Wednesday, February 27, 2008

ခေါင်း

တစစ်စစ်နဲ့
ပိုးပုရွက်အုံဖွဲ့ ကိုက်စားကြသလို
တဒိန်းဒိန်းနဲ့
အခေါဘဏီတပ်ကြီးက
ဘင်ခရာထု ချီတက်သွားကြသလို
နှလုံးသွေး တစ်ချက်ဆောင့်လိုက်တိုင်းမှာ
မှိုင်းမှိုင်းအုံအုံ ထုံတုံတုံ..။

အမေမွေးတုန်းက
အနှစ်ကလေး ဖြူဖွေးဖွေး
ထွက်လာတော့ ဥာဏ်နီဥာဏ်နက်တွေနဲ့
ဟိုပတ်ဒီရစ် အသစ်ဖြစ်သွားတဲ့ခေါင်း..။

(တချို့တွေအတွက်တော့)
အထဲမှာဗလာဖြစ်နေလည်း
သန်းငါးဆယ်လောက်ကိုတော့
အပျော့ မင်းမူနိုင်တဲ့ခေါင်း..။

သီလမစောင့် အူမ မတောင့်
ဝမ်းတစ်လုံးလည်း မကောင်းနိုင်တော့
ခဲလည်းခဲ ရဲလည်းရဲရတဲ့ခေါင်း..။

ပါးပါးကလေးသုံးရမယ့်ခေါင်း..။
ကြွားကြွားကလေး အသုံးချတဲ့ခေါင်း…။

သူ့ကြောင့် ငါ့နှလုံးသားနဲ့
မကြာခဏ ပဋိပက္ခဖြစ်ရတဲ့ခေါင်း..။

တခါတလေ နမော်နမဲ့သုံးမိလို့
လေသံမာနဲ့တောင် ဆုံးမတာခံလိုက်ရ
အပြုံးတွေအေးစက် သူစိတ်ပျက်သွားသလား လို့
ငါ့ဘာသာမုန်းသွားမိတဲ့ခေါင်း..။

အဲဒီ တစစ်စစ်က
ခရွန်းနစ် ဖြစ်လာတယ်ကွယ်
အကိုက်အခဲပျောက်ဆေး
ဘေးထွက်ဆိုးကျိုးဒဏ်
အစာအိမ် ပြန်ဆန်တာကတစ်မျိုးနဲ့
ဒီဝေဒနာဆိုးနောက်ကိုပဲ
ငါကတကောက်ကောက်လိုက်မိ
သူ့ကြောင့်ပဲ လွမ်းရ
သူ့ကြောင့်ပဲ ကြမ်းရ
သူ့ကိုပဲထည်လဲသုံး
မမုန်းနိုင် မမုန်းနိုင်
ဝေဒနာတွေ ထပ်ကပ်နေလိုက်ပုံများ။

အား...
မခံစားနိုင်တော့
သွေးသားကိုဝါးမျိုတယ်
အသက်ရှုသံတောင်မျှင်းနေရ
ငါ့အိပ်ယာတွေလည်းကြေမွကုန်
မြေကိုချလို့ပဲ မီးလောင်လောင်
ရေမှာပစ်လို့ပဲ ခန်းခြောက်ခြောက်
မကြောက်တတ်ရင် ဖြုတ်သာသွားလိုက်ကြပါတော့
မြင်လိုက်ရ ကြားလိုက်ရ ပြောလိုက်ရ
မျက်နှာကြီးထဲက နား မျက်လုံး ပါးစပ်တွေလည်း
တစ်ခါတည်းလိုက်သွားကြပေတော့
အဲဒီ ခေါင်း မပါတော့တဲ့
ငါနှလုံးသားငုံးတိတိနဲ့ပဲ
တရိရိ မောင်းခုတ်လို့
တဒုတ်ဒုတ် ဆက်ရှင်နေချင်ပေါ့ကွယ်။


ပန်ဒိုရာ

(ခေါင်းကိုက်နေတုန်း ရေးမိရေးရာ ရေးလိုက်ခြင်း ဖြစ်ပါသည်။)

14 comments:

လင်း said...

မပန်ရဲ့ ခေါင်းကတော့ ရွှေချထားရမယ်ထင်ပါ့
ခေါင်းကိုက်တာတောင် အမိုက်စားဖွဲ့ နွဲ့ နိုင်တယ်
ဆိုတော့။ အဲဒိခေါင်းလေးခနငှားမလားဟင်?
မပန်လိုရေးတတ်ချင်လို့ လေ

Yaw Han Aung said...

မြေကိုချလို့ပဲ မီးလောင်လောင်
ရေမှာပစ်လို့ပဲ ခန်းခြောက်ခြောက်
မကြောက်တတ်ရင် ဖြုတ်သာသွားလိုက်ကြပါတော့

“သင်္ကြန်မှာ ပြောင်းတဲ့ ဗြဟ္မာကြီး ဦးခေါင်းထင်တယ်”
တကယ်တော့...
အက်စပရင်သောက်ဖို့ လိုတဲ့ခေါင်း
ဆရာဝန်ပြဖို့ လိုတဲ့ခေါင်း
အနားယူဖို့ လိုတဲ့ခေါင်း

Anonymous said...

ခေါင်းကိုက်တုန်းရေးထားတာမို့ ပဲ ကဗျာကအရမ်းကောင်းတယ်ဗျ............။
အထဲမှာဗလာဖြစ်နေလည်း
သန်းငါးဆယ်လောက်ကိုတော့
အပျော့ မင်းမူနိုင်တဲ့ခေါင်း..။
အဲ့ဒီခေါင်းကြိးတွေကိုမုန်းတယ် စိတ်ရှိတိုင်းသာဆို အုန်းသီးခွဲသလိုခွဲပစ်ချင်တယ်................

တန်ခူး said...
This comment has been removed by the author.
Anonymous said...

ခေါင်းဖြုတ်ပြီးတော့ နှလုံးသားငုံးတိတိနဲ့တော့ မနေလိုက်ပါနဲ့မမရယ်.. နှလုံးသားနဲ့ချည်းပဲ အရာရာကိုဆုံးဖြတ်ရင် မှားကုန်မှာပေါ့. နော့လေ.. ခေါင်းကိုက်တာ ပျောက်သွားပြီလား။ :)

တန်ခူး said...

အဲဒီခေါင်းကြောင့်ပဲ တချို့တွေ အမေ့အိမ်နဲ့ခွဲခဲ့ရတယ်...
အဲဒီခေါင်းကြောင့်ပဲ တချို့တွေ ရည်းစားဦးနဲ့ ကွဲခဲ့ရတယ်...
အဲဒီခေါင်းကြောင့်ပဲ တချို့တွေ လွတ်လပ်မှူနဲ့ လွဲခဲ့ရတယ်...
အဲဒီခေါင်းကြောင့်ပဲ တချို့တွေ .....
အဲဒီခေါင်းကြောင့်ပဲ တချို့တွေ .....
အဲဒီခေါင်းကြောင့်ပဲ ကမ္ဘာကြီးက ကျဉ်းခဲ့ရတယ်...
အဲဒီခေါင်းကြောင့်ပဲ သဘာဝတရားတွေ ပါးလျခဲ့ရတယ်...
အဲဒီခေါင်းကြောင့်ပဲ .....
အဲဒီခေါင်းကြောင့်ပဲ .....

Anonymous said...

တစ်ခါတစ်ခါများဆို မထူချင်လောက်အောင် ကိုက်တဲ့ခေါင်း...
PANADOL EXTRA လဲ မကူနိုင်လောက်အောင် ကိုက်တဲ့ခေါင်း...
အချိန်ပေး အေးအေးဆေးဆေး အနားယူဖို့  လိုကို လိုအပ်နေတဲ့ခေါင်း...။

ခေါင်းဆယ်လုံးနဲ့  ကိုဒဿဂီရိ ခေါင်းများကိုက်ဖူးခဲ့ရင် ဘယ်ဆေးခန်းကိုသွားလို့  ဘယ်ဆရာဝန်နဲ့  ပြခဲ့ဖူးပါသလဲ... PANADOL တွေ PARACETAMOL တွေ ဘယ်နှစ်လုံးများ သောက်ခဲ့ဖူးပါသလဲ လို့  ပေါက်ပေါက်ရှာရှာတွေးမိ။
ဒီလိုတွေးရင်း အဖြေမရ လုံးလည် ချာလည်လိုက်...
ဒါနဲ့ ဘဲ ခေါင်းကပို ပိုကိုက်...။

Pinkgold said...

အဲလောက် ဖြစ်နေတာ
ဖြတ်သာ ထားလိုက်တော့ ပန်ပန်ရေ

မေငြိမ်း said...

ဘာပဲဖြစ်ဖြစ်.. ပန်ဒိုရာကတော့ ပန်ဒိုရာပါပဲ..။
ဒါတောင် ရေးမိရေးရာနော်.......

Anonymous said...

မျက်လုံးနှစ်လုံးကို နှလုံးသားမှာ တပ်ပေးလိုက်ရင်ကောင်းမလား မပန်၊ ဒါပေမဲ့ မကြင်ရ၊ မကြားရ အဲဒါမျိုးလေးအတွက် နှလုံးသားငုံးတိတိပဲ ကောင်းမယ်ထင်ပါတယ်။

အေးချမ်းသူ

ကိုပေါ said...

သူများခေါင်းကိုက်တဲ့ အကြောင်းဖတ်ပြီး
ကိုယ်ပါလိုက်ကိုက်တဲ့ ခေါင်း

ကိုယ်ခေါင်းကိုက်သလို
သူများပါ ခေါင်းကိုက်အောင်
ကဗျာရေးတတ်တဲ့ ခေါင်း

ခေါင်းတကာ ခေါင်း...
ဘယ်ခေါင်းကို ငါအကြိုက်ဆုံးလဲ
ခေါင်းစားကြည့်တော့
အကောင်းဆုံးအဖြေကို ရပါပေါ့။
ညနေဘက် စီးတီးဟောလ် ရောက်ရင်
ဝက်ခေါင်းသုပ်ဝင်စားလိုက်ဦးမှ...ဆိုတဲ့ အကြံထွက်လာတယ်။
အံမယ်လေး....ရွှေချထားဘို့ ကောင်းလိုက်တဲ့ခေါင်းလေး...အဟိ

စိုးထက် - Soe Htet ! said...

ခေါင်း ပြီးရင် ပန်း ဆက်ရေးဗျာ :P

pandora said...

လင်း > လိုချင်ရင် ဖြုတ်ယူသွား အလကားပေးထားတယ်လေ။
ကိုယော. > သောက်ဘူး။ ပြဘူး။ ယူဘူး။ အဲသလို မာတဲ့ခေါင်း။
မောင်မျိုး > စိတ်ထိန်းပါ စိတ်ထိန်းပါ
ကောင်မလေး > ခေါင်းကိုက် ပျောက်ပါပြီကွယ်
မတန်ခူးရေ > ဘလော့ရေးဖြစ်တာတော့ အဲဒီခေါင်းကြောင့်ပဲလား.. စဉ်းစားနေတုန်း..။
သက်ဝေ > ဒဿဂီရိ မဖြစ်တာ ကံကောင်းနေသေးပေါ့နော်။
ပင့်ဂိုးလ် > လာဖြတ်လှည့်
ဆရာမမေငြိမ်း > အဟဲဟဲ ငြိမ်းအဖွဲ့တွေကိုတော့ မီပါဝူး
သိုးမလေး > တခါတလေပေါ့နော်
ကိုပေါ > အဲဒီခေါင်းသုပ်ကို လိုက်စားချင်လိုက်တာ။
ကိုစိုးထက် > ဆေးကျောင်းထွက်တွေများ လောင်းကစားပဲ တွေးနေတာကိုး.။ ဟိဟိ

Anonymous said...

မပန်ရေ .. ဂျစ်အတွက်တော့ .. ခေါင်းဆိုတာ အလွန်အကျွံ မဖြစ်ဖို့ အဓိကပေါ့ ... အသုံးချလွန်းရင် တွေဝေသွားတတ်ပြီး .. မသုံးပြန်ရင်လည်း အမှားများတတ်တယ် ..