အခုတလော ကိုယောဟန်အောင်ရဲ့ အရပ်ပျက်မကလေးကို ဖတ်ပြီးတဲ့အခါ တိုက်ရိုက် မသက်ဆိုင်ပေမယ့်လည်း မနှစ်က စရေးထားခဲ့တဲ့ ၀တ္ထုလေးတစ်ပုဒ်ကို သတိရလာပါတယ်။ မနှစ်က ဂျူလိုင်လ လောက်က ဘလော့ဂ်မှာ တင်ခဲ့ဖူးတဲ့ ဒီကဗျာလေး နဲ့အတူ အဲဒီ ၀တ္ထုလေးကို ပျိုးထားခဲ့မိတယ်။
Education?
ဘ၀က သင်ပေးတာလား
ဘ၀ကို သင်ယူရမှာလား
သင်ယူခြင်းက ကျောင်းလား
ကျောင်းက ပညာရေးလား
ပညာရေးအတွက် ဘ၀နဲ့
ဘ၀အတွက် ပညာရေး
ပင့်ခ်ဖလွိုက်က ပြောတယ်
We don't need no education
ညနေစာအတွက် မြောင်းထဲမှာ ငါးဖမ်းနေတဲ့
ကလေးတစ်ယောက်ကလည်း
အဲဒီလိုပဲပြောတယ်
အဲဒီကလေးကို စာသင်ခန်းထဲရောက်အောင် လိုက်ဖမ်းဖို့အတွက်
အသက်လေးဆယ် အရွယ်မှာ စီမံကိန်းမစခင်
စာသင်ခန်းထဲမှာ အနှစ်သုံးဆယ် အချိန်ယူမိတယ်။
နောက်တော့ ဆက်မရေးဖြစ်ခဲ့။ နာဂစ် အပြီးမှာတော့ ကိုယ်ခင်းကျင်းထားခဲ့တဲ့ ဒေသရဲ့ နေရာ အတော်များများက ခေါင်းလောင်းကလေးတွေလည်း အသံမမြည်ရုံသာမက အက်ကွဲလို့ ရွှံ့နွံတွေထဲ စုန်းစုန်းနစ်လို့…။ ဒါနဲ့ပဲ ၀တ္ထုလေးကို ပစ်ချထားလိုက်မိတယ်။ ပြီးခဲ့တဲ့ လကတော့ သံလွင်အိပ်မက်အတွက် စာမူရေးရင်း ဆက်ရေးမလားလို့ တချက် စောင်းငဲ့ကြည့် လိုက်ပါသေးတယ်။ အခုတော့ စိတ်တိုင်းမကျတကျနဲ့ပဲ လက်စသတ်လိုက်ပါပြီလေ။ ခံစားကြည့်ပေါ့နော်။
အသံမမြည်နိုင်တဲ့ခေါင်းလောင်းကလေးတွေ
“ယူ့ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးပေါ့။”
မျက်မှောင်တွန့်ချိုးအောက်မှ မျက်ဝန်းစိမ်းစိမ်းတွေက သူ့မျက်လုံးတည့်တည့်ကိုဖောက်ကာ ရင်ထဲအထိ စိမ့်ဝင် ခါးရှ သွားသည်။
“ဆုံးဖြတ်ချက်ဆိုတာ ချပြီးရင် ဆက်လုပ်ဖို့ပဲပေါ့.. မြတ်ရယ်..”
“ယူ ကလေ သိပ်ခေါင်းမာတာပဲ။ ဒီတောကြိုအုံကြားကို တကယ်သွားနေစရာ မလိုပါဘူး.. စာရင်းဇယားတွေ နဲ့ကစားလိုက်ရင် ရပါတယ်လို့ ပြောပြီးပြီပဲ.. ”
“ဒီလို မပြောနဲ့တော့လေ မြတ်.. မြတ်ပြောတာကို သဘောမတူဘူးလို့ ကိုယ်အကြိမ်ကြိမ် ပြောခဲ့ပြီပဲ…”
မြတ်က နှုတ်ခမ်းကို ဖွဖွကိုက်သည်။ မျက်ဝန်းတို့ တဖြတ်ဖြတ် တောက်ပလာသည်။ သူ အရှိန်ကို ချက်ချင်းလျှော့ချလိုက်သည်။
“ဆောရီး.. မြတ် . ကျွန်တော် လေသံမာသွားရင် ခွင့်လွှတ်ပါ ။ ဆိုလိုတာက… ဒီအချိန် ဒီအခွင့်အရေးကို အနှစ်နှစ်အလလ စောင့်လာခဲ့ရတာပါ… ကိုယ် ဒါတွေ တကယ် သိချင်တယ်။ ပြီးတော့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အမှန်အကန် ရှာကြည့်ချင်တယ်.”
မြတ် လှောင်သလို တစ်ချက်ပြုံးသည်။
“ ကောင်းပြီလေ.. ဒါဆို နောက်မှ မြတ်ကို အဆိုးမဆိုနဲ့.. ဒီကျောင်းပိတ်ရက် တစ်လလေးကို မြတ်ပြောသလိုသာ ဒယ်ဒီတို့ဆီကို သွားလည်လိုက်ရင် အဲဒီနိုင်ငံမှာ အလုပ်တွေ ဘာတွေအတွက်ပါ အကုန် တစ်ခါတည်း စီစဉ်ခဲ့လို့ရတယ်.. နောင်နှစ် ကျောင်းပြီးရင် မြတ်တို့နှစ်ယောက်ကိစ္စ ဖြူးလို့ဖြောင့်လို့..။ အခုတော့ ဘာမှမထူးတဲ့ အရှုပ်ထုပ်တွေထဲ ယူ ဘာတွေ ဖြေရှင်းပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့.. ဟင်းဟင်း.. ”
သူ ရင်ဝကို ဆောင့်အကန် ခံလိုက်ရသလို နာနာကျင်ကျင်။ သို့သော် အတတ်နိုင်ဆုံး ကြည်ကြည်လင်လင် ပြန်ပြုံးပြလိုက်ပါသည်။
“ အင်းလေ.. စောင့်ကြည့်လိုက်ပါ မြတ်..”
“ဒါဆိုလည်း ပြီးရောလေ.. ဒီမှာ ယူ့အတွက် အိုင်ရှာထားတဲ့ Literature review တွေ။ ကံကောင်းပါစေ။”
မြတ်က သူ့အပေါ် စေတနာရှိမှန်းကိုတော့ သူ ကောင်းကောင်းသိပါသည်။ သူ့လက်ထဲကို လှမ်းထည့်ပေးလိုက်သည့် စီဒီ ဓာတ်ပြားချပ်ကလေး ပေါ်မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် စာလုံးများမှာ သိပ်တော့ မရှည်လျားလှပါ။
Capacity Building တဲ့။
--------------------
မြစ်ကြောင်းတခုမှ အစပြုသည်။ ပြီးတော့ ပင်လယ်ဝ ကျယ်ကျယ်ကို ဖြတ်သည်။ နောက်တော့ မြစ်မကြီးမှ ခက်ဖြာကျနေသော ချောင်းကွေ့လေးအတိုင်း သွားသည်။ သူအဖြေရှာချင်သော အနာဂတ်တခုသည် ချောင်းကလေး၏ ရွှံ့ညွံလတာပြင်နံဘေးမှာ တံတားကလေးထိုးကာ စောင့်နေလေသည်။
ပဲ့ထောင်ဟုခေါ်သော စက်တပ် ရေယာဉ်ကလေးပေါ်မှ ဆင်းတော့ မျှော်လင့်ချက် တွေ သိသိသာသာပါသော မျက်ဝန်းပေါင်းများစွာတို့က သူ့ကို ငေးစိုက် ကြည့်နေကြလေသည်။ အားလုံးကို အချိုသာဆုံး ကြိုးစား ပြုံးပြလိုက်ပါသည်။
“ဆရာလေး.. ဆရာလေး ဦးပိုင်စိုးသူ ဆိုတာ မဟုတ်လားဟင်။”
ဆရာလေး….. ခေါ်ပုံက သူ့အတွက် နားဝမှာ ထူးဆန်းသည်။ သွက်လက် သော်လည်း အေးချမ်းသော အသံလေးကို ကြားလိုက်ရသည်။ ညိုပြာညက်ညက် ပါးပြင်ပေါ်မှာ ပါးကွက်ကျားကျားကလေးနှင့် အားပါးတရ ရယ်ပြနေသူကလေး တစ်ဦးကို တွေ့လိုက်ရသည်။
“ကျွန်မတို့က ဆရာလေးကို လာကြိုတာပါ။ ဆရာလေး လက်ထဲက အထုပ် ကျွန်မကိုပေး။”
မတားလိုက်နိုင်ချိန်မှာပဲ သူ တရွတ်တိုက် ဆွဲလာခဲ့သော ခရီးဆောင်အိတ်က သူမနောက်သို့ ပေါ့ပေါ့ပါးပါး လိုက်ပါသွားလေသည်။
ဆိုက်ကားပေါ်မှ မြင်ကွင်းတလျှောက်တွင် ရွာတန်းရှည်ကလေး၏ ဘေးတစ်ဘက်တစ်ချက်မှ ဓနိမိုးထားသော အိမ်ကလေးများ ကို တွေ့ရသည်မှာ သူ့အဖို့တော့ အထူးအဆန်း ဖြစ်နေသည်။
“ဒါ ဆရာလေး တည်းဖို့ စီစဉ်ထားတဲ့ အိမ်ပေါ့။”
အစိုးရ မူလတန်းကျောင်းဟု ဆိုင်းဘုတ်တပ်ထားသော မြေစိုက် စာသင်ကျောင်းကလေး၏ မနီးမဝေးမှ ပျဉ်ထောင် သွပ်မိုး အိမ်သစ်ကလေးသည် လမ်းမှာသူတွေ့ခဲ့သော ဓနိမိုးဓနိကာ အိမ်အများစု ထက်တော့ သားနားနေတာ အမှန်ပင်။
“ဒီနေ့တော့ ညနေလည်းစောင်းပြီ ဆိုတော့ ဆရာလေးလည်း နားတော့ပေါ့။ ညနေစာ ကျွန်မတို့ စီစဉ်ထားပါတယ်။”
ဆီဝင်းနေသည့် ပုစွန်အကောင်ခတ်လတ်လတ် နှင့်အာလူး ဟင်းနီနီက ပန်းကန်လုံး ကလေးထဲ မှာ သပ်သပ်ရပ်ရပ်။ ငါးပိထောင်း တို့စရာ။ နောက်ထပ် သူ အမျိုးအမည် မခွဲခြားနိုင်သည့် အသီးအရွက်ဟင်း ပန်းကန် တစ်ခု။ နီဝါရောင်ဖျော့ဖျော့ အနည်းငယ် သန်းနေသော်လည်း အငွေ့တစ်ထောင်းထောင်း ထနေသော ထမင်း။ အဲဒါ မြန်မာဆန်ဆန် ကျေးလက်က ဖွယ်ဖွယ်ရာရာ ညစာ တစ်ပွဲ ပေါ့။ အင်း.. သူတို့တွေကို ကူညီချင်လို့ အဖြေလာရှာကြည့်သည် ဆိုသည့်ကောင်ဟာ လောလောဆယ်တော့ သူတို့ချွေးနှဲစာဖြင့် စေတနာထက်သန်စွာ တည်ခင်းသော ညစာကို အရင်စားနေရပြီ။ သည်အချိန်မှာ မြတ်နဲ့သာ ဆိုလျှင်တော့ ခေတ်မီတဲ့ မြို့ပြနိုင်ငံလေး တစ်နိုင်ငံရဲ့ ဆွတ်ပျံ့ဖွယ်ရာ မီးရောင်ပြာပြာ အောက်မှာ ၀ိုင်ချိုတခွက်နှင့် ဖြစ်ချင်ဖြစ်နေမည်ပေါ့။ သူခေါင်းခါယမ်းလိုက်သည်။ မေ့ထားလိုက်။ အားလုံး မေ့လိုက်ပါ ပိုင်စိုးသူ.. ။ မင်း အခုရောက်နေတာ ဘယ်နေရာလဲ။
--------------------
အခုတော့ ဆရာလေး ဆရာလေး.. ခေါ်သံတွေနဲ့လည်း သူ အသားကျစ ပြုလာပြီ။ ဒီအရပ်ကလူတွေက ကျောင်းအုပ်ကြီးမှလွဲ၍ ကျောင်းဆရာ ဆရာမတွေကို ဆရာလေး ဆရာမလေး ဟုခေါ်လေ့ ရှိကြသည်။ သူ့ကိုလည်း ကျောင်းဆရာတစ်ယောက်လို သဘောထားကြသည်ပေါ့။
ရွာကလေးက တောင်နှင့်မြောက် သွယ်တန်းနေသည်။ ရွာတန်းရှည်ကလေးဟု ဆိုရမည်။ ချောင်းကွေ့ကွေ့ကလေး အစပ်မှာ ဆောက်ထားသော ကမ်းနားတန်းဟုခေါ်သော အိမ်လေးများက တန်းစီနေသည်။ ရွာ၏ အရှေ့ဘက်ကို ဆက်သွားလျှင် တော့ ဥယျာဉ်တချို့နှင့် ကွင်းပြင်တချို့ကိုတွေ့ရမည်။ ထိုမှကျော်လွန်သွားလျှင် ပြန့်ပြူးနေသော သဲသောင်ပြာပြာနှင့် ပင်လယ်ရေပြင်ကို တွေ့ရမည်။
ပင်လယ်ကမ်းစပ်အနီး ကုန်းမြေကျသော အပိုင်းတလျှောက်တွင် ရေလုပ်ငန်း လုပ်သူများ နေထိုင်ကြသော အိမ်ကလေး တချို့ တည်ရှိသည်။ ငါးပိလုပ်သည့် မျှင် ဟုခေါ်သော ပုစွန်သေးသေးကလေးများ အပါအ၀င် ပုစွန်မျိုးစုံနှင့် ငါးစို ငါးခြောက်များ ငန်ပြာရည်အိုး ငါးပိအိုးများ ငါးဖမ်းပိုက်များ ဖြန့်ခင်းထားသော ထိုနေရာကလေးကို beach ဆိုသော ပင်လယ်ကမ်းခြေဟု လှလှပပ ခေါ်နိုင်မည်မဟုတ်ပါ။ အလုပ်ဆိပ်ကမ်းဟု လက်တွေ့ကျသော နာမည်တခုကို သူတို့က ပေးထားသည်။
ပထမဆုံးလုပ်ရသည့် အလုပ်ကတော့ သူမေးစရာရှိသည့် မေးခွန်းများကို မမေးခင် သူတို့တွေ မေးသော မေးခွန်းပေါင်းစုံကို ဒိုင်ခံ ဖြေနေရခြင်းဖြစ်သည်။
“ဆရာလေးရယ် မေးပါရစေနော်။ မသိလို့ မေးရတာ ရှက်လည်းရှက်ပါရဲ့။ ဆရာလေးတို့နေတဲ့ အဲဒီနိုင်ငံခြားမှာ ထမင်းတွေဘာတွေရော စားကြရဲ့လားဟင်။”
နည်းနည်း ရင်းနှီးလာကြတော့ အမေစိန် ဟု အများသူငါ ခေါ်ကြသော ခပ်ပိန်ပိန်ပါးပါး အဒေါ်ကြီးက ရယ်မောရင်း မေးလာသည်။
“အို အမေကလည်း ဘာတွေလျှောက်မေးမှန်းမသိဘူး။”
ဘေးမှ အပျိုပေါက်အရွယ် မိန်းကလေးက သူ့အမေ၏ လက်ကို မသိမသာ ဆွဲလိမ်ရင်း ရှက်ကိုးရှက်ကန်းနှင့် ဆိုသည်။
“မေးပါစေ ညီမရဲ့။ သြော်.. အဒေါ်ရယ်.. ကျွန်တော်နေတာက အာရှတိုက်ထဲက နိုင်ငံလေးပဲ ထမင်းတို့ ခေါက်ဆွဲတို့ပဲ အဓိက စားရတာလေ..။”
“အော် အော် ငါက မသိပါဘူးအေ။ ပေါင်မုန့်တို့ ဘာတို့ ဘိုစာတွေပဲ စားရတာလားလို့ပါ။”
“အမေကလည်း တီဗွီမှာ လာတဲ့ ကိုရီးယားကားတွေ မကြည့်ဖူးတာ ကျနေတာပဲ။ အဲဒီမှာလည်း ကိုရီးယားမှာလိုပဲ နေမှာပေါ့။ ထမင်းတွေ ခေါက်ဆွဲတွေ စားကြတာပဲဟာ။ ထမင်းမရှိတာက အင်္ဂလန် တို့ အမေရိကန်တို့ မှာပဲဟာကို။”
ကလေးမကလေးက ၀င်ထောက်သည်။ အမေကလည်း အ ရန်ကော ဆိုသည့်အနေဖြင့် မျက်စောင်းတချက် ထိုးလိုက်သေးသည်။
“အို… ဘာပဲဖြစ်ဖြစ်အေ..။ ဟိုမှာစားရတာတွေကတော့ ထမင်းချင်းတူတောင် ငါတို့ဆီမှာထက်တော့ ကောင်းမှာပဲ..။ နေရတာတွေလည်း ကောင်းမှာပဲ။ ဟုတ်တယ်မဟုတ်လား ဆရာလေး။ ဆရာလေး ဆိုရင်လည်းကြည့် အသားလေးတွေကို ဖြူနုလို့”
“ဒါကတော့ အမေရယ် သူတို့က နိုင်ငံခြားကိုး”
နိုင်ငံခြားဆိုတာ သည်နိုင်ငံလိုပဲ နိုင်ငံတွေအများကြီးထဲက နိုင်ငံတနိုင်ငံသာ ဖြစ်ကြောင်း။ နိုင်ငံခြားက တချို့လူတွေ ရတဲ့ အခွင့်အရေးတွေ နေထိုင်မှု အဆင့်အတန်းတွေ ဒီကလူတွေမှာလည်း နေထိုင်ခံစားနိုင်ခွင့်ရှိကြောင်း..။ ပြောပြချင်သည့် စကားတွေက သူ့နှုတ်ဖျားမှာ ပလုံစီလာသည်။
“ဆရာလေးက အဲဒီမှာ ငယ်ငယ်လေးကတည်းက ကျောင်းတက်နေတာပေါ့နော်။ အခုဆို ဘာစာတွေ သင်နေတာလဲဟင်။”
ပုဆိုးစိမ်းအဟောင်းကလေးကို တိုတိုဝတ်ကာ ကိုယ်အထက်ပိုင်း ဗလာကျင်းထားသော ချာတိတ်ကလေးက မေးလာပြန်သည်။ ဒါကတော့ ဖြေရတာ နည်းနည်းကျပ်သည်။ ကလေးတွေ နားလည်အောင် သူဘယ်လိုပြောပြရပါ့မလဲ။
“အင်း.. ဘယ်လိုပြောရမလဲ။ နိုင်ငံတွေကို ပိုပြီးကောင်းအောင် ဘာတွေလုပ်ရမလဲ ဆိုတဲ့အကြောင်း။”
ပြောပြီးမှ သူ့ဘာသာ မျက်နှာပူနွေးရင်း ခေါင်းတစ်ချက် ခါယမ်းမိပြန်သည်။ ကလေးများကတော့ သတိထားမိဟန်မတူပါ။ နှပ်တရှုံ့ရှုံ့နှင့် ကတုံးကလေးတစ်ယောက်က ဖြတ်မေးလေသည်။
“ဒါဆို ဆရာလေးက အဲဒီကျောင်းတွေ အောင်ပြီးသွားရင် ကျွန်တော်တို့ ဆီမှာ ကျောင်းဆရာ လာလုပ်မှာလားဟင်။”
သည်မေးခွန်းကတော့ သူ့ရင်ဝကို တည့်တည့် လာမှန်ပါသည်။
“အင်း.. လာချင်တာပေါ့ကွ..။”
လာချင်တာပေါ့ ဆိုသော ၀ါကျ၏ နောက်ကွယ်က ဒါပေမယ့် ဟူသော တိတ်တဆိတ် အသံကိုတော့ သူသာလျှင် အသိဆုံး ဖြစ်ခဲ့သည်။
ကလေးများက သူတို့အတွေးနှင့် သူတို့ ပြုံးသွားချိန်မှာ သူကလည်း သူ့အတွေးနှင့်သူ မချိပြုံးကလေး ပြုံးလိုက်ပါသည်။
“ကျွန်တော်တို့ဆီမှာ ဆရာဆရာမတွေက ခဏခဏ ပြောင်းတယ်။ ဟိုတလောက အသစ်ခန့်လိုက်တဲ့ ဆရာမလေးလည်း ပြန်သွားကတည်းက ပြန်မလာတော့ဘူး။ နောက်ထပ် အသစ်ပြန်ရဖို့တော့ ထပ်စောင့်ရဦးမှာပဲ။”
ကလေးတယောက်က ဆက်ပြောပြပါသည်။ အဲသည်လို ညနေခင်းလေးတွေထဲက စကားဝိုင်းများကို သူ့မှတ်စုထဲမှာ ဘယ်လိုရေးချရမလဲဆိုတာ အကြာကြီး စဉ်းစားခဲ့ရပါသည်။
--------------------
“တို့ရွာတောင်ပိုင်းက ဦးမြသန်းရဲ့ သား ရန်ကုန်မှာ ပွဲရုံဖွင့်ပြီး ကြီးပွားနေတာလေ။ ဒီကျောင်းဆောင်လေး ဆောက်ဖို့ ရေစက်ချပြီး သူလာလှူသွားတာပေါ့။”
တိုက်ခံ တစ်ထပ် အဆောက်အဦလေးကို ညွှန်ပြရင်း ဆရာတော်က ဆိုသည်။ နံနက်ခင်း၏ နေခြည်ဝင်းဝင်းအောက်ဝယ် ပရဟိတကျောင်း ဟူသော ဆိုင်းဘုတ်အိုကလေးက ရွှေရောင်တောက်ပနေလေသည်။ လူမှုရေးလုပ်ငန်းများ လုပ်ရာတွင် ကျော်ကြားသော ဆရာတော်သည် အသက်နှင့်မလိုက်အောင် လှုပ်ရှားတက်ကြွဆဲ။ မင်း ငါ နှင့် အားပါးတရ သုံးနှုန်းကာ ဆက်ပြောလာသော စကားများက သူ့အတွက် အားတက်မိသလို အတွေးတို့ကိုလည်း ဝေစေသည်။
“တို့ကျောင်းမှာတော့ အချိန်က ညှိလို့ရတယ်ကွာ။ မင်းနှယ်.. ရွာက ကလေးတွေထဲမှာ အစိုးရ အတန်းကျောင်းမှာ အချိန်ပြည့် မတက်နိုင်တာ အများကြီးကွ။ ငါတို့ဆီမှာတော့ မနက် ၇ နာရီ ကျောင်းတက်တယ်။ နေ့လည် ၁နာရီလောက် ဆင်းပေးလိုက်တယ်။ ကျောင်းလခလည်း မလိုဘူးကွာ။ စာအုပ်ဖိုးပဲ ကိုယ့်ဘာသာ ပေးကြပေါ့။ သိပ်နွမ်းပါးတဲ့ မိဘမဲ့ ကလေးတွေကတော့ ကျောင်းမှာအိပ် ကျောင်းမှာပဲနေ။ ထမင်းပါ ကျွေးရတော့တယ်။ ဒီကဝေယျာဝစ္စလုပ်။ ဘုန်းကြီးကျောင်းသားပေါ့ကွာ။”
ဆရာတော်က ဆက်ရှင်းပြပါသည်။
“အခုလောလောဆယ်တော့ နှစ်တန်း (ဒုတိယတန်း) အထိပဲ သင်ပေးနိုင်သေးတယ်လေ။ ကျောင်းဆရာမှ မရှိပဲ။ ငါရယ် စာချဦးဇင်းရယ် နှစ်ပါးပဲ သင်ကြတာပဲကိုး။ ကျန်တဲ့ ဦးဇင်းတပါးနဲ့ ကိုရင်တွေက ဆွမ်းခံထွက်ရသေးတယ်။ တခါကတော့ ဆရာ တစ်ယောက်လောက် ဆွဲခန့်ငှားဖို့ စဉ်းစားကြသေးတယ်။ ပိုက်ဆံက မလောက်ဘူးကွ။ အလှူရှင်ရှိမှပဲ ဖြစ်မယ်လေ။”
“စာမေးပွဲစစ်တော့ရော ဘုရား။”
“အစိုးရကျောင်းက မေးခွန်းကို ဒီမှာယူဖြေတာပါပဲ။ ပြီးတော့ အဖြေလွှာတွေကို ပို့ပြီး အဲဒီက ဆရာတွေပဲ အမှတ်ခြစ်ပေးတယ်။ အောင်မှတ်ရရင် အောင်တာပေါ့ကွာ။
အေးကွာ…. မင်းစာထဲမှာ ဒါတွေထည့်ရေးလိုက်ပါ။ နော်.. ငါတို့ သွပ်လည်းလိုတယ် အိမ်သာခွက်တွေ ဘာတွေလည်း လိုတယ်။ မလောက်သေးဘူးကွ။ ငါတို့ပြောနေတာနဲ့ စာရင်တော့ မင်းတို့ ပညာတတ် ကျောင်းသားတွေ စာနဲ့ပေနဲ့ ထည့်ရေးရင်တော့ ပိုမြန်မြန် ရောက်လာမှာပေါ့နော်။”
ဆရာတော်က တက်တက်ကြွကြွ ဆိုလေသည်။ သူ သက်ပြင်းတချက်ကို မျိုချလိုက်ပါသည်။
“ကလေးတစ်ယောက်ဟာ ပညာရေးကို ရယူနိုင်ဖို့အတွက် သူ့ရဲ့ပတ်ဝန်းကျင်က အခြေအနေ ပေးနေဖို့လိုတယ်။ ကလေးတွေနဲ့ လိုက်လျောညီထွေရှိတဲ့ကျောင်း၊ ကလေးပျော်ကျောင်း ဖြစ်ဖို့အတွက် ကလေးအတွက် အဆင်ပြေစေမယ့် အနေအထားကို ခင်းကျင်းထားရမယ်။ ခင်ဗျားသိတဲ့အတိုင်း လိုအပ်ချက်တွေက ဘက်စုံ ထောင့်စုံမှာဆိုတော့ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကလည်း ကန့်သတ်နေတယ်ဗျာ။ ဒီတော့ ဘယ်နေရာမှာ ပိုအားထည့်ရင် ထိရောက်မှု ပိုရှိမလဲ။ အကူအညီတွေ မရှိတော့တဲ့အချိန်မှာ ဒုံးဒုံးရပ်သွားတာမျိုး မဟုတ်ပဲ ရေရှည် ဆက်ပြီး သူတို့ဘာသာ တည်တံ့သွားစေဖို့အတွက် စွမ်းအင်တွေကို ဘယ်နေရာမှာ ဦးစားပေး ပျိုးထောင်ပေးရမှာလဲ။ ခင်ဗျား တခုခု အသစ် ရှာဖွေတွေ့ရှိလာရင်တော့ ကျွန်တော်တို့ လုပ်နေတာတွေအတွက် လက်တွေ့ အကျိုးရှိမှာပေါ့ဗျာ။”
သူ့စာတမ်းအတွက် အကူအညီပေးသည့် အဖွဲ့အစည်းက အရာရှိ၏ စကားကို ကြားယောင်လာသည်။
“ကျွန်မအယူအဆကတော့ ဘုန်းတော်ကြီးကျောင်း ပညာရေးဆိုတာက သစ်မရခင်စပ်ကြား ၀ါးပေါင်းကွပ်သလိုပဲ မဟုတ်လား။ နောက်ဆုံးတော့ ကလေးတွေကို တကယ့် formal စာသင်ခန်းထဲကိုပဲ ရောက်စေရမှာပဲလေ။ ဒါကြောင့်မို့ အထောက်အပံ့တွေက မလုံမလောက်ဖြစ်နေရင်တော့ အစိုးရကျောင်းကိုပဲ ဦးစားပေး ချပေးသင့်တယ်လေ။ ကျွန်မတို့ဆီမှာလည်း ဘာမှ ပြည့်စုံလှတာ မဟုတ်ဘူး။”
ရွာကို မလာခင် သူဝင်တွေ့ခဲ့သော မြို့နယ်ပညာရေးမှူး ဆရာမကြီးတစ်ဦး၏ အယူအဆတစ်မျိုးကလည်း အတွေးထဲ ၀င်လာသည်။
“ကလေးတွေ စာသင်ခန်းထဲ ရောက်ဖို့က ကလေးတွေကိုပဲ ပညာရေး အခြေခံအဆောက်အဦ တစ်ဘက်ထဲကနေ ပံ့ပိုးပေးရုံနဲ့ ပြီးတာမဟုတ်ဘူး။ ဒါကြောင့် သတ်မှတ်ရွေးချယ်ထားတဲ့ ဒေသတွေကိုပဲ အာရုံစိုက်ပြီး ကျန်းမာရေး ၀င်ငွေရရှိရေးတွေ စတာတွေအတွက်ပါ ဘက်ပေါင်းစုံကနေ ပံ့ပိုးပေးဖို့ ဒီအစီအစဉ်တစ်ခု ဆွဲကြည်ြ့ကတယ်။”
အန်ဂျီအို တစ်ခုတွင် အလုပ်လုပ်နေသော သူ့မိတ်ဆွေ တစ်ဦးကတော့ သည်လိုပြောခဲ့လေသည်။
သူရေးနေသော စာမျက်နှာတချို့သည် တိမ်မယောင်နှင့် နက်သော မည်သည့်ကွက်လပ်များကို မည်မျှ ဖြည့်ပေးနိုင်မည်နည်း။
--------------------
တစ်လ ဆိုသော အချိန်ကာလသည် တဖြည်းဖြည်း ကုန်ဆုံးလုပြီ။ သည်ရွာကလေးမှာ စတည်းချရင်း အနီးအနားက ရွာနီးချုပ်စပ်လေး အတော်များများလည်း ကုန်းတတန် ရေတတန်ဖြင့် သူရောက်ဖူးခဲ့ပြီ။ သူ့မှတ်စုစာအုပ်ကလေးလည်း တဖြည်းဖြည်း ပြည့်လာခဲ့ပြီ။
ညနေအလင်းရောင်မပျောက်ခင် အိမ်ရှေ့ကိုထွက်ကာ စာရွက်များကို ရှင်းလင်းနေစဉ် ခြေသံဖွဖွနှင့်အတူ သနပ်ခါးနံ့လေး သင်းလာသည်။
“ဆရာလေး”
မော့်ကြည့်လိုက်တော့ ညိုပြာညက်ကလေးက သူ့ကိုပြုံးကြည့်နေသည်။
“ကလေးတစ်ယောက် ကျောင်းမတက်တာ ကြာလို့ သူ့ကိုသွားကြည့်ရင်း ရွာအရှေ့ပိုင်းကို သွားမလို့။ ကွက်သစ်ဘက်ကို သွားရင် လိုက်ခဲ့ချင်တယ်လို့ ဆရာလေး ပြောထားလို့လေ။ လိုက်ဦးမလား။”
သူခေါင်းညိတ်ကာ သူမ ခေါ်ရာနောက်ကို လိုက်လာခဲ့ပါသည်။ ရွှံ့စပ်စပ် ရှိသော ချောင်းကျဉ်းကလေးကိုဖြတ် ဥယျာဉ်တချို့ကို ကျော်ပြီးသောအခါ အိမ်ကလေး လေးငါးအိမ်ကို မြင်လိုက်ရသည်။
“ဒီနေရာက မြေသတ်မှတ်ထားတာ မရှိလို့ မတတ်နိုင်တဲ့လူတွေက ဒီလိုပဲ တဲလေးထိုးပြီး နေလိုက်ကြတာပဲလေ။” ညိုပြာညက်လေးက ရှင်းပြလေသည်။
တဲလေးတလုံးအတွင်းတွင် အိပ်မောကျနေသော ကလေးလေးတစ်ယောက်ကို ရင်ခွင်ထဲ ချီပွေ့ထားသော မိခင်ကလေးသည် အလွန်ဆုံးရှိလှမှ အသက် နှစ်ဆယ်ကျော်ပေါ့။ သေးညှက်သော ကိုယ်ခန္ဓာနှင့် နုနယ်သော မျက်နှာကလေးက နွမ်းနယ်ဖျော့တော့နေသည်။ ဆီနှင့်ကင်းဝေးနေသော ဆံနွယ်စဖွာဖွာတို့က ကပိုကရိုဝဲပျံလျက်။
ညိုပြာညက်ကလေးက စကားစလိုက်ပါသည်။
“မောင်ထူး ကျောင်းမတက်လို့ လာမေးတာပါ။”
“ဟုတ်တယ်။ ကျွန်မ မသွားခိုင်းတာ ဆရာမလေးရေ။”
ဆတ်ခနဲ ပြန်ပြောလိုက်သော သူမ၏ စကားသံကြောင့် သူတို့ တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြသည်။ ဘာဆက်ပြောရမှန်းမသိ။
“အငယ်လေးက အရမ်းဖျားနေတယ်လေ။ ကျွန်မလည်း ဈေးရောင်းမထွက်နိုင်ဘူး။ မောင်ထူးမှ အိမ်မှာ ကူမလုပ်ရင် ဘယ်သူမှ မရှိဘူး။”
“ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် စာမေးပွဲကလည်း နီးပြီဆိုတော့လေ ကျောင်းပျက်တာများရင် ကျွန်မတို့က ကလေး စာမလိုက်နိုင်မှာစိုးလို့ပါ။”
ထိုစဉ် တဖြတ်ဖြတ်နှင့် ပြေးလာသော ခြေသံကလေးကို ကြားလိုက်ရသည်။
“အမေရေ အမေရေ….. ဒီနေ့တော့ ပုစွန်ထုပ်ကြီး ရလာတယ်ဗျ။”
“ဟယ်.. ဟုတ်လား။ အေး အေး... ပြီးရင် ဒိုင်ကို မြန်မြန် သွားသွင်းရမယ်။”
အားရ၀မ်းသာ ရယ်မောလာသော မောင်ထူးလေးသည် သူတို့ကို မြင်လိုက်သောအခါ ကွက်ခနဲ မျက်နှာပျက်ကာ မီးဖိုချောင်ထဲကို ပြေးဝင်သွားပါသည်။ သူတို့ ဘာတစ်ခွန်းမှ ဆက်မပြောဖြစ်တော့ပါ။ အားလုံး တဒင်္ဂ တိတ်ဆိတ်သွားသည်။
“စာမေးပွဲရှုံးလည်းရှုံးပဲ ဆရာမလေးရေ မတတ်နိုင်ဘူး”
မောင်ထူးအမေက ချီထားသောကလေးကို ဘေးသို့ ဖြည်းဖြည်းချရင်း ဆိုသည်။
“ပညာတတ်တော့ရော အလွန်ဆုံး ဆရာမလေးတို့လို ကျောင်းဆရာတွေ ဘာတွေ ဖြစ်လာမှာပေါ့။ ဆရာမလေးတို့ ကိုယ်တိုင်က လစာ ဘယ်လောက်ရတာ လိုက်လို့။”
လွှတ်ခနဲ ပြောလိုက်တုန်းက ပြောပြီးမှ စကားရပ်ကာ သတိရသွားဟန်နှင့် အားနာကြည့် တစ်ချက် ကြည့်သည်။ ပြီးတော့ မထူးပါဘူးလေ ဆိုသည့်ပုံစံနှင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အကြည့်လွှဲသွားသည်။
ပညာဆိုတာ…………... အဲဒီ မိခင်ငယ်ငယ်ကလေး နားလည်အောင် ဘယ်စကားလုံးတွေနဲ့ ပြောပြရမလဲ။ သူမျက်နှာ ပူနွေးလာမိသည်။ ။ ကကြီးခခွေး အေဘီစီဒီလား၊ ပထ၀ီ သမိုင်း ဗဟုသုတတွေလား။ ဒါမှမဟုတ်.. ပိုပြီး အဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ ငါးများများရအောင် ဖမ်းဖို့ ပုစွန်ထောင်ဖို့ ဈေးရောင်းဖို့ ဆိုတာတွေလိုမျိုး သူတို့ရဲ့ ဗိုက်ဟာဟာကို ချက်ချင်း ဖြည့်ပေးစေမယ့် နည်းလမ်းတွေလား ။ ကမ္ဘာကျယ်ကျယ်ကြီးထဲက ဟောဒီနေရာ ပိစိလေးမှာ နေထိုင်နေကြတဲ့ လူသားတွေ အရေးတကြီး ချက်ချင်း လိုအပ်နေတာ ဘာများလဲကွယ်။ ၀မ်းနည်းစရာ ကောင်းလှစွာ.. သူဆိုတဲ့ ကောင်ကရော လိုအပ်နေတာတွေ ဖြည့်ပေးဖို့ ဘယ်လောက်အထိ ဘာတွေ လုပ်ပေးနိုင်မှာလဲ ဆိုတာ သူကိုယ်တိုင် အသေအချာ သိပါရဲ့လား။
မောင်ထူးလေးအမေက မတ်တပ်ထရပ်လိုက်ပါသည်။
“ကျွန်မ မောင်ထူးကို မနက်ဖြန် ကျောင်းပြန်လွှတ်လိုက်ပါမယ်လေ။ ဆရာမလေးတို့ ပြန်ရတာလည်း မိုးချုပ်တော့မယ်”
ပြီးပြီးရောဟု သူတို့ကို နှင်လိုက်ခြင်းလား။ မီးဖိုချောင်ဘက်က ပန်းကန်ခွက်ယောက် သံများ သဲ့သဲ့ ကြားလိုက်သလို.။ အင်း.. ဟုတ်တာပေါ့လေ။ သူတို့လေးတွေ ညစာစားချိန် ဖြစ်ချင်ဖြစ်နေမှာ။ သေချာတာကတော့ အဲဒီညစာမှာ မောင်ထူးလေး စောစောက ဖမ်းမိထားတဲ့ ပုစွန်တုပ်ကြီး မပါမှာဘဲ ဖြစ်သည်။
အပြန်လမ်းတွင် အတွေးများစွာဖြင့် သူ ညိုပြာညက်ကလေး ဦးဆောင်ရာနောက်ကိုသာ တိတ်တိတ်လိုက်ပါလာခဲ့ပါသည်။
“ပင်လယ်ဘက်ကို ဆရာလေး ဆက်သွားဦးမလား။ နေစောင်းတော့မယ်။ ကျွန်မတော့ ပြန်တော့မယ်နော်။”
ခေါင်းညိတ်ပြလိုက်ပြီး သူ့ ခြေလှမ်းများက သောင်ပြင်ကမ်းစပ် ဘက်ကို အလိုလို ဦးတည်ဖြစ်သွားသည်။
သောင်ကန်စွန်းနွယ်တွေက သဲပြင်ခြောက်ခြောက်ပေါ်မှာ တွန့်လိမ်တွားသွားနေသည်။ ရောက်စက ဗေဒါဟု သူ အထင်မှားမိသေးသည်။ ဘေးနားတွင် အုန်းလက်တွေက လေတိုးတိုင်း ရှဲရှဲမြည်ကာ ယိမ်းကနေကြသည်။ ငါးပိငါးခြောက်နံ့တို့ ရောထွေးပါသော ပင်လယ်လေသည် သူ့ကို တွန်းဝှေ့တိုက်ခိုက်လာသည်။ ကောင်းကင်ဝယ် တိမ်စတို့ နီဝါရောင်သွေး လွင့်ပြေးနေကြသည်။ တံငါလှေလေးတချို့ ငါးဖမ်းရာမှ ပြန်ဝင်လာသည်ကို ပင်လယ်ပြင်ကျယ်ကြီးထဲမှာ လှမ်းမြင်နေရသည်။ ဟောသည် ရွာတန်းရှည်ကလေးမှာ အခုလို အုန်းပင်တန်းတွေ သောင်ကန်စွန်းတွေ ပင်လယ်ရေပြင်၊ တိမ်တွေကို ငေးမော စိတ်ကူးယဉ် ခံစားနေနိုင်တဲ့ သူ့လို လူ ဘယ်နှစ်ယောက် ရှိမလဲဟု ဖြတ်ခနဲ ၀င်လာသော အတွေး ကိုတော့ သက်ပြင်းတစ်ချက်နဲ့ အတူ မှုတ်ထုတ်ရုံသာ သူတတ်နိုင်သည်။
ပညာ ဆိုတာ ဘာလဲ။ မြင်နေရသော ပယ်လယ်ကြီးလို ကျယ်ပြော နက်ရှိုင်းနိုင်သည်ပေါ့။ သူ့အတွက်တော့ ပင်လယ်ရေလို ငတ်မပြေ ဖြစ်နေတာလည်း ဖြစ်နိုင်သည်။ မောင်ထူးလေးတို့အတွက်တော့ လောလောဆယ် သောက်လို့ရမည့် ရေချိုချိုတစ်ပေါက်ကိုသာ ပိုမျှော်လင့်နေတာလည်း ဖြစ်နိုင်သည်။
သူ့ဘ၀ရဲ့ အချိန်တော်တော်များများကို ဘယ်နေရာတွေမှာ ကုန်လွန်ခဲ့စေသလဲ။ သည်လိုနေရာတွေကို ဘာကြောင့် သည့်ထက်စောပြီး သူ မရောက်ဖြစ်ခဲ့သလဲ။ ကျောင်းကသင်ခန်းစာနဲ့ သူစိတ်ကူးယဉ်ခဲ့တာတွေ နဲ့ လက်တွေ့ဆက်စပ်ဖို့ ရေးရေးမြင်လာချိန်မှာ မြတ်လို မိန်းကလေးနဲ့ တွေ့ခဲ့တာရော ကံဆိုးတာလား။ ကံကောင်းတာလား။ ဒီရွာကလေးက ပြန်ပြီး နောက် တစ်နှစ်အကြာလောက်ဆိုရင် သူ့ကိုယ်သူ ဘယ်နေရာမှာ မြင်နေရမှာလဲ။
ဟိုးဝေးဝေးမှာတော့ မိုးကုတ်စက်ဝိုင်းအောက်ကို နေလုံးကြီးက တရွေ့ရွေ့ လှိမ့်ဝင် နေလေသည်။ ဒီဘက် ကမ္ဘာတစ်ခြမ်းရဲ့ နေ၀င်လုလုအချိန်မှာ ဟိုဘက် ကိုယ်မမြင်နိုင်တဲ့ ကမ္ဘာအခြမ်း တနေရာကတော့ နေအရုဏ်မိုးသောက် ဖြစ်နေလိမ့်မည်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်လေ….။ နေ့သစ်တွေဆိုတာ ကုန်ဆုံးသွားသည်မှ မဟုတ်ပဲ။ နေခြည်တွေ ဖြာလင်းတဲ့ နံနက်ခင်းတစ်ခုဟာ ဟောသည်နေရာကိုလည်း ရောက်ကို ရောက်လာရဦးမည် ဟုသာ သူမျှော်လင့်လိုက်ပါတော့သည်။
ပန်ဒိုရာ
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
1 week ago
20 comments:
မြန်မာပြည်မှာအသံမမြည်နိုင်တဲ့ခေါင်းလောင်းလေးတွေ
ဘယ်လောက်များ များနေပြီလဲ...စဉ်းစားရင်း ရင်မောရပါပြီ...
ဘာဖြစ်လို့စိတ်တိုင်းမကျ တာပါလိမ့်..ဖတ်သူတော့..စိတ်တိုင်းကျမိတယ်။
Capacity Building က..မြန်မာပြည်မှာ- ကျန်းမာရေး ပြီးရင်..အလိုအပ်ဆုံးလို့ ထင်ပါတယ်။
နောက်- Brain Drain ကနေ Brain Circulation လုပ်နိုင်မဲ့..နည်းလမ်းတွေ.. ရှာကြံနိုင်ကြမယ်လို့လည်း မျှော်လင့် မိတယ်။
အဲဒီလို..အပျော်ထမ်း ပြန်လာ ပြီး..ပါဝင်ကူညီ တဲ့ ပုံစံ မျိုး- များများ အသုံး ပြုနိုင်ရင်ပေါ့။ အမြဲတမ်း လုပ်နိုင်မဲ့ အနေအထားက..မဖြစ်နိုင်လေ။
နောက်တချက်က-..မောင်ထူးလေး တို့..ကျောင်းလာတက်နိုင်ရင်လည်း..ဘယ်နှယ်တန်းထိ ဆက်တက်နိုင်မလည်း.. မြန်မာပြည်မှာ..သက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းတွေ..သိပ်လိုအပ်နေ ပါတယ်။
ခြုံပြောရင်တော့..တဦးတယောက်ရဲ့ စိတ်ကူး စိတ်သန်း နဲ့ ပါဝင်မူ ကလည်း..လျော့တွက်လို့တော့ မရ ပါလေ။ ဘင်္ဂလားဒေ့ရှ်က.. မိုဟာမက် ယူနွတ်စ် လို စိတ်ကူးကောင်းတခု ကို အခြေခံထားတဲ့.. အားစိုက် လုပ်ကိုင်မူ ကြောင့်.. ရရှိလာတဲ့ အကျိုးကျေးဇူးတွေက .. တော်တော်များခဲ့ဘူးပါတယ်။
စိတ်ကူးကောင်းနဲ့ ပရောဂျက်လေး တွေ..ဖြစ်လာ နိုင် ရင်တော့..သိပ်ကောင်းမှာပဲ လို့..စိတ်ကူးယဉ်လျက်-
ရင်ထဲမကောင်းတာကလွဲရင်..ကိုယ်တိုင်လည်းဒီလမ်းမ
ကြီးကနေလမ်းခွဲခဲ့သူဖြစ်နေပြန်တယ်။ပြီးတော့..တခြား
လမ်းမတွေမှာ အကြောင်းအမျိုးမျိုးကြောင့်လမ်းကြောင်း
ပြောင်းပျံသန်းခဲ့ရတဲ့ ကျွန်မရဲ့တချိန်က အစ်ကိုတော ၃
ယောက် ..ကိုလည်းသတိရမိတယ်...ဘယ်သူဟာ
ဒီလမ်းတွေကိုလွှဲခဲ့တဲ့သူလေလဲ....
ကျနော်ရေးမိတဲ့ဝတ္ထုကနေ ဆက်လက်အတွေးပွားကြတာ မြင်တော့ဝမ်းသာမိပါတယ်။ အေးအေးဆေးဆေး မှတ်ချက်လာရေးပါဦးမည်။
ပန်ဒိုရေ...
ဖတ်ပြီးတော့ ရင်ထဲမှာ မွန်းကျပ်သွားတာဘဲကွာ...။
ခေတ်၊စနစ်ကိုဘဲ အပြစ်တင်ရမလား....
ဘာပြောရမှန်းကို မသိတော့ဘူး....။
ကိုယ်နေဘူးတဲ့ ဘက်မှာ...ကျောင်းဆင်းချိန်ဆို ဆရာမလေးတွေက မျက်နှာငယ်လေးတွေနဲ့ ကားကြုံစီးဘို့  တားနေရတာ...ကားသမားက မရပ်ပေးတာ...ရပ်ပေးလို့ တက်ပြန်တော့လဲ စပါယ်ယာက နင်ပဲငဆ ပြောလိုက်တာတွေ..
တွေ့ ရဘူးတယ်...။
ခြမစားတဲ့ ပညာရေးဝန်ထမ်းတွေရယ်...ပညာရေး
ထက် ၀မ်းရေးက ပိုအရေးကြီးနေတဲ့ လူတန်းစားရယ်...
ဒါတွေတွေ့ မြင်နေရတဲ့ အခါ...
လက်နက်ကြီးနဲ့ သာ ထုလိုက်ချင်တော့တာဘဲ...။
ပြိုင်တူတွန်းမှသာ ရွေ့နိုင်ပါသည်....
ဟားးး
မွန်းကျပ်သွားတယ်
ဘာပြောရမှန်းတောင်မသိတော့ဘူး
မပန်ရေးတာ ကောင်းပါတယ် မပန်ရ ဖတ်သူကို ထိသွားတာပဲ။
ပြောချင်တာကိုလဲ သိတယ်..
ဘာဆက်လုပ်ရမှန်း ဘယ်သူမှ မသိတာ..
မသိတာထက် မတတ်နိုင်တာ..
ရင်နာရလွန်းလို့ မရေးချင်ပါ။
အဖြေသိသူတွေ အဖြေရှာကြပါ။
တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းလုပ်ဆဲ၊ လုပ်ဖို့လဲ အသင့်ပါ။ ဒီလောက်ပဲ ပြောပါရစေ ပန်ပန်ရေ..
အရာအားလုံးဟာ နိုင်ငံရေးရဲ့ လက်အောက်ခံပဲလေ။
သဘောတရားတွေကို အားလုံးက သိနေကြတာပဲ။
ဖောက်ပြန်တဲ့ နိုင်ငံရေးစနစ်တခု သက်ဆိုးရှည်နေသမျှ
မေးခွန်းတိုင်းအတွက် အဖြေကို သိနေရင်တောင် အကောင်အထည်ကို မမြင်ရနိုင်ပါဘူး။
မပန်ရေ ဖတ်ပြီးရင် စဉ်းစားမိပါတယ်။ စဉ်းစားရင် ချာချာလည် ဖြစ်ရပြန်ပါတယ်။ မကေ ပြောတာကို သဘောကျတယ်။ အဲဒီလို ယိုစီးသွားတဲ့ ဦးနှောက်တွေ၊ လူ့အရင်းအမြစ်တွေကို တခဏပဲ ဖြစ်ဖြစ် ပြန်သုံးနိုင်ရင်လည်း အကျိုး ရှိတာပါပဲ။ အတွေးလေးတွေ ဝေမျှတာ ကျေးဇူးပါ။
“Universal Declaration of Human Rights ကြေညာစာတမ်းပါ
အခြေခံလူအခွင့်အရေးအချို့”
Article 25.
(1) Everyone has the right to a standard of living adequate for the health and well-being of himself and of his family, including food, clothing, housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability, widowhood, old age or other lack of livelihood in circumstances beyond his control.
(2) Motherhood and childhood are entitled to special care and assistance. All children, whether born in or out of wedlock, shall enjoy the same social protection.
Article 26.
(1) Everyone has the right to education. Education shall be free, at least in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all on the basis of merit.
(2) Education shall be directed to the full development of the human personality and to the strengthening of respect for human rights and fundamental freedoms. It shall promote understanding, tolerance and friendship among all nations, racial or religious groups, and shall further the activities of the United Nations for the maintenance of peace.
(3) Parents have a prior right to choose the kind of education that shall be given to their children.
ထိုသို့သော အခြေခံလူ့အခွင့်အရေးများကို အကာအကွယ်ပေးနိုင်သော၊ အာမခံနိုင်သော အခြေအနေတရပ်၊ အုပ်ချုပ်ရေးစနစ်တရပ်ကို မြန်မာပြည်တွင် မဖန်တီးနိုင်သေးသရွေ့ အသံမမြည်နိုင်သော ခေါင်းလောင်းများမှာ မြန်မာပြည်၏ ရွှံညွန်တောများထဲတွင် နစ်လျက်ရှိနေဦးမည်သာ။ ယခုအချိန်၌ မြန်မာ့ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လှုပ်ရှားရန်မှာ မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ဤကလေးများ ခံစားနေရသည့် ဒုက္ခဆင်းရဲတာရှည်မှုမှန်သမျှ၏ လက်သည်တရားခံမှာ မြန်မာ့ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လှုပ်ရှားရန် ငြင်းဆန်နေသည့်၊ နောက်တွန့်နေသည့် တာဝန်မကျေသော မြန်မာနိုင်ငံသားများ၏ တကိုယ်ကောင်းစိတ်သည်သာ ဧကန်ဖြစ်ပေတော့သည်။
ကိုပေါ ... နိုင်ငံတခုရဲ့ စနစ်ကြောင့် ခုလို အသံမမြည်နိုင်တဲ့ ခေါင်းလောင်းကလေးတွေ ပေါ်လာတယ်ဆိုတာကတော့ ငြင်းစရာမရှိတဲ့ ၊ အားလုံးလည်း လက်ခံထားကြတဲ့ အချက်ပါပဲ ။
ဒါ့အပြင် ကိုပေါတို့လိုလူတွေ မြန်မာနိုင်ငံရေးအတွက် လုပ်နေတာ တကယ်လေးစားပါတယ် ။ အဲလိုလူတွေ ရှိနေတာတွက်လည်း ၀မ်းသာတယ် ။
နောက်ပြီး ... အဖိနှိပ်ခံ အကျပ်အတည်း အများကြီးကို ရင်ဆိုင်ပြီး ရဲရဲဝံ့ဝံ့ ဒီမိုကရေစီအရေးကို ဆက် ယုံကြည်စွာ တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းက လူတွေရှိတယ် ။ တော်လှန်ရေးဘက်ကို ခြေလှမ်းပြီး ခုချိန်ထိ တောထဲမှာ လက်နက်ကိုင်တော်လှန်နေသေးသူတွေ ရှိတယ် ။ တော်လှန်ရေးမှာ တာဝန်ထမ်းပြီး ခုချိန် တခြား နိုင်ငံတွေရောက်ပြီး ၊ အဲဒီကနေ တတ်နိုင်တဲ့ဘက်က ဒီမိုကရေစီအရေးအတွက် တာဝန်ယူနေသူတွေလည်း ရှိတယ် ။
တချိန်တည်းမှာ humanitarian effort ဆိုပြီး အဲဒီဘက်ပိုင်းကို လုပ်နေသူတွေလည်း ရှိတယ် ။ သူတို့ ဘယ်လောက်တောင် လုပ်နေကြတယ်ဆိုတာ လူတိုင်း သိချင်မှသိမယ် ။ ဒါပေမယ့် သူတို့လိုလူတွေ ရှိတယ် ။
ကျမအမြင်ကတော့ လူဆိုတာ ဘယ်အပိုင်းကဖြစ်ဖြစ် သေချာ စေတနာမှန် ရည်ရွယ်ချက်မှန်နဲ့ လုပ်မယ်ဆိုရင် ၊ သူတို့ ပံ့ပိုးမှုဟာလည်း အတိုင်းအတာတခုအထိ သက်ရောက်မှုရှိတယ် ။ အဲဒါ အဓိကပဲ ။ နောက်ပြီး မြန်မာနိုင်ငံ့အရေးဟာ jigsaw puzzle တခုကို ဖြည့်နေသလို ၊ ကိုယ့်အပိုင်းနဲ့ကိုယ် ပါဝင်ဖြည့်စည်းဖို့သာ အဓိကလို့ ကျမက ယုံကြည်တယ်။ အဲလိုယုံကြည်ချက်နဲ့အတူ လုပ်စရာရှိတာ ဆက်လုပ်တယ် ။
ဒါကြောင့် ကျမကိုယ်တိုင်က ဒီမိုကရေစီအရေးကို အမြဲ အားတက်မိပေမယ့် ၊ ဒီမိုကရေစီအရေး မလုပ်တဲ့သူတိုင်းကို တကိုယ်ကောင်းဆန်တယ်လို့ မြင်တာကိုတော့ လုံးဝလက်မခံနိုင်ပါဖူး ။
ဒါဟာ အတိုင်းအတာတခုကနေ ကြိုးစားပမ်းစား လုပ်နေသူတွေ ၊ လုပ်ဖို့ ကြိုးစားနေရသူတွေကို မစာနာရာ ၊ မလေးစားရာ ၊ သူတို့အခြေအနေကို နားလည်ပေးနိုင်ဖို့ မကြိုးစားရာလည်း ရောက်တဲ့ လေသံပေါက်နေတယ် ။ ငါ့လို ဒီမိုကရေစီအရေး လုပ်နေမှ .. စာနာစိတ် ရှိတယ် ၊ တိုင်းပြည် ကောင်းစေလိုစိတ် ၊ မျိုးချစ်စိတ် ရှိတယ်လို့ လက်ခမောင်းခတ်ရာ ရောက်တယ် ။ ဒါပေမယ့်လည်း နိဂုံးသတ်အနေနဲ့ ကိုပေါလို လူတယောက်က အဲလို ဆိုလိုလိုက်တာ မဟုတ်တန်ကောင်းပါဖူးလို့ ကျမ ကောက်ချက်ချလိုက်မိပါတယ် ။
bravo ma pan! တွေးစရာတွေ ကျန်ခဲ့သလို ဖတ်ပြီး အတော်လေး မောသွားတယ်။ နံနက်ခင်းတွေ ပျောက်မြဲ ပျောက်ဆဲ ဖြစ်တဲ့ တိုင်းပြည်ကြီးကတော့ သူနဲ့ ဘာမှ မဆိုင်သလို အိပ်မောကျဆဲ။
မဂျစ်တူး…..
ကျနော့်အမြင်ကို အခုလို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မဂျစ်တူးပြောတဲ့ လူမှုကယ်ဆယ်ရေးအလုပ်တွေ စွမ်းစွမ်းတမံ လုပ်နေကြတဲ့သူတွေကို အတိုင်းအတာတခုအထိတော့ အသိအမှတ်ပြုချင်ပါတယ်။
ဒါပေမယ့် တကယ်တမ်းပြောရရင် လွတ်လပ်တဲ့အခြေအနေတရပ်မရှိဘဲနဲ့ မဂျစ်တူးပြောခဲ့တဲ့ humanitarian effort လို ဟာမျိုးကိုလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုတာ နာဂစ်မုန်တိုင်းကာလမှာ မြင်ခဲ့ရပြီးပြီ မဟုတ်လား။
အဲသည်လိုအနေအထားမှာ လွတ်လပ်တဲ့အခြေအနေတရပ်ကို ဦးစွာဖန်တီးဘို့ လိုအပ်တယ်ဆိုတဲ့ အယူအဆကိုတော့ မြန်မာတွေ စိတ်ထဲမှာ မကွဲလွဲစေချင်ဘူး။ သူတို့ကို လူမှုကယ်ဆယ်ရေးမလုပ်ရဘူးလို့ ပြောတာမဟုတ်ဘူးနော်။ လုပ်လို့ရတယ်။ တဖက်မှာလည်း ပြဿနာရင်းမြစ်ဟာ ဘာဆိုတာ လက်ခံပြီး ဒီမိုကရေစီအရေးမှာ မဖြစ်မနေ ပူးပေါင်းလှုပ်ရှားဘို့ လိုတယ်လို့ ဆိုလိုချင်တာပါ။
ဘာကြောင့်လဲဆိုတော့….။
လူသားချင်းစာနာတဲ့အထောက်အကူမျိုးကိုပေးဘို့လုပ်ရင် ကိုယ်ယုံကြည်တဲ့အတိုင်း၊ ဘယ်လိုအခက်အခဲ အတားအဆီးကြုံပါစေ၊ ရည်မှန်းတဲ့အတိုင်း လုပ်မှာလား။ လုပ်ခဲ့သလား။ လုပ်နိုင်ခဲ့သလား။ မဖြူဖြူသင်းတို့ အေအိုင်ဒီအက်စ်ဝေဒနာရှင်တွေကို ကူညီတယ်ဆိုတာ ဘယ်လိုအခက်အခဲကြုံကြုံ၊ ထောင်တန်းကျကျ မတွန့်မဆုတ်လုပ်တာ။ သူတို့ဟာ တချိန်တည်းမှာဘဲ ဒီမိုကရေစီနဲ့ လွတ်လပ်မှု မရှိဘဲ ဒီလိုလုပ်ငန်းတွေကို ထိထိရောက်ရောက်မလုပ်နိုင်ဘူးဆိုတာ သဘောပေါက် လက်ခံထားတယ်။ လိုအပ်ရင် ဒီမိုကရေစီအရေးမှာလည်း ပူးပေါင်းပါဝင်ဘို့ အဆင်သင့်။
ဒါပေမယ့် အများစုက အဲသည်လို မဟုတ်ဘူး။
ဥပမာ…. လူတယောက်ဟာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုပ်ရှားသူလို့ သူ့ကိုယ်သူ ခံယူကောင်း ခံယူထားမယ်။ တကယ်လို့ ရေကာတာ စီမံကိန်းတခုကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်လာမယ့်ကိစ္စမျိုးမှာ သူ့မူဝါဒကို မစွန့်လွှတ်ဘဲ နအဖ အငြိုငြင်ခံပြီး အဲသည် စီမံကိန်းကို မဖြစ် ဖြစ်တဲ့နည်းနဲ့တားမှာလား။ တကယ် ယုံကြည်ချက် ခိုင်တဲ့လူဆိုရင်တော့ ထောင်တန်းကျကျ နအဖနဲ့ အတိုက်အခံလုပ်ပြီး ရေကာတာ စီမံကိန်းကို ဆန့်ကျင်မှာပေါ့။ ဒါပေမယ့် အဲသည်လို အခြေအနေရောက်လာရင် လူတွေတော်တော်များများက “ဒို့တော့ နိုင်ငံရေးနဲ့ မပတ်သက်လိုဘူး” ဆိုပြီး လျှောချလိုက်ပြီးတော့ လှည့်ပြန်သွားတဲ့လူတွေဘဲ များတယ်။ ဒီတော့ မလုပ်တာနဲ့ ဘာမှ မထူးတော့ဘူး။
ဆရာဝန်တယောက်ဟာ ဆရာဝန်အလုပ်ကို လုပ်နေတဲ့အတွက် နိုင်ငံရေးမှာ ပါဝင်ခြင်းမရှိတာ အပြစ်ပြောစရာမရှိဘူးလို့ ထင်မြင်ယူဆစရာဘဲ။ ဒါပေမယ့် အဲသည်ဆရာဝန်ဟာ…ဥပမာ… သေမှုသေခင်းကို ဆေးအစီရင်ခံရတဲ့အခါမှာ သူတတ်ထားတဲ့ ပညာအတိုင်း အမှန်အတိုင်း အစီရင်ခံစာ ရေးနိုင်သလား။ အစိုးရငြိုငြင်မှာကြောက်လို့ အမှန်အတိုင်းမရေးရဲရင် အဲသည်ဆရာဝန် သူ့အလုပ်ကိုသူ လုပ်နိုင်တယ်လို့ မဆိုနိုင်တော့ဘူး။ အစိုးရငြိုငြင်မှာကြောက်လို့ ဆေးပညာရပ်နဲ့ ပတ်သက်တဲ့ သူ့အမြင်ကို သူပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲရင် သူ့အလုပ်ကိုသူ လုပ်နိုင်တယ်လို့ မဆိုနိုင်တော့ဘူး။ သူ့အလုပ်ကို လုပ်နိုင်ဘို့ဆိုရင် လွတ်လပ်တဲ့အခြေအနေတခုကို အရင်ဖန်တီးရမယ်။ အဲသည်မှာ နိုင်ငံရေးပါလာပြီ။
အင်ဂျင်နီယာတယောက်ဟာ သူ့အထက်အရာရှိ စစ်ဗိုလ်လူထွက်တယောက်ကို သူ့ပညာရပ်အမြင်နဲ့ အမှန်အတိုင်း ပြောခွင့်သာသလား။ ပြောခွင့်မသာဘူးဆိုရင် အဲသည် အင်ဂျင်နီယာအနေနဲ့ သူ့ပညာရပ်ကို လွတ်လွတ်လပ်လပ် အသုံးချခွင့်ရှိတဲ့ အခြေအနေကို ဖန်တီးရတော့မယ်။ အဲသည်မှာ နိုင်ငံရေးပါလာပြီ။
သဘောပေါက်သင့်တာက မလွတ်လပ်တဲ့အခြေအနေတရပ်မှာ ဆရာဝန်လည်း ဆရာဝန်အလုပ်ကို ပြောင်မြောက်စွာ မလုပ်နိုင်ဘူး။ အင်ဂျင်နီယာလည်း အင်ဂျင်နီယာအလုပ်ကို တူတူတန်တန် မလုပ်နိုင်ဘူး။ ကျောင်းဆရာလည်း ကျောင်းဆရာအလုပ်ကို ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူး။ တရားသူကြီးလည်း တရားသူကြီးအလုပ်ကို မှန်မှန်ကန်ကန် မလုပ်နိုင်ဘူး။ ပြည်သူ့ရဲလည်း ရဲအလုပ်ကို မှန်မှန်ကန်ကန် မလုပ်နိုင်ဘူး။ လူမှုကယ်ဆယ်ရေးလုပ်သူလည်း ကယ်ဆယ်ရေးကို ဖြစ်ဖြစ်မြောက်မြောက် မစွမ်းဆောင်နိုင်ဘူး (နာဂစ်မုန်တိုင်းသက်သေ)။
ဘယ်သူမှ ကိုယ့်သက်ဆိုင်ရာအလုပ်ကို ကိုယ်ပြောင်မြောက်စွာ လုပ်ခွင့်မသာဘူး။ သတ္တိရှိရှိလုပ်တဲ့လူဟာလည်း ထောင်ထဲကို တန်းဝင်ရတာဘဲ။ အဲဒါဟာ အာဏာရှင်စနစ်ရဲ့ သဘောသဘာဝ အစစ်အမှန်ဘဲ။
အဲဒါကြောင့် လူတိုင်း ကိုယ့်အလုပ်ကိုယ် ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်အောင် လွတ်လပ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဘို့က အဓိကလို့ ကျနော်မြင်တယ်။ အဲဒါကို ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ပါဝင်ဘို့ မလိုအပ်ဘူးလို့ ထင်မြင်တယ်ဆိုရင် အဲသည်လူတွေကို ထမင်းရည်ပူလာ လျှာလွှဲတဲ့လူတွေလို့ဘဲ ကျနော် ပေါ်တင်ဝေဖန်လိုပါတယ်။
လွတ်လပ်တဲ့တိုင်းပြည်တွေမှာတော့ ကိုယ်စိတ်ဝင်စားရာ (လူမှုကယ်ဆယ်ရေးဖြစ်ဖြစ်၊ ပရဟိတဖြစ်ဖြစ်၊ သာရေးနာရေးဖြစ်ဖြစ်)ကို နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ဘဲ လုပ်ကောင်းလုပ်နိုင်မယ်။ ယူအက်စ်အေလို နိုင်ငံမျိုးမှာ ၀ါသနာပါရင် ငှက်တွေမျိုးမတုန်းအောင် ကာကွယ်စောင့်ရှောက်တာမျိုး၊ စောင့်ကြည့်တာမျိုးကိုတောင် တောထဲမှာ နှစ်လုံးပေါက်စခန်းချပြီး လုပ်ချင်ရင် သွားလုပ်နေလို့ရတယ်။
မြန်မာပြည်လို အာဏာရှင်စနစ်အောက်မှာ ရောက်နေတဲ့ တိုင်းပြည်မှာတော့ နိုင်ငံရေးနဲ့ မပတ်သက်ဘဲ လူမှုကယ်ဆယ်ရေး၊ ပညာရေး ကျယ်ကျယ်ပြန့်ပြန့်လုပ်ချင်တယ် လာပြောရင် ပြောတဲ့လူဟာ အခြေအနေမှန်ကို ကောင်းကောင်းသဘောမပေါက်ရာ ကျနေပါတယ်။ အဖြစ်မှန်ကို လက်မခံရာလည်း ကျနေပါတယ်။
ဒီတော့ နိဂုံးချုပ် ကောက်ချက်ပြန်ဆွဲရရင် ကိုယ်က စိတ်သန်လို့ လူမှုရေးကယ်ဆယ်ရေး လုပ်ချင်ရင်လုပ်နိုင်ပါတယ်။ အဲဒါက လုပ်လည်း လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စ။ သတ္တိရှိရှိနဲ့ မတွန့်မဆုတ်လုပ်နေတာမျိုး ဆိုရင်လည်း တကယ်ဘဲ ချီးကျူးပါတယ်။ ဒါပေမယ့် တချိန်တည်းမှာ ဒီမိုကရေစီအရေးအတွက်၊ လွတ်လပ်ရေးအတွက် လှုပ်ရှားမှုမှာ မဖြစ်မနေ ပူးပေါင်းပါဝင်မှုရှိကို ရှိရပါမယ်။ လူမှုကယ်ဆယ်ရေးလုပ်နေလို့ နိုင်ငံရေးလုပ်ဘို့ မလိုတော့ဘူးဆိုတာမဟုတ်။ ဘာလို့လည်းဆိုတော့ အဲဒါဟာ နိုင်ငံရေးလုပ်နေသူများမှာတင် ရှိတဲ့တာဝန်မဟုတ်။ မြန်မာနိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်လို့ပါဘဲ။ မလုပ်တဲ့လူဟာ နိုင်ငံသားတာဝန် မကျေပွန်သူပါဘဲ။
အဲသည်လိုမှမဟုတ်ဘဲ မလွတ်လပ်တဲ့ တိုင်းပြည်မှာ လူမှုရေးလုပ်နေရုံနဲ့ ကျေနပ်နေလို့ကတော့ ဘယ်တော့မှ ကျယ်ကျယ်ပြန့်ပြန့်လည်း မလုပ်နိုင်ဘူး။ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်ရုံမက တဖြည်းဖြည်း အချိန်နဲ့အမျှ အခြေအနေတွေ ဆိုးသထက်ဆိုးလာပြီး ဆင့်ပါးစပ် နှမ်းပက်သလောက်ဘဲ ရသေ့စိတ်ဖြေလောက်ဘဲ လုပ်နိုင်လိမ့်မယ်လို့ ယူဆပါကြောင်း။
တွေးမိရင်တော့ အဆုံးအဆမရှိ ရင်မောစရာပါလေ။
ဒါပေမယ့် ...
ပင်လယ်ကမ်းခြေမှာ တင်လာတဲ့ ကြယ်ငါးတွေကို ပင်လယ်ထဲ ပြန်ချပေးသူလို ကိုယ်ကျွမ်းကျင်တဲ့ ကဏ္ဍ တတ်နိုင်တဲ့အလုပ် ရောက်လေရာ ထောင့် တစ်ထောင့်ကနေ လုပ်စရာရှိတာတွေ လုပ်ပေးနေလို့လည်း ရပါတယ်။
အားလုံး အဆင်သင့်ဖြစ်မှ (ဆိုလိုတာ ... ဒီမိုကရေစီ စနစ် ရှင်သန် ထွန်းကားလာမှ) လူမှုရေး လုပ်ငန်းတွေကို စတင်မယ် ဆိုရင်တော့ ပိုလို့သာ နောက်ကျသွားပါမယ် လို့ ထင်မိကြောင်းပါ။
There are so many simlar stories in Myanmar. I wish you to continue writing on that kind of issues. Because I thought that there may be a lot of people who are not knowing about how the struggle life in Myanmar. So that your posts can support morrally to people who are working for Myanmar community.
အသံမြည်အောင်ဖန်တီးကြာရအောင်နော်...
sorry ကြာဖြစ်သွားတယ် *ကြလို့ရေးတာပါ။
အသက်သုံးဆယ်ထိ စာသင်ခန်းထဲမှာ အချိန်ဖြုန်းခဲ့ရတယ်။ အဲ့ဒီကရတဲ့ပညာနဲ့ ကိုယ်တစ်ယောက်ကိုတောင် ရိုးသားတဲ့ထမင်းနှစ်နပ်မဖန်တီးနိုင်ဘူး။ုကျောင်းသားတွေကို ဘယ်လိုမှ အားလပ်မူ့ မရှိစေတဲ့ သင်ခန်းစာတွေကြောင့်လည်း အနှစ်သုံးဆယ်လုံးလုံး ဘာကိုမှ မတွေးနိုင်ခဲ့ဘူး။
ဒီလိုအာမခံချက်မရှိတဲ့ ပညာရေးကနေ အနှစ်လေးဆယ်ကျော်မှ စီမံကိန်းစနိုင်တာ ဂုဏ်တောင်ယူရမှာပါ။
ဒီလိုနိုင်ငံရေးစနစ်အောက်မှာ ပညာရှင်တွေ စေတနာရှင်တွေ စိတ်ဓါတ်မပွန်းပဲ့ဖို့ လိုပါတယ်။
အယ်ဇီ
Post a Comment