Wednesday, April 16, 2008

သံလွင်ကို အိပ်မက်မက်ခြင်း၊ နေဘုန်းလတ် နှင့် အွန်လိုင်းမဂ္ဂဇင်းများ

သံလွင်အိပ်မက် မဂ္ဂဇင်း မြန်မာနှစ်ဆန်း ၁ရက်နဲ့အတူ မကြာခင် ထွက်ပါတော့မယ်။ တကယ်ဆို ၂၀၀၇ အောက်တိုဘာကတည်းက ထွက်ရမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားခဲ့ရပါတယ်။

အခုထွက်မယ့် အတွဲ ၂ အမှတ် ၁ မှာ ပန်ဒိုရာရဲ့ ၀တ္ထုတိုလေး တစ်ပုဒ်နဲ့ ကဗျာတစ်ပုဒ်ပါပါမယ်။ နှစ်ခုစလုံး ဘလော့မှာ မဖော်ပြရ သေးတဲ့ အသစ်ဖြစ်ပါတယ်။ ၀တ္ထုတိုကတော့ ၂၀၀၇ အောက်တိုဘာ မတိုင်ခင် ကတည်းက ပို့ထားတာဖြစ်ပြီး ကဗျာကတော့ အခုသင်္ကြန်အမှတ်တရ ရေးပေးလိုက်တာပါ။ အမြည်းအနေနဲ့ ၀တ္ထုတို အစကလေးကို ဖတ်ကြည့်ပါနော်။

“သူမသည် ကမ္ဘာမြေကို မျှား၏”
ကန်ရေပြင်က သစ်ပင်အရိပ်တို့ အုပ်မိုးကာ စိမ်းဖန့်ဖန့် ညိုမှောင်မှောင်။ ကန်ကို ဖြတ်တိုက်လာသော လေနုအေးသည် တောရိပ်တောင်ရိပ်တို့ကြားမှ အုံ့တုံ့တုံ့ မှုန်မှိုင်းမှိုင်း အနံ့တို့ကိုပါ သယ်ဆောင်လာ၏။ ပြုပြင်ဖန်တီးမှု နည်းပါးသော သဘာဝသည် ကျေနပ်လောက်ဖွယ် ပျော်ရွှင်မှုကို သူ့ချည်းသက်သက် ပေးနိုင်ပါရဲ့လား။ သဘာဝတို့ ထုံမွှန်းထားသော ကန်တစ်ခုဘေးဝယ် ထိုင်ကာ သဘာဝမကျသော နည်းလမ်းဖြင့် ငါးမျှားကာ ပျော်ရွှင်မှုကို ရှာနေသူမှာ သူမဖြစ်သည်။ ......... (ဆက်ဖတ်ရန် www.thanlwin.com ကိုသွားပါ။)

ကဗျာခေါင်းစဉ်ကတော့ “ပိတောက်၏ ငြင်းပယ်ခြင်း” .. တဲ့။

ဆက်လက်အားပေးဖို့အတွက် www.thanlwin.com မှာ အတွဲ ၂ အမှတ် ၁ ကို သွားစောင့်ဖတ်လိုက်ကြပါနော်။ နောက် တပတ် နှစ်ပတ်လောက်ကြာရင် မဂ္ဂဇင်းကို ပီဒီအက်ဖ်နဲ့ ဒေါင်းလုပ် လုပ်နိုင်အောင်လည်း စီစဉ်ပေးမယ်လို့ အယ်ဒီတာမင်းများက ပြောပါတယ်။

အဲဒီ စာနှစ်ပုဒ်နဲ့ ပတ်သက်လို့ ဝေဖန်စရာ ပြောစရာရှိရင် ဒီပို့စ်အောက်မှာ မှတ်ချက် ရေးသွားဖို့မေတ္တာရပ်ခံပါတယ်။

သံလွင်ကို အိပ်မက်မက်တဲ့အခါ သံလွင်ကို တည်ထောင်သူတစ်ဦး ဖြစ်တဲ့ “နေဘုန်းလတ်”ကို ဘယ်မေ့ထားလို့ ရမှာလဲ။ အထဲကနေ ဆက်သွယ်ခွင့်လေး ခဏရတုန်းမှာ သံလွင်ထွက်ပြီလားလို့ သူငယ်ချင်းတွေကို သံယောဇဉ်ကြီးစွာ လှမ်းမေးခဲ့တဲ့ နေဘုန်းလတ်ရေ … မင်းကို ငါတို့အားလုံး သတိရနေကြတယ်။ အိပ်မက်တွေ လွတ်လပ်စွာ မက်ခွင့်ရဖို့ ဆုတောင်းမျှော်လင့်နေကြတယ်။


ဘလော့မှာ မဖော်ပြရသေးတဲ့ စာမူတွေကို သံလွင်အိပ်မက် ကိုတော့ ပေးတယ်ဆိုတော့ ကိုယ့်စာတွေကို ထည့်ပေးနေတဲ့ “စာပန်းချီ”က စိတ်မကောင်းမှာ စိုးရသေးတယ်။ အတွေးအခေါ် မော်ဒန်ဆရာများ စုစည်းရာ “ဖွဲ့တည်ရာ” မဂ္ဂဇင်းက သင့်ကာကလည်း နာမည်ဂျီးတွေဆီက စာမူ တောင်းထားတယ်လို့ သူ့ဘလော့မှာ ကိုယ့်နာမည်ကို အော်ထားသေးတယ်။ (နာမည်မှာ ဂျီးတွေ တင်နေလို့လားလို့ ကွန်ပြူတာ စခရင်ကို ဖုံသုတ်ကြည့်ရသေးတယ်။) အွန်လိုင်းမဂ္ဂဇင်းတွေအတွက် ဘလော့မှာ မဖော်ပြရသေးတဲ့ စာမူအသစ်တွေကို အတတ်နိုင်ဆုံး (အတတ်နိုင်ဆုံး) အချိန်မီ ပို့ပေးနိုင်အောင် ကြိုးစားပါမယ်။ လောလောဆယ်တော့ ဆီပုံးထဲတောင် နပ်မှန်အောင် စာပြန်မရေးနိုင်တာသာ ကြည့်ပါတော့။

လေးစားစွာဖြင့်
ပန်ဒိုရာ


8 comments:

နတ္ထိ said...

သံလွင်…နေဘုန်းလတ်….အွန်လိုင်း…ပိတောက်တို့…
ရှင်သန်နိုင်ပါစေကြောင်း နှစ်သစ်မှာ ဆုမွန်တောင်းပါရဲ့…

ရွှန်းမီ said...

အိပ်မက် လာမက်တယ်.. အိပ်မက် အထွက်ကို စောင့်နေမယ်.. =) .. .
အားလုံး ပျော်ရွှင်စွာ ရှင်သန်နိုင်ကြပါစေ လို့ နှစ်သစ်မှာ ဆုတောင်းပေးသွားပါတယ်. .

Anonymous said...

သံလွင်အိမ်မက်ကိုလည်း စောင့်ဖတ်နေပါတယ်။ သတင်းပေး တပ်လှန့်တာ ကျေးဇူးပါ။

စာမူပေးမယ်ဆိုလို့ ကြိုတင်ကျေးဇူးပါ။

အဟောင်းလေးတွေထဲက အကောင်းလေးတွေပေးလည်း ရပါတယ်ဗျာ။ ကျနော်တို့စာဖတ်ပရိသတ်ထဲမှာ ဘလော်ဂါမဟုတ်သူတွေလည်း အများအပြားရှိလို့ပါ။

ခင်မင်လျက်
သင်ကာ

Anonymous said...

သိပ်ပါးနပ်တဲ့ငါး ကျတော့လည်း အန္တရာယ်မပေးမှန်းရိပ်မိလို့ မသိချင်ယောင်ဆောင်ပြီး တမင်မျိုချတာ ဖြစ်ကောင်းဖြစ်မည်။ ဒါဆိုရင်တော့ ပွဲက နှစ်ဘက်စလုံးအတွက် ပျော်စရာဖြစ်နိုင်သားနော်။

I like to play the game like it again... :P

P.Ti said...

သံလွင်အိပ်မက်မှာ ငါးမျှားပြီး ငြင်းပယ်လိုက်ပါတယ်။ ကဗျာရော ၀တ္ထုတိုလေးပါ ဖတ်လို့ကောင်းပါတယ်။ နှစ်ခုစလုံးအတွေးလေးတွေပေးလို့ ကြိုက်ပါတယ်။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပျော်ရွှင်ပါစေ။

တန်ခူး said...

ဲ့တကယ်တော့...သူမက ငါးစာတွေ ချကျွေးဖို့ငါးမျှားတာပဲ...။
တကယ်တော့...သူမက ငါးမျှားတံဖြောင့်ဖြောင့်ကိုမှ တွယ်ငြိလာတဲ့ ငါးလေးတွေကို ခဏ အဖော်လုပ်ဖို့ ငါးမျှားတာပဲ...။
တကယ်တော့...သူမက ငါးမျှားတံရဲ့ ဖျားယောင်းမှူကို ရင်ခုန်လှူပ်ရှားဖို့ ငါးမျှားတာပဲ...။
တကယ်တော့...သူမက လောဘကြီးလွန်းတဲ့ငါးတွေကို သံဝေဂရဖို့ ငါးမျှားတာပဲ...။
ကဲ...အဲဒီတော့...ငါးမျှားခြင်းဟာ အကုသိုလ်အလုပ်လို့ အပေါ်ယံသတ်မှတ်ခဲ့သူတွေဟာ သူမနဲ့ကျ လွဲမှားခဲ့ပြီပေါ့...။
(အဲဒီအတွေးလေးတွေကြောင့် ပန်ဒိုရာကို ပန်ဒိုရာဟုခေါ်သည်)

Winkabar said...

အရမ်းကောင်းတယ် အစ်မရေ။ အားလုံးသွားဖတ်ပြီးသွားပြီ။

သံလွင်အိပ်မက် ရေရှည်တည်တံ့ပါစေ။ :D

hnin said...

မပန်
စာတွေကို အမြဲဖတ်နေတယ်နော်။ စာပန်းချီက 3 အုပ်လုံး မကြာခင် တစ်ထိုင်တည်း ဖတ်တော့မယ်။ မပန်ရဲ့ စာတွေလည်း ပါတယ်လေ။