Saturday, January 24, 2009

ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး




ရှပ်အင်္ကျီအနီကွက် ၀တ်ထားသော ကောင်မလေးတစ်ယောက်ကို ကျွန်တော် သိခဲ့တာ ဆယ်နှစ် ကျော်ပါပြီ။ တကယ်တော့ ထိုကောင်မလေးနှင့် ကျွန်တော် စတင် တွေ့ဆုံဖူးတာ သည့်ထက် စောလျှင်လည်း စောနိုင်သည်။ ကျွန်တော် သူမကို စပြီး သတိထားမိတာကတော့ လွန်ခဲ့သော ဆယ်နှစ်ကျော်က မိုးဖွဲဖွဲရွာနေသော နေ့လည်ခင်း တစ်ခုတွင် ဖြစ်ပါသည်။

ထိုနေ့က သူမသည် ရှပ်အင်္ကျီ အနီကွက်ကလေး တစ်ထည်ကို အနက်ရောင် လုံချည်ခပ်တိုတိုဖြင့် တွဲဖက်ဝတ်ဆင်ထားသည်။ သော့ချိတ်ကလေး လေးငါးခု တို့လို့တန်းလန်း ချိတ်ထားသော ကျောပိုးအိတ် မီးခိုးရောင်တစ်လုံးကို ပခုံးတွင် လွယ်ထားခဲ့သည်။ မိုးဒဏ်မှ ကာကွယ်ရန် ပလစ်စတစ်အကြည်စ အောက်မှာ ဖြန့်ခင်းထားသော စာအုပ်အဟောင်းများကို ဟိုလှန်ဒီလှန် နာရီဝက်လောက်လုပ်ရင်းမှ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ ဒီစာအုပ်က ဘယ်လောက်လဲ ဟု ကျွန်တော့်ကို မေးပါသည်။ သည်လောက်ဆိုလျှင် ကျွန်တော်က ရန်ကုန်မြို့၏ လူစည်ကားသော ပန်းဆိုးတန်း လမ်းဘေးတနေရာဝယ် စာအုပ်အဟောင်းရောင်းသူတစ်ဦး ဖြစ်ကြောင်း ခင်ဗျားတို့ကို သီးသန့်ရှင်းပြစရာ မလိုတော့ဘူး ထင်ပါသည်။

သူမ ကိုင်ထားသော စာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး ဘ၀ဇာတ်ကြောင်း ရှားပါး စာအုပ်တစ်အုပ်။ စာအုပ်မှာ ဈေးနှုန်း ရေးမထားခဲ့ပါ။ သူမ၏ မျက်နှာကို ကျွန်တော်က ဖြတ်ခနဲ အကဲခတ်လိုက်ပါသည်။ အခြယ်အသ ကင်းစင်သည့် မျက်နှာပြောင်ပြောင်လေးဝယ် မိုးရေစွတ်စိုနေသော ဆံနွယ်ပျော့ပျော့များ တ၀က်တပျက် ဖုံးလွှမ်းနေသည့် မျက်လုံးများထဲတွင် ဈေးများ သိပ်ကြီးနေမလားဟု စိုးရိမ်ပူပန်မှု အရောင်ကလေးကို ဖမ်းမိလိုက်သည်။ ကျွန်တော် ဘာရယ်မဟုတ် ရောင်းနေကျ ဈေးနှုန်းထက် ထက်ဝက်ကျော် ကို လွှတ်ခနဲ ပြောလိုက်ပါသည်။ သူမ မျက်လုံးကလေးများ ဟန်မဆောင်ပဲ ၀င်းလက်ကာ ပြုံးသွားပုံက ကျွန်တော့်ကိုပါ အလိုလို လိုက်ပြုံးသွားစေပါသည်။

“ဟော.. ဈေးသက်သာလို့ ပျော်သွားတယ် မဟုတ်လား။ တကယ်ကို တန်ပါတယ် ခင်ဗျား။ ဘာမှ စဉ်းစားမနေနဲ့။ ၀ယ်ဖြစ်အောင် ၀ယ်သွားပါနော်။”

သည်လို ခပ်သောသော ပြောဖြစ်လိုက်ပါသည်။ သူမ ကျိတ်ပျော်သွားကြောင်း ကျွန်တော်က သတိထားမိလိုက်သည်ကို ရှက်သွားလေသလား။ ဟီး.. ဟု ပခုံးလေးတွန့်ကာ တစ်ချက်ရယ်လိုက်ရင်း ကျသင့်ငွေကို ထုတ်ပေးပါသည်။ ကျေးဇူးပဲ ဟုပြောကာ ထွက်သွားသော သူမကို ကျွန်တော် ခဏငေးကြည့်နေမိပါသည်။

နောက်ပိုင်းတွင် သူမသည် ကျွန်တော့်ဆိုင်ရှေ့က အနည်းဆုံး တစ်ပတ်လျှင် တစ်ခါ နှစ်ခါလောက် ဖြတ်လျှောက်သွားလေ့ ရှိသည်ကို ကျွန်တော် သတိထားမိပါသည်။ တခါတလေလည်း ကျွန်တော့်ဆိုင်မှ စာအုပ်အချို့ကို သူမ ၀ယ်ဖြစ်သည်။ သူမသည် ကျွန်တော်တို့ဆိုင်များရှေ့မှ ဖြတ်ပြီး လမ်းလျှောက်လျှင် မျက်နှာလေး တခြမ်းစောင်းအောင် စာအုပ်များကို ငေးမောရင်းမှ ခပ်သုတ်သုတ် လျှောက်လေ့ရှိသည်။ တခါတလေ စာအုပ်များကို ငေးရင်း ရှေ့ကလာသူများကို သူမက လမ်းပိတ်မိနေသည့်အခါ သို့မဟုတ် ၀င်တိုးမိသည့်အခါမျိုးမှာ ကျွန်တော့်ဘာသာ ကျိတ်ရယ်မောမိသေးသည်။ သူမကတော့ အမှတ်မထင်ပင်။ ကျွန်တော့်ကိုလည်း သေသေချာချာတော့ သတိထားမိဟန် မတူပါ။

သူမမှာ အ၀တ်အစား များများစားစား မရှိလို့ပဲလား ကြိုက်နှစ်သက်လွန်းလို့ပဲလား တော့ မသိပါ။ ကျွန်တော်စသတိထားမိသည့်နေ့က ၀တ်ဆင်ခဲ့သော ရှပ်အင်္ကျီအနီကွက်ကလေးကို မကြာခဏ ၀တ်ဆင်လေ့ရှိပါသည်။ ကျွန်တော်က သူမကို ရှပ်အင်္ကျီအနီကွက်နှင့် ကောင်မလေးဟုသာ အလွယ်တကူ မှတ်ထားလိုက်ပါသည်။

ပန်းဆိုးတန်း ရုံးကြီး မီးလောင်တော့ ကျွန်တော်တို့လည်း ခေတ္တ ကစဉ့်ကလျား ဖြစ်ခဲ့ကြသည်။ နောက်တော့ ၃၇ လမ်း ခင်ထွေးရီ မုန့်ဟင်းခါးဆိုင် မျက်စောင်းထိုးလောက်တွင် ကျွန်တော့်ဆိုင်ကလေး ယာယီ နေရာယူခဲ့ပါသည်။ အဲသည်မှာ မနက်စောစော ဆိုင် ခင်းကျင်းနေတိုင်း သူမကို နေ့စဉ်လိုလို တွေ့ရပါတော့သည်။

သူမသည် စာအုပ်အချို့ထည့်ထားသော ပလတ်စတစ်ဖိုင် အပြာရောင်လေးကို ဖြစ်စေ ကျောပိုးအိတ် တစ်လုံးကိုဖြစ်စေ သယ်ဆောင်ကာ မနက် ခုနစ်နာရီ မထိုးခင်လောက် ဆိုလျှင် ခင်ထွေးရီ မုန့်ဟင်းခါး ဆိုင်ထဲသို့ ခပ်သွက်သွက် ၀င်သွားမည်။ ဆယ့်ငါးမိနစ်လောက် ကြာလျှင် ပြန်ထွက်လာမည်။ ကျွန်တော်တို့ ဆိုင်တွေ ဘက်ကို ငေးမည်။ စာအုပ်တစ်အုပ်နှစ်အုပ် ကောက်ကိုင်ကြည့်လျှင် ကြည့်မည်။ ပြီးလျှင်တော့ ဟိုဘက် ၃၈ လမ်းထဲကို ၀င်သွားမည်။ သင်တန်းတစ်ခုခု တက်နေသည်ဟု ကျွန်တော်ထင်မိပါသည်။ သူမကို မြင်ရသည်မှာ အမြဲတန်း ပြေးပြေးလွှားလွှား ခပ်သုတ်သုတ်။

ပူပြင်းခြောက်သွေ့သော နေ့လည်ခင်းတစ်ခုတွင် ကျွန်တော် အနည်းငယ် ငိုက်မျည်းနေစဉ် ကတ္တီပါ ဖိနပ် ကြက်သွေးရောင်လေး ၀တ်ထားသော ခြေဖမိုးတစ်စုံက ကျွန်တော့်ရှေ့မှာ လာရပ်ပါသည်။

“ ဒီစာအုပ်က ဘယ်လောက်လဲဟင်။”

ကျွန်တော် မော့ကြည့်လိုက်တော့ ကောင်မလေး ကို တွေ့လိုက်ရသည်။ လင်းယုန်မောင်မောင် ရေးသော ဟစ်တလာ ဆိုသည့် စာအုပ် ကို သူမက ညွှန်ပြနေသည်။ စာအုပ်က ပထမအကြိမ်ထုတ်။ ဒါပေမယ့် အတော်ကို လတ်လတ်ဆတ်ဆတ် ရှိသေးသည်။ ကျွန်တော်က စာအုပ်ကို လှန်လိုက်ပြီး ပထမစာမျက်နှာ ပေါ်တွင် ရေးထားသော ဈေးနှုန်းကို ပြလိုက်ပါသည်။ သူမက မျက်ခုံးတွန့်သွားပြီး များလိုက်တာ ဟု ခပ်တိုးတိုး ဆိုသည်။ သူမ လက်ထဲတွင်တော့ စာအုပ် လေးငါးအုပ်ကို ကျွပ်ကျွပ်အိတ်ပါးလေးဖြင့် ထည့်ထားပါသည်။

“ဘာစာအုပ်တွေ ၀ယ်လာလဲ အစ်မ။”

ကျွန်တော်က ဘာရယ်မဟုတ် လှမ်းမေးလိုက်ပါသည်။ သူမက ခွေးခြေပုလေးပေါ်တွင် ထိုင်ရင်း စာအုပ်များကို ထုတ်ပြပါသည်။ English For All ကတစ်အုပ်၊ မောင်သိန်းဇော်၏ ကဗျာစာအုပ်။ ဗန်းမော်တင်အောင်၏ မြန်မာ့သမိုင်းစာအုပ်။ ကွန်ပျူတာနှင့် ပတ်သက်သော စာအုပ်တစ်အုပ်။ သြော်.. လိုင်းတော်တော် စုံတာပဲ။ ကျွန်တော်က ကောက်ချက်ချလိုက်ပါသည်။ ထိုနေ့က သူမ ပေါ့ပေါ့ပါးပါး ဖြစ်နေဟန် တူသည်။ ကျွန်တော့်ကို ဟိုဟိုသည်သည် စကားလျှောက်ပြောနေသည်။ စာအုပ်ဟောင်းတွေ ဘယ်လို ၀ယ်ရသလဲ။ စာအုပ်တွေက အချိန်ကြာလာရင်လည်း ဈေးက တက်တက်နေတာပဲ။ အရှုံးမရှိတဲ့ အလုပ်ပဲ ဟု အားပေးသလို ပြောပါသည်။

ကျွန်တော်ကလည်း တချို့စာအုပ်တွေက ဒုတိယအကြိမ် တတိယအကြိမ် ထပ်ထပ် ပုံနှိပ်လာနိုင်ကြောင်း။ အဲသည့်အခါ ဆိုလျှင် ကျွန်တော်တို့ သတ်မှတ်ထားသည့် ဈေးက များနေလျှင် ၀ယ်သူမရှိနိုင်ကြောင်း။ ဒါကြောင့် ပြန်ထုတ် စာအုပ်ဈေးကွက်ကိုလည်း အမြဲ သတိထားနေရကြောင်း။ တခါတလေကျတော့လည်း စာအုပ်အသစ်ရောင်းသော ဆိုင်များဖြစ်သည့် အမေ့အိမ် ပညာရွှေတောင် လို ဆိုင်ကြီးများက ထင်ရှားသော စာအုပ်အဟောင်းများကိုပါ အဖုံးကျကျနန ဖုံးကာ စင်တင်ရောင်းလာသဖြင့် ကျွန်တော်တို့နှင့် ပြိုင်ဖက်လို ဖြစ်လာကြောင်း။ ကျွန်တော်တို့ထံ စာအုပ်ဟောင်း လာသွင်းသူများကလည်း ဈေးပိုပေးနိုင်သော ထိုဆိုင်ကြီးများထံ တချို့ရောက်သွားကြကြောင်း။ စာအုပ်အဟောင်း ရောင်းရာတွင် ကျွန်တော်ကတော့ သီးသန့် တစ်လိုင်းယူကာ သမိုင်းစာအုပ်တွေ ရောင်းတာများကြောင်း.. စသည်ဖြင့် ရှင်းပြမိပါသည်။

သူမ ပြန်ထွက်ခါနီးတွင် ဒီစာအုပ် မ၀ယ်တော့ဘူးလား ဟု ဟစ်တလာ စာအုပ်ကို ကိုင်ကာ လှမ်းမေးတော့ သူမက ဒီနေ့ဝယ်တာ များသွားပြီ။ ဒီစာအုပ်က ဈေးလည်းများတယ် မ၀ယ်နိုင်တော့ဘူး ဟု ဆိုကာ ထွက်သွားပါသည်။ နောက်တော့ ၀ယ်ပေါ့ အစ်မရယ် ကျွန်တော် ဖယ်ထားလိုက်မယ် ဟု ကျွန်တော်က လှမ်းအော် ပြောလိုက်သေးသည်။ ထိုနေ့က နေပူကျဲကျဲထဲတွင် ဖုန်မှုန့်များကင်းစင်သော လတ်ဆတ်သည့် လေနုအေး တချို့က ကျွန်တော့်ကို အေးမြစေခဲ့ပါသည်။

အဲဒီနေ့ကစ၍ သူမကို ကျွန်တော် နောက်ထပ် မတွေ့ခဲ့တာ အတော်ကြာသွားခဲ့သည်။ နှစ်နှစ်ခွဲခန့် ကြာသွားသည် ထင်ပါသည်။ ထိုနေ့က ကိစ္စတစ်ခုရှိ၍ ဆိုင်ကို သူငယ်ချင်းနှင့် အပ်ကာ ကျွန်တော် ခဏထွက်သွားခဲ့ပါသည်။ ပြန်ရောက်လာတော့ ကျွန်တော့်ဆိုင်မှာ စာအုပ်များ လှန်လှောကြည့်နေသော သူမကို တွေ့လိုက်ရသည်။ သူမသည် ယခင်ကထက် ပိုမိုသပ်ရပ်ကာ အများကြီး ကြည့်ကောင်းလာပါသည်။ ကျောပိုးအိတ်ကို လွယ်မထားပါ။ စလင်းဘက်တစ်လုံးကို လွယ်ထားသည်။ ကျွန်တော့်ကို မြင်တော့ ပြုံးကာ သြော် … ဒါက အစ်ကို့ဆိုင်လား ဟု ပြောသည်။ ဟုတ်.. ပျောက်နေတယ် နော်.. ဟု ကျွန်တော်က ဆိုတော့ ဟုတ်တယ်။ မြန်မာပြည်မှာကို မရှိတာ ဟု သူမက ပြန်ပြောပါသည်။

အစ်မက အပြင်ထွက် နေတာကိုး၊ အလုပ် သွားလုပ်တာလား ဟု ကျွန်တော်က စပ်စုလိုက်သည်။ ကျောင်းတက်နေတာလေ ဟု ပြန်ဖြေပါသည်။ သြော်… ကျွန်တော်နှင့် နောက်ဆုံးတွေ့ခဲ့စဉ်က သူ နိုင်ငံခြားသွားတော့မယ် ဆိုတာ ကျွန်တော့်ကိုပြောမသွားပါလား ဟုတွေးလိုက်မိသည်။ ပြီးမှ ကျွန်တော့်ကို ဘာမို့လို့ သူမက သတိတရ ပြောသွားရမှာလဲလေ ဟု ပြန်တွေးလိုက်ပါသည်။

ဆိုင်တွေကလည်း နေရာ ပြောင်းနေတယ်နော် ဟု သူမက ဆိုလာပါသည်။ ကျွန်တော့်ကိုတော့ ဒီနားမှာ လူတိုင်းသိပါတယ်။ ကျွန်တော်က ဂျင်းဘောင်းဘီ အမြဲဝတ်တယ်။ ဂျင်းဘောင်းဘီ ၀တ်ပြီး သမိုင်းစာအုပ်တွေ ရောင်းတဲ့ တစ်ယောက်လို့သာ မေးလိုက်ပါ။ အမြဲရှိနေပါတယ် ဟုပြောလိုက်တော့ သူမက ပြုံးပြီး ဟုတ်ပါပြီလေ ဟုသာ ဆိုပါသည်။

သူမ ထွက်သွားပြီးမှ ကျွန်တော်သိမ်းထားသော ဟစ်တလာ စာအုပ်ကလေးကို သတိရသည်။ ၀ယ်ဦးမှာလားဟင်။ ကျွန်တော် မမေးမိခဲ့။ ဒီအချိန်လောက်ဆိုလျှင် တနေရာရာက သူမ ဖတ်ပြီးရောပေါ့။ ဒါမှမဟုတ် ဒီစာအုပ်ကို စိတ်မ၀င်စားတော့တာလည်း ဖြစ်ချင်ဖြစ်မည်။ အပြင်ကို ထုတ်လိုက်မည် စိတ်ကူးပြီးမှ စာအုပ်ကို ကျွန်တော် ပြန်သိမ်းထားလိုက်ပါသည်။

နှစ်တွေ အလီလီ ဖြတ်သန်းသွားပြန်သည်။ ဒီကြားထဲမှာ ကျွန်တော့်ဆိုင်ရှေ့မှ ဖြတ်သွားသော သူမကို ကျွန်တော် တခါတလေ ရိုးတိုးရိတ်တိတ် တွေ့မိသလိုလို။ သူမ နိုင်ငံရပ်ခြား တနေရာရာမှာပဲ ဆက်နေဖြစ်မလား။ တစ်နှစ်တစ်ခါလောက် ဖြစ်ဖြစ် အိမ်ပြန်မလာဘူးလား။ မြန်မာပြည် ပြန်ရောက်တိုင်း ကျွန်တော့်ကိုတော့ တခုတ်တရ လာနှုတ်ဆက်စရာ အကြောင်းမရှိပါ။

သည်လိုနှင့် ကျွန်တော်တို့ မြို့ကြီးလည်း ပိုဟောင်းနွမ်းလာသည်။ ပလက်ဖောင်းတွေမှာ အပေါက်အပြဲတွေ ပိုများလာသည်။ ကျွန်တော်က စာအုပ်အဟောင်း ရောင်းနေဆဲ။ ကျွန်တော့် သူငယ်ချင်းတချို့ မလေးရှားမှာ အလုပ်သွားလုပ်ကြသည်။ ကျွန်တော်က စာအုပ်အဟောင်း ရောင်းနေဆဲ။ ကုန်ဈေးနှုန်းတွေ တက်တက် လာသည်။ လမ်းထဲက ပတ်စပို့ရုံးမှာ လူတွေ ပိုတန်းစီလာသည်။ ကျွန်တော်ကတော့ စာအုပ်အဟောင်းတွေ ရောင်းနေဆဲ။

လွန်ခဲ့သည့် ခြောက်လခန့်က အမေ့အိမ် စာအုပ်ဆိုင်ထဲမှ ထွက်လာသော သူမကို အမှတ်မထင် တွေ့လိုက်ရပါသည်။ သူမသည် ရှပ်အကျီင်္ အနီကွက်ကလေး ၀တ်မထားခဲ့ပါ။ အပွင့်အခက်များပါသည့် မိန်းကလေး အင်္ကျီတစ်ထည်ကို အချိုးကျ လှပစွာ ၀တ်ဆင်ထားခဲ့ပါသည်။ အသားတွေ တော်တော်ဖြူပြီး အတော်ကလေးလည်း ပြည့်လာခဲ့ပြီ။

ကျွန်တော်က အစ်မ အစ်မ ဟု လိုက်ခေါ်တော့ သူမက လှည့်ကြည့်ပြီး မှတ်မိသလို ပြုံးပြပါသည်။ ဆိုင်ဖွင့်နေသေးလား ဟုမေးပါသည်။ ဟုတ်တယ် အစ်မ.. စာအုပ်အဟောင်းတွေ လိုက်ရှာနေသေးလားဟင်။ ကျွန်တော်က မေးတော့ သူမက လက်ထဲက စာရွက်ပိုင်းကလေးကို ထုတ်ပြပါသည်။ စာအုပ်စာရင်း ဖြစ်ပါသည်။ ကျွန်တော်က ကြည့်လိုက်ပြီး သူမ လိုချင်သော စာအုပ်များ ကျွန်တော့်ဆိုင်မှာ မရှိကြောင်း ပြောသည့်အခါ သူမ စိတ်ပျက်သွားပုံ ပေါ်သည်။

အစ်မ.. ကျောင်းပြီးသွားပြီလား။ ကျွန်တော်က မေးမိပါသည်။ သူမက တချက်ရယ်ကာ.. ပြီးတာကြာမှပေါ့။ အခု ဟိုမှာပဲ အလုပ်လုပ်နေတယ်လေ ဟု ပြောပါသည်။

ပလက်ဖောင်းဘေးမှာ ရပ်ထားသော ကားတစ်စီး၏ ပြူတင်းပေါက်ဝယ် လူတစ်ယောက်က ခေါင်းပြူကြည့်နေသည်။ သူမက ကျွန်တော့်ကို လက်ပြပြီး ထိုကားကလေးပေါ် တက်သွားပါသည်။ နောက်နေ့မှ ပြန်လာရှာဦးမယ် ဟု ပြောသွားသလို ခပ်သဲ့သဲ့ ကြားလိုက်ပါသည်။ ထိုနေ့နောက်ပိုင်း သူမကို ကျွန်တော် ယခုအထိ မတွေ့ဖြစ်တော့ပါ။

ဒီဇာတ်ကြောင်းက ဒီလောက်သာ ဖြစ်ပါသည်။ ဒါပဲ လား။ အချိုးအကွေ့ အလှည့်အပြောင်း တွေ စိတ်လှုပ်ရှားစရာတွေ ဖြစ်လာဦးမှာလား ဟု ခင်ဗျားတို့ ဆက်တွေးနေမည်လား။ ကျွန်တော်တို့ဘ၀မှာ စိတ်လှုပ်ရှားစရာတွေများ ရှိလာဦးမှာလား။ ကျွန်တော်လို မသေမချင်း လမ်းဘေးမှာ စာအုပ်အဟောင်း ရောင်းနေသူ တစ်ယောက်နှင့် တိုးတက်နေသော နိုင်ငံခြားရောက် ကောင်မလေး တစ်ယောက်အဖို့ ဒီ့ထက်ပိုပြီး ဘာဇာတ်လမ်းမှ ရှိလာစရာ အကြောင်းမရှိပါ။ ကျွန်တော်က စာအုပ်အဟောင်းတွေ ဆက်ရောင်းနေဦးမည်သာ။

ရှပ်အင်္ကျီအနီကွက် ၀တ်ထားသော မိန်းကလေးများကို တွေ့တိုင်း သူမ လား ဟု ကြည့်မိတတ်သည်။ ယခုလည်း ဒီဇာတ်ကြောင်းကိုလည်း မှတ်မှတ်ရရ ပြန်ပြောမိပါသည်။ အဲဒါဟာ ဘာကြောင့်များလဲ။ ခင်ဗျားတို့ လူတိုင်း ပြောပြောနေကြသော လှလှပပ အရာတစ်ခု ကဗျာဆရာ စာရေးဆရာများ အမြဲဖွဲ့နွဲ့ကြသည့် အရာတစ်ခု ဟုတ်မဟုတ် ကျွန်တော် ဘယ်တုန်းကမှ တွေးမကြည့်ခဲ့ဖူးပါ။ တွေးလည်း မတွေးချင်တော့ပါ။

ရာသီဥတု မှုန်မှိုင်း၍ မိုးဖွဲဖွဲရွာသော တနေ့တွင် စာအုပ်များကို နေရာချနေစဉ် ကျွန်တော် သိမ်းထားခဲ့သည့် စာအုပ်ကလေးကို ပြန်ထုတ်ကြည့်မိပါသည်။ သူမနှင့် ပြန်တွေ့ခဲ့စဉ်က မေ့နေသော စာအုပ်ကလေး တစ်အုပ်။ ကျွန်တော် ဒီစာအုပ်ကလေးကို မရောင်းချင်တော့ပါ။ ဒီတခါ တွေ့လျှင်တော့ သူမကို လက်ဆောင်အဖြစ် မမေ့မလျော့ ပေးချင်လှပါသည်။

ကျောပိုးအိတ်တစ်လုံးလွယ်ကာ ရှပ်အင်္ကျီအနီကွက် ၀တ်ထားသည့် ခပ်သုတ်သုတ် လမ်းလျှောက်နေသော ကောင်မလေးတစ်ယောက်ကို တိုက်ဆိုင်၍များ တွေ့ခဲ့လျှင် ပြောလိုက်ပါလေ။ ဒီတခါ ရန်ကုန်မြို့ကို ရောက်လျှင် ပန်းဆိုးတန်းလမ်းတွင် ဂျင်းဘောင်းဘီ ခတ်စုတ်စုတ်တစ်ထည် အမြဲတစေ ၀တ်ဆင်ကာ စာအုပ်အဟောင်း ရောင်းနေသော လူတစ်ယောက်ထံမှာ လင်းယုန်မောင်မောင်ရေးသော ဟစ်တလာ ဟု အမည်ရသည့် ပထမအကြိမ်ထုတ် စာအုပ်ဟောင်းလေး တစ်အုပ်ကို ဆက်ဆက်လာယူပါ.. လို့။


ပန်ဒိုရာ
.

36 comments:

မောင်မျိုး said...

ဇတ်လမ်းလေးက ဖတ်လို့ကောင်းလိုက်တာ အပြင်မှာလည်း တကယ်ရှိမှာပဲလို့ ခံစားမိတယ် ဇတ်လမ်းဖော်ထားတာလေးကတော့ မိုက်ပါ့ တကယ့်မြင်ကွင်းထဲမှာ စာအုပ်ရောင်းတဲ့ ကောင်လေးရယ် အကျီင်္အနီကွက်လေးနဲ့ ကောင်မလေးကို မြင်ယောင်သွားတယ် ။ ဒီနေရာမှာ စာအုပ်ရောင်းတဲ့ ကောင်လေး အစား အဲ့လို မိုးတွင်းမှာ ကောင်မလေးကို မောင်းလာတဲ့ ကားက ရေစင်ပြီး ဆင်းတောင်ပန်မယ့် ဇတ်ကောင်တစ်ယောက်သာဆို ဇတ်လမ်းက တစ်မျိုးပြောင်းချင်ပြောင်းမှား) လူတိုင်း ပြောပြောနေကြသော လှလှပပ အရာတစ်ခု ကဗျာဆရာ စာရေးဆရာများ အမြဲဖွဲ့နွဲ့ကြသည့် အရာတစ်ခု က တစ်ခါတစ်လေ တော့လည်း ဂုဏ်သိက္ခာတွေ အဆင့်တန်းတွေက အဖြေထုတ်သွားတာပဲ သေချာတယ် နိုင်ငံခြား ရောက်နေတဲ့ ကောင်မလေးက ဂျင်းဘောင်းဘီ ၀တ်ပြီး သမိုင်းစာအုပ်တွေ ရောင်းတဲ့ ကောင်လေးကို ရွေးစရာအကြောင်းမရှိဘူးလေ ဘာကြောင့်ဆို စာအုပ်သည်လေးဆိုတဲ့ အမည်နာမလေးမှာ အားကိုလောက်စရာ ပကာသနတွေမှ မပါတာ ။ အချစ်က ပဲများတယ် :)မဆိုင်တာတွေပြောခဲ့ပြီး ရစ်တက်တဲ့သဘာဝမို့ ဒေါ်လေးရေ့ ခွင့်မလွှတ်ပါနဲ့ :P

သက်ဝေ said...

တချိန်တုန်းက ရှပ်အင်္ကျီ ၀တ်၊ ကျောပိုးအိပ် လွယ်ပြီး ပန်းဆိုးတန်းတစ်လျှောက် လမ်းလျှောက်ခဲ့ဖူးတယ်။
အမေ့အိမ်မှာ စာအုပ်ဝင်ဝယ်ရင်း
ခင်ထွေးရီမုန့် ဟင်းခါးလဲ စားခဲ့ဖူးတယ်...။
လွမ်းစရာကလေး...

sin dan lar said...

ဝတ္ထုကောင်းလေး တစ်ပုဒ်ကို ဖတ်သွားပါတယ်...

လင်းဒီပ said...

ဟုတ်ကဲ့ တွေ့ရင် ပြောလိုက်ပါမယ် ပန်းဆိုးတန်းမှာ ဟစ်တလာ စာအုပ်လေး သွားယူဖို့..:P

ကောင်းတယ် အစ်မရေ..

အိန္ဒြာ said...

ဘယ်လိုမှတ်ချက်ပေးရမလဲ...

နိုင်ငံခြားကိုရောက်နေတဲ့ကောင်မလေးက
ပန်းဆိုးတန်းက ဟစ်တလာ စာအုပ်တစ်အုပ်ကို သတိတရရှိနေသေးတယ်..ဆိုတာကိုလား.........(နောက်တာ..နော်)။

မပန်ရေ...
စိတ်ထဲမှာ..အသေးစိပ်ဆက်တိုက်ဖြစ်နေတာတွေကို..
လှလှပပရေးချသွားလိုက်တာ...

""သည်လောက်ဆိုလျှင် ကျွန်တော်က ရန်ကုန်မြို့၏ လူစည်ကားသော ပန်းဆိုးတန်း လမ်းဘေးတနေရာဝယ် စာအုပ်အဟောင်းရောင်းသူတစ်ဦး ဖြစ်ကြောင်း ခင်ဗျားတို့ကို သီးသန့်ရှင်းပြစရာ မလိုတော့ဘူး ထင်ပါသည်။""

""ဒီဇာတ်ကြောင်းက ဒီလောက်သာ ဖြစ်ပါသည်။ ဒါပဲ လား။ အချိုးအကွေ့ အလှည့်အပြောင်း တွေ စိတ်လှုပ်ရှားစရာတွေ ဖြစ်လာဦးမှာလား ဟု ခင်ဗျားတို့ ဆက်တွေးနေမည်လား။""

ဆိုတဲ့အရေးတွေကို...
သိပ်ကြိုက်သွားကြောင်း..

အောင်သာငယ် said...

ငိုချင်စရာကြီး...း(

mysterysnow said...

ဟစ်တလာ စာအုပ်ကိုတော့ လိုချင်ပါတယ်။
ဒါပေမယ့် ပိုင်ရှင်မဟုတ်တော့ ခက်တယ်။

mysterysnow said...

ဟစ်တလာ စာအုပ်ကိုတော့ လိုချင်ပါတယ်။
ဒါပေမယ့် ပိုင်ရှင်မဟုတ်တော့ ခက်တယ်။

နှင်းခါးမိုး said...

ဖွဲ့ပုံလည်းလှတယ်။ ရေးဟန်လည်း သစ်တယ်။ စိတ်ကူးလေးကလည်းနုတယ်။ ပေးတဲ့ရသက ထိရှကျန်ခဲ့စေတယ်။ ဒီလိုလက်ရာကောင်းလေးတွေအတွက် ကျေးဇူးတင်ပါတယ်။ ချမ်းမြေ့ပါစေ။

မီယာ said...

ဖတ်လို့ကောင်းလိုက်တာ။ အင်္ကျီအနီကွက်ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက် ပန်းဆိုးတန်းစာအုပ်တန်းမှာ လမ်းလျှောက်ပြီး စာအုပ်တွေ လိုက်ကြည့်နေတာ မြင်ယောင်တယ်။

tututha said...

ပန်းဆိုးတန်းကိုလွမ်းမိပါ့ ညီမပန်ရေ .. အရေးအသားကတော့ အထူးပြောစရာမှရှိဘူး .. ပန်ဒိုရာဆိုတာ ပန်ဒိုရာပါပဲ။ လေးစားတယ်။

Younggun said...

ဝထ္ထုဆို ဝေးဝေးရှောင်တဲ့ ကျနော် ဒီတစ်ခါ အငိုက်မိသွားပါတယ်။ ဖတ်ရင်းနဲ့ ညားမယ်ထင်တာ၊ နောင်မှ .. ဒီလိုပါလားလို့ မထင်မှတ်တဲ့ရှုထောင့်ကို မြင်လိုက်ရတယ်။ တာရာမင်းဝေကဗျာထဲကလို ဆက်စပ်ပြောရရင် ဂျင်းဘောင်းဘီစုတ်လေးရဲ့ မိုးပေါ်ကို ဆန့်မြှောက်ထားတဲ့ မမီနိုင်သော ကမ်းလက်တွေဟာ ဟိုးတုန်းကလိုပဲ မြေမှုန်တွေ စွန်းထင်းလျက်ပါပဲ လို့။ စိတ်ထဲ အုံ့မှိုင်းဝေရီသွားတယ်။ ဇာတ်သိမ်းပိုင်းမှာ..။

ဆောင်းယွန်းလ said...

ဖတ်လို့ကောင်းလိုက်တာမပန်ရေ...
ဖြစ်တတ်တဲ့သဘောတရားတွေကိုအများကြီးတွေ့လိုက်
ရပါတယ်..တင်ပြပုံကောင်းလှပြီးရင်ထဲထိအောင်ထိရှသွားစေတယ်ဗျာ.....
ခင်မင်လျက်

Moe Cho Thinn said...

စာအုပ် စာပေ ချစ်တတ်ကြသူနှစ်ယောက်ရဲ့ ဖြူစင်တဲ့ သံယောဇဉ်တွေကို မြင်အောင် ကြည့်သွားပါတယ် ပန်ပန်ရေ..။

Mhu Darye said...

ဖတ်သွားပါတယ်...။ ^-^

ပုံရိပ် said...

လူတစ်ယောက်ရဲ့ ဘ၀မှာ ခရီးသွားဟန်လွှဲ စိတ်ဝင်စားခဲ့တဲ့ အဖြစ်အပျက်လေး ကိုယ်စီ ရှိကြမှာပါ။ အဲဒီ အကြောင်းလေးကို မပန်က အရေးအသား ကောင်းကောင်းလေးနဲ့ ဆွဲခေါ်သွားတယ်။

့hana san said...

ဒုတိယအကြိမ်မြောက် ရောက်ရှိ ဖတ်ရှုခြင်းမှာ
စာရေးဆရာမလေးရဲ့  ဆွဲငင်သိမ်းသွင်းသွားတာကို
ခံလိုက်ရတယ်။ နောက် အမြဲ လာ လာဖတ်နေတော့မယ်ဆိုတာ ကိုယ့်ဘာကိုယ် သေချာနေ
ခဲ့ပြီ။
ကျေးဇူးတင်ပါတယ်။

Kay said...

ဖတ်လို့ကောင်းလိုက်တာ ပန်ပန်ရေ-
ခုမှ အမြန်စာတွေ လိုက်ဖတ်နေရတယ်။း)

အောင်မြေ said...

စာကောင်းပေမွန် လာဖတ်ဖြစ်ပါတယ်။

Welcome said...

လွမ်းချင်သလိုလို ဖြစ်သွားပါတယ်။
အရေးအသားကောင်းမွန်တာမို့
နှစ်နှစ်သက်သက် ဖတ်သွားပါတယ်။
အဆင်ပြေ ပျော်ရွှင်နိုင်ပါစေ

လေးစားလျက်
ဝင်းဇော်

Anonymous said...

မရေ... တစ်ချိန်က အဲဒီနားမှာ ခေါက်တုံ့ခေါက်ပြန် ခြေတိုအောင် လျှောက်ခဲ့ဖူးပေမဲ့ ကောင်မလေးကို မတွေ့မိဘူး၊ ဒါပေမဲ့ တွေ့တာနဲ့ ပြောလိုက်ပါ့မယ်။ ခုချိန်ထိ ဟစ်တလာ စောင့်နေဆဲပါလို့။

အေးချမ်းသူ

ဝါ၀ါခိုင်မင်း said...

မမရေ..
မမနာမည်ကိုရင်းနှီးနေတာကကြာပါပြီ.
လင့်ခ်က ရှိမနေတော့ မရောက်ဖြစ်တာပါ။
မပန်ဒိုရာက စာရေးအရမ်းကောင်းတာပဲနော်.
အရမ်းဖတ်လို့ကောင်းတာပါပဲ မမရေ...
အစ်မ ဟုတ်မဟုတ်တော့ မသိဘူးနော်. လေးစားလို့
မမ လို့ခေါ်သွားပါတယ်ရှင်။ မှားရင်လဲ ပြောပါဦးရှင့်။ :D
စာရေးကောင်းလွန်းတဲ့ မမကို ခင်မိပါတယ်။
နောက်လဲစာတွေ ဆက်ပြီးလာဖတ်ပါဦးမယ် မမ ရေ။

ဝါ၀ါခိုင်မင်း

လွတ်ငြိမ်းလေပြေ said...

“၀ယ်ဦးမှာလားဟင်”
(မျှော်လင့်နေတဲ့ ၊ သိမ်ငယ်နေတဲ့ ၊ မရေရာတဲ့ ...
ခံစားချက်တွေ )

လင်းထက် said...

စွဲဆောင်မှု အပြည့်ရှိတဲ့ ဇာတ်လမ်း လေးပါပဲ
အဲဒီ အကျီ အနီဝတ်ကလေး က မပန်ဒိုရာ လား?

LMN said...

ပန်ပန်
မေးလ်ထဲကနေ ရောက်လာတဲ့ ဒီပို့စ်လေးကို ဖတ်ပြီး ကွန်မန့် မရေးဘဲ မနေနိုင်တာနဲ့ ရေးလိုက်မိတယ်။
ပန်ပန့်ရဲ့ အရေးအသားက အစအဆုံး ဖတ်ဖြစ်အောင် ဆွဲခေါ်သွားတယ်။
အဖြစ်အပျက် ရိုးရိုးလေးကို ရိုးရိုးလေး ရေးဖွဲ့ထားသယောင် ထင်ရပေမဲ့ ဇာတ်လမ်းရဲ့ နောက်ခံလေးတွေက ခေတ်ကို ထင်ဟပ်နေပြီး အချိန်နဲ့အမျှ တစစ ပြောင်းလဲခြင်းကို သတိပြုမိစေတယ်။

ပိုပြီး အိုဟောင်းလာတဲ့ မြို့ကြီး၊ ပိုပြီး ပေါက်ပြဲလာတဲ့ ပလက်ဖောင်းတွေနဲ့၊ ဒီပလက်ဖောင်းတွေကို အမှီပြုနေရတဲ့ စာအုပ်ဟောင်းဆိုင်ကလေးတွေ၊ ခင်ထွေးရီမုန့်ဟင်းခါး ... ပတ်စ်ပို့ရုံးနဲ့ အမေ့အိမ် ...
လွမ်းတယ် ပန်ပန်ရေ ...
ဖတ်ရင်းနဲ့ မျက်ရည်တွေ ၀ဲလို့ .... ။

ရွှန်းမီ said...

မုန့်ဖိုးတွေ ခြစ်ချုတ်စုပြီး စာအုပ်ဟောင်းတန်း လျှောက်ဝယ်ခဲ့တဲ့ ဘ၀ကို သတိရမိတယ်။
ရှပ်အင်္ကျီ အနီကွက်တော့ မ၀တ်ဖူးပါဘူး။
တစ်ဆိုင်ထဲကလည်း ခဏခဏ မ၀ယ်တတ်ဘူး.. ရောင်းတဲ့သူတွေ အများကြီးမို့ သနားလို့ မျှဝယ်တယ်.. အဲ့ဒီတုန်းက မ၀ယ်ပဲ စာအုပ်မွှေသလိုလိုနဲ့ ခိုးဖတ်နေခဲ့တာက ပိုများပါတယ်း-)

P.Ti said...

ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေးကို တွေ့လိုက်တယ်... ဂျင်းဘောင်းဘီဝတ်ပြီ အင်္ဂလိပ်လို စာအုပ်တွေဖတ်နေတယ်...

စာအုပ်တွေဝယ်ဖတ်တာနည်းလာပြီး national library ကနေပြီး ငှားဖတ်တာများလာတယ်တဲ့...

ရန်ကုန်ရောက်ရင် ပန်းဆိုးတန်းကို တစ်ခေါက်လောက်လာဖို့ ပြောလိုက်ပါ့မယ်...

မင်းကျန်စစ် said...

ဖတ်ရင်း ဖတ်ရင်းနဲ့ ပြန်တွေ့မယ် မျှော်လင့်ထားတာဗျာ
မတွေ့ပဲ သိမ်းလိုက်တော့ တမျိုးပဲ ခံစားလိုက်ရတယ်။
အဖြစ်အပျက်အားလုံးကို မြင်သာအောင်ေ၇းဖွဲ့ထားတဲ့ ဝတ္ထုလေးတစ်ပုဒ်အတွက် ကျေးဇူးပါ။

တန်ခူး said...

ကြိုက်တယ်… အဲဒီလိုမျိုးလေးတွေ ဖတ်ချင်နေတာကြာပေါ့….
ဒီတခေါက်အိမ်ပြန်တော့ အဲဒီနားကို ရောက်ခဲ့သေးတယ်…
ဒီပို့ စ်လေးသာ အိမ်မပြန်ခင်က ဖတ်ခဲ့တယ်ဆိုရင် ဂျင်းဘောင်းဘီဝတ်တဲ့ ကောင်လေးကို ရှာကြည့်မိဦးမှာ… တို့ မှာလဲ ရှပ်အကျီင်္အနီကွက်လေး တထည်ရှိခဲ့ဘူးတယ်…
ပန့်အကျီင်္လေးရော… သိမ်းထားသေးလား…

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

အရမ်းတမျိုးပဲ ခံစားလိုက်ရတယ်.. စာအုပ်အဟောင်းဆိုင်တွေကို လွမ်းသွားတယ်မပန်.. မလေး ပြန်တုန်းက လှည်းတန်းစာအုပ်အဟောင်းတန်းသွားချင်တယ်လို့ သူတို့ကိုပြောတော့ မရှိတော့ဘူးတဲ့ ဟုတ်လားဟင်.. အဟောင်းတန်းတွေခေတ် မရှိတော့ဘူးလို့ ဆိုကြတယ်မပန်ရယ်..

ယောနသံစင်ရော် said...

မပန်ဒိုရာ..ဝတ္ထုလေးကအရမ်းဆွဲဆောင်မှုရှိတယ်။

Aye Myat Myat Ko said...

အစ်မရေ
အရေးအသား အဖြတ်အတောက် စကားလုံး အားလုံး အားလုံး သိပ်သဘောကျတာပဲ... မရောက်ဖြစ်တာ အတော်ကြာလို့ လာခဲ့တာ... လာရကျိုးနပ်လိုက်တာ

ကိုဂစ်တာ said...

ကောင်းတယ်လို့
မပြောတော့ပါဘူး အစ်မ။

pandora said...

မောင်မျိုး ... မောင်မျိုးရဲ့ တဖက်ကလှည့်တွေးပုံလေးကလည်း ဖြစ်နိုင်ခြေတခုပေါ့နော်။


မသက်ဝေ.. အခုလွမ်းရင်တော့ အိမ်မှာလာစား။ ခင်ထွေးရီထက် သာအောင် ချက်ပေးမယ်။ :D

ှSin Dan Lar .. ကျေးဇူးပါ ညီမရေ.။

လင်းဒီပ.. တွေ့ရင်ပြောလိုက်ပါနော်။ :)

မအိန္ဒြာ.. ကြိုက်သွားတယ် ဆိုလို့ ၀မ်းသာပါတယ်နော်။

ကိုအောင်သာငယ်.. အလွမ်းဓာတ်ခံ ရှိတယ် ထင်တယ်

mysterysnow .. ပိုင်ရှင်ကိုပေးပေးမယ်လို့ ပြောပြီးယူကြည့်ပါလား။ :)

ကိုဝေလင်း.. မှတ်ချက်လေးအတွက် ကျေးဇူးပါနော်။ ကြိုးစားပါဦးမည်။

မီယာ.. နှစ်သက်လို့ ၀မ်းသာပါတယ်။

မတူးတူးသာ... မတူးတူးသာကလည်း မတူးတူးသာပါပဲလေ။ အပြန်အလှန် လေးစားလျက်.း)

YoungGun ..မှတ်ချက်လေးက ကဗျာဆန်နေပါတယ်။

ကိုဆောင်း.. အသေအချာ ခံစားသွားတာ ကျေးဇူးပါ။

မမိုးချိုသင်း.. ဖြူစင်မှုလေးတွေကို မြင်အောင်ကြည့်သွားတာ ကျေးဇူးတင်ပါတယ်။

မှူးဒါရီ.. ကျေးဇူးပါနော်။

ပုံရိပ်... မှန်တာပေါ့။ အမှတ်မထင် အဖြစ်အပျက်လေးတွေ..။

မဟနစံ.. အချိန်ပေးပြီးလာဖတ်တာ ၀မ်းသာမိပါတယ်။ ကြိုဆိုပါတယ် အစ်မရေ..။

မကေ.. ဖြေးဖြေးဖတ်..နောက်တခေါက်ထပ်ဖတ်။ ဒါပဲ။

အောင်မြေ.. စာကောင်းပေမွန် လို့တော့ မလုပ်ပါနဲ့။ မျက်လုံးပြူးသွားတယ်။

ကိုဝင်းဇော်.. ကျေးဇူးပါ။

သိုးမလေး.. တွေ့ရင် ဆက်ဆက် ပြောလိုက်ပေါ့နော်။

မ၀ါဝါခိုင်မင်း.. မှတ်ချက်များအတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း ကြုံရင် လာဖတ်ပေါ့နော်။

လွတ်ငြိမ်းလေပြေ.. အမှတ်မထင် စကားလေးတခွန်းကို မြင်အောင်ကြည့်နိုင်တာချီးကျူးပါတယ်။

လင်းထက်.. ဒီလို အလစ်မှာ မမေးကြေးပေါ့။ ၀တ္ထုဟာ ၀တ္ထုပါကွယ်.. :P

LMN .. မ.. နှစ်သက်နိုင်မယ့် စာမျိုးလို့ ထင်ခဲ့မိပါတယ်။ အခုလို တကူးတက လာမှတ်ချက်ရေးသွားတာ ၀မ်းသာမိတယ်။ သတိရတယ် မ..။

ရွှန်းမီ.. အရင်က အချိန်တွေ လွမ်းစရာပေါ့နော်။

ပီတိ.. ဘာတွေလာပြောနေလဲဟ.။ :D :P

မင်းကျန်စစ်.. အသေအချာ ခံစားသွားတာ ကျေးဇူးပါနော်။

မတန်ခူး... သိမ်းထားတာပေါ့.. အဲလေ ယောင်လို့.. ဘာတွေလာမေးတုန်း။ ဒါက၀တ္ထုပါလေ။ :P

မလေး.. မလေးနှစ်သက်မယ့် စာလို့ ထင်မိပါတယ်။ အတူခံစားသွားတာ ကျေးဇူး။

မစိုးသင့်ဆွေ.. မှတ်ချက်အတွက် ကျေးဇူးပါ။

မအေးမြတ်မြတ်ကို.. နပ်သွားလို့ ၀မ်းသာပါတယ်။

ကိုဂစ်တာ.. ကျေးဇူးတင်တယ်လို့ မပြောတော့ဘူး။ :)

Moe Myint Tane said...

ပြေပြစ်ကျစ်လစ်တဲ့စကားပြေ အရေးအသားနဲ့ ဇာတ်အိမ်လေး တည်ဆောက်ထားပုံ၊ ဇာတ်ဆောင်စရိုက်လေးကို
မျက်စိထဲမြင်ယောင်မိအောင် ရေးဖွဲ့ထားပုံလေးကို သဘောကျမိတယ်။
မရဲတရဲနဲ့ တိတ်တခိုး မျှော်လင့်မိနေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ မျှော်လင့်ချက်..
မိုးနဲ့မြေလို ဘ၀မျိုးတွေမှာဘဲ သိမ်ငယ်စွာ အမြတ်တနိုးသိမ်းထားမိခဲ့တဲ့ စာအုပ်လေးတစ်အုပ်..
ဘ၀မှာ ပညာတွေရှာမှီးရင်း တိုးတက်မှုတွေကို ရှာဖွေရင်း ထိပ်ဆုံးရောက်အောင် ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်..
ဒီဇာတ်လမ်းကို ဖတ်အပြီးမှာ ရင်ထဲရှတတနဲ့ ဆွေးဆွေးမြေ့မြေ့လေး ဖြစ်ကျန်ခဲ့တယ်...။ အားပေးနေပါတယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မိုးစဲနေ said...

မပန်ဒိုရေ.ဖတ်ရတာနောက်ကျသွားတယ် နောက်လည်းလင့်ပို့ပေးပါဦး..ကျေးဇူးတင်ပါတယ် တိမ်တမာန်တီးလုံးလေးနားထောင်ရင်း ဖတ်ဖြစ်သွားတယ်.
လွမ်းစရာဗျာ..ကျနော်လည်း အဲ့လိုရေးချင်ပါတယ်.