“ကိုယ်ဘာကို ကြိုက်သလဲ သူ မသိပါဘူးကွယ်”
သည်လိုဆိုသည်။ ကိုယ်က သည်လို ခပ်ညည်းညည်းကလေး ဆိုသည်။
“အင်း..”
တဖက်ကိုလှည့်ကာ လဲလျောင်းနေသော သူ့ထံမှ မပွင့်တပွင့် အသံထွက်လာသည်။
“ဟေး.. ပြောနေတာ ကြားရဲ့လား”
“အင်း…”
နောက်ထပ် မပွင့်တပွင့် အသံတစ်ခု။ ကိုယ်ကစိတ်မရှည်နိုင်။
“ကဲ ဒီဘက်လှည့်ပါဦး။ ဒီက မျက်နှာကို ကြည့်”
“အာ…. စောစောစီးစီး လာရစ်နေပြန်ပြီ။ အိပ်နေတာကို..”
သူကလှည့်လာပါသည်။
“ရစ်တာမဟုတ်ဘူး။ ပြောလေ…။ ဥပမာဆိုရင် သူများ ဘာအရောင် ကြိုက်သလဲ သူသိလို့လား”
သူနဲ့ ကိုယ် စတွေ့ပုံက သူများတကာတွေလို မဟုတ်။ စစချင်း သူက ကိုယ့်ကို စိတ်ဝင်စားပုံ မပြ။ ကိုယ်ကလည်း မြင်မြင်ချင်း ကြွေကျသွားစေနိုင်သော ရုပ်ရည်ပိုင်ရှင်မဟုတ်။ ဇာတ်လမ်းတခုသာ ဆိုရင်တော့ ပြန်တွေးရင် တိတိကျကျ ပွိုင့်တခုမှာ စတင်ခဲ့တာလို့ ပြောရခက်သား။ ကိုယ်တို့ဟာ အချက်အလက်တစ်ခုမဟုတ်၊ ဖြစ်စဉ်တစ်ခုသာ ဖြစ်ခဲ့မည်။
“မသိဘူးလေ။ ခင်ဗျားက ဘယ်တုန်းက ပြောပြဖူးလို့လဲ”
“အို.. ပြောပြရမှာလား။ မေးပေါ့”
“မမေးချင်ပါဘူး။ ဒါမျိုးတွေ အမြင်ကတ်လွန်းလို့.. အကြိုက်ဆုံးအရောင် အကြိုက်ဆုံးသီချင်း အကြိုက်ဆုံးစာအုပ် အကြိုက်ဆုံး ဘလာ ဘလာ ဘလာ”
ဖြတ်သန်းခဲ့သည့် အချိန်တွေက လုံလောက်အောင်တော့ ကြာမြင့်ခဲ့သည်ပဲ။ ကိုယ်က အပေါင်းအသင်း များသည်။ တခြားသူငယ်ချင်း ယောင်္ကျားကလေးတွေ ကိုယ်နဲ့ တစ်နာရီလောက် ခင်ခင်မင်မင် ဖုန်းပြောကြ။ ရယ်မောကြ။ သူက အနားမှာ ခပ်အေးအေး ရှိနေခဲ့။ သူကတော့ ကိစ္စမရှိရင် ကိုယ့်ဆီကို ဖုန်းမဆက်။ အပိုတွေလည်းမပြော။ အကြောင်းမရှိရင် အကြောင်းဘယ်တော့မှ မရှာ။ သူ့ချဉ်းကပ်ပုံက နားလည်ရခက်သား။ ကိုယ့်ကို စိတ်မ၀င်စားလို့လား ဆိုတော့လည်း မဟုတ်ပြန်။ ဒါဆိုလည်း နေတော့ပေါ့။ အဲသည်လို လျစ်လျူရှု လိုက်ပြန်တော့လည်း ရှေ့တိုးလာခဲ့။
“ဘယ်ဟုတ်မလဲ မေးခဲ့သင့်တာပေါ့။ မမေးလည်း ယူ မြင်အောင် ကြည့်ပေါ့။ ဒီမှာ… သူများက အစိမ်းရောင်ကို အရမ်းကြိုက်တာ သိရဲ့လား။”
“ခင်ဗျားကရော မြင်အောင် ပြပေါ့။ ပိုက်ဆံအိတ်။ အင်္ကျီ၊ ဖိနပ်၊ ဘောပင် ၊ ကော်ဖီခွက်၊ အိပ်ရာခင်း အရာရာကို စိမ်းနေအောင် သုံးလိုက်ပါလား။ တကယ်ကြိုက်တဲ့လူဆိုရင် အဲသည်လို လုပ်ကြတယ်မဟုတ်လား။ မေးစရာမလိုဘူး။ ကိုယ်သိမှာပေါ့။”
“အို … မသုံးနိုင်ပါဘူး..။ အင်္ကျီစိမ်းစိမ်းတွေလည်း အမြဲဝတ်မနေနိုင်ဘူး။ သူများက အသားမဖြူဘူး။ ကိုယ်နဲ့ လိုက်ဖက်မှာကိုပဲ ၀ယ်မှာပေါ့။ အသုံးအဆောင် ပစ္စည်းတွေလည်း အဲဒါတွေနဲ့ သင့်တော်တဲ့ အရောင်ကိုပဲ သုံးမှာပေါ့။”
“အင်းလေ...။ ဒါကြောင့်ပြောတာပေါ့။ အဲဒါက ခင်ဗျားပုံစံ ခင်ဗျားစတိုင် ပဲလေ။ ကိုယ်ကြိုက်တာဆိုပြီး ကြိုက်တဲ့နောက် တကောက်ကောက် လိုက်လို့လား။ နောက်ဆုံးတော့ သင့်တော်တာကိုပဲ လုပ်တာပဲ မဟုတ်လား။ အဲဒါတွေက အရေးကြီးသေးလို့လား”
ဒါပေမယ့်.. ဒါပေမယ့် တကယ် ကြိုက်တယ် ဆိုတာမျိုးလည်း ရှိသေးတာပေါ့ကွယ်။ ရှိဦးမှာပေါ့နော်။ အင်း.. ကြိုက်တာတွေကို ကိုယ်လိုချင်ခဲ့ပါသလား။ မလိုချင်ခဲ့ရင် ဒါမှမဟုတ် ရအောင် သေသေချာချာ မကြိုးစားခဲ့ရင် တကယ်မကြိုက်ခဲ့တာလား။ လိုချင်နေတာကရော ကြိုက်တာတွေလား။ ရအောင် ကြိုးစားပမ်းစား ယူခဲ့မိတာတွေကမှ တကယ် ကြိုက်တာတွေမို့လို့လား။ နောက်ဆုံးတော့ ဒါတွေအားလုံး ဘယ်လောက် ဘယ်လို အရေးကြီးသလဲ။
“နေပါဦး.. အခုအချိန်မှ ဒါတွေ ဘာလို့ မေးနေရတာလဲ”
သူက မေးလာသည်။ ကိုယ်က ညစ်ကျယ်ကျယ်အပြုံးဖြင့် သူ့ကို ကြည့်လိုက်သည်။
“သိစေချင်လို့ပေါ့။ အခု မေးကြည့်လိုက်ပါလား။ ဒါဆို ကိုယ့်ကိုရော တကယ်ကြိုက်တာလား သင့်တော်ရာကို ရွေးခဲ့တာလား လို့”
သူက ကိုယ့်ဆံနွယ်ခွေတွေကို ညင်ညင်သာသာ ထိုးဖွလိုက်ရင်း ကိုယ့်မျက်နှာကို ငုံ့မိုးကာ စေ့စေ့ကြည့်သည်။ အပြုံးကြီးကြီး တချက်ပြုံးသည်။ ခဏကြာမှ..
“လူမိုက်မှ မဟုတ်တာ... ဘာလို့မေးရမှာလဲကွယ်”
ဟု တီးတိုးဆိုလေသည်။
ပန်ဒိုရာ
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
2 weeks ago
11 comments:
ဟဲဟဲ..ဗီးနပ်စ် ဂြိုဟ် သား တွေနဲ့..မားစ် ဂြိုဟ် သား တွေ..ကမ္ဘာဂြိုဟ် မှာ..လာ တွေ့ကြ တယ် ဆို တာ..ယုံ ပြီ မဟုတ်လား..
အဲတာ သဘာဝကို ဖေါ်ပြနေတာဘဲ။ ဒီပလိုမက်တစ် နည်းဖြင့် အဖြေပေးခြင်းသည်၏အကောင်းဆုံးဖြစ်သည်။ အ ဖြေမတတ်လျှင် ရေငတ်လိမ့်မည်။
လူမိုက်မှ မဟုတ်တာ... ဘာလို့မေးရမှာလဲကွယ် ...
မိုက်တယ် ... ဘယ်တော့မှ မမေးဘူး :P
တခါတလေကျတော့ တကယ်ကြိုက်တာနဲ့၊ သင့်တော်တာ တထပ်ထဲကျတတ်ပါတယ်ပန်ရယ်။
ပန်...
ကြည့်ပြီးသား ရုပ်ရှင်တစ်ကားရဲ့ မူရင်းဝတ္ထု (သို့ ) အဲဒီကားရဲ့ ဇာတ်ညွှန်း ကိုဖတ်လိုက်ရသလိုပါဘဲ။
သိပ်ကောင်းပါတယ်။
ပန်ပန် ..
ကိုယ်တို့တွေလည်း လူတော်တွေချည်း တွေ့နေရတာပဲ မဟုတ်လား. ...
အဲဒါ သင့်တော်တာကိုပဲ ကြိုက်ခဲ့မိတာကိုး....
မကေ.. ကမ္ဘာဦးကတည်းက တွေ့ခဲ့ကြတဲ့ ဂြိုဟ်သားတွေ..ဟဲဟဲ
ကိုတင်ထူး.. ဟုတ်ပ။ ဒီပလိုမေစီ အရေးကြီးတာပေါ့။
ကိုစိုးထက်.. မမိုက်ပါဘူးဆိုမှ မိုက်တယ်ပြောနေပြန်ပြီ
မတန်ခူး... ဟုတ်ပါတယ်။ ငြင်းပါဘူး။ ဒါနဲ့ တခါတလေပဲလား။
မနိုင်... အားပေးတာ ကျေးဇူး။ မင်းသားမင်းသမီး မျက်စိထဲမြင်သွားရောလား။ ၀တ္တုလို့ လေဘယ်လ် တပ်ထားတယ်လေ။ factတွေနဲ့ fiction နဲ့ မရောနဲ့လေ။ ဟဲဟဲ..
မခင်မင်းဇော်.... နေဦး. ပြန်စဉ်းစားလိုက်ဦးမယ်။
ဟင်းဟင်းဟင်း
အရမ်းကြိုက်တာပဲ..
ဘာပြောရမှန်းမသိလို့ ရယ်ပြသွားတယ်..
(သို့) အဖျားတက်သွားတယ်လို့လဲ ထင်လိုက်လို့ရတယ်နော် မမပန်..
အစိမ်းရောင်ကြိုက်တယ်ဆိုတာ ၈၈ နောက်ပိုင်းမှာလားဟင်။
ဒါက ဘာဘွဲ့ ခေါ်မလဲ။ အချစ်ဘွဲ့လို့ ဆိုရမယ်ထင်တယ်။
အင်းလေ.. လူမိုက်မှ မဟုတ်တာ... ဘာလို့မေးရမှာလဲ...
အဲဒီမေးခွန်းကြီးက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မယ့် မေးခွန်းကြီး..။ :P
ဘာပဲဖြစ်ဖြစ် သူနည်းသူ့ဟန်နဲ့ ချစ်တာပဲဗျာ..အကုန်လုံးရဖို့ လောဘမကြီးပါနဲ့ဗျာ..
Post a Comment