Friday, July 30, 2010

ပိုပို မိုမို ဂိုဂို - အပိုင်း ၅

ပိုပို မိုမို ဂိုဂို - အပိုင်း ၁ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၂ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၃ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၄ သို့

ဘဲငန်းလေးတွေ အများကြီးဆိုတော့ နာမည်ကို အကုန်လိုက်မှည့်ဖို့တော့ မဖြစ်နိုင်တော့ဘူး။ ညီမလေးက ဥကပေါက်ပေါက်ချင်း ဘဲငန်းလေးတွေကို အရောင်ကြည့်ပြီး “၀ါနှစ်”၊ “၀ါနု”၊ “၀ါဖျော”့ အဲဒီလို ခေါ်လေ့ရှိပါတယ်။ အဲဒီကောင်လေးတွေ အမွှေးအတောင်ကြမ်းတွေ ပေါက်လာတဲ့အရွယ် ရောက်လာတော့ ဘယ်ကောင်က ဘယ်ကောင်မှန်း မခွဲနိုင်တော့ဘူး။ တစ်ကောင်ချင်း လည်ပတ် နဲ့ ပတ်ပြီး မှတ်ထားတာမျိုးလည်း မဖြစ်နိုင်ဘဲကိုး။

ထူးထူးခြားခြား နာမည်ရသွားတဲ့ ဘဲငန်းလေး နှစ်ကောင်တော့ရှိတယ်။ တစ်ကောင်က “တောင်ပံကား” တဲ့။ သူက အတောင်မာတွေ ပေါက်လာချိန် ရောက်တော့ အတောင်တွေ ကိုယ်မှာစုသိမ်းထားတဲ့ အခါ သူများတွေလို သပ်သပ်ရပ်ရပ် ၀င်မသွားဘူး။ အတောင်ပံ တချို့က အမြဲ ထိုးထိုးထောင်ထောင် အပြင်ထွက်နေတယ်။ နောက်တော့ သေသေချာချာ ကိုင်ကြည့်တော့မှ သူ့အတောင်ပံရိုး အနေအထားကိုက လိမ်တိန်တိန်လေး ဖြစ်နေတာကို တွေ့ရတယ်။ ငယ်ငယ်တုံးက ဒိန်းဒေါင်းတိုက်ခံရတဲ့ အကောင်လေးများလား မသိပါဘူး။ နောက်တစ်ကောင်ကတော့ ထူးထူးခြားခြား လည်ပင်းမှာ မီးခိုးရောင် အစင်းကြောင်းလေးတွေ အပြောက်ပြောက်လေးတွေ အဆင်ပါလို့ “စင်းပြောက်” လို့နာမည်ပေးထားတယ်။ (စကားလိမ် လုပ်မကြည့်ရ။)

မိုးလင်းလာရင် လူတွေက ဘယ်လောက်ပဲ အိပ်ရာထ နောက်ကျချင်ပေမယ့် သူတို့က အော်နေလို့ ဘဲငန်းခြံကို ဖွင့်ပေးပြီး အစာကျွေးရတာလည်း ၀တ္တရားတစ်ခုပါပဲ။ ဘဲငန်းအလတ်တွေရော နောက်အသစ် အကောင်ပေါက်ကလေးတွေပါ မိသားစုက တစ်သားမက ဖြစ်လာတော့ ဘဲခြံက ကျပ်လာပါတယ်။ ဒါနဲ့ သူတို့လည်း ဘဲခြံထဲမှာ မနေတော့ဘဲ လွှတ်ကျောင်းစနစ် ဖြစ်သွားပါတော့တယ်။ ညဆိုရင် သူတို့က ရေမ၀ပ်ဘဲ ခြောက်သွေ့တဲ့ မြေအမြင့်ပိုင်းဖြစ်တဲ့ ခေါင်းရင်းအခြမ်းက အိမ်အောက်ထဲမှာ လွတ်လွတ်လပ်လပ် လာအိပ်ကြပါတယ်။

ဘဲငန်းတွေရှိတာ အိမ်လုံပါတယ်။ လူစိမ်းကပ်ရင် အော်တော့တာပဲ။ သူတို့ ဘဲခြံထဲ မနေတော့ပဲ ဒီအတိုင်းပဲ အိမ်အောက်မှာ အိပ်ကြတဲ့အခါ သူတို့ကို သူခိုးလာခိုးမလားလို့ ပူရသေးတယ်။ သူတို့ နေထိုင်သွားတဲ့ ကာလတလျှောက် တစ်ခါမှ ဘဲငန်းတွေ အပျောက်အရှ မရှိခဲ့ပါဘူး။

ဘဲငန်းလေးတွေ ချစ်စရာကောင်းတာက တစ်ပိုင်း၊ သူတို့တွေများလာတော့ စားရေးနေရေး (၀တ်ဖို့တော့မလို) တာဝန်ကြီးလာတာက တစ်ပိုင်းပေါ့။ ဘဲငန်းအကြီးသုံးကောင်တည်း ရှိတုန်းကဆိုရင် ဆန်ကွဲကျွေးပါတယ်။ ကိုယ့်အိမ်မှာ စားတဲ့ဆန်ထဲကနေ တတ်နိုင်သမျှ ဆန်ကွဲချပြီး ကျွေးတာ။ နောက်တော့ မလောက်တော့လို့ ၀ယ်ရပါတယ်။ ဘဲငန်းအင်အား ကြီးထွားလာတော့ ဆန်ကွဲဖိုးက တော်တော်ထိလာတယ်။ ဖွဲနုနဲ့ရောတဲ့ ဆန်ကွဲအသေးစားလေးတွေ ၀ယ်ကျွေးတော့လည်း သူတို့စားအားနဲ့ ပြိုက်ခနဲပါပဲ။ ဒါနဲ့ စပါးကို အိတ်လိုက် ၀ယ်ပြီး ကျွေးပါတယ်။

ပထမပိုင်းတော့ စပါးခွံက ကြမ်းတာနဲ့ သူတို့က မစားချင်ကြဘူး။ မစားလည်း ဒါပဲရှိတယ်ဆိုပြီး ချကျွေးထားတော့မှ စားလာကြပါတယ်။ ဘဲပေါက်စလေးတွေကတော့ စပါးကို မ၀ါးနိုင်သေးတဲ့အတွက် အကြီးတွေ လုမစားအောင် ခြင်းနဲ့အုပ်ပြီး ဆန်ကွဲကို သတ်သတ် ကျွေးရပါတယ်။ အကြီးတွေမစားပဲ ကျန်နေတဲ့ စပါးတွေက အပင်လေးတွေ ပေါက်လာတာရှိတယ်။ ဘဲငန်းပေါက်စလေးတွေက အဲဒီ စပါးပင်ပေါက်လေးတွေကို နှုတ်စားရတာကို အရမ်းကြိုက်ကြပါတယ်။ တစ်ခါတလေလည်း ဘဲငန်းပေါက်စလေးတွေဟာ စပါးပင်ပေါက်ကလေးတွေကို အားရပါးရ ဆွဲနှုတ်လိုက်ရင် ပက်လက်လန်ကျ ထိုင်ကျသွားတတ်ပါတယ်။

တစ်ခါကတော့ တအိမ်သားလုံး သွားစရာကိစ္စတစ်ခု ရှိတာနဲ့ အိမ်တံခါးပိတ်ပြီး သူတို့ကို တနေ့လုံး ထားခဲ့ပါတယ်။ ခါတိုင်းဆိုရင်တော့ တစ်နေ့ကို ဘယ်နှစ်ကြိမ်ဆိုပြီး သူတို့ကို အစာခွက်ထဲ မပြတ် ထည့်ကျွေးနေကျပေါ့။ အဲဒီနေ့ကတော့ အပြင်မထွက်ခင်မှာ အစာခွက်ထဲ ခပ်များများလေး ထည့်ပေးခဲ့ပြီး ထားခဲ့ရပါတယ်။

ညနေစောင်းလို့ပြန်လာတဲ့အခါ အိမ်ခြံဝင်းထဲ လှည့်ပတ်ကြည့်လိုက်တော့.. အားပါးပါး… တခြံလုံးမှာ သူတို့စားနိုင်သမျှ လျှောက်တူးစားထားလိုက်တာ ကုန်ပါရောလား။ အိမ်ခြေရင်း ရေချိုးခန်းနားမှာ ငွေပန်းပင်ရုံကြီး တစ်ရုံ ရှိပါတယ်။ အဲဒီပန်းရုံက မိုးတွင်းဆိုရင် ငွေပန်းတွေပွင့်တာ အိမ်မှာ ဘုရားပန်း မပြတ်တင်ဖို့ လောက်ငတဲ့အပြင် အိမ်နီးချင်းတွေကိုလည်း အများကြီး ဝေပေးရပါသေးတယ်။ ပန်းပင်တွေက နွေဘက်ဆိုရင် ခြောက်သွားပြီး အမြစ်တွေ ဥတွေက မြေထဲမှာ ရှင်နေတော့ မိုးတွင်းရောက်တိုင်း ပြန်ပြန်ပွင့်တာပါပဲ။ အဲဒီလို ရှိလာတာ နှစ်ပေါင်းများစွာကြာပေါ့။

အဲဒီနေ့ကတော့ ဂိုဂိုတို့ မိသားစုတွေဟာ သူတို့ကို ထားခဲ့လို့ စိတ်ဆိုးဆိုးနဲ့ ရှိသမျှ ငွေပန်းပင်အမြစ်တွေ ဥတွေကို အကုန်တူးပြီး စားပစ်လိုက်ကြပါတယ်။ တခါတည်းကို ပန်းတွေ မျိုးတုံးသွားတော့တာ။ တကယ်တော့ အဲဒီ ပန်းရုံရှေ့ဘက်က မြေကွက်လပ်မှာလည်း အရင်တုန်းကဆို အမြဲခူးစားလို့ရတဲ့ မြင်းခွာရွက်ခင်းကြီး ရှိနေခဲ့သေးတယ်။ ပိုပို မိုမို ဂိုဂိုတို့ သုံးကောင် စားလိုက်လို့ ကုန်သွားခဲ့တာပါ။ ကိုယ့်အိမ်ကဟာတွေ စားတာက တော်ပါသေးတယ်။ နောက်တော့ သူများ နယ်မြေကိုပါ ကျူးကျော်တတ်လာပါတယ်။

အိမ်နောက်ဖေးဘက်က ခြံမှာ အိန္ဒိယလူမျိုး မိသားတစ်စု နေထိုင်ကြပါတယ်။ (ပြောရလွယ်အောင် ခေါ်နေကျအတိုင်း ကုလားလို့ပဲ ခေါ်လိုက်ကြပါစို့၊ ဘယ်လိုမှ သဘောမထားပါနဲ့။) အဲဒီက ကိုရွှေကုလား စိုက်ထားတဲ့ ငှက်ပျောပင်တွေကို ဂိုဂို နဲ့အပေါင်းပါတွေက သွားပြီး ထိပါးလာပါတော့တယ်။ အစပိုင်းကတော့ ကိုရွှေကုလားက အားနာလို့ အိမ်ကိုလာမပြောဘူး။ ဒါပေမယ့် ခြေရင်းအိမ်က ဘကြီးကိုတော့ ဘဲငန်းတွေ သူ့ငှက်ပျောပင်တွေကို လာစားနေတယ် လို့ ပြောလို့ ဘကြီးက မေမေ့ကို ပြန်ပြောပြပါတယ်။

တညနေမှာတော့ ကိုယ့်မျက်စိရှေ့တင် ဂိုဂိုတို့ ဘဲငန်းတပ်ကြီးဟာ ကိုယ့်အိမ်ခြံဝင်းနောက်ကနေ ငှက်ပျောပင်တွေဆီ ချီတက်သွားကြတာကို တွေ့လိုက်ရပါတယ်။ ငှက်ပျောတစ်ပင်ကို ၀န်းရံလိုက်ပြီးတော့ ငှက်ပျောပင်ခြေရင်းကို တစ်ယောက်တစ်ချက် နှုတ်သီးနဲ့ ၀ိုင်းထိုးလိုက်ကြတာ မိနစ်ပိုင်းအတွင်းမှာပဲ ငှက်ပျောပင်ဟာ မြေပေါ်တုံးခနဲ လဲကျသွားပါတော့တယ်။ အဲဒီတော့မှ ဘဲငန်းကြီးလတ်သေး ပိစိကွေးမကျန် ငှက်ပျောအူတွေကို အားပါးတရ ထိုးဖောက်စားကြတော့တာ။

နောက်တော့ မေမေလည်း ကိုရွှေကုလားကို တောင်းပန်ရတာပေါ့။ ကိုရွှေကုလားကတော့ ဂိုဂိုတို့ကို စိတ်ဆိုးနေပေမယ့် ရပါတယ် လို့ပဲ ပြောရှာပါတယ်။ အလျော်လည်း မတောင်းရှာပါဘူး။ နောက်တော့ သူ့အပင်တွေလုံအောင် ဂိုဂိုတို့ ကျော်မတက်နိုင်တဲ့ အမြင့်အထိ ခြံပတ် ကာထားပါတော့တယ်။ အိမ်နီးနားချင်းတွေ ပြန်ပြောတာကတော့ သူက ဓားတစ်လက်ကိုင်ပြီး နောက်တစ်ခါ အပင်တွေ လာလှဲရင် နင်တို့ကို ခုတ်ပစ်မယ် လို့ ဂိုဂိုတို့ကို ကြိမ်းတယ် ဆိုပဲ။

သားသမီးမကောင်း မိဘခေါင်း ဆိုသလိုပါပဲ။ မွေးထားတဲ့ ဘဲငန်းတွေအတွက် ပိုင်ရှင်မှာ မျက်နှာပျက်ရတာပေါ့။ အစာတွေ နိုင်သလောက် မပြတ်ကျွေးနေတဲ့ ကြားထဲက ခုလိုဖြစ်ရတယ်ဆိုတော့ ဆုံးမဖို့တော့ လိုလာပြီ။ ဒါနဲ့ ညီမလေးက ဂိုဂိုတို့ တမိသားစုလုံးကို အိမ်ရှေ့မြေကွက်လပ်ကို ခေါ်ပြီး နောက်တစ်ခါ သူများအပင်တွေဘက် သွားပြီး မဖျက်ဆီးရဘူး လို့ ပြောလည်းပြော ဆူလည်းဆူ ပိုပို မိုမို ဂိုဂိုတို့ အကြီးသုံးကောင်ကို တုတ်ကလေးနဲ့ ဘုတ်ဘုတ်လို့ ခတ်ဆတ်ဆတ် တစ်ချက်နှစ်ချက် ရိုက်ပေးလိုက်ပါတယ်။ သူတို့က နားတော့ နားလည်ပုံပေါ်တယ်။ အဲဒီအချိန်တည်းက ငှက်ပျောပင်တွေဘက်ကို ခြေဦးမလှည့်ကြတော့ပါဘူး။

သူတို့ဟာ အုပ်စုလိုက် လျှောက်သွားနေကြတဲ့အခါ ပြဿနာတွေက စုံပါတယ်။ တစ်ခါကတော့ အိမ်ဘေးအိမ်က အီအီးတွင်းထဲကို ဘဲငန်းအလတ်တစ်ကောင် ပြုတ်ကျသွားပါတယ်။ ဖြစ်ပုံကတော့ အဲဒီအိမ်က ရေလောင်းအိမ်သာရဲ့ အိမ်သာကန်ပေါ်မှာ သူတို့က အင်္ဂတေနဲ့ မမိုးပဲ ဓနိနဲ့ပဲ ဖြန့်ကာထားပါတယ်။ ဘဲငန်းလတ်တွေက အလေးချိန် နည်းနည်း ရှိလာပြီဆိုတော့ အဲဒီ ဓနိမိုးပေါ်က ဖြတ်လျှောက်တဲ့အခါ ဓနိကပေါက်သွားပြီး ကျွံကျသွားတာပါ။

ဒီလိုကိစ္စမျိုးကို ကိုင်တွယ်ဖို့ကတော့ အိမ်မှာ ကိုလေးကိုပဲ အားကိုးရတာပေါ့။ ကိုလေးက အီအီးတွင်းထဲမှာ နစ်မလိုဖြစ်နေတဲ့ ဘဲငန်းလေးကို အတောင်ပံကနေ ချုပ်ပြီး ဆယ်ယူရပါတယ်။ အတောင်တွေ ဖလန်းဖလန်း ဖြန့်ခါလိုက်ရင် အကုန်စင်ကုန်မှာလေ။ အော့အော့..။ ကိုလေးခမျာ ဘဲငန်းလေးကို အသေအချာ စင်ကြယ်အောင် ရေချိုးပေးလိုက်ရတာ သူခပ်ထည့်ထားရတဲ့ ရာဝင်စဥ့်အိုးတစ်လုံး ပြောင်လုနီးပါးပါပဲ။

အဲဒီနေ့က အီအီးတွင်းထဲကို လက်နှိုက်ပြီး ဆယ်ပေးထားရတဲ့ ကိုလေးအနားကို မောင်နှမတွေက မကပ်ကြတော့ဘူး။ ကိုလေးကတော့ သူက လုပ်လည်းလုပ်ပေးရသေးတယ် ဆိုပြီး ဒေါပွနေပါတယ်။ ဘဲငန်းမိသားစုမှာလည်း အီအီးပေထားခဲ့တဲ့ ဘဲငန်းလေးအနားကို ဘယ်သူမှ မကပ်ပဲ နှစ်ရက်သုံးရက်လောက်အထိ ရှောင်ခွာခွာ လုပ်နေကြတယ်။ သူက လိုက်ကပ်လိုက် ဟိုကောင်တွေက ထွက်ပြေးလိုက် ဖြစ်နေကြနေတာကို တွေ့တော့ ရယ်ရသေးတယ်။

(ဆက်ရန်)

ပန်ဒိုရာ

(ပုံတင်လို့မရ ဖြစ်နေပါတယ်။)

10 comments:

သက်ဝေ said...

အဲ... ဘဲငန်းတွေအကြောင်းက ပြောပြစရာ ဇာတ်လမ်းတွေ အတော်များတာပါလား...
ဆက်ရန်ကို စောင့်ရအုံးမှာပေါ့...း))

ညီမလေးက သူတို့ကို တုတ်တချောင်းနဲ့ ဆူနေ ပြောနေတဲ့ ပုံကို မြင်ယောင်ကြည့်ရင်း ကိုလေး ဒေါပွနေတဲ့ ပုံကိုပါ မြင်ကြည့်သွားတယ်... ခွိခွိ...း))

hninhnin said...

I may b the first one for part 5.We (my bros n sis) also had a group of goose.U brought me our childhood back.Lovely story.

hninhnin said...

Sorry! Thetwai. U r the 1st one.

ကိုဇော် said...

ဟီးဟီး...သူတို့လည်း နံတတ်တာပဲနော်။
ပြောရင်း ဆိုရင်း အနံ့တောင်မှ ရလာသလိုပဲ....
ဒါနဲ့ စကားမစပ် မဒိုဒိုက အဲဒီငန်းလေးကို အရမ်းချစ်တာပဲ ၊ အမြဲတမ်းပွေ့ထားတယ်ဆို. . :P

Wai said...

ဘဲငန်းတပ်တော်ကြီးကို တပ်ချုပ်ကြီးက သြ၀ါဒချွေနေပုံကို မြင်ယောင်ပြီး ပြုံးသွားပါတယ်

T T Sweet said...

ဘဲငန်းတွေကို briefing ပေးနေတဲ့ ညီမလေးကို မြင်ပြီး ပြုံးသွားပါတယ် ... ကိုယ်လဲ ကြောင်တွေ မွေးတုံးက သူတို့တွေကို briefing ပေးနေကျ။ ဟီးဟီး

မိုးငွေ့...... said...

ဂိုဂိုတို့ မိသားစုအကြောင်းဘာလိုလိုနဲ့ အပိုင်း၅ရောက်သွားပြီနော်....ညီမလေး တုတ်တစ်ချောင်းနဲ့ခတ်စပ်စပ်လေးရိုက်လိုက်ပုံနဲ့ ကိုလေးဘဲငန်းဆယ်တဲ့ပုံတွေကို သဘောကျမိတယ် ပြီးတော့ ငှက်ပျောပင်တစ်ပင်ကိုများထိုးဆိတ်ကြတာ မိနစ်ပိုင်းပဲတဲ့... တော်တော်ဆိုးတဲ့ ဘဲငန်းတပ်မကြီး..

ခင်မင်စွာဖြင့်
မိုးငွေ့

မောင်လေး said...

ဘဲတပ်ကြီးကို သြဝါဒမိန့်ခွန်းချွေနေပုံကိုမြင်ယောင်လို့
သဘောကျမိပါတယ်...။

MDW said...

ပန်ပန်ရေ ... ဘဲပုံပြင်လာဖတ်သွားတယ်။
ခုမှအားလုံးစုဖတ်ရတယ်။ ဘဲငန်းပုံဆွဲတာလေးတွေလှတယ်။

Moe Cho Thinn said...

ဘဲလေးတွေက နားလည်သားပဲ။ ဘာ ဘာသာစကားနဲ့ briefing ပေးလိုက်တာလဲဟင်..