မဘလောက် က မြန်မာ ဘလော့ဂါ ဖိုရမ်တွင် သူမ၏ဘလော့ဂ် ကို မိတ်ဆက်သည့် ပို့စ်တစ်ခု သွားတင်ထားသည်။ ဒါကိုကိုဖိုးရမ်က တွေ့သွားပြီး ဘာရယ်မဟုတ် လာလည်မိရာမှ မဘလောက် ၏ ပရိဿတ် ဖြစ်သွားကာ ဆီပုံးဟုခေါ်သော C Box ထဲတွင် အမှတ်တရ စာတစ်ကြောင်း နှစ်ကြောင်း အမြဲ ရေးသွားလေ့ရှိသည်။ မဘလောက်ကလည်း ကိုဖိုးရမ်၏ ဘလော့ဂ်ကို ပြန်လည်ပတ်သည့် အပြင် ကိုဖိုးရမ်ရေးလေ့ရှိသော ဖိုရမ်များတွင် သူမပါ ရီဂျစ်စတာ လုပ်ပြီး ၀င်ဖတ် ကြည့်ရင်း ကိုဖိုးရမ်၏ ပြောနိုင်ဟောနိုင် ဗဟုသုတ အရည်အချင်းများကို အထင်တကြီး သဘောကျ လာမိသည်။ ဒီလိုနှင့် အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်အကြောင်း တစ်ယောက်သိလာ အပေးအယူမျှလာသည်။ အခေါ်အဝေါ်လေးတွေက အစ “ကိုကိုရမ်” က “လောက်လေး” က ဟုကြင်ကြင်နာနာ ဖြစ်လာကြပြီ။ (မှတ်ချက်။ တိုတိုရန် မဟုတ်ပါ။ လောက်လေးခွ မဟုတ်ပါ။)
ဒီတော့လည်း ဒီလောက် လိုက်ဖက်ညီတဲ့ နှစ်ယောက် ဘလော့ဂေ့ဂ်ျ blogage လုပ်ကြပါလား ဟု ပတ်ဝန်းကျင်က တိုက်တွန်း လာကြသည်။ ( မှတ်ချက်။ အဓိပ္ပာယ် အနှစ်သာရ တနည်းအားဖြင့် ဆင်သယောင် ရှိသော်လည်း blockage မဟုတ်ပါ။) ဘလော့ဂေ့ဂ်ျ လုပ်ခြင်း ဆိုသည်မှာကား ဘလော့ဂါနှစ်ဦး ပူးပေါင်း၍ ပရော်ဖက်ရှင်နယ် ဘလော့ဂ် တစ်ခု ထူထောင်ခြင်းဖြစ်သည်။ မြန်မာဘလော့ဂါများကတော့ ဘလော့ဂ်ထောင်ကျခြင်း ဟုလည်း တင်စား ခေါ်ကြလေသည်။
အင်တာနက် လောကကြီး အရည်အသွေး တိုးတက်ရေးအတွက် ဘလော့ဂေ့ဂ်ျ လုပ်ခြင်းကို ပေါ်လစီအရ ကမ္ဘာနှင့်အ၀ှမ်း အလွန်အားပေးလေသည်။ ဘလော့ဂေ့ဂ်ျ လုပ်လိုပါက ဘလော့ဂါနှစ်ဦးသည် အင်တာနက်ဆိုင်ရာ ကုလသမဂ္ဂမှ တရားဝင် ယူအာအယ်လ် နှင့် ၀က်ပေ့ဂ်ျ ခေါ် အင်တာနက် စာမျက်နှာ တစ်ခု လျှောက်ထားရသည်။ သာမန် အပျော်ထမ်း ဘလောက်နေကြသော ဘလော့ဂါများသည် ယခုအခါတွင် အခမဲ့ ရသော အင်တာနက် စာမျက်နှာ များကိုသာ သုံးခွင့်ရလေသည်။ တာဝန်ယူမှုမရှိသည့်အတွက် တရားဝင် ပရော်ဖက်ရှင်နယ် စာမျက်နှာကို အင်တာနက်ဆိုင်ရာ ကုလသမဂ္ဂမှ သုံးခွင့်မပြု။ (ယုံချင်ယုံ မယုံချင်နေ။) ထို့ကြောင့် သူတို့၏ဘ၀မှာ မတည်ငြိမ်။ အာမခံချက်မရှိ ။ တစ်နေ့နေ့ ဆားဗစ်ပရိုဗိုက်တာ က ၀န်ဆောင်မှု ဖြတ်လိုက်လျှင် သွားပြီ။ အဲ.. တစ်ဖက်ကလည်း သူတို့ဘ၀က လွတ်လပ်သည်။ တာဝန်ယူမှု များမှ ကင်းသည်။ ကိုယ့်ဖာသာ ပုံမှန် ပို့စ်တင်ချင်တင် မတင်ချင်နေ။ ပြီးတော့ ကိုယ်ရေးချင်တာ လွတ်လပ်စွာ ရေးလို့ရသည်။
ဘလော့ဂေ့ဂ်ျလုပ်ထားသော ဘလော့ဂ်များကတော့ ဒီလိုမဟုတ်။ ပုံမှန်ဝန်ဆောင်မှု အပါအ၀င် ကြော်ငြာ အကျိုးခံစားခွင့်များပါ ရှိသော တရားဝင် နိုင်ငံတကာ အင်တာနက် အသိအမှတ်ပြု ပရော်ဖက်ရှင်နယ် အင်တာနက် စာမျက်နှာကို ကိုယ်ပိုင် ပိုင်ဆိုင်ခွင့် ရသည်။ အလွန်ဂုဏ်ရှိ ကာ တင့်တယ် တည်ငြိမ်သော ဘ၀ပါပေ။ သို့သော် တစ်လလျှင် ပို့စ်ဘယ်လောက် တင်ရမည်။ အဲဒီအထဲမှာ အင်တာနက် လောကကို အကျိုးပြုရန် နည်းပညာပို့စ်က ဘယ်လောက်၊ ဖျော်ဖြေမှုက ဘယ်လောက် စသည်ဖြင့် သတ်မှတ်ထားသည်များကို လိုက်နာရသည်။ ဘန်နာ ၊ တန်းပလိတ် များကို အချိန် ဘယ်လောက်ကြာလျှင် အပ်ပဒိတ် လုပ်ရန် ဆိုတာမျိုးက ရှိသေးသည်။ ကိုယ်သုံးမည့် အိုင်ပီအက်ဒရက်စ်များကို မှတ်ပုံ တင်ရခြင်း၊ ကိုယ်သုံးမည့် ကွန်ပျုတာနှင့် အီလက်ထရွန်းနစ် ဒီဗိုက်စ်များမှာ ဗိုင်းရပ်စ် ကင်းရှင်းကြောင်း ထောက်ခံစာယူရခြင်း၊ ဒါတွေက လိုသေးသည်။ ဒီလို ကော်မစ်မန့်ဆိုတာများ ကို ဘလော့ဂါ တစ်ဦးချင်း အနေနှင့်ဆိုလျှင် လိုက်နာနိုင်ရန် မလွယ်။ ဒါကြောင့်လည်း အတွေးအခေါ် မျှတကာ တာဝန်ခွဲဝေယူနိုင်ကြရန် အမျိုးသား အမျိုးသမီး ဘလော့ဂါနှစ်ဦးတို့ ပူးပေါင်းစေရခြင်း ဖြစ်သည်။ ဘလော့ဂေ့ဂ်ျ လုပ်ပြီးလျှင်တော့ တသက်လုံး မကွဲမကွာ ချစ်ချစ်ခင်ခင် သစ္စာရှိစွာဖြင့် ဘလော့ဂ်ကလေး ကို တိုးတက် စည်ပင်အောင် မောင်တစ်ကီး မယ်တစ်ကလစ် (မှတ်ချက်၊ 1 key, 1 click ကိုဆိုလိုသည်။) ဆောင်ရွက်ကြရလေသည်။
ဒီအထဲမှာ ဘလော့ဂါရိုက် ဆိုလားဘာလား၊ ဂေးဘလော့ဂါ လက်ဘ်ဘလော့ဂါတို့က ကျားကျားချင်း မမချင်း ဘလော့ဂေ့ဂ်ျ တော့ ဘာဖြစ်လဲ၊ သူတို့ကိုလည်း အသိအမှတ်ပြု အင်တာနက် စာမျက်နှာ ချပေးသင့်သည် ဆိုပြီး တစခန်းထကြသေးသည်။ အဲဒါတွေ အသေးစိတ် ပြောပြရလျှင် ဇာတ်လမ်းကို ရောက်တော့မှာ မဟုတ်။ ဒီတော့ ဇာတ်လမ်းကို ဆက်ပါမည်။
တိုတိုပြောရလျှင် မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ ဆိုတော့ ကိုဖိုးရမ်နှင့် မဘလောက်တို့ ဘလော့ဂေ့ဂ်ျလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ နာမည်ကြီးကြသူများ ပီပီ ကိုဖိုးရမ်နှင့် မဘလောက်တို့၏ ဘလော့ဂေ့ဂ်ျပွဲကြီးကား ပေါ့ပ်အပ်ပ်ပျံမကျ စည်ကား လှပေသည်။ ဖိုရမ်ရေးဖော်ရေးဖက် ဘလောက်ဖော်ဘလောက်ဖက် အားလုံး အင်တာနက် လုံးကျွတ် တက်ရောက် အားပေးကြသည်။ မြန်မာ ဘလော့ဂါသားများ စုပေါင်း လက်ဆောင်ပေးသော သီရိဘလော့ဂဟာ အမည်ရှိ ဘန်နာကြီးကလည်း လှပ ခန်းနားပေသည်။ ဖိုရမ်ရောင်းရင်းများ အထူးအော်ဒါ မှာပေးထားသော ဘက်ဂရောင်း ပန်းနုရောင် အသစ်စက်စက် ကလေးကလည်း တင့်တယ်ပေစွ။ ၀ိုင်းဝန်း ရေးသားထားသော ဘလော့ဂေ့ဂ်ျ ဆုတောင်းများမှာလည်း များပြားလွန်းသဖြင့် ဆီပုံးခန်းမကျယ်ကြီး ထဲတွင် ပြည့်လျှံသွားသည်။ နေနှင့်လ ရွှေနှင့်မြ ဆိုသလို အတွဲညီသူ ကိုဖိုးရမ်နှင့် မဘလောက်တို့ ပျော်တပြုံးပြုံး ဧည့်ခံရသည်မှာ စာရိုက်ရလွန်းသဖြင့် လက်များပင် ကိုက်ခဲလို့နေသည်။
အဲ.. နှစ်ယောက်ပိုင် ဘလော့ကမ္ဘာလေး တည်ထောင်စတော့ ကြည်နူးမဆုံးနိုင်။ ဘလော့ဂ်ကို စီမံခန့်ခွဲပိုင်ခွင့် admin access က နှစ်ယောက် နာမည် ကိုယ်စီဖြင့် ပုံသေ default လုပ်ထားသည်။ လော့အင် log in ၀င်ပြီး နှစ်ဦးတည်း ရေးသားတိုင်ပင်နိုင်ရန် အများမမြင်နိုင်သော အထူး ဆီပုံးကလေး ကတော့ သူတို့နှစ်ယောက် အတွက် သီးသန့်ကမ္ဘာလေးဖြစ်သည်။ တစ်နေ့တစ်နေ့ ဘာပို့စ်လေးတွေ တင်ကြမလဲ တိုင်ပင်ကြ။ ကိုဖိုးရမ်က ပို့စ်တစ်ခု ရေးပြီးလျှင် ဘာသာဗေဒ ကျွမ်းကျင်သူ မဘလောက်က စာလုံးပေါင်းတွေ စစ်ပေး သီချင်းလေးတွေ အမောပြေ ဖွင့်ပြနှင့် အရာရာသည် လမင်းသာသလို။ ဘလော့တစ်ခုလုံးလည်း စာနု ကဗျာနုလေးများ၊ သီချင်း ဓာတ်ပုံ ကလေးများ၊ နည်းပညာ အသစ်ကလေးများ လွှမ်းခြုံကာ ရောမန္တိက ဖြစ်နေလေသည်။ ကိုကိုရမ် နှင့် လောက်လေး တို့၏ ပျော်ရွှင်ဖွယ်ရာ ဘလော့ဂဟာလေးပေတည်း။
ဤသို့ဖြင့် ငါးလ ခြောက်လ ကြာလာခဲ့ပြီ။ တစ်ခါလာလည်း လော့အင်ဝင်ကာ ငြိမ်ငြိမ်ထိုင်ပြီး တန်းပလိတ်ပြင်ရ တစ်ခါလာလည်း လင့်ခ်တွေ အပ်ပဒိတ်လုပ်ရ ပို့စ်အသစ်ရေးရ ကွန်မန့်တွေကို ပြန်ရေးရ နှင့်ဆိုတော့ ဘလော့ဂ်တာဝန်တွေကို ကိုဖိုးရမ် ငြီးငွေ့စပြုလာသည်။ တနေ့တနေ့ ဘာပို့စ်တင်ရမလဲ ဆိုတာ တွေးရတာကိုက ဦးနှောက် ခမ်းခြောက်စ ပြုလာသည်။ ပြီးတော့ အရင်ကလိုလည်း မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် ပို့စ်တွေ တန်းတင်လို့မရ။ မတင်ခင် မဘလောက်ကို ပြရ၊ စာလုံးပေါင်းစစ်ရ၊ သဘောတူမတူ ညှိရနှိုင်းရ တာတွေကလည်း စိတ်ကျဉ်းကျပ်စရာ ကောင်းလေသည်။
အရေးထဲ ဖိုရမ်ထဲက အပေါင်းအသင်း တွေက
“ကိုဖိုးရမ်ကြီး ဘယ်လိုလဲဗျ။ ဘလော့ဂ်ထောင်ကျသွား ကတည်းက ဖိုရမ်တွေဘက် ခြေဦးတောင် မလှည့်တော့ပါလား။ ဧကန္တ မဘလောက်ကို ကြောက်ရတယ်နဲ့ တူတယ်။ ဟတ် ဟတ် ဟတ်..”
ဟု ဆီပုံးထဲ လာရေးကာတစ်မျိုး ပီအမ်ပို့ကာတစ်ဖုံ ပျက်ရယ်ပြု ခံရတာလည်း အောင့်သက်သက် နိုင်လှသည်။
ဒီတော့ တခါတခါ မယောင်မလည်ဖြင့် ဖိုရမ်တွေ ဘက်ကို ခဏဆိုပြီး လစ်ထွက်သွား တတ်သည်။ မဘလောက်က သြော် သူလည်းပျင်းမှာပေါ့လေ ဟု နားလည်စွာဖြင့် အစပိုင်းက ကြည်ကြည်သာသာ ခွင့်ပြု ခဲ့ပါသည်။ ဒါပေမယ့် တစတစ လေးလံလာသော ဘလော့ထိန်းသိမ်းမှု တာဝန်တွေ ကြားမှာ ကိုဖိုးရမ်က နမော်နမဲ့ အလျင်စလို လုပ်သွားသဖြင့် ပို့စ်အမှားများ အက်ဒစ် ပြန်လုပ်ရတာတို့။ နေရာပြန်ချရတာတို့က များလာတော့ နည်းနည်း ငြိုငြင်ချင်လာသည်။ အရင်ကလို ကိုကိုရမ် ဟုပင် ချိုချိုသာသာ မခေါ်နိုင်။
“တော့ ကဖိုးရမ် ရှင်ဟာလေ.. ပို့စ်တွေကို သေသေချာချာ သတ်ပုံမစစ်ဘူး ။ သြော်.. ဒီမှာလည်း ကြည့်စမ်းပါဦး တန်းပလိတ်မှာ ဖောင့်သွင်းတာ ကျန်ခဲ့ပြန်ပြီ။ ဒီနေရာမှာ မြန်မာစာ မပေါ်ဘူးရှင့်။ ကျွန်မက ဒီလို အသေးစိတ်တွေ ကအစ အကုန် လိုက်စစ် နေရတော့မှာလား..”
ကိုဖိုးရမ်ကလည်း တနေ့တနေ့ လော့ဂ်အင် ၀င်လိုက်တိုင်း မဘလောက်၏ ပူညံပူညံ မက်ဆေ့ခ်ျများကိုသာ တွေ့နေရတော့ စိတ်ပိန်လာသည်။ ဖိုရမ်တွေဘက်ကိုသာ အချိန်ရတိုင်း မျက်စိအေးအောင် သွားနေနေကာ အပေါင်းအသင်းများနှင့် တော်ကီပွားနေတော့သည်။
တစ်နေ့တော့ စောစောစီးစီး ဆီပုံးထဲမှာ မက်ဆေ့ခ်ျ တစ်ခုကို မဘလောက် သွားတွေ့သည်။
“ဦးရမ် …မောနင်း.. မီးက နှေးထစ်ဖိုရမ်မှာ တွေ့ခဲ့တဲ့ မီးမီးလေ။ မီးလည်း အခု ဘလော့ဂ်တစ်ခု လုပ်ထားတယ် သိလား။ ဦးရမ်က သိပ်တော်တာပဲနော်။ ဦးရမ် မီးဆီလာလည်ပြီး မီးကိုသင်ပေးနော်.. နော် ။”
မဘလောက် ယမ်းပုံမီးကျ ဖြစ်ရပြီ။ ဟင်း .. နှစ်ယောက်ပိုင် ဘလော့ဂေ့ဂ်ျ လုပ်ထားတဲ့ ဘလော့ဂ်ကိုများ သိလျက်နှင့် မိန်းကလေး အချင်းချင်းတော့ အကူအညီ မတောင်း။ အခုခေတ် ဘလော့ဂါမ ပေါက်စကလေးတွေများ ကဲကိုကဲသည်။
ခုတလော ကိုဖိုးရမ် ရေးထားသည့် ပို့စ်များကို လိုက်စစ်မိသည်။ အားလားလား..မမျှော်လင့်ပဲ ပို့စ်တစ်ခုအောက်မှာ သွားတွေ့မိသည်။ နည်းတဲ့ကွန်မန့် တွေမဟုတ်။ အပြန်အလှန် ရေးထားငြင်းထား ကြတာ ကွန်မန့်ပေါင်း တစ်ရာကျော်။ သေသေချာချာ ဖတ်ကြည့်လိုက်တော့ ဒင်းတို့က ဖိုရမ်ထဲမှာ အစာမကြေဖြစ်ခဲ့တဲ့ ကိစ္စတွေ ဒီမှာ ဆက်ငြင်းနေကြတာကိုး။ မဘလောက် တစ်ယောက်တည်း ဘလော့ဂ်ကမ္ဘာလေးတုန်းက ဒါမျိုး ဘယ်ရှိခဲ့မှာတုန်း။ အခုတော့ ရှုပ်ရှုပ်ယှက်ယှက် တော်။ ကိုဖိုးရမ် နောက်တစ်မှု တိုးပြန်ပြီ။
မဘလောက်တစ်ယောက် ကိုဖိုးရမ် လော့ဂ်အင်ဝင်လာမည့် အချိန်ကို ကလစ်တခေါက်ခေါက် နှင့် စောင့်နေသည်။ ကြာတော့ စိတ်တိုလာသည်။ ကိုဖိုးရမ် ရှိနိုင်မည့် ဖိုရမ်များကို လိုက်သွားပြီး လော့အင် ၀င်ကာ ပီအမ်တွေ ပို့ပစ်လိုက်သည်။
“ဦးဖိုးရမ်ရှင့်၊ ကိုယ့်ဘလော့ဂ်ကိုလည်း တစ်ချက်လောက်များ ပြန်လှည့်ကြည့်ပါဦး။”
ဟု ခပ်ငေါ့ငေါ့လေး ရေးလိုက်သည်။
ကော်ဖီရှော့မှာ ဆွေးနွေးနေတာ အရှိန်ကောင်းနေတုန်း ပီအမ်တွေက တဒိုင်းဒိုင်း ၀င်လာတော့ ကိုဖိုးရမ် စိတ်တိုသွားသည်။
“ကဲ လစ်လိုက်ဦးမယ်ဗျို့။”
ဒီလိုနှုတ်ဆက်တော့ ဖိုရမ်ရောင်းရင်း များက
“ဟတ် ဟတ် သိပါတယ်ဗျာ။ ပီအမ်စကြာ ရိုက်နေပြီဆိုတာ။ ကိုဖိုးရမ်ကြီး က အရင်ကလို စိတ်သွားတိုင်း ကိုယ်မပါ တော့ဘူးပေါ့”
ဟု လှောင်ကြသည်ကို တဟဲဟဲနှင့် သာ အံကြိတ်ခံလိုက်ရသည်။ တောက်.. လူကြားသူကြား မရှောင် ဖိုရမ်ထဲ အထိများ လိုက်လာရတယ်လို့။ မိန်းမတွေဟာ အလိုက်ကန်းဆိုးကို မသိဘူး။ တွေ့မယ်..။
ဒေါနှင့် မောနှင့် ဘလော့ဂ်ထဲကို လော့အင်ဝင်တော့ ပူညံပူညံ မက်ဆေ့ခ်ျတစ်ခုက စောင့်ကြိုနေသည်။
“တော့ ကဖိုးရမ်.. ရှင့်အရှုပ်ထုပ် တွေ ရှင်လာရှင်းပါဦး။”
“ဘာအရှုပ်ထုပ်လဲကွ။”
“ဒီမှာ ဆီပုံးထဲမှာ ကောင်မလေးတစ်ယောက်။ ပြီးတော့ ဒီပို့စ်အောက်က ကွန်မန့်တွေ။ ကျွန်မရှင့်ကို ပြောတယ်။ ဖိုရမ်ထဲက ကိစ္စတွေ ဘလော့ဂ်ကို သယ်မလာပါနဲ့လို့။ ဟင်.. ဒါတွေ ရှင်ဘယ်လို ရှင်းမှာလဲ။”
“ဟ.. ဖိုရမ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဗဟုသုတဖလှယ်ရာ။ မိတ်ဆွေဖွဲ့ကူညီရာ။ ဆွေးနွေးတယ်ဆိုတာ အရေးကြီးလာတဲ့အခါ ဘလော့ဂ်ထဲပါရင် ပါလာမှာပေါ့။ ငါအရင်ကတည်းက ဖိုရမ်ကို အဓိက ရေးလာခဲ့တာ မင်းမသိဘူးလား။ ဟင်…”
“သြော် အရင်ကကိစ္စ လာမပြောနဲ့လေ။ အခုကိုယ့် ဘလော့ဂ်ရယ်လို့ အတည်တကျ ဖြစ်လာတော့မှ ဒီလို လတ်လျားလတ်လျား လျှောက်သွားနေစရာလား.. တော့ ကဖိုးရမ်ရဲ့..”
“သြော်.. မင်းကရော ဘာထူးလို့လဲ။ တစ်နေ့တစ်နေ့ မိုးလင်းလာရင် မျက်စိနှစ်လုံး ပွင့်မယ်တောင် မကြံသေးဘူး။ ဘလော့ဂ်တကာ ဆီပုံးပေါက်စေ့ လိုက်လည် အရည်မရ အဖတ်မရတွေ လိုက်ရေး။ ငါမသိဘူးများ မှတ်နေသလား။”
“ရှင်.. ဒီလိုမပြောပါနဲ့။ ဒါက လူမှုဝတ္တရားရှင့်။ ရှင်သာ ကိုယ့်တာဝန်မကျေတဲ့သူ။”
တာဝန်..။ ဒါကတော့ ယောင်္ကျားမာနကို ထိပြီ။ လွန်လာပြီ။
“ဟေ့ ငါ့လောက် တစ်လတစ်လ သတ်မှတ်ထားတဲ့ပို့စ်ကို ပြည့်မီ ကျော်လွန် ပြီး တာဝန်ကျေတာ ငါပဲရှိတယ်ကွ.. မင်းလက်ထဲ ငါရေးသမျှ အကုန်အပ်တာပဲ။ မင်းဒီလိုစကား မပြောပါနဲ့။”
“သြော်.. ဘာရေးရေး ရှင်တလွဲတချော်လုပ်ထားတာတွေ ကျွန်မက လိုက်လိုက် ပြင်ပေးနေရတဲ့ အချိန်တွေကိုလည်း ထည့်တွက်ဦးမှပေါ့။”
“ဟေ့ ယောင်္ကျားလေးကွ အဲဒီလောက် အသေးစိတ်တွေ အာရုံစိုက်မနေနိုင်ဘူး။”
“ဒါပေါ့.. ဒါပေါ့.. ရှင့်အာရုံတွေက ဘလော့ဂ်ထဲမှာမှ မရှိပဲ။ ဖိုရမ်ထဲက ဟာတွေ ဆီမှာပဲ ရောက်နေတာကိုး။”
“ဟေ့ ငါ့ကိုပြောရင်ပြော။ ငါ့ အပေါင်းအသင်း တွေကို ဆွဲမထည့်နဲ့ကွ။”
ခက်ကပြီ။ ကွန်ပြူတာအသစ် မောက်စ်ကလေးမှ ဂျီး (ကြေး) မတက်ခင် ဒီဘလော့ဂေ့ဂ်ျတစ်ခု အပျက်အပျက် နဲ့ နှာခေါင်းသွေးထွက် ဆိုသလို ဖြစ်ကြတော့မှာလား။
တိုက်ပွဲက ပြင်းထန်လာသည်။ ကိုယ်ပိုင် ပရိုက်ဗိတ်ဆီပုံးမှာသာမက အပြင်က ဆီပုံးထဲကိုပါ လျှံကျကုန်သည်။ စိတ်ကြီးသူနှစ်ဦးဆိုတော့ ဘလောက်နီးနားချင်းတို့လည်း ၀င်မပြောရဲ။ အသာလေး ဘေးကသာ အရိပ်အခြည် စောင့်ကြည့်နေရသည်။
နောက်ဆုံးတော့ နှစ်ယောက်စလုံး ၀ုန်းဒိုင်းနှင့် လော့အောက်လုပ်ကာ သီရိ ဘလော့ဂဟာလေးထဲက အသီးသီး ထွက်သွားကြတော့သည်။
တစ်ရက်.. နှစ်ရက်.. သုံးရက် တောင် ကြာခဲ့ပြီ။
မဘလောက် တစ်ယောက် လော့အင် မ၀င်သော်လည်း ကိုယ့်ဘလော့ဂ်ကလေးကို ရစ်သီရစ်သီ လာချောင်းဖတ် နေမိသည်။ ပို့စ်အသစ် မရှိသော ဘလော့ဂ်ကလေးကတော့ ခြောက်ကပ်လို့နေသည်။ ကြည့်ရတာ ကိုဖိုးရမ်လည်း ဒီကြားထဲ တစ်ခါမှ လော့အင်မ၀င်ဘူးထင်ပါရဲ့။
ဒီလို စဉ်းစားမိတော့ ကိုဖိုးရမ်နှင့် တွေ့စကာလများကို မြင်ယောင်လာမိသည်။
အို.. တွေ့စ ကာလတွေကများ နည်းပညာအသစ်တစ်ခု ရလာလျှင် သူ့ဘလော့ဂ်မှာတောင် ပို့စ် မတင်ရသေးခင် ကိုဖိုးရမ်တစ်ယောက် လာလာပြောခဲ့ပုံ။ မဘလောက် မလုပ်တတ်လျှင် ၀င်ပြင်ပြင် ပေးလိုက်ရတာက အမော။ မနက်မနက် ဆိုလျှင်လည်း သူများထက်ဦးအောင် ဆီပုံးထဲ လာလာ နှုတ်ဆက်ရတာက တမျိုး။ မဘလောက် ကြိုက်တတ်သည့် ပန်းပွင့်ပုံ ရှုခင်းပုံ လှလှကလေးများ ရလာလျှင် ပိုးကြေးပန်းကြေး လာလာပေးရသည်က တဖုံ။ စောင်းမြောင်းကာ ကဗျာတွေ စပ်ရသည်ကတော့ မရေမတွက်နိုင်။ ဒါတွေကို တစိမ့်စိမ့်တွေးမိတော့ ကွန်ပြူတာ စခရင်ပေါ်မှာ တရေးရေး မြင်ယောင်လာသည်။ အင်း သူ ငါ့အပေါ်မှာ ကောင်းခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်လေ။ ငါကိုယ်တိုင် ကိုက ဘလော့ဂေ့ဂ်ျ လုပ်ပြီး တော်တော်လေးကြာတော့ သူ့ကို အရင်လို ပျော်ရွှင်အောင် ထားဖို့ တာဝန်တွေကြားမှာ မေ့လျော့ နေခဲ့တာပဲ။
ခုချိန်ဆို သူဘယ်ရောက်နေမလဲ။
ကြည့်နေရင်း ရီဖရက်ရှ် တစ်ခါလုပ်လိုက်တော့ မြင်ကွင်းကပြောင်းသွားသည်။ အို.. ရောင်စုံပန်းခင်းကြီးထဲ လိပ်ပြာလေးတွေပျံဝဲ နေကာ ရေတံခွန်ကြီး တသွင်သွင်စီးကျနေပုံနှင့် ဘက်ဂရောင်း အသစ်ဖြစ်နေပါပေါ့လား။
ဒါဆို သူ လော့အင်ဝင်ပြီး အထဲမှာ ပြင်ဆင်နေတာပေါ့။ လိုက်ဝင်ရရင် ကောင်းမလား။ အကောင့်နာမည်နှင့် ပတ်စ၀ပ် ကို ရိုက်ထည့်လိုက်သည်။ လက်ညိုးကလေးက မောက်စ် ပေါ်မှာ တင်ချည် ချချည်။ အဲရိုး ကာဆာ လေးက ကွန်ပြူတာ စခရင်ပေါ်မှာ တုန်ခါလို့ နေသည်။ နောက်ဆုံးတော့ ကလစ်နှိပ်ချလိုက်သည်။
မဘလောက်နာမည် အစိမ်းရောင်လေး လင်းလာသည်။ နှစ်ဦးပိုင် ဆီပုံးလေးထဲမှာ ကိုဖိုးရမ်၏ စာကြောင်းကလေးတစ်ခု မရဲတရဲ ပေါ်လာသည်။
“ဟဲလို”
မဘလောက် ဘာမှ ပြန်မရိုက်ပဲ ကြည့်ရုံသာကြည့်နေမိသည်။ နည်းနည်းကြာတော့ စာတစ်ကြောင်း ပေါ်လာပြန်သည်။
“တန်းပလိတ် အသစ်တစ်ခု လာတပ်နေတာလေ။”
မဘလောက် ထံမှ စကားပြန်မလာ။ ကိုဖိုးရမ် ရေးသော စာလုံးလေးတွေ ထပ်ပေါ်လာပြန်သည်။
“ကိုယ် ပို့စ် အသစ်တွေ ရေးထားတယ်။ သတ်ပုံတွေလည်း အကုန်စစ်ပြီးပြီ။ ဘယ်တော့ တင်လိုက်ရမလဲဟင် လောက်လေး။”
ကိုဖိုးရမ် ရပ်လိုက်ပြီး ဆီပုံးကို အသက်မရှုတမ်း စောင့်ကြည့်နေသည်။ တအောင့်ကြာတော့ မှ စာလုံးလေးတွေ ပေါ်လာသည်။
“အို.. နေပါဦး ကျွန်မ တစ်ခေါက် ထပ်စစ်ပေးဦး မှာပေါ့။”
ယိစ်… ကိုဖိုးရမ်စိတ်ထဲက အားရပါးရ အော်ပစ်လိုက်လေသည်။
ဤသို့ဖြင့် ကိုဖိုးရမ် နှင့် မဘလောက်တို့ ပြန်ပေါင်းထုပ် ကြလေသတည်း။
ပန်ဒိုရာ
၃၊၆၊၂၀၀ရ
19 comments:
မပန်ကြီးရယ် ပေါက်ပေါက်ရယ်တဲ့ရှာရှာ.. တိုတိုရမ်နဲ့ လောက်လေးတဲ့ ခွစ်ခွစ်.. နောက်ထပ်တူတို့ မှာ ဆီဗုံးလို့ခေါ်တဲ့ ဘေဘီလေးတွေမွေးပေးနော်.. ကွိကွိ
ဒါတွေပြောတာပေါ့... ကီးဘုတ်ရိုက်ရာ စာဖြစ်တယ်ဆိုတာ.. :P
ဒါနဲ့စကားမစပ် အနော်တို့ နှစ်ယောက်လည်း ဘလောက်အေ့ခ်ျ လုပ်ကျမလို့ကူညီးအုန်းနော်.. ကွိကွိကွိကွိက
ပန်ပန်တို့တော့ လုပ်ချလိုက်ပြန်ပြီ။
ကိုဖိုရမ်နဲ့ မဘလောက်တဲ့။ ဘယ်သူ့စောင်းပြောသလဲတော့သိဘူး။
ဉာဏ်မမီတော့ မတွေးတတ်ဘူးရှင့်။
ဘာပဲဖြစ်ဖြစ် အရေးညက်တော့ ဖတ်လို့ကောင်းမှကောင်း။ ရယ်လိုက်ရတာ … ။
ပန်ပန်တို့ ကလောင်စွမ်းထက်ပါပေ့။
ဆရာကြီး တက်တိုးကပြောခဲ့တယ် စာကောင်းပေကောင်းတို့မည်သည် ဖတ်လိုက်ရသူအဖို့ ငါ့အကြောင်းလား သူ့အကြောင်းလား ဟု ထင်သွားစေသည်တဲ့။ ပန်ဒိုရာလည်း စာကောင်းပေကောင်းများ ဖြစ်မလားလို့ အဲဒီကတည်းက ဟိုစောင်းဒီမြောင်း ရေးလာလိုက်တာ။ အဲလေ.. ဟုတ်ပါဝူး.. မည်သူ့ကိုမှ မရည်ရွယ်ပါ.. တိုက်ဆိုင်မှုရှိကခွင့်လွှတ်ပါလို့.။ ဟတ်ဟတ်
သိပ်သိပ်ကောင်း ရီရတယ်ဗျို့ ။
အောင်ညလေး.. ဘလောဂ်အေ့ခ်ျ လုပ်ရတာ မလွယ်ပါလားနော် ။
ဘာညာ.. ငါ့ညီမ.. ချိတ်ကူးမလွဲနဲ့နော် အဟတ် ။
တကယ်ဗျာ.. ပမန်ဒိုရာ.. ဟားဟား.. ရယ်ရတယ်
ပေါက်ပေါက်နဲ့ ရှာရှာ ဗျာ..
နတ်ဆိုး
ဘလောဂ်အေ့ခ်ျလုပ်ချင်တယ်ဗျိုး.... မကြီးပန်..ကူညီပေးပါ... ဟီးဟီး
နှစ်ထပ်ရှိ မှတ်မိဆိုသလို.. နောက်တစ်ခေါက်လာထပ်ဖတ်တာ...။ အရမ်းကောင်းတယ်။ အရေးအသားညက်တယ်။ ဇာတ်သိမ်းလေးလည်း လှတယ်...။ မကြီးပန်က တကယ့်စာရေးဆရာမကြီးပဲဗျ...။
ကျွန်တော် တော် တော် သဘော ကျ တယ်ဗျ..။ ဆရာ မင်း လူ ရဲ့ တပည့် လား ပန် ဒိုရာ ... =)
Hi sis pan,
A very good longitudinal thinking on advanced www technology. Carry on! :p
ကျွန်တော့် အနေနဲ့  တော့ ဒီ စာက ဟာသ သက်သက်ထက် Virtual သမိုင်းတစ်ခု ပေါ်မှာ အရှိန်နှင့် စီးဆင်းစပြု နေပြီ ဖြစ်သည့် မြန်မာ ဘလော့(ဂ) ရေးသူ များ ၏ ဖြတ်သန်းနေရသော ခေတ်တစ်ခေတ် ကို ပေါ့ပေါ့ပါး ပါးရေးချက် နှင့် မှတ်တမ်းတင်ထား သည့် တန်ဖိုးရှိသည့် စာကောင်း တစ်ခု လို့ မြင်ပါသည်။
အဆုံး က ယိ(စ်) ဆိုတဲ့ လေသံ လေး ကတော့ စာကောင်းတွေ တင်ဆက်နေတဲ့ ကိုစေးထူး ရဲ့ ဘလော့(ဂ) ကို ဖျတ်ခနဲ မြင်ယောင်မိပါတယ်
azure ရေ... မပန်က ဆရာမင်းလူ့ တပည့်မဟုတ်ဘူး၊ ဆရာမင်းလူက မပန့်ရဲ့ တပည့်။ (ဟီး... ဒီတစ်ခါက အသားလုံးကြော် မျက်နှာ...)
မပန်ရေ... ဒီစာဖတ်ပြီး ကြားဖူးတဲ့စကားလုံးတစ်ခုနဲ့ ယှဉ်လို့ ဟောဒီ စကားလုံး ခေါင်းထဲပေါ်လာတယ်...
"'ချက်ကျ လက်ကျ ပေါက်ကရ' ရေးခြင်း၏ အနုပညာ" တဲ့...
=) ပြောင်မြောက်ပါပေတယ်ဗျာ၊ (အသားလုံးကြော် ကျန်သေးလားဗျို့။ :D)
ဟီးဟီး တစ်ကယ်ရီ ရတယ်။ :P
ဘယ်လို ကျော်သွားလဲ မသိဘူး၊ အခုမှ ဖတ်မိတယ်။ ဖတ်လို့ ကောင်းလိုက်တာ မပန်ဒိုရာရယ်။ ကျွန်တော်တို လင်မယားကို စောင်းပြောနေသလိုပဲ။
အထက်မှာ ``စာကောင်းပေကောင်းတို့မည်သည် ဖတ်လိုက်ရသူအဖို့ ငါ့အကြောင်းလား သူ့အကြောင်းလား ဟု ထင်သွားစေသည်´´ လို့ ဆိုထားတဲ့ အတိုင်းပါပဲ။
စာရေးရာတွင် အကျင့်ခြင်း တူတယ်လို့ ထင်တယ်။
တော်တော် သဘောကျပါသည်။
ဒီနေ့မှ သေချာ ၀င်ဖတ်ဖူးတာ
ကိုဖိုးရမ် မဘလောက် တို့ကို စိတ်ထဲတွင်
မြင်လာပါသည်။
ကျွန်တော်က Jokes နဲ့ Satire တွေကို
ခုံမင်သူ ဖြစ်ပါသည်။
ကျွန်တော့ Satire တွေကို လာဖတ်ပြီး
ဝေဖန်ပေးစေလိုပါသည်
မပျော်နေတဲ့စိတ်တွေပြုံးသွားလို့..ကျေးဇူးပါဗျိုး..တနှစ်စာပြောထားမယ်..တကယ်ကောင်းတယ်
ကောင်းလိုက်တဲ့ ဝတ္တုတို အဲ ဟုတ်ပါဘူး ဘလောက် ။ ရေးထားတာကကြာပြီပဲ ကျွန်တော်ဖတ်တာနောက်ကျနေပြီ။ နောက်ထပ်တင်ပေးဦးနော်။
ပေါ့ပေါ့ပါးပါး ရေးထားတာကို
အားကျသွားပါတယ်။
ရေးတက်လိုက်တဲ့ ကတွတ်ပီ လို့ ပြောရမလိုဖြစ်နေဘီဗျ။
အဟေးးး..
အတွေးကောင်းအရေးကောင်းနော်..
ဖတ်လို့အရမ်းကောင်းတယ်..
“ကိုဖိုးရမ် မဘလောက်” နာမည်ပေးထားပုံလေး ကတော့ မိုက်မှမိုက်.. ဒီ Post လေးလာဖတ်ဘို့ ဖိတ်ခေါ်လို့လည်း ကျေးဇူးအထူးပါ.. ပျော်ရွှင်တတ်သူချင်းမို့ ခင်မင်မိပါတယ်..
အနော်နဲ့ ခင်လေး Blog အတူလုပ်ဖြစ်ပုံ Post လေးတော့ ဖတ်ပြီးသွားပြီထင်တယ်.. :P
နောက်လည်း အမြဲလာဖတ်မယ် လာပြုံးမယ်.. Link ထားလိုက်မယ်..
ပျော်တတ်တဲ့
(ကိုရင်နော်)
Post a Comment