Saturday, January 26, 2008

မျက်နှာနှစ်ဖက်ကို တပြိုင်နက် ဖြတ်သန်းတဲ့အခါ

ဒီပို့စ် မှာ Charles Dickens ရဲ့ A Tale of Two Cities စာအုပ်အကြောင်း နည်းနည်းရေးခဲ့ပါတယ်။ ဘလော့ဂါ မိတ်ဆွေကောင်းတစ်ဦးဖြစ်တဲ့ ကိုမောင်ရင်က ဇာတ်လမ်းအကျဉ်းရေးပါဦး ဆိုလို့ အခု ရေးလိုက်ပါတယ်။ သုံးသပ်ချက်အနေနဲ့လည်း ဖတ်ဖူးထားတာလေးတွေနဲ့ ကိုယ်တိုင် ထင်မြင်မိတာလေးတွေကို ပေါင်းပြီး ချရေးလိုက်ပါတယ်။ ဒီဝတ္တုကို မဖတ်ရသေးရင် စိတ်ဝင်စားရင် အချိန်လည်းရရင် အကောင်းဆုံးကတော့ ဒီမှာ သွားဖတ်ပေါ့။ ကောင်းပါတယ်လို့ လူအများသိကြပြီးသား ကမ္ဘာကျော် ၀တ္တုတစ်ပုဒ်ကို ဘာမဟုတ်သော ပန်ဒိုရာက ချီးမွမ်းလိုက်မှ ဂုဏ်နှိမ့်ရာ ရောက်သလိုလည်း ဖြစ်နေမှာစိုးပါတယ်။ ဇာတ်လမ်းမူရင်း အရသာကို ဖျက်ဆီးသလို ဖြစ်ခဲ့ရင် ပန်ဒိုရာ တင်ပြပုံ ညံ့ဖျင်းလို့သာ ဖြစ်ပါကြောင်း။

ဇာတ်လမ်းရဲ့ လိုရင်းကိုသာ ဆီလျော်အောင် အကျဉ်းချုံးထားပါတယ်။

ဇာတ်လမ်းအစကတော့ ပြင်သစ်တော်လှန်ရေး အစပျိုးနေတဲ့ အချိန်ကာလ တစ်ခု ၁၇၇၅ ခုနှစ်မှာ ဖြစ်ပါတယ်။ ပြင်သစ် မင်းမျိုးမင်းနွယ်တွေရဲ့ မတရား ညှင်းပန်းနှိပ်စက်မှုတွေကို ပြည်သူလူထုက ခါးစည်းခံနေရချိန်ပေါ့။ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ဖခင် ဒေါက်တာမင်းနက်ကို အင်္ဂလန်မှာနေထိုင်နေတဲ့ သမီးဖြစ်သူ လူစီမင်းနက်က ပြန်လည်တွေ့ရှိခဲ့တယ်။ ပြင်သစ်ထောင်ထဲမှာ ၁၈ နှစ်ကျော်ကျော်လောက် နှိပ်စက်ခံရတာကို ကျင့်သားရနေတဲ့ ဒေါက်တာမင်းနက်ဟာ ပြန်တွေ့တဲ့အချိန်မှာ တခေါင်းလုံး ဖြူဖွေးလို့ အာရုံတွေ အမေ့မေ့ အလျော့လျော့နဲ့ ဖိနပ်ကိုသာ ငုံ့ချုပ်နေတဲ့ သနားစဖွယ် အဖိုးအိုကြီး တစ်ယောက် ဖြစ်နေခဲ့ပြီ။ လူစီဟာ ဒေါက်တာမင်းနက်ကို ပြင်သစ်ကနေ အင်္ဂလန်ကို ခေါ်လာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ သူ့ကို နောက်ဆုံး စောင့်ရှောက်ထားသူက တချိန်က သူ့ရဲ့ လူယုံတစ်ဦးဖြစ်တဲ့ ဒီဖတ် ဆိုတဲ့ အရက်ဆိုင်ပိုင်ရှင် ဖြစ်တယ်။ အဲဒီ ဒီဖတ်ရဲ့ ဇနီး မဒမ်ဒီဖတ်ဟာ တော်လှန်ရေး စိတ်ဓာတ် အလွန် တက်ကြွသူ တစ်ယောက် ဖြစ်ပြီး မင်းမျိုးမင်းနွယ်တွေရဲ့ စာရင်းကို သူထိုးထိုးနေတဲ့ သိုးမွေးထည်ထဲမှာ လျှို့ဝှက် သင်္ကေတနဲ့ မှတ်ထားနေတယ်။

၁၇၈၀ ခုနှစ် မှာ အင်္ဂလန်မှာနေနေတဲ့ ချားလ်စ် ဒါနေ ဆိုတဲ့ ပြင်သစ်ဘာသာစကားဆရာ တစ်ယောက် ကို နိုင်ငံတော်သစ္စာဖောက်မှု (စပိုင်လုပ်မှု) နဲ့ သံသယရှိပြီး အင်္ဂလန်တရားရုံးတစ်ခုမှာ တရားစွဲခံရပါတယ်။ သူ့ကို ကယ်တင်လိုက်သူက သူနဲ့ ရုပ်ချင်း ချွတ်စွပ်နီးပါး တူနေတဲ့ ရှေ့နေ ဆစ်ဒနီကာတန် ဖြစ်တယ်။ ဆစ်ဒနီကာတန်ဟာ သူ့အသက်မွေးဝမ်းကျောင်းမှာ အရည်အချင်းရှိပါလျက် ဘ၀မှာ ပေါ့ပေါ့နေထိုင်သူ၊ ရည်ရွယ်ချက်ရယ်လို့လည်းမရှိ စိတ်ဓာတ်ကျကာ အရက်ကိုသာ အဖော်ပြုနေသူဖြစ်တယ်။

တကယ်တော့ ချားလ်စ် ဒါနေဟာ ပြင်သစ်နယ်စားကြီး အဲဗရီမွန်ရဲ့ တူတော်တယ်။ သူက တခြားအုပ်ချုပ်သူ လူတန်းစားတွေနဲ့မတူပဲ လယ်သမားတွေဘက်က ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ အုပ်ချုပ်ရေး စံနစ်ဆိုးအောက်မှာ မနေလိုတဲ့အတွက် အင်္ဂလန်မှာ ဇာတ်မြုပ် နေထိုင်နေသူပါ။ ချားလ်စ်ဒါနေရဲ့ တရားခွင်ကို လူစီနဲ့ သူ့ဖခင်တို့လည်း လာကြည့်ခဲ့ကြတယ်။

အဲဒီမှာ လူစီ ၊ ချားလ်စ်ဒါနေနဲ့ ဆစ်ဒနီကာတန်တို့ သုံးပွင့်ဆိုင် စတွေ့ကြတာပဲ။ နောက်တော့ ချားလ်စ်ဒါနေနဲ့ လူစီတို့ မေတ္တာမျှသွားကြတယ်။ ဆစ်ဒနီကာတန်ကလည်း တနေ့မှာ လူစီကို ငိုကြီးချက်မနဲ့ ရင်ဖွင့်ခဲ့တယ်။ အနာဂတ်မရှိတဲ့ သူ့ဘ၀နဲ့ လူစီတို့ ဘယ်လိုမှမဖြစ်နိုင်ပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် လိုအပ်လာရင် ခင်ဗျားနဲ့ ခင်ဗျားအချစ်ဆုံးလူ အတွက် အသက်ကိုစွန့်ဖို့ အသင့်ရှိပါတယ် လို့သူကပြောခဲ့တယ်။ နောက် ချားလ်စ်ဒါနေ နဲ့ လူစီတို့ လက်ထပ်ဖို့ စီစဉ်ကြတယ်။ ချားလ်စ်ဒါနေက လက်ထပ်တဲ့နေ့မှာ သူဘယ်သူဘယ်ဝါ ဆိုတာကို ဖွင့်ပြောပြမယ်လို့ စဉ်းစားခဲ့တယ်။ ဒါပေမယ့် လူစီ့အဖေ ဒေါက်တာမင်းနက်က အပြောမခံခဲ့။

ဒီအတောအတွင်းမှာတော့ ချားလ်စ်ဒါနေဟာ နယ်စားကြီးရဲ့ အမျိုးအနွယ်ဖြစ်ကြောင်းကို မင်းမျိုးမင်းနွယ် စာရင်းပြုစုနေတဲ့ မဒမ်ဒီဖတ်က သူလျှိုတစ်ဦးကတဆင့် အမှတ်မထင် သိသွားခဲ့တယ်။

၁၇၈၉ ခုနှစ်မှာတော့ ဘာစတီးထောင်ကြီးကို ဖောက်လို့ ပြင်သစ်တော်လှန်ရေးရဲ့ အရှိန်ပြင်းတဲ့ကာလကို ရောက်လာခဲ့တယ်။ ပြင်သစ်မှာနေတဲ့ ချားလ်စ်ဒါနေရဲ့ တချိန်က တပည့်တစ်ဦးဟာ မင်းမျိုးမင်းနွယ်တွေရဲ့ အိမ်ကို သစ္စာရှိရှိ စောင့်ရှောက်ထားမှုကြောင့် အဖမ်းခံလိုက်ရတယ်။ ၃ နှစ်လောက်ကြာတဲ့အခါ သူ့ကို လာကယ်ထုတ်ဖို့ ချားလ်စ်ဒါနေကို အကြောင်းကြားလို့ ချားလ်စ်ဒါနေဟာ ပြင်သစ်ပြည်ကို ပြန်လာခဲ့တယ်။ သူဟာ ဆင်းရဲသားတွေဖက်က ရပ်တည်ခဲ့သူမို့ အခြေအနေ သိပ်မဆိုး လောက်ပါဘူးလေလို့ ထင်ခဲ့တယ်။ သို့သော်လည်း ဒေါသထွက်နေတဲ့ လူအုပ်ကသူ့ကို ပြည်ပြေးမှုနဲ့ ဆီးဖမ်းခဲ့တယ်။ သူ့ကိုကယ်ဖို့ လူစီ၊ သူ့ကလေးနဲ့ ဒေါက်တာမင်းနက်တို့ လိုက်လာခဲ့တယ်။

တစ်နှစ်ကျော်လောက် ထောင်ထဲမှာ အချုပ်ကျပြီးတဲ့အခါ ဒေါက်တာမင်းနက်ရဲ့ အရှိန်အ၀ါ နဲ့ ချားလ်စ်ဒါနေကို ကယ်ထုတ်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လွတ်တဲ့ညမှာပဲ ထပ်အဖမ်းခံလိုက်ရတော့တယ်။ ဒါကတော့ အငြိုးကြီးတဲ့ မဒမ်ဒီဖတ်တို့ရဲ့ စနက်ပါ။ ဒီတစ်ခါတော့ ဒေါက်တာမင်းနက်လည်း မကယ်နိုင်တော့ပါဘူး။ ခါးသီးတဲ့ အနိုင်ကျင့်မှု တစ်ခုကြောင့် ဒေါက်တာမင်းနက် ကိုယ်တိုင် တချိန်က ဒေါသထွက်စွာ ရေးထားခဲ့တဲ့ မင်းမျိုးမင်းနွယ် မှန်သမျှကို စွဲဆိုပါသည် ဆိုတဲ့ စာဟောင်းကလေး တစ်စောင် ကိုလည်း မဒမ်ဒီဖတ်တို့က ကိုင်ထားပါတယ်။

တော်လှန်ရေးရဲ့ ကလဲ့စားခြေမှုတွေက အရှိန်ကောင်းသထက် ကောင်းလာခဲ့တယ်။ အဖိနှိပ်ခံထားရတဲ့ လူထုက သူတို့ဘာသာ တရားစီရင်ကြတယ်။ အထူးသဖြင့် မိန်းမတွေက ပိုသွေးကြွ တယ်။ ထောင်ထဲမှာ လူတွေ ပြည့်လာတယ်။ ခေါင်းဖြတ်ပွဲတွေက တခြိမ်းခြိမ်းပေါ့။ ဆစ်ဒနီကာတန်ဟာ ချားလ်စ်ဒါနေကို ကယ်ဖို့ အင်္ဂလန်ကနေ လိုက်လာပါတယ်။ အဆက်အသွယ်နဲ့ ထောင်ထဲကို ရအောင်ဝင်ကာ ချားလ်စ်ဒါနေကို မေ့ဆေးပေးပြီး သူနဲ့ လူချင်းလဲ ခေါ်ထုတ်သွားစေလိုက်ပါတယ်။ ပြီးတော့ ချားလ်စ်ဒါနေတို့ မိသားစုအားလုံးကို ပြင်သစ်ပြည်ကနေ အမြန်ဆုံး ထွက်သွားဖို့ စီစဉ်ပေးလိုက်ပါတယ်။

ဒါတွေကို သိမထားပေမယ့် အဲဒီအချိန်မှာ မဒမ်ဒီဖတ်ကတော့ မကျေနပ်နိုင်သေးပါဘူး။ ချားလ်စ်ဒါနေရဲ့ ဇနီးနဲ့သွေးသားကိုပါ အသေသတ်ရမယ်ဆိုပြီး လူစီနေတဲ့အိမ်ကို သေနတ်တစ်လက်နဲ့သွားပါတယ်။ လူစီတို့ကတော့ ရှေ့ကရထားနဲ့ ပြန်သွားနှင့်ပြီ။ ရထားမဆန့်လို့ နောက်တစ်စီးကို စောင့်နေတဲ့ လူစီရဲ့ သစ္စာရှိ အစေခံ မစ်ပရော့စ် ပဲ ကျန်ခဲ့တယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်ကာ မဒမ်ဒီဖတ်က သူ့သေနတ်နဲ့ သူ့ဘာသာ ပြန်ပစ်မိပြီး သေသွားတယ်။ မစ်ပရော့စ်ကတော့ အနီးကပ် သေနတ်သံကြောင့် နားပင်းသွားတယ်။

ဇာတ်သိမ်းခန်းကတော့ လူစားလဲထားတဲ့ ဆစ်ဒနီကာတန် ခေါင်းဖြတ်စက်နဲ့ သုတ်သင်ခံရတော့မယ့် အခန်းပေါ့။ ချားလ်စ်ဒါနေနဲ့ ထောင်ထဲမှာ မျက်မှန်းတန်းခဲ့တဲ့ မိန်းကလေးတစ်ယောက်က သူ့ဘေးမှာ အတူ ထိုင်စောင့်နေတယ်။ စကားပြောရင်းနဲ့ ချားလ်စ်ဒါနေ မဟုတ်ပဲ ဆစ်ဒနီကာတန်ဖြစ်နေမှန်းကို မိန်းကလေးက အလန့်တကြား သိသွားတယ်။ အဲဒီ မိန်းကလေးကလည်း တကယ်တော့ အပြစ်မဲ့သူ။ သူ့ကိုသတ်မှာ ဘာကြောင့်မှန်းတော့ မသိပါဘူး တဲ့။ ဘာပဲဖြစ်ဖြစ်လေ တကယ် ကျွန်မကို သတ်လိုက်လို့ ပြင်သစ်ပြည်ကြီး ကောင်းသွားမယ်ဆိုရင်တော့ ကျေနပ်ပါတယ် တဲ့။ မိန်းကလေး လက်ဖျားတွေ အေးစက်နေလို့ ဆစ်ဒနီကာတန်က အားပေးရတယ်။ ခဏနေ မြန်မြန် ပြီးသွားမှာပါကွယ် တဲ့။

သူတို့နှစ်ယောက် သေခါနီး အပြန်အလှန်ပြောကြတဲ့ စကားပြောလေးတွေက ရင်နင့်စရာပါ။ နောက်တော့ သူတို့ အပြန်အလှန် အားပေးကာ နမ်းလိုက်ကြတယ်။ သူတို့ အလှည့် ရောက်လာတယ်။ သိုးမွေးထိုးနေတဲ့ မိန်းမကြီးတွေရဲ့ ရေတွက်သံ.. နှစ်ဆယ့်နှစ်.. နှစ်ဆယ့်သုံး… ခေါင်းဖြတ်စက်က ဓားသွားကြီးက ဂျိုင်းခနဲ ကျလာတယ်။

ဝတ္တုဇာတ်ကြောင်းကတော့ ဒါပါပဲ။ ဒီဝတ္တုမှာ ဘာတွေ့ခဲ့သလဲဆိုတာကို နည်းနည်း ပြောပြချင်ပါတယ်။

ဒီဝတ္တုရဲ့ ထင်ရှားတဲ့ ဖွဲ့ဆိုမှုကတော့ A Tale of Two Cities ဆိုတဲ့ ခေါင်းစဉ်က အတိုင်းပါပဲ။ အရာရာမှာ နှစ်ခု နှစ်ခု အားပြိုင်မှုတွေ တွေ့ရမယ်။ ပါရီနဲ့ အင်္ဂလန် မြို့တော်ညီနောင်။ ဆစ်ဒနီကာတန် နဲ့ ချားလ်စ်ဒါနေ ရုပ်ချင်းဆင်တဲ့ ဇာတ်လိုက်နှစ်ယောက်။ အချစ်နဲ့ မိသားစုဘ၀ကတဖက် ဖိနှိပ်မှုနဲ့ အမုန်းအာဃာတတွေ ကတဖက်။ လူထုအနေနဲ့ တော်လှန်ရေးရဲ့တာဝန်တွေ နဲ့ တစ်ဦးတစ်ယောက် အနေနဲ့ကျတော့ ကိုယ့်သခင်ကို သစ္စာစောင့်သိပုံ။ အငြိုးကြီးတဲ့ မဒမ်ဒီဖတ်နဲ့ သစ္စာရှိလူယုံ မစ်ပရော့စ်၊ ပျော့ပျောင်းနူးညံ့တဲ့ လူစီရဲ့ဇာတ်ကောင်စရိုက်နဲ့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ မဒမ်ဒီဖတ်ရဲ့စရိုက်။ စတာတွေ ဖြစ်တယ်။

အဲဒီလို နှစ်ခုသော အကြောင်းတရားတို့ရဲ့ အားပြိုင်မှုကို ၀တ္တုနိဒါန်းက စာကြောင်းတွေမှာ စပြီး ခံစားနိုင်ပါတယ်။

အကောင်းဆုံးအချိန် အဆိုးဆုံးအချိန်။
ဥာဏ်ပညာခေတ် မိုက်မဲတဲ့ခေတ်။
ယုံကြည်မှုတို့ရဲ့ကာလ မယုံသင်္ကာမှုတို့ရဲ့ကာလ။
အလင်းရာသီ အမှောင်ရာသီ။
မျှော်လင့်ချက်တို့ရဲ့နွေဦး စိတ်ပျက်ဖွယ်တို့ရဲ့ဆောင်း။
တိုအားလုံးရှေ့မှောက်မှာ အရာရာရှိတယ်။ တို့အားလုံးရှေ့မှောက်မှာ ဘာမှမရှိဘူး။
တို့အားလုံး ကောင်းကင်ဘုံကိုတိုက်ရိုက်သွားကြမယ်။ တို့အားလုံး တခြားဘုံကို တိုက်ရိုက်သွားကြမယ်။

တကယ်ကတော့ ဒီဝတ္တုမှာပါတဲ့ ဖွဲ့နွဲ့ထားမှုတွေ အလင်္ကာမြောက်မှုတွေ အသေးစိတ် အိုင်ဒီယာတွေကို ပြောပြရရင် နောက်ထပ် ၀တ္တု တစ်အုပ်စာလောက်တောင် ဖြစ်သွားနိုင်ပါတယ်။ အကြိုက်ဆုံးအပိုင်းနဲ့ အထင်ရှားဆုံး သုံးသပ်ချက်တွေကိုပဲ ဆက်ပြောပါရစေ။

မိန်းမတစ်ယောက်အတွက် သေပေးခဲ့တဲ့ ဆစ်ဒနီကာတန်ရဲ့ ပေးဆပ်မှုဟာ ဒီဝတ္တုကို သုံးသပ်သူတွေကြား အငြင်းပွားဖွယ် ဖြစ်ခဲ့သတဲ့။ ဒီတော်လှန်ရေးကြီးတစ်ခုလုံးမှာ ဒီပေးဆပ်မှုဟာ ဘယ်လောက်များ တန်ဖိုးရှိသလဲ အဓိပ္ပာယ်ရှိသလဲ လို့ပေါ့နော်။ ၀တ္တုဇာတ်သိမ်းပိုင်းမှာ ဆစ်ဒနီကာတန်က ပြောပြဟန် ရေးထားတဲ့ စာပိုဒ်ကတော့ စာရေးဆရာ ပေးချင်တဲ့ အချက်အလက်တစ်ခုပါ။

နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရတဲ့ နိုင်ပွဲ ရှုံးပွဲတွေကနေ အမှန်တကယ် လွတ်မြောက်ပြီးတဲ့အခါ ဒီအမှောင်တွင်း ထဲကနေ ရှင်သန်နိုးထလာတဲ့ လှပနေမယ့် မြို့တော် (ပါရီ) နဲ့ တောက်ပနေမယ့် လူတွေကို မြင်ယောင်မိတယ်။ ဒီအချိန်တွေ နဲ့ ဒီ့မတိုင်က အချိန်တွေရဲ့ ဆိုးဝါးမှုတွေဟာ ပျောက်သုဉ်းလို့ တဖြည်းဖြည်း အလျော်အစား ပြန်ရလာတော့မယ်လေ။ သူမရဲ့ ရင်မှာချီပိုးထားတဲ့ သားငယ်ကို အမှတ်တရ ငါ့နာမည်ကိုပေး.. လို့။ သူကလည်း ငါပေးဆပ်ခဲ့တဲ့ ဘ၀လမ်းကြောင်းတခုပေါ်မှာ ဆက်လှမ်း.. လို့။ သူအောင်မြင်လိမ့်မယ်လို့လည်း ငါမြင်တယ်။ ငါ့ရဲ့နာမည်က သူ့ရဲ့ အဲဒီအောင်မြင်မှုမှာ တောက်ပစွာ ထင်ဟပ်နေလိမ့်မယ်။ အဲဒါဟာ ငါ့ဘ၀မှာ လုပ်ခဲ့သမျှတွေထက် အကောင်းတကာ့ အကောင်းဆုံး အရာတစ်ခု။ ငါသိခဲ့သမျှတွေထက် အကောင်းတကာ့ အကောင်းဆုံး အနားယူမှုတစ်ခုပဲ။

ဘ၀တလျောက်လုံး သူ့ဘ၀သူ ပစ်ချထားတဲ့ အရက်သမားရှေ့နေ ဆစ်ဒနီကာတန်ဟာ သေခါနီး သူ့ရဲ့မျှော်လင့်ချက်ကို ပုဂ္ဂလိကအဆင့်သာမက အမျိုးသားရေးအဆင့် အတွက်ကိုပါ လှစ်ပြလိုက်တယ်။ နောက်ဆုံးတော့ စာရေးဆရာဟာ မရှိမဖြစ်တဲ့ လူသားဆန်မှု အပေါ်မှာထားရှိတဲ့ သူ့ရဲ့ ယုံကြည်ချက်ကို ချပြလိုက်တယ်လို့ ထင်မြင်မိပါတယ်။

ဒီစာအုပ်ကို စဖတ်ခါစက ငယ်ရွယ်ချိန်မှာတော့ “လိုအပ်လာရင် ခင်ဗျားနဲ့ ခင်ဗျားအချစ်ဆုံးလူ အတွက် အသက်ကိုစွန့်ဖို့ အသင့်ရှိပါတယ်” ဆိုတာမျိုးကို အသဲစွဲပေါ့။ မဖြစ်နိုင်ကြတဲ့ ဘ၀တွေ ကြုံလာခဲ့ရင် ပူလောင်မှုတွေထက် အဲဒီလို အချစ်မျိုး အဖြစ် ပြောင်းလဲ သဘောထားနိုင်ကြရင်တော့ ကောင်းမယ်နော်။ တကယ်ချစ်တယ်ဆိုတာ ဘာလဲ။ ကိုယ့်စေတနာနဲ့ပဲ တိုင်းတာမယ် ထင်ပါတယ်။

တဖက်ကလည်း ကြမ်းတမ်းတဲ့ အုံကြွမှုတွေကိုကြောက်တတ်ခဲ့၊ ဖြစ်နိုင်တဲ့ ဘေးထွက် အမှားအယွင်းတွေအတွက် တွေဝေ တွန့်ဆုတ်ခဲ့တယ်။ ငြိမ်းချမ်းမှုအတွက် အဖြေတစ်ခု ဘာလို့ ရှာလို့မရကြပါလိမ့်လို့ အကြာကြီး တွေးခဲ့တယ်။ နောက်ပိုင်း အချိန်တစ်ခုကို ဖြတ်သန်းပြီးတော့ အမြင်တွေ ထပ်ဆင့်လာခဲ့တယ်။ လူထုက အမြဲမှန်တယ် ဆိုတဲ့ စကားတစ်ခုလည်းရှိတယ်။ လူ့သဘာဝက ရောနှော ရှုပ်ထွေးတယ်။ မျက်နှာနှစ်ဖက်နဲ့ ဒင်္ဂါးလိုပဲ။ အချိုနဲ့အခါး။ နူးညံ့စာနာမှုတွေဖြစ်ဖြစ် ရက်စက် ကြမ်းတမ်းမှုတွေ ဖြစ်ဖြစ် အခြေအနေပေါ်ပဲ မူတည်ပြီး တဖက်ဖက်က လွှမ်းမိုးလာဖို့ ပုန်းအောင်း တာစူနေတာပဲလေ။ တကယ်တော့ ငြိမ်းချမ်းရေးကို လူတိုင်းလိုလားပါတယ်။ လူတိုင်းကြိုက်တဲ့ အရသာတစ်ခုပါ။ ရွေးချယ်ပိုင်ခွင့် ရှိခဲ့ရင်ပေါ့။

တော်လှန်သူတွေအတွက်တော့ ဖြစ်နိုင်တဲ့ ဘေးထွက် အမှားအယွင်းတွေကို အတတ်နိုင်ဆုံး လျှော့နိုင်ရင် ကောင်းမှာပါ။ အဖိနှိပ်ခံ လူတွေကို စိတ်အောက်ဆုံး အဆင့်ရောက်ပြီး ရိုင်းစိုင်းကြမ်းတမ်း အငြိုးတကြီး တုံ့ပြန်တတ်သော အခြေအနေတစ်ခုအထိ မရောက်စေချင်ရင်တော့ လက်ရှိမှာ လုပ်နိုင် လုပ်ပိုင်ခွင့်ရှိတဲ့ အင်အားကြီးသူတွေကလည်း အချိန်မနှောင်းခင် လမ်းကြောင်းတစ်ခုဆီ သွားနိုင်ဖို့ ပိုတာဝန်မရှိပေဘူးလား။ သမိုင်းဆိုတာ သင်ခန်းစာယူဖို့ပဲ ဖြစ်သင့်တာပေါ့။

ပန်ဒိုရာ

5 comments:

စိုးထက် - Soe Htet ! said...

မျက်နှာ နှစ်ဖက်ကို တစ်ပြိုင်နက် ဖြတ်သန်း တဲ့ အခါ ကို သေချာ ဖတ် သွားပါတယ် ... ကျွန်တော်သေလို့ မြန်မာပြည်ကြီး ကောင်းစားသွားမယ် ဆိုရင် .. ဆိုတဲ့ အတွေး ၀င်လာပါတယ် ... ဝေငှ ပေးတာ ကျေးဇူးပါ ...

M.Y. said...

ပထမဆုံ၊း ဒီအနှစ်ချုပ်အတွက် ကျေးဇူးစကားဆိုပါရစေ။ အားလုံးအတွက် ဒီဂန္ဓ၀င် “မြို့  ကြီးနှစ်မြို့ ရဲ့  ပုံပြင်တစ်ပုဒ်” ဟာတစ်စုံ တစ်ရာ ကို အကျိုးပြုမယ်လို့  မြင်တဲ့အတွက်အနှစ်ချုပ်ကလေးဖြစ်နိုင်ရင် ပြန်ဆိုပေးဖို့ တောင်းဆိုခဲ့တယ်။ War & Peace တို့ လို ဂန္ဓ၀င် တွေကို အင်္ဂလိပ်ဘာသာမှာပဲအနှစ်ချုပ်ထားတဲ့ version တွေရှိသလိုပဲ..ဒီCharles Dickens ရဲ့ A Tale of Two Cities ကို ကျွန်တော်မူရင်းကိုဖတ်ပြီးကတည်းကအခြေအနေတွေအချို့ က လက်ရှိ ကို ကိုယ်စားပြုနေသလိုမို့  အစအဆုံးမဟုတ်တောင်အနှစ်ချုပ်လောက် တစ်ယောက်ယောက်လုပ်နိုင်ရင်ကောင်းမှာလို့  တွေးခဲ့ပါတယ်။အခု မြန်မာဘလော့ဂါတစ်ယောက်ဖြစ်တဲ့ မပန်က စေတနာထက်သန်စွာ အနှစ်ချုပ်ပေးတဲ့အတွက် မှတ်မှတ်ရရ ကျန်ရစ်ခဲ့မှာသေချာပါတယ်။
ဆန့် ကျင်ဘက်မြို့ ကြီးနှစ်မြို့  ရဲ့ ပုံပြင်သစ်ထဲမှာတော့ဒီလို မျက်နှာနှစ်ဖက်ကို ဘယ်လို လိမ္မာပါးနပ်စွာ တပြိုင်နက် ဖြတ်သန်းမလဲဆိုတာတော့ မပန်သုံးသပ်ပြထားတဲ့အတွက် လေ့လာသူများစိတ်ဝင်စားအကျိုးရှိမှာပါ။

အချိန်ပေးအားထုတ်ဝေမျှ ပေးမှုအတွက် အသိအမှတ်ပြုခြင်းများစွာနှင့်… ကျေးဇူးတင်ပါဒယ်..

M.Y

wai lin tun said...

ပြင်သစ်တော်လှန်ရေးလို့ ပြောလိုက်ရင် ဘာ့စတီးအကျဉ်းထောင်နဲ့ ခေါင်းဖြတ်စက်ကို ပြေးမြင်ကြတယ်။ မေရီအင်တွိုင်းနက်နဲ့ နပိုလီယံကို သတိရကြတယ်။ တော်လှန်ရေးတခုမှာ အဖြစ်အပျက်တွေက များမြောင်လွန်းတယ်။ မမေ့နိုင်တဲ့ ဇာတ်လိုက်တွေလည်း ထွက်ပေါ်ကျန်ရစ်ခဲ့တယ်။ ဒါပေမယ့် ရောပြွန်းနေတဲ့ လူ့သဘာဝတွေ ပါဝင်တောက်လောင်ခဲ့ပုံကတော့ အစစ်အမှန်ဖြစ်ပါလျက် ဆေးသားဝါးမှုန်ပြယ်ခဲ့တယ်။ သမိုင်းက သင်ခန်းစာကိုပေးရင် ၀တ္ထုတပုဒ်က ခေတ်ရဲ့ ရင်ခုန်သံကိုပေးတယ်။ အချစ်စိတ်ဟာ ခေါင်းဖြတ်စက်ကြောင့် သေဆုံးမသွားဘူး။ ကျမသေလို့ ပြင်သစ်ပြည်ကြီး ကောင်းစားသွားမယ်ဆိုရင်.. တဲ့။ လူထုတွေရင်ထဲမှာ ဒီလိုစကားတွေ ပဲ့တင်ထပ်လာတဲ့အခါ တိုင်းပြည်တပြည်ဟာ ပြန်လည်နိုးထလာတာပါပဲ။
ပန်ဒိုရာရဲ့ အားထုတ်မှုက တစုံတရာ လှုပ်နှိုးနိုင်စွမ်းရှိလို့ ကျေးဇူးတင်ဖွယ်ဖြစ်ပါတယ်။

တန်ခူး said...

တွေးစရာတွေ အများကြီးပေးတဲ့postလေးပါ။ အနှစ်လေးတွေ အကုန်ပါအောင်ချုပ်သွားနိုင်တဲ့ အနှစ်ချုပ်အရေးအသားလေးကို အလွန်နှစ်ခြိုက်မိပါတယ်။ စေတနာတွေ အများကြီးနဲ့ ဒီpostကို ဖတ်ပြီး ပန်ဒိုရာရဲ့ အချစ်အတိမ်အနက်ကို ခန့်မှန်းလို့ရပါတယ်။ ငြိမ်းချမ်းမှုကို လူသားတိုင်း မြတ်နိုးတတ်ကြရင် ခါးသီးမှူတွေက ပါးလျပျောက်ဆုံးသွားမှာပါ။ ရည်ရွယ်ချက်ကောင်းတဲ့ ဒီpostလေးအတွက် ငြိမ်းချမ်းပါစေ ပန်ဒိုရာ။လေးစားလျက်။

pandora said...

ကိုစိုးထက် ကိုမောင်ရင် ကိုဝေလင်း မတန်ခူး
ကွန်မန့်တွေအတွက် ကျေးဇူးပါ။
ဒီလိုပို့စ်မျိုးဆိုတာ အခုလို သုံးသပ်ထားတဲ့ ကွန်မန့်တွေနဲ့မှ ပြည့်စုံတာပါ။ ကိုယ်မတွေးမိတာတွေကိုလည်း ဖြည့်ဆည်းပေးတဲ့အတွက် ကွန်မန့်များကို အထူးကျေးဇူး။