Friday, July 23, 2010

ပိုပို မိုမို ဂိုဂို - အပိုင်း ၂

ပိုပို မိုမို ဂိုဂို - အပိုင်း ၁ သို့

နောက်တစ်နေ့ရောက်တော့လည်း တင်းထဲမှာ ဥ ခြောက်လုံးဖြစ်နေတာကို တွေ့ရပြန်တယ်။ အိမ်သားတွေလည်း ဇဝေဇ၀ါဖြစ်လာပြီး အိမ်နီးနားချင်းတွေကို လိုက်မေးကြည့်တယ်။ ဘဲငန်းမတွေဟာ တစ်နေ့ကို ဘယ်နှစ်လုံးဥလေ့ရှိသလဲပေါ့။ အားလုံးကလည်း သိသလောက်တော့ တစ်နေ့ကို တစ်လုံးပဲ ဥပါတယ်ပေါ့။ အဲဒီလိုနဲ့ ငါးရက်မြောက် မနက်မှာတော့ အဖြေကို တွေ့ရပါတော့တယ်။ ပိုပို ဥချပြီးတဲ့အခါ တင်းထဲကို ၀င်ဝပ်နေတဲ့ မိုမို ရယ်လေ။ လက်စသတ်တော့ မိုမိုကလည်း အမ ဖြစ်နေတာကိုး။ သူပါ လိုက်ဥ နေတော့ တစ်နေ့ကို နှစ်လုံးဖြစ်နေတာ။ ဘဲနှစ်ကောင်လုံး အမ ဖြစ်နေပြီးတော့ လေဥဥကြတာ တဲ့။ ဘဲငန်းတွေဟာ အထီးလည်း မရှိပဲနဲ့ လေဥကို ကိုယ်ဝန်ဆောင်နိုင်တာကိုတော့ အံ့သြမိတယ်။ တခြားဘဲငန်းနဲ့ တွေ့ဖို့ဆိုတာကလည်း အနီးအနားမှာလည်း ဘဲငန်းမွေးထားကြတာ မရှိဘူးလေ။ တော်သေးတာပေါ့ ဘဲငန်းမို့လို့။ သူတို့ဟာ လူ့လောကမှာဆိုရင်တော့ ကလေးအဖေမဖေါ်နိုင်ပဲ ကိုယ်ဝန်ဆောင်လာလို့ သူတကာ တံထွေးခွက် ပက်လက်မျောရမယ့်အဖြစ်။း)

ဘဲငန်းမ နှစ်ကောင်ဟာ တင်းကို တစ်ယောက်တစ်လှည့် လုပြီး ဥနေသလိုဖြစ်လာတော့ မိုမို့အတွက် နောက်ထပ် တင်းတစ်လုံး ပြင်ပေးရတော့တယ်။ ဒီလိုနဲ့ တစ်ကောင်ကို ဆယ်လုံးကျော်ကျော် ဥပြီးတဲ့နောက်မှာ ဆက်မဥတော့ပါဘူး။ ဒီတော့ သူတို့ဘာဆက်လုပ်မလဲ စောင့်ကြည့်ကြတာပေါ့။ လေဥဆိုတော့ အကောင်လေးတွေလည်း ပေါက်မလာနိုင်ဘူးမဟုတ်လား။ သူတို့နှစ်ကောင်ဟာ အစာစားချိန်လေး ခဏလောက်ပဲ ထွက်လာပြီး နေ့ရောညပါ တင်းထဲမှာ ဥတွေပေါ် ကိုယ်စီဝပ်နေပါတော့တယ်။ အဲဒီရက်ပိုင်းအတွင်းမှာ ပိန်သွားလိုက်ကြတာလည်း မပြောပါနဲ့တော့။ အစာကလည်း အရင်လောက် ခဏခဏ ထွက်မစားတော့ဘူး။ ပေါက်လာနိုင်မှာ မဟုတ်တဲ့ ဥလေးတွေအတွက် အားစိုက်ခွန်စိုက် ၀ပ်နေကြတဲ့ မိခင်မေတ္တာကို တွေ့ရတော့ သနားလည်းသနား စိတ်လည်းပူ နဲ့ ဘယ်လိုလုပ်ရမှန်းမသိဘူး။

ဝပ်တာ ရက်တော်တော်ကြာလာတော့ သိတဲ့လူတွေက ပြောကြပါတယ်။ ဘဲငန်းတွေဆိုတာ ဥကို အကောင်ပေါက်တာ မမြင်ရမချင်း ၀ပ်တာတဲ့။ ဒီတော့ ကြာရင် လုံးပါးပါးပြီး သေသွားနိုင်တယ်။ ဥတွေကို သူတို့ မမြင်အောင် တဖြည်းဖြည်း ဖယ်ပစ်ရမယ် တဲ့။ ချက်ချင်း ဗြုန်းခနဲ အကုန်သိမ်းပစ်လိုက်ရင်လည်း သူတို့က သားပျောက်လို့ ရင်ကွဲမှာ တဲ့။ အဲဒါမှ ခက်တော့တယ်။ ဥတွေကို သွားကိုင်ဖို့အတွက်က သူတို့က အခုဆို အရင်နဲ့မတူဘူးလေ။ ခြံထဲမှာ တင်းနားကို သွားကပ်ရင် အော်ချင်တယ်။ ရန်လိုလာတယ်။ သားသမီးဇောပေါ့နော်။

နောက်တော့ သူတို့ အစာစားချိန် လစ်တုန်း ဥတွေကို အသာ သွားခိုးရတယ်။ ပိုပိုနဲ့မိုမိုလည်း ဥတွေ ပျောက်လာမှန်း သိလို့လား မသိပါဘူး။ နောက်ပိုင်းကျတော့ တချိန်လုံးဝပ်နေတာ အစာတောင် ဆင်းမစားတော့ဘူး။ သူတို့ ငတ်ကုန်မှာစိုးလို့ ခြံဝကနေ ၀ပ်တင်းနားကို အစာနဲ့ရေ လှမ်းကျွေးရတယ်။ သူတို့ဝပ်ရင်း အိပ်ငိုက်နေချိန်မှာ ကိုကြီးနဲ့ ကိုလေးက ဘဲခြံအပြင်ကနေ တုတ်ကောက်ကြီးနဲ့ ဥတွေကို လှမ်းချိတ်ဆွဲပြီး လျှောချယူရတယ်။ နောက်ဆုံး ဥတွေအကုန် တင်းထဲကနေ ရှင်းပစ်နိုင်လိုက်တယ်။ (အဲဒီ လေဥတွေကို ဘာလုပ်ပစ်လဲ မေးရင်တော့ အနစ်နာခံပြီး ကြော်စားလိုက်ရတာပေါ့…လို့။ ဟီး။)

ဥတွေ မရှိတော့တဲ့အခါ ပိုပိုနဲ့ မိုမိုလည်း တဖြည်းဖြည်းနဲ့ ပုံမှန် အနေအစား ပြန်ဖြစ်သွားပါတယ်။ ဖေဖေနဲ့မေမေကလည်း ဒီလိုတော့မဖြစ်ချေဘူး ဘဲငန်းအထီးတစ်ကောင် သွားရှာမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။

ဘဲငန်းတွေ မွေးမြူကြတာက များသောအားဖြင့် ကွင်းထဲတွေမှာ ရွာတွေမှာလေ။ မြို့ပေါ်မှာ ဘယ်နေရာကို သွားရှာရမှန်း မသိတော့ မေမေက ဟင်းစားဝယ်ဖို့ ဈေးသွားတဲ့အခါ တစေ့တစောင်း ကြည့်ရတယ်။ တနေ့တော့ ကြက်သားဘဲသား ရောင်းတဲ့ဆိုင်မှာ ဘဲငန်းအရှင်ကြီးတစ်ကောင်ကို မပေါ်ခင် ကြိုးနဲ့ချည်ထားတာ တွေ့လိုက်ရတယ်။ မေမေက ဘဲငန်းအထီးဆိုရင် အရှင်ဝယ်ချင်တဲ့အကြောင်း ပြောလိုက်တော့ ဆိုင်ရှင်က အထီးလို့ အာမခံတယ်။ ဒါနဲ့ မေမေလည်း ဘဲငန်းကြီးကို သူ့အလေးချိန်အတိုင်း ပေါက်ဈေးပေးပြီး ၀ယ်လာခဲ့တယ်။ ကံကောင်းလိုက်တဲ့ ဘဲငန်းကြီးပေါ့။ ဓားသွားအောက် ရောက်တော့မယ့်ဆဲဆဲမှာ မွေးထားမယ့်အိမ်ကို ရောက်လာတယ်။

အိမ်သားတွေက ဘဲငန်းကြီးကို ၀မ်းသာအားရ ကြိုဆိုကြတာပေါ့။ သူ့ကို ညီမလေးက ပိုပို မိုမိုတို့နဲ့ ကာရန်တူ ဂိုဂို လို့နာမည်ပေးလိုက်တယ်။ ကိုကို လို့ပေးမလား စဉ်းတော့စဉ်းစားပါသေးတယ်။ ဒါပေမယ့် အိမ်မှာက ကိုကြီးကို မမနဲ့ကိုလေးက ကိုကိုလို့ခေါ်တာဆိုတော့ ရှုပ်ကုန်မယ်လေ။ ဘဲငန်းအသံကလည်း ဂူးဂူးဂေါ်ဂေါ် နဲ့ဆိုတော့ ဂိုဂို ဆိုတဲ့နာမည်နဲ့ လိုက်ပါတယ် လို့ သဘောတူလိုက်ကြတယ်။

ဂိုဂိုဟာ အရွယ်ကောင်းကောင်းရောက်နေတဲ့ ဘဲငန်းထီးပါ။ သူ့ပုံစံကို ကြည့်ရတာ ဘဲငန်းအကြောင်း သိပ်နားမလည်တောင်မှ အထီးမှန်း သိသာပါတယ်။ အမောက်လိုလိုပါတယ်။ မျက်နှာပေါက်ကိုက ပိုပို မိုမိုတို့နဲ့ မတူဘဲ ပိုခန့်ညားတယ်လို့ ထင်ရတယ်။ အကောင်လည်းကြီးတယ်။ လည်ပင်းကလည်း အရှည်ကြီးရယ်။

ရောက်ရောက်ချင်းနေ့မို့ ဂိုဂို့ကို ဘဲခြံထဲထည့် အစာနဲ့ရေ ချကျွေးပြီး အပြင်ကနေ တံခါး ပိတ်ထားလိုက်ပါတယ်။ ပိုပိုနဲ့မိုမိုတို့လည်း အသစ်ရောက်လာတဲ့ ဘဲခန့်ခန့်ကြီးကို အပြင်ကနေ မယောင်မလည်နဲ့ လျှောက်ပြန်သံပေးနေကြတာ တနေ့လုံး အိမ်ခြံဝင်းထဲကနေ အပြင်လမ်းမကိုတောင် မထွက်ကြတော့ဘူး။ ဂိုဂိုက အထဲကနေ တစ်ချက်တစ်ချက် လှမ်းအော်လိုက်၊ ပိုပို မိုမိုတို့ကလည်း ဂိုးဂိုးဂစ်ဂစ်သံ ပြန်ပေးလိုက်နဲ့ အပေးအယူတွေ တည့်နေကြတော့တယ်။

(ဆက်ရန်)

ပန်ဒိုရာ

21 comments:

Ko Boyz said...

ချစ်စရာလေးဒေတော့....။

Ko Paw said...

အနစ်နာခံပုံလေးက သင်းတယ်။း-)

ပိုင်မင်းဆွေ said...

ကံကောင်းလိုက်တဲ့ ဘဲငန်းထီးကြီး... ဟီး... :) ။
ဒီတစ်ပတ် စနေ တနင်္ဂနွေတော့ ဆက်ရန်လေးတွေနဲ့ ဝေဆာသွားပြီ မပန်ရေ။ ကြည်နူးစိတ်ဝင်စားဖွယ် ပိုပို မိုမို ဂိုဂို ဇာတ်လမ်းတွဲလေး။

Anonymous said...

မိခင်မေတ္တာ...အိုးးးးး...touch me deeply!
အစ်မတို့တွေ စိတ်တွေပူပြီး အလုပ်ရှုပ်နေတဲ့ ပုံကိုလဲ မြင်ယောင်မိတယ်...
နောက်ပိုင်းဇာတ်ကတော့ romance ပေါ့နော်၊ မပန်...
မောင်ငယ်
TWZ

Anonymous said...

အစ်မ(အသက်ကြီးမည်ထင်ပါသဖြင့်) ရွှန်းမီ အဖြေမှန်ပါတယ်...
တော်လိုက်တာာာ...
မောင်ငယ်
TWZ

Heartmuseum said...

ထိုင်စောင့်နေပါတယ်..... ဆက်ရန်ကို...

သက်ဝေ said...

Thanks Pan Pan...
Just read...!!
Will get back to you once I can type in Myanmar...

ကိုဇော် said...

ဒါဆိုရင် ၁ မှာ ရေးထားတဲ့ နယ်က ဧည့်သည်တွေက အဖော်ရအောင် အထီးဆိုပြီး အမကြီးကို ရမ်းတုတ်ပေးသွားတာပေါ့။ သူတို့လည်း နားမလည်ပဲနဲ့ ဒါ . . မဖြစ်သင့်တာပဲ။

ဇာတ်လမ်းလေးကတော့ ကောင်းနေပြီ။ ဘဲခန့်ခန့်ကြီးကလည်း လည်ပင်းဆန့်ဆန့်ကြီးနဲ့ ဆက်ရန်ကို မျှော်နေမယ် ထင်တယ်ဗျ . .
ညန်ညန်လုပ်. .

Rita said...

မချောနှစ်ယောက် ကိုယ်တစ်ယောက်ပေါ့။ ဒီတစ်ခါတော့ ဘယ်လို ဥကြဦးမလဲ မသိဘူး။

Anonymous said...

ဘာတွေလဲ......

အိပ်ချင်မူးတူးနဲ့ရောက်လာတာ..
နောက်နေ့တစ်ခေါက်ပြန်လာမယ်...

သက်ဝေ said...

အဲ... မင်းသား ရောက်လာပြီ ဆိုတော့ ဇာတ်ရှိန်မြင့်လာပြီပေါ့...း))

ဘဲလေးတွေပုံက သိပ်ချစ်စရာကောင်းတာပဲ...

Moe Cho Thinn said...

တံတွေးခွက် မျောမှာ မဟုတ်ဘူး ညီမရေ..၊ တံတွေးပင်လယ် မျောရမှာ၊ ဆယ်လုံးကျော်တောင် ဆိုတော့..။ :)
မြန်မြန် ဆက်အုံးနော်..သဘောကျလို့။

Min said...

ဂိုဂို ပါ အမ ဆို ရင် အင်းးးးး
ပုံ နောက်တစ်ခေါက် လာကြည့် ပြီးမှ စိတ်ချသွားပြီ

:P said...

တစ်ဦးနဲ့ တစ်ဦး အရိပ်အခြည်ကြည့်နေတုံး (စောင့်ကြည့်ဆဲ) ကာလပေါ့။

မောင်မျိုး said...

ဂိုဂို..က ဘယ်သူ့ကိုရွေးရင်ကောင်းမလဲ စဉ်းစားနေတာဖြစ်မယ် နောက်ဆုံးးတော့ ၂ ကောင်လုံးနဲ့ညားမှာပါ ။

ကိုချစ်ဖေ said...

ဂိုဂို ကို အားကြသွားပါတယ်.သေဘေးကလဲလွတ် ချစ်သူလဲရ.

Rachel said...
This comment has been removed by the author.
T T Sweet said...

ဘဲငန်းလေးတွေ ဇာတ်လမ်းက စိတ်ဝင်စားစရာလေးပါလား။ စောင့်ဖတ်နေပါတယ် ပန်ပန်ရေ့။ နောက်ပိုင်းက ပိုကောင်းမယ်နဲ့တူတယ်။ သုံးပွင့်ဆိုင်ဆိုတော့။

ပုံရိပ် / Pon Yate said...

မင်းသား တစ်ကောင်နဲ့ မင်းသမီး နှစ်ကောင်...ဟဲဟဲ.. ဆက်ရန်ကို စောင့်နေတယ်။

ဧပရယ်လ်ပူး@ပူးတေ said...

ကံကောင်းတဲ့ ဂိုဂိုပါလား....

ဇာတ်လမ်းလေးတွေ မျှော်နေမယ်နော်

Thet Oo said...

Comment တွေ ရလိုက်တာများ၊ အားကျစရာ။