Sunday, July 25, 2010

ပိုပို မိုမို ဂိုဂို - အပိုင်း ၃

ပိုပို မိုမို ဂိုဂို - အပိုင်း ၁ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၂ သို့



သူတို့တွေ ရင်းနှီးသွားကြတာက လူတွေထက်မြန်ပါတယ်။ နောက်နေ့ကစပြီး ပိုပိုနဲ့မိုမိုကို ဘယ်တစ်ပွေ ညာတစ်ပွေ တွဲခုတ်လာတဲ့ ဂိုဂို့ကို လမ်းမပေါ်မှာ မြင်ကြရတာပေါ့။ မချောနှစ်ယောက် ကိုယ်တစ်ယောက် ဖြစ်နေပေမယ့် ဘဲငန်းမတွေကတော့ လူတွေလို သ၀န်ကြောင်တာ ရှိပုံမပေါ်ပါဘူး။ သုံးကောင်စလုံး ချစ်ချစ်ခင်ခင် ရန်မဖြစ်ပဲ သွားကြလာတာကို တွေ့ရတယ်။

ဘဲငန်းတွေမှာ လည်ရှည်မျိုးနဲ့ လည်တိုမျိုးဆိုပြီး ရှိတယ်တဲ့။ ဂိုဂိုနဲ့ ယှဉ်လိုက်တော့မှ ပိုပိုမိုမိုတို့က လည်ပင်းရှည်တဲ့အမျိုး မဟုတ်မှန်း ပိုထင်ရှားလာတော့တာ။ နောက်ပိုင်းတော့ သွားရင်းလာရင်း တခြားဘဲငန်းတွေကို တွေ့မိတဲ့အခါ ပိုပိုတို့ထက် လည်ပင်းပိုတိုတာကိုလည်း တွေ့ရတယ်။ ပိုပိုမိုမိုတို့က အစပ်တွေဖြစ်နိုင်တယ်။ ဂိုဂိုကတော့ လည်ရှည်မျိုး အစစ်ဖြစ်မယ်။ အထီးမို့လို့ လည်ပင်း ပိုရှည်တာလည်း ပါမယ်။

ဘဲငန်းတွေရဲ့ အရောင်ကလည်း ကွဲပြားကြပါတယ်။ ပိုပိုမိုမိုဂိုဂို တို့အားလုံးဟာ ဆွတ်ဆွတ်ဖြူနေတဲ့ အမွှေးအတောင်ပိုင်ရှင် တွေတော့မဟုတ်ဘူး။ သူတို့အတောင်ပံတွေက မီးခိုးရောင် နည်းနည်းသန်းပါတယ်။ တချို့ တခြားဘဲငန်းတွေက ပိုဖြူကြတာ ရှိပါတယ်။

ဂိုဂိုရဲ့ အနေအထိုင်က ထူးခြားတာတွေရှိတယ်။ ပိုပို မိုမိုတို့ဆိုရင် သူတို့အစာစားတဲ့ အစာခွက်ထဲ ဆန်ကွဲနဲ့ရေကို ထည့်ကျွေးတာအပြင် မေမေက နောက်ဖေးကြမ်းပြင်မှာ အိုးခွက်ပန်းကန်ဆေးရင်း ထမင်းကြမ်း ကျန်တာရှိရင် သူတို့ဆီကို ပစ်ကျွေးတဲ့အခါ အားပါးတရ စားကြပါတယ်။ ပန်းကန်ဆေးတဲ့ ကြမ်းပြင်အောက်ကို ၀င်ပြီးတော့လည်း သူတို့ စားချင်တာကို တူးယက်ပြီး စားကြတာမျိုးရှိတယ်။ ဂိုဂိုကတော့ သူ့ကို အဲလို မြေကြီးပေါ်ကို ပစ်ကျွေးတာမျိုးကို လုံးဝမစားဘူး။ အစာခွက်ထဲ ထည့်ကျွေးတာကိုပဲ စားတယ်။ အိမ်အောက်ထဲကို ၀င်ရင်လည်း ရေကပြင်ဘက် အိမ်သာဘက်တွေ မသွားဘူး။ ပိုပိုတို့ မိုမိုတို့ လျှောက်သွားရင် သူက ခပ်လှမ်းလှမ်းကပဲ ရပ်စောင့်ပေးနေတယ်။ ဂိုဂိုက အဲဒီလို ကြီးကျယ်ပါတယ်။ နည်းနည်း ပိုဇာတ်မြင့်တဲ့ ဘဲလားတော့ မသိပါဘူး။

အဲဒီလိုနဲ့ နောက်ထပ်နှစ်လကျော်လောက် ကြာတဲ့အခါ ပိုပိုနဲ့ မိုမိုတို့ နောက်တစ်သား ဥချပါတော့တယ်။ သူတို့ ၀ပ်နေချိန်မှာ ဂိုဂိုက ဘဲခြံပြင်ကနေ မီးစောင့်ပေးပါတယ်။ တစ်ကောင်ကို ဆယ့်လေးငါးလုံးစီ ဥချပြီးတဲ့အခါ အကောင်လေးတွေ ပေါက်အောင် ဆက်ဝပ်ကြပါတယ်။ ဒီတစ်ခါတော့ လေဥ မဟုတ်တော့ဘူးပေါ့။ ဘဲငန်းဥတွေဟာ အကုန်လုံးတော့ ပေါက်လေ့မရှိဘူးတဲ့။ မအောင်မြင်တဲ့ ဥတွေလည်း ရှိတတ်တယ်။ ပေါက်တဲ့အခါမှာလည်း ဥတိုင်းတပြိုင်နက် တစ်နေ့ထဲ ထပေါက်ကြတာမျိုးတော့ မဟုတ်ဘူး။ တချို့အကောင်တွေက ရက်နည်းနည်း နောက်ကျတတ်ပါတယ်။

ဘဲငန်းလေးတွေ စပေါက်လာတဲ့အခါ မပေါက်သေးတဲ့ဥတွေကို အကောင်ပေါက်မယ့် ဥ ဟုတ်မဟုတ် သိအောင် စမ်းသပ်လို့ ရပါတယ်။ ရေဇလုံထဲကို ဘဲဥလေးတွေ ချကြည့်ရပါတယ်။ အကောင်ပေါက်မယ့်ဥဆိုရင် ရေပေါ်ပေါ်ပြီး ရေကူးပါတယ်။ မပေါက်တော့မယ့် ဥ(ပုပ်နေတဲ့ ဥ)ကတော့ နစ်သွားတယ်။ အဲဒီလို စမ်းတဲ့ အခါမှာလည်း မျက်နှာသုတ်ပုဝါဟောင်း တစ်ထည်ကို အနားမှာ ချထားရတယ်။ ကောင်းတဲ့ဥတွေကို ရေစင်အောင် (ကွဲလည်းမကွဲအောင်) မြန်မြန်သုတ်ပြီး သူ့အမေဗိုက်ထဲမှာ အနွေးဓာတ်ရအောင် ချက်ချင်း ပြန်ထည့်ပေးရပါတယ်။ မကောင်းတဲ့ဥတွေကိုတော့ မြေကြီးထဲ မြုပ်ပစ်လိုက်တယ်။ ဘဲငန်းဥရဲ့ အရွယ်အစားက သာမန်ဘဲဥရဲ့ နှစ်ဆခွဲလောက် ရှိတဲ့အတွက် ဘဲငန်းပေါက်ကလေးကလည်း ၀မ်းဘဲပေါက်ကလေးတွေထက် အများကြီး ပိုကြီးပါတယ်။ အမွှေးလေးတွေလည်း ပိုရှည်ပါတယ်။

ကွိကျိကွိကျိ အသံလေးတွေ စကြားရတဲ့ နံနက်ခင်းကတော့ ကြည်နူးပျော်ရွှင်စရာပါပဲ။ ဘဲငန်းနဲ့ ပတ်သက်လို့ အိမ်သားတွေအတွက်လည်း သားဦး ဆိုပါတော့။ ညီမလေးဆိုရင် ဘယ်နှစ်ရက်ကြာရင် ပေါက်မယ်ဆိုတာ ပြက္ခဒိန်တကြည့်ကြည့်နဲ့ နေ့တိုင်းစောင့်နေတာလေ။ ပိုပိုနဲ့ မိုမိုတို့ နှစ်ကောင်ပေါင်းမှာ ကလေး အကောင်နှစ်ဆယ်လောက် ပေါက်လာပါတယ်။ ဘဲအင်ပိုင်ယာကြီး ကြီးထွားလာတာပေါ့။


(ဘဲငန်းပေါက်ကလေးတွေကို မမြင်ဖူးမှာစိုးလို့ ဂူဂယ်လ်ကနေ ပုံလေး ရှာပြီး တင်ပေးလိုက်ပါတယ်။ From here.)

ဥကပေါက်စ ဘဲငန်းလေးတွေဟာ ညိုဝါ၀ါ အမွှေးနုနုလေးတွေနဲ့ အိစက်နေပါတယ်။ မျက်နှာပေါက် ကလေးတွေကလည်း ကလေးရုပ်လေးတွေဆိုတော့ ချစ်စရာလေး။ သူတို့ရဲ့ အမူအယာ နေထိုင်ပုံကို စောင့်ကြည့်ရတာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ညဘက်ဆိုရင် သူတို့က အမေဗိုက်ထဲမှာ မအိပ်ကြဘူး။ သူတို့ဘာသာပဲ တိုးဝှေ့ အိပ်လေ့ရှိကြပါတယ်။

ဘဲငန်းလေးတစ်ကောင်က စအိပ်ပျော်သွားတယ်။ နောက်တစ်ကောင်က သူ့အပေါ်ကို တက်မှီပြီး အိပ်ပါတယ်။ အဲဒီလိုနဲ့ တစ်ကောင်ပြီး တစ်ကောက် အချင်းချင်း လာမှီ ပုံထပ်ပြီး အိပ်လိုက်ကြတာ မိုးလင်းလို့ သူတို့ခြံထဲကို သွားချောင်းကြည့်လိုက်ရင် ဘဲငန်းပေါက်စလေးတွေ အပုံလိုက်ဖြစ်ပြီး အိပ်ပျော်နေကြတာကို တွေ့ရပါတယ်။ ဆောင်းတွင်းကာလများဆို ချမ်းလို့ အဲဒီအပုံလေးက တုန်တုန်ယင်ယင် ဖြစ်နေတတ်သေးတယ်။ အဲဒီအချိန်မှာ အောက်ဆုံးမှာ အိပ်ပျော်နေတဲ့ ဘဲပေါက်ကလေးကများ အရင်နိုးပြီး မတ်တပ်ရပ်လိုက်လို့ရင် အမွှေးလေးတွေ အိနေတဲ့ ဘဲအပုံကလေး ပြိုကျသွားပြီး အပေါ်က ဘဲငန်းလေးတွေ အိပ်ချင်မူးတူး လန့်နိုးလာကြတာ သိပ်ရယ်စရာကောင်းတဲ့ မြင်ကွင်းပါ။ အခုခေတ်လို ဒစ်ဂျစ်တယ်ကင်မရာတွေ ကင်မ်ကော့်ဒါတွေ အလွယ်တကူရှိလို့ကတော့ ဗွီဒီယိုရိုက်ထားရတာပေါ့နော်။

ဆူဆူညံညံ အသံပေးလိုက်၊ ဆော့ကစားလိုက်၊ ခဏခဏ အိပ်လိုက် ဆိုတာ လူလေးဖြစ်ဖြစ် တိရိစ္ဆာန်လေးဖြစ်ဖြစ် ကလေးတွေရဲ့ သဘာဝဟာ အတူတူပဲဖြစ်မယ်။ ဘဲငန်းပေါက်စလေးတွေဟာ နေ့လည်ခင်းတွေမှာလည်း မကြာခဏ အိပ်ငိုက်ပါတယ်။ တခါတလေဆိုရင် အုပ်လိုက် သွားနေကြတုန်း ဘဲငန်းပေါက်ကလေး တစ်ကောင်နှစ်ကောင်က အိပ်ငိုက်ပြီး ကျန်ခဲ့တာမျိုးလည်း ရှိသေးတယ်။ သူတို့ အဖေအမေက ပြန်လှည့်ပြီး ခေါ်ရတယ်။ အိမ်နီးနားချင်းတွေ အတွက်လည်း ဘဲငန်းအကြီး သုံးကောင်တည်း ရှိစဉ်ကာလလို မဟုတ်တော့ဘူး။ ဘဲအုပ်ကြီးနဲ့ အတော်ကို ဆူဆူညံညံ ဖြစ်လာပါပြီ။

ဒီလိုနဲ့ ဧပြီလကို ရောက်လို့ အတာကူးတဲ့ သင်္ကြန်အခါတော်ကို ရောက်လာခဲ့တယ်။ ရေရှားတဲ့ မြို့ကလေး ဖြစ်ပေမယ့်လည်း သူများနည်းတူ သင်္ကြန်မှာ စိုရွှဲကြတာပါပဲ။ ရေသံကိုကြားတဲ့အခါ ဘဲငန်းတွေလည်း မြူးလာတာပေါ့။ အိမ်ခြံဝင်းတံခါး ပိတ်ထားတာကို ဂိုဂိုက တကြော်ကြော်အော်ပြီး ဖွင့်ခိုင်းပါတယ်။ ကလေးတပြုံကြီးနဲ့မို့ အခုလို လူစည်နေတဲ့ အချိန်မှာ လမ်းမကို မထွက်စေချင်ဘူးလေ။ အိမ်ရှေ့တည့်တည့်က လမ်းမက လမ်းသွယ်ပါ။ အများအားဖြင့်တော့ ရေလှည်းတွေ စက်ဘီးတွေ ဆိုက္ကားတွေပဲ သွားလာကြတာရှိတယ်။ အဲဒီလမ်းကနေ ဆက်ထွက်သွားလိုက်ရင် လမ်းမကြီးကိုရောက်တယ်။ အဲဒီလမ်းမကြီးမှာတော့ အဝေးပြေးကားတွေ ဒိန်းဒေါင်းတွေ သွားကြပါတယ်။

ဂိုဂို ဦးဆောင်တဲ့ ဘဲအုပ်ကြီးဟာ ဘယ်အချိန်ဘယ်လို လစ်ပြီး သင်္ကြန်လည် ထွက်သွားကြသလဲ မသိဘူး။ ဒီအိမ်က ဘဲငန်းတွေကို လမ်းထိပ်မှာ ရေပက်ခံထွက်တဲ့ ဒိန်းဒေါင်းက တိုက်လို့ ဆိုပြီး တစ်ယောက်က အပြေးအလွှား လာပြောတော့ အိမ်သားတွေလည်း ပြာသွားကြတာပေါ့။

(ဆက်ရန်)

ပန်ဒိုရာ

16 comments:

Maung Myo said...

ဘဲ ဇတ်လမ်းရှည်.....................


ဒိန်းဒေါင်ဆိုတာ လူရွှင်တော်တော့မဖြစ်လောက်ဘူး ခု အဲ့တာကို ထော်လာဂျီလို့ ခေါ်တယ်ထင်တယ် ။

သက်ဝေ said...

ဘုရားရေ...
သူတို့ကို အဲလို ဝင်တိုက်တယ်...
ဒုက္ခပါလား...

အစုလိုက် အပုံလိုက် တကောင်အပေါ် တကောင် ထပ်ပြီးအိပ်နေတဲ့ ဘဲပေါက်လေးတွေကို မြင်ယောင်ပြီး ကြည်နူးနေရုံရှိသေး...း((

ကိုဇော် said...

ရေးထားတာ ချစ်စရာ ကောင်းတယ် အစ်မရေ။

TURN-ON-IDEAS said...

ချစ်စရာ ဘဲငန်းပေါက်စတွေ...
တကယ်က သူတို့ရဲ့ ချစ်စရာနေထိုင်ပုံလေးတွေကို အများကြီးဖတ်ချင်သေးတာ...
ဘဲငန်းမိသားစုကြီး ဆိုးဆိုးဝါးဝါးမဖြစ်ပါစေနဲ့...
မောင်ငယ်
TWZ

Ko Boyz said...

ကြည့်...
ဖတ်လို့ ကြည်နူးတုန်းလေး ရှိသေးတယ်။
မြန်မာကား ထုံးစံ ဇာတ်နာတာ ပါလာတော့မယ်။
မြန်မာကားတွေ အဲ့ဒါတွေ မုန်းလွန်းလို့ပါဆို....
ပန်ပန်ကို မုန်းလိုက်တော့မယ်။ :P

Anonymous said...

စောင့်ဖတ်နေပါတယ် မပန်ရေ။း) စိတ်မကောင်းစရာတွေ နောက်အပိုင်းတွေမှာ ပါမှာ စိုးနေတယ်။

ဂျမ်း

Anonymous said...

Ko Boyz ကို ထောက်ခံပါ၏။
တော်ပြီ... အမက ငိုချင်ရက် လက်တို့နေတယ်။
ပြန်တော့မယ်... ခေါင်းငိုက်စိုက် ချလျှက်...
သို့သော်...အိပ်ငိုက်နေခြင်းမဟုတ်...
တော်ကြာ ဒုန်းဒိုင်း အတိုက်ခံ ရမှာစိုးလို့..... :P

ပုံရိပ် / Pon Yate said...

ဟယ်...လုပ်ပြီ။ ကောင်းခန်းရောက်ကာမှ။

ဧပရယ်လ်ပူး@ပူးတေ said...

ဘဲငန်းလေးတစ်ကောင်က စအိပ်ပျော်သွားတယ်။ နောက်တစ်ကောင်က သူ့အပေါ်ကို တက်မှီပြီး အိပ်ပါတယ်။ အဲဒီလိုနဲ့ တစ်ကောင်ပြီး တစ်ကောက် အချင်းချင်း လာမှီ ပုံထပ်ပြီး အိပ်လိုက်ကြတာ မိုးလင်းလို့ သူတို့ခြံထဲကို သွားချောင်းကြည့်လိုက်ရင် ဘဲငန်းပေါက်စလေးတွေ အပုံလိုက်ဖြစ်ပြီး အိပ်ပျော်နေကြတာကို တွေ့ရပါတယ်။ ဆောင်းတွင်းကာလများဆို ချမ်းလို့ အဲဒီအပုံလေးက တုန်တုန်ယင်ယင် ဖြစ်နေတတ်သေးတယ်။ အဲဒီအချိန်မှာ အောက်ဆုံးမှာ အိပ်ပျော်နေတဲ့ ဘဲပေါက်ကလေးကများ အရင်နိုးပြီး မတ်တပ်ရပ်လိုက်လို့ရင် အမွှေးလေးတွေ အိနေတဲ့ ဘဲအပုံကလေး ပြိုကျသွားပြီး အပေါ်က ဘဲငန်းလေးတွေ အိပ်ချင်မူးတူး လန့်နိုးလာကြတာ သိပ်ရယ်စရာကောင်းတဲ့ မြင်ကွင်းပါ။

ဒီအပိုဒ်လေးဖတ်ရတာ ရီလိုက်ရတာ..မမက ပေါ်လွင်အောင်ရေးတတ်လိုက်တာ...သူတို့လေးတွေကလဲ ကြောင်ပေါက်စလေးတွေလိုပဲနော်...

ကြည်နူးနေတုန်း ဒိန်းဒေါင်တိုက်ရတယ်လို့...

နောက်အပိုင်းတွေ ဝမ်းနည်းရတော့မှာလားဟင်
:(

:P said...

ပန်ပန်ရဲ့ ဒီဘဲဇာတ်လမ်းဖတ်မှ ဘဲငန်းတွေကို ချစ်ချင်သလိုလိုဖြစ်လာတာ...
ငယ်ငယ်က သိပ်မုန်းခဲ့ဒယ်.. သူတို့ကို...
လမ်းထဲက အိမ်တစ်အိမ်က ခြံလုံအောင် ဘဲငန်းတစ်အုပ်မွေးထားတာ.. လမ်းသွားလမ်းလာတိုင်းကို လိုက်လိုက် လိမ်တာ....။ အုပ်စုဖွဲ့ပြီး ကလေးတွေကို အနိုင်ကျင့်တဲ့သဘောပေါ့။ စက်ဘီးနဲ့ ဖြတ်သွားရင်တောင် နောက်က မမီမကမ်းပြေးလိုက် ရန်လုပ်သေးတာ..။ အဲ့အိမ်ရှေ့က ဖြတ်ကာနီး ဘဲငန်းအုပ်ကို အရိပ်အခြည်ကြည့်ရသေးတာ အရင်...။

Moe Cho Thinn said...

ဘဲငန်းလေးတွေ အိပ်တာ ချမ်းလို့ တုန်တာ ဖတ်ရင်း ချစ်နေတာ..။
အခု ကားတိုက်ပြန်ပြီတဲ့။
အော်..ငါ့ဘ၀ ငါ့ဘ၀၊ ပျော်ရွှင်ကြည်နူးမှုဟာ တာရှည် မခံပါလားးးး
(ဘ၀ကြီးနဲ့ ချီပြီး စိတ်နာသွားဒယ်)

AKM said...

try to write and post it quick for another episode please. i can't wait anymore.

Cameron said...

ဟောဗျာ အကောင်းခန်းရောက်မှ ဆက်ရန်တဲ့ မပန်တော့လုပ်ချပြန်ပြီ ဆန့်တငန့်ငန့်နဲ့ အပိုင်းလေး မြန်မြန်တင်ပါဗျို့...။

ခင်မင်စွာဖြင့်
သက်ဝေ

ချုချာလေး said...

အဟိ
ဒိန်းဒေါင်ဟုတ်ဘူးလေ.. ဒိန်းဒေါင်းပါ .. တချို့နေရတွေမှာ ဂွန်ဒေါင်းလို့ လဲ ခေါ်ကြပါ၏... ဆက်ဖတ်ချင်လှပီဗျိုး.... အိမ်မှာ တော့ငယ်ငယ်က ကြက်တစ်အုပ်ပဲမွေးဘူးပါ၏.. ခံစားလို့တော့ရပါတယ်... မြန်မြန်တင်နိုင်ပါစေနော်။

Cameron said...

အဟီး... ဆောရီး ကော်မန့်လာပေးတာ နာမည်မှားရိုက်မိတယ် မသက်ဝေကိုသွားသတိရလိုက်မိလို့ထင်ပါ့..။

ခင်တဲ့
မိုးငွေ့

Anonymous said...

ဖတ်ခဲ့တယ် ... ဘဲအင်ပိုင်ယာ ကို မြင်ခဲ့ပါတယ် ...
ငြိမ်းစိုးဦး