သားရေကွင်းကလေးတွေနဲ့ပင် ကစားနည်းကစုံလို့။ အကိုရယ် သူ့သူငယ်ချင်းတွေ ရယ်နှင့် ဆိုလျှင် လမ်းမမှာ ၀ါးခြမ်းပြားတိုလေး စိုက်၊ တစ်ယောက်ကို ဘယ်နှစ်ကွင်းကျဆိုပြီး အဲဒီမှာတင်။ သတ်မှတ်ထားတဲ့ အဝေး တစ်နေရာကနေ အလှည့်ကျပစ်။ သားရေကွင်း ထွက်ကျသွားအောင် ပစ်နိုင်ရင် ပစ်နိုင်သူကယူ။ နောက်တစ်မျိုးက စည်းဝိုင်းကလေး ၀ိုင်းပြီး သားရေကွင်းကလေးကို အဝေးက တစ်ကွင်းချင်း လက်ဝါးပေါ် တင်ပြီး တစ်ယောက်တစ်လှည့် ပစ်ချ။ ကွင်းလေးအချင်းချင်း ထပ်သွားလျှင်ယူ။ မိုးတွေဘာတွေရွာလို့ အိမ်အောက် မဆင်းရဘူး ဆိုလျှင်တော့ နံရံမှာ သံတစ်ချောင်းစိုက် သားရေကွင်းတွေချိတ် အဝေးကလှမ်းပစ်။ ပြုတ်ကျလျှင်ယူ။
မိန်းကလေးတွေ ကစားနည်း ကျတော့တမျိုး။ သားရေကွင်းတွေ အများကြီး ချိတ်ဆက်ကာ ကြိုးလုပ်သည်။ ပြီးတော့ နှစ်ယောက်က ကြိုးတစ်ဖက်တစ်ချက်မှာ ကိုင်ထားပြီး တစ်ယောက်က ကြိုးပေါ်မှာ ခုန်သည်။ ခုန်ပုံခုန်နည်းက အဆင့်ဆင့်။ သတ်မှတ်ထားသော ပုံစံမျိုးစုံနှင့်။ ကြိုးတန်းက တဖြေးဖြေး မြင့်လာသည်။ ခုန်နေတုန်း အမှားဖြစ်သွားလျှင် ကိုယ်က ကြိုးတန်းကိုင်လုပ်။ သူများက ခုန်။ တခါတလေကျတော့ ယောင်္ကျားလေးတွေပါ လာကစားသည်။ မူလတန်းအရွယ်က နေ့လည်စာစားချိန်တွေမှာ ဒီကစားနည်းက ကျောင်းမှာ တော်တော် ခေတ်စားသား။
သားရေကွင်းနဲ့ကစားနည်းလို ဆန်ဆန် တခြားနည်းတွေရှိသေးသည်။ ရွှံ့ဖြင့်လုပ်သော လောက်စာလုံး ဖန်ဂေါ်လီ ၀မ်ဒိုးဟု ခေါ်သောအလုံးမျိုးစုံ ရှိသည်။ အဲဒီလို အလုံးလေးတွေကို စုပုံကာ လှိမ့်သည်။ ကျင်းတူးပြီး ၀င်အောင်လှိမ့်သည်။ တခါတလေ ဂျင်ပေါက်သည်။ ဂျင်ကတော့ သံချောင်းပါလို့ နည်းနည်း အန္တရာယ်ရှိသည်။ ဒိုးထိုးသည်။ မန်ကျည်းစေ့ ခရေစေ့များနှင့် ဇယ်တောက်ကစားနည်း။ အပုံပုံကာ အကွက်ရွှေ့ကစားနည်း ဒါတွေရှိသေးသည်။
မိန်းကလေးဆန်ဆန် စွဲစွဲလန်းလန်း ကစားတာ တစ်ခုကတော့ အရုပ်တမ်း ကစားသည်ဟု ကိုယ့်ဖာသာခေါ်ကြသော ကစားနည်း ဖြစ်သည်။ စက္ကူကို ရှည်ရှည်လေးခေါက် ပြန်ချိုးချပြီး လက်ပုံစံ စက္ကူချောင်းကလေးကို ညှပ်ထိုးကာ မျက်နှာပုံကိုရေးဆွဲပြီး အရုပ်ကလေး လုပ်သည်။ ပြီးတော့ အ၀တ်စလေးတွေ ညှပ်ကာ အကျီအ၀တ်အစား မျိုးစုံဆင်သည်။ စက္ကူဗူးတွေ စုဆောင်းကာ အိပ်ခန်း ဧည့်ခန်း စသည်ဖြင့် အိမ်ဆောက်သည်။ အခုခေတ်လို ဘာဘီရုပ်တွေ ၀မ်းဆက် ဈေးကြီးပေး ၀ယ်ခဲ့ရသည်မဟုတ်။ အားလုံး ကိုယ့်ဖာသာ လုပ်ကြသည်ချည်း။ အရုပ်ပိုင်ဆိုင်သမျှ ကိုယ်တကယ်ပိုင်ရသလို ပျော်ရသည်။
ကလေးတွေ စုမိပြီး လူစုံလျှင် စနေတနင်္ဂနွေလို ပိတ်ရက်ကို အသေအချာ ကြိုချိန်းကာ ကစားကြသည့် ကစားနည်းတွေလည်း ရှိသေးသည်။ တစ်နည်းကတော့ မုန့်ဈေးရောင်းတမ်း။ အဲဒါက အစကတည်းက ကိုယ်ဘာရောင်းမည်ဆိုတာ ကြိုညှိထားကြရသည်။ ထမင်းဟင်း ရောင်းမည့်လူနှင့်၊ ခေါက်ဆွဲကြော် ရောင်းမည့်လူနှင့်။ ကုန်ကြမ်း ရောင်းမည့်လူက ရှိသေးသည်။ အဲဒီကစားနည်းဆိုလျှင် အိမ်လမ်းကြား တစ်ခုခုမှာ ကိုယ့်နေရာဖြန့်ခင်း ပြီး ဈေးတန်းကြီး လုပ်ကြသည်။ ပစ္စည်းပစ္စယ အတော်လိုသည်။ လူများဖို့လည်း လိုသည်။ ခင်းထိုင်စရာ ပလတ်စတစ်ပြား ထိုင်ခုံ အိုးခွက်ပန်းကန် ခင်းကျင်းကြ။ သစ်ရွက်ကလေးတွေ အသီးလေးတွေ ပန်းပွင့်ကလေးတွေ လှီးကြချွတ်ကြ ။ သဲတွေ ရေတွေလည်းပါပေါ့။
အဲဒီလို ချိန်းပွဲကစားတာတွေမှာ မည်သူမှ သိပ်ကစားဖူးမည် မထင်တာကတော့ ကတန်းခုန်တန်း ကစားတာ ဇာတ်ထောင်တာ ဖြစ်သည်။ အဲဒီနည်းက အကိုအမ ၀မ်းကွဲတွေ ငယ်ငယ်ကတည်းက စခဲ့တာဖြစ်သည်။ အမျိုးတွေရှိသော နယ်ကို သွားလည်လျှင် အဲဒီမှာ အသက်ဆယ်နှစ်ကျော်ကျော် အကိုဝမ်းကွဲ သူဌေးသား တစ်ယောက်ရှိသည်။ ဇာတ်ပွဲတွေ စတိတ်ရှိုးတွေ ကြည့်ပြီးလျှင် သူကပိုးမသေ။ ဘက်ထရီမီး အ၀တ်အစား တီးမှုတ်တူရိယာ အားလုံး စပွန်ဆာလုပ်ကာ ပွဲထောင်သည်။ ကလေးတွေဆော့သောပွဲကို လူကြီးတွေပါ လာကြည့်ကြသည်။ ငယ်ငယ်က သူ့ကို အားကျသည်။ ကိုယ် ငါးတန်းအရွယ်လောက် ရောက်လာတော့ အိမ်က အစ်ကိုအပါအ၀င် သူငယ်ချင်းတွေကို စည်းရုံးသည်။ ဖျော်ဖြေမည့်သူက ဖျော်ဖြေဖို့ လာကြည့်မည့် သူကလည်း လာကြည့်ဖို့။ အိမ်မှာကလည်း တီးမှုတ်တူရိယာ အတော်များများရှိသည်။ ပုဝါတွေ အ၀တ်အစားတွေ စုဆောင်းကြ။ ရေဆေးရောင်စုံ ဗူးကလေးတစ်ခု ရှိတော့ ဆိုင်းဘုတ်တွေ နဖူးစည်းတွေ ဘာတွေ စာလုံးဖောက် ရေး။ ဇာတ်ညွှန်းရေး ဇာတ်တိုက်။ အမယ်.. သီချင်းတောင် စပ်လိုက်ကြသေးသည်။ ဒီကြားထဲ စိတ်ကောက်သူနှင့် အိမ်ကသိသွားလို့ အဆော်ခံရသူနှင့် ဇာတ်ခေါင်းခဏခဏ ကွဲကြရသေးသည်။
နောက်တစ်နည်း ကြံကြံဖန်ဖန် ကစားတာကတော့ ပန်ဒိုရာဟု တောင်ရေးမြောက်ရေး လျှောက်ရေး ဖြစ်လာမည့် အလောင်းအလျာလေးက ဗီဇပြခြင်း ဖြစ်သည်။ စာပေကို ၀ါသနာပါသော ဖေဖေက ကိုယ်ငယ်ငယ်က စာအုပ် အရောင်းအငှား နှင့် စာရေးကိရိယာ ဆိုင်ကလေး အိမ်မှာ ဖွင့်ထားသည်။ ပန်ဒိုရာသည် စာအုပ်တွေကြား ကြီးပြင်းလာခဲ့ရသည်ဟု ပြောနိုင်သည်။ ကျောင်းအားချိန်မှာ စာအုပ်ဆိုင်လည်း ကူထိုင်ရသည်။ အဲဒီ ငါးတန်းနှစ်လောက်မှာပဲ ဖတ်ရုံတင်မက ရေးချင်တဲ့ပိုးက ရွလာသည်။ ဗလာစာရွက်များကို လေးခေါက်ခေါက် စာအုပ်ကလေး ဖြစ်အောင်ချုပ်ကာ တိုလီမုတ်စတွေ ရေးတော့သည်။ ၀ါသနာတူ သူငယ်ချင်း တစ်ယောက်ကို စည်းရုံးသည်။ ပြီးတော့ နှစ်ယောက်ပေါင်းကာ စာအုပ်ပေါက်စကလေးတွေကို အတန်းထဲမှာ သူငယ်ချင်းတွေကို ငှားစားသည်။ သူတို့က ဖတ်ချင်လျှင် ဗလာစာရွက် အလွတ်နှင့် ပေးချေကာ ငှားရသည်။ အဲဒီရလာသော စာရွက်လွတ်များမှာ ကိုယ်တို့က အသစ်ထပ်ရေးနှင့် ဟန်ကိုကျလို့။ နေပါဦး .. အဲဒီတုန်းက ကလောင်နာမည် .. တက္ကသိုလ် ပန်ဦးတဲ့ … ဟားဟား။ သူငယ်ချင်းနာမည်ကလည်း တက္ကသိုလ် တော့ ပါသည်။ မေ့သွားပြီ။ ကလေးတွေ ကြံကြံဖန်ဖန်။ အခုပန်ဒိုရာ နာမည်ယူတော့ အဲဒီတုန်းက တက္ကသိုလ် ပန်ဦးကို မေ့နေသည်။ ပန်ချင်း တိုက်တိုက်ဆိုင်ဆိုင်။ အခုဒီစာရေးမှ သတိရသည်။
အဲဒီကိစ္စတွေ ငါးတန်းကျောင်းပိတ်ခါနီးမှာ နိဂုံးချုပ်သွားပုံကတော့ ဒီလို။ ပန်ဒိုရာက အဲဒါတွေလုပ်နေတာကို အိမ်ကသိသွားမှာတော့ ရှက်သည်။ အစ်ကိုကိုလည်း ပြန်မပြောဖို့ ပိတ်ထားသည်။ စာအုပ်ကလေးတွေ အားလုံးကို သူငယ်ချင်း တစ်ယောက်ထံမှာ အပ်ထားသည်။ ကျောင်းဆင်းလျှင် သူက သိမ်းပေးသည်။ တနေ့တော့ သူ့အဖေက တွေ့သွားသတဲ့။ ကလေးတွေဖြစ်ပြီး ၀တ္တုတွေ ချစ်ကြောင်းကြိုက်ကြောင်း ပါတာတွေ ရေးရမလား ဆိုပြီး သတင်းစာလို့ရေးထားတဲ့ စာအုပ်ကလေး တစ်အုပ်ကလွဲလို့ ကျန်အားလုံး ဖြဲဆုတ်လိုက် သတဲ့။ အဲဒီခေတ်က အပြင်စာဖတ်လျှင် ကလေးတွေ ရည်းစားထားမည်စိုးကာ တချို့မိဘတွေက တားမြစ်ချင်သော ခေတ်ပေကိုး။ အခုတော့ ဘာအမှတ်တရမှ မကျန်ခဲ့တော့ပါလေ။
နောက်ထပ် လူအများနဲ့ ကစားသည့် ကစားနည်းတွေကတော့ အားလုံး ကစားဖူးမည့် ရွှေစွန်ညို ၀ိုင်းကြီးပတ်ပတ် ထုတ်ဆီးတိုးတမ်း ဖန်ခုန်တမ်း စစ်တိုက်တမ်း ။ နည်းနည်းပိုပြီး အားကစားဆန်လာတာကတော့ ဘောလုံးကန် ကြက်တောင်ရိုက် ကျားထိုး စစ်တုရင်ထိုး။ အစ်ကိုနဲ့က မတိမ်းမယိမ်းဆိုတော့ ပေါက်ကရလုပ်ဖို့ တော်တော် အဖော်ရသည်။ ဘယ်မှ မထွက်ရဆိုလျှင်လည်း မောင်နှမနှစ်ယောက် အင်ဒိုး ကစားဖို့တော့ အဖော်ရနေသေးတာပဲ။ မောင်လေးကိုတော့ ငယ်ငယ်က တော်တော်ရှုပ်သည်ထင်သည်။ သူ့ကိုမခေါ်လို့လည်း မရ။ ကစားဖို့ သူငယ်ချင်းတွေဆီသွားလျှင် ကလေးပါခေါ်သွားဟု မေမေက တခါတည်း ကလေးထိမ်းခိုင်းသည်။ ကိုယ်က သိပ်မကြည်။ နောက်ပိုင်း သူတော်တော်လေး ကြီးလာတော့မှ ကစားတာ နည်းနည်း အဖော်ရ လာသည်။
နောက်ထပ် ကစားနည်းတွေ ပြောရမည်ဆိုလျှင် တကယ်တော့ အများကြီး ကျန်သေးသည်။ မှန်ကို နေရောင်မှာ ထိုးကာ ပလတ်စတစ် အရုပ်ကလေးများချ ပိတ်ကားထောင်ကာ ရုပ်ရှင်ပြတန်းတို့။ စက္ကူလှေ သစ်သားလှေ ကလေးတွေ ရေမြောင်းထဲ လွှတ်တာတို့၊ သဲအိမ်ကလေးတွေဆောက်တာတို့ စသည် စသည်။ နည်းနည်း လူကြီးဆန်ကာ ညစ်လာသည့် ဖဲရိုက်တာ ကက်ဆွဲတာလို ကစားနည်းကတော့ ရှစ်တန်း ကိုးတန်း အရွယ်လောက်မှ စတတ်မြောက်သည်။ အဲဒီအရွယ်ကတော့ ကလေးလေးလို့ မခေါ်နိုင်တော့ ထင်သည်။
ငယ်ငယ်က ကစားပုံ ကစားနည်းတွေဟာ ကြီးပြင်းလာတဲ့ ဘ၀နဲ့ ဘယ်လို ဆက်စပ်မလဲ ဆိုတာ တွေးကြည့်မိ နေသေးသည်။ အဲဒီအချိန်ကတော့ ကစားချိန် လုံလောက်တယ် လို့ကို မထင်လေ။ ကလေးဆိုတာ ကစားရမည် ဆိုလျှင် ၀ သည်လို့ကိုမရှိ မဟုတ်လား။ အခု ပြန်တွေးကြည့်တော့ အခုခေတ် ကလေးတွေနဲ့ ယှဉ်လျှင် ထူးထွေဆန်းပြား ကစားစရာတွေ မရှိသော်လည်း အိမ်ထဲရော အိမ်ပြင်မှာပါ တော်တော် ကစားချိန်ရခဲ့သည်ဟု ဆိုနိုင်သည်။ အပြင်စာတွေ ဆိုလည်း အိမ်မှာ ရှိတာတွေ ဖတ်နိုင်လို့ကတော့ လွတ်လပ်စွာ ဖတ်ခွင့်ရခဲ့သည်ပဲ။ ဒါတွေကြောင့် ကျောင်းစာကိုလည်း မလစ်ဟင်းခဲ့ပါ။ ကျူရှင်လည်း တက်စရာမလို။ အခုကြီးလာတော့ ဘာဖြစ်လာခဲ့သလဲ။ ဘယ်လိုဆက်စပ်သလဲ။
တကယ်တော့ ကလေးဘ၀က ကစားကြတာတွေဟာ ဘ၀သေးသေးလေးတွေကို စိတ်ကူးယဉ်ပြီး အစမ်း တည်ဆောက်ကြည့် နေကြတာ ဟုပင် ပြောနိုင်မည်ထင်သည်။ ငယ်ငယ်က ကစားနည်းတွေမှာလည်း ညှိနှိုင်းရတာတွေ ပါသည်။ စည်းမျဉ်းစည်းကမ်းတွေ ပါသည်။ လောဘလေးတွေ ပါသည်။ ပျော်ရတာတွေ ပါသည်။ ရန်ဖြစ်ရတာတွေ ပါသည်။ နိုင်တာ ရှုံးတာတွေလည်း ပါသည်။ ကစားပွဲ ပြီးတော့လည်း ပြီးသွားတာပဲ။ ကလေးတွေ ကတော့ ဖြူစင်ပါသည်။ အဲဒီလို ကလေးဘ၀က ဘယ်လိုပဲ အစမ်းတည်ဆောက်ခဲ့ ပေမယ့်လည်း အခုကြီးလာတော့ရော လူ့လောကရဲ့ သတ်မှတ်ထားတဲ့ စည်းတွေကြားမှာ လောဘဒေါသတွေ ချုပ်ထိန်းလို့ ဘ၀မှာ နေပျော်အောင် အနေတတ်ပါပြီတဲ့လား။ ပြီးပြီးပျောက်ပျောက်ရော သဘောထား နိုင်ပါသေးရဲ့လား။ အင်း… စိတ်ကူးယဉ်မှုတွေကရော ပြီးဆုံးခဲ့ပြီလား။
အပြင်ကို ငေးကြည့်လိုက်တော့ သစ်ရွက်တွေပေါ်က သွယ်တန်းကျနေတဲ့ မိုးရေစီးကြောင်းတွေကို လေရူးက အပိုင်းပိုင်း ဖြတ်တောက်လို့ ဟိုလွင့်ဒီလွင့်။
ပန်ဒိုရာ
10 comments:
ဝေး....... လာဖတ်သွားပြီ၊ အကြွေးကို အတိုးနဲ့တကွ ထိုက်ထိုက် တန်တန် ပေးဆပ်တဲ့ မပန်ကို ပို ချစ်သွားပြီ၊ မပန် ရေးထား တာတွေ ဖတ်ရတာ တကယ့် ငယ်ဘ၀ကို ပြန်ရောက် သွားသလိုပဲ၊ လေပြေလဲ အသက် တနှစ်ကျော်ပဲကွာတဲ့ အကိုနဲ့ ဆော့ရတာတွေ မပန်နဲ့ မပန် အကို ဆော့သလိုမျိုးပဲ၊ ဇတ်ထောင် တာတော့ မပါဘူး၊ နတ်ပူးတိုင်း ဆော့တာ တော့ ပါတယ်၊ ကျေးဇူးတင်တယ်တော် မပန်၊
"အပြင်ကို ငေးကြည့်လိုက်တော့ သစ်ရွက်တွေပေါ်က သွယ်တန်းကျနေတဲ့ မိုးရေစီးကြောင်းတွေကို လေရူးက အပိုင်းပိုင်း ဖြတ်တောက်လို့ ဟိုလွင့်ဒီလွင့်။"
နိဂုံးက ကဗျာဆန်လှချည်လားဗျ။
မပန်ရေးထားတာကို ဖတ်ပြီး ငယ်ငယ်က ဆော့ခဲ့တာ မျက်စိထဲ ပြန်မြင်လာတယ်.. အများဆုံးဆော့ဖြစ်တာက ဈေးရောင်းတန်းရယ် အရုပ်မ လုပ်ပြီး ဆော့တာပါပဲ.. တူတူပုန်းတမ်းလည်း ဆော့တယ်.. :D
ပန်ပန်ရေ
ကစားနည်းတွေက စုံလို့ပါလား ...
မမေလဲ လာကစားသွားတယ် နော် ... :)
“စိမ်းရွက်နုပေါ်က ပေါက်ဖတ်များ” ပေါ့ဗျာ။ အစိမ်းလိုက် ကိုက်ခဲပြီး အချိန်တန်တော့ ၀ဲပျံသွားကြတာပဲလေ။
ဒီလို စာမျိုးလေးတွေမဖတ်ရတာ ကြာပေါ့။ ငယ်ဘ၀ကို ပြန်သတိရမိသဗျာ။
သစ်ကြားသီးအရွယ်....
ခပ်ငယ်ငယ်က....
ဆင်စွယ်ရောင်နှလုံးသားနဲ့...
သုံးပါးသောလောကကို
အဖေလို အမေလို ချစ်အားပိုခဲ့တယ်။
သပြေခက်အရွယ်မှာ
အဖေအမေထက်
အသက်ပေး ချစ်ရမယ့်သူကို
တာစူနေတဲ့နှလုံးသားက
ဗြုန်းစားကြီးတွေ့ရှိသွားတယ်။
သာနေကျလမင်း
သီချင်းဆိုနေကျ ဥသြ
လွမ်းမောနေကျ တောင်ပြာတန်း
ပွင့်လန်းနေကျ ဒေလီယာ
ဘာကြောင့်များပိုလှလာပါလိမ့်။
နှစ်ဆယ်ကျော် အစိတ်ပိုင်းမှာ
အရွယ်တော် တဆိတ်ဟိုင်းတာနဲ့
စိတ်ရိုင်းတွေဝင်လာပြီး
ဖြူပါပေ့ဆိုတဲ့နှလုံးသား
ပန်းချီကားတချပ်လို ဖြစ်လာတယ်။
---------
---------
ဘယ်နှယ့်လဲ မကောင်းဘူးလား။ ကျနော့်ကဗျာ မဟုတ်ပါဘူး။ ဆရာ လူမျိုးနော်ရဲ့ ၀တ္ထုတို တပုဒ်ထဲက (နှလုံးသားနှင့်တွေးခေါ်၍ ဦးနှောက်ဖြင့် ခံစားခြင်း ၀တ္ထုထဲက) ကဗျာပါ။ ပန်ဒိုရာက ငယ်စဉ်ဘ၀ရေးထားတာဖတ်ရလို့ ပြေးသတိရမိသွားတာလေးပါ။ အဆုံးပုဒ်ကို မမှတ်မိတော့လို့ ကွက်လပ်ချန်ခဲ့လိုက်ပါတယ်။ သိချင် ၀ယ်ဖတ်...တကျပ်...တကျပ်.....
ဖတ်ဘူးသူရှိရင် ကွက်လပ်ဖြည့်ပေးကြပါဗျိုး။
ချစ်လေပြေ ကျေနပ်ရင် ပျော်ပါတယ်နော်။
ကို၊မ စန္ဒာလှိုင် လာလည်တာကျေးဇူး. ကဗျာက တခါတလေ ဆန်သွားတာပဲ။
မနုစံ။ ဟုတ်တယ် တူတူပုန်းလည်း ကစားတယ်
မမေ။ လာကစားသွားတာ ကျေးဇူး။
ကိုမေတ္တာ ပေါက်ဖတ်မလုပ်ပါနဲ့ အသည်းယားတယ်။
ကိုစေးထူး. ဟုတ်တယ် ငယ်ဘ၀က လွမ်းစရာနော်။
ကိုပေါရေ.. ကဗျာအတွက် ကျေးဇူး. မဖတ်ဖူးဘူး။ တန်းလန်းတော့ မထားခဲ့နဲ့လေ။ လိုက်တောင်းမှာပဲ။
တကယ်ပါ ကဗျာအဆုံးပိုဒ်ကလေး လုံးစေ့ပတ်စေ့ သတိမရတော့လို့ပါဗျိုး။ အရင်တုန်းက ကိုယ်ကလည်း ကြိုက်လို့ အဖန်ဖန်ဖတ်ပြီး အလွတ်နီးပါးရနေတာမျိုးမဟုတ်လား။ မှတ်မိသလောက် သဘောကတော့...
နှလုံးသားမှာ
ဘောဂမီးအိမ်ကို
ထိန်နေအောင် ထွန်းညှိလိုက်တဲ့အချိန်
သိင်္ဂါရ ရသဟာ
နှလုံးသားရဲ့ တနေရာမှာ
အမည်မသိ ဝေဒနာနဲ့
တိတ်ဆိတ်စွာ အိပ်မောကျနေလေရဲ့....။
ဆိုတာမျိုးပေါ့။
ကဗျာ အဆုံးပိုဒ်ကလေးအတွက် ကျေးဇူးပါ ကိုပေါရေ
Post a Comment