Saturday, April 12, 2008

သင်္ကြန်တေး

အားလုံးပဲ မင်္ဂလာ သင်္ကြန်ပါ။ နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ။ သူများမဏ္ဍပ်တွေတော့ လိုက်မလည်အားသေးဘူးဗျို့။ ဒီမဏ္ဍပ်ကိုသာ ကြိုက်သလောက် လာပက်ကြပေတော့။

မနှစ်က ရေးခဲ့တဲ့ ကဗျာလေးတပုဒ်နဲ့ပဲ လောလောဆယ် ဧည့်ခံထားလိုက်ပါတယ်။ တချို့အရာတွေက ဘယ်တော့မှ မဟောင်းဘူး မဟုတ်လား။



“သင်္ကြန်တေး”

မြမြဖူးခိုင်ရွှေဝါ..တဲ့
တစ်နှစ်တစ်ခါဒီပိတောက်
နှစ်ဦးကိုရောက်ခဲ့ပြန်ပြီပေါ့။

အဦးဆုံးလောင်းမယ့်ရေတစ်ခွက်အတွက်
တမ်းတမ်းမက်မက်ရင်ခုန်
လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကျော်ပုံရိပ်တွေက
ရေစိုရွှဲရွှဲ မျက်ရည်ဝဲ၀ဲ
ဆယ်ကျော်သက်တို့ အသည်းခွဲတမ်းကစားခန်းနဲ့
စွဲလန်းခဲ့ရတဲ့သင်္ကြန်။

သင်္ကြန်မတိုင်မီတစ်ရက်မှာ
သစ္စာမဏ္ဍိုင်ခိုင်ခိုင်စိုက်ကြ
ဘယ်သူမှမ၀င်ရ
အရေးမကြီးရင်ဖုန်းမခေါ်ရ
ပိတ်ရက်လေးရက်ဟာတိုလွန်းလှ
တို့နှစ်ယောက်ဘ၀ တစ်ကမ္ဘာဆိုတဲ့
အချစ်လှလှနဲ့ မနှစ်က သင်္ကြန်။

သင်္ကြန်မလေးတွေ က ကြ
ဒီလိုဒီလိုအလှ
ရေစိုစိုမှာကြွကြွရွှရွှ
မြို့ပြရဲ့မဏ္ဍပ်တွေမှာ
စတစ်ကာကြော်ငြာ မီးရောင်စုံဝေဖြာ
ရေဆာရင်ဘီယာတကျိုက်နဲ့
မီးသတ်ပိုက်ဆို ရယ်တာပေါ့ဆိုတဲ့
အပျော်စုံမြူး သေသောက်မူးတို့ရဲ့သင်္ကြန်။

ရေရှားဖုန်ထူ
ငယ်ငယ်တုန်းက မြို့ပူပူကလေးမှာတော့
ထော်လာဂျီနဲ့တစ်ပတ်ပတ်
ရေညစ်ပတ် ရေငန်ငန်
ကန်ရေချောင်းရေ
မြောင်းရေ ရွှံ့ရေ
ဘာရေမှဗွေမယူနိုင်
ပြည်ရွာစည်ကြောင်း
ဆည်မြောင်းချောင်းကန်
မပြည့်လျှံရကောင်းလားလို့လည်း
အကြောင်းတရားတို့အကြား ခေါင်းမစားနိုင်
သင်္ကြန်ဆိုတာ စိုသွားဖို့ပဲမဟုတ်လား နော ဆိုတဲ့
ပြည်သူပြည်သား လူအများတို့ရဲ့ သင်္ကြန်။


အဲဒီလို..
သင်္ကြန်မျိုးစုံ ဟန်မျိုးစုံ အသံမျိုးစုံနဲ့
တစ်နှစ်တစ်နှစ်ရှည်သွားချိန်မှာ
ရေခြားမြေခြား
ငွေရှားတဲ့ခဏ
အဖေအမေများနဲ့ဝေး
အဲ..တစ်ယောက်နဲ့လည်းဝေးနေရတဲ့ဘ၀မှာတော့
ပိတောက်တွေလည်းမမွှေးပြီကွယ်
ရွှေပြည်တော်ကြီး ဘယ်တော့နီး
ခရီးခုလတ်မှာမောလှပါတယ်
တန်ခူးလေအေး သွေးပါကွယ်
သင်္ကြန်မိုးဖွဲ သည်းပါကွယ်။

ဒီလိုနဲ့..
နှစ်ကူးပြီးတိုင်း
အရူးမီးဝိုင်း ဘ၀ကိုသုံးသပ်မိတော့
သံသရာဒီဇာတ်
ဆက်မပြတ်လည်သွားဖို့
အထပ်ထပ် တကယ်မှားခဲ့မယ်
လောဘတွေကြားမှာ ဒေါသထားလို့
မောဟပွားရင်ပွားခဲ့မယ်
ငါ့အမှားတွေကို
သိကြားမင်းပုရပိုက်မှာ
မှတ်ချင်လည်းမှတ်လိုက်ပါတော့ကွယ်။

သင်္ကြန်...
ပုံရိပ်များ...
တဒိတ်ဒိတ်သွေးခုန်သံကြားတိုင်း
ငါအဖျားကြီးဖျားနေပြီကွယ်
အနှစ်သုံးဆယ်ကျော် နှလုံးသားက
အပြုံးတွေ တစတစ ပါးပြီး
အမုန်းတွေသာ ဆဆပွားလာခဲ့ရင်
သင်္ကြန်ရေနဲ့ဆေးလို့လည်းစင်နိုင်ပါ့တော့မလား
ရွှင်နိုင်ပါတော့မလား
ကဲ ဘာမှမစဉ်းစားနဲ့
တူးပို့တူးပို့တွေနဲ့
မြူးလို့ထူးလို့နေပါ့ကွယ်
တော်သလိုဒီဘ၀မှာ
အပျော်ဆိုတာယူတတ်မှရမှာမို့
အပူဓါတ်ကိုဖြတ် အကြောင်းဆင်ခြင်
အကောင်းမြင်ဝါဒနဲ့ ကဗျာအလှတွေကိုသာသီလိုက်ကြစို့ရဲ့။ ။

ပန်ဒိုရာ

၈၊၃၊၂၀၀၇


7 comments:

နတ္ထိ said...

“သင်္ကြန်...
ပုံရိပ်များ...
တဒိတ်ဒိတ်သွေးခုန်သံကြားတိုင်း
ငါအဖျားကြီးဖျားနေပြီကွယ်”

သင်္ကြန်တေးနဲ့ ဆွေးပါ့မည်…။

Anonymous said...

(နိုဝင်ဘာ)
သကြန်ရောက်ပြီ...မြန်မာပြည်ကိုပြန်ချင်တယ်.......အီးးးးးးးးးဒါပေမယ့်..နက်ဖြန်တော့ YTU သကြန်မှာသွားကဲမယ်..အမရေ....လာခဲ့ပါလား

Anonymous said...

အမရေ .. သင်္ကြန်ကဗျာလေးဖတ်ပြီး မကျင်းပရတာ နှစ်နဲ့ချီပြီး ကြာနေတဲ့ .. ဟိုးအတိတ်က ရင်ခုန်ခဲ့ရတဲ့ သင်္ကြန်ကို သတိရတယ် ။

စိုးထက် - Soe Htet ! said...

:) မင်္ဂလာပါ ခင်ဗျာ ... နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ ... :)

nu-san said...

မပန်ရေ.. ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ.. နော်..

ဒီမှာတော့ သင်္ကြန်ဆိုတာ ဘာမှန်းမသိလို့တောင် ပြောရမလိုပါပဲ.. ပျင်းစရာကြီး.. :)

တန်ခူး said...

တန်ခူးလေအေးသွေးသွားတယ်...
တေးသွားနဲ့မြူးစေတော့...

ကိုပေါ said...

မင်္ဂလာနှစ်သစ်ပါဗျိုး။ အကောင်းမြင်ဝါဒနဲ့ ချီတက်ကြမယ်ဆိုရင် ငတေတို့ ငရွှေတို့ အကြောင်းတွေတော့ မေ့ထားဘို့လိုလိမ့်မယ်။