Tuesday, July 20, 2010

အပြာရောင်ကျွန်း - ၃





အပြာရောင်ကျွန်း - ၃

အဲဒီညခင်းမှာ
အပြာရောင်ဟာ ရေထုထဲ စိုက်ဆင်းလာတယ်
ညှီစို့စို့အငွေ့အသက်တွေ ပြားကပ်လို့
ကောင်းကင်မှာ မီးညွန့်တွေ ရဲရဲလွန့်လို့
စိမ်းညို့လေထုထဲ တိတ်ဆိတ်သံတွေတုန်ယင်လို့
ခရုတစ်ကောင်ကို ပင်လယ်ထဲ ပြန်ပို့ပေးလိုက်တယ်
အုန်းသီးတွေ ဂူအတွင်းဘက် ရွှေ့ထားလိုက်တယ်
မီးပုံလေးကို မငြိမ်းအောင် ထိုးဆွရင်း
တိရိစ္ဆာန်တွေ ပကတိစိတ်နဲ့ သိမြင်သလို
ငါ့ရင်ထဲမှာလည်း လှိုက်လှိုက်ဖိုဖို
အဲဒီခဏ
ငြိမ်
သက်
အေး
စက်
တခဲနက်အမှောင်..
ဟော.. ဟိုမှာ
အသက်ရှူသံတွေ တဝေါဝေါ အုံကြွလို့
ရေညှိနွယ်တွေ ဦးခေါင်းထက်ဖြန့်ကားလို့
ဆံစဖျားမှာ မိုးရေစက်တွေ တောက်တောက်ကျလို့
လျှပ်စစ်မျက်ဝန်းတွေ ၀င်းဝင်းတောက်လို့
ပင်လယ်ကြီးကို ချော့မော့ပွေ့ပိုက်ရင်း
ဂျိုးဂျိုးဂျိမ့်ဂျိမ့် တစ်လှမ်းချင်းလှမ်းလာသူဟာ
သူ
သူ
တစ်လှမ်းချင်း တစ်လှမ်းချင်း
ပြိုးပြက်တဲ့ ရယ်သံတွေနဲ့
သွားစွယ်ဖွေးဖွေးတွေနဲ့
အကြေးခွံလက်လက်ထ အမြီးတစ်စ
လင်းခနဲ ဖြတ်ခနဲ
ဗြုန်းဆို ပင်လယ်ကို ငါ့ဆီ ပစ်ပေးလိုက်လေရဲ့
အလို… တစစီ တစစီ
ပင်လယ်ဟာ အပိုင်းပိုင်းအတစ်တစ် ပြတ်ကျ
အလို… ငါ့မျက်စိရှေ့မှောက်မှာ
ငါ့ဝိညာဉ်ကြိုးကလေး
အဆုံးစွန်ထိ တင်းလို့ ဆွဲထားလိုက်ပေါ့
ဗလုံးဗထွေးမြည်ဟီးသံ
ခြင်္သေ့လည်ဆံလိုလို မြွေဟောက်ပါးပျဉ်းလိုလို
သွေးရူးသွေးတန်း ဟိန်းဟောက် မာန်ဖီသံ
ဝေါဝေါ၀ုန်းဝုန်း တိုက်စားယူဆောင်သွားသံ
အဖြူရောင်ထုက ဖုံးလွှမ်းသွားလိုက်
အပြာရောင်ထုက ရစ်ငင်သွားလိုက်
အနက်ရောင်ထုထဲ ဦးစိုက်ဆင်းသွားလိုက်
ပြီးတော့….
………
………
…..…
ဘာတွေဖြစ်သွားသလဲ
ဘာတွေဖြစ်ခဲ့သလဲ
အို.. ပြန်ခေါ်ပေးပ
ခြောက်ကပ်သွားတဲ့ ဒီလှိုင်းဖတ်တွေသာ ကျန်ခဲ့
အေးခဲသွားတဲ့ အုန်းလက်တွေကို လှုပ်နှိုးမိ
ပြန်မလာတော့တဲ့ ပဲ့တင်သံကို လိုက်ရှာမိ
အားလုံး ဖရိုဖရဲ အလဲလဲအကွဲကွဲ
ပင်လယ်လေ အမွှာမွှာအပိုင်းအစများ
သဲသောင်ခုံပေါ်က ပဋိပက္ခခြေသံများ
ကျောက်ဆောင်ပေါ်က အက်ကွဲရှရာများ
သူ…..
သူ လာသွားခဲ့တယ်
တကယ် လာသွားခဲ့တယ်
ငါ ဟစ်အော်လိုက်တယ်
ငါ့ ဟစ်အော်သံ
ငါ ဟစ်အော်လိုက်တဲ့အသံ
ကြားသလား……..
ဟုတ်တယ်
တွေ့ခဲ့တယ်
ဒီလိုပါ ဂျွန် ရယ်
ငါတို့… ရေသူမကို တွေ့ခဲ့ကြတယ်။


ပန်ဒိုရာ



အပြာရောင်ကျွန်း - ၁ သို့

အပြာရောင်ကျွန်း - ၂ သို့

10 comments:

ATN said...

ရေသူမကို တွေ့ပြီးရင် ရုပ်ရှင်ပြီးပြီပေါ့...

Anonymous said...

အပြာရောင်ထုတွေရင်ထဲမှာသိပ်သည်းပြီးကျွန်းဖြစ်ကျန်ခဲ့ပါတယ်အဲဒီကျွန်းလေးကိုအရှင်လတ်လတ်ပြန်ခွဲထုတ်နိုင်မဲ့နေ့တွေကိုမျှော်ကြည့်ရင်းဖတ်ရတာကျေးဇူးတင်ပါတယ်

Hmoo

သက်ဝေ said...

အဲဒီ အပြာရောင်ကျွန်းကို ကိုယ် မကြာခဏ သွားပြီး သူ့ကို ရှာပါတယ်... ဒါပေမယ့် အခုထိတော့ မတွေ့သေးဘူး...

လောလောဆယ်တော့ တိမ်တွေထဲမှာ တခုခုကို လိုက်ရှာနေမိတယ်... တွေ့ရင်တော့ ကဗျာတပုဒ်လောက် ရေးဖြစ်မယ် ထင်ပါရဲ့...

Hmoo said...

sea....

Hmoo said...

တနေ့ကျမှအဲဒီအပြာရောင်ကျွန်းလေးကို
အရှင်လတ်လတ်ဆွဲထုတ်ပြီး
သက်ဆိုင်သူလက်ထဲကြည်ကြည်ဖြူဖြူ
လက်ဆောင်ထည့်ပေးနိုင်ဖို့ဆုတောင်းထားတယ်
:)

Cameron said...

မပန် ရဲ့အပြာရောင်ကျွန်း၃ကိုဖတ်ရင်း တွမ်းဟင့်ရဲ့ ကက်စ်အဝေး ကားကိုသွားသတိရမိတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

YoungGun said...

အခုတလော ပင်လယ်နဲ့ အကျိုးပေးနေတယ် ဟိုနေ့ကမှ ဖေမြင့်ရဲ့ ကျွန်းကို အပီအပြင်ခံစားဖတ်နေတာ အခု အပြာရောင်ကျွန်းကို ထပ်တွေ့ရပြန်ပေါ့

ကိုပေါ said...
This comment has been removed by the author.
ကိုပေါ said...

ပန်ဒိုရာရဲ့ ကဗျာမှာ “လို့” သုံးထားပေမယ့် ဖတ်လို့ကောင်းတယ်ဗျ။

တချို့ကဗျာဆရာတွေတော့ ကဗျာတိုင်းလိုလိုမှာ “လို့”ကြီးကို အကျင့်ပါနေသလို ခေါက်ရိုးကျိုးအောင် ထည့်ထည့်ရေးနေတာကို မျက်စိနောက်လောက်အောင် တွေ့နေရတယ်။ သုံးလိုက်ရင်လည်း တပုံစံတည်းချည်းပဲဗျ။

ဥပမာဆိုပါတော့ဗျာ...

“မျှော်လင့်ခြင်း မိုးတိမ်တွေ ကွဲကြေပျက်စီးသွားချိန်မှာ ကာလနာ ကားဘီးကြီးတက်ကျိတ်သွားတာ နှပ်တညှစ်ခွဲလောက်သာ ကြာသေးတဲ့
ငါ့ရဲ့မုန်ပျစ်သလက် နှလုံးသားမှာ
ခပ်ညစ်ညစ် ဗလာအိပ်မက်တွေ
တစက်စက် ယိုစီးထွက်နေလိုက်တာ
နောင်တအရောင်တွေတောင် မဲမဲမှောင်လို့
ကွဲကြေသွားတဲ့ ငါ့အတ္တတွေကို
ဝေဒနာလမ်းမထက်မှာ တစစီလိုက်ကောက်ရင်းနဲ့လေ.....”

ဆိုတာမျိုးပေါ့ဗျာ။

Anonymous said...

အပြာရောင်ကျွန်း ... အလည်ရောက် ...ငါ မပြာခဲ့...
ငြိမ်းစိုးဦး