Saturday, February 9, 2008

ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန်

(တခါတလေလည်း ခဏတဖြုတ်တော့ ထွက်ပြေးချင်တာပေါ့။ ကဗျာကို ကဗျာလို သဘောထား။ အကြီးအကျယ်တွေ ဘာသာမပြန်ကြနဲ့ဦးနော်။)

ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန်


ငါ့ရဲ့ ၀ိုင်ကလေးက ငယ်သေးသတဲ့
သစ်သီးဆန်နေတုန်း
ငါ့အတွေးတွေကလည်း
သစ်သီးဆန်နေတုန်းပဲ
နေရောင်အောက်မှာ ကခုန်သူတွေအတွက်
တကယ်တမ်း သစ္စာရှိတာ
မြေအောက်ခန်းမှာ
စည်ပိုင်းထဲမှာ
ကြာလေ အရည်အသွေးတက်လေ
seal မဖောက်ဖို့နဲ့ .. အဲ.. စည်းမဖောက်ဖို့တော့ လိုမယ်
ငါပြောချင်တာတွေ ပြောထွက်ဖို့ ချောဆီ
ဟောဒီ ၀ိုင်ငယ်ငယ်ကလေးကို စီးပြီး
ကမ္ဘာကြီးတလျှောက် မျှောချကြမယ်
မနက်ကတော့ ကြီးကြီးကျယ်ကျယ်
ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ ဆိုလား
ရီပို့တွေဘာတွေဖတ်တယ်
မနှစ်ကထက် ပိုကောင်းမလာဘူး
ကပ်ဆိုက် အကျပ်ရိုက် ကာလနာတိုက်
ဥပါဒ် အမှုပတ် လူ့ဇာတ်က ရှုပ်တယ်
ဟောဒီပုလင်းကိုထုခွဲလိုက်ရင်
မြန်မာငွေ ငါးသောင်းကျော် တန်သတဲ့
ဒုက္ခသည် မိသားတစ်စု
တစ်ပတ်စာလောက် ဖူလုံသွားနိုင်တယ်
ဒီဇိမ်ခံဘားရဲ့ အပြင်မှာ
ချောင်းကြည့်နေတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့
ကလေးငယ်တွေရဲ့ ဗိုက်ဟောင်းလောင်းတွေနဲ့
ငိုကြွေးညီးညူသံတွေနဲ့
မင်းရော မှုလို့လား ဂျွန်
ရဲရဲမျိုချလိုက်ပါကွဲ့
လောင်မီးကျနေတဲ့ ဒီကမ္ဘာမှာ
ဒီဆီမီးခွက်တွေ ထထ တောက်နေတာ
ဘာအကြောင်းလဲနော့
ငရုပ်သီးစပ်စပ် ၀ါးသလိုပ
အခါးတွေ အကြမ်းတွေနဲ့
သေကြေငိုယိုအော်ဟစ်
လူစစ်စစ်တွေက ဖျော်ဖြေထားမှတော့
ဒီလိုအာရုံငါးပါးလည်း ငါတို့ဆာနေသားပဲ
ပါးပါးကလေး ၀ါးလိုက်ပါ ဂျွန်
အာသာ မပြေတဲ့ ဘ၀တွေမှာ
ဝိုင်ခွက်ထဲပဲ ခေါင်းစိုက်စိုက်
အင်တာနက်ထဲပဲ ခေါင်းစိုက်စိုက်
မီဒီယာတွေထဲပဲ ခေါင်းစိုက်စိုက်
ဘယ်သူမိုက်မိုက် ဘယ်သူတေတေ
ငါတို့ သိပ်ကိုတရားသပေါ့
ဟော.. စတော့ရှယ်ယာတွေ ဈေးလှုပ်သတဲ့
ဗုံးတွေပေါက်သတဲ့
ဘလော့ဂါ တစ်ယောက် ခွေးဆွဲခံရသတဲ့
ရမ်ဘိုကားက သွေးထွက်သံယိုများသတဲ့
အဆိုးဆုံးကိုပြင်ဆင်နေကြသတဲ့
အိုကြီးအိုမိုက်တွေ သေခါနီးပြီ ပြောသတဲ့
ဒါ.. သတင်းတွေမှ မဟုတ်တော့ပဲ
ညစာအဆင်သင့်ဖြစ်ပြီ ဂျွန်
ဟောဒီဝိုင်ခွက်ထဲမှာ
အိပ်မက်တွေအားလုံးထည့်ဖျော်လို့
ဂလိုဘယ်လိုက်ဇေးရှင်းရဲ့
အရိုးအရင်းတွေနဲ့ မြည်းကြမယ်
မျှခြေမညီတဲ့စစ်ပွဲတွေထဲမှာ
ဘာမဆို အချိန်မရွေး ထဖြစ်သွားနိုင်သတဲ့
အကြမ်းဖက်တယ် ဆိုတဲ့စကားလုံးတောင်
ဆီသည်မလက်သုတ်ဖတ် ဖြစ်လာတော့
ငါ့ပရိုဖိုင်းလည်း ခပ်နိမ့်နိမ့်ပဲရေးတော့မယ်
သေရင်လည်းသေ နိုင်ရင်လည်းနိုင်
ရှုံးပြီး ရှင်ကျန်သူတွေကို ထားခဲ့တော့မယ်
ဟောဒီမှာ သေတဲ့သူတွေအတွက်
နိုင်တဲ့သူတွေအတွက်
ဘူတို အတွက်
ဆူဟာတို အတွက်
အိုဘာမာ အတွက်
ရှရာပိုဗာ အတွက်
ငါမပါတဲ့ ကမ္ဘာတွေ အတွက်
Good luck! Good luck! All the best!
ဘိုလိုမှုတ်ပြီး မူးဇာတိတွေပြ.. လို့
နိုင်ငံရေးအရမမှန်တဲ့ စကားတွေပြော.. လို့
ဟောဒီ ၀ိုင်မြစ်ကြီးက စီး… လို့
ယစ်လို့ ရစ်လို့ ယစ်လို့ ရစ်လို့ ယစ်လို့ ရစ်….လို့
ဒါနဲ့.. ဂျွန်….
နောက်တစ်ခါ သစ်ရွက်လှုပ်တာမြင်ရင်
ပြုံးဖြစ်အောင် ပြုံးလိုက်တော့မယ်ကွယ်…။


ပန်ဒိုရာ

18 comments:

Kaung Kin Ko said...

လိုသလိုစွဲပြီး ဘာသာပြန်သွားပြီဗျို့ ။ ဟီးဟီး။ စိတ်ထဲမှာပါ။ :D

kay said...

ပန်ရေ.. ကောင်းတယ် ။ ကဗျာ မယဉ်ပါး တဲ့သူကို ကဗျာ ကြိုက်အောင် လုပ်နေ သလိုပါပဲ။

Andy Myint said...

သောက်ပြီးတော့များ ရေးထားသလားပဲ။ ၀ိုင်သောက်ပြီး ဖတ်တော့ ပိုကြွလာသလိုပဲ။

Anonymous said...

ဟုတ်တယ် ပန်ဒိုယာ..
ဒီဘရန်းမှာတော့ ကျွန်တော်တို့ ဝိုင်တွေက
သစ်သီးဆန်နေတုန်းပဲ..
မြေအောက်ခန်းထဲက စည်တွေ သစ္စာမယွင်းဖို့ ပဲ ဆုတောင်းကြတာပေါ့...
ဟိ..ပေါ့ပေါ့ ပါးပါးပေမယ့် မတရားသလိုပဲနော်
ကိုယ်က သစ်ရွက်ကြည့်ပြီး ရယ်နေမဲ့ အချိန်
ကြည်ဆံကြည့်ပီး ငိုနေမဲ့ ကလေးတွေ
မတွေးကြေး.. မတွေးကြေး
ဘာသာတွေ ဇွတ်မပြန်မခံစားတော့ဘူးနော်
နောက်ကဖတ်တဲ့သူတွေ ရိုက်ချင်နေလိမ့်မယ်.. ဟိ.ဟိ

Nyein Chan Aung said...

Nice

ကိုပေါ said...

တိုက်တိုက်ဆိုင်ဆိုင်....ဒီနေ့ည ၀ိုင်သောက်ပြီးချိန်မှာ ဒီကဗျာ ဖတ်မိတော့ ပန်ဒိုရာ တယောက် စောင်းမြောင်းရေးသလားထင်မိတယ်။ ဘာတဲ့ စာကောင်းပေကောင်းတို့ မည်သည်မှာ ဖတ်လိုက်ရသူအဖို့ သူ့ကို စောင်းမြောင်းရေးတယ် ထင်တယ်ဆိုလား ဘာလား။.....ကြွေလုလု ထန်းသီးကြီးကို တက်နင်းမိတဲ့ ကျီးကန်းလိုတော့ ဖြစ်နေပြီဗျိုး။

နှင်းပွင့်ဖြူ said...

သောက်တောင် သောက်ချင်လာရောပေါ့ အစ်မး)

Anonymous said...

အရီးလေး..လေးမတို့ ရွာမှာ လည်း ၀ိုင်ရှိတယ်..။ လာခဲ့ပါလား..။ သောက်မယ်..ခေါင်းငိုက်စိုက်ချမယ်..။

Anonymous said...

ဒါနဲ့.. ဂျွန်….
နောက်တစ်ခါ သစ်ရွက်လှုပ်တာမြင်ရင်
ပြုံးဖြစ်အောင် ပြုံးလိုက်တော့မယ်ကွယ်…။
......................................................

အကြိုက်ဆုံးပဲး)

တန်ခူး said...

ဒီကဗျာကကိုယ့်ကိုဝိုင်မြစ်ချိုထဲမျှောလိုက်တယ်...။

မင်းကျန်စစ်။ said...

ကဗျာဆိုရင်လည်း ကောင်းတယ်။ ကဗျာမဟုတ်ရင်လည်း ...

ဒီဝိုင်း (D'vine) said...

မပန်ရေ ကြိုက်တယ်ဗျာ…အရေးအသားတွေရော အတွေးအခေါ်တွေရော..လက်မနှစ်ချောင်းထောင်ပြလိုက်ပါတယ်..

စိုးထက် - Soe Htet ! said...

ဒါနဲ့.. ဂျွန်….
နောက်တစ်ခါ သစ်ရွက်လှုပ်တာမြင်ရင်
ပြုံးဖြစ်အောင် ပြုံးလိုက်တော့မယ်ကွယ်…။

ကောင်းတယ် .. ကောင်းတယ် .. ကောင်းတယ် ဗျာ :D

ကလေးအတွေး said...

ကလေးလည်း မပန်ရဲ့ ယစ်လို့ရစ်လို့ ဆိုတာကို အားကျပြီးရစ်လိုက်ဦးမယ် ... ရပလက် ယစ်နဲ့ ရကောက် ရစ် ဘာကွာလဲဟင် .. ပလက် ရစ်တာနဲ့ ကောက်ရစ်တာ ကွာတာတော့ ဟုတ်ဘူးနဲ့တူတယ်နော် :-P

P.Ti said...

ပန်ဒိုရာ ၀ိုင်သောက်ပြီးရေးထားတာကို ၀ိုင်မသောက်ပဲဖတ်တော့ သိပ်မကောင်းဘူး… ၀ိုင်သောက်ချင်တယ်ဗျို့….

Anonymous said...

တခါတလေလည်း ခဏတဖြုတ်တော့ ထွက်ပြေးချင်တာပေါ့....တဲ့လား။အတူတူ သောက်..အဲလေ..ထွက်ပြေးရအောင်လေ :P

Anonymous said...

ဝိုင်သောက်သွားတယ် မပန် .. ပြုံးဖြစ်အောင် ပြုံးလိုက်ပါ့မယ် ..။

Anonymous said...

အမြဲတမ်းလိုလိုပဲ မပန်ရေးတဲ့စာ ရင်ထဲထိ ရောက်တယ်။ နောက်ဆုံးလက်ကျန်ပဲလား မသိဘူး။ ကောက်မော့သွားလိုက်တယ်။

:)

အေးချမ်းသူ