Saturday, February 23, 2008

အာဏာရှင်တစ်ဦးကို နားလည်ကြည့်ခြင်း နှင့် နောက်ဆက်တွဲများ

ကိုမောင်ရင်က ညွှန်းလို့ စကော့တလန်ရဲ့ နောက်ဆုံးဘုရင် (The Last King of Scotland) ဆိုတဲ့ ဒီဗွီဒီတစ်ခွေကို ကြည့်ဖြစ်ပါတယ်။ ၂၀၀၆ ကမှ ထွက်တဲ့ ရုပ်ရှင်ပါ။



ဒီကားကတော့ နယ်လဆင် မန်ဒဲလား ပြီးရင် နာမည်အကြီးဆုံး အာဖရိကန် လို့ ပြောကြတဲ့ ၁၉၇၀နှစ်များက ယူဂန်ဒါ နိုင်ငံရဲ့ စစ်အာဏာရှင် အီဒီ အာမင် (Idi Amin) အကြောင်း ဖြစ်ပါတယ်။ နာမည်ကြီးပုံ ကြီးနည်းကတော့ စိတ်ဝင်စားစရာပါ။ အာမင် အဖြစ် Forest Whitaker က သရုပ်ဆောင်ထားပြီး နဲ့ သူ့ရဲ့ အနီးကပ်ဆရာဝန် စကော့လူမျိုး ဒေါက်တာ နီကိုးလပ်စ် ဂါရီဂန် အဖြစ် James McAvoy က သရုပ်ဆောင်ထားပါတယ်။ Forest Whitaker ဟာ ဒီကားမှာ အော်စကာဆု ရခဲ့ပါတယ်။


ဒီဇာတ်လမ်းကို မပြောခင် ယူဂန်ဒါ နိုင်ငံရဲ့ အကြောင်းလေး အကြမ်းဖျဉ်း ပြန်လှန်ရရင် ပိုကောင်းပါတယ်။ သိကြမယ့်အတိုင်း ယူဂန်ဒါဆိုတာ ကင်ညာ၊ ဆူဒန်၊ ကွန်ဂို၊ ရ၀မ်ဒါ နဲ့ တန်ဇနီးယားတို့ ၀န်းရံထားတဲ့ အရှေ့အာဖရိက က နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိ လူဦးရေ သန်း ၃၀ နီးပါးရှိတယ် လို့ တွေ့ရတယ်။ ၁၉၆၂ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တယ်။ အင်္ဂလိပ် လက်အောက်ခံစနစ်၊ ဘုရင်စနစ်၊ အာဏာသိမ်းမှုများ၊ စစ်တပ်အုပ်ချုပ်ရေးကာလ တို့ကို ဖြတ်သန်းခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး Yoweri Museveni က သမ္မတ အဖြစ် လက်ရှိ အုပ်ချုပ်နေပါတယ်။

ဒီဇာတ်လမ်းက ယူဂန်ဒါရဲ့ ၁၉၇၀ ခုနှစ်များ ကာလကို ဖော်ကျုးထားပါတယ်။ ဘွဲ့ရကာစ ဆရာဝန်ပေါက်စ စကော့လူမျိုး နီကိုးလပ်စ်ဟာ ယူဂန်ဒါ နိုင်ငံမှာ အလုပ်လုပ်ဖို့ ရောက်လာပါတယ်။ သူရောက်တဲ့အချိန် ၁၉၇၁ မှာ အီဒီအာမင်ရဲ့ စစ်တပ်က မီလ်တန် အိုဘိုတေ (Milton Obote) ဆီကနေ အာဏာ သိမ်းလိုက်ချိန်ပေါ့။ အားတက်သရော ထောက်ခံနေပုံရတဲ့ ယူဂန်ဒါ ပြည်သူတွေနဲ့ အာမင်ရဲ့ အပြောအဟော ကို ကြည့်ပြီး နီကိုးလပ်စ်ဟာ အာမင် အပေါ်မှာ စတွေ့တွေ့ချင်း သဘောကျမိပါတယ်။

ဇာတ်လမ်း အသေးစိတ်ကိုတော့ သေသေချာချာ ပြောမပြတော့ပါဘူး။ မကြည့်ရသေးရင် အရသာ ပျက်သွားမှာလည်း စိုးပါတယ်။ စကော့လူမျိုးတွေ အပေါ်မှာ ထူးထူးခြားခြား ရူးသွပ်မှုရှိသူ အာမင်ဟာ နီကိုးလပ်စ်ကို သူ့ကိုယ်ပိုင် ဆရာဝန်အဖြစ် ခန့်လိုက်ပါတယ်။ နောက်တော့ သူ့ရဲ့ အနီးကပ် အကြံပေးဆန်ဆန် အထိကို သဘောထားပြီး တော်တော် အရေးပေး ခဲ့ပါတယ်။

အာမင်ဟာ အောက်ခြေကနေ ကြိုးစားပြီး ဒီနေရာကို ရောက်လာခဲ့သူ၊ အင်မတန် စိတ်ဓာတ် မာကျောသူ ဖြစ်တယ်။ ဗြိတိသျှ စစ်တပ်မှာ တာဝန်ထမ်းခဲ့တယ်။ အနှိမ်ခံခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ တကယ်တော့ အာမင်ဟာ အာဏာဆုံးရှုံးရမှာ အလွန် ကြောက်လန့်ပြီး သူ့အာဏာ ခိုင်မြဲဖို့အတွက် ဘာမဆို လုပ်ဝံ့သူ လက်မရွံ့ တစ်ယောက်ပဲ။ ဘယ်သူ့ကိုမှလည်း မယုံတော့ဘူး။ ဒီ့အပြင် အာမင်က အစွဲအလန်းလည်း ကြီးသူ။ သူ့ကို လုပ်ကြံလို့ မရဘူး၊ သူသေမယ့်နေ့ကို အိပ်မက်အရ ကြိုသိတယ်လို့လည်း ပြောဖူးတယ်။ သူ့ကိုယ်သူ ဗြိတိသျှ အင်ပါယာကို အောင်နိုင်သူလို့ စကော့တလန်ရဲ့ နောက်ဆုံးဘုရင်လို့ တင်စားပြီး ဘုရင်ရူးလည်း ရူးနေသေးတယ်။ သူ့စစ်တပ်ကို စကော့ပုံစံ ဆင်ယင်ထားတယ်။ နီကိုးလပ်စ်က အစပိုင်းက ဒါတွေကို မရိပ်မိခဲ့ဘူး။

တဖြည်းဖြည်း ဆိုးဝါးလာတဲ့ အာမင် ဟာ ထင်ရာတွေစိုင်းလာတယ်။ အတိုက်အခံမှန်သမျှကို ရက်ရက်စက်စက် သတ်တယ်။ သူ့နိုင်ငံအတွင်းက အာရှတိုက်သားများ (အိန္ဒိယလူမျိုးများ) ကို နှင်ထုတ်တယ်။ အဲဒီလို နှင်ထုတ်တော့ နီကိုးလပ်စ်က မလုပ်သင့်ကြောင်း သတိပေးတာကို မင်းပြောစရာမလိုပါဘူး မင်းက ဆရာဝန်ပဲလေလို့ ပြောခဲ့တယ်။ နောက်တော့ နိုင်ငံတကာရဲ့ စောင့်ကြည့် ဝေဖန်မှုအောက်မှာ အာမင်တစ်ယောက် ပျာယာခတ်သွားရပါတယ်။ ဒီတော့မှ ဘာဆက်လုပ်ရင် ကောင်းမလဲလို့ နီကိုးလပ်စ်ကို ခေါ်မေးပါတယ်။ ဒီအခန်းက ပြောစကားတွေကိုတော့ ဖတ်ကြည့်စေချင်ပါတယ်။


Idi Amin: I want you to tell me what to do.
Nicholas Garrigan: You want ME to tell YOU what to do?
Idi Amin: Yes, you are my advisor. You are the only one I can trust in here. You should have told me not to throw the Asians out, in the first place.
Nicholas Garrigan: I DID!
Idi Amin: But you did not persuade me, Nicholas. You did not persuade me!

အာဏာရှင်ကို အနီးကပ်ပေါင်းပြီး နားချရင် ရမယ်လို့ မျှော်လင့်သူများ မှတ်သားဖွယ် ဖြစ်ပါတယ်။ (နားချလို့ တကယ်ရရင်တော့ ကောင်းပါတယ်။)

နီကိုးလပ်စ်ဟာ အာမင်ရဲ့ သရုပ်ကို ဘွားဘွားကြီး သိသွားလိုက်ပြီး တော်တော် တုန်လှုပ် သွားတယ်။ အဲဒီ အချိန်မှာ သူ့ရဲ့ အင်္ဂလန်နိုင်ငံသား ပတ်စပို့ကိုလည်း အာမင်က သိမ်းလိုက်ပြီး ယူဂန်ဒါပတ်စပို့နဲ့ လဲလိုက်ပြီ။ ပြန်လို့ မရတော့ဘူး။ ဒီလိုနဲ့ အာမင် အရင်က တော်တော်အားထားရတဲ့ ၀န်ကြီးတစ်ယောက်ရယ် နောက်ပြီး နီကိုးလပ်စ်နဲ့ တိတ်တိတ်ပုန်း ဖြစ်နေတဲ့ အာမင်ရဲ့ ဇနီးငယ် တစ်ယောက်ရယ်လည်း ရက်ရက်စက်စက် အသတ်ခံရတဲ့အခါ နီကိုးလပ်စ်ဟာ အာမင်ကို ပေးနေကျ ခေါင်းကိုက်ပျောက်ဆေးကို သေစေတဲ့ဆေးနဲ့ လဲလိုက်တယ်။

အဲဒီအချိန်မှာ ပါလက်စတိုင်း အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲထားတဲ့ အစ္စရေးလေယာဉ်ကို အာမင်က ယူဂန်ဒါမှာ ဆိုက်ရောက်စေဖို့ အကူအညီ ပေးခဲ့တယ်။ နီကိုးလပ်စ်ရဲ့ လုပ်ကြံတဲ့ အကြံအစည်က မအောင်မြင်ခဲ့ဘူး။ ဓားစာခံ ခရီးသည်တွေကို ဆေးစစ်ပေးဖို့ လုပ်နေတဲ့ အချိန်မှာပဲ နီကိုးလပ်စ်ကို အာမင်ရဲ့လူတွေက ဖမ်းပြီး အာမင်ကိုယ်တိုင် ရှေ့မှာပဲ ရက်ရက်စက်စက် နှိပ်စက်ကြတော့တယ်။ နောက်တော့ နီကိုးလပ်စ်ရဲ့ မိတ်ဆွေ ယူဂန်ဒါလူမျိုး ဆရာဝန်တစ်ဦးက သူ့ကို အသက်စွန့် ကယ်တင်ပြီး အစ္စရေးလူမျိုး မဟုတ်တဲ့ ပြန်ပေးဆွဲခံရသူ တစ်သုတ် ပြန်ကြတော့မယ့် လေယာဉ်ပေါ် ပို့ပေးနိုင်လိုက်ပါတယ်။ အာမင်ရဲ့ မတရားမှုတွေကို ကမ္ဘာကို ပြောပြလိုက်ပါ လို့လည်း မှာလိုက်တယ်။ ဇာတ်လမ်းကတော့ သည်မှာဆုံးပါတယ်။

နောက်ဆက်တွဲ ဖြစ်ရပ်တွေကတော့ အစ္စရေးတပ်တွေဟာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို လာကယ်ထုတ် သွားနိုင်ခဲ့ပါတယ်။ အဲဒီ လေယာဉ် ပြန်ပေးဆွဲမှုကြီး အပြီးမှာတော့ အာမင်ကို နိုင်ငံတကာက အကြီးအကျယ် နှာခေါင်းရှုံ့ အော့ကြောလန် သွားကြတော့ပါတယ်။ ၁၉၇၉ မှာတော့ အာမင်ဟာ ရာထူးက ဖယ်ရှား ခံခဲ့ရတယ်။ သူ့လက်ထက်မှာ ယူဂန်ဒါမှာ လူ သုံးသိန်း လောက် သူ့စနက်နဲ့ သတ်ဖြတ်ခံခဲ့ရတယ် လို့ ဆိုပါတယ်။၂၀၀၃ ခုနှစ်မှာ သူခိုလှုံနေတဲ့ ဆော်ဒီအာရေးဗီးယားမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကြိုသိနေတဲ့ အိပ်မက်ထဲက ရက်စွဲမှာ တကယ် သေခဲ့သလား ဆိုတာကတော့ သူပဲသိမှာပဲ တဲ့။

သည်ဇာတ်လမ်းကို ဆက်စပ်ပြီးတော့ အာဏာဟာ လူကို ဘာကြောင့်ရူးသွပ်စေသလဲ ဆိုတာကို ဆက် စဉ်းစားကြည့်မိပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာကို လက်ထဲရယူကာစ ကာလတွေကတော့ အာဏာယူသူများဟာ သိပ်ပြီး ထက်မြက် ရည်မှန်းချက် ကြီးသူများ ဖြစ်ကောင်းဖြစ်မယ်။ တက်ကြွစဉ်ကာလမှာ ငါ့မှာ လုပ်ပိုင်ခွင့် ရှိလာရင် ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတိုးတက်အောင် ဘယ်လိုလုပ်လိုက်မယ် ဆိုတဲ့ စေတနာမှန် စိတ်ကူးတွေ ရှိကောင်းရှိခဲ့နိုင်ပါတယ်။ ယုံကြည် ထောက်ခံသူများလည်း ရှိနိုင်ခဲ့ပါတယ်။

သို့သော် အာဏာဆိုတာ လက်ထဲမှာ အထိန်းအချုပ်မရှိပဲ ကြာကြာထည့်ပေးလို့ ကောင်းတဲ့အရာ မဟုတ်ဘူး။ လူ့သဘာဝက ဆန်းကြယ်တယ်။ စည်းစိမ် ခံစားချင်လို့ မဟုတ်တောင်မှ (အနည်းဆုံးတော့) ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ လုပ်ပိုင်ခွင့်ဟာ ယစ်မူးဖွယ် စွဲမက်ဖွယ် ဖြစ်တယ်။ အဲဒီကနေ နောက်ဆက်တွဲအနေနဲ့ ဒီအာဏာကို ဆုံးရှုံးရရင် ဆိုတဲ့ အကြောက်တရားက ကြီးစိုးသွားပြီး လက်မလွှတ်နိုင် ဖြစ်သွားတတ်တာပဲ။ ဒီကြားထဲ အမှားအယွင်းတွေ လုပ်ထားမိရင် ပိုဆိုးတာပေါ့။

ဥပဒေပြုရေး တရားစီရင်ရေး အုပ်ချုပ်ရေး ဆိုတဲ့ အာဏာသုံးရပ်လုံးက တစ်နေရာထဲမှာ စုစည်းပြီး သိပ်ပြင်းထန်နေရင် စီမံခန့်ခွဲမှုတွေကို ထိခိုက်လာမယ်။ အုပ်ချုပ်မှု ယန္တရားအောက်ခြေက လူတွေကိုရော ပြည်သူတွေကိုပါ ပြောခွင့်ဆိုခွင့် ထောက်ပြခွင့် ပေးမထားရင် မပြောရဲမဆိုရဲတာကြောင့် အမှန်ကိုမမြင် ယိုယွင်းမှုတွေကို အဆင့်ဆင့် ဖုံးကွယ်ပြီး အတွင်းလှိုက်စားလာမယ်။ အာဏာအလွဲသုံး မတရားမှုတွေ မင်းမူလာမယ်။ ဒါကြောင့် အာဏာကို အစွမ်းကုန် အသုံးချပြီး ထင်ရာမစိုင်းနိုင်ဖို့အတွက် လူတွေပါဝင်နိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိမယ့် အုပ်ချုပ်ရေးစနစ်မျိုးကို တိုးတက်ချင်တဲ့ နိုင်ငံတစ်နိုင်ငံမှာ ချမှတ်သင့်တာ ဖြစ်တယ်။ အုပ်ချုပ်မှုအာဏာ နဲ့ လက်နက်ကို တွဲဖက်မပေးသင့်တာ ဖြစ်တယ်။

အငြင်းပွားဖွယ်တစ်ခုကတော့ အာမင်ကို ပြည်သူများထဲမှာ သူရဲကောင်း မျိုးချစ် လို့ အခုထိ မှတ်ယူတာတွေလည်း ရှိနေကြသေးသတဲ့။ ဒီခေတ်ကာလမှာ Patriot, Nationalist, Hero ဆိုတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ အနုတ်လက္ခဏာဆန်တဲ့ အနက်အဓိပ္ပာယ်တွေ ဘာကြောင့် ရှိသွားရတာလဲ ဆိုတာ စဉ်းစားစရာပါ။ ရှိတ်စပီးယား ၀တ္တုထဲမှာ ဂျူးလိယက်ဆီဇာဟာ နိုင်ငံကိုချစ်ပေမယ့် အရမ်း ရည်ရွယ်ချက် ကြီးမားနေပြီး သက်ဦးဆံပိုင် အာဏာရှင် ဆန်လာလို့ အန္တရာယ်ရှိလာပြီ ဆိုပြီး သူငယ်ချင်း ဘရူးတပ်စ် ကိုယ်တိုင်က အမုန်းတရားကြောင့် မဟုတ်သော်လည်း လုပ်ကြံခဲ့တယ်လို့ နားလည်ခဲ့ရတယ်။ အဲဒီခေတ်ကတော့ အဲဒီလို အာဏာရှင်ဆန်ပုံကို tyranny လို့ခေါ်တာပေါ့။ ဒီခေတ်မှာတော့ dictatorship လို့ခေါ်ဝေါ်ကြတယ်။ ကျူးဘားပြည်က ကြယ်နီ ဖီဒယ်လ် ကက်စထရိုလ် ဟာ အာဏာယူပြီး ဆက်မအုပ်ချုပ်ပဲ ကျုးဘား လွတ်မြောက်ကာစကသာ သေသွားခဲ့သည်ဖြစ်စေ အနားယူခဲ့သည်ဖြစ်စေ ဆိုရင် သူ့ရဲ့ပုံရိပ် (image) ဟာ အခုအချိန်မှာ ဘယ်လိုနေမလဲ လို့လည်း တွေးကြည့်မိဖူးတယ်။

ငါလုပ်ပေးမှ ဖြစ်မယ်။ ငါလုပ်နိုင်တယ်။ ငါကသာလျှင် ကာကွယ်စောင့်ရှောက်နေတာ ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ တာဝန်ယူမှုရှိတာ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်း တစ်ရပ် ဖြစ်မှာပါ။ သို့သော် လူတွေရဲ့ လိုအပ်ချက် တောင်းဆိုချက်များကို မျက်ကွယ်မပြုပဲ တုံ့ပြန်မှုဟာလည်း ကိုယ့်အလုံးစုံ အာဏာကို ပြန်ထိန်းချုပ်ပြီး အမှားအယွင်းနည်းအောင် စီမံနိုင်စေဖို့နဲ့ ပြည်သူတွေ လက်ခံကျေနပ်စေဖို့ လိုအပ်ပြန်တယ်။ Responsibility နဲ့ Responsiveness ကို မျှတအောင် ထိန်းထားနိုင်မယ့် စနစ်တစ်ခုကို တကယ်ဖော်ဆောင်နိုင်ဖို့ ဆိုတာကတော့ …။


ပန်ဒိုရာ

(သူများတွေ ဖန်တီးထားတဲ့ ကဗျာ၊ ၀တ္တု၊ ပန်းချီကား၊ ရုပ်ရှင် စတာတွေအပေါ်မှာ ကိုယ်ထင်ရာမြင်ရာ ရေးထားချက်များကို အရင်က လေဘယ်လ် အမျိုးမျိုးတပ်ပြီး ဘယ်လိုခွဲရမှန်းမသိခဲ့။ အခုတော့ review ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စုထားလိုက်ပါတယ်။ ပြန်ဖတ်ချင်ရင် ဒီကနေ သွားနိုင်ပါတယ်။)


14 comments:

MgThaJan said...

မပန် နောက်ဆက်တွဲ အတော်ကောင်းတယ် :)

M.Y. said...

၂၀၀၆ခုနှစ်အတွက် အော်စကာဆု၊ရျွှေကမ္ဘာလုံးဆု နဲ့ အမ်မီဆုတွေကို သိမ်းကျုံးယူသွားနိုင်တဲ့ Forest Steven Whitaker ဟာ ပရိသတ်ရင်ထဲမှာ၊ ကောက်ကျစ်စဉ်းလဲမှုတွေကိုမုန်းတီး ရွံရှာ ကြောက်လန့် ခြင်း များစွာ ဖြစ်စေတဲ့အထိ ယူဂန်ဒါ က အာဏာရှင်၊အာဏာရူးတစ်ယောက်ရဲ့  သရုပ်ကိုအပီပြင်ဆုံးသရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ သူဟာ
အော်စကာဆုဆွတ်ခူးနိုင်တဲ့ လေးယောက်မြောက်အာဖရိကန်-အမေရိကန်သရုပ်ဆောင်လဲဖြစ်ပါတယ်။

အံ့သြစရာကောင်းလောက်အောင်ဇာတ်ကောင်ရွေးချယ်ထားမှုက Forest Steven Whitaker ရုပ်ကလဲ အပြင်က ၁၉၇၁ က ယူဂန်ဒါအာဏာသိမ်းစစ်ခေါင်းဆောင် Idi Amin Dada နဲ့ လဲအတော်လေးဆင်တူနေတာပါပဲ။ ဒီ Idi Amin Dada ဟာတန်ဇန်နီးယားကပြည်နယ်တစ်ခုကိုသိမ်းပိုက်ဖို့ လုပ်တဲ့အတွက် ၁၉၇၈မှာ ယူဂန်ဒါ-တန်ဇန်နီးယားစစ်ပွဲဖြစ်စေခဲ့တဲ့ စစ်အာဏာရှင်အစစ်ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားခံစားမှုသက်သက်ထက် နောက်ဆက်တွဲအမြင်နဲ့ သုံးသပ်ချက်များက စဉ်းစားစရာကောင်းတာမို့ ပန်ဒိုရာ ရဲ့  အားထုတ်မှုကို အသိအမှတ်ပြုကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးလဲ ဝေမျှနိုင်ပါစေ..

တန်ခူး said...

သုံးသပ်ချက်လေးတွေကReviewတိုင်းရဲ့အသက်ပါပဲလား။

Anonymous said...

"It is not power that corrupts but fear. Fear of losing power corrupts those who wield it..."

ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကိုသာ သတိရမိတော့တာပဲ။ မပန်ရေးထားတဲ့ conversation ကလည်း ဒီကားရဲ့ အနှစ်ပဲ... "You did not persuade me" တဲ့လား...

Anonymous said...

ဒီဇတ်ကား မကြည့်ဖူးပါဘူး ပို့ စ်မှာပြည့်၂စုံ၂ ဖော်ပြပေးတာ အရမ်းကျေးဇူးတင်ပါတယ်ဗျာ တွေးစရာတွေလဲ အများကြီး ရသလို ဗဟုသုတလဲအများကြီးပါ အောက်ကစာသားလေးကိုတော့ အကြိုက်ဆုံးပဲ

"ငါလုပ်ပေးမှ ဖြစ်မယ်။ ငါလုပ်နိုင်တယ်။ ငါကသာလျှင် ကာကွယ်စောင့်ရှောက်နေတာ ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ တာဝန်ယူမှုရှိတာ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်း တစ်ရပ် ဖြစ်မှာပါ။ သို့သော် လူတွေရဲ့ လိုအပ်ချက် တောင်းဆိုချက်များကို မျက်ကွယ်မပြုပဲ တုံ့ပြန်မှုဟာလည်း ကိုယ့်အလုံးစုံ အာဏာကို ပြန်ထိန်းချုပ်ပြီး အမှားအယွင်းနည်းအောင် စီမံနိုင်စေဖို့နဲ့ ပြည်သူတွေ လက်ခံကျေနပ်စေဖို့ လိုအပ်ပြန်တယ်။ Responsibility နဲ့ Responsiveness ကို မျှတအောင် ထိန်းထားနိုင်မယ့် စနစ်တစ်ခုကို တကယ်ဖော်ဆောင်နိုင်ဖို့ ဆိုတာကတော့ "

ညိမ်းညို said...

မကြီးပန်ရေ ဇာတ်ကားကောင်းတစ်ကားကိုမျှဝေပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်က အင်္ဂလိပ်စာညံ့တော့
ကိုယ်တိုင်ကြည့်ရဦးသော်မှ အခုလိုဇာတ်လမ်းသဘောကို
စောကြောမိမှာမဟုတ်ဘူး သုံးသပ်ချက်နောက်ဆက်တွဲတွေကို တအားကြိုက်တယ်ဗျ။ ပျော်ရွှင်ပါစေ :)

Anonymous said...

အီဒီအာမင်ဟာ အလွန်ရက်စက်ကြမ်းကြုပ်ပြီး သူ့ခေတ်သူ့အခါမှာတော့ တော်တော်ရွံဖို့ကောင်းတဲ့ အာဏာရှင်ပါ။ ဘယ်လိုရွံဖို့ကောင်းလဲဆိုတာ ခင်ဗျားမြန်မာဖြစ်နေရင် သိပြီပေါ့။
နိုင်ငံတကာက မီဒီယာသမားတွေကို ပြည်ဝင်ခွင့်ပေး၊ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အပြန်မှာ ကားကို ဂျောက်ထဲတိုက်ချပြီး လက်စဖျောက်ဖူးပါတယ်။ လူမမယ်သားကိုလည်း ဗိုလ်ချုပ်ခန့်ထားလို့ စစ်ရေးပြမှာ ကလေးက ဆော့နေတော့ ဗိုလ်ချုပ်ကြီးခင်ဗျား။ ငြိမ်ငြိမ်နေပါလို့ ပြောကြရသတဲ့။
အစကတော့ Emotional ကို အသားပေးခဲ့တဲ့ မျိုးချစ်လို့ ပြောရမလို လူပါပဲ။ ဒါပေမယ့် အာဏာဟာ ရပြီးသူကို ယစ်မူးစေတယ်။ စွဲစေတယ်။ အထင်အမြင်မှားစေတယ်။ ရှေးကလည်း သင်ခန်းစာတွေရှိခဲ့တယ်။ ခုလည်း ဒါမျိုးတွေ ထပ်ဖြစ်နေတုန်းပဲ။ ဘယ်တော့များမှာ ဘယ်သူတွေ သင်ခန်းယူတတ်မလဲ။ အာဏာဟာ ယစ်မူးစေတတ်သမျှတော့ ဒါမျိုးတွေ ရှိနေမလားပဲ။ ထိုင်ခုံရပြီးရင် မထချင်ကြတော့ဘူး။

နောက်ပြီး ဟိုတယ် ရ၀မ်ဒါလည်း ရှိသေးတယ်လေ။ အဲဒါလေးလည်း ရေးပေးစေချင်တယ်။
နောက်တစ်ကားရှိသေးတယ်ဗျ။ အဲဒါကတော့ အာဏာရှင်ကို တွန်းလှန်တဲ့ကားလေ။ နာမည်က ပါးစပ်ဖျားတင် မေ့နေတယ်။ မျက်နှာဖုံးနဲ့လူ။ သူက စ အာခံတာ။ နောက်တော့ တစ်နိုင်ငံလုံး မျက်နှာဖုံးတွေ စွပ်ပြီး အာဏာရှင်ကို စုပေါင်းတော်လှန်လိုက်တဲ့ အကြောင်း။
များများရေးနိုင်ပါစေ

Htoo Myat said...

တော်တော်စိတ်ဝင်စားဖို့ ကောင်းမဲ့ ရုပ်ရှင်ပါပဲ။ အခွင့်ရှိ၇င် ကြည့်ချင်ပါသေးတယ်။

pandora said...

မောင်သင်္ကြန် ကိုမောင်ရင် မတန်ခူး ကိုပု မောင်မျိုး ညိမ်းညို ကိုသင့်ကာ အလေးအနက် မှတ်ချက်များအတွက် ကျေးဇူး။

ဟုတ်တယ် တကယ်တော့ ပြောစရာတွေ အများကြီး ကျန်သေး။ သတင်းစာရှင်းလင်းပွဲမှာ မျက်နှာပြောင်တိုက် ဗြောင်လိမ်တဲ့အခန်းလည်း သဘောကျမိ။ . သြော်.. အာဏာရှင်တွေများ..။

pandora said...

ထူးမြတ်ရေ .. ကြည့်သင့်ပါတယ်

Unknown said...

There is another one about him and his madness. " Rise and Fall of Idi Amin" (1981)

Thet Oo said...

ရုပ်ရှင်အရင် ကြည့်ပြီးမှာ ဒီပို့စ်ကို ဆုံးအောင် လာပြန်ဖတ်မယ်...

Thet Htoo@Myat Lone said...

မပန်ရေ

အခန်းတစ်ခုထဲကို အရင်ရောက်လာသူက နောက်မှ ရောက်လာသူကို ဆက်ဆံသလို

ယဉ်နောက်လိုက်က ကားပေါ်မှာ အာဏာပြလိုက်လို့ ရုံးရောက်မှ လာသမျှ လူထုကို ပြန်ပြီး အတိုးချ ကြိမ်းမောင်းတတ်တဲ့ ရုံးလုလင်လေးတစ်ယောက်လို

မောက်မာတဲ့ အကြီးအကဲကို ဘယ်လောက်ပဲ မကျေနပ်ပေမယ့် အဲဒီအကြီးအကဲရဲ့ သြဇာအာဏာကြောင့် စားသာနေတဲ့ ယဉ်မောင်းလေးတစ်ယောက်လို

ကျွန်တော်တို့ အတော်များများဟာ အာဏာကို အတွင်းစိတ်ထဲက မမုန်းတတ်ကြသေးဘူး။

Idi Amin ရဲ့ ဘ၀အကြောင်း စာအုပ်ကို ဖတ်ရတုန်းက ယူဂန်ဒါနိုင်ငံကို အတော်ကြာကြာ သွားနေဖူးသလိုပဲ။ :D

ကျွန်တော်တို့ အများစု (အားလုံးကို မဆိုလိုပါခင်ဗျ) အာဏာကို မသိမသာလေး မက်မောနေပုံကို ပို့စ်တစ်ခု ရေးမလို့ ကြံစည်နေတာ။ အခုတော့ မပန်ဆီမှာပဲ ရေးလိုက်တယ်ဗျာ။ မပန်က အတော်လေး ပြောပြီးနေပြီဆိုတော့ ဘာမှ ထပ်ရေးစရာ မရှိတော့ဘူး။

ဒီပို့စ်အတွက် ကျေးဇူးပဲ မပန်ရေ။

အဲဒီ စာအုပ်ပြန်ရှာလို့ရရင် အချို့အခန်းလေးတွေ ပြန်မျှမယ်လေ။ ကျွန်တော်တို့ အဲဒီ နိုင်ငံနဲ့ တော်တော်လေး ရင်းနှီးနေသလိုပဲဆိုတာ ပိုပြီး သိသာလာအောင်လို့ပါ။

ဒါနဲ့ Idi Amin ကို မျိုးချစ်သူရဲကောင်းလို့ သတ်မှတ်တာတွေ ရှိတယ်ဆိုတာနဲ့ ပတ်သတ်လို့ပါ။ သူက သူနဲ့ လူမျိုးစုမတူတဲ့သူတွေကို အစုလိုက် သတ်ခဲ့တာတွေ ရှိပါတယ်လို့ သူ့အကြောင်းစာအုပ်ထဲမှာ ဖတ်မိပါတယ်။ အဲဒီတော့ သူနဲ့ လူမျိုးစုတူတဲ့သူတွေအတွက်တော့ သူက မျိုးချစ်သူရဲကောင်းဖြစ်မှာပါခင်ဗျ။

သူနဲ့ လူမျိုးရေး စစ်ပွဲတွေ အကြောင်း wikipedia မှာလည်း တွေ့မိတယ်ခင်ဗျ။
http://en.wikipedia.org/wiki/Idi_Amin

အပေါ်မှာ MMThinker ပြောထားတဲ့ Hotel Rwanda လည်း The Last King of Scotland လိုပဲ သွေးပျက်လောက်တဲ့ အဖြစ်ဆိုးတွေထဲကနေ နိုင်သလောက် တာဝန် ၀င်ယူတဲ့ အကြောင်း ရိုက်ထားတာ ကောင်းတယ်ခင်ဗျ။ မပန်ကြည့်ပြီး ပြန်ရေးပေးရင် ကောင်းမှာပါခင်ဗျာ။

အိန္ဒြာ said...

ရောက်တယ်...

စိတ်ပါလက်ပါမဖတ်အားသေးလို့
နောက်တစ်ခေါက်ထပ်လာမယ်..ပန်ရေ..