Tuesday, April 1, 2008

ဧပရယ်ဖူးလ်ကိုတူးဆွခြင်း

ဧပရယ် ၁ ရက်နေ့ကို ရောက်ပါပြီ။ ဧပရယ်ဖူးလ် သို့မဟုတ် ဧပရယ်အရူး နေ့ (APRIL FOOL'S DAY ) လို့ခေါ်ကြတဲ့ ဒီနေ့ကို အရူးများအားလုံးနေ့ (All FOOLS DAY) လို့လည်း ခေါ်ကြသတဲ့။ ဒီနေ့မှာ တကမ္ဘာလုံးက လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရယ်စရာလုပ်ကြ နောက်ပြောင် လှည့်ဖြား ကျီစယ်ကြပြီး အမှတ်တရနေ့အဖြစ် ကျင်းပလေ့ရှိပါတယ်။

ဧပရယ်ဖူးလ်နေ့ ပေါ်ပေါက်လာပုံကို ရှာဖွေတူးဆွ ကြည့်တဲ့အခါကျတော့ ၁၆ ရာစုမှာ ပြင်သစ်နိုင်ငံက စခဲ့တယ်လို့တွေ့ရပါတယ်။ အဲဒီအချိန်က ဂျူလီယန်ပြက္ခဒိန် (Julian calendar ) လို့ခေါ်တဲ့ ပြက္ခဒိန်တမျိုးကို သုံးစွဲကြပါတယ်။ အဲဒီပြက္ခဒိန်အရ နှစ်သစ်ဆိုတာ ဧပရယ်လလောက်က စတယ်။ ၁၅၆၄ ခုနှစ်ကျတော့ ပြင်သစ်နိုင်ငံရဲ့ဘုရင်ဖြစ်တဲ့ န၀မမြောက် ချားလ်စ်ဘုရင် (King Charles IX) ကနေပြီး ဂရီဂိုရီယန် ပြက္ခဒိန် (Gregorian calendar) ဆိုတာကို ပြောင်းလဲသတ်မှတ်လိုက်တယ်။ ပြက္ခဒိန်အသစ်အရ နှစ်သစ်ဆိုတာ ဇန်န၀ါရီလ ၁ရက်နေ့က က အစပြုပါတော့တယ်။

ကျေးလက်ဒေသမှာ နေတဲ့လူတွေကျတော့ သတင်းကမရောက်လို့ ပြက္ခဒိန် ပြောင်းသွားတယ်ဆိုတာကို လပေါင်းနှစ်ပေါင်းများစွာ ကြာသည်အထိ မသိကြပြန်ပဲ နှစ်သစ်ကူးကို ဧပရယ်လ်မှာ ဆက်လက် ကျင်းပနေကြတယ်တဲ့။ အဲဒီလို လမှားပြီး နှစ်သစ်ကူး ကျင်းပတဲ့လူတွေကို ရယ်မော နောက်ပြောင်ကြတယ်။ ဥပမာဆိုရင် နှစ်သစ်ကူး လက်ဆောင်တွေ အကြောင်ရိုက်ပြီး သွားပေးတာတို့ ပါတီကိုလာဖို့ နောက်ပြီး ဖိတ်တာတို့ပေါ့။ အဲသည်ကစလို့ ဧပရယ်ဖူးလ် အလေ့အထ ဖြစ်လာတယ်။

ဒီကနေ့ ပြင်သစ်နိုင်ငံမှာတော့ ဧပရယ်လ်ဖူးလ် အလုပ်ခံရတဲ့လူကို ဧပရယ်လ်ငါး (Poisson d'Avril )လို့ခေါ်ကြတယ် တဲ့။ ပြင်သစ်ဘာသာနဲ့ Poisson ဆိုတာက ငါးကိုခေါ်တယ်။ Avril ကတော့ ဧပရယ်လပါ။ ဘာလို့ ငါး လို့ခေါ်ရသလဲ ဆိုတော့ ဧပရယ်လဟာ ရာသီခွင်အရ ငါးရုပ်သဏ္ဍာန်ဖြစ်တဲ့ မိန်ရာသီ (Piseces) မှာကျရောက်လို့ ဖြစ်ကောင်းဖြစ်မယ် လို့ဆိုကြတယ်။ အဲဒီ ဧပရယ်ငါး လုပ်ကြတာကို ပြင်သစ်မှာတော့ ကလေးများက လုပ်လေ့ရှိတယ်တဲ့။ များသောအားဖြင့် ငါးရုပ်ပုံကို သူငယ်ချင်းတွေရဲ့ နောက်ကျောမှာ မသိအောင် လိုက်ကပ်ကြတာမျိုးဆိုပဲ။ အဲဒီလို အရူးလုပ်ခံရတဲ့လူကို ဧပရယ်ငါး လို့ အကျယ်ကြီး အော်ဟစ်ပြီး နောက်ပြောင် ကြတယ်တဲ့။ (ပျော်စရာကြီးနော် ဟီး။)

အထက်ကပြောခဲ့တာတွေ သိနိုင်ဖို့ ဒီဝက်ဘ်ဆိုက် တွေကနေ ဖတ်ခဲ့ပါတယ်။
http://people.howstuffworks.com/question604.htm
http://www.suite101.com/article.cfm/americans_in_france/107651
http://en.wikipedia.org/wiki/Hilaria

သည်လိုနဲ့ ကိုယ့်အမိနိုင်ငံ မြန်မာပြည်ထဲကိုလည်း ဧပရယ်ဖူးလ် လုပ်တဲ့ အလေ့အထ ဘယ်တုန်းကထဲက စခဲ့ပါလိမ့်လို့ ဆက်လက် တူးဆွမိပြန်ပါတယ်။

အားလုံးသိကြမယ့်အတိုင်းပါပဲ။ ၁၆ ရာစု အချိန်အတော်များများမှာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တာက ဘုရင့်နောင် (၁၅၅၀-၁၅၈၁) ဖြစ်ပါတယ်။ အဲသည်အချိန်မှာ မြန်မာနိုင်ငံကို ပေါ်တူဂီလူမျိုး ဒတ်ခ်ျလူမျိုး ပြင်သစ်လူမျိုးတွေဟာ ရေကြောင်းကတဆင့် ကုန်သွယ်မှုတွေ အစပြုနေပါပြီ။ ကုန်သွယ်စီးဆင်းမှုနဲ့အတူ ယဉ်ကျေးမှု တွေလည်း ကူးလူးယှက်နွယ် လာပါတော့တယ်။ ကုန်သည်တွေနဲ့ ရောနှောကာ ဗဟုသုတ မပြတ်လိုက်စားတဲ့ ဘုရင့်နောင်ဟာ ပြင်သစ်တို့ရဲ့ ခေတ်စားလာတဲ့ ဧပရယ်ဖူးလ် အလေ့အထကို သတိပြုမိပါတယ်။

ဘုရင့်နောင်နဲ့ ပြင်သစ်ကုန်သည်များ တွေ့ဆုံစကားပြောကြပုံကို ဦးဖိုးကျားရဲ့ မြန်မာရာဇ၀င်အကျဉ်း ဒုတိယအကြိမ်ထုတ် စာမျက်နှာ ၈၉ စာကြောင်းရေ ၃၅ မှာ တွေ့နိုင်ပါတယ်။

ဘုရင့်နောင်ဟာ အင်အားကြီးတဲ့ ဘုရင်ဖြစ်သော်လည်း စိတ်နေစိတ်ထား ကောင်းမွန်တယ်။ ဒါကြောင့် ထိုင်းလူမျိုးတွေဆို အတိုက်ခံခဲ့ရပေမယ့်လည်း သူ့ကို အခုထိ လေးစားနေကြတုန်းပါပဲ။ သူဟာ အသက်ကြီးပိုင်း ရောက်တဲ့အခါ မလွှဲမရှောင်သာ တိုက်နေရသော်လည်း စစ်မက်ကို ငြီးငွေ့လာတယ်။ စစ်ရဲ့ အပြစ်တွေကို မြင်လာတယ်။ ဒါကြောင့် စစ်သွေး ခက်ထန်တဲ့ နှောင်းဘုရင်တွေကို ပညာပေးဖို့ အကြီးအကျယ် တခု ကြံစည်ခဲ့တော့တယ်။

နန်းတော်နံရံမှာ သူကွယ်လွန်ခါနီး နှစ်ပိုင်းတခု ဖြစ်တဲ့ အချိန် ခရစ်သက္ကရာဇ်နဲ့ ပြန်တိုက်ကြည့်ရင် ၁၅၇၉ ဧပရယ်လ ၁ ရက်နေ့မှာ မှတ်တမ်းတစ်ခု ရေး ခဲ့တယ်။ အဲဒါကတော့ သူရဲ့ပုံတူ ရုပ်တုကြီး ၁၀ ခု ပြည့်အောင် မြန်မာပြည်က အထင်ကရ မြို့တော် တွေမှာ ထုလုပ်နိုင်တဲ့ မင်းဟာ စင်္ကြာဝတေးမင်းကဲ့သို့ တန်ခိုးကြီးပြီး စစ်သေနင်္ဂဗျူဟာတွေ နိုင်နင်းနိုင်မယ်လို့ကျီစယ်ခဲ့တာ ဖြစ်ပါတယ်။
အဲသည်ကဗျည်းစာကို ကမ္ဘောဇသာဒီ နန်းတော်ကြီး တူးဖော်စဉ်က မတော်တဆ တွေ့သွားခဲ့တယ်။ ဒါနဲ့ပဲ……… ရှေ့ဆက်လာတဲ့ ဇာတ်လမ်းကတော့ .. အောက်မှာဖြစ်ပါတယ်…။

……
……
……
……




အစိမ်းရောင် ခြယ်ထားသော စာများကို အမှန်အကန်ဟု ထင်မိသူများအတွက် ၀မ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အရူးလုပ်ခြင်းအနုပညာရဲ့ မှတ်သားစရာများ

- အမှန်အကန် အချက်များနဲ့ ရောနှော စကားပလ္လင်ခံရတယ်။ ဒါမှ ဟုတ်သယောင်ယောင် ရှိတယ်။
- ရာဇ၀င်ချီပြီး အမှန်အကန် နာမည်တွေကိုပါ ရဲရဲယူသုံးရတယ်။ လိမ်မယ့်လိမ် အချက်အလက် ခပ်ထွားထွားနဲ့ ကြီးကြီးကျယ်ကျယ် လိမ်ရတယ်။ အကိုးအကား ထည့်ရတယ်။ တကယ်ဟုတ်မဟုတ် ဒုက္ခခံပြီး စာအုပ်လိုက်ရှာ စာရွက်ပြန်လှန် ကြည့်ချင်ရင်လည်း သဘောပဲပေါ့။
- မျက်နှာပြောင်ပြောင်ထားရတယ်။ မရှက်ပါနဲ့။ ကြမ်းပိုးကိုလိပ်ဖြစ်အောင် ပြောနိုင်ရမယ်။ တကမ္ဘာလုံးကို အရူးလုပ်သင့်လုပ်ရမယ်။
- ဒီခေတ်မှာ သာမန် တစ်ဆင့်လောက်တည်းတော့ မလိမ်ကြတော့ဘူး။ နှစ်ဆင့် သုံးဆင့် လိမ်ရတယ်။ ဘုံခုနှစ်ဆင့်လောက် လိမ်တာမျိုးတောင် ရှိသေး။
- လူတိုင်းဝိုင်းကြည့်နေတဲ့ ဘလော့လို နေရာမျိုးမှာကို ခပ်တည်တည်နဲ့ ကျယ်ကျယ်လောင်လောင် ဖြစ်အောင် လွှင့်ရတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူဖတ်များသွားတယ်ဆိုရင် အောင်မြင်တာပဲ မဟုတ်လား။ အနည်းဆုံး တစ်ယောက်နှစ်ယောက် ယုံသွားလည်း အမြတ်ပဲလေ။
- ဒီလောက်နဲ့ တော်ပြီ မှတ်သလား။ ဧပရယ်နဲ့ အားမရသေး။ မေလကျမှ အကြီးအကျယ် ထပ်လိမ်ပြဦးမယ်။ သတိသာ ထားကြပေတော့။

ပုံ
ပန်ဒိုလိမ်



19 comments:

စိုးထက် - Soe Htet ! said...

တော်တယ်ဗျာ ... ရှင်းနေအာင် လိမ်မှန်းမသိအောင် လိမ်နည်းလေး မျှသွားတာ :D

ကိုပေါ said...

တော်ပါတယ်ဗျာ။ မနက်က ဘယ်သူ့ကို ဧပရယ်ဖူးလ် လုပ်ရမလဲ စဉ်းစားလာတဲ့ ကျနော်တောင် ခံလိုက်ရလေတယ်။ တိန်…….
မေဖူးလ်မဖြစ်အောင်တော့ သတိထားဦးမှ။

Anonymous said...

"Bravo!" Never commented here before, but can't keep quiet anymore. Let me repeat, "Bravo!"

Anonymous said...

ဒေါ်ပန်ဒိုရာ ဒီနှစ်ထဲ သိသိသာသာလိမ်နေတာ ဘန်နာတုန်းက တခါ ၊ ဒါပါနဲ့ဆို နှစ်ခါရှိပြီ။ သုံးခါ ယုံမိရင်တော့ လိမ်တဲ့လူအပြစ် မဟုတ်တော့ဘူးဆိုလားဘဲ..:-))))
( ကော်မန့်ကိုအရင်သွားဖတ်မိလို့ ဒီတခါလွတ်သွားတယ်..ဟဲ)

Nyein Chan Aung said...

မြန်မာနှစ်သစ်ကူးတဲ့ ဒီ တစ်လလုံးမှာ ရွှင်လန်းချမ်းမြေ့ပါစေ ပန်ပန်ရေ..။

nu-san said...

မပန်ရေ.. အမှန်အတိုင်းပြောရရင်တော့ စဖတ်ကတည်းက မပန် ရုပ်တည်ကြီးနဲ့ စတော့မယ်လို့ သိနေတယ်ဗျ.. ဒါပေမယ့်လည်း ပို့စ်ကို ဆုံးအောင်ဖတ်မိသွားမှ တကယ်ခံလိုက်ရပြီဆိုတာ သိတော့တယ်.. နောက်တစ်ခါ သတိထားမှ.. (အဲဒီလိုနဲ့ပဲ ခံရဦးမှာမြင်ယောင်သေးတယ်.. :D ) တော်တော် တတ်တယ်..

kay said...

အတော် ဥဏ်ရွှင် တဲ့ ဘလော့ဂါ ပဲ..ဆရာကြီးရွှေဥဒေါင်းက..သော်တာဆွေကို အကြံပေး သလို..ပေး လိုက် အုံးမယ်။ ( သော်တာဆွေ က..သူ့ရဲ့ပထမဆုံး..စုံထောက်ဝတ္တုကို..ဆရာ ကြီးကို ပေးပြ တော့.. ဆရာကြီးက..သူ့ကို..ဟာသ လိုင်းပဲ လိုက်ဖို့ အကြံပေး တယ် တဲ့)

အခု လည်း.. ရသ ၀တ္တု တွေ ထက်.. သရော် စာ ဆန် ဆန် ...ပြုံးစရာ လေး တွေ..များ များ ရေး ပါလို့။

တန်ခူး said...

ခုနကတင် သူငယ်ချင်းဆီက April Fool sms တခုရတယ်။ မနက်ထဲက သတိထားနေတော့ မခံလိုက်ရဘူးဆိုပြီး မြောက်ကြွမြောက်ကြွနဲ့။ ဒီနေ့ဘယ်သူကမှ Foolလုပ်လို့မရဘူးပေါ့။ ဟင်း...ခံမယ့်ခံရတော့ ကိုယ်ကိုယ်တိုင် ဒီblogထဲကျေကျေနပ်နပ်ဝင်ပြီး ဂုရုပန်ဒိုလိမ်ရှေ့ မှောက်ရက်လဲတာပဲ။ ခံရဦးဟဲ့တခါ။ ပန်ရေ...ခုလိုသတိခဏခဏပေးတာ ကျေးဇူးပါ။

MELODYMAUNG said...

ချစ်ပန်

ဟက်ပီး ဧပရယ်ဖူး

ပန်ဒိုလိမ်တို့ လိမ်ချင်သပဆိုရင်တော့ ကြိုက်သလောက်လိမ်စေဗျာ

ဒါပေသိ မေဖူးတော့ ရှောင်မယ်ဗျို

ကလူသစ်ဘလော့မှာရေးထားတော့ မတ်ဖူးက နဲနဲပြင်းတယ်။ အခန့်မသင့်ရင် ဘ၀ပျက်သွားမယ်။ သတိမထားမိရင် တသက်လုံး တတိုင်းပြည်လုံး နလံမထူနိုင်အောင် ဖြစ်သွားမယ်တဲ့ဗျ
သာမီးကတော့ ဘာဖူးမှ မလုပ်ဘူး ၊ အရူးလာလုပ်ခြင်းလဲ သည်းခံပါ။ ၀ဋ်လည်မှာကြောက်တယ်...

Anonymous said...

ပါဂနာ။ ။ အလိမ်ခံလို. ခံရမှန်း သိသေးဘူး..အမယ်. dot လေးတွေက format ပြောင်းသွားလားပေါ့ .အလိမ်ခံရတာ များနေလို့  ဖြစ်မယ်.အလိုကြီးလဲ ကျော ရဲဘူး.. ငယ်ငယ် ကတည်းက ဘယ်ဖက်လက်မောင်း ရင်းမှာထိုးထားတဲ့  ဆေးကလဲ ရှိသေး..အဟိ.
အို..ဘာဘဲ ဖြစ်ဖြစ် ( ထက်ထက် ) လိုဘဲ..ကြိုက်သယ်..ခိ

ခင်မင်းဇော် said...

အင်း..
တော်ပါပေတယ် ပန်ဒိုလိမ်ရယ်လို့ပဲ ပြောရပါတော့မယ်..
တကယ်မှတ်လို့ ဖတ်နေတာ....
တယ်သိပါလားပေါ့.. ဘယ်စာအုပ်တွေ ထဲက ဖတ်ထားမှတ်ထားပါလိမ့်ပေါ့..

နတ္ထိ said...

မြန်မာအက္ခရာများ ပြောင်းလဲတော့မည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် မြန်မာစာပညာရှင်များ တက်သုတ်ရိုက် ဆောင်ရွက်နေရာ လာမည့် နှစ်သစ်ကူးအမှီ စီမံကိန်း ပြီးမြောက် အောင်မြင်ဖွယ်ရှိသည်ဟု
ခိုင်လုံသော သတင်းရပ်ကွက်မှ ဆို၏။ အသေးစိတ်ကို မသိရသေးသော်လည်းလက်ရှိ အသုံးပြုနေသော အက္ခရာများသည် သတင်းစီးမြောမှုကို တဖက်တလမ်းမှ အားပေးနေသည့်အတွက် ပြောင်းလဲရန်လိုအပ်နေသည်ဟုသာ ကြားသိရသည်။ လက်ရှိမြန်မာအက္ခရာများ အသုံးပြုနေသော မြန်မာဘလော့များအတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ထိခိုက်ဖွယ်ရှိနိုင်သည်ဟု ကျွမ်းကျင်သူတို့ ဟောကိန်းထုတ်သည်။ အထူးသဖြင့် မြန်မာ့သတင်းများ အချိန်နှင့်တပြေးညီ ကမ္ဘာတလွှား ပျံ့နှံ့နေသည်ကို ပိတ်ဆို့ရန် နောက်ဆုံး ကြိုးပမ်းချက် တရပ်အနေနှင့် မြန်မာနိုင်ငံတော် သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဌာနမှ အထူးဆောင်ပုဒ် တစ်ခုဖြင့် အပြင်းအထန် ဆောက်ရွက်နေသည်။ ဆောင်ပုဒ်မှာ…
“မီဒီယာကို အက္ခရာဖြင့် တိုက်မည်” ဟူ၍ဖြစ်၏။

Anonymous said...

အမရေ...
တော်တယ်...ဒီတရက်လုံးသူများကိုApril Fool လုပ်ခဲ့သမျှ..အမစာဖတ်ပြီးမှပဲ..ခံလိုက်ရတော့တယ်..
ဟဟဟ
အားပေးလျှက်

ပီကေ said...

ခေတ်နဲ့အညီ၊ အမီလိုက်၍ လိမ်နိုင်သော ပန်ဒိုလိမ် အား အစဉ်လေးစားလျက် ...

Tin said...

မပန်ဒိုလိမ် (ရာ)

ဒီ ဧပရယ်ဖူးလ် နေ့ အတွက် ဝင် ဖတ် သော ဒုတိယ ဘလော့ မှာ ဒုတိယံပိ အ ဖူးလ် ခံရချင်း ပါ. ပထမ ကတော့ ရွှေမန်း မြို့ က ကိုမောင်လှ ဘလော့ ဖြစ်ပါတယ်. ကြိုတင်ပြီး မပြောပါ. သွားလည်ကြည့် ပါ.
မပန်ဒိုလိမ် (ရာ) ရဲ့ အကွက် ကျကျ တင်ဆက်ပုံ က လေးစား ရပါတယ်(ငါး ပြန်/ခြောက် ရော်).
နောင်များ လဲ အခုလို ကောင်းသော အဖူးလ် များ များ ရေးနိုင်ပါစေ.

မပန်ဒိုလိမ် (ရာ) ဘလော့ရဲ့
စာဖတ်စာပေဝါသနာရှင် တဦး

P.Ti said...

ဒီတခါတော့ အလိမ်မခံရအောင် ပြောင်းပြန်ဖတ်သွားတယ်။ ဟဲဟဲ
ပန်ဒိုရာ… ကျွန်တော် ဘလော့ဆက်မရေးတော့ဘူးလို့ ပြောဘူးနော်…ဟီး

Unknown said...

မှတ်သားလောက်ပါပေတယ် အစ်မရယ် :P

pandora said...

မှတ်ချက်ရေးသူ လာဖတ်သွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလို ပေါ့ပေါ့ပါးပါး ဖတ်ချင်ရင် ပန်ဒိုရာ စိတ်ကြည်လင်အောင် ပျော်နိုင်အောင်သာ ဆုတောင်းပေးကြပါနော်။

Moe Hlaing Nya said...

ဧပြီဖူး အကြောင်းသိပ်မသိလို့
သူ့ဆီလာဖတ်ပါတယ်....
သူကပါထပ်လိမ်တော့...ဘယ်လိုလုပ်မလဲ...
ဖတ်နေရင်း ဦးဖိုကျားစာအုပ်ပဲလှန်ကြည့်ရမလို
ကမ္ဘာဇသာဒီနန်းတော်တူးတော့ အဲဒီကျောက်စာ
ပေါ်တယ်လို့လည်း မကြားပါဘူး....
နောက်မှ အရူးလုပ်ခံရမှန်းသိတယ်...
မပန် ကတော့ လက်လန်အောင်တော်ပါတယ်ဗျာ...
ခင်မင်လေးစားလျှက်