Sunday, September 16, 2007

နှင်းရည်စက်လက်နဲ့ပုရစ်ဖူးလေး

နှင်းရည်စက်လက်နဲ့ပုရစ်ဖူးလေး

ဒီပို့စ် ဟာ ပို့စ် ၁၀၀ မြောက် ဖြစ်ပါတယ်။ ပို့စ် ၁၀၀ မြောက်မှာ ဘာရေးမလဲ စဉ်းစားလိုက်တော့ ကိုယ့်အကြောင်းပဲ ကိုယ်ရေးချင်နေပါလား။ တကယ်တော့ လူတွေဟာ ကိုယ့်အကြောင်းပဲ ကိုယ်စဉ်းစား၊ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်ချင်ကြသူတွေချည်းပဲလို့ ထင်မိတယ်။ တစ်ခုပဲ။ ကိုယ့်အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ချင်တယ်။ အေးအေးချမ်းချမ်း လုပ်ချင်တယ်။ ပွင့်ပွင့်လင်းလင်း လုပ်ချင်တယ်။ အဲဒါလေးပါ။ တချို့လူတွေအတွက်ကျတော့ အဲဒါလေး ဆိုတာကလည်း.. အဲဒါလေး ဆိုတာကိုတောင် .. အင်း….။

အခု စက်တင်ဘာလ တဲ့။ မြန်မာပြည်မှာဆို မိုးအကုန် ဆောင်းအကူးကို မကြာခင် ရောက်လုပေါ့။ ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ နှင်းငွေ့တထောင့် မိုးတမှောင့် ကို သတိရလာတယ်။ နေမင်းကြီးကိုတောင် ရောင်ဝါမထွန်း ချမ်းရှာလွန်း၍ ဆိုတဲ့ မဲဇာတောင်ခြေရတုက အဖွဲ့ကလေးတွေကို သတိရလာတယ်။ မြောက်လေအပြန် ဟေမာန်ဆောင်းရာသီ တဲ့။ အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ရာသီ တဲ့။ ဆောင်းအမီ သီချင်းကို သတိရလာတယ်။ သတိရစရာတွေကတော့ အများကြီးပဲ။ ရင်ထဲကို ဆောင်းရာသီ ရောက်လာတယ်။ ဆောင်းနဲ့ပတ်သက်လို့ ဒီကဗျာတိုလေး တစ်ပုဒ်တော့ ရေးခဲ့ဖူးတယ်။

“Winter”
Yes, it comes and goes.
But .....
.......
.......
it snows.

ဆောင်း.. မြန်မာပြည်ကဆောင်း.. ရာသီသုံးမျိုးရှိတဲ့ ချစ်စရာ့ အမိမြေမှာ ကိုယ်ကြုံဖူးတဲ့ ဆောင်းဟာလေ snow လို့ခေါ်တဲ့နှင်းပွင့်တွေ အဖတ်အဖတ်ကျ ခြေဖျားလက်ဖျားတွေ အေးခိုက်ကျင်ခဲနေအောင် ဆောင်းပီတဲ့ ဆောင်းရင့်ရင့်တော့ မဟုတ်ဘူးကွယ်။ မနက်လင်းရင် မြူတွေဝေ့လို့ နှင်းစက်လေးတွေက မြက်ပင်အဖျားမှာ သီးလို့ ရောင်စုံပန်းကလေးတွေ လန်းလို့ မြမြကလေး ချမ်းတဲ့ဆောင်း။ ဆောင်းဖြစ်ရုံလေး ဆောင်းတဲ့ ဆောင်း။ ကဗျာဆန်တဲ့ ဆောင်း ပေါ့..။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလတစ်ခုကတော့ ချမ်းချမ်းစီးစီး ဒီဇင်ဘာလရဲ့ နံနက်ခင်းတစ်ခုမှာ အားကစားစွပ်ကျယ်လက်ပြတ်လေး ၀တ်ထားတဲ့ ကလေးမလေး တစ်ယောက်ဟာ ထိုင်ခုံရှည်တစ်ခုပေါ်မှာ ခိုက်ခိုက်တုန်နေတယ်။ … သမီးက လူကောင်လေးသေးတယ်။ အရန်ထဲမှာပဲ ပါနော် … တဲ့။ အတန်းဖော်တွေနဲ့ ယှဉ်ရပ်ရင် သူတို့နားရွက်ကျော်ကျော် လောက်ပဲ ရှိပြီး သေးကွေးပါးလျတဲ့ သူ့ခန္ဓာကိုယ်လေးကို အားမရစွာကြည့်ရင်း စိတ်စောနေရှာတယ်။ အနွေးထည်ဝတ်ထားရင် သူ့ကိုခံနိုင်ရည်မရှိ အားနည်းတယ် ထင်ကြမှာစိုးလို့တဲ့။ အကျီလက်ပြတ်ကလေးနဲ့ အားတင်းနေပြီး အုပ်ချုပ်သူဆရာကိုသာ မျက်လုံးချင်းဆိုင်အောင် လိုက်ကြည့်နေတော့တာပဲ။ ဟော.. လူစားလဲမယ်တဲ့။ ခေါင်းကိုမော့ထားမိတယ်။ သူ မပါရပြန်ဘူး။ အဲဒီလို ဆောင်းနံနက်ခင်းမှာ လက်ဖ၀ါးတွေ ရဲနေအောင် တီးလိုက်ရတဲ့ လက်ခုပ်သံတွေရယ်.. အသံတွေပြာဝင်သွားအောင် အော်ဟစ်ခဲ့ရတဲ့ ဟစ်ကြွေးသံတွေရယ်.. ကိုယ်တိုင် တစ်စက်မှ လှုပ်ရှားခွင့်မရလိုက်ပဲ အောင်ပွဲခံသွားတဲ့ အားကစားအသင်း တစ်ခုရယ်.. ။

ရာသီစက်ဝိုင်းကတော့ တစ်ပတ်ပြီး တစ်ပတ် လည်နေတာပဲလေ။ ဆောင်းရယ် နှင်းရယ် အေးမြတာ သန့်စင်တာချင်းရယ် သူရယ် အတူတူပါပဲကွယ် ဆိုတဲ့ နှင်း။ နှင်းကလေးတွေမှ ဟုတ်ရဲ့လားလို့ သံသယတောအလယ် မောရတဲ့ နှင်း။ အဲဒီ နှင်းတွေကတော့ တက္ကသိုလ်မှာ တကယ့်ကို ဝေခဲ့ဖူးတယ်နော်။ နေရောင်လာတော့ နှစ်သိမ့်ရုံလေး ဝေနေတဲ့ နှင်းတွေ ကသုတ်ကယက် နှုတ်ဆက်ပြေးခဲ့။ ဆောင်းတွင်းအိပ်မက်တွေရယ် မနိုးချင်လည်း နိုးခဲ့ရတယ်။ မလင်းစေချင်လည်း နေ့ရောက်ပြီမို့ နေရောင်လင်းလင်းအောက် ဆက်လျှောက်… တဲ့….။

အခု ကိုယ်ရောက်နေတဲ့ နေရာလေးတစ်ခုမှာဖြင့် ဆောင်းလည်း မရှိပါလားကွယ်။ ညစ်ညမ်းမီးခိုး မဟုတ်တဲ့ မြူသန့်သန့်တွေ ဘယ်မှာလဲ။ မြောက်ပြန်လေရှရှ ဘယ်မှာလဲ။ သစ်ရွက်ဖျားမှာ ခိုတွဲနေတဲ့ နှင်းရည်စက်တွေ ဘယ်မှာလဲ… ဟင်။ လှပတဲ့ တိုက်တာတွေ ခန်းနားတဲ့ အဆောင်အယောင်တွေ ပြည့်နှက်နေတဲ့ ဒီနေရာမှာ တနှစ်ပတ်လုံး တသမတ်ထဲ ရာသီဥတု ဖြစ်လို့ ဆောင်းစိမ့်စိမ့်ကလေးကို ရှာဖွေမတွေ့ဖြစ်ခဲ့တယ်။

ဒီတော့လည်း စိတ်ကူးထဲက ကဗျာမပီ စာမပီတွေရယ် နှင်းတွေလို သိပ်သိပ်ဖွဲဖွဲ သွန်းချမိပြန်တယ်။ နှင်းနှင်းချင်းမို့ နှင်းတွေကို ထွင်းဖောက်မြင်လေရော့သလား။(ကို) နှင်းခါးမိုး ကတော့ ဒီနေရာမှာ ဒီလိုမှတ်ချက်ချခဲ့တယ်။

“ရေးသူက ပြောမလို ပြောမလိုလုပ်ပြီးမှ ဘာကို ၀ှက်ဝှက်သွားတာလဲ။ ဘာ့ကြောင့်လဲ။

တခါတခါကျတော့လည်း နှင်းတွေမှုန်ဝေနေတာ နေရောင်လင်းလင်းထက် မနက်ခင်းကို ပိုလှစေတယ်မဟုတ်လား။

နှင်းရည်စက်လက်နဲ့ ပုရစ်ဖူးကလေးတွေ ကဗျာရေးသူရဲ့ ရှင်သန်နေတဲ့မျှော်လင့်ချက်၊ မျှော်လင့်ချက်ရဲ့ ရှင်သန်ခြင်းထဲမှာ လူးလွန့်နိုးထလာမယ်လို့ ယုံမိတယ်။ ကြည်လင် လန်းဆန်းပါစေ။”


ဖျော့တော့တဲ့ ဆောင်းတစ်ခုကဖြင့် မနက်ခင်းကို အလှဆင်ဖို့ နှင်းမှုန်ဝေပေးမိတာလား။ ကြည်လင်လန်းဆန်းခွင့် မရသေးလို့လည်း ၀ှက်ထားမိတာလား။ ဒီကဗျာနဲ့ မှုန်ဝါးဝါး ဖွင့်ဆိုမိပြန်တယ်။

နှင်းရည်စက်လက်နဲ့ပုရစ်ဖူးလေး

ပွင့်လင်းခွင့်မရသေးဘူး
မျက်တောင်မှေးစင်းစင်းနဲ့
ချမ်းချမ်းမြမြ မနက်ခင်းရယ်
မြောက်ပြန်လေအဝှေ့ ယိမ်းကနေတဲ့
ဆောင်းငွေ့တွေကရီရီဝေေ၀
မရဲတရဲအလှနဲ့ ၀ိုးတ၀ါးပြုံးနေရှာတယ်
တိမ်တိုက်တွေကသနားလို့ထင့်
နေလုံးကြီးကိုအားတင်းဝှက်ကာပေးတယ်
အခြေအနေတွေရယ်
အချိန်အခါတွေရယ်
သက်ပြင်းထဲတောင် မြူတွေဆိုင်းလို့
အမြင်အာရုံမရှင်းမလင်းကြား
ပြာပြာအက်အက် ခိုက်ခိုက်တုန်နေ
အဲဒါ သက်သက်ကလေး ခါးနေတဲ့ ဆောင်းဦး ပေါ့
ပွင့်လိုက်တော့ ပွင့်လိုက်တော့..တဲ့
ပန်းပွင့်ရောင်စုံတွေက ခေါင်းထောင်လို့
နှင်းပွင့်လေးတွေ ကတော့ ဖူးဖူးငုံနေဆဲ။


ပန်ဒိုရာ


(အဉ္ဖလီ က ဆောင်းရာသီ အကြောင်းရေးပါလို့ တက်ဂ်ထားခဲ့တယ်။ အဲဒါကို ရေးတယ်လို့ပဲ သဘောထားချင်လည်း ထားလိုက်တော့နော်။)

16 comments:

kay said...

အင်..ကိုယ့်အကြောင်းရေးတော့မယ်ဆိုလို့...စပ်စုမလို့..ဖတ်လိုက်တာ..ဘာမှလည်းမပါဘူး။ (ငယ်ငယ်တုံးက..ပိန်ပိန်လေးဆိုတာပဲ သိလိုက်ရတယ်)

အိုကေ..ရာပြည့်ဘလော့အတွက်..ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဆက်လက်ရေးနိုင်ပါစေ။ ဆက်လက်ရေးကြပါစို့၊

Anonymous said...

နှင်းသိပ်ကြိုက်တဲ့ ဂျစ်အတွက် .. နှင်းအကြောင်းဖွဲ့ ဆိုထားတာလေး ခံစားသွားတယ် ။

မပန်ရဲ့ ပို့စ် တစ်ရာပြည့်မှ.. နောင် ပို့စ်ပေါင်းများစွာ အဓိပ္ပါယ်ပြည့်နေမှာ ယုံကြည်ထားပြီးသားပါ ။

ချစ်တဲ့
ညီမ ဂျစ်

Chit Lay Pyay said...

မပန်ရဲ့ ပို့စ် တစ်ရာပြည့်ကို အားပေးသွားပါတယ်၊ လေပြေကိုယ်တိုင်က ဆောင်းတွင်း ချမ်းချမ်းစီးစီးမှာမွေးလို့ လားတော့ မသိဘူး၊ ဆောင်းရာသီထဲက လတွေကို ပို ချစ်တယ်၊ ပြီးတော့ အလွန်အေးတဲ့ရာသီ၊ အလွန်ချမ်းတဲ့ ရာသီ ဆိုတဲ့ သီချင်းကို လဲ သိပ် သိပ်ကြိုက်တာ၊ မပန်က ၅ ရက်လောက် ပို့စ်မတင်ပဲနားမယ် ဆိုပေမယ့်၊ အကျင့်ပါနေကျ လက်က အင်တာနက်သုံးဖြစ်တိုင်း အနဲဆုံး သုံးကြိမ်လောက် ၀င်ဝင်ကြည့် ဖြစ်နေတဲ့ အကျိုးကြောင့် မပန်ရဲ့ ပို့စ် တရာပြည့်ကို အားပေးခွင့်ရသွားပါကြောင်း၊ မပန်တစ်ယောက် ပို့စ်ရာပြည့်မှ သည် ပို့စ်ပေါင်း ထောင်ပြည့်၊ သောင်းပြည့်၊ သိန်းပြည့်၊ သန်းပြည်တဲ့ အထိ အားပေးခွင့် ရအောင်လို့ မပန်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစလေးတွေ အဆင်ပြေ ချောမွေ့ပြီး ပို့စ်များများရေးနိုင်ပါစေ လို့ ဆုတောင်းပေးတယ်နော်၊

hnin said...

Ma Pan!!!
Nice post. I so like this post and also love snow. May you be always happy.
Best Wishes
hnin

Layma said...

မပန်အကြောင်းဆိုလို့  သေသေချာချာဖတ်…ငါများမျက်စိရှမ်းသလားဆိုပြီး…ထပ်ဖတ်…ပိန်ပိန်လေးဆိုတာပဲ ခြေရာခံမိလိုက်တယ်… မနေနိုင်လို့ မှတ်ချက်ရေးမလို့ ကြည့်လိုက်တော့ မကေလဲ ဒါပဲသိလိုက်တယ်ဆိုတော့ အားမငယ်တော့ဘူး …။ ၁၀၀ ပြည့်သွားတဲ့ အရီးပန်ရဲ့ ပို့ စ်လေးတွေ အတွက် ဂုဏ်ပြုပါတယ်… အများကြီးထပ်ရေးနိုင်ပါစေ … လေးမ ပါတဲ့ဇာတ်လမ်းလေးတွေလဲ ထပ်ပွားနိုင်ပါစေ..ဟိ…။

pandora said...

16 Sep 07, 21:23
WL: ဘလော့လောကကို မယောာင်မလည် ရောက်လာရင်း တကယ့် ကဗျာဆရာတယောက် ကောက်ရခဲ့လို့ ကျေနပ်တယ်။ အာရုဏ်ဥိးမှာ ခမ်းနားတဲ့ရနံ့သစ်တွေနဲ့ ဖူးပွင့်ဝေပါလေ။

nu-san said...

မပန်.. မျှော်ရကျိုးနပ်သွားပါပြီ။ :)

မပန်ရဲ့ ပို့စ် ၁၀၀ မြောက်မှာ ရေးထားတဲ့ နှင်းအကြောင်းက ရသစုံပါတယ်။ နောက် နောင် လည်း ပို့စ်တွေ အများကြီး ရေးနိုင်မယ်လို့ ယုံကြည်ရင်း ဆက်လက်အားပေးနေဦးမှာပါ။

Anonymous said...

အပိုပြောတယ်လို့ ဆိုချင်သပဆိုလဲ ဆိုတော့ကွယ်
အို.. မပန်ရယ်..
မပန်ရဲ့ ကဗျာလေးတွေ
ရွှေရင်တေးဆို ပျို့ဘ၀င်အသည်း.. စွဲမိပြီပေါ့ကွယ်…။

ZawZaw said...

ဆောင်း ဆိုရုံလေး ဆောင်း
သိပ်ကောင်းဗျာ၊ မပန်သာ ရန်ကုန်မှာ ဘတ်စ်ဆဲလား ဖြစ် တွားမယ်၊
ပို့ ၁၀၀ မှ နောက် ပို့ ထောင်ပေါင်းများ စွာ အထိ တန်ဖိုးရှိ၊ ရသပါတဲ့ စာတွေ ရေးနိုင်ပါတယ်။

ညီညီ(သံလွင်) said...

မပန်.. ပို့စ်တစ်ရာမြောက် အခမ်းအနား လာတက်သွားပါတယ်။ ဘာကျွေးမှာလဲဗျ..? :)

Anonymous said...

ရာပြည့် ပို့ (စ) မှသည်..
အခုလိုပုရစ်ဖူးကလေးတွေ. နဲ့ 
နှင်းရည်စက်လက် ကဗျာ ဆောင်းများစွာ ရာနှင့်ချီတိုင်. ဝေဆာ စေ…

P.Ti said...

ပန်ဒိုရာရေးတာဖတ်ရင် အညာက အအေးပြင်းတဲ့ ဆောင်းကို လွမ်းသွားပြီး…

ပို့စ် ၁၀၀ မှ စာဖတ်သူတွေ အတွက် ရင်ခုန်မှူများနဲ့ ချိုချဉ်ဖန်စပ်ဆိမ့်သက် အရသာစုံပေးနိုင်သော ပို့စ် ပိုင်များစွာ ရေးသားနိုင်ပါစေ။

အားပေးလျက်…

Tesla said...

ရောင်ဝါမထွန်း ချမ်းရှာလွန်းသော နေမင်းကြီးကို သတိပြန်ရသည်.
နှင်းပွင့်ခြေရာတိုင်း လိုက်ပါသည် ခပ်ပိန်ပိန် ကလေးလေးတယောက်နှင့် တွေ့ပါသည်. ထို့နောက် ဆက်လျှောက်... ဆက်လျှောက်.. ဆောင်းမရဲတဲ့ နေရာက အတွေးတွေထဲမှာ ပွင့်တဲ့ ပုရစ်ဖူးလေးတွေနဲ့ ခါးသက်သက် နှင်းရည်စက်လက်နဲ့... မြူတွေဆိုင်းနေတဲ့ သက်ပြင်းတွေနဲ့... အပြင်မှာတော့ အမိန့်မနာခံချင်တဲ့ ဆောင်းဦးက အရူးဆန်ဆန် ပျောက်ဆုံးနေသတဲ့.. အော် တရာပြည့်သွားပြီကိုး..။

pandora said...

ဆုတောင်းမေတ္တာပို့သသူ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်. ဆက်ရေးနေဦးမှာပါလေ

Thet Htoo@Myat Lone said...

ပို့စ် တစ်ရာမှသည် ပို့စ်ပေါင်း သိန်းသန်းများစွာသို့... :)

Anonymous said...

ဟပ်ပီး ပိုစ့် ၁၀၀ ပါ ပန်ကြီး..
ပိုစ့် ၁ ကနေပြီး ၁၀၀ ထိအောင် စာဖတ်သူတွေကို အမြဲတစ်ထုထု ပေးသွားနိုင်တဲ့အစ်မ.. ပိုစ့် ၁၀၀၀ ကျရင်လည်း ထပ်ပြီးဆုတောင်းပေးနိုင်အောင်.. အမရေ...


ဆက်ဘလောက်!!!