အဟောင်းတွေ အသစ်ဖြစ်တယ်လို့ပြောရင်လည်း ပျော်ရွှင်စရာ အဟောင်းတွေမို့ ခွင့်လွှတ်နိုင်မယ် ထင်ပါရဲ့လေ။ ဘလော့ဂ် စရေးကာစ ဘလော့ဂါတွေ သိပ်မများသေးခင်မှာ အားလုံးစုရေးကြတဲ့ ၀တ္တုတစ်ပုဒ် ရှိခဲ့တယ်။ အဲဒီအချိန်က ဘလော့ဂါ စာအုပ်ထုတ်ဖို့ လုံးပန်းနေချိန်။ တနေ့တနေ့ ဂျစ်တူးရဲ့ ဘလော့ဂ်မှာ တင်ထားတဲ့ အဲဒီ ပို့စ်ကို ဘယ်သူများ ဘာရေးသွားလဲလို့ သွားသွားကြည့်ရတာ အမော။ ဆီပုံးထဲလည်း စည်စည်ကားကား။ ပျော်ပျော်ပါးပါး။
တစ်နှစ်တောင်မပြည့်သေးတဲ့ အချိန်ကာလက ပြန်စဉ်းစားရင်း မနေ့တနေ့ကလိုပါပဲ။ ဒါပေမယ့် အဲဒီအတွင်းမှာ အများကြီး ပြောင်းသွားခဲ့ပြီ။ သမိုင်းဝင် အဖြစ်အပျက်ကြီး တစ်ခုနဲ့ မေ့မရနိုင်မယ့် နာကျင်မှုတွေကို မျှဝေခံစားခဲ့ရပြီ။ ဒီကြားထဲမှာ တချို့တွေအတွက်တော့ ချိုသလား ခါးသလား သိနိုင်အောင် လုံလောက်တဲ့ ကြာကြာဝါးချိန် တစ်ခုလည်း ရခဲ့ပြီ ဆိုပါတော့။ အပြစ်ကင်းစွာ ဒဏ်ရာကင်းစွာ ဖြူစင် ရယ်မောခဲ့ကြတဲ့ အချိန်တွေ ပြန်မရနိုင်တော့ဘူး။
အခုတော့ ဘလော့ဂါအသစ်တွေ အများကြီး ပေါ်လာခဲ့ပါပြီ။ မဖတ်ရသေးသူများအတွက် ဘလော့ဂါများ စုပေါင်းရေးခဲ့ကြတဲ့ ၀တ္တုလေးကို ဂျစ်တူးရဲ့ ဘလော့ဂ်ကနေ ပြန်လည်တူးဆွပြီး ဖော်ပြလိုက်ပါတယ်။
ဘလော့ဂါများနှင့် စပိတ်တစ်ဖဲတစ်ချပ်၏ လျှို့ဝှက်ချက်
----------------------------------------------------------------------
အခန်း (၁)
မိုးသည်းထန်စွာရွာသော ညတစ်ည ... ။ မီးရောင်အောက် ကတ္တရာလမ်းပေါ်မှာ မိုးပေါက်တွေ ဒေါသတကြီး ကြွေကျနေသည် ။ ကမ္ဘာမြေကြီးထက် ဆင်းသက်လာသော မိုးစက်သံတွေကြား ပျင်းရိသောအတွေးများနှင့် စီးကရက်မီးခိုးများ အလိပ်လိုက် တက်သွားအောင် သူ မှုတ်ထုတ်ပစ်လိုက်သည် ။
ဖူး..
"စိတ်ညစ်လိုက်တာနော်။ ခြင်ကလည်းကိုက် ၊ ချမ်းကလည်းချမ်း။ ဒီကင်းတဲမှာ စောင့်စောင့်ပြီး အိပ်ရတဲ့ရက်ကလည်းမနည်းတော့ဘူး။"
အလိပ်လိုက်တက်သွားတဲ့ အဖြူရောင်မီးခိုးငွေ့တွေကြားကို စူးစူးရဲရဲ ကြည့်လို့ ငြီးငြူလို့မဆုံးမှီ ကားမီးရောင်တစ်ခုက ထွင်းဖောက်လာသည်။ မိုးသံတဖောက်ဖောက် ကားလမ်းပေါ်က တဆင့် သူ မှောင်ရိပ်ခိုနေတဲ့ တဲကိုဖြတ်လို့ တောင်ကုန်းပေါ်က ဂိုဒေါင်အဟောင်းကြီးဆီသို့ ထိုကားက အရှိန်ပြင်းစွာ မောင်းနှင်သွားသည်။ ဂိုဒေါင်ရှေ့တွင် ကားထိုးအရပ် ကားထဲမှ အနက်ရောင်မိုးကာအကျီင်္ ၀တ်ဆင်ထားသူတစ်ယောက် အထုပ်တစ်ထုပ်ကိုင်လျက် ဆင်းလာသည်။ ကင်းတဲမှ အသာဆင်းပြီး ခြုံများကို အကာအကွယ်ယူပြီး ဂိုဒေါင်အနားထိ သူ တိတ်တဆိတ်ချဉ်းကပ်သွား၍ ဂိုဒေါင်ပေါက်မှတဆင့် အတွင်းသို့ ချောင်းကြည့်လိုက်သည်။
ခပ်မှိန်မှိန်အလင်းရောင်ကို ကျောပေးလျက် ကုလားထိုင်တစ်လုံးပေါ်တွင် လူတစ်ယောက်ထိုင်နေသည်။ ဘေးတွင် အခြားလူ သုံးဦးက ခြံရံလျက် ။ ထိုင်နေသည့်လူက မိုးကာနှင့်လူကို လှမ်းမေးလိုက်သည်။
“ရန်အောင်…ဘယ်လိုလဲ..မင်း..ငါမှာထားတဲ့ ပစ္စည်းပါလာရဲ့လား”
“အော်ဟော်…တက်စ်လာရာ..ငါ..ဆိုတဲ့ကောင်က ဗူးဆို ဖရုံသီး စားတတ်တဲ့လူမဟုတ်ဘူးဆိုတာ မင်းမသိသေးပဲကိုး၊ ရော့…ဒီမှာ”
ပြောပြောဆိုဆိုနှင့် ရန်အောင်က လက်ထဲက အထုပ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
ဖုန်များတထောင်းထောင်းထသွားသည်။ ထိုင်နေသော တက်စ်လာဆိုသူက အထုပ်ကိုဖြေကြည့်လိုက်သည်။
အထုပ်ထဲက ပစ္စည်းကိုမြင်လိုက်ရသော တက်စ်လာဆိုသူ၏မျက်နှာက ....
“ဟာ...ဒါ...ဒါ.. ဘာလဲ...ဟေ့ကောင် ရန်အောင်...ငါမှာတာ ဒါမဟုတ်ဘူးကွ”
“မိုးရွာလို့ ဆိုင်ပိတ်တယ်...မင်းမှာတဲ့ဟာ မရခဲ့ဘူး... ဒါ ဇင်ကိုလတ်ချက်ထားတဲ့ ကြက်သားကာလသားဟင်း... မင်း ဂျီးများမနေနဲ့တော့... မင်းဆာနေမှာစိုးလို့ ငါမရရအောင် တောင်းခဲ့တာ...ငါကတော့ အလကားရလို့ အပြတ်တီးခဲ့ပြီ။ မိုးအေးအေးနဲ့ တရေးတမော နှပ်လိုက်ဦးမယ်ကွာ ။”
ပြောပြောဆိုဆို ရန်အောင်က ဗိုက်ကိုပွတ် နှုတ်ခမ်းကို လျှာဖြင့် တစ်ချက်သပ်ပြီး အိပ်ခန်းထဲသို့ ၀င်သွားလေသည်။
တက်စလာ တစ်ယောက် စိတ်ပေါက်ပေါက်နှင့် မဲမဲမြင်ရာအကုန်လွေးလိုက်သည်။ ပြီးနောက် ဘီအီးတစ်ပိုင်းကိုတစ်ကြိုက်ကောက်မော့ရင်း
"ဟေ့မောင်ရန် .. တလောက ဦးကဒေါင်းတို့အိမ်နား လူဝင်တယ်တဲ့"
"ဟာဗျာ။ လူဝံဘဲဖြစ်ဖြစ်၊ မျောက်ဝံဘဲဖြစ်ဖြစ် လာမနှိုးနဲ့"
ထိုစဉ် အဝေးတစ်နေရာဆီမှ ရစ်သမ်မဲ့စွာထွက်ပေါ်လာသော ခွေးအူသံသဲ့သဲ့ကြောင့် သူတို့နှစ်ဦးတစ်ယောက် မျက်နှာတစ်ယောက်ကြည့်ရင်း
“အသုဘရှိတာ အခုမှသတိရတယ်။ ဖဲသွားရိုက်ရအောင်လား”
“မရိုက်ချင်ပါဘူး။ ဇင်ကိုလတ် နဲ့ ကျော်ဇေယျတို့ သောက်နေကြ ဘူတာနားက ဘုံဆိုင်သွားမယ်ဆိုရင်တော့ စိတ်ဝင်စားတယ် ။ ငါတို့သွားမှ ၀ိုင်းပြည့်မှာ ။ အင်းဒီအချိန်ဆိုရင် ငါတို့သူငယ်ချင်း သတင်းထောက်ကြီး စိုးဇီယျတော့ ရောက်နေလောက်ပြီနော်.."
တက်စ်လာဆိုသူ၏ ဖဲသွားရိုက်ရန် အဖေါ်ညှိသော စကားသံကိုကြားလိုက်သောအခါ ၊ သူ့ အတွေးများသည် ဟိုးတချိန် ၅နှစ်ကျော်မှ ရန်အောင်ဆိုသူ၏ ဖဲဝိုင်းတစ်ခုသို့ ရောက်ရှိသွားသည် ။ ဖဲဝိုင်းနှင့် မည်သို့မှ မသက်ဆိုင်သော သူမကို ထိုည ထိုနေရာတွင် တွေ့ ရလိမ့်မည်ဟု သူ မထင်ခဲ့ပါ ။
ထိုညကလည်း ယခုညကဲ့သို့ မိုးစွေခဲ့ပါသည် ။ သူမ၏ဆံရှည်များပေါ် မိုးရေစက်လေးများ တွဲလွဲခိုကာ ချမ်းနေသည့်ပုံရသည့် လမ်းမပေါ် မတ်တပ်ရပ်နေသော သူမကို စားသောက်ဆိုင်က မီးခိုးငွေ့တွေကြား ၊ ပြာလဲ့လဲ့မီးရောင်အောက် သူ တစ်ချက်စိုက်ကြည့်ခဲ့ဖူးသည် ။
ချိုးချိုးချွတ်ချွတ်အသံကြောင့် သူ၏ တဒင်္ဂ အတွေးအိမ်မက်မှ လန့်နိုးလာသည်။
ဟော သူတို့ ထွက်လာတော့မည် ထင်သည်။ သူ အမြန် ကင်းတဲဆီသို့ ပြန်လိုက်သည်။ အင်း ချမ်းလိုက်တာ။ ငါလဲ သူတို့လို တစ်ခွက်လောက် သွားမော့ရင် ကောင်းမယ်ထင်တယ် ဟုတွေးရင်း လမ်းထိပ်ဆိုင်ဘက် ခြေလှမ်းလိုက်သည် ။
ရှပ် ရှပ် ခြေသံ ကြား၍ သူ မော့ ကြည့်လိုက်သည်။
ဟင် ဟိုမှာ။ သူအသေအချာပြန်ကြည့်လိုက်သည်။ အိမ်မက်များလား။ သူ ကိုယ့် လက်မောင်းကို ပြန်ဆိတ်ကြည့်သည်။ အား နာတယ်။ ဟုတ်ပါတယ်။ သူမ မှာ သူမပါ။ သူ သေချာပြန်ကြည့်ရန် ကြိုးစားသည်။ လိုက်သွားရင်ကောင်းမလားဟု တွေဝေစိတ်နှင့် ချီတုံ ချတုံ ဖြစ်နေသည် ။
ထူးထူးခြားခြား သူမလက်လေးတွေကြားထဲမှာ တွန့်လိပ်ကြေမွနေသော ပိုက်ဆံတ်ချို့နှင့် စပိတ်တစ်ဖဲတစ်ချပ်။
သူမနောက်သို့ လိုက်သွားမိသည်။
ထိုအခိုက် ညဘက်ပြေးလေ့ရှိသော ၃၅ လိုင်းကားက တရမန်းကြမ်းဝင်ရောက်လာကာ အနီးရှိ ဗွက်အိုင်ကိုကျော်ဖြတ်ရင်း ရပ်လိုက်သည်။
"ဗွမ်း အမေ့" ဟု အာမေဍိတ်သံပေးရင်း သူမလန့်ခုန်လိုက်သည်။
"အဆေး အဆေး ဈေးအထိ သွားမယ်-- သီးမင်လာဈေး-သီမင်လာဈေး”
စပယ်ယာရဲ့ ဗလုံးဗထွေးအော်သံတွေနဲ့အတူ သူမတစ်ယောက် ကားပေါ်ပြေးတက်သွားသည်။ သူမမျက်နှာလေးကို သူ တွေ့ဘူးသလိုလို။ ကားထွက်သွားတဲ့အခါ ဘာရယ်မဟုတ် သူမ ရပ်နေခဲ့တဲ့နေရာလေးကို ပြန်ကြည့်မိသည်။
အင်း ဘာလေးပါလိမ့်။
သူ လှမ်းကောက်လိုက်မိသည်။
သူသည် ဖဲချပ်လေးအား ကိုင်နေရင်း တဖြည်းဖြည်းဝေးသွားသော ဘတ်စကားအား ငေးကာ စိတ်ထဲမှ နှမြောတသခြင်း၊ ယူကြုံးမရခြင်း၊ ၀မ်းနည်းခြင်းတို့ကို ခံစားလိုက်ရသည်။
ဝမ်းစာရေးအတွက် အန္တရာယ်တွေနဲ့ ကစားနေရသူများလား။
ကြည့်နေစဉ်မှာပင် ဘတ်စကား ရပ်သွားသည်။ ဘီးပေါက်သွားတယ် ထင်ပ။ အသံတွေကိုလည်း ကြားလိုက်ရသည်။
“ဟိုမှာ ဟိုမှာ။ သူ့လက်ထဲမှာ ဖဲချပ်နဲ့ဟေ့။ သူတို့ အတူတူပဲ ရိုက်ကွာ ရိုက် ရိုက်”
နောက်ကျသွားပါပြီ။ ဖြေရှင်းချိန်မရခင်မှာပင် ဖဲဝိုင်းထဲမှ ထွက်လာကြသော လူအုပ်ကြီး၏ ညာသံပေးသံ များကိုသာ ကြားလိုက်ရသည်။ ကားပေါ်မှ ဆင်းလာပြီး ဒီဘက်ထဲသို့ ပြန်ပြေးလာသော သူမကိုဖြတ်ခနဲ တွေ့လိုက်ရသည်။ ကြယ်များ လများ ဖြင့် အရာရာသည် တဖြေးဖြေး ၀ိုးတ၀ါးဖြစ်ကာ မှောင်အတိကျ သွားပါတော့သည်။
...................................................................
အခန်း (၂ က)
ရပ်ကွက်ထဲမှာပြောနေကြပြီ။ ကဗျာဆရာတစ်ယောက် ညကလူမှား ပြီးအရိုက်ခံရသတဲ့။ မသေကောင်း မပျောက်ကောင်း။
နောက်နေ့မှာတော့ ရပ်ကွက်လူကြီး ကိုကဒေါင်းတစ်ယောက် ခေါင်းကိုက် အလုပ်ရှုပ်နေပါတော့သည်။ “တောက်.. ငါ့ရပ်ကွက်မှာမှ ဖဲဝိုင်းလာမိရတယ်လို့”
“နောက်ပြီးတော့ ဖဲဝိုင်းက ငတိတွေ တစ်ယောက်မှ မရိုက်မိဘဲနဲ့ ဟို ကဗျာဆရာလေးကိုမှ မှားရိုက်လိုက်ကြတယ်”
“အဲဒီကဗျာဆရာကိုရိုက်မိတာက ကိစ္စမရှိဘူး.. ငါ့မှာ ညညဆိုကင်းတာဝန်ပေးဖို့ လူကမရှိတော့ဘူး.. ကိုယ်တိုင်စောင့်ရင်လည်း လေဒီဒေါင်းက ဂျီကျအုံးမယ်။ မဖြစ်ချေပါဘူး။ ဟို ဖဲဝိုင်းက ရန်အောင် ၊ တက်စ်လာ၊ စိုးဇီယျ တို့ ကိုသွားပြီး ကြိမ်းမောင်းလိုက်အုံးမှဘဲ။ နောက်ပြီး ကဗျာဆရာကို လူနာသွားမေးရအုံးမယ်”
ဟုဆိုကာ ရပ်ကွက်လူကြီး ဦကဒေါင်း အိမ်ပေါ်မှ ဇောင့်ဇောင့် ဇောင့်ဇောင့်ဖြင့် ဆင်းသွားပါတော့သည်။
မျက်လုံးအဖွင့် စူးကနဲဖြစ်သွားသော ဦးခေါင်းကြောင့် အမှတ်မထင် သူ့ ခေါင်းသူ စမ်းကြည့်မိသည် ။ ပတ်တီးနဲ့ပါလား.. ငါဘယ်လိုလုပ် ပတ်တီးနဲ့ ဖြစ်ပါလိမ့်ဟု သူတွေးတောရင်း ၊ မနေ့ညက သူမကိုတွေ့ ပြီး ဖြစ်ပျက်ခဲ့တာ သွားသတိရမိသည် ။ သတိရရခြင်း အင်္ကျီ၏ ညာဘက်အိပ်ထောင်ကို ကြည့်လိုက်တော့... ကြေမွနေသော စပိတ်တစ် ဖဲချပ်လေး ။ သူမနဲ့ ဘယ်လိုများ ပတ်သက်နေသလဲလို့ အတွေးရောက်မိစဉ်...
အခန်းထဲသို့ လူတစ်ယောက် လှမ်းဝင်လာသည် ။ ကြည့်လိုက်တော့ နေရာတကာ သူမပါရင်မပြီးသည့် ရပ်ကွက်လူကြီး ဦးကဒေါင်း...
“ဘယ်လိုလဲကွ ။ သက်သာရဲ့လား ။ ငါ သတင်းရရချင်းလာခဲ့တာပါ ။ မင်းဘယ်ကနေ ဘယ်လိုဖြစ်ရတာလဲကွာ ။ လူမှားရိုက်ခံရအောင် ကံဆိုးလှချည်လား”
ပတ်တီးအဖွေးသားနှင့် လူနာကိုမှ အားမနာ.. ခရားရေလွှတ် ပြောချင်တာတွေပြောနေသော ဦးကဒေါင်းကိုကြည့်ပြီး သူစိတ်ပျက်သွားသည် ။ သို့သော်လည်း လိုက်လျောညီထွေ ဆက်ဆံတတ်သော လူ့သဘာဝအရ မပြုံးချင်သော အပြုံးတစ်ခုကို ဖန်ဆင်းဖို့ သူ့ နှုတ်ခမ်းနှစ်လွှာကို မပွင့်တပွင့် ဖွင့်ဟခိုင်းလိုက်သည် ။ နောက် မပြောချင်သော လောက၀တ်စကားတချို့ကို ပြောဖို့ သူ့ ပါးစပ်မှ လှုပ်ရုံလေး လှုပ်ကာ လွှတ်ချခိုင်းလိုက်သည် ။ ထို့နောက် သူ့ အသံသူ ပြန်ကြားလိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော်လည်း ဘယ်ကနေ ဘယ်လိုမှန်း မသိပါဘူး ဦးရယ် ။ ဒီဖဲချပ်လေးကို ကိုင်ထားတုန်း ၀ိုင်းရိုက်ခံလိုက်ရတာပါပဲ”
“ဟေ .. အဲဒီ ဖဲချပ်လေးပြပါဦးကွ”
“ဟုတ်ကဲ့ပါ ဦး” ထိုသို့ဆိုပြီး သူလည်း ဖဲချပ်လေးကို ဦးကဒေါင်းလက်သို့ တရိုတသေ အပ်နှင်းလိုက်သည် ။
“အေး အေး.. မင်းလည်း ပြန်အနားယူလိုက်ဦး ။ ငါလည်း အိမ်ပြန်ပြီး ဒီအမှုကိစ္စ နည်းနည်း စဉ်းစားကြည့်လိုက်ဦးမယ်” ဟု ရှားလောခ့်ဟုန်း လေသံဖမ်း၍ပြောကာ ဦးကဒေါင်း ထွက်သွားလေသည် ။
....................................................................
အခန်း (၂ ခ)
ပိန်းပိတ်အောင် မှောင်နေသောညသည် ဂျစ် အတွက်တော့ မဆန်းတော့ပေ။ ဒီအချိန် မိန်းကလေး တစ်ယောက်ထဲ သွားလာနေတာကို စမ်းချင်သော ငနဲသားများ ရှိသေးသလား။ အဟင်း ပျင်းတောင်ပျင်းသေးသည်။ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ဂျုဒို၊ အာကီဒို၊ ပန်ဒို.. (အဲလေ..ယောင်လို့၊ အဲဒါပါဘူး..) အကုန်တတ်သည်။ အနက်ရောင် prada ပိုက်ဆံအိတ် ထဲမှာ လက်ညှိုးကလေး ကွေးလိုက်ရင် သေတတ်သည့် လက်နက်ကလေး ပါသည်။ ဂျာကင်အင်္ကျီအိတ်ထဲက ပါးလှပ်လှပ် လေးထောင့် ပစ္စည်းကလေးကိုတော့ လက်ကိုင်ဖုန်း သက်သက် လို့ထင်ပါသလား။ အထူးစီမံ ပြုလုပ်ချက်များဖြင့် လိုသလို သုံးနိုင်သော ကိရိယာလေးတစ်ခု။
ကလစ် ကလစ် ။ ထိုကိရိယာလေးက အသံမြည်လာသည်။
“၀၀၅ လား ။”
“ဟုတ်တယ်။”
တစ်စက္ကန့်လောက် အသံစစ်ပြီးမှ မှန်ကန်ကြောင်း မီးစိမ်းလေးလင်းလာပြီး ဆက်ပြောသည်။
“၀၀၉ ပါ။၊”
ဂျစ်တို့လောကမှာ အခုလို လျှို့ဝှက် ကိုယ်ပိုင်နံပါတ်တွေ နဲ့ပဲ ဆက်သွယ်ကြသည်။
“ဟိုနေ့က စပိတ်တစ် ထွက်ကျသွားတဲ့ကိစ္စ ဘွားတော် ကပွက်နေတယ်။”
“ကျွတ်.. ပွက်ရင်လက်ဖက်ခြောက် ခတ်လိုက်ကွာ။ ဒီမှာ ကံကောင်းလို့ လွတ်လာတာ။”
“ထားတော့ ထားတော့။ အခု အရေးကြီးတယ်။ ကိုယ်ပြောတာကို သေသေချာချာ နားထောင်။ လှည်းတန်း တိုက်နံပါတ် ၁၁၁ ကို ည ၁၁နာရီ မတိုင်ခင် အရောက်သွား။ ပြီးမှ ဆက်ညွှန်ကြားမယ်။ ဒါပဲ။”
အသံပြတ်သွားသည်။ နာရီကို ကြည့်လိုက်တော့ ၁၀နာရီ။ ဂျစ် နှုတ်ခမ်းလေး တွန့်ရုံ ပြုံးလိုက်သည်။ ဘာတတ်နိုင်မှာတဲ့လဲ။ အဲ.. စပိတ်တစ်ဆိုလို့ သနားကမား မျက်နှာလေး တစ်ခုကို ဖြတ်ကနဲ မြင်ယောင်လာသည်။ ဂျစ် ကားပေါ်က ပြန်ခုန်ဆင်းလိုက်သည့် အချိန်မှာ ဖဲချပ်ကလေးကို ငေးကြည့်နေသည့် ငိုင်တွေတွေ မျက်နှာလေးတစ်ခု။ ဒါပေမယ့် အချိန်မမီလိုက်တော့။ ၀ိုင်းလာတဲ့ လူတွေကြား ကိုယ်ယောင်ဖျောက်ကာ အသာလစ် ခဲ့ရသည်။ အပြစ်မဲ့စွာ ခံလိုက်ရတဲ့ သူ့အတွက် စိတ်တော့ မကောင်းမိ။ ကိုယ့် ကိုယ်ကို မပိုင်တဲ့ ဂျစ်တို့ ဘ၀ပါလေ။
၁၀ နာရီ ဆိုတော့ မီထရိုမပိတ်သေးဘူး.. မီထရိုနဲ့ သွားရင်ကိုယ့်နောက်လိုက်နေတဲ့ ကောင်တွေရှိခဲ့ရင် သူတို့ကို ခြေယောင် ဖျောက်နိုင်မှာဟု စိတ်ကူးပြီး မီထရိုထဲကို ဆင်းလာခဲ့သည်။ စင်္ကြန်ကိုရောက်တော့ ကိုယ့်ကို ခေါ်တော မျက်လုံးနဲ့ ကြည့်နေတဲ့ ငမူးသမား တစ်ကောင်ကို စူးစူးရဲရဲ ပြန်ကြည့်ပစ်လိုက်တော့ ငနဲသား သူမဟုတ်သလို ပြန်ငြိမ်သွားသည်။ အသင့်ရောက်လာတဲ့ ရထားတွဲပေါ်ကို တက်ပြီး ထိုင်ခုံလွတ် တစ်ခုမှာ ၀င်ထိုင်ကာ မျက်စိကို မှိန်း၍လိုက်လာခဲ့သည်။ ဒီအချိန်ဆိုရင် မီထရိုထဲမှာ လူရှင်းနေပြီ ဖြစ်လို့ အာရုံသိပ်များစရာ မရှိပဲ အော်ပရေတာက ကြေငြာပေးနေတဲ့ ဘူတာနာမည် များကိုသာ အာရုံစိုက်နေလိုက်သည်။ “ရှေ့ဘူတာက လှည်းတန်းဘူတာ ဖြစ်ပါတယ်ရှင်” လို့ အော်ပရေတာက အသံထွက်လာတော့ နာရီကို ငုံ့ကြည့်လိုက်သည်။ “၁၀နာရီ ၂၀” သွက်သွက်လေးသွားမှဟု ဆုံးဖြတ်လိုက်ပြီး မီထရိုမှ ထွက်လာခဲ့သည်။
မီထရိုမှ ဆင်းလိုက်သည်နှင့် တစုံတခုကို အချေအတင်ငြင်းခုံနေကြပုံရသည့် လူနှစ်ယောက်ကို တွေ့ သည် ။ ဂျစ် ဆင်းလာတော့ ဂျစ်ကိုမြင်သွားပြီး ခြေလှမ်းယိုင်ကြီးများဖြင့် လှမ်းလာကြသည်။ အလွန်လျင်သော ဂျစ်က Parada အိတ်ထဲလက်နှိုက်ပြီးနေပြီ။
ဒီ ၂ ယောက်ကို ဂျစ် မြင်ဖူးသလိုလိုရှိ၍ သေသေချာချာကြည့်မိတော့မှ ... နေဘုန်းလတ်ရဲ့ တပည့်ကျော် ၂ ယောက်ပဲ။ တစ်ယောက်က ဖဲအလွန်ပွတ်သော “ မောင်ပွတ် ” ၊ နောက်တစ်ယောက်က လျှို့ဝှက်သော ပြုံးအလှပိုင်ရှင် “ကိုဂေါက်” ။ နေဘုန်းလတ်ဆိုတာ ထောင်ထွက်တစ်ယောက်... ဂျစ် တို့အဖွဲ့နဲ့လည်း ကျောင်းတော်က ရန်ငြိုးရန်စတွေ တသီတသန်း။
မောင်ပွတ်နဲ့ ကိုဂေါက်တို့ ဖဲဝိုင်းမှာထဲက မူးနေကြပြီးသား။ အခုလည်းယိုင်ထိုးပြီး သူ့ဆီလာနေကြသည်။ ပြဿနာတော့စပြီ ဟု ဂျစ်နားလည်လိုက်သည်။ သေနတ်ကိုင်ထားသောလက်က လိုတာထက်ပိုပြီး ကျစ်ကျစ်လျစ်လျစ်ဖြစ်သွားသည်။ မောင်ပွတ်က စကားစလာသည်။
“ ဒီမှာ ဂျစ်။ မင်းကို ဖဲဝိုင်းမှာ ကတည်းက ကြည့်နေတာ ဗဟုသုတများပုံရတယ်။ မင်းကို တစ်ခုမေးမယ်။ တီကောင်ကို ကနုတ်ပန်းတွေဆင်ရုံနဲ့ နဂါးဖြစ်မလား ”
“ အမ် ”
ဂျစ်ကြောင်သွားသည်။ မျှော်လင့်မထားသော မေးခွန်း။ မောင်ပွတ်က မလေးမခန့်ပြုံးရင်းထပ်မေးသည်။ အသံကတော့ နည်းနည်းဒေါသသံပါလာသည်။
“ ခွေးကို ကနုတ်ပန်းတပ်တိုင်း ခြင်္သေ့ဖြစ်မလာဘူးကွ။ ဒီပိုက်ဆံကိုကြည့် ”
ဘယ်နိုင်ငံကမှန်းမသိသော ပိုက်ဆံတစ်ရွက်ထုတ်ပြသည်။ ခြင်္သေရုပ်နှင့်။ သေချာကြည့်တော့မှ မိုနိုပိုလီပိုက်ဆံ။ မြန်မြန်ဖြေမှ မြန်မြန်သွားရမည်ကိုသိသဖြင့် ဂျစ်က အဖြေပေးလိုက်သည်။
“ ခြင်္သေလည်းမဖြစ်ပါဘူး။ နဂါးလည်းမဖြစ်ပါဘူး ”
“ကဲ ကိုဂေါက်။ မင်းရှုံးပြီ။ မင်းလက်မောင်းကို ပြလိုက်စမ်း ”
ကိုဂေါက်က တီရှပ်ကို လက်ပင့်ပြီး လုံးပတ် ၂ လက်မလောက်ရှိသော လက်မောင်းကြီးကို အားရပါးရထုတ်ပြသည်။ အရုပ်။ လက်မောင်းမှာ တီကောင်လိုလို၊ နဂါးလိုလို အရုပ်တစ်ရုပ်ခြစ်ထားသည်။ ဂျစ်စိတ်ညစ်သွားသည်။ သေနတ်ကိုလည်း လွှတ်ထားလိုက်ပြီ။ ဒီကောင်တွေကို သေနတ်မသုံးတော့။ ၁၀နာရီ ခွဲဖို့ ၂ မိနစ်သာ လိုတော့သည်။
“ဟေ့လူတွေ.. အူကြောင်ကြောင်လုပ်မနေနဲ့ ။ ရှင်တို့နဲ့ စကားစမြည်ပြောဖို့ အချိန်မရှိဘူး ။ ရှေ့က ဖယ်လိုက်ပါ ။”
“အောင်မာ.. ဒီမိန်းမ လူပါးဝလို့ ။ မဖယ်ဘူးကွာ ။ ဘာလုပ်ချင်လဲ ။”
ခါးပတ်အနက်ကို ဂျစ်ပိုင်ဆိုင်ထားသောလည်း ခုနက ဂျစ် လျှော့တွက်မိသော ကိုဂေါက် နှင့် မောင်ပွတ်ဆိုသူတို့ကလည်း မခေပေ ။ သေနတ်က silencer တတ်ထားသည်ဆိုပေမယ့် ည၏တိတ်ဆိတ်ခြင်းကို မဖြိုခွင်းချင်သောကြောင့် သေနတ်ကို မသုံးနိုင် ။ သူမသာ ကိုယ်မသာ ချနေရရင်.. အချိန်တွေ ကုန်တော့မှာပဲ လို့အတွေးဝင်ချိန် ..
“ဖုန်း... အား...ယား...”
အဖြူရောင်ဝမ်းဆက်နှင့် ၀၀၉.. လေထဲတွင် ၀ဲပျံကာရောက်လာပုံက ညအမှောင်ထဲ လင်းကနဲ လက်ကနဲ။
“မပန်ဒိုရေမွန်”
ဂျစ် ၀မ်းသာအားရ စိတ်ထဲမှ ခေါ်လိုက်သည် ။ အပြင်မှာ ယောင်ထွက်လို့မဖြစ် ။ ဒီအစ်မတော်က လက်သံပြောင်ပါဘိသနဲ့ ။
“ဂျစ်.. နင့်ကိုငါပြောထားတယ် ။ ငါ့ကုဒ်ကိုပဲ ခေါ်ပါလို့ ။ အခုတော့ ဘယ်လိုလုပ်မလဲ ။ နင်ဟာလေ...” အဆက်မပြတ် ပြောခံရမယ့် ဖြစ်ခြင်း.. ။
မပန်ဒိုက သူ့ လက်ထဲကိုင်နေကျ ဓားမြှောင်နှစ်ချောင်းနှင့် ထိုသူနှစ်ယောက်၏ ရင်ဝသို့... နည်းနည်းလေး ကပ်ပြီး လွဲသွားသည် ။ မောင်ပွတ် နှင့် ကိုဂေါက်တို့ တယောက်မျက်နှာတယောက်ကြည့်ကာ မဟန်နိုင်တော့မှန်း ရိပ်မိပြီး...
“ဒီတခါ ညှာလိုက်တယ်လို့ မှတ်ပါ အမိတို့” ဟုဆိုပြီး သုတ်ခြေတင် ထွက်သွားလေသည် ။
“ကဲ ကိစ္စရှင်းပြီ ။ ညည်းသွားစရာ မြန်မြန်သွား ။ နို့မဟုတ် ဘွားတော်ရဲ့ အမျက်တော်နဲ့ တွေ့ နေမယ် ။”
ဂျစ်လည်း ကျေးဇူးတင်ပြီး အမြန်ပြေးထွက်ခဲ့တယ်။ သိပ်နောက်ကျနေပြီ ။ နာရီကြည့်လိုက်တော့ ၁၀နာရီခွဲ။ နောက် နာရီဝက်ပဲ ကျန်တော့သည်။
လမ်းတခုပေါ်ရောက်တော့ နောက်သို့ တချက်ကြည့် မိသည်။ ဟင် မောင် ပါလား။ မတွေတာ ကြာပြီ ဖြစ်သော်လည်း အလွတ်ရနေသော မျက်နှာကိုမမေ့နိုင်သေးပေ ။ မောင် ဒီကို ဘာလာလုပ်ပါလိမ့်။ မောင် ပိန်သွားသည်။ အဆင်မှပြေရဲ့ လား မသိ။ မောင် ဂျစ်ကို မြင်ပုံ မရပေ။ နံရံဘက်ကပ်၍ ကွယ်လိုက်ရင်း မောင့် ကို ကြည့် မိသည်။ လောလောဆယ်တော့ ဂျစ် ခဏ တာဝန်ကို မေ့သွားသည်။ မောင့်ကို ကြည့် ရသည်မှာ လျှို့ လျှို့ဝှက်ဝှက် နိုင်လှသည်။ နောက်တွင် ဘယ်သူပါလဲ တစ်ချက်ကြည့်၍ မောင် ကားတစ်စီးပေါ်သို့ တက်သွားတာ တွေ့ လိုက်သည်။ မောင် ဘာတွေများလုပ်နေပါလိမ့်။ ကားထွက်သွားမှ လွင့်ပျံနေသော အာရုံကို စုစည်း ၍ ခပ်သွက်သွက်လျှောက်လိုက်သည်။ မဖြစ်ဘူး။ နောက်ကျနေပြီ။ တော်ကြာ ဘွားတော်က နောက်ကျပြန်ပြီ ဆို ပွစိပွစိ လုပ်နေ အုံးမည် ။ အဲလိုအခါမျိုးဆိုလျှင် ၀၀၇ မျက်နှာလေး မဲ့နေတတ်သည် ။ ၀၀၆ နှင့် ၀၀၃က ဒီနေ့ off ဆိုတော့ ဘာတွေ လုပ်နေကြမလဲ မသိ။ ၀၀၆ က အိပ်နေလောက်ပြီထင်သည် ။ ၀၀၃ကတော့ ဘွားတော် တားမြစ်ထားသောကြားမှ သူ့ ကိုကိုနှင့် ကြည်နူးနေတာ ဖြစ်နိုင်သည် ။ အာရုံတွေ လွင့်နေပြန်ပြီ။ စုစည်းစမ်း။
မမသွားခိုင်းသော လှည်းတန်းမှတိုက်သို့ ရောက်လုရောက်ခင် ကုက္ကိုပင်ကြီးတစ်ပင်နားသို့အရောက် ဂျစ်စိတ်ထဲတစ်ခုခုကို ခံစားလိုက်ရသည်။ မနီးမဝေးတစ်နေရာဆီမှ ခွေးတစ်ကောင်၏ အူလိုက်သံက ဂျစ်၏ စိတ်ကို ပိုမိုလှုပ်ရှားလာစေ၏။ ပတ်ဝန်းကျင်တွင် အမှောင်ထုက သိပ်သည်းစွာ နေရာယူထားသည့်အတွက် ပါလာသောလက်နှိပ်ဓာတ်မီးကိုထုတ်ကာ ထိုနားမှ အမြန်ထွက်ခွာလာသည်။ ထိုစဉ် အပင်အောက်မှ ထောက်ခနဲအသံကြားရပြီး အလင်းရောင်တစ်ချက် လက်ကနဲဖြစ်သွားသည်။ ထို့ကြောင့် ပါလာသောအိတ်ထဲကို လက်နှိုက်လိုက်ပြီး အရာတစ်ခုကိုစမ်းလိုက်သည်။
“မကြောက်ပါနဲ့ မမြဂျစ်။ ကျွန်တော် မီးခြစ်ခြစ်ပြီး ဆေးလိပ်သောက်မလို့ပါ။”
ထိုလူက ဟန်ပါပါနှင့် မာဘိုရိုစီးကရက်တစ်လိပ်ကို ပါးစပ်တွင်တေ့လိုက်သည်။
“ရှင်ဘယ်သူလဲ။ ကျွန်မရှင့်ကို မသိပါလား။”
“ခင်ဗျားက ကျုပ်ကိုမသိပေမယ့် ကျုပ်ကခင်ဗျားကို သိနေတယ် မြိုင်မဟာမမြဂျစ်။”
ဂျစ်လည်း မျက်လုံးပြူးသွားကာ အိတ်ထဲမှ သေနတ်ကိုစမ်းလိုက်သည်။
“စိတ်ကိုအေးအေးထားပါ မမြဂျစ်။ ကျုပ်ခင်ဗျားကို အန္တရယ်မပြုပါဘူး။”
“ရှင်ဘာကိစ္စရှိလို့လဲ။”
“ကျုပ် ခင်ဗျားနောက် လိုက်ကြည့်နေတာကြာပြီ။ ခင်ဗျားက ခေါင်းမြီးခြုံထားပေမယ့် ကုလားမနဲ့မှမတူပဲ... အဲ.. ဟုတ်ပါဘူး။ လုံမှမလုံပဲ။ ခင်ဗျားကို ပိတုန်းသုံးကောင်အမှုတည်းက ကျုပ်စောင့်ကြည့်နေတာကြာပြီ။”
“ကျုပ်နာမည် မြိုင်ရာဇာရန်အောင်တဲ့ သွပ် သွပ် သွပ် (အဲလေ.. ဟုတ်ပါဘူး။ အကျင့်ပါပြီး ယောင်သွားတာ) ။ ခင်ဗျား အခုလုပ်မယ့်ကိစ္စအကြောင်း ကျုပ်အကုန်သိပြီးပြီ ။ ကျုပ်က ဖဲဝိုင်းတွေပဲ ခိုးထောင်တတ်တဲ့သူလို့ ခင်ဗျားထင်ရင် မှားသွားမှာပေါ့ ဟတ် ဟတ် ဟတ် (ထိုသူက ဗိုလ်အောင်ဒင်လေသံနဲ့ ရယ်ဖို့ကြိုးစားလိုက်သည်) ။
“ဩော်။ ရှင်ကဒီလိုလား။ ဒါဆိုရင်တော့ ကျွန်မတို့ရည်ရွယ်ချက်က အတိအကျမတူနိုင်ပေမယ့် ဆန့်ကျင်ဘက်တော့ မဖြစ်လောက်ဘူးလို့ ယူဆပါတယ်”
“အဲလိုလည်း အပိုင်မတွက်နဲ့လည်း မမြဂျစ်ရဲ့ လူဆိုတာကိုယ်လုပ်ရင် ကိုယ်ခံရဲရတယ်ဗျ။ ကျွန်တော်ဖဲဝိုင်းထောင်တာမှန်တယ်။ တက်စ်လာကို ကျွန်တော်စားပြီးသား ကြက်သားအကျန်တွေ ချကျွေးတာလည်းမှန်တယ်။ ဒါပေမယ့်သိလား မမြဂျစ်။ ရန်အောင်ဆိုတဲ့ကောင်က ကိုယ့်ရှေ့မှာ သူများဒုက္ခရောက်တာကို မြင်ရင်တော့ လက်ပိုက်ကြည့်မနေတတ်ဘူးဗျ။ ခင်ဗျားဗျာ။ အေးအေးဆေးဆေး မိုးအေးအေးလေးမှာ ကဗျာလေးတွေ ထိုင်ထိုင်ရေးနေတတ်တဲ့ ကဗျာဆရာလေးကိုလုပ်သွားတာ ကြည့်ဦး. ဟိုမှာ ခင်ဗျားကြောင့် အသားလွတ် ခံလိုက်ရတယ်. ခင်ဗျားက သွားတောင်ကြည့်ဖော်မရဘူး… အသည်းနှလုံးကော ရှိရဲ့လားဗျ. ခင်ဗျားရဲ့ အသည်းနှလုံးက ပန်းသီးငါးပိချက်လောက်တောင် စားကောင်းမယ်မထင်မိဘူးဗျာ။ ဟတ်ဟတ်ဟတ်”
“ကွိကွိ။ သိပါတယ်သိပါတယ်။ ရှင်ကလက်ပိုက်ကြည့်မနေဘဲ ဘောင်းဘီထဲ လက်နှိုက်ကြည့်နေတတ်တဲ့ သူပဲ။ ကျွန်မသိပ်သိတာပေါ့.”
“မွေးမေလေ့ ပလုတ်တုတ် ဦးစွန်းဖုတ်”
ရန်အောင် တစ်ချက်ထခုန်လိုက်သည်။ လက်ထဲမှ စီးကရက်မီးပွားများပင် လွင့်စင်သွားသည်။
“နေပါဦး။ အမိက”
“ဩော်။ ကျွန်မလား”
“မဂျစ် ကြာနေတာကို စိတ်မချလို့စိတ်ပူပြီး လာကြည့်တာ။ ထင်တဲ့အတိုင်းပဲလေ။ ရှင်ကဒီနေရာမှာ စောင့်နေတာကိုး။ ကျွန်မအစောကြီးကတည်းက တွေ့ပါတယ်။ ဒါပေမယ့် ရှင်နဲ့ မဂျစ်နဲ့ ဘာတွေ ပြောမလဲဆိုတာကို သိချင်လို့ ဒီညောင်ပင်နောက်က ချုံဖုတ်ထဲမှာ ခြင်ကိုက်ခံပြီး စောင့်နေတာ ခုတော့ စောင့်ရကျိုးနပ်ပါတယ်လေ”
ရန်အောင့်ကို ပြောနေရင်းမှ နောက်ရောက်လာသူ (ဂျစ်နှင့် ရုပ်ချွပ်စွပ်တူသော) အမျိုးသမီးလေးက ဂျစ်ဘက်ကို မေးတစ်ချက်ဆတ်ရင်း လှမ်းမေးသည်။
05… Wassup? Is everything alright?
555
ဂျစ်မှ ပြန်ပြောခြင်းဖြစ်ပါသည်.
ရန်အောင် တော်တော်နားရှုပ် မျက်စိရှုပ်သွားသည်။ နှစ်ကိုယ်ခွဲထားသလို ဖြစ်နေသော မိန်းကလေးနှစ်ယောက်ကို လျှော့မတွက်ရဲ။ တစ်ယောက်က ဖဲဝိုင်းမှာပင် ပြောင်လိမ်သွားသူ။ အသည်းမာသူ။ နောက်တစ်ယောက်ကတော့ သူ့ခြေလှမ်းတွေကို ကြိုသိနေသော ထက်မြက်ဟန်တူသည့် မိန်းကလေးတစ်ယောက်။ ဒီလောကသားတွေဆိုတော့ ကိုယ်ခံပညာလည်း အနည်းအများတော့ တတ်မှာသေချာသည်။ ပြီးတော့ ဂျစ်တွင် အပေါ့စား Silencer တပ် မိန်းမကိုင် သေနတ်လေးတစ်လက် ပေါင်ရင်းတွင် ကပ်ပြီးထည့်ထားသည်ကိုလည်း စကတ်ထမီတစ်ချက် လေအလွင့်တွင် မြင်မိလိုက်သည်။
ဘာလုပ်ရမည်လဲ။
ခုကျမှ တက်စ်လာကို သတိရမိတာ တအား။ သူ့ကို ကြက်သားအကျန်တွေ ကျွေးမိတာလည်း စိတ်မကောင်းပါ။ အမှန်တော့ ဝေယံလင်းနဲ့သူ ဘောလုံးပွဲထိုင်ကြည့်နေရင်း စားမိသွားခြင်းဖြစ်သည်။ ကျော်ဇေယျယူလာသော ဂျော်နီဝါးကားကလည်း ကြက်သားဟင်းလေးနဲ့ မြည်းချင်စရာ။ နောက်ဆုံး သူ့အတွက်ပါသွားတာ ကံကောင်း။ မီထရိုပေါ်တွင် ကြက်သားဟင်းလေးမဖိတ်အောင် ယူသွားခဲ့ရတာကလည်း တစ်ဒုက္ခ။
ဟာ ဘာတွေတွေးနေတာလဲ။ ကြားထဲ သူငယ်ချင်းတွေအကြောင်း ပါလာလိုက်သေး ။ မဖြစ်ချေဘူး ။ ရှေ့မှာ မချောနှစ်ယောက် ကိုယ်တစ်ယောက် ဘာလုပ်မလဲ။
စီးကရက်ကို ဟန်ပါပါကိုင်ထားရင်း ဖင်စီခံမှ လျှို့ဝှက်ကြေးနန်းပို့စက်လေးနဲ့ စာ ရိုက်လိုက်သည်။
ဒါဒါဒီး.. ဒီးဒီးဒါ… ဒါဒါဒါ.. ဒီးဒီး…
ကြေးနန်းသံ မကြားသွားရလေအောင် ရန်အောင်မှ အသံကို နည်းနည်းမြှင့်၍
ချောင်းအတုကို ခပ်ကျယ်ကျယ် ဆိုးလိုက်သည်။
“အဟမ်း အဟမ်း”
“ဘွတ်”
“ဟိုက် အီးပါထွက်သွားပြီ”
“ဟား ဟား ဟား ဟား ဟား ဟား”
ကောင်မလေးနှစ် ယောက်သည် မပြုံးပဲ ၀ါးလုံးကွဲ ရီကြကာ ခေါင်းတရမ်းရမ်း ဖြင့်ထိုနေရာမှ ထွက်သွားတော့သည်။
ရန်အောင်သည်လည်း ရှက်ရှက်နှင့် ကယောင်ကတမ်းဖြစ်သွားသည်မှာ ကြေနန်း ပို့သော စီးကရက်ကို ပင် ချိုးမိသွားသည်အထိ ဖြစ်သည်။
ရန်အောင် စိတ်ပူသွား ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ဘောင်းဘီထဲ လက်နိုက်လိုက်သောအခါ တစ်ခုခုကို ကိုင်မိသွားသည်။
“ ဟူး တော်သေးတာပေါ့။ ဝေါလကီတော်လကီ ပါလာလို့ ”
ထို့နောက်အချိန်မဆိုင်းပဲ စက်ကိုဖွင့်ကာ
“ရန်အောင်မှ တက်စ်လာ.. ရန်အောင်မှ တက်စ်လာ။ ကြောင်လား ကြားလား ကြောင်လား ကြားလား။ ကြားရင်အကြောင်းပြန်။ ကြောင်ရင် ထွက်သွား။ အိုဗာ”
“ရော်ဂျာသက်။ ကျားမဟုတ်ဘူး တက်စ်လာကွ။ အိုဗာ”
“ဒီမှာ မသကာင်္ဖွယ် လူတွေ တွေ့တယ်။ အဲ့ဘက်ကို ထွက်သွားကြတယ်။ သတိထား။ ချိန်းထားတဲ့ သူတွေကော ရောက်ပြီလား။ အိုဗာ”
“ရော်ဂျာသက်။ မရောက်သေးဘူး။ မင်း လှည်းတန်းဈေးဘက် သွားပြီး ရှောက်သီးဆေးပြား ရောင်းရင်း အရိပ်ခြေ ထပ်စောင့်ကြည့် ထူးရင်အကြောင်းကြားပါ။ အိုဗာ”
ဤသို့ဖြင့် ရန်အောင် နှင့် တက်စ်လာတို့ ဝေါလကီတော်လကီ ကိုယ်စီဖြင့် ဂျစ် တို့တစ်သိုက်ကို စောင့်ကြည့်နေသော်လည်း ၊ ကျားသစ်မလေးများသဖွယ် လျင်မြန်သော ဂျစ် တို့သည် အမည်းရောင်ဝတ်စုံများနှင့် မဟူရာညတွင် ရောထွေးသွားကာ မျက်ခြေပြတ်သွားလေသည် ။
......................................................................
အခန်း (၃)
ဟူး …. ဂျစ် သက်ပြင်းတ ချက် ခပ်လေးလေး ချလိုက်သည်.. ဒီနေ့ ကံမကောင်းပါလား ဟုသာ တွပ်ပီ ညည်း ညည်းလိုက် ချင်သည်။ အနှောက်အယှက် အမျိုးမျိုးနှင့် လာတွေ့ နေရသည်။ ဂျစ် နှင့် ၅၅၅ တို့ ခပ်သွက်သွက် တိုက်ထဲ သို့ ၀င်လိုက်သည်။
၀၀၉ က အပေါက်ဝက စောင့်နေခဲ့သည်။
“ညည်းကို ငါပြောရဲ့နဲ့ အခု စပိတ်တစ် ထွက်သွားပြီ။ ဘာငြင်းချက်ထုတ်ချင်သေးလဲ ဂျစ်သရီး”
“ခွင့်လွှတ်ပါ မမ။ မမ ကြိုက်သလို ကျမကို စီရင်ပါ။ အခန်းနီထဲတော့ မပို့ပါနဲ့။ ကြမ်းပိုးကိုက်လို့ပါ။”
“ဟိုက စီအိုင်ဒီတွေက ကြွက်နှာခေါင်းတွေ။ ညည်း စပိတ်တစ်ကို ခြေရာခံလိုက်လာရင် ငါတို့တွေ အခုလို စင်္ကာပူမှာ ဒစ္စကိုတက်ကဲနိုင်မှာ မဟုတ်ဘူး။ အခုတောင် စင်္ကာပူက ၀၀၉ကို လှမ်းခေါ်လိုက်တာ။ အရေးကြောင်းရှိ ငါတို့ဂိုဏ်းကို စင်္ကာပူဖြစ်ဖြစ် ထိုင်းမှာဖြစ်ဖြစ် အခြေချလို့ ရအောင်လို့။”
မမ ဆိုသူက စီးကရက် တချက် မှုတ်ပြီး ဆက်ပြောသည်။
“ညည်းကို ဒီတစ်ခေါက် ခွင့်လွှတ်လိုက်မယ်။ ဒါပေမယ့် ခြေရာဖျောက်ရအောင် ညည်းကို စစ်ကိုင်းချောင်မှာ ခဏပို့ထားမယ်။”
“ကျေးဇူးကြီးပါတယ် မမ။ ဂျစ်လဲ စစ်ကိုင်းချောင်မှာ ခဏ ခြေရာဖျောက်လိုက်ပါ့မယ်။”
မမ ဆိုသူက လက်က ခလုတ်ကို တစ်ချက် နှိပ်လိုက်သည်။ ပန်ဒိုရေမွန် ၀၀၉အား လှမ်းခေါ်လိုက်ခြင်းတည်း။
“အမိန့်ရှိပါ မမ”
“ဟို စပိတ်တစ် ဘယ်ကောင့် လက်ထဲမှာ ရှိလဲဆိုတာ စုံစမ်း။ ပြီးရင် ဖျက်ဆီးပစ်။ ကြားလား”
“လူကိုကော ဘာလုပ်လိုက်ရမလဲ မမ”
“ဘာမှတော့ မလုပ်နဲ့။ ငါတို့ ဘာအမှုမှ မပတ်ချင်ဘူး။”
“ရက်ဆား”
ပန်ဒိုရေမွန် စကတ်ထမီကို လွှားခနဲ တိုက်ပေါ်က ခုန်ချသွားသည်။
ထို မမ ဆိုသူကား စနေသမီိး နာမည်ကြီး စပိုင်မလေးများဂိုဏ်းတာတေ မမစနေ ဖြစ်ကြောင်း ဘယ်သူမှ မသိရှိပါပေ။
........................................................................
အခန်း (၄)
ရပ်ကွက်လူကြီး ဦးကဒေါင်းသည် ပျံချီဓားသိုင်းကို နက္ခတရောင်ခြည် မဂ္ဂဇင်းဖတ်၍ အပတ်တကုတ် သင်ယူထားသူဖြစ်သည်။ သူသည် ဓားနှစ်လက် မြှောက်ကာ မြှောက်ကာ မြန်မာ့ရိုးရာ ဗန်ရှည် ဓားသိုင်းကို ပျံချီကွက်ဖြင့် ဟန်ရေးတပြပြ လုပ်နေသည်။ ထိုအချိန် လေဒီဒေါင်းက
“ရှင် ဓားနှစ်လက် သိပ်မြှောက်မနေနဲ့။ ချိုင်းမွှေးတွေ ပြတ်ကုန်ဦးမယ်။ သတိလဲထားဦး။ တကတည်း လတိုင်းထွက်တဲ့ နက္ခတရောင်ခြည်တွေ ဖတ် သိုင်းရူးရူးနေတာ။ ဘယ်နေ့ အ၀ှာ ပြတ်ဦးမလဲ မသိဘူး။ ခြေသလုံးမွှေး ပြောပါတယ်။”
လေဒီဒေါင်းနှင့် မစ္စတာဒေါင်းတို့သည် ငယ်လင်ငယ်မယား ဖြစ်သည့်အားလျော်စွာ မဒမ်ဒေါင်းက အင်မတန် နိုင်လှသည်။
ရပ်ကွက်အတွင်း လူချစ်လူခင်များလှသော မစ္စတာဒေါင်းသည် ပြည်သူ့ရွေးကောက်ပွဲများကျင်းပသောအခါ ပါဝင်ယှဉ်ပြိုင်ခဲ့သဖြင့် ရပ်ကွက်လူကြီးရာထူးကို အများတင်မြှောက်ခြင်းကြောင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မစ္စတာဒေါင်းသည် ရပ်ကွက်နေလူထုကြီးအပေါ် အင်မတန်တာဝန်ရှိသည်ဟု ခံယူထားသူလဲဖြစ်သည်။ ထို့ကြောင့် မစ္စတာဒေါင်းသည် ရပ်ကွက်အတွင်း အရေးကြီးလှသော ရပ်ကွက် အမှိုက်ပုံအား စနစ်တကျ နံစေသကဲ့သို့ ရေနှုတ်မြောင်းများကိုလဲ အမှိုက်များ ဖော်၍ မိုးတွင်း ရေမကြီးအောင် ကာကွယ်နိုင်ခဲ့လေသည်။ ထို့အတူ ရပ်ကွက် အဓိကလမ်းမကြီးကိုလဲ လူသွားပလက်ဖောင်းကိုပါ ခင်းစေလျက် အိမ်နောက်ဖေး လမ်းကြားများကိုပင် စနစ်တကျ ခုံတန်းလေးများ ဆောက်စေလျက် ညနေညခင်း အဖိုးအဖွားများ လမ်းလျှောက်နိုင်အောင်ပင် စီစဉ်ထားလေသည်။
အခုမူ ခေါင်းကြိမ်းစေသော အမှုတခု သူ့ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သည်။ ငါတို့ ရပ်ကွက် ဖဲဝိုင်းသတဲ့။ လက်တွင် ကိုင်ထားသော ကဗျာဆရာလေးကို သွားကြည့်စဉ် သူ့ လက်ထဲမှ သိမ်းယူခဲ့သော စပိတ်တစ်ကို ကြည့်ကာ တောက်တခေါက်ခေါက် ဖြစ်နေသည်။ ထိုမျှမက စီအိုင်ဒီထံမှ အမိန့် ရောက်လာသေးသည်။ စပိတ်တစ်ကို စီအိုင်ဒီဆီ လာအပ်ပါတဲ့။ ဗုဒ္ဓေါ စီအိုင်ဒီ ရူးနေလားမသိ။ ဘာမှမဟုတ်တဲ့ စပိတ်တစ်ကို လာအပ်ခိုင်းသတဲ့။ အင်းလေ။ ပြည်နယ်အစိုးရထက် ကြီးတဲ့ စီအိုင်ဒီကြီးကိုးဗျ။ နေပြည်တော်ကို ဂိုးရအုံးမှာပဲ။
ဦးကဒေါင်း ညနေဘက် လမ်းလျှောက်ထွက်လာသည်။ နောက်နေ့မနက် နေပြည်တော်သွားရအုံးမှာပဲ။ လမ်းလျှောက်ထွက်လာတုန်း လူ ၂ယောက် သုတ်သုတ်သုတ်သုတ်နှင့် ခြံတစ်ခုထဲသို့ ၀င်သွားသည်။ မသင်္ကာသောကြောင့် နောက်က လိုက်ချောင်းလေသည်။ ထိုခြံနာမည်ကား လွတ်ကျခဲ့သောမြို့တော် ဖြစ်၏။
ထိုလူ ၂ ယောက်မှာ အိမ်တံခါးဝဘဲလ်ကို တီးလိုက်၏။
“ဂရီ ဂရီ”
“ ဆရာကြီး ... ဆရာကြီး ထပါဦး ”
“ ဟေ့ ... ဘယ်သူလဲကွ ”
“ ဆရာ့ချစ်တပည့် မောင်ပွတ်ပါဗျ ”
“ အော် ပြန်လာပြီလား။ ဘယ်မှာလဲ ငါမှာတဲ့လူ ”
“ မပါဘူးဆရာကြီး။ အားမတန်လို့ မာန်လျှော့ပြီး ပြန်လာခဲ့ရတယ် ”
“ တောက် ! ငါတို့ရဲ့ ကျောင်းတော်က သူတို့တင်နေတဲ့ ဖဲကြွေးတစ်သန်းရဲ့ ရန်ငြိုးရန်စကိုလည်း မင်းသိရဲ့သားနဲ့ ။ နောက် ခုစပိတ်တစ်ဖဲချပ်ကို သူတို့ကလည်း လိုက်နေတာ ။ မိန်းမတစ်ယောက်ကို မင်းတို့မိအောင်မဖမ်းနိုင်ဘူးလားကွ ။”
“အဖြစ်က ဒီလိုပါ ဆရာကြီး .... xx#@$%X)*#^@%@! ”
“အော် ဒီလိုလား။ နေဘုန်းလတ် ကိုစမ်းတယ်ပေါ့လေ။ ဒီ စပိုင်မယ်လေးများဂိုဏ်းကို ရအောင်ဖြိုခွဲရမယ်ကွ။ နားလည်လား။ လောလောဆယ် မင်းတို့နှစ်ယောက်ကို ပညာသင်ခိုင်းရမယ်။ စစ်ကိုင်းချောင်မှာ ငါ့ဆရာ ရှောင်လင်ဘုန်းတော်ကြီး ဝေါပုထု ဆိုတာရှိတယ်။ အဲဒီမှာ မိန်းမနိုင်နည်းဆိုတဲ့သိုင်းကွက် ရှိတယ်။ ရအောင်သင်ခဲ့။ အခု အထူးချွန်ဆုံး သိုင်းလောကသား ညီညီသံလွင်ဆိုတာ ဝေါပုထုတပည့်ပဲ။ မိန်းမနိုင်နည်းကို ကောင်းကောင်းသိတဲ့လူပေါ့ ”
နေဘုန်းလတ်က ကျော်ဟိန်းစတိုင်နှင့် မျက်မှန်ကို စစ်ခြင်ထောင်အနားနှင့်သုတ်ရင်း မိန့်ခွန်းခြွေသည်။
ထိုစဉ် နောက်ထပ်တံခါးခေါက်သံ ခပ်ပြင်းပြင်းဖြင့် ...
“ ဟေ့ကောင်တွေ တံခါးလာဖွင့်စမ်း ”
နေဘုန်းလတ်က ကိုဂေါက်ကို ကြာမူပါပါ မျက်စပစ်ပြသည်။ တံခါးသွားဖွင့်ဆိုသည့်သဘော။ ကိုဂေါက်က အပေါက်ဝနားသွားဟောက်သည်။
“ ဘယ်သူလဲကွ ... အချိန်မတော် ”
“ ငါပဲ ... ကဒေါင်း ဆိုတာ ”
“ ဟေ့လူ ... ဒါ အလှူမဟုတ်ဘူးဗျ။ လာ က ပြမနေနဲ့။ ကျောက်ဆည်ဆင်အကဆိုတော်သေးတယ်။ ဒေါင်းအကတော့ မကြည့်ချင်ဘူး။ နောက်နေ့မှလာက။ မုန့်ဖိုးပေးမယ်။အခုတော့အိပ်ချင်ပြီ ”
“ ဟေ့ကောင် ဖဲသမား၊ အရက်သမားတွေ။ မင်းတို့ရပ်ကွက်လူကြီးကွ”
ကိုဂေါက်က တံခါးကို ပြာပြာသလဲဖွင့်ပေးရင်း
“ ဟီး။ ဒီနာမည်လေးလှလို့ ကြားဖူးပါတယ်ဆိုပြီး စဉ်းစားနေတာ။ လူကြီးမင်းကို။ မသိလို့နော်။ ခွင့်လွှတ်နော် ဦး.. နော်လို့ ... ချိတ်ချိုးရဝူးနော် ...”
သုံးယောက်သား ပြာပြီး ဝိုင်းချော့လိုက်ကြသည်။ ဒါတောင် ဦးကဒေါင်းက ...
“ ၉၉ တွေ ”
“ ဟာ.. သားတို့ Blog မရေးပါဘူး ဦးရ ”
“ဟေ့ကောင်တွေ။ Blogger ၉၉စနေကို ပြောတာမဟုတ်ဘူးကွ။ မင်းတို့ ကျပ်မပြည့်လို့ ၉၉ ပြားပဲရှိတယ်လို့ ပြောတာ။ ဂျစ်တူးမနေနဲ့”
“ဂျစ်တူးလား။ ဒီမှာမနေပါဘူး။ အစကတည်းက မနေတာပါ။ ဦးကဒေါင်းမှားနေပြီထင်တယ်”
“ဂျစ်ကန်ကန်မလုပ်နဲ့လို့ပြောတာကွ။ မင်းတို့ကိုပြောရတာ ငါမောလာပြီနော်”
နေဘုန်းလတ်က မျက်နှာလိုမျက်နှာရလုပ်ပြီး ...
“ဦးကဒေါင်း ဘာညာရှိတယ်။ သောက်မလား”
“ဘာကွ။ ဘာညာဘာညာက သူ့ဟာသူ အင်းလျားကန်ဘောင်မှာ အာလူးကြော်ရောင်းနေတာ။ မင်းတို့သူ့ကို အရည်ဖျော်လိုက်ကြပြီလား ”
“ကြံကြီးစည်ရာဗျာ ... ကျွန်တော်ပြောတဲ့ဘာညာဆိုတာ ယစ်ရွှေရည် ကိုပြောတာပါဗျ”
“တော်ပြီ။ မင်းတို့နဲ့ ဝိုင်းလာဖွဲ့တာမဟုတ်ဘူးကွ။ ခုနက ၀င်သွားတဲ့ မင်းတို့ ၂ကောင်ကို ငါမသင်္ကာလို့ လာချောင်းတာ။”
နေဘုန်းလတ်က လျင်သည်။
“ကျနော်တို့ ကြိတ်ဝိုင်းလေး စုသောက်ဖို့ မောင်ပွတ်နဲ့ ကိုဂေါက်ကို ခေါ်လိုက်တာပါ။ ဘာမှ မသင်္ကာစရာ လုပ်ပါဝူး။”
“၀ုတ်တယ် ၀ုတ်တယ်။”
“ဒါဆိုရင်လဲပြီးရော။ ငါစပ်စုတယ်လို့ပဲ မှတ်လိုက်။” ဦးကဒေါင်း လုံချည်ပြင်ဝတ်လိုက်ရာ ခါးကြားထဲ ညပ်နေသော ဖဲချပ်လေး ကျသွားသည်။ ဦးကဒေါင်း ကုန်းကောက်လိုက်သည်။ ဘူ အဲလေ စပိတ်တစ်နဲ့ ဖဲချပ်လေး။
သုံးယောက်သား မျက်လုံးတွေ အရောင်တောက်သွားသည်။ အဲဒီအတွက်နဲ့ လူသတ်ဖို့ ကြိုးစားနေကြသူများရှေ့မှ ဆိုက်ဆိုက်ရောက်လာသော စပိတ်တစ်။ မောင်ပွတ်က သူ့မေးပြားကြီးကို ပွတ်ရင်း
“ ဦးကဒေါင်း ကျေးဇူးပဲဗျာ။ ဖဲမပြည့်လို့ ဒီနေ့မကစားရတော့ဘူး မှတ်နေတာ။ ရော့ မုန့်ဖိုးယူသွား ”
“ မင်းငါ့ကို ဒါမျိုး အကြောင်ရိုက်လို့မရဘူး။ ငါ့မှာ နိုင်ငံတော်တာဝန်နဲ့ နေပြည်တော်ကို ဒီဖဲချပ်သွားပေးရမယ်။”
“ သား သွားပေးပေးမယ်လေ နော် ” ကိုဂေါက်က ဝင်အချိုသပ်သည်။
“Sorry ပဲ။မင်းတို့နောက် မသင်္ကာစရာကောင်းအောင် မနေကြနဲ့ နောက်ပြီး &^$%#%**($%#@ ”
ဦးကဒေါင်းလေရှည်နေစဉ် ခေါင်းဆောင်လုပ်သူ ထောင်ထွက် နေဘုန်းလတ်က သူ့ခေါင်းအုန်းစုတ်အောက်မှ ခဲတံချွန်ဓါးကို ထုတ်ပြီး ဦးကဒေါင်းကို ဒန်တန့်ဒန်လုပ်လိုက်ရာ
အလစ်မို့ ဦးကဒေါင်းလည်း လောကကြီးနှင့် အဆက်ပြတ်ကာအရုတ်ကြိုးပြတ် လဲကျသွားလေသည် ။
မောင်ပွတ်က ဦးကဒေါင်းလက်ထဲက ဖဲချပ်ကို ယူရင်း သူ့ပုဆိုး အောက်စနှင့် ဆွဲပွတ်လေတော့၏.. "ရွှလွတ်.. ပွတ်..ပွတ်.." ကိုဂေါက်က ဘေးမှနေ၍ မြည်သံစွဲ အလင်္ကာဖြင့် နောက်ခံတီးလုံး တီးပေးပါသည်။
"ချွန်ထား.. ချွန်ထားစမ်း.." မောင်ပွတ်သည် လက်ကပွတ်၍ နှုတ်က ရွတ်တတ်သော ပရော်ဖက်ရှင်နယ် ပီသပါပေသည်။ အေ့စ် ဖြစ်ရမည့်အတွက် အက္ခရာ ထိပ်ဖျားကို A ကဲ့သို့ ချွန်စေလို၍ အော်နေခြင်း ဖြစ်သည်။ သို့သော်
"ဟိုက်.. လုံးသွားတယ်၊ ပြဿနာ.." ဤသည်မှာ မောင်ပွတ် နှုတ်မှ လွှတ်ခနဲ ထွက်သွားသော စကားတစုပင်။ ကိုဂေါက် လည်း သိချင်စောနဲ့ ဖဲချပ်ဝင်လုတော့သည်။ မရ။ ဆရာပွတ်က လူသာသေပစေ။ ဖဲချပ်တော့ အလုမခံရအောင် ကာကွယ်ရှာသည်။ ထို့ကြောင့် ကိုဂေါက်လည်း ကြံရာမရ ဖြစ်ပြီး မောင်ပွတ်၏ နံငယ်ပိုင်းလေးကို မိမိရရ ဖမ်းဆွဲပြီး ချွတ်ယူလိုက်ရတော့သည်။ လားလား.. ယခုမှ စပိတ်တစ်ကြီး ရှင်းရှင်းလင်းလင်း ပေါ်လာတော့သည် (တခြားမတွေးပါနှင့်) ဟုတ်သည်။ ထိပ်က လုံး၍ နောက်ဖျားတွင် အကောက်အကွေးများ ရှိသည်၊ လက်စသတ်တော့ အင်္ဂလိပ်အက္ခရာ အေ့စ်မဟုတ်ပဲ မြန်မာအက္ခရာ "တစ်" ဖြစ်၍ နေပေသည်။ ဒွက္ခ.. ဒါအတုကြီးပါလား။
............................................................................
အခန်း (၅)
အခုတလော မြိုင်ရာဇာရန်အောင် ခေါင်းလေးနေသည်။ (ခေါင်းမလျှော်တာကြာလို့) မနက်စောစော ကြေးနန်းဝင်လာသည်။
တော်သေး၏။ ၀င်သည့်ကြေးနန်းက မျက်စေ့ထိုးမိတော့မလို့။ ဖတ်လိုက်တဲ့အခါမှာတော့---“ စဥ့်အိုး- - -တန်းလန်း- -ခွေးသုံးကောင်- - ကြောင်အကောင်နှစ်ဆယ်ပွဲရုံ-- လူသတ်မှု-- --- သွားကြည့်-- --ဒါဘဲ ဆီအီဒိုင် ”
ဟိုက်ရှာလဘတ်။ ညကဘောပွဲကောင်းလို့အိပ်ရေးပျက်ရတဲ့အထဲ သွားရဦးမယ်။ ခက်တာက လမ်းစားရိတ်နှစ်ကျပ်သာ ရှိတော့သည်။ ကြေးနန်းသမားက ဘာတွေရေးထားလဲ တော်ရုံလူမသိ ကိုယ်လို ကမ္ဘာတရှဲရှဲကြော်နေသော စုံထောက်မို့သာ။ မတတ်နိုင်။ စုံထောက်ဆိုတော့ ရထားတွေ၊ ကားတွေ ခိုးစီးနေကျ ။ အေးဆေးပါဟု ကိုယ့်ကိုယ်ကိုတွေးရင်း ရက်ရက်စက်ပြုံးလိုက်သည်။ သွပ် သွပ် သွပ်။
ရောက်ပါပြီ။ ပွဲရုံ၏ ဆိုင်းဘုတ်ကြီးကထူးခြားသည်။ ခွေးသုံးကောင်အား ကြောင်အကောင်နှစ်ဝိုင်းဆွဲနေပုံ ရေးဆွဲထားပြီး လက်ရာက သေသပ်သည်။ လူတွေကလဲဝိုင်းအုံလျှက်ရှိနေပြီး အဲဒီထဲသို့တိုးဝင်သွားလိုက်သည်။ စတိုင်ကျကျလျှောက်သွားရင်း ဖုန်း ဆိုသောအသံနဲ့အတူ ညာဘက်နားထင် ပူကနဲ အူကနဲ ဖြစ်သွား၏။
"ဟေ့ကောင် အတင့်ရဲလှချည်လား။ ဒါပုလိစ်ကေ့ကွ။ အလှူခံဝင်လို့မရဘူး"
ရဲသားတစ်ယောက်က မြိုင်ရာဇာရန်အောင်အားဇတ်ပိုးအုပ်ရင်းပြောလိုက်သည်။ “ဘာကွ ငါက စီအိုင်ဒီက စုံထောက် မြိုင်ရာဇာရန်အောင်ဘဲ“ ဟုပြန်အော်ရင်း နားကိုပွတ်နေမိလိုက်သည်။ ဒီတော့မှ ထိုရဲသားမှာ လန့်သွားပြီး ၀င်ခွင့်ပြုလိုက်လေသည်။ အလောင်းမှာ အပေါ်ထက်တွင်ရှိနေပြီး မနေ့ကညဘက် ၁၂ နာရီကျော်လောက်မှာ မသင်္ကာဖွယ်ရာ ရယ်သံများကြားရသဖြင့် တာဝန်ကျပုလိပ်လေးမှ ဂါတ်ကို သတင်းပေးသောကြောင့် လာကြည့်သောအခါ ယခုကဲ့သို့မြင်ရကြောင်း အင်စပတ်တာလေးမှ မြိုင်ရာဇာရန်အောင်အား ရှင်းပြလေသည်။ သေသူမှာ ပက်လက်အနေအထားဖြစ်ပြီး ပြုံးပြုံးကြီးနှင့် လှောင်နေသယောင်။
စုံစမ်းချက်များအရ သေဆုံးသူမှာ ပုဇွန်တောင်ဘက်မှ ပွဲစားကြီး ကလေးပြန်ချီ အလကားဘော်ဒါ ဘွဲရ ဦးချစ်ဆန်း ဆိုသူဖြစ်ပြီး ရက်ရက်စက်စက် ဒဏ်ရာမပေါ်အောင် ကလိထိုးပြီး မသေမချင်း သားရေကွင်းဖြင့် နောက်စေ့အား အချက်တထောင်လောက် ဆော်ထားပုံရလေသည်။
စဉ်းစားစမ်း။ သွပ်သွပ်သွပ်။
ကဲ..မြိုင်ရာဇာရန်အောင်တစ်ယောက် တတ်သည့် ပညာ မနေသာ ဆိုသလို စဉ်းစားခန်းဝင်နေလိုက်ပါသည်။
“ဟိုနေ့တုန်းက ရပ်ကွပ်လူကြီး ကဒေါင်းညင်သာ တစ်ယောက် လက်သည်မပေါ်ပဲ ကတုံးတုံးခံလိုက်ရတယ်။ ခုတော့ ဒီမှာလည်း ချစ်စမ်းမောင်ဆိုတဲ့ လူကြီး ကလိထိုးပြီး အသတ်ခံလိုက်ရတယ်.....။ မီးခိုးကြွက်လျှောက် လိုက်ကြည့်ရင်... ကြွက်မီးခိုးမွှန်သွားလိမ့်မယ်။ မဖြစ်ချေဘူး။"
"တော်ကြာ ဟိုအင်စပတ်တော် ကလိုစေးထူး က ပွစိပွစိလုပ်နေအုံးမယ်"
"လုပ်စရာရှိတာတွေလုပ်အုံးမှပဲ"
ထိုသို့တွေးနေခိုက်...
"မောင်မင်း လူကလေး။ မောင်မင်းတို့ ဘယ်လိုရှင်းမလဲ။ ဒီကိစ္စကြောင့် မဟာမင်းကြီးက စိတ်တွေ ညစ်နေရဘီ။ မောင်မင်း လူကလေးကလည်း အားအားရှိ ဘောင်းဘီထဲပဲ လက်ကနှိုက်နေတာပဲ။ ဘယ်မှာလည်း အဖြေ...။ "
"နောက်သုံးရက်ပဲ မောင်မင်းလူကလေးကို အချိန်ပေးမယ်။ တရားခံကို ရအောင်ရှာပါ။ ဒါပဲ။ မဟုတ်လို့ကတော့ မောင်မင်းလူကလေးကို တာဝန်ကနေ အနားပေးလိုက်ရလိမ့်မယ်" ဟုဆိုကာ အင်စပတ်တော်မင်းကြီး ကလိုစေထူး ထွက်သွားပါတော့သည်။
မြိုင်ရာဇာ ရန်အောင် တယောက် ခေါင်းကုတ် ဟိုကုတ် ဒီကုတ် (ဟာ.. ဒီဝဲ တွေ က အခုမှ ဘာလို့ ယားနေပါလိမ့်)… ရင်း တွေးမိသည်ကား..
“အင်စပတ်တော်မင်းကြီးလဲ.. ထွက်သွားပြီ.. ငါလဲ.. ခေါင်းရှုပ်ခံမယ့်အစား.. ဟိုကောင်တွေနဲ့ပဲ ..night club သွားတော့ မယ်.. အဆင်သင့်လျှင်.. ဂဏန်းလေး ဘာလေး.. (ဟာ ဟုတ်ပါဘူး) သတင်းလေးဘာလေး ရ တာပေါ့။
တစ်ချက်ခုတ်.. အကုန်ပြတ်။ ကောင်မလေးများနှင့်လည်း ကြည့်နိုင်သည်။ သတင်းလည်း ရနိုင်သည်။ အရည်လည်း သောက်နိုင်သည်။ ဟုတ်တယ်.. ဂွတ်ထ.. ဂွတ်ထ.. ကောင်းလေစွ.. ကောင်းလေစွ….
မြိုင်ရာဇာရန်အောင်သည် ဘော်ဘော်များဖြစ်သော တက်စလာ၊ ဇင်ကိုလတ်တို့နှင့်အတူ ပိုင်အိုးဗဲရီးဖားကလပ် (မှတ်ချက်။ ။ ပိုင်အိုးနီးယား မဟုတ်ပါ)သို့ စကားတပြောပြောနှင့် ချီတက်လာပါသည်။
“ဦးချစ်ဆန်းကို ကလိထိုးသတ်တဲ့အမှုက အတော်နက်နဲတယ်ကွ” ဟု ရှားလော့ဟုမ်းတပြည့် ပေါလော့ဟုမ်းရန်အောင်မှ ဆရာကြီးဂိုက်ပေးဖြင့် ပြောလေသည်။
တက်စလာက ထုံးစံအတိုင်း ပြီတီတီမျက်နှာပေးဖြင့် တစ်ချက်ပြုံးကာ “ရန်အောင်ရယ် .. မင်းက တလွဲတချော်လုပ်တဲ့နေရာမှာ သူမတူအောင်စွမ်းတဲ့သူဆိုပြီး နာမည်ပြုတ် လူသိနည်း သောက်တလွဲ နိုင်ငံချော် စုံထောက်ကြီးလုပ်ပြီး ဒီလောက်ကလေးတောင် မရှင်းနိုင်ဘူးလား” ဟု ပြောလိုက်သည်။
ရန်အောင်က မခံချင်သောဒေါသကို ချုပ်ထိန်းလိုက်ပြီး အချိုဆုံးအသံနှင့်...
“ငါတော့ ဒီအမှုမှာ နေဘုန်းလတ်ဆိုတဲ့သူ ခေါင်းဆောင်တဲ့ ငါလိုက်နေတဲ့ကိုဂေါက်နဲ့ မောင်ပွတ်ကို သိပ်မသင်္ကာဘူး”
ထို့နောက် ဇင်ကိုလတ်က ဆက်ပြောလေသည်။
“ဒီနှစ်ကောင်က နေဘုန်းလတ်ရဲ့ တပြည့်ရင်းတွေ မဟုတ်လား။ ကိုဂေါက်ရော မောင်ပွတ်ရော တူညီတဲ့ အချက်တစ်ခုရှိတယ်။ မင်းတို့ သတိထားမိကြရဲ့လား”
ဇင်ကိုလတ် နှင့် တက်စလာ တို့သည် မြိုင်ရာဇာရန်အောင်၏ လေကြောတွင်မျောလို့ မျောပါနေမှန်း သတိမထားနိုင်တော့။ ကမျောသောပါး ကမူးရှူးထိုး ကယောင်ကတမ်းဖြင့် ပြိုင်တူမေးလိုက်ကြသည်။
“သူတို့နှစ်ယောက်က ဘာတူတာလဲ”
ရန်အောင်က မပြောချင်သလို ပြောချင်သလိုနှင့် ခဏရပ်ထားလိုက်ပြီး ကျီးကြည့်ကြောင်ကြည့် ဆက်ရက်ကြည့် လဒကြည့် ကြည့်နေလိုက်ပြီးမှ ...
“တရားလွန် ပိန်တာချင်းတူတယ်” ဟု ပြောလိုက်သည်။
...... .... ....
ခဏတာမျှ စဉ်းစားပြီးနောက် .. မြိုင်ရာဇာရန်အောင်က
“တရားလွန် ပိန်တာချင်းတူတယ် .. ဟုတ်ပြီ.. ငါသိပြီ” ဟု အလန့်တကြား ထပ်ပြီး ထအော်လိုက်လေသည်။
တိန်.. ထို့နောက် မြိုင်ရာဇာရန်အောင်တစ်ယောက် ပိုင်အိုးဗဲရီးဖား ကလပ်မှ နေ၍ ကမူးရူးထိုး ထွက်ပြေးသွားလေသည်။
ဇင်ကိုလတ် " ဟ.. ဒီကောင်တော့ ကွင်းစက်တွေမိသွားပြီနဲ့တူတယ်ကွ"
တတ်စလာ "အေးကွာ..မိမှပါပဲ..နို့မို့ဆိုရင်အင်စပတ်တော် ကလိုစေထူးက တာဝန်ကနေ အနားပေးလိုက်မှ ဟုတ်ချက်ဖြစ်နေအုံးမယ်"
“လမင်းလေးနဲ့တူတယ် သန့်ကိုလားကွယ် အတဲလေးစွဲနေပါသတဲ့ တူညာတယ်။ အဟင့်”
ပြေးထွက်လာသော ရန်အောင် သီချင်းသံကြားရသည်နှင့် ရပ်သွားသည် ။
“ဟုတ်တယ် ငါရှာနေတာ သူတို့ပဲ”
ဗိုလ်ချုပ် ဈေးလယ်ခေါင်တွင် စကပ်ကလေးများ မကာ မကာဖြင့် ရှောက်သီးဆေးပြား ရောင်းနေသူ နှစ်ဦးကား သန့် သန့်ဇင်မောင်နှင့် မျိုးမျိုးကျော်သွန်း ဖြစ်သည်။ ရန်အောင်က သန့်သန့်ဇင်မောင် ပုခုံးကို သွားပုတ်လိုက်ပြီး မချိုမချဉ် မျက်နှာထားနှင့် မျက်စေ့မှိတ်ပြလိုက်ရာ ..
“ဟယ် ချစ်ကိုကြီး.. ဘာရကာလာရကုတ်..”
“လာလာ အရေးကြီးတာ မေးစရာရှိလို့”
ရန်အောင်ကသူတို့နှစ်ယောက်ကို ချောင်တနေရာဆွဲခေါ်သွားသည်။
“ကဲ မှန်မှန်ပြော အီးဘွတ်တရားဟော အဲလေ မှန်မှန်ပြော ညည်းတို့ ကိုဂေါက်ကို သိလား”
“အို သိပါဘူး စပ်စပ်စုစုတော်”
“ဒါဖြင့် မောင်ပွတ်ကော”
“ဟင့်အင်း”
“ဟေ့ ဘာမှ ညာမနေနဲ့။ ရန်အောင်တဲ့ တအောင်ထဲရှိတယ်။ သူတို့ နှစ်ယောက်လုံး တရားလွန်ပိန်နေကတည်းက ညည်းတို့နဲ့ပတ်သက်ရမယ် ဆိုတာ သိပြီးသား”
“ဟယ် ချစ်ကိုကြီးကလည်း ဘာဆိုင်လို့လဲလို့”
“ဘာမှညာမနေနဲ့။ ညည်းတို့ရောင်းနေတဲ့ ရှောက်သီးဆေးပြားက အင်မတန် ပန်းစေတာ။ အဲဒီနှစ်ကောင် ညည်းတို့ဆီမှာ ၀ယ်နေကျ ဖောက်သည်မဟုတ်လား။ ဒါကြောင့်အမြဲ ပန်းပြီး ဒီကောင်တွေ ပိန်နေတာ”
“ဟူး..”
ချက်ကျလက်ကျ ပြောလာသော ရန်အောင်ကို ငြင်းမရတော့သဖြင့် သန့်သန့်ဇင်မောင် သက်ပြင်းမောကြီး ချလိုက်ပါသည်။
“ကဲ ကဲ ပြောပါ့မယ်တော့ တကတည်း။ သိတယ်သိတယ် သူတို့ကို.. ဘာသိချင်လို့လဲပြော..”
“သူတို့ အခုဘယ်မှာလဲ.. ဟိုတလောက သေသွားတဲ့ ဦးချစ်ဆန်းကြီးနဲ့ .. သူတို့နှစ်ယောက်နဲ့ရော ဘာပါတ်သက်လဲပြော…”
“ဟယ် အဲဒီလောက်တော့ များတို့လည်း ဘယ်သိပါ့မလဲလို့.. မနေ့က ရှောက်သီးဆေးပြား လာဝယ်တုန်းကတော့ မောင်ပွတ်နဲ့ ကိုဂေါက်တို့ခရီး တစ်ခု ထွက်မလို့ဆိုလား ကြားလိုက်တယ်”
“ဟုတ်ပြီ ဘယ်ကိုတဲ့လဲ”
“ဟင့်.. အာဘွားပေးမှာပြောမယ်”
“ဟင်း ငါ့နှယ်နော်”
ရန်အောင်က သန့် သန့်ဇင်မောင်နှင့် မျိုးမျိုးကျော်သွန်း ကိုအာဘွား တစ်ယောက်တစ်ချက်စီ ပေးလိုက်မှ ရန်အောင့်နားနားကပ်ကာ သန့်သန့်ဇင်မောင်က တိုးတိုးလေး ပြော လိုက်လေသည်။
....................................................................
အခန်း (၆)
အို.. လမင်း.။
တစ်စင်းတည်း သာနေခဲ့သည်ကိုပင်
ကျွန်ုပ် ကျေးဇူးတင်မဆုံးဖြစ်ရ၏။
တစ်စင်းတည်းသော အသင်၏ လရောင်ခြည်သည်လျှင်
ကျွန်ုပ်အား လုံလောက်စွာ ရူးသွပ်နိုင်စေပြီတည်း။
(ပန်ဒိုဒြာနတ်တစ်ဂိုးဂိုးမရှိ)
ဒဂုံစင်တာဆိုသည်ကား မိန်းမလှလေးတို့၏ ကျက်စားရာနေရာဖြစ်သည်။ အဖြူကတစ်မျိုး၊ အနီကတစ်မျိုး အလှချင်းပြိုင်နေကြသူကလေးများကို ဂျေဒိုးနပ်ဆိုင်က ကော်ဖီကျဲကျဲတစ်ခွက်ဖြင့် သူ (သို့တည်းမဟုတ်) ကဗျာဆရာလေး မြည်းစမ်းကြည့်နေမိသည်။ ရုတ်တရက် အစိမ်းရောင်တန်းကလေး တစ်ခုအောက်တွင် ကျန်အလှအပ အားလုံး မှိန်ကျသွားသလိုရှိသည်။
သူမ..
သူ ကော်ဖီခွက် လွတ်ကျမလို ဖြစ်သွားသည်။ အစိမ်းရောင်တန်းကလေးက သူ့ကို မျက်မှောင်ကြုတ် ကြည့်လိုက်သည်။ ပြီးတော့ ဖွဖွကလေး ပြုံးလိုက်သည်။
သူ့ဆီ တစ်လှမ်းချင်း လှမ်းလာသော သူမ၏ခြေလှမ်းတစ်ချက်တိုင်းသည် သူ၏ ရင်ခုန်သံတွေဖြစ်သည်။
“ဟိုနေ့ က တို့ တကယ်စိတ်မကောင်းဘူး သိလား”
“ကျွန်တော်…”
“တို့ထိုင်လို့ ရမလား”
“ဟုတ်..ဟုတ်ကဲ့”
အာစေးမိထားသလို သူ ဘာမှ ပြန်မပြောနိုင်။
“တို့တောင်းပန်ပါတယ်..”
“ဟို… ရပါတယ်ခင်ဗျ”
သူမကို ကျွန်တော် ဘာဆက်ပြောရမှာလဲ။ ဖဲချပ်ကလေး အကြောင်း။ ဟင့်အင်း။ ကျွန်တော် စပြောလို့မဖြစ်ပါ။ သူမ ရှက်သွားမှာလေလား။ သူမဟာ ဘယ်လို အသက်မွေးဝမ်းကျောင်းနဲ့ ကျင်လည်နေတဲ့ မိန်းကလေးလဲကွယ်။
သူ ထိုသို့ တွေးမိရင်း ၀မ်းနည်းသလို နှမြောမိသလို ရင်ထဲက တဆစ်ဆစ်ဖြစ်လာသည် ။
“ဒါနဲ့ ဟို တစ်နေ့က စပိတ်တစ် ဖဲချပ်ကလေး ယူ့ဆီမှာလားဟင်”
“မဟုတ်ဘူးခင်ဗျ။ ရပ်ကွက်လူကြီး ကိုကဒေါင်းသိမ်းသွားတယ်။”
သူမ မျက်နှာတစ်ချက်တည်သွားသလိုရှိသည်။ ရုတ်တရက် သူမဟန်းဖုန်းကလေး အသံမြည်လာသည်။
ကလစ် ကလစ်
သူမထိုင်ရာက ထလိုက်သည်။
“တို့ သွားရတော့မယ်။ နောက်တွေ့တာပေါ့နော်။”
သူ ဘာမှ ပြန်မပြောနိုင်စဉ် အစိမ်းရောင်ကလေး ပျောက်ကွယ်သွားသည်။ အခုမှ သတိရသည်။ နာမည်တောင် မမေးမိလိုက်။ အစိမ်းရောင်ကလေးသည် သူတွေ့ ဖူးသော ဂျစ် မဟုတ်ဘဲ။ သူမ၏ အမွှာညီမ ကွိကွိဖြစ်ကြောင်း သူ မသိလိုက်ပါ ။ သူ့ စိတ်ဝိညာဉ် သူမနှင့်အတူ ပါသွားသလို အငိုက်မိစွာပင် ကဗျာဆရာလေးသည် သူ့ အသည်းနှလုံးကို သူအလန့်တကြား ပြန်မြင်လိုက်ရလေသည်။
..............................................................................
အပိုင်း (၇ က)
“ဟဲလို… ၀၀၅ ပါ.. ပြောပါ..”
“ဟဲ့ နင်ခုထိ.. စစ်ကိုင်းချောင် မသွားသေးဘူးလား”
“မသွားရသေးဘူး .. မမ.. အခု လှည်းတန်း.. သတင်းရတာ လာစုံစမ်းတာ…”
“နင် စုံစမ်းမနေနဲ… ငါကြားတာ တခုက… ဟို ကဗျာဆရာ ဆေးရုံ ရောက်တုန်း သူ့ ရပ်ကွက်လူကြီး ဦးကဒေါင်း ကစ်သွားတဲ့ ဖဲချပ်ကို ၊ ခုတော့ နေဘုန်းလတ်တို့က ဦးကဒေါင်းဆီက လုယူသွားတယ် ဆိုပဲ … သွားစုံစမ်းချည်… .. ဒီ ကိစ္စ ပြီးအောင်လုပ်.. ပြီးမှ.. စစ်ကိုင်းချောင် ကို သွား.. 555, 006,003, 007,009 တို့ နဲ့ ပူးပေါင်း ကြားလား”
“ဟုတ်ကဲ..မမ…”
“အေး ပိပိရိရိ ရှိပါစေ…ဒါပဲ…”
“အင်း ဟိုကောင်တွေ ဆီ ဆက်အုံးမှ….”
ဟင်း ညက ပူ.. အိုက် ရတာတဲ့ အထဲ … ဒီကိစ္စ က မြန်မြန်ပြီးမှပါ…ခေါင်းစားတယ်…
၀၀၅ (ခေါ်) ဂျစ် ဖြတ်ခနဲ တခု သတိရသွားသည် ။ သူ့ ညီမလေး ၅၅၅ ... ၅၅၅မှာ ကွိကွိဟု အမည်ရသော.. ဂျစ်နောက် ကမ္ဘာပေါ်သို့ နှစ်မိနစ်နောက်ကျပြီး ထွက်လာသော အမွှာညီမ ။
“သူ့ ကိုပဲ စိတ်ပူနေရတာ ။ ဟိုနေ့ကလည်း အမှတ်မထင် ဘယ်သူ့ မှမပြောဘဲ ပျောက်သွားသေးတယ် ။ ၂ရက်လောက်ကြာမှ ပြန်ပေါ်လာလို့ မေးကြည့်တော့ ကဗျာဆရာလေးဆီမှ စပိတ်တစ်ဖဲ ပြန်ရဖို့ နောက်ရောင်ခံလိုက်နေတာတဲ့ ။ ဒီတခါတော့ တော်သေးတယ် ။ အဲဒီကဗျာဆရာကို သွားတွေ့ ပြီး စပိတ်တစ်ဖဲ အကြောင်းမေးမယ်လို့ ပြောသွားလို့ ။ ဒီကောင်မလေး အဆင်မှပြေရဲ့လား ။ သနားကမားမျက်နှာလေးနဲ့ ကဗျာဆရာလေးကတော့ ငါနဲ့ခွဲမရအောင်တူတဲ့ ကွိကွိကို ငါလို့ ထင်မှာပဲ ။”
ဂျစ်တယောက် အတွေးဝင်မိပြီး ခေါင်းမှာတပ်ထားသာ ကလစ် (သို့မဟုတ်) ဆက်သွယ်ရေးကိရိယာလေးကို ဖြုတ်ယူပြီး ဖွင့်လိုက်သည် ။ မီးပြာလေး လင်းလာသောအခါ..
“၅၅၅ သို့”
“တီ” (ဂျစ်အသံကို memory ထဲမှ database တွင် ချက်ပြီး မှန်ကန်ကြောင်း ကိရိယာလေးမှ အသံပေးချက်.. အင်္ဂလိပ်လိုတော့ voice recognition ဟုခေါ်သည်။)
“ဟဲလို.. ကွိလား ။ ငါပါ ။ အဆင်ပြေလား ။”
“အဲဒီလူပြောတာ သူ့ ရပ်ကွက်လူကြီး ဦးကဒေါင်း သိမ်းသွားတယ်တဲ့ မဂျစ် ။ သူကတောင် ကွိကို မဂျစ် ထင်နေတာ ။”
“အေး.. အေး.. အဲဒါတွေ အရေးမကြီးဘူး ။ မမက ငါ့ကိုခုန ဆက်သွယ်တယ် ။ ဦးကဒေါင်းလက်ထဲက ဖဲက နေဘုန်းလတ်တို့ဆီမှာတဲ့ ။ ဒီတော့ ညည်း ၀၀၆ ၊ ၀၀၃ ၊ ၀၀၇ ၊ ၀၀၉ တို့ကိုခေါ်ပြီး ၊ လှည်းတန်းက မဟာစီဒိုးနားဟော်တယ်ကို ချက်ချင်းလာခဲ့ ။ ငါအဲဒီမှာ စောင့်နေမယ် ။”
ဒီမှာ နေဘုန်းလတ်တို့အဖွဲ့က အကောင်တွေလည်း ရှိနေတယ် ။ သူတို့မရခင် စပိတ်တစ်ဖဲ အစစ်ကိုရအောင် ငါတို့ မြန်မြန်လှုပ်ရှားရမယ်။
အပိုင်း (၇ ခ)
“ညလေးရေ တို့တွေ ဒီညတော့ မဂျစ်အခန်းသွားပြီး ညလုံးပေါက် စကားတွေ ထိုင်ပြောကြရအောင်။ ခု အပြင်မှာ အချဉ်ထုပ်မျိုးစုံ သွားဝယ်ကြမယ်။ တို့မမဂျစ်ကြီး စစ်ကိုင်းချောင်မသွားခင် အလွမ်းပြေလေးပေါ့ ။ မဂျစ်က တို့ကို ခုပဲဖုံးဆက်ပြီး သူ့ ဆီလာခဲ့ကြဖို့ ပြောတယ် ။”
“အေးကောင်းသားပဲ သွားကြတာပေါ့”
ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် နေအိမ်ဂေဟာကနေ ထွက်ခဲ့လိုက်ကြသည်။ လမ်းတစ်ဝက်အရောက် မှောင်ရိပ်ကွယ် တစ်နေရာမှ လူတယောက်ထွက်လာပြီး လမ်းပိတ်တားလိုက်သည့်အတွက် ဆက်မသွားသာတော့ပေ။
“ဟေ့လူ ဘာလို့လမ်းပိတ်ထားတာလဲ ဖယ်ပေးပါ”
၅၅၅ အပြောကို ထိုလူက ဂရုမထားသလို
“ငါကတော့ ဗျူးကိုကို ကော်ကျိုတဲ့၊ မေးစရာလေးရှိလို့”
“ဘာမေးမှာတုန်း ကျွန်မတို့ မအားဘူး အလုပ်ရှိသေးတယ်”
၀၀၇ ရဲ့ ရန်တွေ့သံကိုလဲ အမှုမထား သူမေးချင်ရာသာ စွတ်မေးတော့သည်။
“ညည်းတို့ မြိုင်မဟာမဂျစ်ကို မြင်ဖူးလား”
“ဘာလဲ မြိုင်မဟာမဂျစ် ဆိုတာ ကာတွန်းဇာတ်လမ်းလား။ နာမည်တောင် မကြားဖူးဘူး၊ လာရွှီးမနေနဲ့”
၀၀၇ ပြန်ချေပသံကြောင့် သူက
“ဟားဟား လာလိမ်မနေနဲ့နော် ငါဗျူးရင် အကုန်ပေါ်တာပဲ၊ အဲလေ အကုန်ထွက်တာပဲ”
“ဘာတွေထွက်တာလဲ စကားကို ကြည့်ပြောပါ”
(၅၅၅ ရဲ့ စိတ်မရှည်တဲ့လေသံ)
“လိမ်လို့မရဘူး အကုန်ပေါ်တာပဲလို့ပြောတာ၊ မြိုင်မဟာမဂျစ်က ဘယ်လိုလူမျိုးလဲ၊ ဘယ်မှာနေလဲ”
“မသိပါဘူး နံမည်တောင် ခုမှ ကြားဖူးတာပါဆိုနေ ဘာတွေ လာမေးနေမှန်းလဲ မသိဘူး။ ကဲ ခင်ဗျားမေးတာတွေ ကျမတို့ တခုမှ မသိဘူး ဒါ့ကြောင့် လမ်းဖယ်ပေးပါ”
“အင်း ဒီတခါတော့ ရှိစေတော့ ငါနဲ့ နောက်မတွေ့အောင် ရှောင်ကြ ဒါပဲ”
“အမယ် ခင်ဗျားများ မကြောက်သေးဘူးမှတ်”
၅၅၅ နှင့် ဗျူးကိုကိုတို့ အချေအတင်ပြောပြီး ထွက်လာခဲ့လိုက်သည်။
မုန့်အစုံ ၀ယ်ချင်တာများ ၀ယ်ပြီး အိမ်ပြန်ရောက်သည်နှင့် ကျန် မမများကိုပါ ခေါ်ပြီး မဂျစ်အခန်းဆီ ချီတက်ခဲ့ကြလေသည်။
“မဂျစ်ရေ ဒီိမှာ မုန့်တွေဝယ်လာတယ် ဒီညတော့ ဘယ်သူမှ အိပ်ဖို့ မစဉ်းစားကြနဲ့၊ ညလေးတို့တွေ ညလုံးပေါက် စကားထိုင်ပြောကြရအောင်။ မဂျစ်ရေ ညလေးတို့တွေ ခုပဲ ဗျူးကိုကို တယောက်နဲ့ တွေ့ခဲ့တယ်” ဟုအစချီကာ စီကာပတ်ကုံး ပြောပြလိုက်လေသောအခါ မဂျစ်မှ
“အဲ့ဒါဆို သူက မြိုင်ရာဇာရန်အောင်တို့နဲ့ တဖွဲ့တည်းဖြစ်ရမယ်။ ဒီလိုလာစမ်းလို့ ဘယ်ရမလဲ ဂျစ်အကြောင်း ကောင်းကောင်း သိသွားမှာပေါ့”
“ကဲ အဲ့ဒီအကြောင့် နောက်မှပြောကြရအောင် မကို ဘယ်တော့ စစ်ကိုင်း ဒိုးခိုင်းနေတာလဲ ဒါဆို ညလေးတို့တွေ နောက်ကို ခုလို စုံညီစွာ မတွေ့ရတော့ဘူးပေါ့နော်။ မမဆူရင်လဲ ညလေးဘက်က ကာပြောပေးမယ့်သူ တယောက်လျော့သွားမှာ” မဲ့မဲ့လေး ပြောနေသော ချစ်စရာ မျက်နှာမည်းမည်းလေးကြောင့် ဂျစ်တယောက် တွေဝေရင်း ဘာမဆို ညာမဆိုင် တယောက်သော မောင့် ကို သတိရသွားပါတော့တယ်။
“ဘာလို့ ငိုင်သွားတာလဲ မဂျစ်ကြီး၊ ဘာလဲ မောင့် ကို သတိရသွားတာလား”
ကွိရဲ့အမေးကို မဂျစ် ပြန်မဖြေနိုင်
“ဟုတ်မှာ မဂျစ်ရဲ့ ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့ ဇာတ်လမ်းက မောင် လေ” ၀၀၉
“ဟုတ်ပ ဟုတ်ပ” ကျန်သူများက တခဲနက် ထောက်ခံကြကာ ဂျစ်ကိုဝိုင်း၍ အာဘွားပေးကြရာ ဂျစ်ခမြာ သူတို့တွေအောက် ပြားပြားပိနေပြီး မျက်နှာတခုလုံးလည်း တံတွေးများစွာ ပေပွ သွားလေတော့သည် ။
နောက်နေ့ ဝေလီဝေလင်းအချိန်တွင် အမှောင်ထုကို အခွင့်ကောင်းယူလျက် မဟာဆီဒိုးနားမှ စပိုင်မယ်လေးတသိုက် တိတ်ဆိတ်စွာ ထွက်ခွာသွားသည်ကိုမည်သူမှ သတိမထားမိလိုက်ပေ ။ သူတို့ဦးတည်ရာမှာ သူတို့ မမ ညွှန်ကြားသလို စစ်ကိုင်းတောင် ဖြစ်လေသည် ။
.....................................................................
အခန်း (၈ က)
ထိုမနက်တွင် ပြီးခဲ့သောညက ပွက်လောရိုက်ခဲ့သော ဂျစ်တို့ အခန်းဘေးမှ အလွန်ပိန်သော လူနှစ်ယောက် ထွက်သွားသည်ကိုလည်း ဘယ်သူမှ သတိမထားလိုက်မိပေ ။ သူတို့သည်ကား နေဘုန်းလတ်၏ တပည့်ကျော်နှစ်ဦးဖြစ်သော မောင်ပွတ် နှင့် ကိုဂေါက်တို့ပင် ။
ကိုဂေါက်ဆိုသူက ခါးမှာအမြဲချိတ်ထားသော ဟန်းဖုန်းကို ဟန်ပါပါဖြုတ်လိုက်ပြီး ဂဏန်းတချို့ကို နှိပ်လိုက်သည် ။
“ဟလို...”
“ဆရာကြီး... ကျွန်တော် ကိုဂေါက်ပါ ။ မနေ့ညက စပိုင်မယ်လေးတွေ အခန်းဘေးကနေ ဖန်ခွက်ကို အခန်းနံရံကပ်ပြီး နားထောင်တော့ စစ်ကိုင်းချောင်ကိုသွားကြမယ်လို့ ကြားတယ် ။ ဘာဆက်လုပ်ရမလဲ ဆရာကြီး”
“အေး.. စစ်ကိုင်းကို ငါတို့ အမြန်ဆုံးလိုက်ကြတာပေါ့ ။ မင်းတို့ ငါ့အိမ်ကို ခုလာခဲ့ကြ ။ သြော်... စနေ စနေ.. မင်း နဲ့ ကိုယ် ရာဇ၀င်တွေ မကုန်သေးဘူးပေါ့လေ ။”
အခန်း (၈ ခ)
နေဘုန်းလတ်၏ သိန်းရာကျော်တန် ပါဂျဲရိုးကားကြီးကို မောင်ပွတ်က မောင်းနှင်ပြီး ၊ ကိုဂေါက်က ဘေးမှထိုင်ခါ ၊ နေဘုန်းလတ်ကတော့ နောက်မှာ ဘီယာလေးမြိုက်လို့ စဉ်းစားခန်း ၀င်လေသည် ။
“တောက်... ငါလိုက်နေတဲ့ ဖဲ .. ရမယ်လို့ ထင်မှ ၊ အတုကြီး ဖြစ်နေရတယ်လို့ကွာ”
“ဟိုတနေ့က ငါအမှတ်မထင် သိလိုက်ရတဲ့ ပွဲစားကြီးဦးချစ်ဆန်းကို သတ်တဲ့ကိစ္စက စစ်ကိုင်းတောင်ရောက်ရင် တနည်းနည်းနဲ့ အသုံးများ ၀င်လေမလား ။ အေးလေ.. မပြောနိုင်ဘူး ။ ငါကတော့ အကွက်ကို ကြည့်ရမှာပဲ ။”
အခန်း (၈ ဂ)
စပိုင်မယ်လေးများ စစ်ကိုင်းတောင်ခြေနားနှင့် မနီးမဝေး ဇရပ်တခုတွင် တထောက်နားရင်း...
၀၀၉ မှ “ဟဲ့ ဒါနဲ့ 005..နင်ဘာလို့ ဘွားတော်ကြီးက … ဒီဖဲချပ် ကို အပြင်းအထန်လိုချင်နေတာလဲ..သိလား”
ဂျစ်လဲ ဘယ်သိပါ့မလဲ ..ဟဲ့… ယတြာချေမလို့ လားမှ မသိ…
“ဘွားတော်ကြီးက ဒါတွေ အယုံအကြည်ရှိလို့ လား” ဟု ၀၀၆ နှင့် ၀၀၇ မှ ပြိုင်တူမေးလိုက်သည်..
ကွိကွိ က.. ဟဲ့ ရုံချင် ရုံမှာပေါ့…ဘယ်သိမလဲ
တို့အဖွဲ့ကို ကမှ.. secret ပဲဟာ…
ဒါပေမယ့် ဇာတ်က သိပ်ရှုပ်နေပြီနော်… ဟိုနှစ်ဖွဲ့ ကလဲရှိသေးတယ်… ဟိုကဗျာဆရာရော…
ဟဲ့ ငါတို့ အားလုံး ဖဲချပ်ကိစ္စ မမကို သွားမေးရင်မကောင်းဘူးလား
အေး ကောင်းတယ်… အားလုံးမှ သံပြိုင် ထောက်ခံလိုက်လေသည် ။ ထို့နောက် သူတို့၏ မမ ဆိုသူဆီ ၀၀၉ ခေါ် ပန်ဒိုရေမွန်မှ ဦးဆောင်ပြီး အသံမြည်ကိရိယာလေးကိုသုံး၍ ဆက်သွယ်လေသည် ။
“မမ.. ၀၀၉ ပါ ။ ကျွန်မတို့ စစ်ကိုင်းတောင်ခြေ ရောက်ပါပြီ ။ ဟို.. အဲဒါ.. ဖဲချပ်...”
ပန်ဒိုရေမွန်စကား မဆုံးခင်... မမဆိုသူက
“အေး... ငါလည်း စစ်ကိုင်းတောင် ရောက်နေပြီ ။ နေဘုန်းလတ်တို့ အဖွဲ့ စစ်ကိုင်းဘက်ကို ထွက်လာတာ ငါတွေ့ လိုက်လို့ နင်တို့ကို စိတ်မချလို့ လိုက်လာတာ ။ တောင်တွေ သုံးလုံး မျက်နှာချင်းဆိုနေတဲ့ နေရာကိုလာခဲ့ ။ အဲဒီမှာ ငါတို့ တွေ့ ကြမယ် ။”
အခန်း (၈ ယ)
သန့်သန့်ဇင်မောင်၏ တိုးတိုးတိတ် သတင်းပေးချက်ကြောင့် မောင်ပွတ် နှင့် ကိုဂေါက်တို့နောက် လိုက်ရင်း သဲလွန်စ တခုခု ရလို့ရငြား မြိုင်ရာဇာရန်အောင် ၊ သူ့ သူငယ်ချင်းကြီးများဖြစ်သော တက်စ်လာ နှင့် ဇင်ကိုလတ်တို့လည်း စစ်ကိုင်းချောင်သို့ တချိန်တည်း ဦးတည်နေကြလေသည် ။
...................................................................
အခန်း (၉)
စစ်ကိုင်းတောင်ခြေတွင် အဖွဲ့ ၃ဖွဲ့  တေ့တေ့ဆိုင်ဆိုင်ရောက်နေမည်ကိုကား မည်သူမျှ မရိပ်မိကြ....
နေဘုန်းလတ်နှင့် တပည့်ကျော် နှစ်ယောက်လည်း ပါဂျဲရိုးကြီးကို အပြင်းမောင်းနှင်ကာ ပထမဦးစွာ စစ်ကိုင်းတောင်ခြေကို ရောက်လာကြသည်။
မောင်ပွတ်တစ်ယောက်ဘရိတ်ကိုအပီအုပ်ကာတောင်သုံးလုံးအရပ်တွင်ပါဂျဲရိုးကြီးကို ရပ်လိုက်သည်။
ကျွီ...............
နောက်ခန်းတွင်ဘီယာလေးတမြုံ့မြုံ့စုပ်နေသော ထောင်ထွက်ခေါင်းဆောင်နေဘုန်းလတ် တစ်ယောက် တွန့်သွားသည်။
“တိန်... အမေ့...ပလုပ်တုတ်” “ဖြေးဖြေးရပ်ပါဟ မောင်ပွတ်ရ...ငါ့ရဲ့ဒီကားတစ်ခုခုဖြစ်သွားလို့ကတော့ မင်းတစ်ဆွေတစ်မျိုးလုံးကိုကတုံးတုံးပြီးဆပ်မယ်ဆိုရင်တောင် လောက်မှာမဟုတ်ဘူးကွ...နားလည်လား”
ဟုတပည့်ဖြစ်သူ မောင်ပွတ်ကို ကြိမ်းကြွား လုပ်လိုက်သည်။
မောင်ပွတ်တစ်ယောက်လည်းမျက်နှာငယ်လေးနဲ့မျက်လုံးလေးကိုပေကလပ်ပေကလပ်လုပ်ရင်း ခေါင်းကိုပွတ်ကာ သယ်ရင်းကိုဂေါက်ကိုစစ်ကူတောင်းသည့် ရုပ်လေးနှင့်လှမ်းကြည့်လိုက်သည်။
ကိုဂေါက်ကလည်းဆရာနေဘုန်းလတ်ကိုဖားချင်သောကြောင့် “ကောင်းတယ်” ဆိုတဲ့အထာလေးနှင့်ပြန်ကြည့်ပေးလိုက်သည်...။
ထိုအချိန်တွင် ကိုဂေါက်ကပဲသွက်လက်စွာဖြင့်
“ဆရာကြီး ကျွန်တော့အထင်တော့ ကျွန်တော်တို့ ဒီကိုအစောဆုံးရောက်တာဖြစ်နိုင်တယ် ။ သတင်းအရလည်းဒီနေရာဘဲ။ ကျွန်တော်တို့ဒီအတိုင်းထိုင်စောင့်နေလို့တော့ဖြစ်မှာမဟုတ်ဘူး။ သူတို့တွေလာတာနဲ့ တန်းတွေ့သွားနိုင်တယ်။ အဲ့ဒါကြောင့်ကျွန်တော်တို့ရုပ်ဖျက်ပြီးစောင့်နေရင်ကောင်းမလား ဆရာကြီး”
“အေး မင်းလည်း ငါ့တပည့် ပီသလာပြီ ။ အကြံကောင်းလေးတွေ ထုတ်တတ်လာပြီ ။”
“စစ်ကိုင်းတောင်ခြေမှာ မျောက်တွေ ပေါတယ်ဆရာကြီး ။ ကျွန်တော်တို့ မျောက်လို ရုပ်ဖျက်ပြီး နေရင်ကောင်းမလား” ဟု မျက်နှာသာ ရလို့ရငြား မောင်ပွတ်ဝင် အကြံပေးလေးသည် ။
“ဟေ့ကောင်.. တော်တန်တိတ်.. အကြော်ပန်းကန်ဖိတ်... ။ ငါ့လို နာမည်ကျော် ထောင်ထွက်ကြီးက လူစင်စစ်က မျောက်ဖြစ်ရမယ်လို့ ။ မင်းကွာ... သွား.. သွား.. ငါစိတ်ထပ်မတိုခင် ငါ့ရှေ့ ကအမြန်ထွက်သွား ။ ဟိုကောင် ငဂေါက်နဲ့ သူတောင်းစားအ၀တ်တွေ သွားရှာချည် ။”
မောင်ပွတ်နှင့် ကိုဂေါက်လည်း ဒေါသထွက်နေသော သူတို့ဆရာကြီးရှေ့မှ လေဟုန်ဆီးသကဲ့သို့ အလျင်အမြန် ထွက်ခဲ့ကြလေသည် ။ ၁၅မိနစ်လောက် ဟိုနား ဒီနား သွားရှာပြီးသော ကံအားလျော်စွာ သူတောင်းစားတသိုက်ကို တွေ့ လေသည် ။ သူတို့တွင် ပါသော အ၀တ်များကိုချွတ် ၊ သူတောင်းစားတသိုက်၏ အ၀တ်တွေနဲ့လဲလို့ .... သူ့ ဆရာကြီးဆီ ပြန်လာခဲ့ကြလေသည် ။
ထို့နောက် စစ်ကိုင်းတောင်ခြေ အ၀င်ဝလမ်းကလေးတွင် ခွက် ၃လုံးရှေ့မှာချခါ အလွန်ပိန်သော သူတောင်းစား ၂ယောက် နှင့် သူတောင်းစားဖြစ်သော်ငြား ခပ်တင်းတင်းမျက်နှာပေးရှိသော နောက်တယောက်တို့ တောင်းရမ်းဖို့ နေရာယူလိုက်ကြသည် ။
...........................................................
အခန်း (၁၀)
စစ်ကိုင်းတောင်။
ရှောင်လင်ဘုန်းကြီး ဝေါပုထု ကျင်လည်ကျက်စားရာ စစ်ကိုင်းတောင်။
စစ်ကိုင်းတောင် ကား မြန်မာ့ သိုင်းလောကတွင် အထင်ကရ ဖြစ်သည်။ မိတ်ဟောင်းဆွေဟောင်းများ ဤနေရာတွင် တွေ့ဆုံကြ၊ ကျောင်းတော်က ရန်စများ ဤနေရာတွင် လာရှင်းကြ သွေးကြွေးများ ဆပ်ကြ။ ရာဇ၀င်များစွာနှင့် ဝေါပုထု၏ ဘလော့ဂ် အဲလေ.. စစ်ကိုင်းတောင်ပေတည်း။
မြူခိုးများ တဝေ့ဝေ့ ၀ဲနေသော စစ်ကိုင်းတောင်၏ တနေရာတွင် ဝေါပုထု တစ်ယောက်
ခေါ်တောတစ်ထောင် အတွင်းအား ကိုသုံး၍ တောင်တ၀ိုက်ကို လှမ်းအကြည့် မသင်္ကာဖွယ်ရာ သူတောင်းစား သုံးယောက်ကို မြင်လိုက်ရလေသည်။
ဗြုန်း ခနဲ သိန်းငှက်ကြီး ၀ဲသလို အနားကို ရောက်လာသော အရိပ်မဲမဲကြီး ကြောင့် သူတောင်းစား သုံးဦး လန့်ဖျတ်သွားကြသည်။
“ဝေါမိသောဖော”
မောင်ပွတ်က ချက်ချင်း လက်သီးဆုတ်ကာ ခေါင်းကလေးညွတ်ရင်း...
“အဟဲ သိုင်းလောကရဲ့ အထင်ကရ ရှောင်လင် ဘုန်းဘုန်း ဝေါပုထုမှတ်တယ်ခင်ည။”
“အေး ဟုတ်တယ် ။ ဘာလဲ မင်းတို့က သူတောင်းစားဂိုဏ်းကပေါ့လေ။ ဒီမှာ ဘာလာလုပ်ကြသလဲ။”
“ဟဲ အနော်တို့ စီးပွားရေးချဲ့ချင်လို့ လာတောင်းတာပါ ။”
“ဟေ့ ဒီနယ်မြေကို ငါပိုင်တာကွ မင်းတို့ ငါ့ကို ခွင့်မတောင်းဘာမတောင်းနဲ့ ကဲ လျှာရှည်မနေနဲ့ အားလုံးနာ မယ်သာမှတ်”
အခြေအနေမဟန်ပုံပေါ်သည့်အတွက် နေဘုန်းလတ်က ၀င်ထိန်းလိုက်ပါသည်...
“ဒီလိုပါ ကျွန်တော်တို့ ဘုန်းဘုန်းပုထု ဆီမှာ တပည့်ခံချင်လို့ပါခင်ဗျာ။ မိန်းမနိုင်နည်း သိုင်းလေး တစ်ကွက် နှစ်ကွက်လောက် ဖြစ်ဖြစ် မစပါခင်ဗျ။”
“သိပ်နောက်ကျသွားပါပြီ ကိုနေဘုန်းလတ်”
နေဘုန်းလတ်နောက်လှည့်ကြည့်လိုက်တော့ မမစနေ နှင့် စပိုင်မယ်လေးများ...
“ဟင်းဟင်း ရှင်တို့ ကျွန်မတို့နောက်ကို လိုက်နေမှန်းသိလို့ စစ်ကိုင်းတောင်ကို မျှားခေါ်လိုက်တာလေ. ကဲ ဘယ်မလဲဖဲချပ်”
နေဘုန်းလတ် ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
“ဟားဟား .. ဘာမှ အကြောင်လာရိုက်မနေနဲ့ ဦးကဒေါင်းဆီက ရထားတဲ့ ကျုပ်တို့လက်ထဲက ဖဲချပ်က အတုကြီးဗျ.. ခင်ဗျားတို့ အဖွဲ့က ဂျစ်ဆိုတဲ့ ကောင်မလေးဆီမှာပဲ မဟုတ်လား။ အခုထုတ်လိုက် စမ်းပါ။”
“ဟင်”
မမျှော်လင့်သောစကားကြောင့် မမစနေ နှင့် ဂျစ်တို့ အံ့သြသွားသည်။
“မဟုတ်ဘူး။ ကျွန်မဆီမှာလည်း မဟုတ်ဘူး”... ဂျစ်တယောက် နားမလည်နိုင်စွာ ငြင်းလိုက်သည် ။
“ဒါ.. ဒါဆို ဖဲချပ်က ဘယ်မှာလဲ။”
နေဘုန်းလတ်၏ မေးခွန်းတွင် အားလုံး ပဟေဠိကိုယ်စီဖြင့် ငြိမ်သွားကြသည်။
..........................................................
အခန်း (၁၁ က)
ထိုစဉ် တောင်ခြေတနေရာ ၌...
“ဟေ့ကောင် ရန်အောင် ငါတို့က ဘာကြောင့် နောက်ကျနေရတာလဲကွ.. ဟွန့် မက်ထရိုကလည်း နှေးလိုက်တာကွာ အခုမှ ရောက်တော့တယ်။”
“တက်စ်လာရဲ့ တုံးလိုက်တာ ရဲတို့ စုံထောက်တို့ဆိုတာ အားလုံးရှင်းလောက်မှ အချိန်ကိုက်လာရ တယ်ဟ..”
ရန်အောင်က နာရီကို တစ်ချက်ကြည့်ရင်း.. “အင်း ငါတို့ တောင်ပေါ်ရောက်မှာနဲ့ အတော်လောက်ပါလေ..”
အခန်း (၁၁ ခ)
ရန်အောင်တို့နှင့် တဘက်ကမ်းမနီးမဝေးမှလည်း လုံးလုံးလုံးလုံး နှင့်အရာတစ်ခု တလိမ့်လိမ့်တက်လာသည်။ အခြားလူ ဟုတ်ရိုးလား။ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဦးကဒေါင်းပေတည်း။ သျှောင်တစ်လုံး လည်းဆုံးပြီ မဒမ်ကဒေါင်းကလည်း ပူညံပူညံ ဖဲဝိုင်း ကိစ္စကလည်း မရှင်းနိုင်နှင့် လောကကြီးကို စိတ်ကုန်လာသော ဦးကဒေါင်းသည် ဘုန်းကြီးဝတ်ကာ စစ်ကိုင်းတောင်တွင် အရိုးထုတ်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်။
ဆူ့ညံဆူညံ ဖြင့် ရှေ့နားမှ လူတသိုက်ကြောင့် ဘာများပါလိမ့်ဟု သစ်ပင်အကွယ်က ချောင်းကြည့်ကာ နားစွင့်နေလိုက်သည်။
...............................................................
အခန်း (၁၂)
“ဖဲချပ်က ဒီမှာပါ…”
အသံလာရာဘက်ဆီသို့ အားလုံး ချာခနဲ လှည့်ကြည့်လိုက် ကြလေသည်။
ဂျင်းဘောင်းဘီ ခပ်စုပ်စုပ် ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားသော လူတစ်ယောက်။
“ဟင်.. ရှင်ဘယ်သူလဲ..” မမစနေက မေးလိုက်ပါသည်။
ထိုလူက ဦးထုပ်ကို ချွတ်လိုက်သည်။
“ဟင် မောင်..”
အာမေဍိတ် တစ်ခု ဂျစ်နှုတ်ခမ်းကထွက်ကျလာသည်။
“သြော်..ဟော်.. ခင်ဗျားက ကျုပ်ကို မှတ်မိသေးတယ်ကိုး။ ကိုယ့်အသည်းကို ရက်ရက်စက်စက် ခွဲသွားတဲ့ မုဆိုးတပိုင်း မိန်းမရိုင်းကြီး ဒေါ်ဂျစ်ဂျစ်ရဲ့ ။ ငါးစိမ်းမြင်တော့ ငါးကင်ပစ်တယ်ပေါ့လေ။ ဟောဒီဖဲချပ်က ခင်ဗျားရဲ့ အချစ်သစ်ကလေး ဆေးရုံမပို့ခံရခင် လူတွေ ရှုပ်နေတုန်း ၊ အမြန်ဝင်ပူးပြီး အတုနဲ့ လာလဲထားခဲ့တာ ကျွန်တော်မျိုးပါခင်ဗျ။”
မောင့်လက်ထဲတွင် ကြိုးများတုပ်နှောင်ခံထားကာ သတိလစ်နေသော သူကတော့ ကဗျာဆရာလေး ဖြစ်သည်။
“ဟင် မောင်.. အဲ.. ရှင်..ရှင် ဒီလိုမပြောပါနဲ့။ အဲဒီ ကဗျာဆရာနဲ့ ချစ်နဲ့က ဘာမှ မဆိုင်ဘူး။ သူ့ကိုလည်း အခု လွှတ်လိုက်ပါ။”
“ချစ် ကိုယ့်နောက် လိုက်ခဲ့။ ဖဲချပ်လည်း ပြန်ပေးမယ်။ ဒီကောင့်ကိုလည်း လွှတ်ပေးမယ်။ ဘယ်လိုလဲ။”
“ရှင်.. ရှင် ဒီလိုမလုပ်ပါနဲ့။ ကျွန်မတို့ ဇာတ်လမ်းက ပြီးခဲ့ပြီ။ မဆိုင်တဲ့လူတွေကို အနှောင့်အယှက် မပေးပါနဲ့။ အဲဒီ ဖဲချပ်ကို အခုပြန်ပေးပါ။ သူ့ကိုလည်း လွှတ်လိုက်ပါ။”
“ဟားဟား ဒီလို လုပ်လို့ရမလား။ ဒါဆိုရင် ကဗျာဆရာ သေပေတော့။ ကဲ..”
..................................................................
အခန်း (၁၃)
ထိုအခိုက်အတန့် ဂျစ် ၏အတွေးများသည် ဟိုးတချိန် လွန်ခဲ့သော ၆နှစ်မှ ဇာတ်လမ်းဆီသို့ အမှတ်မထင် တဒင်္ဂ လွင့်မျောသွားလေသည် ။
လွန်ခဲ့သော ၆နှစ်သောအချိန်သည် ဂျစ် အလုပ်ဝင်စအချိန်.. တနည်းအားဖြင့် မမစနေ၏ ခွင့်ပြုချက်ကြောင့် ဒီလောကတွင် စတင်လှုပ်ရှားခဲ့သောအချိန် ။ စက်ကိရိယာများနှင့် သိပ်မကျွမ်းကျင်လှသော ဂျစ်ကို မမက လေးထောင့်ဘူးလေးတခုပေး၍ ထိုဘူးလေးနှင့် ပတ်သက်တာမှန်သမျှ နားလည်တတ်ကျွမ်းအောင် လေ့ကျင့်ဟု အမိန့်ပေးသောအခါ ၊ နေ့နှင့်ညမခြား အပတကုတ် သင်ယူရပါတော့သည် ။ Motherboard, harddisk, RAM စသော အခြေခံအချက်တချို့ကို တတ်မြောက်ပြီး ထိုလေးထောင့်ဘူးလေးကို ဟိုကလိ ဒီကလိ ကလိခြင်းများလာသောအခါ လေးထောင့်ဘူးလေး ဆန္ဓပြခါ ၊ သူ့ ကိုနောက်ထပ် ကလိခွင့် မီးစိမ်းမပြတော့ပဲ ငြိမ်သက်သွားပါတော့သည် ။
ထိုအခါ ကြံရာမရ ဂျစ်မှာ အကြံကုန်ဂဠုန်ဆားချက်ဟု ဆိုရိုးရှိသော်လည်း ဆားမချက်နိုင်ပဲ ၊ လှည်းတန်းမှ ဆိုင်လေးတဆိုင်သို့ ဦးတည်ခဲ့သည် ။ ဆိုင်နာမည်က “လေးထောင့်ဘူးများနှင့် ဒတ်ဘယ်မောင်”.... ။
“ဒင်း.. ဒေါင်...” ဆိုင်ထဲ ၀င်ဝင်ခြင်း လူဝင်လာမှန်းသိအောင်ထားသော ကိရိယာလေးမှ အသံပြုလိုက်သောအခါ ၊ ဆိုင်အတွင်းဘက်တွင် မတ်တတ်ရပ်နေသော လူတယောက်က ဂျစ်ကို ကြည့်လိုက်ပြီး...
“သြော်... လာပါခင်ဗျာ ။ လေးထောင့်ဘူးနဲ့ ပတ်သက်တာ ဘာအကူအညီပေးရပါမလဲ ။”
ထိုလူကို ဂျစ် တချက်ကြည့်လိုက်သည် ... ယောက်ျားပီသသော မေးရိုးကျ မျက်နှာမှာ မဟာနှဖူးဆိုတာမျိုး နှဖူးခပ်မြင့်မြင့်ရှိသည် ။ ဆံပင်ကအတော်တိုပြီး အသားခပ်ညိုညိုဖြစ်သည် ။ ချုံကြည့်လိုက်လျှင် ပြုံးမယောင် မျက်နှာနှင့် တည်ကြည်သော ဥပဒိရုပ်နှင့် အားကစားလိုက်စားသော ကျစ်လစ်သည့် ကိုယ်ခန္ဓာရှိသည် ။
“ဟို.. ကျွန်မရဲ့ လေးထောင့်ဘူးလေး မီးစိမ်းမပြတော့လို့ပါ ။ ဒီလေးထောင့်ဘူးလေး ပြန်ကောင်းဖို့ အရမ်းအရေးကြီးပါတယ် ။ ခုချက်ချင်း ရှေ့မှာ ပြင်ပေးနိုင်မလား”
“ဟုတ်ကဲ့... ကျွန်တော် ကြိုးစားကြည့်လိုက်ပါဦးမယ်” ဟုဆိုခါ ထိုလူသည် လေးထောင့်ဘူးလေးထဲမှ ပစ္စည်းများကို ဆွဲထုတ်ပြီး ဟိုစမ်း ဒီစမ်းလုပ်လေတော့သည် ။ ၁၅မိနစ်လောက်ကြာတော့ လေးထောင့်ဘူးလေးထဲမှ အတုံးလေးတစ်တုံးကိုထိုးပြပြီး...
“အဲဒီ ပါဝါဆပ်ပလိုင်း ထိသွားလို့ မီးမလင်းတော့တာလေ ။ အခု ကျွန်တော် ပြောင်းပေးလိုက်မယ်” ဆိုပြီး အတုံးလေးကို လဲထည့်ပြီး အားလုံးနေရာတကျပြန်ထည့် အဖုံးပိတ် လေးထောင့်ဘူးလေး ဖွင့်လိုက်သောအခါ ၊ မီးစိမ်းလေး လင်းလာပါတော့သည် ။
ဂျစ်လည်း ၀မ်းသာအားရနှင့်.. “ဟာ ၀မ်းသာလိုက်တာ ။ ဘယ်လောက်ကျလဲဟင်”
“၁၅၀၀ ပါ”
“ရှင်.. ဘာလူပါးဝတာလဲ” ဒေါသသံလေးနဲ့ ဂျစ်က ဟောက်ထည့်လိုက်သည် ။
“ခင်ဗျာ... ကျွန်တော်ပြောတဲ့ဈေး များလို့လား.. ဒါဆို မိတ်ဖြစ် ဆွေဖြစ် ၁၄၀၀ ပဲ ထားပါ ။ ဒီပါဝါဆပ်ပလိုင်းက အပြင်မှာ ၀ယ်ရင် ဈေးကြီးလို့ပါ”
ထိုလူ သေချာရှင်းပြတော့မှ ကိုယ့်အတွေးနှင့်ကိုယ် တလွဲထင်မိသော ဂျစ်တယောက် ရှက်သွေးဖြာသွားခဲ့သည် ။
ထိုညတွင် ဂျစ် အိပ်မပြောခဲ့သလို ဒတ်ဘယ်မောင်ဟုအမည်ရှိသော ထိုလူလည်း မျက်စိကြောင်နေခဲ့သည် ။
အဲလိုနဲ့ လေးထောင့်ဘူးလေးပျက်တိုင်း ဒတ်ဘယ်မောင်ဆီသွားတတ်သလို ၊ ဒတ်ဘယ်မောင်ကလည်း ဂျစ်၏ လေးထောင့်ဘူးလေး ပျက်မည့်နေ့ကို စောင့်မျှော်နေတတ်သည် ။ မကြာခင် ဒတ်ဘယ်မောင် နှင့် ဂျစ်တို့သည်လည်း မောင် နှင့် ချစ် အဖြစ် အသွင်ပြောင်းခဲ့လေတော့သည် ။ ဂျစ်သည် အချစ်စိတ်ကြောင့် မမစနေမသိအောင် သူမ စပိုင်မယ်လေးများဂိုဏ်းဝင် ဖြစ်ကြောင်း ဒတ်ဘယ်မောင်ကို ဖွင့်ပြောပြခဲ့သည် ။ အရာရာတွင် နားလည်မှုပေးတတ်သော ၊ လေးထောင့်ဘူးများနှင့်ပတ်သက်လျှင် ဂျစ်အထင်ကြီးလောက်အောင် ကျွမ်းကျင်သော ဒတ်ဘယ်မောင် နှင့် ဂျစ်တို့ဇာတ်လမ်းဟာ ပန်းခင်းလမ်းကဲ့သို့ ရှိနေခဲ့သည် ။
သို့ပေမယ့် ဘယ်လောက်ပဲ နားလည်နိုင်တဲ့ ဒတ်ဘယ်မောင်ပင် ဖြစ်လင့်ကစား ၊ ယောက်ျားသားများနှင့် ရင်ဘောင်တန်းခါ အမှောင်ထုထဲ ရုန်းကန်နေရသော စပိုင်မလေး ဂျစ်ကို ဂရုနာဒေါသော အချစ်ဇောတွေတက်ပြီး စိတ်ပူရာမှ နားလည်မှုတွေကွဲလွဲလို့ မတတ်သာတဲ့အဆုံး ဂျစ် သူနဲ့ လမ်းခွဲခဲ့ရပါတော့သည် ။
......................................................................
အခန်း (၁၄)
“ဖုန်း.. ဒိုင်း” ဆိုသောအသံနှင့်အတူ ဂျစ်၏အတွေးများလည်း အတိတ်မှ ပစ္စုပ္ပန်သို့ ရုတ်ချည်းပြန်ဆွဲခေါ်ခံလိုက်ရသည် ။
ထိုစဉ်
တုတ်တစ်ချောင်းကို ကိုင် ကာ သစ်ပင်နောက်ကွယ်က ထွက်လာသူက ဦးကဒေါင်းပေတည်း ။
မောင် ခေါင်းတွင် သွေးချင်းချင်းနီကာ လဲကျသွားသည်။ သို့ပေမယ့် ဦးကဒေါင်းကိုင်ထားသော တုတ်တွင် သွေးတစက်မှမရှိ ။ စစ်ကိုင်းတောင်၏ လေပြင်းတချက်အတိုက် အောက်သို့ကျိုးကျသွားသော သစ်အိုကိုင်းကြီးတစ်ချောင်းတွင်ကား မောင် ၏ သွေးတို့ ပေကျံနေလေသည် ။
ကဗျာဆရာလေးကို စပိုင်မလေးများက ကပျာကယာ ကြိုးဖြည်ပေးလိုက်ကြပါသည်။
“မောင်.. မောင်.. မောင် မနေရတော့ဘူး.. သေရတော့မယ်.. ချစ်ရယ်”
“သြော် မောင်.. မောင် ရယ် အဟင့်အဟင့်”
ဂျစ်တစ်ယောက် မျက်ရည်မထိမ်းနိုင်ပါ။ ကွဲခဲ့ကြတယ်ဆိုပေမယ့် မမေ့နိုင်ခဲ့တဲ့ ချစ်သူတယောက်.. ခုတော့ ။
“လူသာသေသွားမယ်.. ချစ်အတွက် အချစ်တွေ မသေဘူးကွယ်” ဟုပြောပြီး ဒတ်ဘယ်မောင်တယောက် လောကကြီးကို ကျောခိုင်း သွား ပါ လေတော့ သည် ။
...........................................................
အခန်း (၁၅)
“၀ူးထွား ဟားဟား”
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူကတော့ ရှောင်လင်ဘုန်းကြီးဝေါပုထု။
“ဟားဟား စားရကံကြုံလို့ မေးစိပျားတုပ်.. အဲလေ မုတ်ဆိတ်ပျားစွဲဆိုတာပေါ့.. ဟိုကလေးမ.. ညည်းလက်ထဲက ဖဲချပ်ကို ဒီကိုပေးလိုက်စမ်း..”
“ဟင် ရှောင်လင်ဘုန်းဘုန်းနဲ့ ဖဲချပ်နဲ့ ဘာဆိုင်လို့လဲ.”
“ဟင်း ဟင်း ဟင်း၊ ဆိုင်တာပေါ့။ ဝေါပုထု ဝေါပုထု၊ ရှင်က စိတ်မလျှော့သေးပါလား။”
ထိုစဉ် ရယ်သံနှင့်အတူ ထပ်မံရောက်ရှိလာသူက အင်မတန်ချောမောလှပသော အဆင်းပိုင်ရှင် အမျိုးသမီး တစ်ယောက်။
အော်မေ့ဂိုဏ်းချုပ် သီလရှင် ဆရာလေး မေဓါဝီ။
အားလုံး အံသြ သွားကြသည်။ အလွန် နာမည်ကြီးလှသော ဆရာလေး မေဓါဝီသည် မြန်မာ ဘလော့ဂါ သိုင်းလောကသား များနှင့် အဆက်အဆံမလုပ် ဆက်သွယ်ရေးကိရိယာ (ခေါ်) စီဘောက်စ်လည်း မတပ်နှင့် စစ်ကိုင်းတောင်ရှိ သူမ၏ စစ်ကိုင်းချောင် မှာ သီးသီးသန့်သန့် နေလာခဲ့တာ ကြာခဲ့ပြီတည်း။ အခု ဆရာလေး မေဓါဝီ ထွက်လာခဲ့လေပြီ။
မမစနေက ပန်ဒိုရေမွန်ကို တိုးတိုးပြောလိုက်သည်။
“၀၀၉ ရေ.. ပွဲကြီးပွဲကောင်းတော့ တွေ့ပြီ။ ဝေါပုထု က တချိန်က ဆရာလေး မေဓါဝီကို မရလို့ ဘုန်းကြီးဝတ်သွားတာပေါ့။”
ဆရာလေး မေဓါဝီက ဂျစ် ဘက်သို့ လှည့်လိုက်သည်။
“သမီးငယ် သမီးလက်ထဲက ဖဲချပ်ကို ဆရာလေးကို ပေး။”
ဂျစ်က မမစနေကို တစ်ချက်လှည့်ကြည့်တော့ မမစနေက ခေါင်းကို အသာဆတ်ပြလိုက်လေသည်။
မေဓါဝီက
“ကဲ ကျွန်မကို ရှင်နိုင်ရင်တော့ အဲဒီဖဲချပ်ကို ယူသွားပေတော့”
“ကောင်းပြီလေ။” ဝေါပုထုကလည်း အားကျမခံ ပြန်ပြောလိုက်သည် ။
ထို့နောက် အတွင်းအားများ စုစည်းလိုက်ပြီး လက်နှစ်ဘက်ကို ပိုက်ကာ ခပ်ပြုံးပြုံး လုပ်လိုက်ပါသည်။
“ဟာ.. ဒါ ဂေါ်မစွံ သမာဓိပိုး ဆိုတဲ့သိုင်းကွက်ပဲ။ ဒါ အင်မတန် အစွမ်းထက်တဲ့ သိုင်းပဲ။”
နေဘုန်းလတ် က ရေရွတ်လိုက်ပါသည်။
အနီးရှိလူများ အားလုံး ရှဲခနဲ ဘေးကို ဖယ်သွားကြသည်။
ဆရာလေး မေဓါဝီက မဲ့ပြုံးတစ်ချက် ဟင့်ခနဲ ပြုံးလိုက်ပြီး လက်တစ်ဖက်က ခါးထောက်ကာ ကျန်လက်တစ်ဖက်ကို လက်ဖ၀ါးဖြန့်ကာ ထောင်လိုက်သည်။
“ဟိုက် .. ဒါက မိန်းမတို့ အိန်ဒရေ ရွှေပေးလို့မရ ဆိုတဲ့ နာမည်ကြီး သိုင်းပဲ။ ဒီပုံဆိုရင် ဝေါပုထုတော့ မလွယ်ဘူး။”
မမစနေက မှတ်ချက်ချလိုက်ပါသည်။
အဆင့်မြင့် အတွင်းအားများသုံးကာ တိုက်ခိုက်နေသဖြင့် လေသံများ တ၀ှီးဝှီးမြည်နေပါသည်။ ကွမ်းတယာ ညက်ခန့် ကြာသည်အထိ အဖြေမပေါ်ပဲ ဖြစ်နေသည်။
နောက်ဆုံး ဝေါပုထုက သူ့လက်စွဲတော် တောင်ဝှေးကို ဆုတ်ကိုင်လိုက်သည်။
“ဟာ သူ့ရဲ့ မိန်းမနိုင်နည်း ထဲက နောက်ဆုံး သိုင်းကွက် ယောင်္ကျားကောင်းမောင်းမတစ်ထောင် ဆိုတာထင်တယ်။ ဒါဆိုရင် ဆရာလေး မေဓါဝီတော့ နာပြီပဲ။ ”
နေဘုန်းလတ်က လွှတ်ခနဲ ပြောလိုက်ပါသည်။
ဆရာလေးက ကျောမှာ လွယ်ထားသော ဓါးရှည်ကို ဖြုတ်လိုက်ပါသည်။
“ကဲ ဒီလို ဆိုရင်တော့ ကျွန်မရဲ့ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် သိုင်းကွက်ကိုလည်း စမ်းကြည့်လိုက်ပါဦးလေ။”
ချွင် ချလွင် ထန်ထန် ..
တောင်ဝှေးနှင့် ဓါး ရိုက်ခတ်သံများက ဆူညံနေပါသည်။ ထမင်းအိုး တစ်လုံးချက်ခန့် အကြာတွင်
ဖုန်း… အင့်
ဝေါပုထုတစ်ယောက် လွင့်စင်ကျသွားသည်။
ဟာ ဝေါပုထုတော့ အတွင်းဒဏ်ရာ အကြီးအကျယ် ရသွားပြီ။ နေဘုန်းလတ်တို့ အဖွဲ့ မျက်နှာပျက်သွားကြပါသည်။
“ဟေ့ အားလုံးမလှုပ်နဲ့ မင်းတို့ကို ၀ိုင်းတွေက ရဲထားပြီ”.. စီအိုင်ဒီမှ မြိုင်ရာဇာ ရန်အောင်တို့ ရောက်လာကြပါသည်။
..............................................................
အခန်း (၁၆)
အော်ပြောရင်း မြိုင်ရာဇာရန်အောင်နှင့် တက်စလာတို့ပြေးတက်သွားရာ ရန်အောင်မှာ ခလုတ်တိုက်လဲ၍ ခွေးချေးပုံပေါ်မျက်နှာအပ်ကာ မှောက်လဲလေတော့သည်။ တက်စလာကလည်း ရဲဘော်ရဲဘက်စိတ်ဖြင့် လဲနေသောရန်အောင်ကို အားပါးတရ တက်နင်းရင်း မေဓါဝီတို့လူစုထံ ပြေးလေသည်။
“ တက်တက် ... မင်းတို့ရှေ့မှာရောက်နေပြီ ... မင်းတို့လက်တွေလေထဲကိုမြှောက်ထားလိုက် ”
မြိုင်ရာဇာရန်အောင်ကလည်း ခွေးချေးတွေမသုတ်အားပဲ အမှီလိုက်လာလေသည်။ သို့သော် အခြေအနေက ရုတ်ခြည်း ပြောင်းလဲသွားသည်။ နေဘုန်းလတ်က ပုဆိုးကြားမှ လက်နက်ပုန်း ၂ ခုကိုထုတ်၍ မြေပေါ်ပေါက်ခွဲလိုက်ရာ ကြီးမားသော မီးခိုးလုံးကြီးဖြစ်လာပြီး ပတ်ဝန်းကျင်ကို မမြင်ရတော့ပေ။ တချိန်တည်းမှာပင် နေဘုန်းလတ်၊ မောင်ပွတ်နှင့်ကိုဂေါက်တို့က ဝေါပုထုကို မနိုင်မနင်းပွေ့ရင်း ဆော်တွေ့မရှောင်ခုန်နည်းဖြင့် လွတ်မြောက်ရာသို့ ခုန်ထွက်ပြေးလေသည်။ မဲမဲမြင်ရာပစ်လိုက်သော တက်စလာ၏ကျည်ဆံတစ်တောင့်မှာ ဒဏ်ရာရဝေါပုထု၏ ညာဘက်နံရိုးအနီး သွေးလွှတ်ကြောသုံးကြောအနက်မှ ဒုတိယအကြော၏ အနောက်ဘက် ၀.၀၀၂ မီလီမီတာကို ထိရုံလေးသာရှပ်ထိသွားလေသည်။
“ဆရာဝေါပုထု ... စိတ်ကိုတင်းထားပါ။ ဆရာတော့် အတွင်းခံအရာကို ကျွန်တော်ဖျောက်ပေးမယ် ”
“ ဆရာ ... အတွင်းဒဏ်ရာပါ ”
“ အေး... မှားသွားလို့ ”
“မရဘူး နေဘုန်းလတ်၊ မရဘူး။ မေဓါဝီအကြောင်းငါသိတယ်။ ငါ့ဒဏ်ရာမသေးဘူး ။ ဒါပေမယ့် မင်းတို့အလိုရှိတဲ့ ဖဲချပ်ရအောင် ငါလမ်းညွှန်ခဲ့မယ်။ ဒီလို... ဟတ်.. ဟတ်.. ”
စကားမဆုံးခင် ဒုတိယအကြောတွင် ထိသွားသော ကျည်ဆံကြောင့် ဝေါပုထုမေ့မြောသွားလေသည် ။ နေဘုန်းလတ်တို့လည်း ရှောင်လင်ဘုန်းကြီး ဝေါပုထု၏ မပြောလိုက်ရသော စကားတခွန်းကို အားမလိုအားမရ .. မှိုင်တွေချကာ ထိုင်နေကြစဉ်...
“ဟေ့ နေဘုန်းလတ်တို့ အဖွဲ့ … ”
မြိုင်ရာဇာရန်အောင်၏အော်သံက ကျားဟိန်းသံကဲ့သို့ ထွက်ပေါ်လာပြီးချက်ချင်း နေဘုန်းလတ်တို့အဖွဲ့နားသို့ ရန်အောင် ၊ တက်စ်လာ နှင့် ဇင်ကိုလတ်တို့ သေနတ်များချိန်၍ ၀ိုင်းရံလိုက်သည် ။
“နေဘုန်းလတ်.. မင်းကို ငါရှာနေတာ ကြာပြီ ။ မင်းတို့အဖွဲ့ ကို ပွဲစားကြီး ကလေးပြန်ချီ အလကားဘော်ဒါ ဘွဲရ ဦးချစ်ဆန်း ကို ရက်ရက်စက်စက် ဒဏ်ရာမပေါ်အောင် ကလိထိုးပြီး၊ မသေမချင်း သားရေကွင်းနဲ့ နောက်စေ့ကို ပစ်ပြီး သတ်ထားတဲ့ အမှုအတွက် ဖမ်းမယ် ။”
“အိုး.. နေပါဦး ကိုကြီးရန်အောင် ။ ကျွန်တော်ရှင်းပြပါရစေဦး ။ နောက်စိကို သရေကွင်းနဲ့အပစ်ခံရပြီး ကလိထိုးခံရလို့သေသွားတဲ့ ပွဲစားကြီးကလေးပြန်ချီအလကားဘော်ဒါဘွဲ့ရ ဦးချစ်ဆန်း ရဲ့ တိတ်တိတ်ပုန်း ဘာလိုလို ညာလိုလို ဟိုလိုလို ဒီလိုလို ကောင်မလေးတစ်ယောက်နဲ့ သူက အသေအချာကိုတွေ့ပြီး ဂဃနဏကိုမေးပြီး စစ်ဆေးပြီးသွားပြီလေ (နှစ်ကိုကြား)။ ကောင်မလေးက ဘာပြောလဲဆိုတော့...
`အဲဒီ့နေ့မှာ မီးနဲ့ ဦးက သရေကွင်းပစ်ကြေး အံစာခေါက်နေကြတာ ၊ အဲဒါ ဦးချည်းပဲရှုံးနေလို့ သမီးက ဦးရဲ့ နောက်စိကို သားရေကွင်းတွေနဲ့ပစ်ထားတာ၊ နောက် ခဏနေတော့ ဦးကခေါင်းတွေနာလာပြီဆိုတာနဲ့ ကလိထိုးကြေးပြောင်းဆော့ကြတာ …။ အဲဒါလည်း ဦးကပဲရှုံးနေလို့ သမီးကလိထိုးရင်းထိုးရင်းနဲ့ ဦးကပြုံးပြုံးကြီးလဲကျသွားတာနဲ့ သမီးလဲ လန့်ပြီးထွက်ပြေးလာခဲ့တာပါပဲ အစ်ကိုရယ် ` တဲ့။
တကယ်တမ်းက … အဲဒါ … အဲဒါ … ဖုတ်တထောင်းထောင်းထနေတဲ့ လူကြီးလူကောင်းကြီး သောင်းကျန်းတာပါ ကိုကြီးရန်အောင် ရယ်” ဟု အားမတန်မာန်လျှော့ကာ နေဘုန်းလတ်က ပျာပျာသလဲ ရှင်းချက်ထုတ်လေသည် ။
“အင်း.. ငါတို့ ရန်ကုန်ပြန်ရောက်တာနဲ့ မင်းပြောတဲ့ ဦးချစ်ဆန်းရဲ့ တိတ်တိတ်ပုန်းလေးကို ခေါ်လာပြနိုင်မယ်ဆိုရင် မင်းဒီအမှုက လွှတ်ပြီ ။”
“ရန်အောင်.. ရန်အောင်... ကျန်တဲ့သူတွေ ဘယ်မှာလဲ ။”
တက်စ်လာ၏ အလန့်တကြားထအော်လိုက်သံကြောင့် ရန်အောင် နှင့် ဇင်ကိုလတ်တို့လည်း ဘေးဘီဝဲရာ အမြန်ကြည့်လိုက်ရာ... သူတို့နှင့် မလှမ်းမကမ်း ကိုက်တစ်ရာလောက်တွင်...
အော်မေ့ဂိုဏ်းချုပ် သီလရှင် ဆရာလေး မေဓါဝီ ၏လက်ထဲမှာ အရာတခုကို မမစနေ နှင့် စပိုင်မလေးများ ၊ ဦးကဒေါင်း သဲကြီးမဲကြီး ကြည့်နေကြသည် ။
“ဟိုက်.. ဖဲချပ်ကွ” မျက်စိလျင်သော တက်စ်လာက အော်လိုက်သောအခါ သူတို့ သုံးယောက်လုံး ထိုနေရာသို့ အပြေးရောက်သွားသည် ။ သို့သော် သူတို့နောက်ကျသွားသည် ။
မေဓါဝီက ဖဲချပ်ကို ဆတ်ခနဲ နှစ်ခြမ်း ဖြစ်အောင် ခွာလိုက်သည်။ အထဲတွင် ကွန်ပြူတာဖြင့် ရိုက်ထားသည်မှာ
မော်တကိန်း မော်တက ရှော်တကစ် ခေါ်တကိုး သွော်တကား မော်တက ကျော်တကိုး
ဘာအဓိပ္ပါယ်မှန်း မသိသော စာလုံးများ ပေါ်လာသည်။
“အဲဒါ မိန်းမနိုင်နည်းရဲ့ အဆုံးစွန် လျှို့ဝှက်ချက်ပဲ။ အဲဒါကို လိုချင်လို့ အားလုံးလိုက်နေကြတာသိလား။” မမစနေဆိုသူက သူ့ စပိုင်မလေးများကို ရှင်းပြလိုက်သည် ။
“အိုး.. ဒါကြောင့်ကိုး .. ဒါပေမယ့် အခုတော့ ဒီကုဒ်ကို ဘယ်လို ဖော်မလဲ။” စပိုင်မလေးများလည်း ခုမှ ဇာတ်ရည်လည်ခါ သံပြိုင်မေးလိုက်ကြသည် ။
“များတို့ ဖော်တတ်တာပေါ့။ ခစ်ခစ် အဲဒါ များတို့ရဲ့ ဘာသာစကားလေ။”
သန့် သန့်ဇင်မောင်နှင့် မျိုးမျိုးကျော်သွန်းတို့ ခြုံပုတ်နောက်ကွယ်မှ ထွက်လာကြသည်။
“ဟဲ့ ပလုတ်တုတ်.. ရှောက်သီးဆေးပြား ရောင်းတဲ့သူတွေကလည်း ဒီရောက်လာတယ် ။ ညည်းတို့ ဘယ်လိုသိပြီး ဘယ်လိုလိုက်လာလဲ ပြောစမ်း ။”
မြိုင်ရာဇာရန်အောင်မှ စိတ်ပျက်လက်ပျက် မေးခွန်းထုတ်လိုက်သည် ။
“များတို့လည်း တိုတိုရန်ကို မောင်ပွတ်နဲ့ ကိုဂေါက်အကြောင်းပြောပြီး တိုတိုရန် သူတို့ကို ဘာလို့အပူတပြင်းလိုက်နေတာလဲလို့ များတို့လည်း သိချင်တာပေါ့ ။ သိတယ်မို့လား ။ များတို့က စပ်စုတတ်တယ်လေ ။ အဲဒါနဲ့ ဒီကို မဖြစ်ဖြစ်အောင် လိုက်လာကြတာ ။ တွေ့ မှတွေ့ ပါ့မလားလို့ ရှာလိုက်ရတာ အဟီ ။ ခုတော့ များတို့က ဇာတ်လိုက်ဖြစ်နေပြီ ။”
“အဓိပ္ပါယ်ပြောမှာသာ ပြောစမ်းပါ ။ ရှာရှည်လိုက်တာ ။” ဇင်ကိုလတ်မှ ဟောက်လိုက်သဖြင့် သန့်သန့်ဇင်မောင် နှင့် မျိုးမျိုးကျော်သွန်းတို့ မျက်နှာလေးငယ်ပြီး အမြန်အဖြေပြောလိုက်သည်...
“အဓိပ္ပါယ်က မိန်းမရှိခိုး သွားမကျိုး တဲ့”
“ဘာဖြစ်တယ် ။ ငါ့မှာတော့ ဘာများလဲလို့ ။ စိတ်ဝင်တစားနဲ့ ။ နောက်ဆုံးတော့လည်း ငါလုပ်ခဲ့သမျှအတိုင်း မိန်းမရှိခိုး သွားမကျိုးတဲ့ ။ ဘယ်သောအခါမှ ဒီမိန်းမတွေကို နိုင်တော့မှာ မဟုတ်တဲ့အတူ ငါလည်း ဒီစစ်ကိုင်းတောင်မှာပဲ လူတွေနဲ့ အဝေးဆုံးမှာ အရိုးထုတ်တော့မယ် ။”
ခေါင်းငိုက်စိုက်ချလို့ ဦးကဒေါင်းလည်း တလှမ်းချင်းလှမ်းကာ ထိုနေရာမှ ထွက်ခွာသွားသည် ။
“ဟူး တော်ပါသေး ။ ဟိုဝေါပုထုဆိုတဲ့ကောင် ငါ့ကို နိုင်အောင်များ လျှို့ဝှက်နည်းပါသလားလို့ ။ ကဲ.. စိတ်အေးသွားပြီ ။ ငါလည်းပဲ စစ်ကိုင်းချောင်ပြန်မှ”
ဆရာလေး မေဓါဝီကတော့ သက်ပြင်း တိတ်တခိုးချပြီး တွေးမိလျက် ၊ အတွင်းအားသုံး၍ လေဟုန်စီးကာ ထိုနေရာမှ တမုဟုတ်ချင်း ပျောက်ကွယ်သွားလေသည် ။
နေဘုန်းလတ်နှင့် မမစနေတို့ကတော့ သူတို့လိုက်ခဲ့သော စပိတ်တစ် ဖဲတစ်ချပ်၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ ရှိလိုက်သောအခါ ၊ ဇာတ်လမ်းပြီးသွားပြီလားဟု မရေမရာ တွေဝေကာ ငေါင်တောင်တောင် ဖြစ်နေကြလေသည် ။
ထိုအခိုက်..
“မောင်မင်း လူကလေး.. အားကိုးထိုက်ပါပေတယ် ။ လူကလေးရဲ့ ကြေးနန်းစာရရချင်း မောင်မင်းလူကလေးဆီ လိုက်လာတာပဲ”
ရုတ်တရက်အသံကြောင့် လှည့်ကြည့်လိုက်ကြရာ အင်စပတ်တော်မင်းကြီး ကလိုစေးထူးသည် မြိုင်ရာဇာရန်အောင်အား ရွှမ်းရွှမ်းဝေသော အကြည့်ဖြင့် ငေးစိုက်ကြည့်နေသည်ကို ကြက်သီးထချင်စရာကောင်းလောက်အောင် မြင်ရလေသည် ။
အင်စပတ်တော်မင်းကြီး ကလိုစေးထူး၏ အမိန့်အရ နေဘုန်းလတ်တို့အဖွဲ့ ၊ မမစနေနှင့် စပိုင်မလေးများ ၊ သန့် သန့်ဇင်မောင်နှင့် မျိုးမျိုးကျော်သွန်းတို့ ရန်ကုန်ရှိ ရဲစခန်းသို့ လိုက်သွားကြရလေသည် ။ အားလုံး စစ်ဆေးမေးမြန်းပြီးသောအခါ ပြစ်မှုကျူးလွန်ခြင်း မရှိသောကြောင့် အားလုံးကို လွှတ်လိုက်လေသည် ။
မေ့မြောသွားသော ဝေါပုထုမှာ အနှစ်နှစ် အလလ ကျင့်ခဲ့သော သူ၏အတွင်းအားစွမ်းပကားကြောင့် ပြန်လည်သတိရလာခါ ၊ ရှပ်ထိထားသော သေနတ်ဒဏ်ရာကို လက်နှင့်ဖိလို့ တောတွင်းသို့ ဒယိန်းဒယိုင် ခြေလှမ်းများနှင့် ၀င်ရောက်သွားလေသည် ။
..........................................................................
ဇာတ်သိမ်းခန်း
သူမ..
အဲဒီ ဖိနပ်ကလေးနဲ့ပဲ
သူ့ ဘ၀ထဲကို ချေးနင်းဝင်ရောက်ခဲ့တာပေါ့..
သူမ..
အဲဒီ ဖိနပ်ကလေးနဲ့ပဲ
သူ့ လက်ကိုတွဲလို့ အတူလျှောက်ခဲ့ကြတာပေါ့..
သူမ..
အဲဒီ ဖိနပ်ကလေးနဲ့ပဲ
သူ့ နှလုံးသားကို တစစီ နင်းခြေပစ်ခဲ့တာပေါ့..
(ပန်ဒိုဖဲဝေ ၏ ခုံဖိနပ်မှာ အစိမ်းရောင် ခွေးချေးဘတ်လတ်နဲ့ ကောင်မလေး မှ)
အင်းလျားကန်ရေပြင်က လိမ္မော်ရောင်နေလုံးကြီးကို တဖြည်းဖြည်း မျိုချနေသည်။ ကဗျာဆရာလေ့းရှေ့မှ လိမ္မော်ရောင်အရိပ်ကလေးက လိမ္မော်ရည်ကို ပိုက်ကလေးဖြင့် မျိုချနေသည်။ သူက အဲဒီလိမ္မော်ရောင် အရိပ်ကလေးကို မျိုချလိုက်ချင်နေသည်။
“ကဲ ဖဲကိစ္စတော့ ရှင်းသွားပြီနော်.. အသည်း ကိစ္စတော့ ဘယ်လိုရှင်းမလဲ”
သူ နောက်ဆုံး အရဲစွန့်ကာ ပြောလိုက်သည်။
သူမက မချိုမချဉ်လေး ပြုံးလိုက်သည်။
“တို့မှာ အသည်းနှလုံးမှ မရှိပဲ”
“ခင်ဗျာ”
“ဟုတ်တယ်လေ တို့က အသည်းနှလုံးရှိတဲ့ လူသားမဟုတ်ဘူး”
“ကျွန်တော့်ကို မလှည့်စားပါနဲ့ဗျာ”
“မလှည့်စားပါဘူး ဒီမှာကြည့်”
သူမက စလင်းဘက်ထဲက ဓါးချွန်ပါးပါးကလေးကို ထုတ်လိုက်ပြီး မပြောမဆို သူမ၏လက်ဖျံရိုးကို ဖြတ်ဆို ခွဲချလိုက်သည်။ အနီရောင် အရည်များ ရဲခနဲ ဖြာထွက်လာသည်။ သူမ တစ်ချက်မှ နာကျင်ဟန်မပြပါ။ ငါးလက်မခန့် ကွဲသွားသော အရေပြား၏အောက်ဝယ်.. စတီးချောင်းများ ၀ါယာကြိုးများ။
“ဟင်.. ဒါ.. ဒါဆို”
“ဟုတ်တယ်.. တို့က စက်ရုပ်ပါ.. အသည်းနှလုံးရှိခဲ့ရင်တောင်မှ အဲဒါ စက်ရုပ် အသည်းနှလုံးပဲဖြစ်မယ်။”
သူ အံ့သြလွန်းသဖြင့် စကားပြန်မပြောနိုင်။ တကယ်တော့ စက်ရုပ်ကို လိုသလို အသုံးပြုနေသော ၂၂ ရာစု ဒီခေတ်ကြီးမှာ မဆန်းလှ။ ဒါပေမယ့် သူမကိုတော့ စက်ရုပ် တစ်ရုပ်လို့ ဘယ်ထင်မှတ်ခဲ့မှာလဲ။
“ဒါဆို ယူနားလည်ပါပြီနော် ။ တို့သွားမယ်။”
ပါတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အလှအပတို့ အားလုံးပျက်သုဉ်း ပျောက်ကွယ် သွားသလို ခံစားလိုက်ရသည်။ သူမထွက်ခွာသွားပြီ။
သူ ကန်ရေပြင်ကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေမိသည်။
နေလုံးကြီးက ကန်ရေပြင်ထဲကို စုန်းစုန်းမြုပ် ၀င်သွားခဲ့ပြီဖြစ်သည်။
သူ့ ကမ္ဘာငယ်လည်း ပြိုကျခဲ့လေပြီကော။
........................................
(နောက်ဆက်တွဲ)
ကွဲသွားသော ဒါဏ်ရာ အောက်က ၀ါယာကြိုးများကို ကို ဟန်းဖုန်းကိရိယာထဲက ညွန်ကြားမှုအတိုင်း စနစ်တကျ ပြန်တတ်လိုက်သည်။ အထူးပြုလုပ်ထားသော စပရေးလေးဖြင့် အရေပြားကို ဖြန်းလိုက်ပြီးသည့် အခါတော့ အရေပြားက တသားတည်း ပြန်ဖြစ်သွားသလို တစစ်စစ်နာကျင်နေမှုလည်း လုံးဝသက်သာသွားသည်။ ပြီးခဲ့တဲ့ နှစ်နှစ်က စစ်ဆင်ရေးမှာ ဒဏ်ရာ အကြီးအကျယ် ရသွားသော လက်ကို ပြန်ကုတော့ အထူးစီမံထားသော စတီးချောင်းများကိုပါ တစ်ခါတည်း ထည့်လိုက်သည်လေ။ သူ့ကို ဂျစ် ညာခဲ့ပါသလား။ ဟင့်အင်း။ ဂျစ်တို့ရဲ့ အသည်းနှလုံးတွေဟာ တကယ်ကို စက်ရုပ်အသည်းနှလုံးပဲဖြစ်သင့်သည်။ ဖြစ်ရမည်လေ။
ဝေါ…
အနားကိုရောက်လာသော ဆိုင်ကယ်အသံကြောင့် ကြည့်လိုက်တော့ ပန်ဒိုရေမွန်နှင့် ကွိကွိ.။
“ကဲ အရေးတော်ပုံပေါ်လာပြီ ဆိုင်ကယ်ပေါ်တက်”
“ကိုယ် အခုပဲ ဒဏ်ရာရ..”
“သိတယ် သိတယ် စခရင်မှာ ငါတို့အားလုံးမြင်နေရတယ်.. ကဲ တက်မှာသာ တက်စမ်းပါ. ထုံးစံအတိုင်း နောက်နှစ်မိနစ်ဆို အကောင်းပကတိ ဖြစ်ပြီပဲ..”
“ဘယ်ကို..”
“ဒီတစ်ခါတော့ အာဖဂန်ကို .. ဘိန်းကိစ္စ.. ထုံးစံအတိုင်း အရေးပေါ် ချက်ချင်းပေါ့ကွယ်.”
ခေါင်းကိုတစ်ချက်ခါလိုက်တော့ ခုနက အဖြစ်တွေအားလုံးကို တဒင်္ဂလောက် မေ့သွားသလို ရှိသည်။ ဆိုင်ကယ်ပေါ်ကို တက်လိုက်သည်။ ပန်ဒိုရေမွန်က စက်နှိုးလိုက်သည်။
မိန်းကလေး သုံးယောက်ကို တင်ဆောင်ထားသော ဆိုင်ကယ်သည် ဝေါခနဲ ထွက်သွားကာ မကြာမီ မြင်ကွင်းမှ ပျောက်ကွယ် သွားပါတော့သည်။
(ပြီးပါပြီ)
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
4 days ago
16 comments:
တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ 9 ရက်လို့ ပြောရမလိုပဲ.. အနော်လည်း သတိရနေတာ မပန်ရေ့.. ပိုစ့်တင်ထားတယ်.. အစိမ်းရောင်ခွေးချေး ဘက်လက်နဲ့ကောင်မလေး.. =P
အရမ်းပျော်ဖို့ကောင်းခဲ့မှာပဲ...တကယ်ကို လွမ်းစရာ အမှတ်တရပါပဲ..။
အားလုံးကို အမှတ်ရရစွာနဲ့ပဲ အဲဒီ ၀တ္ထုကို အဆုံးအထိ တခေါက် ထပ်ဖတ်သွားတယ်။
မြန်မာ Blogger တွေပါဝင် သရုပ်ဆောင်တဲ့ Bloggerသိုင်းကား တကား ကြည့်နေရသလိုပဲ။ ဇာတ်ကောင်စရိုက် ပီပြင်လွန်းလို့ အားလုံးကို အကယ်ဒမီ ပေးလိုက်ပြီ။ မြန်မာ Bloggerတွေရဲ့ ညီညွတ်မှူကို ပြတဲ့ ဒီpostလေး အတွက် ကြိုးပမ်း ပါဝင်ခဲ့သူ အားလုံး congratulation ပါ။
မပန်ရေ.. လွမ်းသွားဘီ.. =(
နောက်တခါလာပြန်ဖတ်သွားတယ်..
မပန်ရေ.. ဒီဝတ္တုကို အမ စဖတ်ခါစတုန်းက ကိုယ်တိုင်တောင် blog မရေးမိသေးဘူး... တခြားလူဆီက လင့်နှိပ်ရင်း မဂျစ် ဘလော့ခ်ကို ရောက်ပြီး ဖတ်လိုက်ရတာ.. အဲဒီအချိန်မှာ ဘလော့ခ်ဂါတွေ တော်တော်များများကို ဘယ်သူ ဘယ်ဝါဆိုတာ သိတော့ ပိုပြီး သဘောကျ၊ ပိုပြီး ရီရတယ်လို့ ခံစားရတယ်..
မပန်ရေ.. ဒီဝတ္တုကို အမ စဖတ်ခါစတုန်းက ကိုယ်တိုင်တောင် blog မရေးမိသေးဘူး... တခြားလူဆီက လင့်နှိပ်ရင်း မဂျစ် ဘလော့ခ်ကို ရောက်ပြီး ဖတ်လိုက်ရတာ.. အဲဒီအချိန်မှာ ဘလော့ခ်ဂါတွေ တော်တော်များများကို ဘယ်သူ ဘယ်ဝါဆိုတာ သိတော့ ပိုပြီး သဘောကျ၊ ပိုပြီး ရီရတယ်လို့ ခံစားရတယ်..
ပြန်ဖတ်သွားတယ်ဗျ ဂွဒ် ... ကျွန်တော်က ငယ်သေးတော့ အဲဒီထဲမှာ မပါသေးဘူးး :P
အီးး မပန်ကြီး အဲ့လိုမျိုး ထပ်ရေးကြရအောင်... :(
ပြန်လိုချင်တဲ့ အတိတ်တွေ..
အဲဒီပို့စ်လေးကို ဖတ်ပြီး အားကျ ခဲ့လို့ ဘလော့ဂ် လောကထဲမှာ အခုထိ ဆက်လက်ရှင်သန် နေတာ သူ့ရဲ့ တွန်းအားပေါ့၊ အလွမ်းတယ် မပန်ရေ၊ အဲဒီ အချိန်တွေ ပြန်လိုချင်တယ်၊
လွမ်းသွားပြီမပန်...း(
ဘယ်အရာတွေကြောင့် ဒီလိုအချိန်တွေ ပြန်မရနိုင်တော့တာလဲ. စဉ်းစားနေမိတော့တယ်ဗျာ.
ကျွန်တော်လည်း ဒီပို့စ်လေးကို ပြန်ညွှန်းပြီး တင်ချင်ပါတယ်.
ကျွန်တော်တို့တစ်ချိန်က ဘယ်လိုပျော်ခဲ့ကြရဖူးတယ် ဆိုတာကို အားလုံးဝေမျှသိရှိနိုင်ကြစေဖို့ပါ...
အဲဒီဝတ္ထုထဲက ရပ်ကွက်လူကြီးကို သဘောကျသဗျိုး။
အဲဒီတုန်းကဆို နှစ်နာရီ တစ်ခေါက်လောက် update တွေကို ၀င်ဖတ်ဖြစ်ခဲ့တယ်။ ၀င်ရေးချင်ပေမယ့် ခက်တာက (စာသိပ်မရေးတတ်တာ ခဏထား) ခေါင်းစဉ် ကတည်းကနေကို နားမလည်ဘူး ဖြစ်နေတာ။ အဲဒီ စပိတ်တစ် ဆိုတာကို စဉ်းစားရင်း ၀တ္ထုက ခနလေးနဲ့ ဆုံးသွားတယ်။ အစ်မတို့တွေ ရေးနေတာကို ကြည့်ရတာတော့ ပျော်ဖို့ကောင်းမယ့်ပုံဘဲ။
ဒီပို့စ်ကို မပန်စီမှာရော မဂျစ်စီမှာပါ ဖတ်သွားတယ်။ ဟာသတွေရော အဆွေးတွေနဲ့ ပျော်စရာကြီး။ :D
လာဖတ်သူတွေ ကျေးဇူးပါ.
ပျော်စရာတနေ့ကို ပြန်ရောက်ကြရမှာပါ
နောက်တစ်ပုဒ်ပေါ့နော
Post a Comment