Thursday, July 22, 2010

ပိုပို မိုမို ဂိုဂို

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ရေဘ၀ဲလေး ပေါလ် က အရေးပါတဲ့ တစ်ထောင့်တစ်နေရာက အသုံးတော်ခံသွားခဲ့ပါတယ်။ ပေါလ်က တကယ်ပဲ ဟောကိန်းထုတ်တာလား၊ ပေါလ်ကို ထိန်းသိမ်းသူတွေကပဲ တစ်ခုခု ဆင်ထားသလားတော့ မပြောတတ်ပါဘူး၊ ဟောချက်တွေက ၁၀၀% မှန်နေတော့တယ်။ အဲဒီမှာ ရှုံးတဲ့ဘက်က ဒေါသထွက်သူတချို့ကလည်း ရေဘ၀ဲစုတ် ပြုတ်ပြီးသုတ်စားမယ် တို့ အာလူးနဲ့ချက်စားမယ် တို့ မျိုးစုံကြိမ်းကြတာပဲ။ တချို့ကတော့ အပျော်သက်သက် နောက်ပြောင်တာပါ။ သူငယ်ချင်း တစ်ယောက်ကိုတော့ အဲဒီလိုမပြောပါနဲ့ကွာ ရက်စက်ပါတယ် လို့ပြောမိတယ်။ သူက စားစရာတိရစ္ဆာန်ပဲဟာ ဘာဖြစ်လဲ လို့မေးတယ်။ ဒီတော့ ကိုယ်ကလည်း တခြားသာမန်ရေဘ၀ဲတွေကို အဲလိုတွေ လျှောက်ပြောရင် ပြောနိုင်ပေမယ့် ပေါလ်ကတော့ မတူတော့ဘူး။ သူက အလှမွေးကောင်လို ပိုင်ရှင်(ကျွေးမွေးထိန်းသိမ်းထားသူ) လည်းရှိတယ်။ စားစရာအကောင်ဖြစ်ပေမယ့် လူတွေနဲ့ ဆက်သွယ်မှုတစုံတရာ တကယ်ရှိခဲ့တယ် အသိဉာဏ်လည်း အတိုင်းအတာတစ်ခုအထိ ရှိခဲ့တယ်များ ဆိုရင် သနားစရာပါလို့ ကိုယ်ထင်တာလေး ပြောမိတယ်။ အဲဒီလို ဆက်စပ်ပြီးတော့ တချိန်က အိမ်မွေးတိရစ္ဆာန်လို မွေးခဲ့ဖူးတဲ့ အကောင်လေးတချို့ကို သတိရသွားပြီး အခုလို ရေးချဖြစ်ပါတယ်။
............................................

ပိုပို မိုမို ဂိုဂို

ဖေဖေ ခရီးကနေ အိမ်ပြန်ရောက်တော့ ဆိုက်ကားပေါ်မှာ ထူးထူးခြားခြား ဧည့်သည်တစ်ယောက် ပါလာတယ်။ အဲ.. ဧည့်သည်တစ်ကောင်လို့ ပြောရမယ်။ ဆိုက်ကား နောက်ထိုင်ခုံပေါ်မှာ အသားဖြူဖြူနဲ့ လည်တံကို ဟိုဆန့်ဒီဆန့်လုပ်ပြီး ပြူးတူးကြောင်တောင် ကြည့်နေတာ ဘဲငန်းလေးတစ်ကောင်ပေါ့။

အဲဒီအကောင်ကလေးကို ရွာကလူတွေက စက်လှေထဲ အတင်းထည့်ပေးလိုက်တာဆိုပဲ။ အိမ်ပြန်ရောက်ရင် ချက်စားဖို့ပေါ့လေ။ ဖေဖေလည်း ငြင်းလို့ ဘယ်လိုမှ မရတဲ့အဆုံး ဒီအကောင်လေးကို ယူလာခဲ့ရတယ်။ ဘဲငန်းလေးက ငယ်ပါတယ်။ အသက်က သုံးလေးလ လောက်ပဲ ရှိဦးမယ်။ မေမေလည်း စိတ်ညစ်သွားတာပေါ့။ ဒီဘဲငန်းလေးကို ဘယ်လိုလုပ် သတ်ရက် သတ်ရဲမှာလဲ။ သူက ကြက်တို့ ၀မ်းဘဲတို့လို မဟုတ်ဘဲ အကောင်လည်းကြီးတယ် အသက်လည်း ပြင်းတယ်လေ။


ဒါနဲ့ပဲ အိမ်ပေါ်ကို ခေါ်တင်ထားပြီး တံခါးပိတ်ထားလိုက်တယ်။ ခြံထဲမှာ အောက်ကိုချထားရင် ပျောက်သွားမှာ စိုးရတယ်လေ။ ဖိနပ်ချွတ်နေရာလေးမှာ သူ့ကို ရေနဲ့ ဆန်ကွဲတချို့ ချကျွေးပြီး ထားလိုက်ပါတယ်။ ဘဲငန်းလေးက သူ့ကိုပေးထားတဲ့ နေရာမှာပဲ တနေ့လုံး မနေဘူး။ တစ်အိမ်လုံး လျှောက်သွားတာပေါ့။ ပြောင်အောင်တိုက်ထားတဲ့ ဧည့်ခန်းကြမ်းပြင်တွေမှာ သူ့ခြေရာတွေ ထင်ကုန်ရော။ မစင်စွန့်ရင်တော့ စောစောက ဖိနပ်ချွတ်နားမှာပဲ ပြန်သွားစွန့်ပါတယ်။

ဒီလိုနဲ့ တစ်ပတ် နှစ်ပတ်ကြာတော့ အိမ်ကလူတွေကို သူက မျက်မှန်းတန်းမိပုံရတယ်။ နေ့ခင်းဘက်ဆို ညီမလေးရယ် ကိုလေးရယ်က ကျောင်းသွား၊ ကိုကြီးရယ် ဖေဖေရယ် ကလည်း အလုပ်သွားချိန်ဆိုရင် သူက အိမ်မှာ မေမေ့နောက်ကို တကောက်ကောက် လိုက်နေတယ်။ ညညဆိုရင်တော့ သူ့ကို ပေးထားတဲ့ နေရာလေးကို သွားပြီး အိပ်တယ်။

သုံးပတ်လောက်ကြာတော့ အိမ်ကို နယ်က ဧည့်သည်တချို့ လာလည်ပါတယ်။ သူတို့က ဘဲငန်းလေးကို အိမ်ပေါ်မှာ တွေ့တော့ မေးကြတာပေါ့။ ဖေဖေက သတ်မစားရက်လို့ မွေးထားတဲ့အကြောင်း ပြောလိုက်တယ်။ အဲဒီဧည့်သည်တွေက ဘဲငန်းလေးကို လှည့်ပတ်ကြည့်ပြီး ဒါ အမလေး ပဲ တဲ့။ ကိုယ့်အိမ်သားတွေကလည်း ဘဲငန်းအရေးကျွမ်းကျင်သူ မဟုတ်တော့ ဧည့်သည်တွေပြောမှပဲ အမလေးမှန်း သိတော့တယ်။ အထီးတစ်ကောင် အဖော်ရအောင် ထားပေးလိုက်ပေါ့ လို့ ဧည့်သည်တွေက ပြောကြတယ်။ ရွာက ယူလာပေးမယ်လေ ဆိုပြီး နောက်တစ်ပတ်လောက်ကြာတဲ့အခါ ဘဲငန်းတစ်ကောင် လာပေးပါတော့တယ်။

အသစ်ရောက်လာတဲ့ ဘဲငန်းလေးက ပထမကောင်ထက် ပိုငယ်တယ်။ ပထမကောင် ရောက်ခါစက အရွယ်အစားမျိုး။ နှစ်ကောင်ဖြစ်သွားတော့ ဟိုဘဲ ဒီဘဲ နဲ့ ခေါ်လို့ မကောင်းတာနဲ့ နာမည်ပေးဖို့ စဉ်းစားရတော့တယ်။ ညီမလေးက အကြီးကောင်ကို ပိုပို လို့နာမည်ပေးပြီး အငယ်ကောင်ကို မိုမိုလို့ ခေါ်လိုက်တယ်။

သူတို့နှစ်ကောင်တောင် ဆိုတော့ အိမ်ပေါ်မှာ ထားလို့ မဖြစ်တော့ပြန်ဘူး။ ဒါနဲ့ပဲ အိမ်အောက်မှာ အိမ်တိုင်လေးတိုင်ကို ရိုင်တွေနဲ့ကာပြီး ခြံခတ်လိုက်တယ်။ တစ်ဖက်ကိုတော့ အပွင့်လုပ်ပြီး နှစ်တစ်လက်မနဲ့ ခြံတံခါး လုပ်ပေးလိုက်တယ်။
အိမ်အောက်မှာဆိုတော့ အလင်းရောင်တို့ လေတို့က တချိန်လုံးပိတ်ထားရင် မကောင်းဘူး။ ညအိပ်ချိန်မှာ သူတို့ခြံတံခါးကို ပိတ်ထားပြီး နေ့ခင်းဘက်ဆိုရင် ဖွင့်ပေးလိုက်ပါတယ်။ ပိုပိုနဲ့ မိုမို တို့လည်း အဖော်ရသွားပြီ့း ဟိုဟိုဒီဒီ လျှောက်သွားကြတာပဲ။ ကိုယ့်အိမ်ခြံဝင်းထဲတင် မကဘူး၊ အနီးအနားအိမ်တွေရော လမ်းမကိုပါ ထွက်လည်တတ်လာတယ်။

အဲဒီလိုနဲ့ သူတို့ရောက်လာတာ သုံး လေး လကြာလို့ သီတင်းကျွတ်လ ရောက်လာပြီ။ သူများတကာတွေ ပြောကြတာ ဘဲငန်းတွေက ၀ါတွင်းဆိုရင် မဥဘူး ဆိုပဲ။ ၀ါကျွတ်ရင်တော့ စပြီး ဥတယ် ဆိုလို့ သတိတော့ ထားကြည့်နေရတယ်။ ပိုပို့ကို ကြည့်ရတာလည်း တနေ့တခြား အတော်လေးဝလာတယ်လေ။

တနေ့တော့ ပိုပိုက တဂူးဂူးတဂါးဂါး အော်ပြီးတော့ အိမ်ခေါင်းရင်းက ခတ္တာပန်းခြုံတွေကြားကို တိုးပြီး ၀ပ်နေလေရဲ့။ ခဏနေ ပိုပို ထွက်သွားတော့ ညီမလေးက သွားကြည့်လိုက်တဲ့အခါ ဘဲငန်းဥ တစ်လုံးကို တွေ့ပါတော့တယ်။ မေမေလည်း တောင်းတစ်လုံး ကမန်းကတမ်းရှာပြီး ၀ပ်တင်း (၀ပ်ကျင်း) ပြင်ပေးရတယ်။ တင်းထဲကို ဘဲငန်းဥလေး ကောက်ထည့်လိုက်ချိန်မှာ ဥက ပျော့စိလေး။ ဥသွားခါစမို့ ထင်ပါတယ်။ အသည်းယားစရာပေါ့။

တင်းကို သူတို့ခြံထဲ ထည့်ပေးထားလိုက်တယ်။ နောက်နေ့ကစပြီး ပိုပိုက တင်းထဲကို လာပြီး ဥချပါတယ်။ ဒုတိယနေ့မနက်မှာ ပိုပို ၀ပ်သွားပြီး တင်းထဲမှာ ဥ နှစ်လုံးဖြစ်သွားတာပေါ့။ တတိယနေ့ရောက်တော့ တင်းကို စစ်လိုက်တဲ့အခါ ဥက လေးလုံးဖြစ်နေတယ်။ အားလုံး အံ့သြသွားကြတယ်။ ဘဲမက တစ်နေ့ကို တစ်လုံးပဲ ဥတာကို ဘယ့်နှယ် သုံးရက်မှာ လေးလုံးဖြစ်နေရပါလိမ့်။

(ဆက်ရန်)


ပန်ဒိုရာ

22 comments:

ရွှန်းမီ said...

၂ ကောင်လုံး အမဖြစ်နေပီး လေဥဥကြတယ် ထင်ပါ့..

(ဘဲငန်းရေးရာ မကျွမ်းကျင်သူ)

ရွှေရတုမှတ်တမ်း said...

အမြွှာပူးဥတာလဲဖြစ်နိုင်တယ်..(ရမ်းသန်းမှန်းတုပ်လိုက်သည်)

Ko Paw said...

ကဗျာဆရာရဲ့ ညီမဆိုတော့ ဘဲကို နာမည်ပေးတာတောင် ပိုပို မိုမို ဂိုဂိုတဲ့။ သူ့အစ်မကလောင်နာမည်တောင် သူရွေးပေးသလားပဲ။ ဒိုဒို ဆိုတော့...။

Anonymous said...

ငန်းဥက အထဲမှာ ဘဲဥတို့ ကြက်ဥတို့လို မဟုတ်ဘဲ အဝါရောင် ၂ ခု ပါတာ တော့ သိတယ်.. ဒါ့ကြောင့် ၂ဆ တိုးတာ ထင်တယ် :)

Moe Cho Thinn said...

ဘဲငန်းတော့ တခါမှ မမွေးဖူးဘူး။ စိတ်ဝင်စားတယ်။ ဆက်ပါအုံး..

khin oo may said...

ဈေးက နစ်လုံးဝယ်ထည့်ထားတာ. ပန်ဒိုရာပေါ့

သက်ဝေ said...

ပန်ပန်က သုံးရက်မှာ ဘဲငန်းဥ လေးလုံးတွေ့တဲ့ အကြောင်းနဲ့ ရေးလက်စကို တခန်းရပ်လိုက်တော့ အားလုံး စဉ်းစားစရာလေးတွေ ဖြစ်ကုန်ကြတာပေါ့...

ဆက်ရန်စောင့်နေမယ်...း))

P.Ti said...

ဘဲငန်းကိုရီးယား ဇာတ်လမ်းလုပ်နေပါပြီ။
အမသက်ဝေ ဒေါ်ပန်က စကားပြောတင်မဟုတ် စာရေးတာပါ ဟိုလိုလိုဖြစ်အောင်လုပ်တတ်တာ သိတယ်ဟုတ်...

မီးလာတဲ့ညနဲ့ ကြုံပြီး နေ့လို့မှတ်ကာ ဘဲငန်းက တရက်နှစ်ခါဥလိုက်တယ်ထင်ပါတယ်။

နေ၀သန် said...

ဖတ်လို့ကောင်းလိုက်တာ.. ဇာတ်လမ်းရပ်ပုံကလည်း အကယ့်ပွိုင့်ရောက်မှ..း))).. မြန်မြန်ဆက်ပါဗျို့...


ခင်မင်တဲ့
နေ၀သန်

မောင်မျိုး said...

၂ ခါ ဥ ၄ လုံးလားမှမသိတာ ဒေါ်လေး ရး) ဘဲဥ ဇတ်လမ်းများ အခုချိန် ဘလော့ဂါများ အပိုင်းဆက်ရေးတာ ခေတ်စားနေပါတယ်ဗျာ ။

ဧပရယ်လ်ပူး@ပူးတေ said...

ဘဲငန်း ၂ကောင်(အထီးချည်းပဲ) မွေးဖူးလို့ စိတ်ဝင်စားသွားတယ်.... မမ

Heartmuseum said...

အမရာ ကောင်းခန်းရောက်မှ ဆက်ရန်တဲ့ ရက်စက်လိုက်တာ....

:P said...

ညဖက်မှာ ဘဲခြံကို ဘိုးဘိုးအောင်အလည်ရောက်လာတာဖြစ်မယ်၊ နှစ်ဆတိုးသွားတယ်။

Anonymous said...

ဘယ့်နှယ် သုံးရက်မှာ လေးလုံးဖြစ်နေရပါလိမ့်??? သိချင်လှပြီ...
စောင့်မနေချင်တော့ဘူး...၀ူ..အို့...(သီချင်းလို ဆိုပါ):P
မောင်ငယ်
TWZ

ချစ်ကြည်အေး said...

ပန်ပန်ရေ...ရေးဟန်တမျိုးလေးနော်...။ အဲလို ဘဲပုံတို့...ပုရွက်ဆိတ်ပုံတို့ ဆွဲတတ်ချင်တယ်... သင်ပေးပါလားဟင်...တို့တွေ တီကောင်က စလိုက်ကြရအောင်လေ....:P

ကိုဇော် said...

ပိုပို မိုမို ဂိုဂို ............လို့ ဆိုထားမှတော့။
ပြီးတော့ သူတို့က လျှောက်သွားတယ် ဆိုတော့...
သူတို့နဲ့ အတူ နောက်ထပ် အမတစ်ကောင်က ရောက်လာပြီး ဥကျင်းထဲမှာ ဝပ်ပြီး ဥသွားတာပဲ ဖြစ်မယ်။ အဖော်ရအောင်လို့ ဆိုထားတဲ့ အတွက် နောက်တစ်ကောင်ကို အထီးလို့ပဲ ယူဆမှ ရမယ်လေ။
ဒါကြောင့် သူတို့ လျှောက်သွားရင် သိလာတဲ့ နောက်တစ်ကောင် “ ဂိုဂို ” က ဥတာပဲ ဖြစ်မယ်။

( ကိုဇော် ရမ်းတုပ်သည်။ )

blackroze said...

နှစ်ကောင်စလုံးအထီးဘဲဖြစ်ဖြစ်..
အမဘဲဖြစ်ဖြစ်..ဆက်ရေးပါဗျို့...

လင်းထက် said...

ရေဘဝဲပေါလ် ဆိုပြီး ဖေ့ဘွတ်ခ် ထဲတွေ့လို့ ဖတ်ကြည့်ရင်းနဲ့ မပန်ဒိုရာရဲ့ ဘလော့ဂ်ကို ပထမဆုံး ရောက်လာပါတယ် ပိုပို မိုမို ဂိုဂို ဖြစ်ရပ်မှန် ဇာတ်လမ်းလေးက တိရိစ္ဆာန် ချစ်တတ်သူ ကျွန်တော့်ကို စွဲဆောင်ပါတယ် ဇာတ်လမ်း အဆက် လေးကို စောင့်မျှော် ဖတ်ရှု့နေပါ့မယ်....။

မိုးငွေ့...... said...

မပန်ရဲ့ ဘဲငန်းပုံလေးကြိုက်တယ်...။ ငန်းဥပုံပြင်လေးဆက်စောင့်နေမယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

pandora said...

ညီမလေး ရွှန်းမီ ပထမဆုံးလာဖြေပြီး မှန်ပါတယ်ကွယ်။
ကျန်သူများလည်း ဆက်လက်အားပေးကြပါဦး။ ပန်ဒိုရာရဲ့ ထင်ရာမြင်ရာ ပုံဆွဲနည်းတွေကိုလည်း ကြုံရင် တင်ပေးသွားပါမယ်။
ပုံ
ဟိုလိုလို ဒိုဒို

Moe Cho Thinn said...

ကိုဇော် ပြောတာ ဂိုဂိုက ဥတာ ဖြစ်မယ် တဲ့ ဟားဟားဟား
အပိုင်း ၂ ဖတ်ပြီးမှ ထပ်လာဖတ်သူ

★Craton said...

မြန်မြန်ဆက်ပါကွယ်... :S