Friday, October 24, 2008

မြို့ပြ၏ တောထဲတောင်ထဲ တိုးကြည့်ခြင်း

ဒီနိုင်ငံသား သူငယ်ချင်းတွေ အဖော်ကောင်းတာနဲ့ Southern Ridges လို့ ခေါ်တဲ့ နေရာကို ၄ ကီလိုမီတာ ခရီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ Harbour Front MRT station နားကနေ ညနေ ၅ နာရီက စထွက်ပါတယ်။


ဒါက စစချင်း မြေပုံ။




လမ်းလျှောက်ရင် ဆောင်ရန် ရှောင်ရန်..တဲ့။




စပြီး တောတိုးကြလေတယ်။ လမ်းတလျှောက်မှာ လှေခါးထစ်ကလေးတွေကို အဆင့်ဆင့် တက်ရတယ်။ တိုက်အမြင့် ၂၄ ထပ်စာလောက် တက်ရလိမ့်မယ် လို့ ခရီးအစ ကတည်းက ကြိုတင် သတိပေးထားခဲ့ပါတယ်။




တလမ်းလုံး ခြုံနွယ်ပိတ်ပေါင်းတွေ တောပန်းလေးတွေ တွေ့ရတာပေါ့။ နောက်တော့ မြက်ခင်းလေးနဲ့ နည်းနည်းရှင်းတဲ့နေရာကို ရောက်လာတယ်။သစ်ခက်ကလေးတွေ နွယ်ကျနေတာ မလှဘူးလား။




တံတားသေးသေးလေးကို ဖြတ်တော့ Sentosa ကို မိုးပေါ်က ကားလေးတွေနဲ့ သွားနေတာကို ပြန်လှမ်းကြည့်ခဲ့သေးတယ်။




ကုန်းမြင့်ပေါ်ကနေ ဆက်လျှောက်လာရင်း မြို့ဘက်ကို လှမ်းကြည့်လိုက်တော့ သစ်ပင်တွေကြားက တိုက်တွေက လှနေပြန်ပါတယ်။




နောက်ထပ်ပန်းခြံတခုကို ရောက်လာတယ်။




ဒီလမ်းကလေး ခင်းထားပုံကို လှတယ်လို့ ထင်မိတယ်။




ဒီတံတားက ဗိသုကာ လက်ရာတွေ တော်တော်လှတယ်။ သစ်သားတွေကို အသားပေးဆောက်ထားတယ်။ ကျွန်းတွေများလား။ မြန်မာပြည်က ၀ယ်တာများလား။




အနီးကပ် ခရေဇီ ရိုက်ချက်။




အကွေ့အကောက် အရှိုက်အ၀န်းတွေနဲ့ ဆွဲဆောင်နေတဲ့ တံတားလေး။




တံတားရဲ့ ဘေးကနေ လမ်းမကို ငုံ့ကြည့်လိုက်သေးတယ်လေ။




နောက်တနေရာကို ဆက်ရောက်လာတယ်။ သံတံတားတွေ အဆင့်ဆင့်။ အောက်မှာတော့ တောပဲရှိတယ်။




သစ်ပင်ပင်စည်တွေက နီကျင်ကျင်နဲ့။ လှတော့လှနေတာပါပဲ။




အဲဒီလို တမျှော်တခေါ်ကြီး ဆက်လျှောက်ကြတာပေါ့။




တံတားအဆင့်ဆင့် ဆုံးခါနီးတော့ လမ်းဘေးမှာ လုံးချင်းအိမ်လေးတွေ တွေ့လို့ အံ့သြသွားတယ်။ တောရိပ်တောင်ရိပ်နီးတော့ အေးချမ်းမှာပဲ။ ဈေးကြီးမယ် ထင်ပါတယ်။ ဒီလိုနိုင်ငံမှာ ဒီလိုအိမ်လေး ၀ယ်နိုင်ဖို့တော့ မလွယ်ပါဘူး။ သူငယ်ချင်း တချို့ကတော့ မြွေပါးကင်းပါး ကြောက်စရာကြီးလို့ ပြောနေကြတယ်။




Hort Park ကိုရောက်ပြီ။ အဲဒါ ခရီးဆုံးပဲပေါ့။ ဓာတ်ပုံတွေ ရိုက်ရင်း ဖြည်းဖြည်း လျှောက်လာတော့ ညနေ ၇ နာရီကျော်သွားတယ်။




Hort Park ထဲက ရေကြည်ကြည်ထဲမှာ အရိပ်ထင်နေတဲ့ အဆောက်အဦလှလှလေးကို မှတ်တမ်းတင်လာခဲ့သေးတယ်။ ကဲ.. အတူလိုက်လျှောက်ရတာ မျက်စိ ညောင်းသွားပြီလား။ ပန်းလေးတွေ ရိုက်လာတာတော့ နောက်မှပဲ သီးသန့်တင်တော့မယ်နော်။


13 comments:

P.Ti said...

သွားမယ်လို့ အားခဲထားတာ ကြာပြီ.. မသွားဖြစ်သေးတာ.. သွားလိုက်ဦးမယ် တစ်ရက်တော့....

hort park လို့ ပေါင်းတယ်ထင်တယ်...

Moe Cho Thinn said...

စင်ကာပူမှာ နေတုန်းက ဒါမျိုးတွေ မသွားခဲ့မိဘူး။ နေရာတကာ တပုံစံတည်း တိုက်တွေ ထောင်ထား၊ စီထားသလို တွေ့နေရတာထက်စာရင် ဒါမျိုးလေးက အသက်ရှူချောင်ပါတယ်။ ပုံလေးတွေ ကြည့်ပြီး သဘောကျသွားတယ်။

ဒါနဲ့ ပန်ပန် အမတို့အိမ်ရောက်ဖူးတယ်ပေါ့။ comment ထဲမှာ ရေးသွားလို့ သိရတာ။ အဖေနဲ့လဲ သိတယ်ပေါ့။ အမ ဘာလို့ မသိပါလိမ့်။ အဲဒီတုန်းက စလုံးမှာ ထင်တယ်။

pandora said...

ပီတိရေ အတူတူ ထပ်သွားကြမယ်လေ။ ချာလုံးပေါင်း ပြန်ပြင်လိုက်ပါပြီ။ အဲလိုပဲ သိပ်ရှန်းတယ်။

အစ်မ မိုးချိုသင်းရေ.. ဆရာကြီးနဲ့ ခဏ ဆုံဖူးခဲ့ရုံပါပဲ။ သိတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ကိုယ်ပြောပြချင်တာလေးတွေ ပြောခွင့်ရလိုက်တာကို အမြဲ ၀မ်းသာနေခဲ့တယ်။ နောက်တော့ ရေးရင်ရေးပါမယ်လေ။

khin oo may said...

အခုမှဘဲရောက်ဘူးတော့တယ်.ကျေးဇူး
သစ်သားတွေ အကြိုက်ဆုံး

Anonymous said...

လှလိုက်တာ တကယ်ပဲ သွားချင်စိတ်တောင်ပေါက်သွားတယ်။ ဖိုးဖိုးကြီးတို့ ရဲ့ မြို့ တော်နဲ့ တော့ကွာပါ့း)

TZA said...

ကျနော်လည်း ရောက်ကိုမရောက်ဖြစ်သေးဘူးဗျာ၊ ချိတ်ညစ်တယ်။

thonn thonn said...

တို့ကတော့ ညနေ Hollowen သွားမလို့။ Zoo မှာလေ။

MrDBA said...

မရောက်ဘူးသေးဘူး၊ ပြောရရင် ရှိမှန်းကိုမသိတာပါခင်ဗျ။ ရောက်ဘူးအောင်သွားဦးမယ်။

တက်တူ said...

ကျွန်တော်လည်း မရောဖူးဘူး။ အလုပ်က Harbourfront မှာ၊ အလုပ်သာ နေ့တိုင်းရောက်တာ အဲဒီကို မရောက်ဖြစ်ဖူး၊
ဝင်ကြေးပေးရလား ဘယ်လောက်လဲဟင်။ :) :P

တန်ခူး said...

သွားချင်တယ်… စဖွင့်ကတည်းက… သားနဲ့ သွားရမှာလန့် နေလို့ …လမ်းမလျှောက်နိုင်လို့ ချီခိုင်းရင် သွားရော… လမ်းကအရှည်ကြီး… သားက 17kg… လူအုပ်တောင့်မှပဲ သွားတော့မယ်… စစ်ကူပေါ့… ပန်ရေးထားလေးတွေ ပုံလေးတွေ ဖတ်တော့ ပိုသွားချင်စိတ်ပေါက်သွားတယ်…

မေငြိမ်း said...

ဒါများ တောတဲ့.. လမ်းနဲ့ တံတားနဲ့ ပန်းတွေနဲ့... တိုက်နဲ့ တာနဲ့..။ နေဦး တောဆိုတာ ဘယ်လိုဆိုတာ ရေးပြဦးမှပါ..ဟီဟီ :)

pandora said...

မခင်ဦးမေရေ အချိန်ရရင် လျှောက်ကြည့်ပေါ့နော်။

မောင်မျိုးရေ ဒီလိုပဲ.. ကွာရမယ်လေ။ ဒါပေမယ့် ဒီမှာလည်း သဘာဝတော့မဟုတ်ဘူး ပြန်ပြုပြင်ထားတာတွေပါ။

သန့်သန့်ရေ.. သွားပြီး ဓာတ်ပုံစွမ်းပြခဲ့ဦးပေါ့။

မစ်စ်သွန်းသွန်း.. ကိုယ်က ဇူး ကိုမရောက်သေးပါ။

MrDBA တက်တူ.. ၀င်ကြေးမရှိပါ စိတ်ဝင်စားရင်သွားကြည့်ပေါ့နော်။

မတန်ခူးရေ .. ကလေးငယ်ရင်တော့ မဖြစ်သေးဘူး. လှေခါးလေးတွေက တက်ရတာ ကလေးနဲ့ မရလောက်ဘူး။

ဆရာမမေငြိမ်း... အစ်မ.. တောအစစ်ဆိုတာ ဂျိုနဲ့လားဟင်။ အနော်တို့က သိဘူးဗျ။ :P

JulyDream said...

အဲဒီနေရာကို မရောက်ဖူးသေးဘူး။ ကင်မရာ ၀ယ်ပြီးမှပဲ သွားဖို့ စိတ်ကူးထားတယ်။