Sunday, September 28, 2008

အဆိပ်ကောင်





အရေခွံလဲခါစ
နုရွနေတတ်သလို
ရေပြောင်းမြေပြောင်း
အကြောင်းပေါင်းသင့်အောင်
အရောင်စုံဆင်တတ်တာနဲ့
ပျော့လှပြီထင်နေသလား
အားအားရှိပါးပျဉ်းလေးတယမ်းယမ်း
ရွှီးဖြန်းနှာမှုတ် နေတတ်တဲ့အထဲကမဟုတ်ဘူး။

မျက်စောင်းထိုးရင်
အခိုးချောင်းချောင်းထွက်မယ်
တချက်စိုက်ကြည့်လိုက်ရင်
ညှို့စက်မှာ မိသွားမယ်
ယင်တကောင်တောင် မလွတ်စတမ်း
လှမ်းပေါက်လိုက်လို့ရတယ်
ခေါင်းထောင်မကြည့်တိုင်း အိပ်ပျော်နေတာမဟုတ်။

ဒီတော့..
ကိုယ့်လမ်းကိုယ်ရှင်း
ကိုယ့်တွင်းကိုယ်အောင်း
ကိုယ့်အကြောင်းကိုယ်ကြည့်
မသိရင်ငြိမ်ငြိမ်ခွေနေ
ခြေမြင်သလိုလိုနဲ့
ငုပ်နေတဲ့ ဗီဇကို
လာလာမဆွနဲ့
နောက်တခါဆို
ဒေါသသင့်ကဗျာတပုဒ်နဲ့
အမြီးဖျားလေး လှုပ်ပြရုံ မကတော့ဘူး။



ပန်ဒိုရာ



(ကဗျာကို ဖတ်ပြီး တောင်တောင်အီအီတော့ မတွေးကြနဲ့ဦးနော်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဘာရယ်မဟုတ် ချရေးဖြစ်တဲ့ ကဗျာလေးပါ။ ဘယ်သူနဲ့မှ ရန်ဖြစ်လို့ ဟုတ်ဘူး။ လောလောဆယ် တင်စရာတွေက ရေးလို့မပြီးသေးလို့ တင်ပေးလိုက်တာပါ။)


Expand..

Friday, September 26, 2008

ပထမဆုံးရေးတဲ့ ပထမဆုံးတွေ


ပထမဆုံးတွေကို ရေးဖို့ ကိုအောင်သာငယ်က ချိတ်ဆက်ထားခဲ့လို့ ရေးလိုက်ပါတယ်။ ပထမဆုံးတွေ အကြောင်းကို သူငယ်ချင်းတယောက်နဲ့ ခုတလော ပြောဖြစ်ခဲ့သေးတယ်။ ပထမဆုံးတွေဟာ အရေးအကြီးဆုံးတော့ ဖြစ်ချင်မှဖြစ်မယ်။ တချို့နေရာတွေမှာ ပထမဆုံးဖြစ်နေဖို့လည်း မလိုအပ်ဘူး။ ပထမဆုံးဟာ မမေ့နိုင်ဆုံးတောင်မှ ဖြစ်ချင်မှဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ပထမဆုံးတွေက အဓိပ္ပာယ်တခုခုကိုတော့ ပေးခဲ့ပါတယ်လေ။

ကဏ္ဍနှစ်ခု ခွဲထားပါတယ်။ အပြင်ကမ္ဘာနဲ့ အွန်လိုင်းကမ္ဘာ။


အပြင်ကမ္ဘာမှာတော့

ပထမဦးဆုံး ရတဲ့ လက်ဆောင်
ဆရာကြီးတင်မိုးရဲ့အမေ့ကျောင်း ဆိုတဲ့ ကဗျာစာအုပ်လေး။ ဖေဖေက ကိုယ့်ကို ကဗျာတွေ ချစ်စေချင်လို့ ကြီးလာရင် ဖတ်ဖို့ ဆိုပြီး ကလေးကင်ပွန်းတပ်တဲ့ အချိန်မှာပေးခဲ့တာ လို့ ပြန်ပြောပြပါတယ်။

ပထမဦးဆုံးဖတ်ဖူးသော စာအုပ်စာပေ
စာမဖတ်တတ်ခင်ကတော့ ဆရာကြီးတင်မိုးရဲ့ အဲဒီကဗျာစာအုပ်လေးနဲ့ တခြား တချို့ ကဗျာတွေကို ဖေဖေမေမေတို့က နှုတ်တိုက် သင်ပေးထားလို့ အတော်များများရနေတယ် လို့ ပြောတယ်။ ကိုယ့်ဘာသာ ဖတ်တတ်လာတော့ ရွှေသွေး တေဇ တွေက စတာပေါ့။ ၀တ္ထုစာအုပ်ကိုတော့ ၂ တန်းနှစ်က စပြီး စဖတ်ဖြစ်ပါတယ်။ ပထမဆုံး အစအဆုံး ဖတ်ဖြစ်တဲ့ စာအုပ်က သိုင်းဝတ္ထုဖြစ်နေတယ်။ သိုင်းစာအုပ်တွေကလည်း အတွဲလိုက်တွေများတော့ စစချင်းမှာ လုံးချင်းကို ရှာဖတ်ဖြစ်တယ်။ ဆရာမိုးကျော်သူရေးတဲ့ သွေးစုပ်ပလူ ဆိုတဲ့ ၀တ္ထုပါ။ နာမည်မကြီးတဲ့ စာအုပ်လေးပါ။

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ
ကရင် သူငယ်တန်း ဖတ်စာအုပ်ထဲက က-ကလေးငယ် ချစ်စဖွယ်လို ကဗျာမျိုးကို ကရင်ဗားရှင်းနဲ့။ ကိုယ်ကတော့ ကျောင်းမတက်ရသေးပါ။ ကိုယ့်ထက် ကျောင်း တစ်နှစ်စောတဲ့ အစ်ကိုဖတ်တာကို လိုက်နားထောင်ပြီး ဆိုနေခဲ့တာ။

ပထမဆုံး နားထောင်ခဲ့သော သီချင်း
ချောကလျာ... ဆိုတဲ့သီချင်း ကို ဖေဖေက ဆိုပြီး အမြဲသိပ်လေ့ရှိတယ်။ နားထဲ အမြဲစွဲနေရော။ ကလေးတုန်းက အိပ်ခါနီးဆိုရင် ဖေဖေ ချောတာချိုပြ လို့ မပီကလာ တောင်းဆိုလေ့ရှိတယ်တဲ့။

ပထမဆုံး ဆိုခဲ့သော သီချင်း
သည်းကြီးမည်းကြီး စွဲပြီးချစ်သတဲ့ရှင် … ဆိုတဲ့ သီချင်းကို ၃ နှစ်ကျော်လောက်က အစအဆုံး ဆိုပြတတ်တယ်လို့ မေမေက ပြန်ပြောပြလေ့ရှိတယ်။ ကလေးကို သင်ပေးထားတာ ဖြစ်မှာပေါ့။

ပထမဦးဆုံး သူငယ်ချင်း (မိန်းကလေး)
မိုးမိုး တဲ့။ သူက ၁ နှစ်ကြီးတယ်။

ပထမဦးဆုံး သူငယ်ချင်း (ယောင်္ကျားလေး)
မမှတ်မိဘူး။

ပထမဦးဆုံး စင်မြင့်ပေါ်တက်ခြင်း
အသက် ၅ နှစ်မှာ မြို့လေးတခုကို ပြောင်းတယ်။ အဲဒီမြို့က မူကြိုကျောင်းဖွင့်ပွဲမှာ ကိုယ်က မူကြိုကျောင်း မတတ်ဖူးပေမယ့် ကဗျာတွေရတယ် ဆိုပြီးတော့ ကဗျာရွတ်ပြီး အမူအယာနဲ့ သရုပ်ဖော် ဖျော်ဖြေပေးရတယ်။ဝဲကာပျံကာ ရွှေလိပ်ပြာ ဆိုတာနဲ့ စတဲ့ ကဗျာလေး။ ခေါင်းစဉ် မမှတ်မိတော့ဘူး။

ပထမဦးဆုံးတက်ခဲ့တဲ့ကျောင်း
မြစ်ဝကျွန်းပေါ်ဒေသ မြို့လေးတမြို့ရဲ့ အထက ကျောင်းလေးတကျောင်းမှာပါ။

ပထမဦးဆုံးဆရာမနာမည်
သူငယ်တန်းက ဆရာမပေါ့။ ဒေါ်ကျင်သောင်း တဲ့။ မူကြိုတော့ မတတ်ဖူးဘူး။ အမေ့ကျောင်းမှာပဲ သင်ခဲ့ရတာလေ။

ပထမဦးဆုံးရဖူးသောဆု
ပထမဆု။ သူငယ်တန်းမှာ။

ပထမဆုံးရေးသော ကဗျာ
၎-၃-၂ လေးလုံးစပ်ကလေး တွေကို ၅ တန်းလောက်ကစပြီး အော်တိုစာအုပ်တွေထဲ စရေးတယ်။ ပထမဆုံးကတော့ ဘာလဲ မမှတ်မိတော့။ “နွေမိုးနှင့်ဆောင်း ရာသီပြောင်းလည်း ငယ်ပေါင်းမင်းကိုမမေ့ပါ” ဆိုတာမျိုးတွေပေါ့။ ပို့စကဒ် တွေထဲက ဖတ်ဖူးသမျှရော၊ ကိုယ့်ဘာသာရေးတာရော၊ ပေါင်းပြီး ဖြတ်ညှပ်ကပ်တွေရော ရှုပ်နေတာပဲ။ သူငယ်ချင်းတွေကလည်း သိပ်သဘောကျတာပေါ့။ တခြား ထရာဒေရှင်နယ် ပုံစံတွေကိုတော့ ကဗျာရေးနည်းတွေ ကိုယ့်ဘာသာ လေ့လာတဲ့အခါ လေ့ကျင့်တဲ့အနေနဲ့ ၇တန်း ၈ တန်းလောက်က စရေးဖြစ်ပါတယ်။ ကာရန်တွေ မနည်းစဉ်းစားပြီး ပထမဆုံး အချိုးပုံစံလေး ရလာတဲ့ ကဗျာလေးကို ကောင်းကောင်း မကောင်းကောင်း ၀မ်းသာအားရ သိမ်းထားခဲ့တယ်။ ခေါင်းစဉ်တောင် မရှိဘူး။

ကြိုးစားရင်းကြံ
ရေဆန်မှာလှော်ရမြဲ။
စိတ်ဇွဲခိုင်ခိုင်မာလို့
တို့တတွေတုယူရမယ်
နောင်ရိုးတိုက်ပွဲ။

ပထမဆုံးရေးသော ၀တ္ထု
ဒီပို့စ်မှာ ငယ်ငယ်က ကျောင်းမှာ ၀တ္ထုစာအုပ် သေးသေးလေးတွေရေးပြီး သူငယ်ချင်းတွေကို ငှားတမ်း ကစားတဲ့အကြောင်း ရေးဖူးပါတယ်။ အဲဒီစာလေးတွေကတော့ မရှိတော့ဘူး။ ဒီ့ထက်နည်းနည်းကြီးလာတော့မှ သေသေချာချာ စာရွက်နဲ့ ချရေးဖြစ်တဲ့ ၀တ္ထုတိုလေး တစ်ပုဒ် ပြန်တွေ့တယ်။ နောက်တော့ ဘလော့ဂ်မှာ တင်ပေးဖြစ်မယ်ထင်ပါတယ်။

ပထမဆုံး ကျောင်းမှာ အရိုက်ခံရခြင်း
တခါမှ ဆရာရိုက်တာ မခံရဘူးလို့ ဂုဏ်ယူနေတုန်း ၅ တန်းနှစ်မှာ အတန်းပိုင်ဆရာက ကျောင်းတက်တက်ချင်းနေ့မှာ တတန်းလုံးကို သူ့လက်ရာ မြည်းဖူးအောင် ဆိုပြီး တင်ပါးကို တုတ်အပြားကြီးနဲ့ တစ်ချက်စီ ရိုက်တယ်။ ဘာမှမလုပ်ပဲ သက်သက် အရိုက်ခံရလို့ စိတ်ဆိုးလိုက်တာလေ။

ပထမဦးဆုံး ရင်ခုန်မိသူ
ဝတ္ထုထဲက ဇာတ်လိုက်ပဲ။ ဆရာ နေလင်းအောင်ရဲ့ သိုင်းလောကရဲ့ မကိုဋ်ဥသျှောင် ဇာတ်လမ်းတွဲ ထဲက မာကျင်းဟူ ဆိုတဲ့ ခပ်တုံးတုံးဇာတ်လိုက်ကလေး။ (ငယ်ငယ်က သိုင်းကျမ်းတွေ တော်တော်ကျေတယ်။ အခုတော့ သိုင်းလောကကို ကျောခိုင်းခဲ့တာ ကြာခဲ့ပြီ။)

ပထမဦးဆုံး ကျောင်းပြေးခဲ့သော အချိန်ကာလ
တက္ကသိုလ်ရောက်မှပါ။ ဒါတောင် အတန်းကြီးမှ။ ပြေးမယ့်ပြေးတော့လည်း ဆရာက ဟိုဘက်တချက်လှည့်တုန်း နောက်ပေါက်ကနေ ငုံ့ပြီး လှစ်ခနဲ လက်တလုံးခြား ပြေးတာ။

ပထမဦးဆုံးသောက်ဖူးသော အရက်
၇ တန်းနှစ် စာမေးပွဲဖြေပြီး ကျောင်းပိတ်ချိန် ခြေထောက် ဒဏ်ရာရလို့ လမ်းမလျှောက်နိုင် ဖြစ်သွားတယ်။ ကိုက်ခဲနာကျင်တာပျောက်ပြီး အိပ်ပျော်သွားအောင် ဖေဖေက နည်းနည်းတိုက်ပါတယ်။ ရမ် လို့ထင်တာပဲ။ သံပုရာတွေဘာတွေနဲ့ ရောပြီးတော့ ပြန်ဖျော်ပေးထားတာ အ၀င်မဆိုးပါ။ ရီဝေေ၀ဖြစ်သွားတဲ့ အရသာကိုတော့ အဲဒီကတည်းက ကြိုက်သွားတယ်။

ပထမဦးဆုံးသောက်ဖူးသော ဆေးလိပ်
အဘွားအိမ်မှာ ဦးလေးက ဒူးယား စီးကရက်လေး နည်းနည်း သောက်ပြီး ချထားတာကို မီးပြန်ညှိပြီး ကောက်ဖွာကြည့်လိုက်တာ။ သူပြန်လာတော့ စီးကရက်က တိုနေတာကို တွေ့တော့ စစ်ဆေးပြီး ဆူပါလေရော။ အဲဒီအချိန်မှာ မိုးတွေ အပြင်မှာရွာနေတော့ လိမ်ပြောရင် မိုးကြိုးပစ်မယ် ဆိုပြီး ခြောက်တယ်။ ဘယ်အရွယ်လည်း သေသေချာချာ မမှတ်မိ။ အော်ငိုသေးတဲ့ အရွယ်ပေါ့။

ပထမဦးဆုံးကိုင်ဖူးသော လက်နက်
၃ နှစ်သမီးလောက်က စပြီး လောက်လေးခွလေး ကိုင်ဖူးတယ်။ ကျွဲချိုနဲ့ လုပ်ထားတာ သေးသေးလေး။

ပထမဦးဆုံးထိုင်ဖူးသော လက်ဖက်ရည်ဆိုင်
ဆိုင်နာမည် မမှတ်မိတော့။ နယ်မြို့လေး တခုရဲ့ ကမ်းနားမှာပါ။ မိသားစုနဲ့ အတူထိုင်တာပါ။

ပထမဦးဆုံးဝင်ငွေရှာဖူးသော အလုပ်
အိမ်က စာအုပ်အငှားဆိုင်မှာ ထိုင်တယ်။ ဆိုင်ကတော့ ကိုယ် ၅ နှစ် ၆ နှစ်သမီး အရွယ်ကတည်းက စဖွင့်တယ်။ စာရင်းမှတ်တတ် ရေးတတ်တဲ့ အချိန်က စပြီး ကျောင်းအားချိန်တွေမှာ မောင်နှမတွေအားလုံး မေမေ့ကို ကူလုပ်ပေးတာပါပဲ။ ကိုယ်ပိုင်အလုပ် ဆိုရင်တော့ ဆယ်တန်းအောင်ပြီးခါစက ကလေးတွေကို ကျူရှင်သင်တာ ကိုယ့်ဝင်ငွေစစ်စစ်ပေါ့။

ပထမဆုံး ရည်းစားစာ
ရည်းစားစာဆိုတာ နင့်ကိုချစ်တယ်။ ငါ့ကိုပြန်ချစ်ပါ။ အဖြေပေးပါ။ ဆိုတဲ့ အဓိပ္ပာယ်မျိုး ရေးထားတာကို ပြောတာဆိုရင်တော့ အခုအချိန်အထိ ကိုယ့်အတွက်ရေးတဲ့ ရည်းစားစာ တစ်စောင်မှ မဖတ်ဖူးဘူးလို့ပဲ ၀မ်းပမ်းတနည်း ပြောရတော့မယ်။

ပထမဦးဆုံးရောက်ရှိသော နိုင်ငံခြားတိုင်းပြည်
စင်္ကာပူပါပဲ။

ပထမဦးဆုံးစိတ်ဝင်စားမိသော နိုင်ငံရေးဝါဒ
ကွန်မြူနစ်ဝါဒ။

ပထမဆုံးစီးရသော ဘတ်စ်ကား
ရန်ကုန်မှာပေါ့။ ၄၅ ကား။ မြို့ထဲကနေ လှည်းတန်းကို သွားတာ။

ပထမဆုံးအကြိမ်ထီပေါက်ခြင်း
မပေါက်ဖူးဘူး။ ကံကောင်းပြီး အလွယ်တကူ ဘာမှ မရတတ်ဘူး။

ပထမဆုံးရောက်ဖူးသော ပင်လယ်ကမ်းခြေ
နာမည်မကျော်ကြားတဲ့ မြစ်ဝကျွန်းပေါ် ရွာလေးတရွာက ကမ်းခြေပါ။ ၀ါဆိုလှိုင်းခုန် ထွက်ခဲ့ကြတာ။ တော်တော်ငယ်ပါတယ်။ ၂ တန်းနှစ်လောက် ထင်တာပဲ။ ရွာတန်းထဲနေ အကြာကြီး လမ်းလျှောက်သွားပြီးမှ ပင်လယ်ကို လှမ်းမြင်လိုက်ရတာ ပျော်လိုက်တာလေ။


အွန်လိုင်းကမ္ဘာနှင့် ပတ်သက်သမျှ

ပထမဦးဆုံး ရီဂျစ်စတာလုပ်သော ဖိုရမ်
မောင်း လို့ခေါ်တဲ့ မှုန်ရွှေရည်။ ၂၀၀၄ အစောပိုင်းကပေါ့။ ဒါပေမယ့် ၀င်မရေးဖြစ်ဘူး။ ပုဂံခေတ်ကတော့ မမီလိုက်ဘူး။ သိတဲ့အချိန်မှာ ပျက်သွားပြီ။ နောက် ၂၀၀၄ မှာပဲ ပလန်းနက်ကို ၀င်တယ်။ ဒါလည်း ဖတ်ပဲဖတ်ပါတယ်။ ၀င် မရေးဖြစ်။ ၀င်ရေးဖြစ်တဲ့ ဖိုရမ်ကတော့ ရတနာမှာ အတော်များများ၊ နေးတစ်မှာ နည်းနည်းပါးပါး။ ရတနာက ပျက်သွားပြီ။ အခုတော့ ဖိုရမ်တွေ ၀င်မဖတ်ဖြစ်တာ ကြာပြီ။

အွန်လိုင်းတွင် မြန်မာစာဖြင့် ပထမဦးဆုံး စ ချက် ခြင်း
၂၀၀၅ နှစ်ကုန်ပိုင်းလောက်။ ချက်သူငယ်ချင်းက ကဒေါင်းညင်သာ (အဲဒီတုန်းက ဒင်းနာမည်က တမျိုး)၊ ဂျီတော့ခ် မသုံးသေး။ Yahoo messenger မှာ A type writer ဖောင့်နဲ့ ချက်တယ်။

ပထမဦးဆုံး ဘလော့ဂါသူငယ်ချင်း
ဒါလည်း ငဒေါင်း လို့ပဲပြောရမှာပဲ။ ဘလော့ဂ်တွေ ပေါ်လာတော့ သူက ကိုယ့်ထက် ဘလော့ဂ်ရေးတာ နည်းနည်းစောထားတော့ ကိုယ်ရေးတဲ့အချိန်မှာ သူက ဘလော့ဂါဖြစ်နေပြီကိုး။

ပထမဦးဆုံးသွားရောက်လည်ပတ်ဖူးသော ဘလော့ဂ်
မောင်လှနဲ့ ညီလင်းဆက် တယောက်ယောက်ပဲ။ ဘယ်သူ့အရင်လည်း မမှတ်မိတော့။ ဖိုရမ်တွေကတဆင့် ခြေရာခံခဲ့တယ်။

ဘလော့ဂ်ထဲမှာ ပထမဦးဆုံးတင်တဲ့ ပို့စ်
ကျေးဇူးတင်စကား ပါ။

ဘလော့ဂ်ထဲမှာ ပထမဦးဆုံးတင်တဲ့ ကဗျာ
သင်္ကြန်တေး တဲ့။

ဘလော့ဂ်ထဲမှာ ပထမဦးဆုံး တင်တဲ့ ၀တ္တု
မျှော်လင့်ချက်မပါတဲ့ အိပ်မက် ဆိုတဲ့ ၀တ္ထုလိုလို အက်ဆေးလိုလိုဟာလေးပါ။

ပထမဦးဆုံး ကွန်မန့်
မောင်ဒေါင်းပဲ အရင်ဆုံး လာအားပေးခဲ့တာပါ။


ဒီလောက်ဆို ကျေနပ်မှာပေါ့နော်။ ပုံရိပ် ရေးနိုင်ရင်တော့ ရေးစေချင်ပါတယ်။

ပန်ဒိုရာ



Expand..

Sunday, September 21, 2008

ကမ်းခြေတွင်ရှာဖွေခြင်း



မှောင်ရီသန်းစပြုပြီ။ သဲဖြူဖြူတွေနှင့် သောင်ကမ်းက ခပ်ပြေပြေ။ အုန်းပင်တွေကတော့ သိပ်မများပါ။ သဘာဝထက် တကူးတက စိုက်ထားသည်ဟု ထင်ရသည်။ မည်သို့ပင်ဖြစ်စေကာမူ ရေပြင် သဲသောင်နှင့် လွတ်လပ်နေသော ကောင်းကင်ကျယ်ကို တွေ့ရလျှင် ကိုယ်က၀မ်းသာလှပြီ။

ကမ်းခြေတွေမှာ စိတ်ကိုလွှတ်ကာ ငေးရတာကို ၀ါသနာပါသည်။ ရေပြင်အကျယ်ကြီးကို ကြည့်ရလျှင် ဘယ်နှစ်ခါကြည့်ကြည့် မ၀နိုင်။ သည်လို နှစ်သက်တတ်တာကို ကိုယ့်ကိုယ်ကို သဘောပေါက် လာခဲ့တာလည်း တကယ်တော့ သိပ်မကြာလှသေး။ ကိုယ်ဘာကြိုက်သလဲ ဆိုတာ မိမိဘာသာ သိမြင်လာဖို့ တခါတလေတော့ အချိန် တော်တော်ကြာကြာ ယူတတ်သည်လေ။



သည်လို ရေပြင် မျိုးစုံကို မရေမတွက်နိုင်အောင် မြင်ဖူးခဲ့ပြီ။ ရွှံ့လတာပြင် ရေစပ်စပ်နှင့် ချောင်းကျဉ်းကျဉ်းများ၊ တာဘောင်မို့မို့ ၀န်းရံကာ တည်ငြိမ်နေသည့် ရေကန်များ၊ လှမ်းမြင်နေရသည့် ကမ်းနှစ်ဘက်ကြားမှာ စီးဆင်းနေသော မြစ်ကြောင်းရှည်ရှည်များ၊ အဆုံးကို မမြင်ရသော ကျယ်ပြောသည့် ပင်လယ်များ။ ဒါတွေကြားမှာ ယဉ်ပါးကြီးပြင်းခဲ့ရသည်။ ဒါတွေနှင့် ပတ်သက်သည့် ချရေးမိသောစာများနှင့် ဖမ်းယူခဲ့သော ပုံရိပ်များလည်း များလှပြီ။

ပင်လယ်ကမ်းခြေလှလှသည် တချို့လူများအတွက် ဇိမ်ခံစရာဖြစ်သည်။ တချို့အတွက် မရှိမဖြစ် ၀မ်းစာရှာရာ ဖြစ်သည်။ ကျေနပ်စရာဖြစ်သည်။ ချစ်စရာဖြစ်သည်။ ကြောက်စရာလည်းဖြစ်သည်။ ရေပြင် မြေပြင်နှင့် လေထုတို့၏ ပေါင်းဆုံမှုသည် အံ့သြဖွယ် အလှတရားကို ဖန်တီးနိုင်သလို ပြင်းထန်သော အင်အားကိုလည်း ဖွဲ့စည်းဖြစ်ပေါ်စေတတ်သည်။ ကောင်းကင် တိမ် ရေပြင် သဲသောင်တို့၏ ဆည်းဆာအလှတွင် နစ်မျောနေသူ ကိုယ်တိုင်ပင် မကြာခင်ကာလတခုက ထိုအရာများ စုပေါင်းကာ ကြမ်းတမ်းသွားသော ဆိုးကျိုးများဝယ် နာကျင် ပူလောင်ခဲ့ရသေးသည် မဟုတ်ပါလား။ အခုတော့လည်း သူတို့ အလှတရားကပင် ပူလောင်မှုကို တဒင်္ဂဖြစ်စေ အေးချမ်းသွားစေခဲ့ပြန်ပြီ။



သို့သော် အရင်းစစ်လိုက်လျှင် သဘာဝကို ပြုပြင်မွမ်းမံသူ သို့မဟုတ် ဖျက်ဆီးသူ ကိုယ်တိုင်ကိုက လူတို့ပင် ဖြစ်နေပြန်သည်။ ရေမြေတောတောင် သဘာဝကို မုန်းတီး အပြစ်တင်ရမည့်အစား လူတို့ကိုယ်တိုင်ကိုသာ အပြစ်ပုံရတော့မည်လား။ သို့ပေမယ့် လူဆိုသည်ကလည်း လူ့သဘာဝနှင့်ပင်။ လောဘ၊ ဒေါသ၊ တကိုယ်ကောင်းဆန်မှု၊ ရက်စက်မှု၊ မိုက်မဲမှု စသည်တို့ကို အသိဥာဏ်၊ ချစ်ချင်းမေတ္တာ၊ စာနာမှု၊ စွန့်လွှတ်တတ်မှု တို့နှင့် ပူးတွဲ ပိုင်ဆိုင်ခဲ့ကြသည်။ ပြီးတော့ အချိုးမညီ အသီးသီး ကွဲပြားခဲ့ကြသည်။ သက်မဲ့လောက ရေမြေတောတောင် သဘာဝကို အပြစ်မယူလျှင် လူ့သဘာဝကြောင့် အမှားများကိုရော မည်သည့် အတိုင်းအတာအထိ ခွင့်လွှတ်နိုင်ကြမှာလဲ။ လူလုပ်အမှားများက အမှားလုပ်ခဲ့သူများအပေါ် တိုက်ရိုက် ထိခိုက်လာသောအခါ ခွင့်လွှတ်ခြင်းနှင့် ပတ်သက်သည့် အဘိဓမ္မာတရပ်ကို သဘာဝကပင် ပြန်လည် သင်ပြပေးနိုင်လိမ့်မည်ဟု ထင်ပါသည်။

ရေပြင်ကို စိုက်ကြည့်လိုက်လျှင် ရေလှိုင်းတွေ တလိမ့်လိမ့်ကြားမှာ ကောင်းကင်၏ အရိပ်ကို မြင်ရသည်။ ကောင်းကင်ထဲမှာရော လှိုင်းတွေ ရောင်ပြန်လှုပ်ခတ် နေလေမလား။ ငေးမောနေခိုက်မှာပင် နေလုံးကြီးက တရွေ့ရွေ့ဝင်စပြုပြီ။ အေးမြနေဆဲ ပင်လယ်လေကလေး တသုတ်ကတော့ ကိုယ့်ပါးပြင်ပေါ် တွန်းတိုက် ဖြတ်ကျော်ပြီး ဆက်လက် ထွက်ခွာသွားလေသည်။ လေပြည်ကလေးသည် ကိုယ့်ဆီမှာ တခုခုကို ချန်ထားခဲ့သလား။ ကိုယ့်ထံက တခုခုကို ယူကာ တနေရာရာသို့ သယ်ဆောင်သွားလေသလား။ ကိုယ်သေသေချာချာ ဆက်တွေးမကြည့်ခဲ့တော့ပါ။





ပန်ဒိုရာ

Expand..

Sunday, September 14, 2008

မစ်ကီမောက်စ်



Paint ထဲမှာ ဆွဲသည်။ Touchpad မှာ လက်ညိုးလေး ထောက်ကာ ဆွဲသည်။

Expand..

Friday, September 12, 2008

ဗိုလ်လုပ်ချင်တဲ့ကောင်




ဗိုလ်လုပ်ချင်တဲ့ကောင်

သွေးထွက်သံယို
ကြောက်တတ်တဲ့လူကိုမှ
လက်နက်ဆင် တံဆိပ်ကပ်
သတ်ကွင်းထဲပစ်ချလိုက်တယ်
အချစ်ကပြဌာန်းတယ်
ခေတ်ကပြဌာန်းတယ်
ဘ၀ကပြဌာန်းတယ်
ကိုယ့်ဆုံးဖြတ်ချက်ကပြဌာန်းတယ်
ကြီးကြီးကျယ်ကျယ်တော့လည်း မဟုတ်ပါဘူး
တခါတခါ
လေပြင်းထန် မိုးစိုရွှဲလို့
အဖြူနဲ့ အမည်း
ခွဲကြတဲ့ပွဲတွေမှာ
တုန်ချိချိနှလုံးကို မဲ့ပြုံးနဲ့ဖုံးရင်း
ဲဗြုန်းဆိုရောက်လာတဲ့သေနတ်နဲ့
ဆတ်ခနဲ ပစ်ချုပြလိုက်ရတဲ့အခါ
လွယ်သလား ခက်သလား
လွယ်သလား ခက်သလား
အဲဒီ ဇာတ်ကားထဲက ဗိုလ်အောင်ဒင်ကို
စာနာသနားစိတ်ဝင်သွားခဲ့တယ်။

ပန်ဒိုရာ




Expand..

Sunday, September 7, 2008

ကိုယ်မပြောချင်တဲ့ ကိုယ့်အကြောင်း

မမကြီး မခင်မင်းဇော်က tag ထားတာပါ။ ကျောင်းတုန်းကတော့ ဒါမျိုးတွေ ရေးဖို့ အတတ်နိုင်ဆုံး ရှောင်တယ်။ ကိုယ့်အကြောင်း ရေးမယ့်အစား သူတို့အတွက် အမှတ်တရ စကားဖြစ်ဖြစ် ကဗျာလေးတွေဖြစ်ဖြစ် ရေးပေးတတ်တယ်။ သို့သော် အခုတော့ ချစ်ခြင်းအားဖြင့် ရေးလိုက်ပါတယ်။


နာမည် - ဒီမှာတော့ ပန်ဒိုရာပေါ့။
သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - မပန်၊ ပန်၊ ပန်ပန်၊ ပန်ဒို၊ ဒိုရာ၊ ပန်ဒိုရာ၊ ပန်ဒိုယာ၊ မမပန်၊ ချစ်မမပန်၊ မကြီးပန်၊ ဒေါ်ဂျီးပန်၊ ဒေါ်လေး၊ ဒေါ်ပန်လေး၊ မယ်ပန်၊ စသည်ဖြင့်…။
ကိုယ်ဒီမှာ နေတယ် - အိမ် ဆိုတဲ့ အရပ်မှာ မဟုတ်ဘူး။
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဆက်ရင် မမူးနဲ့၊ မူးရင်လည်း မရစ်နဲ့။

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အစိမ်းကိုနှစ်သက်။ အဖြူကို ချစ်တယ်။ အနက် ၀တ်ဖြစ်တယ်။ ခုနောက်ပိုင်း အပြာတွေကို သဘောကျတတ်လာတယ်။ သို့သော် ပစ္စည်းမှာ မူတည်ပြီး သင့်တော်တဲ့ အရောင်ကို ရွေးတယ်။
အ၀တ်အစားဆိုရင် - ကာလံ ဒေသံမှာ မူတည်တယ်။ ပေါ့ပါးတဲ့ အချိန်လည်းရှိ စမတ်ကျတဲ့ အချိန်လည်းရှိ ပဲများတဲ့ အချိန်လည်းရှိ။

အစားအစာဆိုရင် - ရောက်ရာအရပ်မှာ ရှိတာကို ၀င်အောင်စားပါတယ်။ အသီးအရွက် နဲ့ ပင်လယ်စာ ပိုကြိုက်တယ်။ မြန်မာလို ချက်ပြုတ်တာကို ပိုကြိုက်ပါတယ်။
ပစ္စည်းဆိုရင် - လောလောဆယ်တော့ အီလက်ထရွန်းနစ် ပစ္စည်းတွေ အသစ်ပေါ်သမျှ လိုချင်နေတယ်။ မိန်းကလေးတိုင်း ကြိုက်တတ်တဲ့ ဖိနပ်တို့ လက်ကိုင်အိပ်တို့ ရေမွှေးတို့လည်း အမြဲ ကြည့်မိတာပါပဲ။ လောဘ လောဘ..။
သီချင်းဆိုရင် - အမျိုးအစား မခွဲပဲ ကြိုက်ပါတယ်။ (တကယ်က အမျိုးအစားတွေလည်း သိပ်မသိလှပါဘူး။) ခံစားချက်နဲ့ တိုက်ဆိုင်လာရင်တော့ ပိုကြိုက်တာပေါ့။ လောလောဆယ်တော့ Madonna ရဲ့ သီချင်းအေးအေး တပုဒ်ကို မကြာခဏ နားထောင်နေမိတယ်။
စာရေးဆရာ - ပြည်တွင်းရော ပြည်ပရော အများကြီးပဲလေ။
စာအုပ် - ဒါလည်း အများကြီးပဲ။ ရသစာထဲမှာ ဆိုရင်တော့ လောလောဆယ် စိတ်ထဲရောက်နေတာက တဂိုးရဲ့စာတွေရယ် စိတ္တရလေခါရယ်။
Life style - အေးဆေးနေချင်တာပေါ့။

ကိုယ့်ရဲ့ ၀ါသနာ - စာရေးခြင်း၊ စာဖတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း။ တောင်ခြစ်မြောက်ခြစ် ပုံဆွဲခြင်း။ အခုနောက်ဆုံး ၀ါသနာကတော့ ပင်လယ်ကမ်းခြေတွေမှာ ငေးမောခြင်း။
အလိုချင်ဆုံး လက်ဆောင် - ဘာမှမလိုချင်ဘူး။
ကိုယ့်ရဲ့ အချစ်ဆုံးသူက - ကိုယ့်ကိုယ်ကိုပဲ ဖြစ်နေသေးတယ်။
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ရှာဖွေနေတုန်းပဲ။
ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - တစ်ယောက်ပြီး တစ်ယောက်။ (ဒီကမ္ဘာကြီးထဲမှာ ခင်စရာ ကောင်းသူတွေက ထပ်ထပ် တွေ့လာတာကိုး။)
ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက - ပန်ဒိုရီကတော့ အတိုင်းအတာ တစ်ခုအထိ နားလည်ကောင်း နားလည်ပါလိမ့်မယ်။
ကိုယ့်ရဲ့ အမုန်းဆုံးသူက - မမုန်းမိအောင် နေနေတယ်။
ရင်အခုန်ဆုံး အချိန် - တာဝေးဝေးပြေးပြီးရင်။ ဟောဟဲ…။
အကြောက်ဆုံး အချိန် - သူတို့ ကိုယ့်ကို စိတ်ဆိုးမှာကို။
အပျော်ဆုံး အချိန် - သူတို့ကို ပျော်အောင် လုပ်ပေးနိုင်ချိန်။
အမှတ်တရနေ့ - တို့ကမေ့တတ်တယ်။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။

အချစ် ဆိုတာ - စေတနာ။ ရင်ထဲမှာပဲ ထားတဲ့အရာ။
အမုန်း ဆိုတာ - မကောင်းဘူး။
အလွမ်း ဆိုတာ - မြူတွေလိုပဲ။ လှတော့လှတယ်။
သံယောဇဉ် ဆိုတာ - ဖြစ်လွယ်ပျက်လွယ်။
ဘ၀ ဆိုတာ - ပေးထားချက်များကြားမှာ မသေခင် ရှင်သလောက် နေထိုင်ခြင်း။
သူငယ်ချင်း ဆိုတာ - တူတာတွေလည်းရှိ မတူတာတွေလည်းရှိ။
ချစ်သူ ဆိုတာ - ကိုယ်ကချစ်တဲ့သူ။
ကိုယ့်ကိုယ်ကို ဒီလို ထင်တယ် - ဘာမှမထူးဆန်းဘူး။
ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - ဘာမှ လက်မစွဲချင်ပါဘူး။ လေးတယ်။
အပြောချင်ဆုံး စကားတခွန်း - စိတ်ကောင်းကောင်းထားပါ။



ပန်ဒိုရာ ဘာကောင်လဲ ဆိုတဲ့ ပို့စ်မှာလည်း ရှာဖွေကြည့်နိုင်ပါတယ်။



Expand..

Friday, September 5, 2008

တိမ်ကိုငုံ့မိုး

ခေါင်းစဉ်ကိုဖတ်လိုက်လို့ ဆရာနှင်းခါးမိုးရဲ့ “တိမ်ကိုငေးမော” ကဗျာကို နောက်ထားတာလို့တော့ မထင်ပါနဲ့နော်။ လေယာဉ်ပေါ်ကနေ ငုံ့မိုးပြီး ရိုက်ထားတဲ့ ပုံတွေမို့ပါ။ အနားသတ်ကမ်းစပ် မရှိတဲ့ ကောင်းကင်မှာ တိမ်ကလေး တအုပ်နှစ်အုပ် တလှုပ်လှုပ် ဖြတ်ပြေးစဉ်ကပေါ့…


နောက်ထပ်ပုံတွေ အောက်မှာ ရှိပါသေးတယ်။

















Expand..