ကွန်ပြူတာ ပိတ်ပြီး ၂၄ နာရီ နေနိုင်ပါ့မလား တဲ့။ အခုလာမယ့် မေလ ၃ ရက်နေ့က Computer Shutdown Day လို့ သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။
(ပုံကိုဒီက ရယူသည်။)
စကားစပ်လို့ ပန်ဒိုရာတစ်ယောက် ကွန်ပြူတာကို ဘယ်တုန်းကတည်းက စသုံးခဲ့သလဲ ဆိုတာလေး နည်းနည်း ပြောပြချင်ပါတယ်။ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ဆိုပါတော့။
ကွန်ပြူတာဆိုတဲ့ အရာကို စကိုင်ဖူးတာကတော့ ၁၉၉၄-၉၅ လောက်မှာပါ။ ကျောင်းပိတ်ရက်မှာ KMD က ကွန်ပြူတာ သုံးစွဲပုံ အခြေခံသင်တန်း တက်တယ်။ Doc, MS word, excel, paint စတဲ့ အခြေခံလေးတွေနဲ့ Network ချိတ်ထားတဲ့ ကွန်ပြူတာအချင်းချင်း ဘယ်လိုဝေမျှ သုံးကြတယ် ဆိုတာတွေ သင်ခဲ့ရပါတယ်။ အလုပ်ရှာတော့ ကွန်ပြူတာ သုံးတတ်တယ်လို့ စာရွက်တစ်ရွက်တိုး အရည်အချင်းတစ်ခု တိုးတဲ့ခေတ်ပေါ့။ အခုခေတ်မှာတော့ ကွန်ပြူတာ သုံးတတ်တယ် ဆိုတာ စာရေးတတ် ဖတ်တတ်တယ် ဆိုသလို စကားထဲ ထည့်ပြောစရာမလို ဖြစ်နေတော့တယ်။ မတတ်ဘူး ဆိုရင်သာ အအ လို ဖြစ်နေတော့တာကိုး။
ကွန်ပြူတာ သင်တန်းပြီးတော့လည်း ကိုယ်ပိုင်ကွန်ပြူတာဆိုတာ လူတိုင်း မ၀ယ်နိုင်ကြသေးတဲ့ကာလ ဆိုတော့ ဆက်မသုံးဖြစ်ပြန်ဘူး။ ဒါနဲ့ အလုပ်ထဲကို ရောက်တော့မှ သင်ထားတာလေး ခေါင်းထဲ ပြန်ခေါ်ပြီး သုံးရတော့တယ်။ ကွန်ပြူတာတွေ network ချိတ်ပြီး သုံးတဲ့ ရုံးမှာ သုံးခွင့်ရလို့ တော်တော့တယ်။ အဲဒီခေတ်က မြန်မာပြည်က ရုံးတိုင်းမှာ ကွန်ပြူတာ သုံးကြတာမဟုတ်။ သုံးလည်း များများစားစား မရှိကြပါ။ သို့သော်လည်း အဓိက သုံးတာကတော့ စာစီစာရိုက်ပါပဲ။ ပညာရေးကို အားပေးတတ်တဲ့ ဘော့စ်က သူ့မှာ ပိုနေတဲ့ ကွန်ပြူတာတစ်လုံးကို လေ့ကျင့်ဖို့ အိမ်ကို ၆ လ လောက် ပေးထားတယ်။ အင်္ဂလိပ်လိုရော မြန်မာလိုပါ စာရိုက်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက မြန်မာစာက CE တွေပေါ့။
၁၉၉၉ လား ဒါမှမဟုတ်၂၀၀၀ ခုနှစ် အစလောက်မှာ ထင်တယ်။ ပြည်တွင်းမှာ အင်ထရာနက် Intranet ဆိုပြီး စ ပေါ်လာတယ်။ ရုံးကလည်း ချက်ချင်း ချိတ်ဆက်ပါတယ်။ mpt အီးမေးလ်လည်း စသုံးလာတယ်။ ဒါပေမယ့် အဲဒီတုန်းက အီးမေးလ်ကို အချိန်တိုင်း ဖွင့်စစ်တာမဟုတ်ဘူး။ သူကနာရီနဲ့တွက်ပြီး FEC နဲ့ပေးရတယ်ထင်တယ်။ တစ်ရက်မှ တစ်ခါနှစ်ခါ dial up လုပ်ပြီးစစ်တယ်။ Outlook သုံးတယ်။ ဘာပဲဖြစ်ဖြစ် အီးမေးလ်တော့ သုံးတတ်သွားတာပေါ့လေ။
မြန်မာပြည်မှာ အင်တာနက် သုံးလာချိန် ၂၀၀၁ ခုနှစ် နှစ်လယ်လောက်မှာတော့ ကိုယ်က စင်္ကာပူ ရောက်လာပါပြီ။ ဒီမှာ သူများတွေကို မေးမြန်းပြီး အင်တာနက် အီးမေးလ် စသုံးတယ်။ အဲဒီတုန်းက hotmail။ နောက်တော့ သိပ်မကြိုက်တာနဲ့ yahoo ပြောင်းသုံးတယ်။ gmail ပေါ်လာတော့ အဲဒါပါ သုံးတယ်။
ပထမဆုံး ကိုယ်ပိုင် ကွန်ပြူတာကတော့ အဲဒီ ၂၀၀၁ မှာပဲ ၀ယ်ဖြစ်တဲ့ Toshiba Laptop လေးပါ။ satellite series ကပဲ။ တော်တော်သုံးရပါတယ်။ ၂၀၀၆ ကမှ ပျက်သွားတာ။ ဒါတောင် hard disk လဲပြီး မြန်မာပြည်မှာ ပေးသုံးထားတယ်။ နောက်တခုက Fujisu ၁၅ လက်မ ၀ယ်ပြီးတော့မှ ကြီးလို့ ခဏသုံးပြီး သူများကို ပြန်ရောင်းလိုက်တယ်။ ထပ်ဝယ်လိုက်တဲ့ အခုသုံးနေတဲ့ Fujisu လေးနဲ့တော့ အဆင်ပြေနေပါတယ်။ အသစ်တွေပေါ်တိုင်း လိုချင်နေပေမယ့် လောဘကို ထိန်းထားရသေးတယ်။
မြန်မာ အင်တာနက်ကမ္ဘာနဲ့ ပတ်သက်လို့ကတော့ ၂၀၀၄ လောက်မှာ ပလန်းနက် တို့ မှုန်ရွှေရည်တို့မှာ ပန်ဒိုရာနာမည်နဲ့ account ဖွင့်ပြီး ဖိုရမ်တွေ လိုက်ဖတ်ကြည့်ဖြစ်တယ်။ ၂၀၀၅ နှစ်ကုန်ခါနီး လောက်မှာတော့ ဖိုရမ်တစ်ခုမှာ နည်းနည်း ၀င်ပါလိုက်သေးတယ်။ ၂၀၀၆ နိုဝင်ဘာမှာ ဘလော့ စလုပ်တယ်။ မရေးဖြစ်သေးဘူး။ ၂၀၀၇ မတ်လမှ တကယ် စရေးဖြစ်ပါတယ်။
အခုတော့ ရုံးမှာလည်း ကွန်ပြူတာနဲ့ပဲ အလုပ်လုပ်နေရတာပဲလေ။ ရုံးကဆင်းပြီး အိမ်ပြန် ရောက်တော့လည်း ကိုယ်ပိုင် ကွန်ပြူတာလေး ဖတ်ခနဲ ဖွင့်လိုက် စာဖတ်စာရေး အင်တာနက်ဝင် သူငယ်ချင်းတွေနဲ့ ချက်ထဲမှာ စကားပြောနဲ့ အရင်ကလို တီဗွီကြည့်ချိန်တို့ မိတ်ဆွေတွေဆီ တွေ့ဆုံ လည်ပတ်ချိန်တို့ ဖုန်းပြောချိန်တို့လည်း တော်တော် လျော့ကုန်တော့တာပါပဲ။ ကွန်ပြူတာထဲမှာ အချိန်ကုန်ရတာ မျက်စိထိခိုက်နိုင်သလို လူမှုရေးအပါအ၀င် ပြင်ပလောကက ကောင်းတဲ့အရာတချို့ကို အစားထိုးခံရတတ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။
ဒီခေတ်မှာ ကွန်ပြူတာ လို့ ပြောလိုက်ရင် အင်တာနက်ဆိုတာက အလိုလို ကပ်ပါနေပါတယ်။ ကွန်ပြူတာ မကြည့်ရရင် မနေနိုင်သူတွေကို သတိပေးထားတာက လက်တွေ့ အပြင်ကမ္ဘာကို သတိရပါ တဲ့။ ကွန်ပြူတာကနေတဆင့် အင်တာနက်ကမ္ဘာ ထဲမှာ အလွန်အကျွံ နစ်မြုပ်နေသူတွေလည်း တော်တော် များနေကြပြီ။ (ဒီစကားကို ဘလော့ထဲမှာ ဘလော့ဂါက ပြောနေတော့ ၀ိုင်းရိုက် အဲ… ၀ိုင်း ကလစ် ကုန်ကြတော့မှာပဲ။) စိတ်ဖိစီးစရာ အပြင်ကမ္ဘာက ထွက်ပြေးချင်ကြတာလား။ စိတ်အပန်းဖြေတာလား။ Depression ၀င် စိတ်ဓာတ်ကျ နေတာလား။ အင်တာနက်မှာ လေလွင့်နေသူ အွန်လိုင်း ဒုက္ခသည်များ အတွက် ဆိုပြီး ဂျပန်မှာ အထူးအစီအစဉ်တောင် လုပ်ပေးရသတဲ့။ တကယ်တော့ အွန်လိုင်းကနေ တွေ့ရကြုံရ ဘ၀တွေကလည်း သက်ရှိလူတွေပဲ မဟုတ်ပါလား။
ဒါဆို ဒီစာကို လာဖတ်ဖြစ်သူတွေရော ကွန်ပြူတာပိတ်ပြီး တစ်နေ့တာလောက် နေနိုင်ကြမှာလား။ ကွန်ပြူတာတော့ ပိတ်ပါရဲ့ အင်တာနက်ကိုတော့ အဆက်ပြတ်မခံနိုင်ပဲ လက်ကိုင်ဖုန်းနဲ့ ပီဒီအေနဲ့ surf လုပ်နေဦးမှာလား။ Computer Shutdown Day က ကွန်ပြူတာကို တစ်ရက်လုံးပိတ်ပြီး လက်တွေ့ကမ္ဘာက လှုပ်ရှားမှုတခုခုမှာ ပါဝင်စေဖို့ ရည်ရွယ်သတဲ့။ အားကစားလုပ်တာ ဖြစ်ဖြစ် မိသားစုကို အချိန်ပေးတာ ဖြစ်ဖြစ်ပေါ့။ ဘာအတွက်မှ မသုံးပဲ ကွန်ပြူတာကို ၂၄ နာရီ ပိတ်ထားနိုင်မယ်လို့ ထင်ရင်တော့ မေလ ၃ ရက်နေ့ (စနေနေ့) မှာ ပါဝင်ဆင်နွှဲကြည့်နိုင်ပါတယ်။
(မှတ်ချက်။ ကွန်ပြူတာပြင်ပ ဧရိယာတစ်ခုခုသို့ ခရီးသွားခြင်း၊ ကွန်ပြူတာ ရုတ်တရက်ပျက်ခြင်း (ဖွ ဟဲ့)၊ … ဒါမျိုးမဖြစ်သော သာမန် အခြေအနေအောက်တွင် စာရေးသူတော့ ပါဝင်နိုင်မည် သိပ်မထင်။)
ဝါဆိုလပြည့်
-
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
🌕🌕🌕🌕🌕
ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတေ...
3 days ago
10 comments:
လေးထောင့်ပုံးကို အရမ်း မုန်းတယ်။
ခက်တာက မိဘပေးစားလို့ အိမ်ထောင်ကျသလို
သူနဲ့က နှစ်ပါးသွားနေရတာ။
မှတ်မှတ်ယယ နောက် ၅နှစ်ဆို ငွေရတုပဲ...။
အဟိ .. လေးထောင့်ပုံလေးနဲ့တော့ သံယောဇဉ်မဖြတ်ပါရစေနဲ့ ။ တစ်ရက်ကြီးများတောင် ခွဲရမယ်ဆိုရင် ရင်ကွဲရချည်ရဲ့ မမပန်ရယ် ။ လုပ်နိုင်ဘူး လုပ်နိုင်ဘူး ...း)
May 3 ကရုံးဖွင့်ရက်ဆို သိပ်ကောင်းမှာပဲ။ ဒါအကြောင်းပြပြီး အလုပ်လုပ်စရာမလိုတော့ဘူး..8-)။ တို့ဘဝကတော့ မဆန်းတော့ပါဘူး ပန်ရေ။ သူ့ထက်ပို ဦးစားပေးရမယ့်သူတွေကြောင့် weekendဆို မတတ်သာလို့ ခပ်ခွာခွာလေးနေခဲ့ရတယ်။ ပန်ရေ...အဲဒီနေ့ကျရင် ကွန်ပြူတာပြင်ပ ဧရိယာတစ်ခုခုကို ပန်ဒိုရီနဲ့ xxxကြိမ်မြောက် ဟန်းနီးမွန်းလိုက်ပါလားဟင်...။
မနျွေိုင်ပါဘူး ဒါလေးပဲအဖော်ရှိတာ အနဲဆုံးတော့ ကိုယ်လုပ်ချင်တာကို against လုပ်မယ့်သူမရှိဘူးလေ ကိုယ့်စိတ်ကြိုက် ဖန်တီးလို့ရတယ် ဆူဆူပူပူမရှိဘူး (နိုဝင်ဘာ)
မပန်ပြောပြမှပဲ May 3 အကြောင်းသိရတော့တယ်။ အဲဒီနေ့ကျရင် နေကြည့်လိုက်ဦးမယ်လေ...:P
စာဖတ်ချင်ရင်တောင် ဒီလေးထောင့်ပုံးကို ရင်ဘတ်ပေါ်တင်ပြီး အိပ်ရင်းဖတ်တာဆိုတော့ တော်တော်တော့ ခက်ခဲမယ်ထင်တယ် မပန်ရ.. :D
Computer Shut Down Day လား မပန်။ ကျွန်တော်တို့ဆီမှာ ၂ ရက် တစ်ခါလောက် လုပ်တယ်ခင်ဗျ။ အခုတလော မိုးတွေရွာနေတာတောင် ရေတွေ မရှိဘူးထင်တယ်။ ပိုပြီးတော့ Shut Down လုပ်ဖြစ်တယ်ခင်ဗျ။ ဆန္ဒပါလို့တော့ မဟုတ်ဘူးခင်ဗျ။ Auto ကို ဖြစ်ဖြစ်သွားတာ။
ကွန်ပျူတာနဲ့ဝေးတာကိုတော့ရပါတယ်။ အင်တာနက်ကိုတော့ ဖြတ်လို့မရ ဟီး… ရန်ကုန်ပြန် ကျိုက်ထီးရိုးသွားတုန်း အင်တာနက် မသုံးတာ ၂ရက်လောက်ကြာသွားတော့ တခုခုလိုတယ်ဆိုတဲ့ခံစားချက်နဲ့ အတူ ကိုယ်ကိုကိုယ် ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားတယ်လို့ ထင်နေမိခဲ့တယ်။ ဖြတ်တော့ဖြတ်သင့်တယ်။ သူ့ကြောင့် စာအုပ်တွေမဖတ်ဖြစ်တာ ကြာနေပြီ။
ကြိုးစားချင်ပါသော်လည်း နေနိုင်မယ်မထင် .. :P
ဖတ်တော့ နောက်ကျနေပြီ နေပါစေတော့ :P
မပန်ရေ... အိမ်သာထဲ သွားတာတောင် လေးထောင့်ပုံကြီးသယ်သွားပြီး စာတွေ ဖတ်တာဆိုတော့ နေနိုင်မယ် မထင်။ ဟီဟီ
Post a Comment