Friday, June 29, 2007

One Act Play

ဘာသာပြန်ကြည့်ဦးမလား။



ဘာသာပြန်ထားသည်များကို ဖော်ပြထားပါသည်။



“One Act Play”


Love or lust.
Perhaps a memorable start.
Enjoy your sweet moments.

Just be conscious.
We shall depart.


ပန်ဒိုရာ


-----------------------

“တခန်းရပ် ပြဇာတ်”

တဏှာနဲ့ အချစ်
ဘာပဲ ဖြစ်ဖြစ်လေ
ငါ.. မရုန်းမိ။
ဆုံးတိုင်ရင်တော့
ပြုံးနိုင်စေသား
ထားခဲ့ အသိ။

ပုံရိပ်
----------

“တစ်ခန်းရပ်”

အချစ်လား…ရမ္မက်လား
ဒါမှမဟုတ်… အောက်မေ့ဖွယ်တစ်ခုလား။
စခဲ့ပြီဆိုမှတော့
ဒီအချိန်တွေကို ပျော်ရွှင်ဖွယ်
ကုန်ဆုံးစေပေါ့။

တစ်ခုတော့ နှလုံးသွင်းထားပါ…
တို့တွေ.. တစ်နေ့ ခွဲခွာရဦးမှာ။

Andy Myint
----------

“မီးတပွင်”့

ချစ်ခြင်းမေတ္တာလား သွေးသားဆာလောင်မှုလား
ဘယ်အတွက်ကိုဦးတည်မလဲ
ကိုယ်သန်ရာနောက်ကို လိုက်ကြတာပေါ့။

အာရုံတွေများခဲ့လည်း
ငါတို့ နှုတ်ဆက်လမ်းခွဲရတော့မယ်။

နေမိုး ( DK )
----------

“လျှပ်ဇာတ်လေး”

အချစ်(သို့) ရမ္မက်
အမှတ်တရနဲ့ စချင်စ
ချိုမြတဲ့အချိန်တွေ ပျော်စို့

သတိတော့ချပ်
ခွဲခွာကြဖို့အတွက် ...

မိုးညို
----------

“တစ်ခန်းရပ်”

ချစြ်ခင်းလား…
ချဉ်ခြင်းလား…
အမှတ်တယဆိုတဲ့ ကန့် လန့် ကာအဖွင့်မှာ
တဒင်္ဂတွေကို မြိန်ယှက်စွာ စားသုံးခဲ့…
သိထားတဲ့ ကိုယ်စီရင်ထဲ
ငါတို့ …ခွဲ..ကြ..ရ…ဦး မယ်….

မောင်ရင်
----------

“တစ်ခန်းရပ်”
..........

အချစ် (သို့မဟုတ်) ရမ္မက်
ပျက်သုန်းခြင်းမဲ့ ခေါင်းစဉ်တွက်(လား) ၊
မြူးထူးပျော်ရွှင် ချိုမြိန်မှုနဲ့ ။

(သို့သော်)မြင်မိတယ် .. ဟိုးအဝေး
လမ်းခွဲနှစ်သွယ် ခပ်ရေးရေး ။

ဂျစ်တူး
----------

“ဘ၀ပြဇာတ်”

မေ့မရတဲ့ နိဒါန်း
ချိုမြိန်သော တဒင်္ဂတွေဟာ
အချစ်ကြောင့်လား တပ်မက်ခြင်းလား

(ဘာကြောင့် ပဲ ဖြစ်ဖြစ်)
ရင်ထဲမှာရှိတဲ့ အသိက
နောက်ဆုံးတော့ ခွဲခွါရဦးမှာ…

ပီတိ
----------

သိပါတယ်…ခွဲကြရမှာ ၊
(ဒါပေမယ့်)
ပျော်ခဲ့တယ်.….ချိုလွန်းလို့ ပါ ၊
အမှတ်တရလို့ ဆိုမလား….သတိရဖို့ ဆိုမလား ၊
(အဲဒီပြဇာတ်မှာ)
အချစ်ပါလား….ရမက်ပဲလား….။

လေးမ


Expand..

Thursday, June 28, 2007

ပါးပြင်နဲ့ မှီအုံး

မလေးက ပြောတယ်။ ကိုယ့် ကဗျာတွေကို ဖက်အိပ်ချင်တယ် တဲ့။ အဲဒါနဲ့ ဒီကဗျာရိုးရိုးလေးကို ရေးပေးလိုက်တယ်။ မလေး အတွက်... ဆိုတော့ တချို့ တချို့ လူတွေကို ကိုယ်စားပြုနေရာ ရောက်နေမလားတော့ မသိ။

ပါးပြင်နဲ့ မှီအုံး

ချစ်သူက ပါးပြင်
ကိုယ့်ရင်က မှီအုံး ဆိုပါတော့...
သူပြုံးကာ ပျော်ပျော်အိပ်စေဖို့
ရန်ခုန်သံ သာသာတိတ်ကာ
ချော့သိပ်မယ်နော့...။

သို့ပေမယ့်ချစ်သူခင်
မွေ့ယာကို ပစ်ခွာထားခဲ့တဲ့
ညများပင် အချိန်ကျော်တော့
ပေါ်မလာ ရင်မှာကျွမ်းလို့
လွမ်းရသည်ပင်...။

ကျီစားတဲ့ ပျိုပျိုခင်
ညဉ့်နက်စဉ် ပြန်လာတော့...
နွဲ့ဆိုးကာ ခေါင်းတင်ဝှက်ကာမှ
အေးစက်နာ ရင်ခွင်ခါးနိုင်ဘု
သူ့ပါးပြင် ပူငွေ့ထွေးနဲ့
နွေးသွားတာပေါ့...။



(တချိန်က.. ချစ်သူက ဗေဒါ ကိုယ့်မှာတော့လှိုင်းလုံး၊ ချစ်သူက ရွှေကြာ ကိုယ့်မှာတော့ လိပ်ပြာ ဆိုလား ကဗျာလေးတွေ ဖတ်ဖူးတယ်။ ဆရာသိန်းသန်းထွန်းရဲ့ ကဗျာလို့ထင်တယ်။ အတိအကျ မမှတ်မိတော့ဘူး။ စာအုပ်တွေလည်း မရှိ။ သိကြရင် ပြောကြပါနော်။)

မှတ်ချက်။
၁) အစ်ကိုကြီးများ မောင်ကလေးများ ပန်ဒိုပုလင်း၏ ကဗျာတွေကို သဘောကျလို့ ရည်းစားစာတွေ ဘာတွေထဲမှာ ထည့်ရေးချင်လျှင် လက်ဖက်ရည်တစ်ခွက် တိုက်ရမည်။
၂) ဟောက်မှာတို့ ၊ အာပုပ်ရည်ကျမှာတို့ ဘာတို့ တွေနဲ့ ဒီကဗျာကို လာမနောက်ရ။ ဟွန်း။ (တိနေဒယ်။)

Expand..

Tuesday, June 26, 2007

ကျွန်ုပ်နှင့် ကြေးအိုး

ကျွန်ုပ်နှင့် ကြေးအိုး

တနေ့သ၌ ကျွန်ုပ် ပန်ဒိုရာသည် ဆားချက်သည် ဟု အပြောခံရခြင်းများကို တစိမ့်စိမ့်တွေးရင်း ရင်တွင်းမှ တနုံ့နုံ့ဖြစ်လာသည့် အလျောက် ငါသည်ယနေ့မှ စ၍ ပြည်သူအကျိုးပြုစာ ခွန်အားရှိသောစာ အရသာရှိသောစာ များကို တစိုက်မတ်မတ် ရေးသားတော့အံ့ဟု ကြွေးကြော်ကြုံးဝါးကာ အိမ်မှ ခြေလှမ်းကျဲများဖြင့် ထွက်လာခဲ့လေသည်။

သင့်တော်သောဈေးနှုန်းဟု အမည်ရသော သမ၀ါယမ ဈေးဆိုင်ကြီးတွင် အောက်ပါပစ္စည်းများကို အားပါးတရ ၀ယ်ခြမ်းကာ ပြန်လာခဲ့လေသည်။

၁) ၀က်သားအကြေ ၂ ဗန်း
၂) ၀က်အသည်း ၁ ဗန်း
၃) ငုံးဥ ၁ ထုပ်
၎) မုန်ညင်းရွက် ၁ ထုပ်
၅) ဆန်ကြာဆံ ၁ ထုပ်
၆) မှိုကြက်သား အသင့်လုပ်ပြီး အသားလုံး ၁ ထုပ်
ရ) ကြက်သားအရိုးပိုင်းများ ၃ ကောင်စာ ( ဆိုင်နှင့် မနီးမဝေးရှိ wet market မှဖြစ်သည်။)

ပထမဦးစွာ ကြက်သားအရိုးများ (အရိုးဟုဆိုရသော်လည်း နံရိုး ရင်ပုံမှ အသားများ အတော်အတန် ပါလေသည်။) ကို သင့်တော်သလို ပိုင်းဖြတ် ရေဆေးပြီး ဆား၊ငန်ပြာရည် ဂျင်းအနည်းငယ် ကြက်သွန်ဖြူအနည်းငယ်ကို ထည့်ကာ ပြုတ်ထားလိုက်လေသည်။
တချိန်တည်းမှာပင် နောက်ထပ်မီးဖို တစ်ခွင် ၌ ငုံးဥများကို ပြုတ်လိုက်လေသည်။

ကြာဆံကို လည်း အထုပ်မှ ဖောက်ကာ အိုးကြီးတစ်လုံးထဲတွင် ရေမြုပ်အောင် စိမ်ထား၏။ မုန်ညင်းရွက်ကို ရေစင်အောင် ဆေးပြီး လှီးဖြတ်ကာ အရိုး အရွက်များကို သတ်သတ်စီ ခွဲထားလိုက်လေသည်။




ထို့နောက် ဂျင်းနှင့် ကြက်သွန်ဖြူကို ထောင်းကာ ၀က်သားအကြေထဲသို့ထည့်ပါသည်။ Self rising flour အမည်ရှိ အမှုန့်ကို အောက်ပါအတိုင်း ထည့်ကာ ဆားပျား သင့်တင့်အောင် ထည့် ကာ အားလုံး ရောမွှေလိုက်ပါသည်။



ဤနေရာတွင် သတိချပ်ရန်ကား အမှုန့်များသွားက စေးကပ်ကပ်နှင့် အရသာပျက်တတ်သည်။ နည်းသွားပါကလည်း ၀က်သားလုံးမှာ ဖွယ်တယ်တယ် ဖြစ်နေတတ်သည်။ အချိုးအစားကို မေးလျှင်မူကား တိတိကျကျမပြောနိုင်ပြီ။ အဘယ်ကြောင့်ဆိုသော် ပန်ဒိုရာသည် ဖော်မြူလာ ပုံသေနည်းများကို မုန်းတီးသူပီပီ အနုပညာလက်ဖြင့်စမ်းသပ်၍သာ ဆုံးဖြတ်သူ ဖြစ်သောကြောင့်တည်း။

ကြက်ရိုးကြက်သားများ အချိုရည်ထွက်အောင် နူးသောအခါ ပြုတ်ရည်ကြည်ကို သတ်သတ် အိုးတစ်လုံးတွင် တစ်ပန်းကန်စာ ထည့်ကာ မီးပေါ်တင်ပါသည်။ ထို့နောက် ရောသမမွှေထားသော ၀က်သားအကြေကို ဇွန်းနှစ်ချောင်းဖြင့်ခူးကာ ခူးကာ ထည့်သည်။ ပါးပါးလှီးထားသော အသည်း (အသည်းကို ကျန်းမာရေးနှင့် မညီညွတ်ဟု ယူဆက မထည့်လို့ရသည်။ အခြား ကလီစာများ နှစ်သက်က ထည့်နိုင်သည်။) မှိုကြက်သားလုံး၊ ရေစိမ်ထားသော ကြာဆံ၊ ငုံးဥ။ မုန်ညင်းရွက်များကို ထည့်သည်။ ကျက်လျှင်ငရုပ်ကောင်းမှုန့်လေး ခပ်ကာ လွန်စွာမှမွှေးကြိုင်ကာ လွန်စွာမှ အရသာရှိသော ကြေးအိုးကြာဆံ အရည်တစ်ခွက် ဖြစ်လာလေသတည်း။





ကြေးအိုးဆီချက် စားလိုပါက ယခုအတိုင်းပြုတ်ထားသည်များကို ဆန်ကာ နှင့် စစ်ကာ ကြက်သွန်ဖြူဆီချက်ထည့်၊ ပဲငန်ပြာရည် အကြည် အနည်းငယ်ထည့်၊ အပေါ့အငန် လိုသလိုပြုပြင်ကာ စားသုံးနိုင်ပါသည်။ ကျန်သောအရည်ကို ဆူအောင် မီးပေါ်ပြန်တင် မုန်ညင်းရွက် မိမိကြိုက်သလောက်ထည့်၊ ပြီးလျှင် ပန်းကန်တစ်လုံးဖြင့် သတ်သတ်ထည့်ကာ သုံးဆောင်နိုင်ပါသည်။


မှတ်ချက်။
အရေးအကြီးဆုံးအချက်မှာ မုန်ညင်းရွက်ဖြစ်သည်။ မှန်ကန်သော အရွက်ထည့်မှသာ ကြေးအိုးအနံ့ ထွက်နိုင်သည်။ အရွက်ပုံသဏ္ဍာန်နှင့် အခေါ်အဝေါ် local mustard ကို သတိချပ်ပါလေ။ (အထူးသဖြင့် စလုံးတွင် နေထိုင်သူများအဖို့။)



ပြည်သူအကျိုးပြု စာပေပီပီ ရည်ရွယ်ချက်ဖြင့် ဤစာကိုရေးသည်။ မစားရ၀ခမန်း ဖြစ်ရန် ရည်ရွယ်သည်။ (အထူးသဖြင့် အနောက်နိုင်ငံများတွင် တစ်ကိုယ်တည်းနေထိုင်ကာ မချက်တတ် မပြုတ်တတ်သူများအဖို့.. ပုံကြည့်ရင်း သွားရည်ယို.. အဲ ..အလွမ်းပြေကြပါစေ။)

Expand..

Winter

အလုပ်တကယ်များတယ်။ ဒီကဗျာလေးတော့ တင်ချင်ပါတယ်။

တိုတိုလေးနဲ့ ပို့စ်တစ်ခု လုပ်တယ် ဖြစ်မှာစိုးလို့။ အရမ်း လည်း ရိုးလွန်းနေလားလို့။ အခုတလော ဆားတွေ ချက်နေကြတယ် ဆိုတော့ ဟဲဟဲ။

ဘာသာပြန်ကြည့်ကြမလား။ နှလုံးသားတွေ တိုက်ဆို်င်မလား လို့။



drawn in "paint". used pencil, brush, airbrush, fill with colour tools and my mini-mouse

ဘာသာပြန်ထားသည်များကို ဖော်ပြထားပါသည်။


Winter

Yes, it comes and goes.
But......
.........
.........
It snows.

ပန်ဒိုရာ
-------------------

(ဒီသီချင်းလေးသွားသတိရတယ်ဗျာ..)
နှင်းပွင့်နန်းတော်ကြီးပါလား
လှပစွာ ခမ်းနား
မုန်တိုင်းတခုအသံကြား
ဝုန်း...................

Tesla
------------------

ချိန်တန်ရင် အိမ်ပြန်ဂျောင်း*
ပေမယ့်…..
………….
……….
ဆောင်းဆိုတာ
နှင်းစက်တို့၊ ကြွင်းလျက်ပါ။
(အာဟာ…အာဟာ……)
*ကဗျာက၀ိ ကာရန်ရှာ တတ်တော့ဘူး။

ပုံရိပ်
------------------

…ပေါ်လိုက် ပျောက်လိုက် နဲ့….
နှင်းနဲ့ တူတဲ့ မင်းအချစ်

ပီတိ

(နောက်မှာ `အာဟာ အာဟာ` ထည့် မဆိုရပါ၊ :P)
------------------

ဆောင်း

သူလာပြီး ပြန်သွားလေရဲ့
ဒါပေမယ့် ...
...............
...............
နှင်းတွေ တဖွဲဖွဲ။

ခရီရေတာ
------------------

ဆောင်း

သူလာပြီး ပြန်သွားတယ်
ဒါပေမယ့်ကွယ် ...
......................
......................
နှင်းတွေ ကြွေခဲ့တယ်။

ခရီရေတာ

------------------

ဆောင်း

သွားလာလှုပ်ရှား
သို့သော်ငြား......
.........
.........
နှင်းပွင့်တွေပါလား။

naing


Expand..

Friday, June 22, 2007

ငါ့ရဲ့ ရွှေရောင်သဲပွင့်တွေ



drawn in "paint". used brush, airbrush, fill with colour tools and my mini-mouse


ငါ့ရဲ့ ရွှေရောင်သဲပွင့်တွေ


ကျစ်ကျစ်ပါနေတဲ့
လက်သီးဆုပ်က ဖြည်ချခွင့်မပေးချင်ပေမယ့်
ပင်လယ်ထဲ တဖြည်းဖြည်းပျော်ဝင်သွားဦးမယ်…
လေရူးအနှင်မှာ မျောလွင့်လို့
တစ်ပွင့်ချင်း ပျောက်ပျက်မသွားခင်လေး
လက်ဖ၀ါးထဲကိုထိုးဖောက်
နှလုံးသွေးထဲအထိ စိမ့်ရောက်သွားမလား
မရဲတရဲ မှတ်မှားမိတာ အပြစ်ပါပဲ…
လျှပ်တပြက် ကောင်းကင်အလင်းမှာ
ကြိုးမျှင်ပါးပါးတွေ တီးခတ်ချင်လွန်းလို့
ဖြစ်နိုင်တာ ဖြစ်နေတာတွေရယ်
မဖြစ်သင့်ဘူး မဖြစ်ရဘူးတွေ အလယ်
လုံလောက်တဲ့ နာမ်တရား ပေးသနားတော်မူပါအရှင်…
ငါဟာလူသားမို့ ...
အိပ်မက်များ တဒင်္ဂ မက်ပါရစေ... ။

ပန်ဒိုရာ
၂၂၊၆၊၂၀၀၇

Expand..

Wednesday, June 20, 2007

Past

အချိန်မရလို့ အဟောင်းလေးတွေ တင်လိုက်ပြန်ပြီ။ ဟိုက်ကူဆန်ဆန် ရေးကြည့်ထားတာ။





Past

Footprints
Short life
Short acquaintances embedded.
--------------------

ဒါကဆီလျော်အောင် ကိုယ့်ဘာသာ မြန်မာလို ပြန်ကြည့်တာ။ Past ကို အတိတ်လို့ မပြန်ချင်ဘူး။


ပြီးဆုံးသွားသော

ခြေရာဟောင်းတွေကိုပြန်ကြည့်
ဘ၀တိုတိုလေးထဲက
ခင်မင်မှုတိုတိုလေးတွေ
သတိရနေမိ။

ပန်ဒိုရာ
၅၊၄၊၂၀၀၇

Expand..

Monday, June 18, 2007

19 June 2007



drawn in "paint". used pencil, brush tools and my mini-mouse. modified in photoshop.

Expand..

Saturday, June 16, 2007

မိုးရေစက်တွေနဲ့အတူ Happy Birthday Nyimalay!

မိုးရေစက်တွေနဲ့အတူ Happy Birthday Nyimalay!

မိုးတွေ ရွာနေတယ် ညီမလေးရေ..
ဒီလိုမိုးတွေ ရွာတော့
ဟိုး လွန်ခဲ့တဲ့ ၂၃ နှစ်က ဇွန်လ ၁၇ ရက်နေ့
မိုးတွေသည်းသည်း ရွာနေတဲ့ နံနက်ခင်းတစ်ခုကို သတိရတာပေါ့ကွယ်…


ညီမလေး သိလား.. အဲဒီမနက်ကလည်း ခုလိုပဲ မိုးတွေ ရွာနေတယ်လေ..
မိုးရေစက်တွေနဲ့အတူ လူ့လောက ကြီးထဲကို ရောက်လာတာကတော့
ဟောဒီ က ကိုယ်တို့ အချစ်ရဆုံး အငယ်ဆုံး ညီမလေးရယ်ပေါ့
အဲဒီနှစ်က မိုးဦးကျ စောတယ်ထင်တယ်..မိုးအဆက်မပြတ်ရွာတယ်
မေမေလည်း ဆေးရုံတောင် မသွားနိုင်ဘူး
ဖေဖေတာဝန်ကျတဲ့နယ်မြို့လေး တစ်မြို့ရဲ့ အိမ်မှာပဲ ညီမလေးကို မွေးခဲ့တယ်..
မှတ်မိသေးတယ် ညီမလေးရေ…
ကိုယ်တို့ အကြီးသုံးယောက် စိတ်တွေလှုပ်ရှားနေကြတာ
ကလေးတွေ အခန်းထဲ မ၀င်ရဆိုတော့ .. အပြင်မှာ ထိုင်လိုက်ထလိုက်…
ကလေးလေးဆိုတာ ဘယ်လိုမွေးလာမလဲ သိလည်းသိချင်…
အဲဒီ အချိန်မှာ မွေးပြီ မွေးပြီ ဆိုတဲ့ အဘွားရဲ့အသံ အူဝဲ အူဝဲ ဆိုတဲ့ ကလေးငိုသံ
ကြားလိုက်ရချင်း ဖြတ်ခနဲဆို တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့
မနက် ၇ နာရီထိုးဖို့ ၅ မိနစ်အလိုပေါ့
မမ သေသေချာချာ မှတ်ထားလိုက်တာပေါ့ ညီမလေးရယ်
အင်း..ညီမလေးကို အိမ်မှာလာမွေးပေးခဲ့တဲ့ ဆရာဝန်ကြီးကတော့
နောင်တချိန်မှာ အေးအေးငြိမ်း အိအိငြိမ်း ဆိုတဲ့ ရင်ချင်းဆက် အမွှာလေးတွေကို
ခဲရာခဲဆစ်ကြားက အောင်အောင်မြင်မြင် မွေးပေးနိုင်ခဲ့တဲ့ ဆရာဝန်ကြီးပေါ့…
ညီမလေးတော်တော်ကြီးတဲ့အထိ သူက ညီမလေးကို ဘေဘီလေး လို့ခေါ်တယ်သိလား…

ကလေးပေါက်စ နီတာရဲလေးကိုကြည့်ပြီး ကိုယ်တို့ မောင်နှမတွေ အူယားနေကြတယ်
ကိုင်လည်း ကိုင်ချင်.. ထိလည်း မထိရဲ…
သူနာပြုဆရာမလေးက ညီမလေးကို ရေချိုးပေးတာ အချိန်ကြာသွားလို့တဲ့
မွေးမွေးချင်းမှာ ညီမလေး နှာစေးပါလေရော
နှုတ်ခမ်းလေးကလည်း ပြာလို့
အမယ် မောင်လေးက မပီကလာ ပြောသေးတယ်
မေမေ.. ညီမလေး နှုတ်ခမ်းလေးက ပန်းခရမ်းရောင်လေးနော် တဲ့..
အားလုံး ၀ိုင်းရယ်ကြတာပေါ့..
အဲဒီတုန်းကတော့ ပြောင်းဖူးစေ့လေးတွေနဲ့ တူတယ် လို့ တို့တွေ တင်စားပြောကြတဲ့
ခြေချောင်းလေးတွေ ပိုင်ရှင်ညီမလေးဟာ..
အခုလို.. အရပ် ၅ ပေ ၅လက်မသာသာ ပိန်ရှည်ရှည် ကောင်မလေးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်ထင်ခဲ့ကြမလဲနော်…

ညီမလေးဆံပင်လေးတွေက အရမ်းပျော့စင်းပြီး ပါးပါးလေး
ပြီးတော့ အညိုရောင်.. အနက်လည်းမဟုတ်ဘူး.
တနင်္ဂနွေသမီးလေးဟာ ဆံပင်ဖြောင့် လူလည်းဖြောင့်တော့
ကဲ.. ခန့်မှန်းကြည့်လို့ရပါပြီ…
ဆောင့်အောင့် စိတ်ကောက်တတ်တဲ့ ကလေးမလေးပေါ့
စိတ်ကောက်အောင်လည်း အကိုနှစ်ယောက်က မရိုးနိုင်အောင်စတာကိုး
ကဲ .. ဒီလိုပြောတာကြားတော့ ညီမလေးက ထပ်စိတ်ကောက်ဦးမယ်
ညီမလေးကို မေမေက ကလေးဘ၀ကတည်းက ဆံပင်အရှည်ထားပေးတယ်နော်..
ကလေးလေးဖြစ်ပြီးတော့ ကျောလည်လောက်ဖြောင့်စင်းနေတဲ့ ဆံပင်ညိုညိုနဲ့
အသားဖြူဖြူ မျက်လုံးပြူးဝိုင်းဝိုင်း နှုတ်ခမ်းပါးလေးနဲ့ ညီမလေးဟာ
ဘယ်ကိုရောက်ရောက် လူတွေစိတ်ဝင်စားတာခံရတယ်
အင်္ဂလိပ်မလေးနဲ့တူတယ်.. ဘိုမရုပ်လေးနဲ့တူတယ်လို့ ပြောကြတယ်နော်
မမကတော့ ချစ်တဲ့ မျက်စိနဲ့ကြည့်တော့ အကောင်းတွေပဲပြောနေမိပြီထင်တယ်…

ပိန်သွယ်ပါးလျားလွန်းတဲ့ ညီမလေးကို အငယ်ဆုံးလေးလည်းဖြစ်တော့
ကျောင်းစာမှာ အရမ်းကြိုးစားအောင် ပထမရမှ ဖြစ်မယ်ဆိုတာမျိုး
ဖေဖေ မေမေတို့က အတင်း မကြပ်မတ်ဘူး
ဒါပေမယ့် ညီမလေးက ပထမ မဟုတ်တောင် အမြဲတမ်း ဆုတွေ ရခဲ့ပါတယ်..
တချို့လူတွေက အလိုက်ကန်းဆိုးမသိ ပြောကြတယ်..
သူ့အစ်မလောက်တော့ မထက်ဘူးနော်တို့ မတော်ဘူးနော် တို့..
ညီမလေး မျက်နှာညိုးသွားခဲ့သလားကွယ်
လောင်းရိပ် ဆိုတာများလား လို့ ကိုယ်တခါတခါစဉ်းစားမိတယ်
အင်း… ညီမလေး မွေးလာခါစက ကိုယ်တော်တော် စိတ်ကူးယဉ်ခဲ့တယ်
ညီမလေးကို အတော်ဆုံး အကောင်းဆုံးဖြစ်စေရမယ်..
ဘယ်လိုသင်ပေးမယ်.. ဘယ်လို လမ်းညွှန်ပေးမယ်..
တကယ့်တကယ်ကျတော့ ညီမလေး အသက် ၈ နှစ်လောက်ကတည်းက
ကိုယ်အိမ်မှာ ကောင်းကောင်းမနေခဲ့ရတော့ဘူးလေ
မမကို သိပ်တွယ်တာတဲ့ ညီမလေးကို နွေးထွေးမှုတွေ ဘယ်လောက်ပေးနိုင်ခဲ့လို့လဲ
ဘာတွေများ အနီးကပ် သင်ကြား လမ်းပြခဲ့ရလို့လဲကွယ်…
ဒါပေမယ့် ညီမလေးကကိုယ်ပိုင် သီးသန့်ပုံစံတစ်ခုနဲ့
လိမ္မာခဲ့ပါတယ်… တာဝန်ကျေခဲ့ပါတယ်…
ဖေဖေ မေမေအနားမှာနေပြီး အိမ်ရဲ့ဆည်းလည်းလေး ဖြစ်ခဲ့တယ်..
မကြာခင် ပိုပြီး ထပ်ဆင့်မြင့်မားတဲ့ ပညာတွေ
သင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်မိတယ်ကွယ်
အင်း.. အိမ်မှာတော့ ဆည်းလည်းလေးမရှိရင် ပျင်းကျန်ခဲ့ကြမှာကိုလည်း စိုးရိမ်မိသေးတယ်….

ညီမလေးရယ်…
လမ်းဆိုတာ စဖောက်သူအတွက်တော့..
ဆူးတွေလည်းတိုးရ.. ခြုံတွေလည်းခုတ်ရ..
ဒါဏ်ရာတွေလည်းရ.. မျက်ရည်တွေလည်းကျပေါ့ကွယ်
အတွေ့အကြုံရခြင်းဆိုတာ နာကျင်ခြင်းတွေ ရောထွေးနေတတ်ပါတယ်..
ချစ်တဲ့ညီမလေးတို့ကိုတော့  နာကျင်ခြင်းဆိုတာတွေ မကြုံတွေ့စေချင်ပဲ
လမ်းဖြောင့်ဖြောင့်တစ်ခုမှာ မပင်မပန်း လျှောက်စေချင်တာပေါ့နော်
ညီမလေးရှိနေခြင်းဟာလည်း ကိုယ့်အတွက် အဓိပ္ပါယ်တွေ ပြည့်ဝစေတယ်
ကိုယ့်ကို ချစ်ခင်စွာ အထင်တကြီးနဲ့
ကိုယ်လုပ်သမျှအကောင်းမြင်နေတဲ့ညီမလေးကြောင့်
ဘာပဲဖြစ်ဖြစ် တစ်ခုခု မိုက်မိုက်မဲမဲ ဆုံးဖြတ်ခါနီးမှာ ညီမလေး ဆိုတဲ့မျက်နှာနဲ့..
ပြန်လည်တည့်မတ်ခဲ့ရတဲ့ အချိန်တွေ.. ရှိခဲ့ရတာပေါ့..
အဲဒီအတွက် ညီမလေးဆိုတဲ့ မိုးစက်ကလေးဟာ
ကိုယ့်ကို အေးမြစေခဲ့ပါတယ်..

မိုးတွေကတော့ ရွာနေတုန်းပဲ ညီမလေးရေ..
ညီမလေးရဲ့အတူ မွေးဖွားဖက် မိုးစက်ကလေးတွေ အကြောင်း
သိနားလည်ဖို့လိုတယ်ကွယ်
လောကကြီးက မိုးနဲ့ တူတယ်လို့ ထင်မိတယ်
မိုးဆိုတာ ကောင်းကင်နဲ့မြေပြင်တို့ရဲ့ ခွန်အားတွေနဲ့
လှပစွာ ပေါင်းစပ် ဖန်ဆင်းထားတဲ့ အနုပညာတစ်ရပ်ပေါ့
အကျိုးပြုသလို အကျိုးကိုလည်းပျက်စေတတ်တယ်
မိုးရိပ်ရောင် ဟိုတောင်က ညိုမလိုနဲ့ အသံမြည်ခြိမ်းပြီးမှ မရွာပဲနေတတ်တယ်
မရွယ်ပဲ တစ်ခါတည်း ဖြုန်းခနဲ သည်းသည်းမည်းမည်းလည်း ရွာတတ်တယ်
ကြောက်စရာ ထစ်ချုန်းလို့ လျှပ်စီးတလက်လက်နဲ့လည်း အုန်းအုန်းချတတ်တယ်
တစ်ခါရွာမိရင် မစဲပဲ တစိမ့်စိမ့်နဲ့ လွမ်းစရာ စွေနေတတ်တယ်
ရွာချင်တဲ့နေရာမှ ကွင်းကွက်လို့ ကွက်ကျားမိုးလည်းရွာတတ်တယ်
ကံဆိုးသူတွေနောက်မှ ကောက်ကောက်ပါအောင်လည်း လိုက်တတ်တယ်
မိုးအုံ့တဲ့ မပွင့်မလင်း ညနေခင်းတွေက ဖြားယောင်းတတ်တယ်
လောကကြီးက မာယာတွေများလွန်းတယ်
လောကကြီးအကြောင်းကို
တို့တွေ သင်ယူရဦးမယ်ကွယ်…

ချစ်ရတဲ့ညီမလေး
ဇွန်လ ၁၇ ရက်နေ့မှာကျရောက်တဲ့
၂၃ နှစ်မြောက် မွေးနေ့မှသည်
သက်ရှည်ကျန်းမာ ပျော်ရွှင်စွာနဲ့
ချစ်တဲ့သူများနဲ့ မခွဲမခွာနေရပြီး
ညီမလေးလိုလားတဲ့ အောင်မြင်မှုပန်းတိုင်ကို
အရောက်လှမ်းနိုင်တဲ့
ပညာပြည့်ဝ နှလုံးလှသူလေး ဖြစ်ပါစေလို့
အဝေးရောက် မိုးရေစက်တွေနဲ့အတူ
မမ ဆုတောင်းလိုက်ပါတယ်..

ချစ်တဲ့မမ
ပန်ဒိုရာ

မိုးရွာရင် ဘာလုပ်လဲဆိုတဲ့ tag game လေးတစ်ခုပါ။
ကိုယ့်ကို တက်ထားတဲ့သူကတော့ မယ်မောင် ပေါ့။ ကိုယ်ရေးတာကတော့ ရေးစေချင်တာနဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မယ်။
နောက်ထပ် တက်ချင်သူများကတော့…

ခရီရေတာ
ကဒေါင်းညင်သာ
ပုံရိပ်

Expand..

Thursday, June 14, 2007

ကံ့ကော်


(www.innwa.com , by zayar aye)

ကံ့ကော်

ကံ့ကော်....။ ပွင့်ဖတ် ဖြူဖွေးသည်။ ၀တ်ဆံ ၀ါနုသည်။ မွှေးရနံ့ သင်းပျံ့ယဉ်သည်။ အပင်မြင့်ဝယ် တင့်တယ်သည်။ ရာသီအချိန်အခါဖြင့် ဖူးပွင့်လေ့ရှိသည်။


နိုင်ငံ အနှံ့အပြားတွင် တွေ့နိုင်သော ပန်းဖြစ်စေကာမူ ကံ့ကော်ဟု ဆိုလိုက်လျှင် တစ်နေရာကိုသာ ပြေးမြင်ယောင်လေ့ရှိကြသည်။ ကံ့ကော်သည် ရာဇ၀င်တွင် ထင်ရှား ခန်းနားခဲ့လေသည်။

နှစ်တိုင်း မိုးဦးစလျှင် သူရောက်လာမည်။ တခါတခါတွင် နှစ်ကူးပိတောက်နှင့် အပြိုင်။ ပြီးတော့ ကံ့ကော်က သူ့ချည်း အထီးကျန်မနေ။ ရေတမာတန်းတို့က စိမ်းလမ်းစွာ အလှကူဆင်ပေးသည်။ ငုဝါ၀ါနှင့် စိန်ပန်းနီပြာတို့ ၀န်းရံကာ ပနာရသည်။ စွယ်တော်ပွင့်တို့နှင့်လည်း ချစ်ကြည်စွာ
ရွှေလမ်းငွေလမ်း ဖောက်ကြသည်။ သက်တမ်း ရင့်ရှည်ခဲ့ပြီ ဖြစ်သော သစ်ပင်အို ထီးထီးကြီးကမူ ကံ့ကော်ပျိုကို အမြဲ စောင့်ကြို နှုတ်ဆက်လေသည်။

ဖြောင့်တန်းသော လမ်းမ၏ထိပ်ဝယ် ဣနြေ္ဒဖြင့် မတ်မတ်ရပ်နေသော ညစ်ထေးထေး အဆောက်အဦ ကြီးသည် ကံ့ကော်ရောက်လာ လျှင်တော့ မပြုံးမရယ်ပဲမနေနိုင်။ လမ်းဘေး တဖက်တချက်မှ အနီရောင် အဖြူရောင် အဆောက်အဦ များလည်း ဆူဆူညံညံ စကားသံတို့ဖြင့် ပိုမိုအသက်ဝင်လာတော့သည်။ ရေတမာပင်များ ကြားက ဘုရားကျောင်း ရှည်ရှည်ကြီးထံမှ ခေါင်းလောင်းသံများကတော့ ပိုမို သွက်လက်လာသလိုလို။

ကံ့ကော်ဦးကိုမှ ဆွတ်ခူးပန်ဆင်လိုသူတို့ ရှိခဲ့ကြသည်။ ကံ့ကော်ပွင့်လို့မှ အလာမရောက်လျှင် စိတ်ကောက်သူတွေ ရှိခဲ့ကြသည်။ ကံ့ကော်သည် ပေါင်းကူးသဖွယ် ဖြစ်သည်။ ချစ်သူတို့လမ်းကြား
တီးတိုးစကားများတွင် ကံ့ကော်ရနံ့တို့ဖြင့် လတ်ဆတ်ထုံသင်းခဲ့သည်။ စာအုပ်ကလေးများကြားဝယ် ကံ့ကော်ပန်းခြောက်တို့ လှပစွာ နေရာယူခဲ့ကြသည်။

ကံ့ကော်ကား ကျော်ကြားသော ဇာတ်လိုက် ဆိုလျှင်လည်း မမှား။ ဤဒေသ၏ ကြိုဆိုပွဲ၊ နှုတ်ဆက်ညစာစားပွဲ၊ ဈေးရောင်းပွဲ၊ အားကစားပွဲ၊ နေရာတကာ ကံ့ကော်တံဆိပ် ခပ်နှိပ်ခဲ့ကြသည်။ ကံ့ကော်၏ အိမ်နီးနားချင်း ကန်ရေပြင်ဝယ် လှိုင်းကြက်ခွပ်လေးများ ဟိုဒီပြေးလွှားနေချိန် ငယ်ရွယ်သူတို့၏ ပျိုမျစ်သော ရင်ခုန်သံတွင်လည်း ကံ့ကော်ရောင်နုနုဖြင့် လှိုင်းဘောင်ဘင်ထခဲ့သည်။ ငယ်သူတို့သာမက ရင့်ကျက်ပြီထင်ရသော နှလုံးသားပိုင်ရှင်များသည်ပင် ဒီနေရာ ဒီဒေသကို ရောက်လာကာ ကံ့ကော်ကို တွေ့လိုက်ရလျှင် အတိတ်ကို လွမ်းဆွတ်ကာ အသစ်တဖန် နုပျို လာကြတော့သည်။


သို့ရာတွင် ကံ့ကော်တို့၏ ဖြူလွသော ပွင့်လွှာနုနုဝယ် ရဲရဲနီသောသွေးစက်များ အကြိမ်ကြိမ် စွန်းပေ ခဲ့ရလေသည်။ ကံ့ကော်ပွင့်ကို ရင်မှာပိုက်ကာ ချစ်သူပျောက်ကို မျှော်သူများ ရင်နာစရာ မျက်ရည်စီးကြောင်းတို့ မခမ်းခြောက်နိုင်ကြသေး။ အခုတော့လည်း သက္ကရာဇ် ၁၉၂၀ က စခဲ့သော ကံ့ကော်၏ ရာဇ၀င် တစ်ရပ်သည် ၂၀၂၀ မတိုင်မီပင် အဆုံးသတ်သို့ ရောက်လုလု ဖြစ်နေလေပြီကော။ ကံ့ကော်ကား ကံဆိုးခဲ့လေပြီ။


အဓိပ္ပါယ်တို့ ဆိတ်သုဉ်းသွားရာ အရပ်ဒေသတစ်ခုတွင် ကံ့ကော်သည် ပွင့်ချိန်တန်လျှင် တာဝန်ကျေစွာ ခြောက်ခြောက်သွေ့သွေ့ ဆက်ပွင့်နေဆဲ။ သို့သော်...။

မနှောင်းခဲ့သော အတိတ်ကာလတစ်ခုမှာတော့ ကံ့ကော်ပန်းတို့ ၀င့်ဝင့်ထည်ထည် တင့်တယ်လန်းဆန်းစွာ သင်းပျံ့ခဲ့ဖူးလေသည်။




ပန်ဒိုရာ
၁၃၊၆၊၂၀၀ရ

Expand..

Sunday, June 10, 2007

ဘလော့ဂါများနှင့် ဟာသ

ဘလော့ဂါများနှင့် ဟာသ

ဘလော့ဂါတွေ ရေးထားကြတာ ဖတ်မိသလောက် ကြည့်လိုက်တော့ ဟာသဉာဏ် ရွှင်ကြတာတွေကို တွေ့ရပါတယ်။ ကိုယ့် ဘလော့ဂ်ရဲ့ theme အရ ဘယ်လောက်ပဲ စာတည်စာခန့်တွေ ရေးကြလည်း အနည်းဆုံး ဆီပုံးထဲမှာဖြစ်ဖြစ် သဘောကျလောက်စရာ မှတ်သားလောက်စရာ ရယ်စရာ လေးတွေ ရေးထားတာကို သွားသွားတွေ့တာပါပဲ။

ဆရာ ကိုတာကတော့ ဟာသဉာဏ်ဆိုတာ တွေးရိုးတွေးစဉ်ကနေ ဖောက်တွေးတာ၊ ဘေးထွက်တွေးတာ၊ ဉာဏ်ကောင်းတဲ့လူများသာ တွေးနိုင်တာဆိုပဲ။ (ဟဲ)

ဂျစ်တူးရဲ့ နာမည်ကျော် ကမောက်ကမ တွေကတော့ အားလုံးကို အပန်းပြေ ရယ်မောစေတာပါပဲ။ ဆရာ အော်ပီကျယ်ရဲ့ ဟာသများကို ဆင့်ပွားခံစားသူ ကိုပု ရဲ့ အတွေးတွေကလည်း ထူးဆန်းပါပေ့ ဆရာပုရယ်လို့ ပြောရမလို။ အေးအေးနေတတ်တဲ့ ကဗျာဆရာလေး ညီညီ(သံလွင်) ဆိုရင်လည်း ပြန်ဖတ်တိုင်း ပြုံးရရယ်ရတဲ့ ပြဇာတ် တစ်ပုဒ်ရေးထားတာ အံ့စရာ။ အသည်းကွဲ ကဗျာဆရာ ခရီရေတာကလည်း အငြိမ့်ပြက်လုံးတွေ ဒီလိုရေးတတ်လိမ့်မယ်လို့ မထင်ရဘူး။ စာအလေးအနက်တွေ တင်လေ့ရှိသူ မမေဓာဝီရဲ့ လျှပ်တပြက် ဟာသများ ဆိုရင်လည်း တစိမ့်စိမ့်တွေးလို့ ရယ်ရတယ်။ ခပ်တည်တည် အတွေးအခေါ်တွေ ရေးလေ့ရှိတဲ့ ကိုစေးထူးရဲ့ ပေါက်ကြမယ်ဟေ့ ကောင်းကောင်း ဆိုရင် မြင်ယောင်ပြီးတော့ကို ရယ်ရတာ။ တက်စလာ ရဲ့ ကွန်မန့်တွေကို ပြန်ဖြေထားပုံကတော့ ဦးပေါ်ဦး လားအောက်မေ့ရတယ်။

ကဒေါင်းညင်သာ ဆိုတာကတော့ စာတွေတော့ အတည်ပေါက်ရေးပြီး ဆီပုံးတွေထဲမှာ ဟွန်း ဟင့်နဲ့ ဟန်မူပါပါ နောက်တတ်သူ တစ်ယောက်ပေါ့။ ဘာညာကတော့ ကွိကွိဆိုတဲ့ ရယ်သံ အိအိ ဆိုတဲ့ ငိုသံကစပြီး ရယ်စရာကောင်းနေပြီ။ ညလေးကတော့ ပို့စ်လေးတွေ ခေါက်တာဆုံးသွားရင် ရှိတော့ဘူးကုန်သွားပြီ ဆိုပြီး သဘောကျစရာလေး ရေးထားတာ။ မောင်ရန် ရဲ့ ဟိုညဆိုရင် အင်း….။ မောင်ပွတ် တို့ရဲ့ မဟာအစည်းအဝေး မှတ်တမ်းတွေကတော့ သမိုင်းတင်လောက်ပါရဲ့။ ဘလာဂေါက်ရဲ့ ဆီပုံးထဲရေးရေးသွားတဲ့ အင်္ဂလိပ်စာ စွမ်းရည်ကလည်း သြောချရတာပဲ။ ဒါ နမူနာတွေပဲ ရှိပါသေးတယ်။ ဆက်ရေးရရင် ဆုံးမှာ မဟုတ်တော့ဘူး။

အဲ.. ဒီလို ဘလော့ဂါတွေ ဆွဲထည့်ထားတာကတော့ ပေါနေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုပြီး အရင်ဆုံး သူခိုးသေဖော်ညှိလိုက်တာပါလေ။ (ဟဲ)

ဒီအထဲမှာတော့ မကြာခင်ကပဲ ဘလော့ဂ်လောက က ထွက်သွားတဲ့ ပါဠိပညာရှင် ကိုနတ္ထိနဲ့ အပြန်အလှန် ပြောမိတာလေးတွေကို သူ့ဆီပုံးထဲက အမှတ်မထင် ကူးထားမိသလောက် တင်ပြလိုက်ရပါတယ်။ အားလုံးအတွက် အမှတ်ရစရာဖြစ်မယ် ထင်ပါတယ်။ ကိုနတ္ထိဆီက ခွင့်မတောင်း နိုင်တော့ပေမယ့် သဘောထား အလွန်ပြည့်ဝသူ ကိုနတ်တစ်ယောက် ခွင့်ပြု ခွင့်လွှတ်လိမ့်မယ် လို့ ယုံကြည်မိပါတယ်။

အင်း…..တခါတခါကျတော့လည်း ရယ်စရာက လွမ်းစရာ ကောင်းစေတယ်။ ဆရာ ရန်ကုန်ဘဆွေ ရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးလိုက်တယ်။ ပြဇာတ်ထဲမှာ အလွမ်းနဲ့ဆုံးမယ့်ဇာတ်လမ်းတွေမှာ ဟာသလေးတစ်ခန်းကို မသိမသာ ရှေ့မှာကပ်ထည့်၊ ပိုလွမ်းစရာ ကောင်းတယ် ဆိုတာလေ။


ဆီပုံးထဲမှ ပြင်ညာချိတို့ ဆွေးနွေးခန်း


pandora: ဒီနေ့တော့ လေနေတယ်.. ကျွဲဟာ ရွှံ့ညွံမှာ ပျော်မွေ့သလို ပန်ဒိုရာသည် ဘလော့မှာသာ ပျော်မွေ့နေတယ်။

နတ္ထိ: ကြောင်သည် ငါးကြော် ကြိုက်သကဲ့သို့ နတ္ထိသည် အိပ်ငိုက်နေတယ်။

pandora: ငါးကြော်မကြိုက်က ကြောင်မိုက်ဖြစ်သလို လန်းတာလေး မကြိုက်ရင် ကိုနတ် လူမိုက်ဖြစ်မယ်..ဟဲ. လန်းခြင်း=အိပ်မငိုက်ခြင်း (တလွဲမတွေးနဲ့)

နတ္ထိ: လန်းခြင်းသည် modelလေးတွေရဲ့ ပုံဟန် ဖြစ်သလို အိပ်ငိုက်ခြင်းသည် နတ္ထိ၏ ပုံစံ ဖြစ်၏။

pandora: အိပ်ငိုက်သူသည် သွားရည်ကျ၏။ မော်ဒယ်ကလေးများကို ခံစားသူလည်း အဲ.. သွားရည်ပဲကျ၏။ ကိုနတ်ကား သွားရည်ကျသူ ဖြစ်သလော။

နတ္ထိ: မျက်လုံးသည် (ဘလော့ဂ်ဂါ ကိုမျက်လုံး မဟုတ်) အစာအိမ်ထက် ကြီး၏။ နတ္ထိသည်ကား မျက်လုံးပြူးသူ ဖြစ်၏။

pandora: မျက်လုံးပြူးသူသည် အိပ်ငိုက်သည့်အခါ မျက်လုံးကို လုံအောင်မဖုံးနိုင်ရှာ။ ထို့အတူ မော်ဒယ်ကလေးများသည် လည်း.. (အဲ.. ရှုပ်ကုန်ပြီ။)

နတ္ထိ : ကြည့်သောသူ မြင်၏၊ နတ္ထိသည် မြင်အောင်ကြည့်သူတည်း။

pandora: မျက်လုံးပြူးသူသည် အိပ်ငိုက်ချင်ယောင်ဆောင်ကာ မော်ဒယ်ကလေးများကို မြင်အောင်ကြည့်သော အလုပ်သည်ကား အတော်ကြောင်သည့်အလုပ်ပေတည်း။

(နောက်ထပ် ဆက်ရေးကြသေးသည်။ အဲဒါတွေကိုတော့ ကူးမထားမိသဖြင့် ပျောက်ပျက်သွားပါသည်။ မမှတ်မိတော့။)

………

နတ္ထိ: ပန်းလောကတွင် ဆိုရိုးရှိ၏။ ဆူးပါသော ပန်းတို့သည် ရဲရင့်၏။ လူ့လောကတွင်လဲ ဒဏ်ရာ အမာရွတ်ရှိသော သူရဲကောင်းသည် ခမ်းနား၏။ စာပေလောကတွင်လဲ စာအုပ်မျိုးစုံရောင်း၏။

pandora: တောင်ဇလတ်ပန်း ၏ အနံ့သည် ထုပ်ထားသော ဖက်တွင်ပင် မွှေးပျံ့၏။ ချင်ကာပူတွင် လိုရာ စာအုပ် လက်လှမ်း မမီနိုင်။ ကိုနတ်ကဲ့သို့ ပညာရှိထံ မှီဝဲ ဆည်းကပ်ပါက အနှစ်ချုပ်ကို ရသတည်း။

နတ္ထိ: ခရေပန်းသည် ဝေလဲ မွှေး ကြွေလဲ မွှေး၏။ အိန္ဒိယတွင် မယ်စကြာဝဠာ ဖြစ်မည့်သူများ ရှိ၏။ နတ္ထိတွင်လည်း ချကိုက်ထားသော စာအုပ် အနည်းငယ်မျှသာ ရှိ၏။

pandora: ခရေတို့သည် မြေမှာခ ကာ မွှေးရနံ့ကို ဝေမျှ၏။ မိန်းမတို့၏ ပစ္စည်းဥစ္စာကား အဆင်းတည်း။ ပညာတို့၏ သိုမှီးရာကား စာအုပ်ထဲ သာမက ဟဒယ တွင် အရှည်တည်၏။

နတ္ထိ: အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်နိုင်၏။ အဆင်းပုံဟန်သည် အရေပြားတစ်ထောက်စာသာ။ ပညာကို အသုံးမချတတ်ပါလျှင် အန္တရာယ် ကြီး၏။

pandora: ကျွန်းသစ်ပင် ၏ အပွင့်ငယ်သည် ဖြူဖွေးသလောက် ဖျစ်ကြည့်ပါက နီိနီစွေး ၏။ နှင်းဆီစိုက်စားသူ သည် ဆူးစူးသည့်ရန် ကာကွယ်နိုင်၏။ ပညာရှာ ပမာ သူဖုန်းစား တည်း ။

နတ္ထိ: ပန်းတို့သည် မနွမ်းခင် လောကကို အလှဆင်ရ၏။ ပညာရှိတို့ တယူသန် ဖြစ်လျှင် လောကအတွက် အချီးနှီး ဖြစ်၏။

pandora: အချို့သော ပန်းတို့သည် ညှိုးရမှ တဖန် ရှင်သန်လာကြ၏။ ပညာရွှေအိုး သည် တုတ်နဲ့မိုး ရုံဖြင့်မရွဲ့။ တုတ်နှင့် ထိုးလျှင်မူ ပေါက်နိုင်၏။ လူ မ သွားသော် ပျောက်နိုင်၏။

နတ္ထိ: လူ့ပေါက်ပန်းသည် တန်ဖိုး မရှိ။ ပညာရွှေအိုးသည် အလွန့် အလွန် ဈေးကြီး၏။

pandora: လက်ခုပ်ပန်းသည် အလွန်နံ၏။ ပညာ ရဲရင့်သူသည် စတိတ်ခုံတွင် မိုက်ခရိုဖုန်း အသံမလာ သောအခါ ချွေးစေးပြန်၏။

နတ္ထိ: ကုမုဒြာကြာပန်းသည် လရောင်ဆမ်းမှ ပွင့်လန်း၏။ စည်သည် တီးမှ မြည်၏။ ပညာရှိသည် အတီးခံရမှ အားကနဲ အော်၏။


ပန်ဒိုရာ
၁၀.၆.၂၀၀ရ

Expand..

Friday, June 8, 2007

My Last Minute

ကိုနတ္ထိရဲ့ ဘုန်းကြီးကျောင်းမှာ တင်ထားတဲ့ နတ္ထိရဲ့ ခရီး (ကုသိနာရုံ) ပို့စ်လေး ဖတ်ပြီး ဒီပုံလေး ထွက်လာတယ်။ ခံစားကြည့်ကြပါနော်။






drawn in "Paint"
used pencil, fill with color , color eraser tools and (of coz) my mini mouse

(ဖြည့်စွက်ချက်)

ဒီပုံလေးအကြောင်းကို နည်းနည်းလောက်ရှင်းပြချင်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ပန်ဒိုရာသည် ပန်းချီမဆွဲတတ်ပါ။ စနစ်တကျ တခါမှ မသင်ဖူးပါ။ မတောက် တခေါက် ဘာအစ်ဇင် ညာအစ်ဇင်လေး ဟိုဖတ် ဒီဖတ၊် ဂန္ထ၀င် ပန်းချီကားလေးတွေကို နည်းနည်းပါးပါး မြင်ဖူးတာက လွဲလို့ပေါ့။ ဒါကြောင့် ကိုယ်ဆွဲချင်သလို ဆွဲထားသော ပုံကို အားနာသော အားဖြင့် ရှင်းပြဖို့ လိုပါတယ်။

မျဉ်းအပြတ်ကလေး တွေက ပျက်စီးဆုံးရှုံးတာ လို့ ကိုယ့်ဘာသာ တင်စားဆွဲထားပါတယ်။ အမဲရောင် ကြေမွနေတဲ့ အတုံးလေးတွေကလည်း ကျုးလွန်ခဲ့တဲ့ မကောင်းမှုတွေကို ရည်ညွှန်းချင်တာပါ။ ပန်းချီထဲ က လူဟာ မိန်းကလေးတစ်ယောက်။ နှုတ်ခမ်း ထူထူလေးကို တမင်ဆွဲထားတာ လောကီကို ခုံမင်သူလေးလို့ ပြောချင်တာပါ။ သူမရဲ့ နောက်ဆုံးမိနစ်မှာ သူမဟာ ငေးကြည့်ရင်း မျက်ရည်ကျနေပါတယ်။ သတိထားမိမယ် ထင်တာကတော့ မျဉ်းပြတ်တွေ ထဲမှာ ပြတ်သားနေတဲ့ မျဉ်းတွေရှိပါတယ်။ အဲဒီ ဒေါင်လိုက်မျဉ်းကြောင်းက သူုမကို ဘ၀ခြားစေခဲ့ပြီ။ ကျန်ခဲ့တာကတော့ ၀ိုးတ၀ါး အနီရောင် အသည်းနှလုံးပုံလေးပါ။ မက်မောမှုမပျောက်တဲ့ သူမရဲ့မျက်ရည်တွေဟာလည်း အနီရောင် ထပ်တူ မှုန်းထားပါတယ်။

အခုနေ ပန်ဒိုရာ သေရင်တော့ အဲဒီလိုပဲ နေမှာပဲလို့ တရားမရသူပီပီ အခုအချိန်မှာ ဒီလို ပုံမျိုးဆွဲမိပါတယ်။

အဲ နာမည်ကိုက နောက်ဆုံးစက္ကန့် မဟုတ်။ အချိန်ရှည်ကြာ ခက်ခဲ ရဦးမယ့် မိနစ်ရယ်ပါ။

Expand..

Wednesday, June 6, 2007

တောအုပ်







တောအုပ်။

ဝံပုလွေလာဆင် နေထိုင်တဲ့ တောအုပ်။

သစ်တစ်ပင်ခုတ် အချုပ်သုံးလ ဆိုတဲ့
ဥပဒေသတွေနဲ့ တောအုပ်။

တောမကျွမ်းသူတွေ လမ်းပျောက်
တောခြောက်တတ်တဲ့ တောအုပ်။

တောကြောင်တွေ လက်ခမောင်းခတ်ကောင်းအောင်
တောမီး လောင်လောင်နေတဲ့ တောအုပ်။

အရိပ်နေနေ အခက်ချိုးချိုးလုပ်တော့
မကြာခင် တောကတုံး တောပြုန်းတော့မယ့် တောအုပ်။

ကျွန်တော်ကတော့ တောအုပ်ကိုမမြင်
သစ်ပင်တွေသာ မြင်နေတဲ့ကောင်လေ...။

ပန်ဒိုရာ
၁၊၆၊၂၀၀၇



Expand..

Tuesday, June 5, 2007

မှန်အိမ်ထဲကငါး






မှန်အိမ်ထဲကငါး

အဲဒီ အလှအပ ဆိုတာကြောင့်ပေါ့
ငါ့မှာ အကျဉ်းချခံနေရတယ်
ထင်ယောင်ထင်မှားအားကျသူတွေကို ဖျော်ဖြေဖို့
ပကာသန အရေခြုံ အပြုံးတွေနဲ့
ဟန်ရေးတပြပြ နေရတယ်
အမျိုးမတူ အရောင်မတူသူတွေနဲ့လည်း
အလွမ်းသင့်အောင် ကြိတ်မှိတ်ပေါင်းရသေးတယ်
အချိန်တန်ရင် ဗိုက်တာမင်အတုတွေ အဖြည့်ခံနေရပြီး
ရင်သပ်ရှုမော အဆာပလာ တွေ ၀န်းရံနေလည်း
လေးဘက်လေးတန် ပိတ်နေတဲ့
အဲဒီရုပ်ဝတ္ထုတွေက ငါ့အိမ်မှမဟုတ်တာ
အဆိုးဆုံးကတော့
ဟို ထွက်ပေါက်လိုလိုဘာလိုလိုနဲ့
ထွင်းဖောက်မြင်အောင်လုပ်ထားတဲ့ အရာတစ်ခု
အမှတ်မရှိတဲ့ငါ မျှော်လင့်ချက်နဲ့ ထွက်ပြေးမိတိုင်း
နံရံပဲ ၀င်ဝင်တိုက်နေတော့ နာနာကျင်ကျင် နောက်ဆုတ်ပြန်ခဲ့ရတယ်။


ပန်ဒိုရာ
၎၊၆၊၂၀၀၇


Expand..

Monday, June 4, 2007

လတစ်စင်းရဲ့ ကံကြမ္မာ



လတစ်စင်းရဲ့ ကံကြမ္မာ

ငါဟာသဘာဝအတိုင်း
ဆန်းတစ်ခါ ဆုတ်တစ်လှည့်
သာနေတဲ့ ဂြိုလ်ပဲ့တစ်လုံးပါကွယ်
လမင်း လို့ မင်းတို့ပဲ သမုတ်ခဲ့ကြ
ငါနားမလည်နိုင်ခဲ့
မနေ့ကသာတဲ့လမင်း
ဒီနေ့သာတဲ့လမင်း
မနက်ဖြန်မှာ သာတဲ့လမင်း
ဘာကြောင့် ကြေကွဲ ရောင်စဉ် တွေချည်း ဖြန့်ကျက်နေရတာလဲ
လမင်းကိုငေးမောကြ
လမင်းကိုတမ်းတကြ
လမင်းရဲ့ အလင်းမှာ မျှော်လင့်ချက်တွေထားကြ
လရိပ်မှာ တိတ်တိတ် ကြည်နူးကြ
နောက်ဆုံးတော့ လရောင်ခြည်တန်း
ဖြားယောင်း လွှမ်းမိုးခံရတဲ့အောက်မှာ
လမင်းကို စိတ်နာနာ စွန့်ခွာကြသတဲ့
ငါဟာ မစားကောင်းတဲ့ သစ်သီးတစ်လုံး
ငါဟာ ကျိန်စာသင့်နေတဲ့ ပန်းချီကားတစ်ချပ်
ငါဟာ မှော်ဝင်နေတဲ့ လမင်း
နောက်ဆုံးတော့ ငါတစ်ယောက်တည်း
ခြောက်သွေ့တဲ့ ကောင်းကင်ထဲ
ကျန်ခဲ့ရတာပဲ။

ပန်ဒိုရာ
၎၊၆၊၂၀၀၇


Expand..

Sunday, June 3, 2007

ကိုဖိုးရမ် မဘလောက်

ကိုဖိုးရမ် မဘလောက်

ကိုဖိုးရမ်နှင့် မဘလောက်တို့သည် ဗာကျုရယ်ဝါးလ်ဒ် (virtual world) ဟုခေါ်သော အင်တာနက်ကမ္ဘာ လောကသားများ ဖြစ်ကြသည်။

အင်တာနက် လောကသား မှန်လျှင် ဘလော့ဂ်တစ်ခုတော့ ပိုင်ဆိုင်ကြသော ယနေ့ ခေတ်ကြီးတွင် ကိုဖိုးရမ်လည်း ဘလော့ဂ်တစ်ခု တည်ထောင် ထားပါသည်။ သို့သော် သူ့ စိတ်ဝင်စားမှုကတော့ ဖိုရမ် forum များတွင် ရေးသားခြင်းကို ပိုသည်။ အဦးဆုံး မြန်မာဖိုရမ်များထဲမှ ဖြစ်သော ဇလုံဖိုရမ်မှ စ၍ ရတာနာ၊ ပုလင်းနက်၊ မြန်မာကော်ဖီရှော့၊ နှေးထစ်ဖိုရမ်၊ ပဒုံပျော့ ဖိုရမ်၊ မြန်မာဘလော့ဂါဖိုရမ် စသည်တို့သာမက ပရော်ဖက်ရှင်နယ်များ စုဝေးသော မြန်မာအန်ဂျီပျိုများ ဖိုရမ်ပါမကျန် သူ့ခြေရာ အဲ.. သူ့အိုင်ပီအက်ဒရက်စ် တွေချည်း။ အပြော ကလည်း ကောင်း၊ ငြင်းခုံ ဆွေးနွေးရာတွင်လည်း ချက်ကျလက်ကျ အာဘောင်အာရင်း သန်ပေရာ အလွန် လူကြိုက်များ ရေပန်းစားလှလေသည်။

မဘလောက်ကတော့ ဘလော့ဂါလောကတွင် ပိုမို နာမည် ထင်ရှားသည်။ သူမသည် မြန်မာ အင်တာနက် ခေတ်ဦးက ဖိုရမ်များတွင် ၀င်ဖတ်ဝင်ရေး လုပ်ခဲ့သော်လည်း ဘလော့ဂ် blog ဆိုသည်များ ခေတ်စားလာတော့ ဘလော့ဂ်ကိုသာ ပိုစိတ်ဝင်စားကာ ဖိဖိစီးစီး ရေးနေသူ ဖြစ်သည်။ စိတ်ဝင်စားဖွယ် စာ၊ကဗျာ၊ ရုပ်ပုံလှလှ၊ သီချင်းကောင်းကောင်းများ ဝေေ၀ဆာဆာဖြင့် အင်တာနက် ပရိဿတ်ကို ဆွဲဆောင်နိုင်သူဖြစ်သည်။ ဘာသာစကား ကျွမ်းကျင်ကာ အရေးအသားကောင်းရုံ သာမက ဘန်နာ လှလှ ဘက်ဂရောင်း ဆန်းဆန်းပြားပြား ကလေးများ ဖြင့် ဘလော့ဂ်ကို သပ်သပ်ရပ်ရပ် အလှဆင်ကာ ပို့စ်များကိုလည်း စနစ်တကျ နေရာချ စီစဉ်တတ်သော မိန်းကလေးဘလော့ဂါ ပီသသူလေး ဖြစ်သည်။

သူတို့နှစ်ယောက် စတွေ့ကြပုံကတော့ ဒီလို။


မဘလောက် က မြန်မာ ဘလော့ဂါ ဖိုရမ်တွင် သူမ၏ဘလော့ဂ် ကို မိတ်ဆက်သည့် ပို့စ်တစ်ခု သွားတင်ထားသည်။ ဒါကိုကိုဖိုးရမ်က တွေ့သွားပြီး ဘာရယ်မဟုတ် လာလည်မိရာမှ မဘလောက် ၏ ပရိဿတ် ဖြစ်သွားကာ ဆီပုံးဟုခေါ်သော C Box ထဲတွင် အမှတ်တရ စာတစ်ကြောင်း နှစ်ကြောင်း အမြဲ ရေးသွားလေ့ရှိသည်။ မဘလောက်ကလည်း ကိုဖိုးရမ်၏ ဘလော့ဂ်ကို ပြန်လည်ပတ်သည့် အပြင် ကိုဖိုးရမ်ရေးလေ့ရှိသော ဖိုရမ်များတွင် သူမပါ ရီဂျစ်စတာ လုပ်ပြီး ၀င်ဖတ် ကြည့်ရင်း ကိုဖိုးရမ်၏ ပြောနိုင်ဟောနိုင် ဗဟုသုတ အရည်အချင်းများကို အထင်တကြီး သဘောကျ လာမိသည်။

ဒီလိုနှင့် အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်အကြောင်း တစ်ယောက်သိလာ အပေးအယူမျှလာသည်။ အခေါ်အဝေါ်လေးတွေက အစ “ကိုကိုရမ်” က “လောက်လေး” က ဟုကြင်ကြင်နာနာ ဖြစ်လာကြပြီ။ (မှတ်ချက်။ တိုတိုရန် မဟုတ်ပါ။ လောက်လေးခွ မဟုတ်ပါ။)

ဒီတော့လည်း ဒီလောက် လိုက်ဖက်ညီတဲ့ နှစ်ယောက် ဘလော့ဂေ့ဂ်ျ blogage လုပ်ကြပါလား ဟု ပတ်ဝန်းကျင်က တိုက်တွန်း လာကြသည်။ ( မှတ်ချက်။ အဓိပ္ပာယ် အနှစ်သာရ တနည်းအားဖြင့် ဆင်သယောင် ရှိသော်လည်း blockage မဟုတ်ပါ။) ဘလော့ဂေ့ဂ်ျ လုပ်ခြင်း ဆိုသည်မှာကား ဘလော့ဂါနှစ်ဦး ပူးပေါင်း၍ ပရော်ဖက်ရှင်နယ် ဘလော့ဂ် တစ်ခု ထူထောင်ခြင်းဖြစ်သည်။ မြန်မာဘလော့ဂါများကတော့ ဘလော့ဂ်ထောင်ကျခြင်း ဟုလည်း တင်စား ခေါ်ကြလေသည်။

အင်တာနက် လောကကြီး အရည်အသွေး တိုးတက်ရေးအတွက် ဘလော့ဂေ့ဂ်ျ လုပ်ခြင်းကို ပေါ်လစီအရ ကမ္ဘာနှင့်အ၀ှမ်း အလွန်အားပေးလေသည်။ ဘလော့ဂေ့ဂ်ျ လုပ်လိုပါက ဘလော့ဂါနှစ်ဦးသည် အင်တာနက်ဆိုင်ရာ ကုလသမဂ္ဂမှ တရားဝင် ယူအာအယ်လ် နှင့် ၀က်ပေ့ဂ်ျ ခေါ် အင်တာနက် စာမျက်နှာ တစ်ခု လျှောက်ထားရသည်။ သာမန် အပျော်ထမ်း ဘလောက်နေကြသော ဘလော့ဂါများသည် ယခုအခါတွင် အခမဲ့ ရသော အင်တာနက် စာမျက်နှာ များကိုသာ သုံးခွင့်ရလေသည်။ တာဝန်ယူမှုမရှိသည့်အတွက် တရားဝင် ပရော်ဖက်ရှင်နယ် စာမျက်နှာကို အင်တာနက်ဆိုင်ရာ ကုလသမဂ္ဂမှ သုံးခွင့်မပြု။ (ယုံချင်ယုံ မယုံချင်နေ။) ထို့ကြောင့် သူတို့၏ဘ၀မှာ မတည်ငြိမ်။ အာမခံချက်မရှိ ။ တစ်နေ့နေ့ ဆားဗစ်ပရိုဗိုက်တာ က ၀န်ဆောင်မှု ဖြတ်လိုက်လျှင် သွားပြီ။ အဲ.. တစ်ဖက်ကလည်း သူတို့ဘ၀က လွတ်လပ်သည်။ တာဝန်ယူမှု များမှ ကင်းသည်။ ကိုယ့်ဖာသာ ပုံမှန် ပို့စ်တင်ချင်တင် မတင်ချင်နေ။ ပြီးတော့ ကိုယ်ရေးချင်တာ လွတ်လပ်စွာ ရေးလို့ရသည်။

ဘလော့ဂေ့ဂ်ျလုပ်ထားသော ဘလော့ဂ်များကတော့ ဒီလိုမဟုတ်။ ပုံမှန်ဝန်ဆောင်မှု အပါအ၀င် ကြော်ငြာ အကျိုးခံစားခွင့်များပါ ရှိသော တရားဝင် နိုင်ငံတကာ အင်တာနက် အသိအမှတ်ပြု ပရော်ဖက်ရှင်နယ် အင်တာနက် စာမျက်နှာကို ကိုယ်ပိုင် ပိုင်ဆိုင်ခွင့် ရသည်။ အလွန်ဂုဏ်ရှိ ကာ တင့်တယ် တည်ငြိမ်သော ဘ၀ပါပေ။ သို့သော် တစ်လလျှင် ပို့စ်ဘယ်လောက် တင်ရမည်။ အဲဒီအထဲမှာ အင်တာနက် လောကကို အကျိုးပြုရန် နည်းပညာပို့စ်က ဘယ်လောက်၊ ဖျော်ဖြေမှုက ဘယ်လောက် စသည်ဖြင့် သတ်မှတ်ထားသည်များကို လိုက်နာရသည်။ ဘန်နာ ၊ တန်းပလိတ် များကို အချိန် ဘယ်လောက်ကြာလျှင် အပ်ပဒိတ် လုပ်ရန် ဆိုတာမျိုးက ရှိသေးသည်။ ကိုယ်သုံးမည့် အိုင်ပီအက်ဒရက်စ်များကို မှတ်ပုံ တင်ရခြင်း၊ ကိုယ်သုံးမည့် ကွန်ပျုတာနှင့် အီလက်ထရွန်းနစ် ဒီဗိုက်စ်များမှာ ဗိုင်းရပ်စ် ကင်းရှင်းကြောင်း ထောက်ခံစာယူရခြင်း၊ ဒါတွေက လိုသေးသည်။ ဒီလို ကော်မစ်မန့်ဆိုတာများ ကို ဘလော့ဂါ တစ်ဦးချင်း အနေနှင့်ဆိုလျှင် လိုက်နာနိုင်ရန် မလွယ်။ ဒါကြောင့်လည်း အတွေးအခေါ် မျှတကာ တာဝန်ခွဲဝေယူနိုင်ကြရန် အမျိုးသား အမျိုးသမီး ဘလော့ဂါနှစ်ဦးတို့ ပူးပေါင်းစေရခြင်း ဖြစ်သည်။ ဘလော့ဂေ့ဂ်ျ လုပ်ပြီးလျှင်တော့ တသက်လုံး မကွဲမကွာ ချစ်ချစ်ခင်ခင် သစ္စာရှိစွာဖြင့် ဘလော့ဂ်ကလေး ကို တိုးတက် စည်ပင်အောင် မောင်တစ်ကီး မယ်တစ်ကလစ် (မှတ်ချက်၊ 1 key, 1 click ကိုဆိုလိုသည်။) ဆောင်ရွက်ကြရလေသည်။

ဒီအထဲမှာ ဘလော့ဂါရိုက် ဆိုလားဘာလား၊ ဂေးဘလော့ဂါ လက်ဘ်ဘလော့ဂါတို့က ကျားကျားချင်း မမချင်း ဘလော့ဂေ့ဂ်ျ တော့ ဘာဖြစ်လဲ၊ သူတို့ကိုလည်း အသိအမှတ်ပြု အင်တာနက် စာမျက်နှာ ချပေးသင့်သည် ဆိုပြီး တစခန်းထကြသေးသည်။ အဲဒါတွေ အသေးစိတ် ပြောပြရလျှင် ဇာတ်လမ်းကို ရောက်တော့မှာ မဟုတ်။ ဒီတော့ ဇာတ်လမ်းကို ဆက်ပါမည်။

တိုတိုပြောရလျှင် မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ ဆိုတော့ ကိုဖိုးရမ်နှင့် မဘလောက်တို့ ဘလော့ဂေ့ဂ်ျလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ နာမည်ကြီးကြသူများ ပီပီ ကိုဖိုးရမ်နှင့် မဘလောက်တို့၏ ဘလော့ဂေ့ဂ်ျပွဲကြီးကား ပေါ့ပ်အပ်ပ်ပျံမကျ စည်ကား လှပေသည်။ ဖိုရမ်ရေးဖော်ရေးဖက် ဘလောက်ဖော်ဘလောက်ဖက် အားလုံး အင်တာနက် လုံးကျွတ် တက်ရောက် အားပေးကြသည်။ မြန်မာ ဘလော့ဂါသားများ စုပေါင်း လက်ဆောင်ပေးသော သီရိဘလော့ဂဟာ အမည်ရှိ ဘန်နာကြီးကလည်း လှပ ခန်းနားပေသည်။ ဖိုရမ်ရောင်းရင်းများ အထူးအော်ဒါ မှာပေးထားသော ဘက်ဂရောင်း ပန်းနုရောင် အသစ်စက်စက် ကလေးကလည်း တင့်တယ်ပေစွ။ ၀ိုင်းဝန်း ရေးသားထားသော ဘလော့ဂေ့ဂ်ျ ဆုတောင်းများမှာလည်း များပြားလွန်းသဖြင့် ဆီပုံးခန်းမကျယ်ကြီး ထဲတွင် ပြည့်လျှံသွားသည်။ နေနှင့်လ ရွှေနှင့်မြ ဆိုသလို အတွဲညီသူ ကိုဖိုးရမ်နှင့် မဘလောက်တို့ ပျော်တပြုံးပြုံး ဧည့်ခံရသည်မှာ စာရိုက်ရလွန်းသဖြင့် လက်များပင် ကိုက်ခဲလို့နေသည်။

အဲ.. နှစ်ယောက်ပိုင် ဘလော့ကမ္ဘာလေး တည်ထောင်စတော့ ကြည်နူးမဆုံးနိုင်။ ဘလော့ဂ်ကို စီမံခန့်ခွဲပိုင်ခွင့် admin access က နှစ်ယောက် နာမည် ကိုယ်စီဖြင့် ပုံသေ default လုပ်ထားသည်။ လော့အင် log in ၀င်ပြီး နှစ်ဦးတည်း ရေးသားတိုင်ပင်နိုင်ရန် အများမမြင်နိုင်သော အထူး ဆီပုံးကလေး ကတော့ သူတို့နှစ်ယောက် အတွက် သီးသန့်ကမ္ဘာလေးဖြစ်သည်။ တစ်နေ့တစ်နေ့ ဘာပို့စ်လေးတွေ တင်ကြမလဲ တိုင်ပင်ကြ။ ကိုဖိုးရမ်က ပို့စ်တစ်ခု ရေးပြီးလျှင် ဘာသာဗေဒ ကျွမ်းကျင်သူ မဘလောက်က စာလုံးပေါင်းတွေ စစ်ပေး သီချင်းလေးတွေ အမောပြေ ဖွင့်ပြနှင့် အရာရာသည် လမင်းသာသလို။ ဘလော့တစ်ခုလုံးလည်း စာနု ကဗျာနုလေးများ၊ သီချင်း ဓာတ်ပုံ ကလေးများ၊ နည်းပညာ အသစ်ကလေးများ လွှမ်းခြုံကာ ရောမန္တိက ဖြစ်နေလေသည်။ ကိုကိုရမ် နှင့် လောက်လေး တို့၏ ပျော်ရွှင်ဖွယ်ရာ ဘလော့ဂဟာလေးပေတည်း။

ဤသို့ဖြင့် ငါးလ ခြောက်လ ကြာလာခဲ့ပြီ။ တစ်ခါလာလည်း လော့အင်ဝင်ကာ ငြိမ်ငြိမ်ထိုင်ပြီး တန်းပလိတ်ပြင်ရ တစ်ခါလာလည်း လင့်ခ်တွေ အပ်ပဒိတ်လုပ်ရ ပို့စ်အသစ်ရေးရ ကွန်မန့်တွေကို ပြန်ရေးရ နှင့်ဆိုတော့ ဘလော့ဂ်တာဝန်တွေကို ကိုဖိုးရမ် ငြီးငွေ့စပြုလာသည်။ တနေ့တနေ့ ဘာပို့စ်တင်ရမလဲ ဆိုတာ တွေးရတာကိုက ဦးနှောက် ခမ်းခြောက်စ ပြုလာသည်။ ပြီးတော့ အရင်ကလိုလည်း မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် ပို့စ်တွေ တန်းတင်လို့မရ။ မတင်ခင် မဘလောက်ကို ပြရ၊ စာလုံးပေါင်းစစ်ရ၊ သဘောတူမတူ ညှိရနှိုင်းရ တာတွေကလည်း စိတ်ကျဉ်းကျပ်စရာ ကောင်းလေသည်။

အရေးထဲ ဖိုရမ်ထဲက အပေါင်းအသင်း တွေက

“ကိုဖိုးရမ်ကြီး ဘယ်လိုလဲဗျ။ ဘလော့ဂ်ထောင်ကျသွား ကတည်းက ဖိုရမ်တွေဘက် ခြေဦးတောင် မလှည့်တော့ပါလား။ ဧကန္တ မဘလောက်ကို ကြောက်ရတယ်နဲ့ တူတယ်။ ဟတ် ဟတ် ဟတ်..”

ဟု ဆီပုံးထဲ လာရေးကာတစ်မျိုး ပီအမ်ပို့ကာတစ်ဖုံ ပျက်ရယ်ပြု ခံရတာလည်း အောင့်သက်သက် နိုင်လှသည်။

ဒီတော့ တခါတခါ မယောင်မလည်ဖြင့် ဖိုရမ်တွေ ဘက်ကို ခဏဆိုပြီး လစ်ထွက်သွား တတ်သည်။ မဘလောက်က သြော် သူလည်းပျင်းမှာပေါ့လေ ဟု နားလည်စွာဖြင့် အစပိုင်းက ကြည်ကြည်သာသာ ခွင့်ပြု ခဲ့ပါသည်။ ဒါပေမယ့် တစတစ လေးလံလာသော ဘလော့ထိန်းသိမ်းမှု တာဝန်တွေ ကြားမှာ ကိုဖိုးရမ်က နမော်နမဲ့ အလျင်စလို လုပ်သွားသဖြင့် ပို့စ်အမှားများ အက်ဒစ် ပြန်လုပ်ရတာတို့။ နေရာပြန်ချရတာတို့က များလာတော့ နည်းနည်း ငြိုငြင်ချင်လာသည်။ အရင်ကလို ကိုကိုရမ် ဟုပင် ချိုချိုသာသာ မခေါ်နိုင်။

“တော့ ကဖိုးရမ် ရှင်ဟာလေ.. ပို့စ်တွေကို သေသေချာချာ သတ်ပုံမစစ်ဘူး ။ သြော်.. ဒီမှာလည်း ကြည့်စမ်းပါဦး တန်းပလိတ်မှာ ဖောင့်သွင်းတာ ကျန်ခဲ့ပြန်ပြီ။ ဒီနေရာမှာ မြန်မာစာ မပေါ်ဘူးရှင့်။ ကျွန်မက ဒီလို အသေးစိတ်တွေ ကအစ အကုန် လိုက်စစ် နေရတော့မှာလား..”

ကိုဖိုးရမ်ကလည်း တနေ့တနေ့ လော့ဂ်အင် ၀င်လိုက်တိုင်း မဘလောက်၏ ပူညံပူညံ မက်ဆေ့ခ်ျများကိုသာ တွေ့နေရတော့ စိတ်ပိန်လာသည်။ ဖိုရမ်တွေဘက်ကိုသာ အချိန်ရတိုင်း မျက်စိအေးအောင် သွားနေနေကာ အပေါင်းအသင်းများနှင့် တော်ကီပွားနေတော့သည်။

တစ်နေ့တော့ စောစောစီးစီး ဆီပုံးထဲမှာ မက်ဆေ့ခ်ျ တစ်ခုကို မဘလောက် သွားတွေ့သည်။

“ဦးရမ် …မောနင်း.. မီးက နှေးထစ်ဖိုရမ်မှာ တွေ့ခဲ့တဲ့ မီးမီးလေ။ မီးလည်း အခု ဘလော့ဂ်တစ်ခု လုပ်ထားတယ် သိလား။ ဦးရမ်က သိပ်တော်တာပဲနော်။ ဦးရမ် မီးဆီလာလည်ပြီး မီးကိုသင်ပေးနော်.. နော် ။”

မဘလောက် ယမ်းပုံမီးကျ ဖြစ်ရပြီ။ ဟင်း .. နှစ်ယောက်ပိုင် ဘလော့ဂေ့ဂ်ျ လုပ်ထားတဲ့ ဘလော့ဂ်ကိုများ သိလျက်နှင့် မိန်းကလေး အချင်းချင်းတော့ အကူအညီ မတောင်း။ အခုခေတ် ဘလော့ဂါမ ပေါက်စကလေးတွေများ ကဲကိုကဲသည်။

ခုတလော ကိုဖိုးရမ် ရေးထားသည့် ပို့စ်များကို လိုက်စစ်မိသည်။ အားလားလား..မမျှော်လင့်ပဲ ပို့စ်တစ်ခုအောက်မှာ သွားတွေ့မိသည်။ နည်းတဲ့ကွန်မန့် တွေမဟုတ်။ အပြန်အလှန် ရေးထားငြင်းထား ကြတာ ကွန်မန့်ပေါင်း တစ်ရာကျော်။ သေသေချာချာ ဖတ်ကြည့်လိုက်တော့ ဒင်းတို့က ဖိုရမ်ထဲမှာ အစာမကြေဖြစ်ခဲ့တဲ့ ကိစ္စတွေ ဒီမှာ ဆက်ငြင်းနေကြတာကိုး။ မဘလောက် တစ်ယောက်တည်း ဘလော့ဂ်ကမ္ဘာလေးတုန်းက ဒါမျိုး ဘယ်ရှိခဲ့မှာတုန်း။ အခုတော့ ရှုပ်ရှုပ်ယှက်ယှက် တော်။ ကိုဖိုးရမ် နောက်တစ်မှု တိုးပြန်ပြီ။

မဘလောက်တစ်ယောက် ကိုဖိုးရမ် လော့ဂ်အင်ဝင်လာမည့် အချိန်ကို ကလစ်တခေါက်ခေါက် နှင့် စောင့်နေသည်။ ကြာတော့ စိတ်တိုလာသည်။ ကိုဖိုးရမ် ရှိနိုင်မည့် ဖိုရမ်များကို လိုက်သွားပြီး လော့အင် ၀င်ကာ ပီအမ်တွေ ပို့ပစ်လိုက်သည်။

“ဦးဖိုးရမ်ရှင့်၊ ကိုယ့်ဘလော့ဂ်ကိုလည်း တစ်ချက်လောက်များ ပြန်လှည့်ကြည့်ပါဦး။”

ဟု ခပ်ငေါ့ငေါ့လေး ရေးလိုက်သည်။

ကော်ဖီရှော့မှာ ဆွေးနွေးနေတာ အရှိန်ကောင်းနေတုန်း ပီအမ်တွေက တဒိုင်းဒိုင်း ၀င်လာတော့ ကိုဖိုးရမ် စိတ်တိုသွားသည်။

“ကဲ လစ်လိုက်ဦးမယ်ဗျို့။”

ဒီလိုနှုတ်ဆက်တော့ ဖိုရမ်ရောင်းရင်း များက

“ဟတ် ဟတ် သိပါတယ်ဗျာ။ ပီအမ်စကြာ ရိုက်နေပြီဆိုတာ။ ကိုဖိုးရမ်ကြီး က အရင်ကလို စိတ်သွားတိုင်း ကိုယ်မပါ တော့ဘူးပေါ့”

ဟု လှောင်ကြသည်ကို တဟဲဟဲနှင့် သာ အံကြိတ်ခံလိုက်ရသည်။ တောက်.. လူကြားသူကြား မရှောင် ဖိုရမ်ထဲ အထိများ လိုက်လာရတယ်လို့။ မိန်းမတွေဟာ အလိုက်ကန်းဆိုးကို မသိဘူး။ တွေ့မယ်..။

ဒေါနှင့် မောနှင့် ဘလော့ဂ်ထဲကို လော့အင်ဝင်တော့ ပူညံပူညံ မက်ဆေ့ခ်ျတစ်ခုက စောင့်ကြိုနေသည်။

“တော့ ကဖိုးရမ်.. ရှင့်အရှုပ်ထုပ် တွေ ရှင်လာရှင်းပါဦး။”

“ဘာအရှုပ်ထုပ်လဲကွ။”

“ဒီမှာ ဆီပုံးထဲမှာ ကောင်မလေးတစ်ယောက်။ ပြီးတော့ ဒီပို့စ်အောက်က ကွန်မန့်တွေ။ ကျွန်မရှင့်ကို ပြောတယ်။ ဖိုရမ်ထဲက ကိစ္စတွေ ဘလော့ဂ်ကို သယ်မလာပါနဲ့လို့။ ဟင်.. ဒါတွေ ရှင်ဘယ်လို ရှင်းမှာလဲ။”

“ဟ.. ဖိုရမ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဗဟုသုတဖလှယ်ရာ။ မိတ်ဆွေဖွဲ့ကူညီရာ။ ဆွေးနွေးတယ်ဆိုတာ အရေးကြီးလာတဲ့အခါ ဘလော့ဂ်ထဲပါရင် ပါလာမှာပေါ့။ ငါအရင်ကတည်းက ဖိုရမ်ကို အဓိက ရေးလာခဲ့တာ မင်းမသိဘူးလား။ ဟင်…”

“သြော် အရင်ကကိစ္စ လာမပြောနဲ့လေ။ အခုကိုယ့် ဘလော့ဂ်ရယ်လို့ အတည်တကျ ဖြစ်လာတော့မှ ဒီလို လတ်လျားလတ်လျား လျှောက်သွားနေစရာလား.. တော့ ကဖိုးရမ်ရဲ့..”

“သြော်.. မင်းကရော ဘာထူးလို့လဲ။ တစ်နေ့တစ်နေ့ မိုးလင်းလာရင် မျက်စိနှစ်လုံး ပွင့်မယ်တောင် မကြံသေးဘူး။ ဘလော့ဂ်တကာ ဆီပုံးပေါက်စေ့ လိုက်လည် အရည်မရ အဖတ်မရတွေ လိုက်ရေး။ ငါမသိဘူးများ မှတ်နေသလား။”

“ရှင်.. ဒီလိုမပြောပါနဲ့။ ဒါက လူမှုဝတ္တရားရှင့်။ ရှင်သာ ကိုယ့်တာဝန်မကျေတဲ့သူ။”

တာဝန်..။ ဒါကတော့ ယောင်္ကျားမာနကို ထိပြီ။ လွန်လာပြီ။

“ဟေ့ ငါ့လောက် တစ်လတစ်လ သတ်မှတ်ထားတဲ့ပို့စ်ကို ပြည့်မီ ကျော်လွန် ပြီး တာဝန်ကျေတာ ငါပဲရှိတယ်ကွ.. မင်းလက်ထဲ ငါရေးသမျှ အကုန်အပ်တာပဲ။ မင်းဒီလိုစကား မပြောပါနဲ့။”

“သြော်.. ဘာရေးရေး ရှင်တလွဲတချော်လုပ်ထားတာတွေ ကျွန်မက လိုက်လိုက် ပြင်ပေးနေရတဲ့ အချိန်တွေကိုလည်း ထည့်တွက်ဦးမှပေါ့။”

“ဟေ့ ယောင်္ကျားလေးကွ အဲဒီလောက် အသေးစိတ်တွေ အာရုံစိုက်မနေနိုင်ဘူး။”

“ဒါပေါ့.. ဒါပေါ့.. ရှင့်အာရုံတွေက ဘလော့ဂ်ထဲမှာမှ မရှိပဲ။ ဖိုရမ်ထဲက ဟာတွေ ဆီမှာပဲ ရောက်နေတာကိုး။”

“ဟေ့ ငါ့ကိုပြောရင်ပြော။ ငါ့ အပေါင်းအသင်း တွေကို ဆွဲမထည့်နဲ့ကွ။”

ခက်ကပြီ။ ကွန်ပြူတာအသစ် မောက်စ်ကလေးမှ ဂျီး (ကြေး) မတက်ခင် ဒီဘလော့ဂေ့ဂ်ျတစ်ခု အပျက်အပျက် နဲ့ နှာခေါင်းသွေးထွက် ဆိုသလို ဖြစ်ကြတော့မှာလား။

တိုက်ပွဲက ပြင်းထန်လာသည်။ ကိုယ်ပိုင် ပရိုက်ဗိတ်ဆီပုံးမှာသာမက အပြင်က ဆီပုံးထဲကိုပါ လျှံကျကုန်သည်။ စိတ်ကြီးသူနှစ်ဦးဆိုတော့ ဘလောက်နီးနားချင်းတို့လည်း ၀င်မပြောရဲ။ အသာလေး ဘေးကသာ အရိပ်အခြည် စောင့်ကြည့်နေရသည်။

နောက်ဆုံးတော့ နှစ်ယောက်စလုံး ၀ုန်းဒိုင်းနှင့် လော့အောက်လုပ်ကာ သီရိ ဘလော့ဂဟာလေးထဲက အသီးသီး ထွက်သွားကြတော့သည်။

တစ်ရက်.. နှစ်ရက်.. သုံးရက် တောင် ကြာခဲ့ပြီ။

မဘလောက် တစ်ယောက် လော့အင် မ၀င်သော်လည်း ကိုယ့်ဘလော့ဂ်ကလေးကို ရစ်သီရစ်သီ လာချောင်းဖတ် နေမိသည်။ ပို့စ်အသစ် မရှိသော ဘလော့ဂ်ကလေးကတော့ ခြောက်ကပ်လို့နေသည်။ ကြည့်ရတာ ကိုဖိုးရမ်လည်း ဒီကြားထဲ တစ်ခါမှ လော့အင်မ၀င်ဘူးထင်ပါရဲ့။

ဒီလို စဉ်းစားမိတော့ ကိုဖိုးရမ်နှင့် တွေ့စကာလများကို မြင်ယောင်လာမိသည်။

အို.. တွေ့စ ကာလတွေကများ နည်းပညာအသစ်တစ်ခု ရလာလျှင် သူ့ဘလော့ဂ်မှာတောင် ပို့စ် မတင်ရသေးခင် ကိုဖိုးရမ်တစ်ယောက် လာလာပြောခဲ့ပုံ။ မဘလောက် မလုပ်တတ်လျှင် ၀င်ပြင်ပြင် ပေးလိုက်ရတာက အမော။ မနက်မနက် ဆိုလျှင်လည်း သူများထက်ဦးအောင် ဆီပုံးထဲ လာလာ နှုတ်ဆက်ရတာက တမျိုး။ မဘလောက် ကြိုက်တတ်သည့် ပန်းပွင့်ပုံ ရှုခင်းပုံ လှလှကလေးများ ရလာလျှင် ပိုးကြေးပန်းကြေး လာလာပေးရသည်က တဖုံ။ စောင်းမြောင်းကာ ကဗျာတွေ စပ်ရသည်ကတော့ မရေမတွက်နိုင်။ ဒါတွေကို တစိမ့်စိမ့်တွေးမိတော့ ကွန်ပြူတာ စခရင်ပေါ်မှာ တရေးရေး မြင်ယောင်လာသည်။ အင်း သူ ငါ့အပေါ်မှာ ကောင်းခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်လေ။ ငါကိုယ်တိုင် ကိုက ဘလော့ဂေ့ဂ်ျ လုပ်ပြီး တော်တော်လေးကြာတော့ သူ့ကို အရင်လို ပျော်ရွှင်အောင် ထားဖို့ တာဝန်တွေကြားမှာ မေ့လျော့ နေခဲ့တာပဲ။

ခုချိန်ဆို သူဘယ်ရောက်နေမလဲ။

ကြည့်နေရင်း ရီဖရက်ရှ် တစ်ခါလုပ်လိုက်တော့ မြင်ကွင်းကပြောင်းသွားသည်။ အို.. ရောင်စုံပန်းခင်းကြီးထဲ လိပ်ပြာလေးတွေပျံဝဲ နေကာ ရေတံခွန်ကြီး တသွင်သွင်စီးကျနေပုံနှင့် ဘက်ဂရောင်း အသစ်ဖြစ်နေပါပေါ့လား။

ဒါဆို သူ လော့အင်ဝင်ပြီး အထဲမှာ ပြင်ဆင်နေတာပေါ့။ လိုက်ဝင်ရရင် ကောင်းမလား။ အကောင့်နာမည်နှင့် ပတ်စ၀ပ် ကို ရိုက်ထည့်လိုက်သည်။ လက်ညိုးကလေးက မောက်စ် ပေါ်မှာ တင်ချည် ချချည်။ အဲရိုး ကာဆာ လေးက ကွန်ပြူတာ စခရင်ပေါ်မှာ တုန်ခါလို့ နေသည်။ နောက်ဆုံးတော့ ကလစ်နှိပ်ချလိုက်သည်။

မဘလောက်နာမည် အစိမ်းရောင်လေး လင်းလာသည်။ နှစ်ဦးပိုင် ဆီပုံးလေးထဲမှာ ကိုဖိုးရမ်၏ စာကြောင်းကလေးတစ်ခု မရဲတရဲ ပေါ်လာသည်။

“ဟဲလို”

မဘလောက် ဘာမှ ပြန်မရိုက်ပဲ ကြည့်ရုံသာကြည့်နေမိသည်။ နည်းနည်းကြာတော့ စာတစ်ကြောင်း ပေါ်လာပြန်သည်။

“တန်းပလိတ် အသစ်တစ်ခု လာတပ်နေတာလေ။”

မဘလောက် ထံမှ စကားပြန်မလာ။ ကိုဖိုးရမ် ရေးသော စာလုံးလေးတွေ ထပ်ပေါ်လာပြန်သည်။

“ကိုယ် ပို့စ် အသစ်တွေ ရေးထားတယ်။ သတ်ပုံတွေလည်း အကုန်စစ်ပြီးပြီ။ ဘယ်တော့ တင်လိုက်ရမလဲဟင် လောက်လေး။”

ကိုဖိုးရမ် ရပ်လိုက်ပြီး ဆီပုံးကို အသက်မရှုတမ်း စောင့်ကြည့်နေသည်။ တအောင့်ကြာတော့ မှ စာလုံးလေးတွေ ပေါ်လာသည်။

“အို.. နေပါဦး ကျွန်မ တစ်ခေါက် ထပ်စစ်ပေးဦး မှာပေါ့။”

ယိစ်… ကိုဖိုးရမ်စိတ်ထဲက အားရပါးရ အော်ပစ်လိုက်လေသည်။

ဤသို့ဖြင့် ကိုဖိုးရမ် နှင့် မဘလောက်တို့ ပြန်ပေါင်းထုပ် ကြလေသတည်း။


ပန်ဒိုရာ
၃၊၆၊၂၀၀ရ




Expand..

Saturday, June 2, 2007

Look!

See below.


And there is nothing.

Expand..

မြန်မာစာ




မြန်မာစာ

စာမကျေရင် အစာမကြေဖြစ်လိမ့်မယ်
ကြေအောင် ခြေလိုက်တော့
ချေချေငံငံဖြစ်သွားမယ်
ငန်ငန်ကိုဒီလိုရေးတော့
မျိုချမရလို့ ပြန်အန်ရလိမ့်မယ်
အံတယ်ဆိုတာကတော့ စာ
ဒါဆို စာအံတာ နဲ့ စာဖတ်တာ အတူတူ ဟုတ်လို့လား
ကဲ တူတယ်ပဲ ဆိုပါတော့
ဆိုပါတော့လို့ ပြောပြန်လည်း
“ဒီလိုဆိုပါတော့” ဆိုတာနဲ့ “ဒီလိုဖြစ်တယ်” ဆိုတာ တူသေးလို့လား
ဒါဆိုရင် “ဆိုတာ” ဆိုတာတွေ ထပ်သွားပြန်ပြီ
ဒီစာတွေနဲ့လုပ်စားနေပြီး
ဒီစာကိုတော့ မကျေချင်ဘူး ဆိုပါတော့
ဟော “ဆိုပါတော့” တစ်ခါပါလာပြန်ပြီ
ကဲ.. ဒီစာ ကိုယ်တိုင်ကိုက
ဒေါမာန်ပါပါ ရေးထားတဲ့ မောဒန်ကဗျာတစ်ပုဒ်။

ပန်ဒိုရာ

မှတ်ချက်။ မောဒန်ဟု တမင် စာလုံးပေါင်း ရေးမိပါသည်။


Expand..