Saturday, April 26, 2008

စင်္ကာပူနိုင်ငံ မြန်မာသံရုံးတွင် အခြေခံဥပဒေမူကြမ်းအတွက် ကြိုတင်မဲဆန္ဒပေးခြင်း

မရှင်းမှာစိုးလို့ ခေါင်းစဉ်ကို သေသေချာချာ တပ်လိုက်ပါတယ်။ ကြိုတင်မဲဆန္ဒဆိုတာကတော့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုနိုင်ရေးအတွက် ၂၀၀၈ မေလ ၁၀ ရက်နေ့မှာ ပြည်လုံးကျွတ်ပေးရမယ့် မဲကို နိုင်ငံရပ်ခြားကနေ ကြိုတင်ထည့်တာကို ဆိုလိုမှန်းသိကြမှာပါ။

အခုရေးတဲ့စာက ဆန္ဒခံယူပွဲကို သပိတ်မှောက်ရင် ပိုကောင်းမယ်လို့ ခံယူချက်နဲ့ မသွားလိုသူများအတွက် မရည်ရွယ်ပါ။ ကိုယ်တကယ်ထင်မြင်တဲ့ အယူအဆတခုကြောင့် ရပ်တည်နေတယ်ဆိုရင် လေးစားပါတယ်။ မဲပေးခွင့်မရဘူးဆိုသော သာသနာ့ဝန်ထမ်းများနဲ့ စိတ်ပေါ့သွပ်သူများကိုလည်း မရည်ရွယ်ပါ။ မဲပေးရကောင်းမှန်း နားလည်ပါလျက် ဘယ်မဲကိုထည့်ဖို့ ဆိုတာကိုလည်း ကိုယ်တိုင်သိရှိပါလျက် အကြောင်းကြောင်းကြောင့် ကြောက်လန့်ပြီး မဲသွားမပေးရဲသူများအတွက်သာ ရည်ရွယ်ပါတယ်။

မဲဆန္ဒလာပေးဖို့ စကာင်္ပူနိုင်ငံ မြန်မာသံရုံးက တရားဝင်ဖိတ်ခေါ်တဲ့ စာလေးရောက်လာလို့ ဒီနေ့စနေနေ့မနက်မှာပဲ ပန်ဒိုရာတယောက် စိန့်မာတင်လမ်းကို သွားခဲ့ပါတယ်။

မသွားခင်မှာတော့ မြန်မာအသိုင်းအ၀ိုင်းကြားမှာ ဒါမျိုးလေးတွေ ကြားခဲ့ရပါတယ်။

  • ငါတို့က ပတ်စပို့ သက်တမ်း တိုးရဦးမှာ။ အိမ်ပြန်ဖို့ အခွန်ဆောင်ရဦးမှာ။ ငါတို့မဲသွားပေးခဲ့လို့ နောက်ပိုင်းကျ ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ။ အခွန်ဆောင်မရ သက်တမ်းတိုးမရရင် ဘယ်လိုလုပ်မလဲ။
  • သူတို့က ဘယ်သူတွေ ဘာမဲထည့်သွားတယ်ဆိုတာ မှတ်ထားမှာလား။
  • သံရုံးက စာပို့တဲ့ စာရင်းထဲက လူတွေမှ မဲထည့်ရတယ်ပြောတယ်။ ငါတို့ဆီတော့ စာမှမရောက်သေးပဲ။
  • မထူးပါဘူး ငါတို့ဘာထည့်ထည့် သူတို့က ဖွဲ့စည်းပုံကြီး အတည်ပြုအောင် မဲတွေကို တခုခုလုပ်မှာပဲ။

စိန့်မာတင်လမ်းက မြန်မာသံရုံးရှေ့ သရက်ပင်ကြီးအောက်မှာတော့ လူ ၂၀ လောက် တန်းစီနေကြတာကို တွေ့လိုက်ရပါတယ်။ လုံခြုံရေးဝန်ထမ်းတွေက စာရွက်ကလေးတွေ လာပေးတယ်။ စာရွက်ထဲမှာ နာမည်၊ ပတ်စပို့နံပါတ်နဲ့ ဆက်သွယ်ဖို့ ဖုံးနံပါတ်ရေးခိုင်းပါတယ်။ ခြံဝင်းထဲကိုတော့ ပေးမ၀င်သေးပါဘူး။

ခဏကြာတော့ စာရွက်ကလေးတွေကိုင်ပြီး သံရုံးဝန်ထမ်းတချို့ထွက်လာပါတယ်။ နာမည်ခေါ်ပါတယ်။ ကိုယ့်နာမည်ခေါ်ရင် ပတ်စပို့ပါလား တချက် ပြခိုင်းပါတယ်။ ဖိတ်ခေါ်စာကိုလည်း ပြခိုင်းပါတယ်။ နောက်တော့ ပိုက်ဆံအိတ်နဲ့ ပတ်စပို့ကို ပဲ အထဲကိုယူစေပြီးဝင်ခိုင်းပါတယ်။ ဟန်းဖုန်းကို တော့ ခဏပိတ်ခိုင်းပါတယ်။

အထဲမှာ စားပွဲတွေနဲ့ သံရုံးဝန်ထမ်းတွေ ထိုင်နေပါတယ်။ သူတို့မှာ စာရင်းရှိပါတယ်။ အဲဒီစာရင်းထဲမှာ အဆင်သင့်ရှိနေတဲ့ ကိုယ့်နာမည်ကိုရှာပြီး အဖေအမေနာမည်ကို ရေးဖြည့်ခိုင်းပါတယ်။ လက်မှတ်ထိုးခိုင်းပါတယ်။ ပြီးတော့ ပြည်တွင်းဖြစ်လို့ထင်ရတဲ့ ခပ်ပါးပါးစာရွက် ၀ါတာတာလေးနဲ့ ပုံနှိပ်ထားတဲ့ မဲပေးရမယ့် ကူပွန်လေးကိုပေးပါတယ်။ တခြမ်းမှာ ကိုယ့်နာမည်ရေးပြီး လက်မှတ်ထိုးခိုင်းပါတယ်။ ပြီးတော့ အဲဒီအခြမ်းကို သူတို့ကယူထားလိုက်ပါတယ်။ မဲပေးရမယ့် စာရွက်ခြမ်း ပေါ်မှာတော့ အမှန်ခြစ် သို့မဟုတ် ကြက်ခြေခတ် ခြစ်ရမယ့် ကွက်လပ်ပဲ ပါပါတယ်။ ကိုယ့် အချက်အလက်များ ဘာမှရေးစရာမလိုပါ။ အဲဒီမှာ ကိုယ်ကြိုက်တာ ခြစ်ပြီး မဲပေးပါ ပြီးရင် စာအိတ်ထဲမှာ ကော်ကပ်ပြီး ပိတ်ပါ။ မဲပုံးထဲထည့်လိုက်ပါ လို့ သေသေချာချာရှင်းပြပါတယ်။ လျှို့ဝှက်မဲစနစ်ဖြစ်ပါတယ်။

မဲပေးသူတွေအတွက် ကန့်လန့်ကာလေးတွေ ကာထားတဲ့ အခန်းလေးတွေ စီစဉ်ပေးထားပါတယ်။ ကန့်လန့်ကာကို ဆွဲပိတ်ပြီး စာရွက်ကလေးပေါ်မှာ ကိုယ်ထည့်ချင်တဲ့ မဲဆန္ဒကို ပေးထားတဲ့ဘောပင်နဲ့ ရေးခြစ်ပြီး စာအိတ်ထဲထည့်ကာ ပေးထားတဲ့ ကော်နဲ့ကပ်ပါတယ်။ ပြီးတော့ အခန်းပြင် ပြန်ထွက်ပြီး အပြင်မှာ ချထားတဲ့ မဲပုံးသုံးပုံးထဲက ကြုံတဲ့တပုံးမှာ ထည့်လိုက်ပါတယ်။ ပြီးပါပြီ။ ၂ မိနစ်လောက်ပဲ ကြာပါတယ်။

တရားဝင်ပို့တဲ့စာရတဲ့ စာရင်းထဲပါတဲ့ လူတွေဟာ တသောင်းကျော်လောက် ရှိတယ်လို့ သံရုံးဝန်ထမ်း တယောက်က ပြောတာ ကြားလိုက်ပါတယ်။

အောက်ကအချက်များကို အလေးထားပြောချင်ပါတယ်။

  • လာထည့်တဲ့ လူတွေရဲ့ စာရင်းကို ယူထားရတာကိုတော့ နားလည်နိုင်သင့်ပါတယ်။ ဘာအချက်အလက်မှ အသေးစိတ်လည်း ရေးစရာမလိုပါ။ သူတို့မှာ ရှိပြီးသားမို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဘယ်လိုဖြစ်ဖြစ်ပါ။ ဘယ်သူဘယ်ဝါ လာထည့်တယ်ဆိုတာ စာရင်းကတော့ ယူရမှာပေါ့။
  • မဲပေးခြင်းဟာ နိုင်ငံရေးလှုပ်ရှားမှု လုပ်ခြင်းမဟုတ်ပါ။ ဥပဒေနဲ့ ငြိစွန်းတဲ့ကိစ္စမဟုတ်ပါ။ တရားဝင်ကိစ္စဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကြီးက တရားဝင်ကျင်းပမယ့် အဲဒီမဲဆန္ဒခံယူပွဲကြီးမှာ မဲလာပေးကြပါလို့သူတို့ကိုယ်တိုင်က မီဒီယာတွေကနေ ကြေညာခဲ့ပြီးဖြစ်ပါတယ်။
  • ကိုယ်ဘာမဲထည့်ခဲ့လဲ ဆိုတာကို မသိနိုင်ပါ။ အထက်ကပြောခဲ့သလို လျှို့ဝှက် မဲပေးစနစ် ဖြစ်ပါတယ်။ ဥပမာ လူတသောင်း မဲလာထည့်ပြီး လူတသောင်းလုံးက ကန့်ကွက်မဲပဲ ထည့်သွားမှသာလျှင် စာရင်းရှိလူများအားလုံး ဘာမဲထည့်တယ် ဆိုတာ သိနိုင်မယ်ဖြစ်ပါတယ်။
  • အလွန်အကျွံအစွန်းရောက်သော အခြေအနေမှာတော့ အဲဒီလို လူတသောင်းလုံး ကန့်ကွက်တဲ့မဲ ဖြစ်သွားခဲ့တယ်ပဲ ထားပါဦး။ သူတို့က ဘယ်လို အရေးယူနိုင်ပါသလဲ။ ဆက်စဉ်းစားမိပါတယ်။
  • လာထည့်သောသူ အများစုဟာ ဖိတ်စာရလို့လာတာပါ။ ဖိတ်စာကိုပို့တယ်ဆိုတာ ၁ နှစ်အတွင်း သံရုံးနဲ့အဆက်အသွယ် ရှိကြသူများဖြစ်လို့ပါ။ သံရုံးနဲ့ ဘာလို့အဆက်အသွယ်ရှိရပါလိမ့်။ ချစ်လွန်းလို့ သွားသွားနှုတ်ဆက်နေတာတော့ မဖြစ်နိုင်။ အခွန်ပုံမှန်ဆောင်လို့ ဖြစ်ပါမယ်။ သက်တမ်းတိုးတယ် ဆိုရင်လည်း အခွန်ဆောင်မှ တိုးရပါတယ်။
  • ဒီတော့ လူတသောင်းမှာ အများစုဟာ အခွန်ပုံမှန်ဆောင်သူများ ဖြစ်ကြပါမယ်။ အဲဒီဆောင်နေကျ လူတွေကို (regular customers တွေကို) ကန့်ကွက်မဲထည့်သွားခဲ့လို့ သက်တမ်းတိုးခွင့် (အခွန်ဆောင်ပြီး သက်တမ်းတိုးခွင့်) မပြုတော့ဘူးဆိုရင် သူတို့ဆုံးရှုံးရမယ့် ၀င်ငွေကို တွက်ကြည့်ပါ။ ဖြစ်နိုင်လားမဖြစ်နိုင်လား ကိုယ့်ဦးဏှောက်နဲ့သာ ကိုယ်တိုင် ဆင်ခြင် ကြည့်ကြပါတော့။ စာရတာတောင် မဲသွားမထည့်ရဲသူများ အတွက် စဉ်းစားနိုင်ရန် ဖြစ်ပါတယ်။
  • စာမရရှိသူများ ကိုလည်း မဲမပေးနိုင်လို့ သံရုံးက မပြောပါ။ ပြန်လည်စိစစ်ပြီး အချိန်မီ အကြောင်းကြားမယ်လို့ ပြောပါတယ်။ ပတ်စပို့နဲ့ အခြားသင့်လျော်သော စာရွက်စာတန်းတွေ ပြပြီး မေးမြန်းစုံစမ်းလို့ရပါတယ်။ ဒီလိုတောင် သွားမေးမကြည့်ရင်တော့လည်း မဲပေးခွင့်မရမှာ ၁၀၀ ရာခိုင်နှုန်း သေချာတာပေါ့။
  • ဘာထည့်ထည့် မထူးဘူး သူတို့က မဲတွေကို တခုခုလုပ်ပစ်မယ် ပြောင်းပစ်မယ် ထင်သူများ။ ဘာနဲ့တူလဲဆိုရင် လူဆိုတာ တနေ့တော့ သေမှာပဲမဟုတ်လား။ ဒါဆို မွေးကတည်းက သတ်ပစ်လိုက်တာ ပိုမကောင်းပေဘူးလား ဆိုသလိုပေါ့။ သူတို့ကိစ္စ သူတို့လုပ်နိုင်တာ လုပ်ကောင်းလုပ်မယ်။ ကိုယ့်ကိစ္စ ကိုယ်လုပ်နိုင်တာ မလုပ်ချင်ဘူးလား။

အခု ပြောခဲ့သော အကြောင်းအရာများဟာ မြန်မာအစိုးရက တရားဝင်ကျင်းပတဲ့ ဆန္ဒခံယူပွဲမှာ တရားဝင် မဲသွားထည့်ခဲ့တဲ့ အတွေ့အကြုံကို အခြေခံပြီး ပြောခြင်းဖြစ်ပါတယ်။ ဘာမဲကိုသွားထည့်ပါ လို့လည်း မစည်းရုံးပါ။ ကိုယ်ယုံကြည်ရာ ထည့်ပါ။ စင်္ကာပူကျွန်းမှာ အကြောက်ကြီး ကြောက်နေသူ ရွှေမြန်မာများ ရှိခဲ့ရင် ဧပြီလ၂၉ ရက်နေ့မကုန်ခင် မဲထည့်ဖြစ်အောင်တော့ သွားထည့်ပါ လို့သာ အချိန်မနှောင်းခင် ကျယ်လောင်စွာ သတိပေး ပြောဆိုလိုက်ခြင်း ဖြစ်ပါကြောင်း။

(ဖြည့်စွက်ချက်။ ပြောခဲ့တာတွေက စင်္ကာပူက အခြေအနေတွေပါ။ တခြားနိုင်ငံတွေမှာတော့ တူချင်မှ တူပါမယ်။ ဥပမာ. ရုရှက အခြေအနေတွေကို သူငယ်ချင်းတယောက် ပြောထားတာ အောက်က ကွန်မန့်မှာဖတ်ပါ။)

(ထပ်မံဖြည့်စွက်ချက်။ ကဒေါင်းညင်သာ ဘလော့မှ သတင်း။

နောက်ဆက်တွဲများ

ကျနော့် သူငယ်ချင်းညီလေးတယောက်ဆီက သိရသမျှ နောက်ပိုင်းတွင် သံရုံးမှနေ၍ ၁၀ ယောက် တသုတ် တန်းစီစေ၍ ပတ်စပို့နှင့် အခွန်ပြေစာ ပြခိုင်းကာ တခါတည်း register လုပ်၍ မဲပေးနိုင်ကြောင်း သိရပေသည်။ ကျောင်းသားများအနေနှင့်လည်း ကျောင်းသားကဒ်ပြားနှင့် ပတ်စပို့ တွဲပြ၍ မဲပေးနိုင်ကြောင်းလဲ သိရပေသည်။

စကားမစပ် တဆက်တည်း ပြောလိုသည်မှာ ၂၉ ရက်နေ့ မဲရုံပိတ်သည့်အခါ မြန်မာနိုင်ငံသား ကျနော်တို့အနေဖြင့် သံရုံးနှင့် အနီးတ၀ိုက်တွင် ရှိလျက် မဲပုံးကို စစ်ဆေးခွင့်ရှိရမည်ဖြစ်သောကြောင့် ညနေဘက် သွားရောက် စောင့်ကြည့်ကြပါကုန်လော့ဟု ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းအား တိုက်တွန်းလိုက်ရပါကြောင်း။)





16 comments:

နတ္ထိ said...

သာသနာ့ဝန်ထမ်းများနဲ့ စိတ်ပေါ့သွပ်သူများတဲ့။

အင်း...တော်သေးတာပေါ့။

Anonymous said...

မပန်ဒိုရာရေ
စင်္ကပူမှာအဲလိုပုံစံလေးနဲ့ မဲပေးခွင့်ရသွားခဲ့တယ်ဆိုရင်တော့ ဝမ်းသာစရာပါ။ ရုရှားနိုင်ငံက ကျောင်းတွေမှာတော့ မဲပေးခွင့်လွတ်လပ်မှုလုံးဝမရှိပါဘူး။ မပန်ပြောသလိုပဲ၊ ကိုယ့်အကြောင်းရေးရတဲ့စာရွက်နဲ့မဲပေးရတဲ့စာရွက်ကတွဲထားတာပါ။ ကိုယ်တိုင်ဖြဲခွင့်တော့မရခဲ့ပါဘူး။ သက်ဆိုင်ရာ ကျောင်းတွေက ကျောင်းသားခေါင်းဆောင်တွေကပဲ အဲဒါကိုဖြဲပါတယ်။ အမှန်ခြစ်ပေးကြဖို့ သံရုံးကတိုက်တွန်းထားတယ်ဆိုတာလဲ ကျောင်းသားခေါင်းဆောင်က ကြိုပြောပြပါတယ်။ အမှားပေးမယ်ဆိုရင် ပေးနိုင်ကြောင်း၊ ဒါပေမယ့် အမှားခြစ်ပေးဖို့စိတ်ကူးတဲ့လူတွေရှိရင် ခဏချန်နေခိုင်းပါတယ်။ စာအိပ်ကလဲ ကျောင်းသားခေါင်းဆောင်ကိုယ်စားလှယ်တွေကိုယ်တိုင်ပိတ်တာပါ။ ဘာမဲပုံးမှလဲမရှိပါဘူး။ ဘာအကာအရံမှလဲမရှိပါဘူး။ သံရုံးမှာပေးရတာလဲမဟုတ်ပါဘူး။ ကျောင်းအလိုက် ကျောင်းမှာပဲပေးရတာပါ။ စင်္ကပူမှာ အဲလိုမျိုးမဲပေးခွင့်ရတာလေးပဲသိတဲ့လူတွေက၊ အခြားနိုင်ငံတွေမှာလဲ အဲလိုပုံစံမျိုးလို့ထင်မှာစိုးလို့ လာပြောပြသွားတာပါခင်ဗျာ။

Mr.Pooh @ မောင်ပွတ် said...

မပန်ရေ -
“ ဘာနဲ့တူလဲဆိုရင် လူဆိုတာ တနေ့တော့ သေမှာပဲမဟုတ်လား။ ဒါဆို မွေးကတည်းက သတ်ပစ်လိုက်တာ ပိုမကောင်းပေဘူးလား ဆိုသလိုပေါ့” ဆိုတဲ့စာသားလေးကတော့ ထင်ရှားထိရောက်ပါပေတယ်ဗျာ။ အသက်စွန့်နေသူတွေ၊ အကျဉ်းချခံနေသူတွေ စတဲ့ ဘဝနဲ့ရင်းပြီး ယုံကြည်ရာကို လုပ်နေသူတွေနဲ့ ယှဉ်လိုက်တော့ အစိုးရက တရားဝင်မဲပေးဖို့ ဖိတ်ခေါ်လို့ လျှို့ဝှက်မဲပေးစနစ်နဲ့ တရားဝင်မဲသွားပေးတဲ့ အလုပ်က ကလေးကစားသလောက်ပဲ ရှိမှာပါ။ ကြိုက်ရင်ထောက်ခံ၊ မကြိုက်ရင်ငြင်း - ဒါလေးကိုတောင် မဖေါ်ပြရဲရင်လည်း မပြောတတ်တော့ပါဘူးဗျာ။ အချိန်မရလို့ မသွားနိုင်ဘူးဆိုသူတွေကို ပိုစိတ်ပျက်မိသေးတယ်။ အားလုံးညီညွတ်ကြဖို့ လိုပြီထင်ပါတယ်။

Anonymous said...

မပန်ရေးတာကတော့ အားလုံး လိုရင်း တိုရှင်း ပြည့်စုံလျက်း) အချင်း၂မို့ ပြောတာမဟုတ်ပါး)

ရုရှားကျောင်းသားတယောက် anonymous နာမည် နဲ့ ပေးသွားတဲ့ ကွန်မန့်လေးတွက် ၊ အဲဒီ ကွန်မန့်ပေးသူကို ကျေးဇူးတင်ပါတယ် ။ ကျမတို့ကို အဖြစ်အပျက်အမှန်ကို သိအောင် ထုတ်ပြောပြလို့ ။

တကယ်တော့ ဒီစစ်အစိုးရရဲ့ မတရားတာတွေကို တနိုင်ငံလုံးခံနေရတာ တပ်မတော်လည်း ပါတယ်ဆိုတာ ထင်ရှားတဲ့ သက်သေပါပဲ ။ ဒီလိုပဲ ဆက် အဖိနှိပ်ခံနေကြတော့မလားဆိုတာမျိုး ဆန်းစစ်နိုင်ကြပါစေလို့ မျှော်လင့်လိုက်ပါတယ် ။

ညီညီ(သံလွင်) said...

မပန်ရေ.. လာဖတ်သွားတယ်..။ ကျွန်တော်တို့ ဘလော့ဂါတွေကတော့ “နိုး”“နိုး”ကြားကြား အမြဲရှိပါတယ်။ ကျွန်တော်လည်း မဟေသီနဲ့အတူ စင်္ကာပူမြန်မာသံရုံးမှာ စနေနေ့ကတည်းက မဲပေးပြီးပြီဗျ။ ၁၉၉၀ မှာ အသက် ၁၀နှစ်ပဲ ရှိသေးလို့ မဲထည့်ခွင့်မရခဲ့ဘူး။ အသက် ၁၈ နှစ်ပြည့်လို့ မဲထည့်ခွင့်ရသူဖြစ်အပြီး ၁၀ နှစ်အကြာ အခု ၂၀၀၈ မှပဲ မဲထည့်ရတော့တယ်။ ဒါနဲ့.. မဲပေးဖို့ သံရုံးထဲ ၀င်ခါနီး မပန်ရဲ့ ပန်ဒိုရာ box ကြီးကို အပြင်မှာ ထားခဲ့ရသေးလား။

ခင်မင်းဇော် said...

ပန်ပန်ရေ..
မဲမထည့်ဖူးဆိုသူတွေ ဖတ်မိပါစေလို့ပဲ ဆုတောင်းရတယ်..
ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ပေးတာကလဲ
နိုင်ငံသားကောင်းတယောက်ဖြစ်တာပါပဲ..
ကိုယ့်တိုင်းပြည်ကြီးကို ကောင်းစေချင်တယ်လို့ ပါးစပ်ကပြောပြီး လက်တွေ့မှာ ကိုယ်ကျိုးထိခိုက်မှာ စိုးလို့ ဆိုတဲ့လူတွေအတွက် အသက်စွန့်သွားသူတွေ ဘ၀စွန့်သွားသူတွေ ရှိခဲ့ပါတယ် ရှိနေပါတယ် ရှိဦးမှာပါကွယ်....

Anonymous said...

ဖိတ်စာမရပေမယ့်ကျွန်မနှင့်ကျွန်မခင်ပွန်းမဲပေးခွင့်ရခဲ့ပါတယ်။လူရှင်းမယ့်အချိန်မနက်စောစောသွားဖို့တိုက်တွန်းချင်ပါတယ်။ကျွန်မတို့မြင်တွေ့ခဲ့ရတာတကယ့်လျို့ဝှက်မဲအစစ်ဖြစ်ပါတယ်။(လျို့ဝှက်မဲမဟုတ်မှာကြောက်နေသူတွေအတွက်)တိုင်းပြည်ကြီးပြောင်းချင်တယ်လို့ပါးစပ်ကအော်ပြီးဒီမဲလေးပေးဖို့တောင်မအားဘူး၊ဘာမှထူးလာမှာမဟုတ်ဘူး၊စိတ်မဝင်စားဘူးဆိုသူတွေကိုပြင်းပြင်းထန်ထန်ရှူံ့ချပါတယ်။

Anonymous said...

yeah.. I agree this post. Ma pan... Ma lar yin wine pyaw mhar soe lo... lite lar p mha bar paper mha par ma lar lo so p pyan thwar tae` lu le` shi par thay tae`... next time ma lar phot le` 100% sure par tae`. ah` lo lu myo ka po soe par tae`... they dare not express their fear... They are pretending they are also interest this election only...

Anonymous said...

အင်အားပြဖို့ကျွန်တော်တို့လဲသွားခဲကြပါတယ်--ဒါပေမယ့်ပြီးရင်ကောဘာဆက်လုပ်ကြမှာလဲ
http://burmaunited.blogspot.com/2008/04/blog-post_4295.html

Arrived: 1st March said...
This comment has been removed by the author.
Arrived: 1st March said...

well said...... standing ovation.. and many thanks for such an attentive post..

ကိုပေါ said...

တနင်္ဂနွေနေ့က လူတွေအများကြီးလာတယ်။ အင်္ကျီအနီနဲ့ ဦးထုပ်တွေ ဝေလိုက်တော့ လောက်တောင်မလောက်ဘူး။ လူတွေ နေပူထဲမှာ ဇွဲကောင်းကောင်းနဲ့ တနေကုန်စောင့်တယ်။ စနေနေ့ကတော့ လူ့အခွင့်အရေးအတွက် သံရုံးပေါက်ဝကနေ တိုက်ပွဲဝင်လိုက်ကြတာ မွေးရာပါအခွင့်အရေးဖြစ်တဲ့ အပေါ့အပါးသွားခွင့်အတွက် သံရုံးက အဲဒီတချက်လိုက်လျောလိုက်ရတယ်။း-) အခုတော့ မဲပေးမယ့် ရက်ကို တိုးမြှင့်လိုက်ပြီလို့ ကြားတယ်။ ဒါဟာ တနင်္ဂနွေနေ့က အလုံးအရင်းနဲ့ ဖိအားသွားပေးလိုက်ခြင်းရဲ့ ရလာဒ်လို့ဘဲ ဆိုရမယ်။

Andy Myint said...

စင်္ကာပူက လူတွေက နီးနီးနားနား မဲပေးလို့ ရတော့ အဆင်ပြေတယ်။ သြော်ဇီမှာတော့ မလွယ်ကြောင်း ရေးထားပါတယ်။ US မှာလည်း လွယ်မယ် မထင်။

Anonymous said...

ဒီမှာတော့ သံရုံးတောင်မရှိဘူးဗျာ။ ပြတ်ရော။ ကျွန်တော်တို့ 
ဘဝက...nhn(nz)

Anonymous said...

စောင့်ရတာဘယ်လောက်ပဲကြာကြာနောက်ဆုံးမှာ မဲပေးနိုင်ခဲ့တဲ့ အတွက် တာဝန်တခုတော့ကျေသွားတယ်လို့ ခံစားရတယ် (နိုဝင်ဘာ)

Anonymous said...

ကဲ..ရုရှားကဆိုလို့ ရုရှားက ငအောင်လဲဝင်ပြီးပြောရသေးတာပေါ့..တပ်မတော်မှာ အမှုထမ်းလာတဲ့စစ်သားတစ်ယောက်အနေနဲ့ တပ်မတော်ရဲ့အစီအစဉ်နဲ့ ပညာလာသင်တယ်..အခြေခံဥပဒေကိုလဲ ဖတ်ရှုနားလည်ပြီးဖြစ်တယ်..စစ်သားဆိုတာ တိကျရတယ်..ငအောင်ကတော့ ကိုယ်တိုင်မဲခြစ်ပြီးကိုယ်တိုင် အမှန်ခြစ်ခဲ့ရတဲ့ ရုရှားကစစ်သားပါ..၀ါဒဖြန့်တာလဲ ကြည့်ကျက်ဖြန့်ပေါ့..ကလေးကလားတွေ မလုပ်ပါနဲ့..