခုနှစ်တွေမှာ ဥရောပကို သရုပ်ဆောင်တင်ဆက်ဖို့ သွားခဲ့ရပါတယ်။ ၁၉၅၇ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး အယ်လဘန်ကို ထုတ်ဝေခဲ့တယ်။ မော်ဒန်အကကို လေ့လာခဲ့တယ်။ စင်မြင့်မှာဖျော်ဖြေတဲ့ မင်းသမီးတစ်ယောက် ဖြစ်လာပြီး ရုပ်မြင်သံကြားပွဲတွေမှာလည်း တင်ဆက်ခဲ့ပါတယ်။ ၁၉၅၀ နောက်ပိုင်းမှာတော့ သူဟာ စာရေးဆရာတစ်ယောက်အဖြစ် အရည်အချင်းတွေကို ပိုပြီး တိုးတက်အောင်လုပ်ဖို့ စိတ်အားသန်လာပါတယ်။ Harlem Writer’s Guild  ကို ဝင်ရောက်ခဲ့ပြီး နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ အာဖရိကမှာ အချိန်တစ်ခုအထိ နေထိုင်ခဲ့ပြီး ဂါနာတက္ကသိုလ်မှာ နည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့တယ်။ အမေရိကကို ပြန်လာတဲ့အခါ ဒေါက်တာ မာတင်လူသာကင်းနဲ့ အလုပ်လုပ်ခဲ့တယ်။ အာဖရိက က အမျိုးသမီးတွေဘဝ မြှင့်တင်ရေးအတွက် မာယာဟာ အများကြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ သူအသက်ကြီးလာလေလေ သူ့ကဗျာတွေဟာလည်း ပိုပြီး အောင်မြင်ကျော်ကြားလာလေလေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အမေရိကန် သမ္မတတွေက မာယာကို အမျိုးမျိုးသော ဂုဏ်ထူးဆောင် သတ်မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ မာယာဟာ ရုပ်မြင်သံကြားမှာ ဇာတ်လမ်းနဲ့ မှတ်တမ်းအစီအစဉ်တွေ အများအပြားကို ရိုက်ကူးခဲ့ပြီး ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ ၇ အုပ်အပါအဝင် စာအုပ်ပေါင်း ၃၀ ကျော် ထုတ်ဝေခဲ့ပါတယ်။

မာယာဟာ ဒီကဗျာကို ရိုးရှင်းပြီး နားလည်လွယ်တဲ့ အရေးအသားနဲ့ ရေးခဲ့ပါတယ်။  ဒီကဗျာနဲ့ မိန်းမတစ်ယောက်ရဲ့ အောင်မြင်တဲ့ဘဝကို ချီးမွမ်းခဲ့တယ်။ စင်ပေါ်ကနေ ပရိသတ်ကို ဖျော်ဖြေ သရုပ်ဆောင်ပြဖို့  အားကောင်းတဲ့ ဇာတ်ဆန်တဲ့ ကဗျာတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီကဗျာကို ကြားတဲ့အခါ ကဗျာရေးသူရဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုကိုပါ မြင်ယောင်ကြည့်လို့ရပါတယ်။  ချစ်စရာသွယ်သွယ်လျလျ ဖက်ရှင်မော်ဒယ်တွေရဲ့ အပေါ်ယံ အရေပြားတစ်ထောက် အလှအပမျိုး မဟုတ်တဲ့  မိန်းမတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေရဲ့ တကယ့်သက်ရောက်မှု ဟာ ဘာလဲ ဆိုတာ ရှင်းပြခဲ့တယ်။  ဆွဲဆောင်မှုတွေရဲ့ လျှို့ဝှက်ချက်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲ့ မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ် ဂုဏ်ယူမှု ကို ဒီကဗျာမှာ ရဲရဲဝံ့ဝံ့ချပြခဲ့ပါတယ်။ ကျိုးကြောင်းမဲ့ ဘဝင်မြင့်တာမျိုးမဟုတ်ဘဲ ဘာကိုမှ ဦးညွှတ်စရာ မလိုအပ်တဲ့ အမျိုးသမီးစစ်စစ်တစ်ယောက်ရဲ့ သဘာဝခွန်အားတွေအတွက် ပျော်ရွှင်ကျေနပ်မှုကို ဒီကဗျာနဲ့ လူအများကို မျှဝေခံစားခဲ့ပါတယ်။

ရည်ညွှန်းကိုးကား
http://en.wikipedia.org/wiki/Maya_Angelou
http://mahmag.org/blog/2011/05/09/review-of-the-poemphenomenal-woman-by-m-badihian/
http://www.skoool.ie/examcentre_sc.asp?id=4754


အာဂမိန်းမ


ကျွန်မရဲ့လျို့ဝှက်ချက်ရှိရာကို မိန်းမချောလေးတွေ သိချင်နေကြ
ကျွန်မက ချစ်စရာလည်းမကောင်း ဖက်ရှင်မော်ဒယ်လိုလည်း အချိုးတကျမဟုတ်
ဒါပေမယ့် ကျွန်မ ပြောပြတိုင်း
သူတို့က လိမ်ညာနေတယ်ပဲ ထင်နေကြ
ကျွန်မပြောပြမယ်
အဲဒါဟာ ကျွန်မလက်မောင်းတွေရဲ့ အလှမ်းအကမ်း
ကျွန်မတင်ပါးဆုံရဲ့ အကျယ်အဝန်း
ကျွန်မရဲ့ ဆင်မယဉ်သာ ခြေလှမ်း
ကျွန်မနှုတ်ခမ်းရဲ့ အကွေးအတွန့်
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

အခန်းတစ်ခန်းထဲ လမ်းလျှောက်ဝင်သွားတယ်
ပူရိသတို့ဘဝင်ခိုက်လောက်အောင်
ခပ်မိုက်မိုက် လျှောက်သွားတယ်
ငနဲသားတွေရပ်နေကြ
ဒူးထောက်ခယ
ကျွန်မအနားကို ဝိုင်းကပ်လာ
ပျားအုံတစ်အုံလိုပေါ့
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မမျက်ဝန်းတွေထဲက မီး
ကျွန်မသွားတွေရဲ့ ရောင်ပြန်
ကျွန်မခါးတွေရဲ့ အလှုပ်အယမ်း
ပြီးတော့ ကျွန်မခြေထောက်တွေထဲက ပျော်ရွှင်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

ယောင်္ကျားတွေ ကိုယ်တိုင်  သိချင်ကြ
ကျွန်မဆီမှာ ဘာမြင်ရမလဲလို့
အလူးအလဲကြိုးစားကြ
ဒါပေမယ့်လည်း ကျွန်မရဲ့လျှို့ဝှက်ဆန်းကြယ်အဇျတ္တကို
ဒင်းတို့လှမ်းမထိနိုင်
ကျွန်မက ပြဖို့ ကြိုးစားတော့လည်း
ဒင်းတို့ခမျာ မြင်ကို မမြင်နိုင်ကြသေး
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မတင်ပါးရဲ့ ကောက်ကြောင်း
ကျွန်မအပြုံးရဲ့ နေခြည်
ကျွန်မရင်သားတွေရဲ့ နိမ့်တုံမြင့်တုံဖြစ်မှု
ကျွန်မစတိုင်ရဲ့ တင့်တယ်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

အခုတော့ ရှင်သိပြီ
ဘာကြောင့် ကျွန်မဦးခေါင်းမညွတ်တာ
မအော်ဟစ်တာ ဆွေ့ဆွေ့ခုန်မဖြစ်တာ
စကားကျယ်ကျယ်ကို ပြောစရာမလိုတာ
ကျွန်မဖြတ်လျှောက်သွားတာကို ရှင်မြင်တဲ့အခါ
ရှင်ဂုဏ်ယူသင့်တာပေါ့
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မ ဒေါက်မြင့်ဖိနပ်ရဲ့ ခွာသံ
ကျွန်မဆံပင်ရဲ့ အယိမ်းအနွဲ့
ကျွန်မလက်တွေရဲ့ ဖဝါးနုနု
ကျွန်မဂရုစိုက်တာကို လိုအပ်မှု
ဘာကြောင့်လဲဆိုတော့ ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

မာယာအန်ဂျလို

(အမေရိကန် ကဗျာဆရာမ Maya Angelou ၏ Phenomenal Woman ကို ပန်ဒိုရာ ဆီလျော်အောင် ဘာသာပြန်ပါသည်။)

Expand..

Tuesday, July 2, 2013

ဂျယ်လီငါးဟာ ငါးမဟုတ်ဘူး







ဂျယ်လီငါးဟာ ငါးမဟုတ်ဘူး

ဒါ သက်သက် လုပ်ကြံဖန်တီးထားတာ၊ ငါ့ကို ယုတ္တိရှိရှိ လက်တွေ့ကျကျ ငါးတစ်ကောင်သာ ပြလိုက်စမ်းပါ - ဂျယ်လီငါးဟာ ငါးမဟုတ်သလို ဂျယ်ချင်မှတောင် ဂျယ်မယ် လီချင်မှတောင် လီမယ်   အနည်းဆုံး ဝီကီပိဒိယကတောင် ဒီလိုပြောနေပေါ့

“ဂျယ်လီငါးဟု အမည်တွင်သော်လည်း ဂျယ်လီငါးများသည် ငါးမဟုတ်ပါ။ ဂျယ်လီငါးကို ရေ ၉၅%ဖြင့် ဖွဲ့စည်းထားပါသည်။ ၄င်းတို့တွင် ဦးနှောက်၊ အသည်း၊ ပါးဟက်၊ အရိုး၊ သွေး မပါရှိပေ။” 

ဂျယ်လီငါးရဲ့ အမြီးနဲ့ ရေယက်တွေကို ရေသူမတစ်ကောင်ဟာ နှစ်ရှည်စနစ်နဲ့ ငှားရမ်း သုံးစွဲထားတာ - ဒဏ္ဍာရီတွေ လာမပြောနဲ့ - ဂျယ်လီငါးမှာ ဦးနှောက်မရှိရခြင်းဟာ ယိုယွင်းနေတဲ့ ပညာရေးစနစ်တစ်ခုရဲ့ အကျိုးသက်ရောက်မှုကြောင့်ပါ - ဂါချက်တွေဟာ ယေဘုယျ မဆန်လွန်းဘူးလား - ဒိုင်နိုဆောဟာ ငှက်တွေက ဆင်းသက်တယ် ငှက်တွေဟာ ငါးတွေက ဆင်းသက်တယ် ငါးတွေဟာ ဂျယ်လီငါးက ဆင်းသက်တယ် - တော်ပါပြီ အချဉ်လာမဖမ်းနဲ့ - ဆန္ဒတွေ မစော..ဟော..ဟော ကြပါနဲ့လေ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ဂျယ်လီငါးရဲ့ အကြေးခွံတွေ ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ် - အယုံသွင်းချင်ရင် မျက်နှာစာအုပ်ထဲ သွားပြော - ဂျယ်လီငါးဟာ သာမန်လူတွေ နားမလည်နိုင်တဲ့ ဖြစ်တည်မှု သံသရာက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဖောက်ထွက်ငါးတစ်မျိုး ဖြစ်ကြောင်း - တရားသဘောနဲ့ တအားမဖောရှောနဲ့ -  ခေတ်မီသူတိုင်း ဂျယ်လီငါးကို ငါးဟု အတည်ပြုကြသည် - အချင်းချင်း အနီးကပ်ဖိအားတွေ လာမပေးနဲ့ - ဒါဟာ အရင်ဂျယ်လီငါး လက်ထက်က ဖောက်ပြားခဲ့တဲ့ ခန္ဓာဗေဒပါ ယနေ့ခေတ် ဂျယ်လီငါးတွေဟာ ငါးအဖြစ်ကို ပြည့်ပြည့်ဝဝ ခံယူနိုင်ရန် နေ့မအား ညမနားဆိုသလို ကြိုးပမ်းလျက်ရှိပါကြောင်း -   ကိုင်း ငါ့ဦးထုပ်ကိုသာ ငါကိုက်စားလိုက်တော့မယ်  

ဒါက ပိရိသိုသိပ်တဲ့ ကြံစည်နေရာချမှု၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ကစားနေတဲ့ပွဲ၊ အလှည့်အပြောင်း များစွာနဲ့ မဟာဗျူဟာ - ဂျယ်လီငါး ဘာလဲ ဘယ်လဲ - ဘာကြီးပဲဖြစ်ဖြစ် ဘူလေးပဲဖြစ်ဖြစ် ငါးအစစ်တွေ ထူထပ်လာတဲ့အခါ ဂျယ်လီငါးတွေ လှုပ်ခတ်လာမှာပဲ ငါးလို့သတ်မှတ်ရင် ပုစွန် ဂဏန်းတောင် လက်ခံတာ မဟုတ်ဘူးဆိုတော့ ငါးလို့ဆိုလိုက်ရင် ငါးကိုဆိုလိုတာပဲ ဖြစ်ရမယ် ဒီတော့ ဂျယ်လီငါးဟာ ရေထဲမှာ နေနိုင်ပါတယ် သို့သော် ငါးမဟုတ်ဘူး ဂျယ်လီငါးဟာ ရေသတ္တဝါတစ်မျိုးပါ သို့သော် ငါးမဟုတ်ဘူး ကုန်ကုန်ပြောမယ် ဂျယ်လီဟာ ဂျယ်ပြီးတော့လီသွားရင်တောင်မှ ဂျယ်လီငါးဟာ ဘယ်တော့မှ ငါးမဟုတ်ဘူး

ပန်ဒိုရာ
၂၆.၁၀.၂၀၁၂-၃.၆.၂၀၁၃

(ကဗျာလောက - ၃) 


Expand..