Monday, January 7, 2008

မောဂ္ဂလိ နှင့် မျောက်ငတိများ ကို ဖတ်ရှုခံစားခြင်း

အခုတလော မြန်မာစာအုပ်တွေ ဟိုဖတ်ဒီဖတ် ဖတ်ဖြစ်ပါတယ်။ စာဖတ်ရင်းနဲ့ ဆရာဖေမြင့်ရေးတဲ့ ဦးနှောက်တွင်းရင်းနှီးမြှုပ်နှံခြင်း ဆိုတဲ့ စာအုပ်ကလေးကိုလည်း ဖတ်မိတယ်။ အဲဒီစာအုပ် တနေရာမှာ ပြောထားတာက စာဖတ်ရင် နည်းနည်းဖတ်လိုက်၊ နားနားပြီး ခဏတွေးလိုက် လုပ်တာလည်း ကောင်းတဲ့ စာဖတ်နည်း တစ်နည်းဖြစ်တယ် တဲ့။ အဲဒါနဲ့ ဆရာထင်လင်း ဘာသာပြန်ထားတဲ့ တောတွင်းသားလေး မောဂ္ဂလိအကြောင်းကို ပြန်ဖတ်ရင်း နားနားပြီး ဖတ်မိတာလေးတွေ ဝေမျှချင်စိတ်ပေါ်လာပါတယ်။

အတော်များများ သိကြမယ့်အတိုင်း Rudyard Kipling ရေးတဲ့ ဒီစာအုပ်ကလေးဟာ အိန္ဒိယနိုင်ငံကို setting ထားပြီး တောတွင်းသားလေး မောဂ္ဂလိအကြောင်း ရေးထားတဲ့ ရသ၀တ္တုကလေး ဖြစ်ပါတယ်။ စတင်ရေးခဲ့ချိန်က ၁၈၉၀ ကျော် လောက်ကတည်းပါ။ ဆရာထင်လင်းရဲ့ ဘာသာပြန်ကို မြန်မာပြည်မှာ စတင်ထုတ်ဝေခဲ့တာကလည်း တော်တော်ကြာခဲ့ပါပြီ။ setting နဲ့ ရေးချိန်ကို ပြောပြနေရတာ အကြောင်းရှိပါတယ်။ ဒီစာအုပ်ဟာ မနေ့တနေ့ကမှ ရေးခဲ့တာ မဟုတ်ဘူးဆိုတာရယ်၊ တချို့ အတွေးအခေါ်တွေဟာ ဘယ်လောက်ပဲ အချိန်ကြာခဲ့ပါစေ ခေတ်နဲ့လျော်ညီနေဆဲ ဖြစ်နေတတ်တယ် တချို့စာတွေဟာ တချို့ အဖြစ်အပျက်တွေနဲ့ တိုက်ဆိုင်နေတတ်တယ် ဆိုတာကို ပြောချင်လို့ပါ။

တောထဲကို ရောက်လာတဲ့ လူသားကလေး မောဂ္ဂလိကို ၀ံပုလွေတွေက မွေးစားထားပုံ၊ တောရဲ့ဥပဒေသတွေနဲ့ တောထဲက စွန့်စားခန်းတွေ၊ မောဂ္ဂလိနဲ့ လူတွေနဲ့ တွေ့ရတဲ့အခါ ကြုံတွေ့ရတဲ့ လူတွေရဲ့ သဘော၊ စတာတွေကို သဘာဝကျကျ လှပစွာ ရေးဖွဲ့ထားတဲ့ ဒီစာအုပ်ထဲမှာ အခန်းတစ်ခန်းထဲက စာကြောင်းတချို့ကိုပဲ ကောက်နုတ်ပြီး ဝေမျှချင်ပါတယ်။ အဲဒီ အခန်းကတော့ မောဂ္ဂလိနဲ့ မျောက်တွေနဲ့ တွေ့ဆုံတဲ့ အခန်းပါပဲ။ နားနားပြီး ဖတ်ဖို့နဲ့ ခဏရပ်ပြီး တွေးကြည့်ဖို့ကို မမေ့ရင်တော့ သဘောကျစရာ တွေ့ကောင်းတွေ့ပါလိမ့်မယ်။




“…. မျောက်တွေမှာက ဥပဒေလည်း မရှိဘူး။ သူတို့ဟာ စည်းအပြင်ဘက်က အကောင်တွေ။ သူတို့မှာ ကိုယ်ပိုင်စကားရယ်လို့လည်း မရှိဘူး။ သူတို့ဟာ သစ်ကိုင်းတွေကြားထဲက ချောင်းမြောင်းပြီး ခိုးကြည့် ခိုးနားထောင်လို့ မြင်ရာကြားရာကို အတုခိုးပြီး လုပ်တတ်ကြတယ်။ …. သူတို့မှာ ခေါင်းဆောင်ရယ်လို့ မရှိဘူး။ မှတ်ဥာဏ်ရယ်လို့လည်း မရှိဘူး။ ပြီးတော့ သူတို့ဟာ တောထဲမှာ တကယ်ကြီးကျယ်တဲ့ လုပ်ငန်းတွေကို လုပ်ကြတော့မယ့် တကယ့်ပုဂ္ဂိုလ်ကြီးတွေ လိုလို ဘာလိုလို ဟန်ဆောင်ပြီး ကြွားတယ်။ စကားများတယ်။ ပြီးတော့ သူတို့ခေါင်းပေါ်ကို သစ်သီးတစ်လုံး ကြွေကျတာနဲ့ အဲဒါတွေကို အကုန် မေ့ပျောက်သွားအောင် ရယ်ဟားပစ်လိုက်ကြတယ်။ ငါတို့ တောနေသတ္တ၀ါတွေ သူတို့ကို အဆက်အဆံမလုပ်ကြဘူး။ သူတို့ရေသောက်တဲ့နေရာမှာ တို့မသောက်ဘူး။ မျောက်တွေ သွားတဲ့နေရာကို တို့မသွားဘူး။ မျောက်တွေ အစာရှာတဲ့ နေရာမှာ တို့မရှာဘူး။ ကုန်ကုန်ပြောရရင်ကွာ မျောက်တွေ သေတဲ့နေရာမှာတောင် တို့မသေဘူး။ ကဲ အခုအထဲ မျောက်တွေ အကြောင်း ငါ စကားထဲ ထည့်ပြောသံများ မင်း ကြားဖူးသလား” ဟု (၀က်ဝံကြီး) ဗာလူးကြီးက (မောဂ္ဂလိကို) ပြောသည်။…

“…. သူတို့ဟာ အရေအတွက်လည်း များတယ်။ ဆိုးတယ်။ ညစ်ပတ်တယ်။ အရှက်မရှိဘူး။ ပြီးတော့ သူတို့မှာ ဆန္ဒတစ်ခုခု ရှိတယ် ဆိုရင် အဲဒီ ဆန္ဒက သူတို့ကို တို့တောနေ သတ္တ၀ါတွေက ဂရုစိုက်ပြီး ကြည့်စေချင်တဲ့ ဆန္ဒဖြစ်မယ်။ တို့ခေါင်းပေါ်ကို သစ်သီးတွေနဲ့ ပစ်ချလိုချ အညစ်အကြေးတွေချလိုချ၊ ဘာလုပ်လုပ် တို့ကတော့ သူတို့ကို မော်မကြည့်ကြဘူး။…”

… မျောက်တို့၏အကြောင်း ဗာလူးကြီး ပြောပြသည်မှာ မှန်လှပေသည်။ သူတို့သည် သစ်ပင်ထိပ်ဖျားမှာသာ နေကြပြီး တောနေသတ္တ၀ါတို့က အထက်သို့ မော်၍ကြည့်ခဲလှသည် ဖြစ်ရာ မျောက်တို့နှင့် တောနေသတ္တ၀ါတို့ ဆုံမိ ကြုံမိစရာ အကြောင်း သိပ်မရှိချေ။

သို့ရာတွင် သူတို့သည် နာမကျန်းဖြစ်နေသော ၀ံပုလွေတစ်ကောင် သို့မဟုတ် ဒဏ်ရာ ရနေသော ကျားတစ်ကောင် သို့မဟုတ် ၀က်ဝံတစ်ကောင်ကို တွေ့လျှင် ညှဉ်းဆဲချင် တတ်သည်။ သူတို့ကို သတိပြု၍ကြည့်စေရန် မည်သည့် တိရိစ္ဆာန်ကို မဆို သစ်ကိုင်းခြောက်များ သစ်သီးများဖြင့် ပေါက်၍ နောက်ပြောင်တတ်ကြသည်။

ထို့နောက် သူတို့သည် သံသေးသံကြောင်ဖြင့် အူ၍ အော်၍ တောနေသတ္တ၀ါတို့အား သတ္တိရှိရင် သစ်ပင်တက်ပြီး တိုက်ခိုက်လှည့်ဟု ဖိတ်ခေါ်တတ်ကြသည်။ ထိုသို့မဟုတ်က သူတို့အချင်းချင်း ဘာမှ မဟုတ်သည့် အကြောင်းဖြင့် အကြီးအကျယ် တိုက်ခိုက်ကြပြီး မျောက်သေကောင်များကို တောနေသတ္တ၀ါတို့ မြင်မည့်နေရာတွင် ပစ်ထားတတ်ကြ၏။

သူတို့သည် ယခုပင် ခေါင်းဆောင်တစ်ယောက် တင်မြှောက်ကြတော့မည်။ ကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင် ထုံးစံဓလေ့များကို ပြုစုကြတော့မည်ဟု ဆိုသော်လည်း ဘယ်သောအခါမျှ မလုပ်ဖြစ်ကြ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မှတ်ဥာဏ်သည် နေ့ကူးအောင် မခံသောကြောင့် ဖြစ်သည်။

“ယနေ့မျောက်မျိုးတို့၏ အတွေးအခေါ်သည် နောင်တခါ တတောလုံး၏ အတွေးအခေါ် ဖြစ်လာလိမ့်မည်” ဟူသော လက်သုံးစကားတစ်ခုကို ထွင်ကာ အရာရာကို ပြီးလွယ် ပြက်လွယ်အောင် လုပ်ပစ်တတ်ကြလေသည်။ ဤလက်သုံးစကားသည် သူတို့အား စိတ်အကြီးအကျယ် သက်သာရာ ရစေသည်။

… သူတို့သည် သည့်ထက်ပို၍ လုပ်ရန် မရည်ရွယ်ကြ။ မျောက်မျိုးတို့မှာ ရည်ရွယ်ချက် ဟူ၍လည်း ဘယ်တော့မှ မရှိခဲ့။ သို့ရာတွင် သူတို့အထဲမှ တစ်ကောင်က အကြံကောင်း ဥာဏ်ကောင်းဟု ထင်ရသော စိတ်ကူးတစ်ခုကို တီထွင်ကာ “မောဂ္ဂလိသည် တုတ်ချောင်းများကို စု၍ရက်၍ လေကာများ လုပ်တတ်သူဖြစ်သဖြင့် သူတို့မျိုးတူစု၌ ခေါ်ထားရလျှင် အသုံးဝင်လိမ့်မည်။ သူ့ကိုဖမ်း၍ မိလျှင် သူတို့အား သင်ပြပေးစေမည်” ဟု အခြားသောမျောက်များအား ပြောပြလေသည်။

(အဲဒီနောက်မှာ မောဂ္ဂလိကို မျောက်တွေက ဖမ်းသွားပါတယ်။ ၀က်ဝံကြီးဗာလူးနဲ့ စွန်ကြီး ချီလတို့က ခြေရာခံ လိုက်ရှာပါတယ်။)

“… သူတို့ ဘယ်တော့မှ ဝေးဝေး မရောက်နိုင်ပါဘူး” ချီလက ခပ်မျှဉ်းမျှဉ်းရယ်ရင်း တကိုယ်တည်း ပြောလိုက်၏။ “သူတို့လုပ်မယ်လို့ စတဲ့အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး။ အသစ် အသစ်တစ်ခုသာ စစပြီး လုပ်တတ်တာ မျောက်မျိုးပဲ ရှိတယ်။ …”

… မြို့ပျက်ကြီးတွင်ကား မျောက်မျိုးတို့သည် မာဂ္ဂလိ၏ မိတ်ဆွေများကို နည်းနည်းမျှ သတိမရကြချေ။ သူတို့သည် မောဂ္ဂလိကို ဤမြို့ပျက်ကြီးသို့ ယူခဲ့ကြသည်ကိုသာ အခိုက်အတန့်အားဖြင့် သဘောကျ၍နေကြလေ၏။ .. ဤမြို့ကို ရှေးက ဘုရင်တပါးပါးက တောင်ကုန်းကလေး တစ်ခုပေါ်တွင် တည်ထားခဲ့သည်။…

…. မျောက်မျိုးတို့က ဤနေရာကို သူတို့၏ မြို့တော်ဟု ခေါ်ကြပြီး တောနေသတ္တ၀ါ တို့အား တောသားများဟု ရွံရှာဟန်ပြကြ၏။ သို့စဉ်လျက် သူတို့သည် ဤအဆောက်အဦများကို မည်သည့်ကိစ္စအတွက် ဆောက်ခဲ့မှန်း လည်းမသိ၊ မည်သို့အသုံးပြုရမှန်းလည်း မသိကြချေ။ သူတို့သည် ဘုရင်ညီလာခံ ခန်းမဆောင်အတွင်း ၀ိုင်းထိုင်ကာ ကိုယ်ကို ကုတ်၍ခြစ်၍ သန်းရှာရင်း သူတို့ကိုယ်သူတို့ လူဟူ၍ ဟန်ဆောင်နေတတ်ကြသည်။…

…. သူတို့သည် နန်းတော်တွင်းရှိ စင်္ကြံများ မှောင်နေသော လိုဏ်များနှင့် ရာနှင့်ချီ၍ရှိသော အမှောင်ခန်းများထဲသို့ လျှောက်၍၀င်ကြည့်ကြသော်လည်း ဘာမြင်ဖူးသည် ဘာမမြင်ဖူးသည်ကိုလည်း မမှတ်ကြပဲ တစ်ယောက်ချင်း ဖြစ်စေ နှစ်ယောက် တစ်တွဲဖြစ်စေ အစုလိုက် ဖြစ်စေ အဓိပ္ပာယ်မရှိ ရွေ့သွားကြရင်း သူတို့သည် လူုများလုပ်သကဲ့သို့ လုပ်နေသည်ဟုလည်း ပြောကြ၏။…

…မောဂ္ဂလိအား မျောက်မျိုးတို့က တစ်ကြိမ်လျှင် အကောင်နှစ်ဆယ်ခန့်လာ၍ သူ့အား မျောက်မျိုးတို့သည် မည်မျှကြီးကျယ်၍ ဥာဏ်ရှိပြီး သန်မာသိမ်မွေ့ကြသည်ကိုပြောကာ မောဂ္ဂလိ သူတို့ထံမှ ထွက်ခွာလိုခြင်းမှာ မည်မျှ မိုက်မဲကြောင်း၊ “ငါတို့တတွေဟာ ကြီးကျယ်တယ်။ လွတ်လပ်တယ်။ အံ့ဖွယ်ကောင်းတယ်။ တတောလုံးမှာ ငါတို့ဟာ အံ့ချီးစရာ အကောင်းဆုံး သတ္တ၀ါတွေ ဖြစ်တယ်။ ငါတို့အားလုံးက ဒီလိုပဲပြောကြတဲ့အတွက် ဒါဟာ အမှန်တရား ဖြစ်ရမယ်” ဟု အော်ဟစ်ကြပြီး “မင်းက တို့ကို အခုမှ နားထောင်ဖူးတာ ဆိုတော့ နောက်ကို တောနေသတ္တ၀ါများ ငါတို့ကို ဂရုစိုက်ကြည့်ချင်လာအောင် ပြန်ပြောပြဖို့ ကောင်းမြတ်ခြင်းအပေါင်းနဲ့ ပြည့်စုံတဲ့ ငါတို့ရဲ့အကြောင်း အားလုံး ပြောပြလိုက်ပါမယ်” ဟုပြောကြလေရာ မောဂ္ဂလိမှာ ဆာလည်းဆာ ဒေါသလည်းဖြစ်လျက် စိတ်ဆိုးနေရာမှ မရယ်ပဲမနေနိုင်အောင်ရှိလေသည်။

မောဂ္ဂလိက တစုံတရာ ကန့်ကွက်ခြင်းမပြုတော့ မျောက်တို့သည် လှေခါးထစ်ကျယ် ကြီးများပေါ်တွင် ရာလိုက်ရာလိုက် စုဝေးရောက်ရှိလာကြကာ မျောက်မျိုးတို့အား ချီးပင့်သည့် သီချင်းများကို သီဆိုလျက် စကားပြောသူအား နားထောင်ကြသည်။ စကားပြောသူက အသက်ရှုရန် ခဏရပ်နားလိုက်တိုင်း နားထောင်ကြသူများက “ဒါမှန်တယ်။ ဒါငါတို့ပြောတယ်” ဟု သံပြိုင်အော်ဟစ်ကြလေသည်။….



(ဤပို့စ်ကို ရေးဖြစ်အောင် အကြံပေးသော ပန်ဒိုရီအား ကျေးဇူးတင်ပါသည်။)




8 comments:

ညိမ်းညို said...

မကြီးပန်ရေ ဦးဦးဖျားဖျား ကွန့်မန့်ဆွဲသွားတယ်ဗျ :) တောတွင်းသားလေး မောဂ္ဂလိကို တောတွင်းတိရစ္ဆာန်လေးတွေ၊ တာဇံဇာတ်လမ်းတွေ
ကို တအားစိတ်ဝင်စားနေတဲ့ ကျောင်းသားအရွယ်တုံးက ဖတ်ခဲ့မိတာဆိုတော့ မကြီးပန်လို သတိမထားမိခဲ့ဘူးဗျ။ အခုမှ ဆင်ခြင်နှိုင်းယှဉ်
ကြည့်စရာ တွေးစရာတွေ ပေါ်လာပြန်တယ်ဗျို့။ သတိထားမိတာလေးတွေရှိရင် နောက်လည်း မျှပါဦး။ ပျော်ရွှင်ပါစေ

Maydarwii said...

အဟုတ်ပဲ ပန်ပန်ရေ …
တချို့အတွေးအခေါ်တွေဟာ ဘယ်လောက်အချိန်ကြာကြာ ခေတ်နဲ့ လျော်ညီဆဲ … တချို့စာတွေက တချို့အဖြစ်အပျက်နဲ့ တိုက်ဆိုင်တယ်ဆိုတာ နားနားပြီးဖတ်တော့ သဘောပေါက်သွားပါရောလား … ။

ဂျေဂျေ said...

ပန်ပန်ဒိုရာရေ.မေးလ်ကို ဖော်ဝပ်လုပ်ပေးဖို့ ပြောထားတယ်နော့

HT said...

ပိတောက်ရိပ်မှာ မိသားစုကိုပါကျေးဇူးတင်သွားတဲ့အတွက် ကျေးဇူးပါ :-)
မပန်ဒိုရာတို့မောင်နှံအတွက်လည်း ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်စေကြောင်းဆုတောင်းပေးလျက်...။
( ပန်ဒိုရာ ရဲ့ ပို့စ်တွေကို အမြဲဖတ်ဖြစ်ပါသည်)
HT

nu-san said...

မပန်ပြောသလို နားနားပြီးလည်း ဖတ်တယ်.. ခဏရပ်ပြီးလည်း တွေးတယ်.. အဲလို မပြောပြထားရင် အမကတော့ သာမန်ပဲ ဖတ်မိသွားမယ်နဲ့တူတယ်.. ရေးထားတဲ့စာသားတွေကို သဘောကျတယ်။ မျှဝေပေးတာ ကျေးဇူးပါ.. မပန်..

တန်ခူး said...

ပန်ရေ...နားနားပြီးဖတ်လေ မျောက်ငတိတွေအကြောင်း ပိုသိလေပဲ။မျောက်ငတိတွေအကြောင်း ပိုပိုသိလာလေ...........။

Chit Lay Pyay said...

မမပန် နားနားပြီးဖတ်ပါတယ်၊ တွေးလဲ တွေးသွားပါတယ်၊ ကွက်ကွက် ကွင်းကွင်းကို နားလည် သဘောပေါက်ပါတယ်၊ မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ။ ဒါနဲ့ စကားမစပ် ပန်ဒိုရီက ဘူသူလဲ ဟင

pandora said...

နားနားပြီး ဖတ်သွားသူများ ကျေးဇူးပါ