Friday, January 25, 2013

အမြင့်မူးရောဂါ (ကိုရီးယား ဘာသာပြန်ဝတ္ထုတို) အပိုင်း -၂


စာရေးဆရာ ဟေးအီစူး အကြောင်းကို အပိုင်း (၁) မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ အခု ဝတ္ထုဘာသာပြန်ကို တင်ဆက်လိုက်ပါတယ်။



အမြင့်မူးရောဂါ


ဟိမဝန္တာရဲ့ ခမ်ဗျု တောင်တန်းဒေသ တွေပေါ်က လေထုပါးပါးလေးကို အသက်ရှူရတာ ဘယ်လိုများနေမလဲ လို့ ကျွန်တော့် မိန်းမက သိချင်ခဲ့တယ်။ ၅၃၅၇ မီတာမြင့်တဲ့ ဂိုကျိုတောင်ကို တက်ပြီးတဲ့ နောက်တစ်နေ့မှာပဲ နားနေဆောင်ထဲမှာ ထိုင်ပြီး မိန်းမဆီကို စာရေးလိုက်ပါတယ်။ အဲဒီအချိန်က ပြတင်းပေါက်အပြင်ဘက်မှာ နှင်းမုန်တိုင်း တိုက်နေတယ်။ နွားနောက်တွေရဲ့ ချေးခြောက်တွေကို လောင်စာလုပ်ပြီး မီးရှို့ထားတဲ့ သံမီးဖိုပေါ်မှာ တည်ထားတဲ့ ရေနွေးအိုးတစ်လုံးက ပွက်ပွက်ဆူနေတယ်။

အဲဒါက ဘာနဲ့တူလဲ ဆိုတော့ မင်းခေါင်းပေါ်ကို ပလတ်စတစ်အိတ်တစ်လုံး စွပ်ထားတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်။ ပြီးရင် လည်ပင်းကနေ ကြိုးနဲ့ချည်ထားလိုက်။ ဒီတော့ လေ ဝင်မလာတော့ဘူးပေါ့။ ပြီးရင် စပြီး အသက်ရှူကြည့်လိုက်။ အမြင့် မီတာ ၃၀၀၀ ဆိုရင် အဲဒီ ပလတ်စတစ်အိတ်ကို ပင်အပ်နဲ့ ၁၀ ပေါက်လောက် ဖောက်ထားသလိုပဲ။ အမြင့် မီတာ ၄၀၀၀ ဆိုရင်တော့ ပင်အပ် ၇ ပေါက်စာ၊ မီတာ ၅၀၀၀ ဆိုရင် ၅ ပေါက်စာ။ အသက်ရှူသွင်းလိုက်။ ပြီးရင် ကျောပိုးအိတ်လေးလေး တစ်လုံးကို လွယ်ပြီး လှေခါးထစ်တွေကို ၃ နာရီ ၄ နာရီလောက် တက်ကြည့်လိုက်။ ဒါဆိုရင် တော်တော့်ကို ဆင်တူတဲ့ အတွေ့အကြုံရမယ်။

အသက်ပြင်းပြင်းရှူနေရလို့ ရှုံ့မဲ့နေမယ့် မိန်းမမျက်နှာကို ကျွန်တော် မြင်ယောင်ကြည့်လိုက်တယ်။



၁။ သွင်ပြင်လက္ခဏာများ

“မောင်ရေ… တစ်နေရာရာများ ခရီးမထွက်ချင်ဘူးလား”

ကျွန်တော့်မိန်းမက ဆိုင်းမပါဗုံမဆင့် ရုတ်တရက် မေးလာတော့ ကျွန်တော် အံ့သြသွားတယ်။ နှစ်သစ်ကူးနေ့ မတိုင်ခင် တစ်ပတ်နှစ်ပတ်အလိုလောက်က ရုံးပိတ်ရက်တစ်ရက်မှာ ကျွန်တော်တို့ အိမ်မှာရှိနေကြချိန် သူက မေးလိုက်တာပါ။ သူက ကျွန်တော့်ကို “ရှင်အလုပ် ဘယ်တော့ရမှာလဲ” ဒါမှမဟုတ် “ရှင့်ကိုအိမ်က နှင်ချချင်ပြီ” ဆိုတာမျိုး ပြောခဲ့တာ မဟုတ်ဘူး။ ကျွန်တော်များ တစ်နေရာရာကို မသွားချင်ဘူးလားလို့ ချစ်စဖွယ် မျက်နှာပေးနဲ့ ညင်ညင်သာသာ မေးလာခဲ့တာပါ။

“မင်း..မင်းဆိုလိုတာက ငါ ဘယ်နေရာကိုသွားသွား ပို့ပေးမယ် ဆိုတဲ့သဘောလား”
ကျွန်တော် သူ့မျက်နှာကို ဇဝေဇဝါနဲ့ အကဲခတ်လိုက်တယ်။ မိန်းမက အေးအေးဆေးဆေး ခေါင်းညိတ်ပြီး ရှင်းပြတယ်။ နိုင်ငံတကာ အာမခံကုမ္ပဏီကြီးတစ်ခုရဲ့ ဌာနတစ်ခုမှာ မန်နေဂျာလည်းဖြစ်၊ အောင်လည်းအောင်မြင်၊ ကြင်လည်းကြင်နာတတ်သူ ကျွန်တော့် ချစ်ဇနီးရဲ့ အဆိုအရ ကျွန်တော်ဟာ ပြီးခဲ့တဲ့နှစ်က အမှတ်ကောင်းကောင်း ရခဲ့ပါတယ် တဲ့။ အလုပ်မရှိအကိုင်မရှိ အိမ်ရှင်ထီးအဖြစ် လေးနှစ်တာ အိမ်မှာကျောက်ချနေပြီးနောက်မှာ ကျွန်တော်ဟာ ဝက်ဝံရုပ်တွေရဲ့ ခြေဖဝါးမှာ အဝတ်စပြားတွေ ကော်ကပ်တဲ့အလုပ်ကို လုပ်ခဲ့တာ မနှစ်ကတော့ ဒေါ်လာ ၂၇၀၀ ကြီးများတောင် ရပြီး  ဒီနှစ် ၉ လတာ အတွက်က ဒေါ်လာ ၃၀၀ ရခဲ့ပါသတဲ့။ အခုလို အားကြိုးမာန်တက် အလုပ်ကြိုးစားမှုအတွက် ကျွန်တော့်ကို ဆုချမှာလို့ ပြောပါတယ်။

လူရှေ့သူရှေ့မှာ ထင်ရတဲ့ ကိုယ်ကျိုးစွန့် ချစ်ခင်ကြင်နာတတ်သူ လင်ယောင်္ကျားတစ်ဦး အဖြစ်ကနေ သွေဖည်လိုက်တယ်။  အခွင့်အရေးသမားပီပီ သူ့ရဲ့ ရက်ရက်ရောရော ကမ်းလှမ်းလာမှုကို ကျွန်တော်က အခွင့်ကောင်း အပြည့်အဝ ယူပစ်လိုက်ပါတယ်။
“ဧဝရတ်တောင်” လို့ ကျွန်တော်က အကျယ်ကြီး အော်လိုက်တယ်။

မိန်းမက ကျွန်တော့်ကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်တယ်။ အသက် သုံးဆယ့်သုံးနှစ် အရွယ် သူငယ်တန်းကလေးကြီး တစ်ယောက်ကို အကဲခတ်တဲ့ အကြည့်မျိုးနဲ့။ ပြီးတော့ မေးပါတယ်။

“ဧဝရတ်တောင် ဟုတ်လား။ ဘာဖြစ်လို့ ဒီနေရာကို ရုတ်တရက်ကြီး ဒီလောက် သွားချင်စိတ် ပေါ်သွားရတာလဲရှင့်”

တကယ်တော့ ဒါက ရုတ်တရက်ကြီး သွားချင်စိတ်ပေါ်တာ မဟုတ်ပါဘူး။ ကျွန်တော် အဲဒီကို သွားချင်နေခဲ့တာ ကြာလှပါပြီ။ ဘာကြောင့်လဲ ဆိုတာတော့ အသေအချာ မပြောတတ်ပါဘူး။

တကယ့်ပရော်ဖက်ရှင်နယ် တောင်တက်သမားတွေတောင်မှ ဘာကြောင့် သက်စွန့်ဆံဖျား တောင်တက်ကြတယ် ဆိုတာကို ခြေခြေမြစ်မြစ် အကြောင်းပြချက်နဲ့ ရှင်းပြနိုင်မယ်လို့ ကျွန်တော်က မထင်ပါဘူး။ ဒါပေမယ့် နှစ်အတော်ကြာ မိန်းမထဘီနား ခိုစားနေတဲ့လူ၊ မကြာခင်ကမှ မလုံမလဲစိတ်နဲ့ ဘေးဘန်းဝင်ငွေရတဲ့ ကျပန်းအလုပ်လေး လုပ်ဖြစ်သွားတဲ့ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကောင်။ အဲဒီလို လူတစ်ယောက် အဖို့တော့ ဧဝရက်တောင်ကို တက်မယ်ဆိုတဲ့ စိတ်ကူးဟာ အတော်ကို အရူးထရာ ရောက်နေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဒီအခွင့်အရေးကို အဆုံးရှုံးမခံနိုင်ဘူး။

“တကယ်တော့ ငါ့မှာ ပြင်းပြင်းထန်ထန် ရောဂါတစ်ခု ခံစားနေတာ အတော်ကြာပြီ။ တောင်တက်တာဟာ ငါ့ရောဂါပျောက်ဖို့ တစ်ခုတည်းသော ကုထုံးဖြစ်မယ် လို့ထင်တာပဲ”

“ဘယ်လိုရောဂါမျိုးလဲ”

“အမြင့်မူးရောဂါ ”

“ဟင်.. အဲဒါက အမြင့်ကိုတက်ရင် ခံစားရတာ မဟုတ်ဘူးလား”

“မဟုတ်ဘူးကွ။ အမြင့်တက်ရင်လည်း အဲဒီရောဂါ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ငါဖြစ်နေတာက အမြင့်ကို သွားချင်လွန်းလို့ ရတဲ့ ရောဂါ။ ငါက ကမ္ဘာမြေရဲ့ကျောရိုးလို့ တင်စားကြတဲ့ ဟိမဝန္တာ ခမ်ဗျုဒေသက တောင်ထိပ်တွေ ကို သွားကြည့်ချင်တာ”

စိတ်လှုပ်ရှားနေတဲ့ သူငယ်တန်းကလေး တစ်ယောက်လို ကျွန်တော်က ခေါင်းတွင်တွင်ညိတ်ရင်း တတွတ်တွတ် ပြောလိုက်တယ်။

မိန်းမကလည်း အားတက်သရော ခေါင်းညိတ်ပါတယ်။ သူလည်း သတိထားမိပြီးသားပါလေ။ တောင်တက်တဲ့အကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်တွေကို ကျွန်တော်အရမ်း စိတ်ဝင်စားတာ၊ ကုန်တိုက်တွေကို သွားရင် တောင်တက်ပစ္စည်းရောင်းတဲ့ ဆိုင်တွေရှေ့မှာ တမေ့တမော ငေးကြည့်တတ်တာ။ အဲဒါတွေကို သူ ကောင်းကောင်း သတိထားမိမှာပါ။ သူ သတိမထားမိမှာကတော့ မြင့်မားတဲ့ နှင်းဖုံးတောင်တန်းတွေကို တက်ချင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု အောက်ခြေဒုတ်ဒုတ်ထိ ကျဆင်းနေသူတွေရဲ့ စိတ်ကူးယဉ်မှုဆိုတာ၊ ပြီးတော့  အကြမ်းတမ်းအခက်ခဲဆုံး တောင်တွေကို ရှာတက်ပြီး ကမ္ဘာမြေကြီးကို ကိုယ့်ခြေထောက်အောက်မှာ အပြောင်းအလဲအနေနဲ့ ခဏလောက် ထားကြည့်ခြင်းအားဖြင့် ကိုယ့်ဖြစ်တည်မှုကို ကိုယ့်ဘာသာ ဆင်ခြေပေးချင်သူတွေရဲ့ အိပ်မက်ဆိုတာ ပေါ့။

 “ဟုတ်ပြီလေ။ ရော့ ဒါကိုယူလိုက်။ ရှင်လိုတဲ့ အသုံးအဆောင်မှန်သမျှ ဝယ်ပေတော့”

မိန်းမက သူ့ပိုက်ဆံအိတ်ထဲက ခရက်ဒစ်ကဒ်ကို ထုတ်ပေးလိုက်တယ်။ အခုမှပဲ ကျွန်တော့်ဘဝမှာ ခရက်ဒစ်ကဒ်ကို ကိုယ့်လက်နဲ့ ပထမဆုံး ကိုင်ဖူးတော့တယ်။ ကျွန်တော် ထခုန်လိုက်တယ်။ လက်တွေကို လေထဲမှာမြှောက်ပြီး အော်ပစ်လိုက်တယ်။

“ဝေးဟေးဟေး….. ဒါမှ ငါ့မိန်းမ ကွ”


…………

 “ဘေးမသီရန်မခတဲ့ ခရီးဖြစ်ပါစေ မောင်”

ကျွန်တော့်မိန်းမက ကျွန်တော်တို့ တိုက်ခန်းရဲ့ ဓာတ်လှေခါးရှေ့မှာ ရပ်ရင်း အပြုံးနွမ်းလျလျနဲ့ နှုတ်ဆက်ပါတယ်။ ဖေဖေါ်ဝါရီလရဲ့ ဆည်းဆာချိန်ဆိုတော့ ရာသီဥတုကလည်း အေးခဲနေပါတယ်။ ကျွန်တော်က လီတာ ၇၀ လောက်လေးတဲ့ ကျောပိုးအိတ်ကို နောက်မှာလွယ်၊ သူ့ထက်ပိုသေးတဲ့ နေ့ခင်းလွယ်အိတ်ကို ရှေ့မှာလွယ်ရင်း ဟန်ချက်ညီအောင် ထိန်းနေရတယ်။ ဘေးအိမ်က ခွေးက သူ့အနားကို တစ်ယောက်ယောက် ကပ်လာသလို အာရုံခံမိဟန်နဲ့ ခပ်တိုးတိုး ဟောင်ပါတယ်။

“ဒါကိုလည်း ယူသွားဦး”

မိန်းမက နိုင်ငံတကာသုံးလို့ရတဲ့ ခရက်ဒစ်ကဒ်ကို ထုတ်ပေးတယ်။ အရေးပေါ်သုံးလို့ရအောင် လို့ပြောတယ်။ ကျွန်တော်က လိုတဲ့ ခရီးစရိတ်အတွက် ငွေစက္ကူတွေ အလုံအလောက် ပါပြီးသား ဖြစ်ပေမယ့်လည်း အဲဒီကဒ်ကို အိတ်ထဲထည့်လိုက်တယ်။

“ကျေးဇူးပဲ အချစ်ရေ။ မလိုရင် မသုံးဖြစ်အောင် မောင်သတိထားပါ့မယ်”


၂။ ပထမအဆင့်

နီပေါနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ကက်တ်မန်ဒူမြို့က တာမယ်ရပ်ကွက်မှာ ကိုရီးယားဟိုတယ်နဲ့ စားသောက်ဆိုင်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီနေရာဟာ တခြားခရီးသွားတွေနဲ့ သတင်းပလင်း ဖလှယ်ရအောင် တွေ့ဆုံဖို့ အတွက်လည်း အဆင်ပြေလွယ်ကူပါတယ်။
ဒုတိယနေ့မှာ ကျွန်တော် ညနေစာ ကင်မ်ချီပေါင်း စားနေတုန်း အသက်လေးဆယ်စွန်းစွန်းလောက် ရှိမယ့် လူတစ်ယောက်နဲ့ စကားလက်ဆုံကျသွားပါတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲဒီလူဟာ ဝါရင့်တောင်တက်သမားတစ်ယောက်ဆိုတာ ဘယ်သူမဆို အကဲခတ်နိုင်မှာပါ။ မုတ်ဆိတ်မွှေးပါးသိုင်းမွှေး ဗလဗျစ်အောက်က နေလောင်ခံထားရတဲ့မျက်နှာနဲ့ ပခုံးကျယ်ကျယ်တွေက သူ့ကို ထူးခြားပေါ်လွင်နေစေပါတယ်။ ကျွန်တော့်ကို ဖမ်းအစားဆုံးကတော့ သူ့ရဲ့ စိတ်နေသဘောထားပါ။ သူ့မျက်နှာဟာ တောင်တက်ခရီးတစ်ခု လတ်တလော ပြီးဆုံး လာခဲ့တဲ့ တောင်တက်သမားတစ်ယောက်ရဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ ပေါင်းစပ်ထားတဲ့ ဂုဏ်ကျက်သရေကို ဆောင်နေပါတယ်။

“ဒါက မင်းရဲ့ ပထမဆုံးခရီးလား”

“ဟုတ်ပါတယ် ခင်ဗျာ”

“မင်းက ဘယ်ကိုသွားမှာလဲ”

“ဂိုကျိုတောင်ထိပ်ကိုပါ”

ကျွန်တော်က ဧဝရတ်တောင် နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်နဲ့ ထုတ်ထားတဲ့ ဘီယာကို သူ့ဖန်ခွက်ထဲ လောင်းထည့်ပေးလိုက်တယ်။ ပုလင်းတံဆိပ်မှာ ဧဝရတ်တောင်ထိပ်ကို ပထမဆုံး ခြေချခဲ့တဲ့ ဆာ အက်ဒမန် ဟီလာရီနဲ့ ရှာပလူမျိုး တန်းဇင်း နော်ဂေ တို့ရဲ့ပုံကို ပုံနှိပ်ထားတယ်။ သူ့ဖန်ခွက်ကို ကြည့်ရင်း တောင်တက်ခရီးအတွက် သူ့ရဲ့အကြံဥာဏ်တွေကို တောင်းလိုက်ပါတယ်။

“အတွေ့အကြုံ လုံးဝမရှိတဲ့ တောင်တက်သမားက ဒီလိုရာသီဥတုမျိုးမှာ တစ်ယောက်တည်း တက်မလို့ဆိုတာ တော်တော် အတင့်ရဲတာပဲ”

သူ့ရဲ့ ကွဲရှတဲ့ လည်ချောင်းသံက အတော့်ကို လန့်စရာပဲ။ ကျွန်တော် ဘီယာကို ငြိမ်ငြိမ်သက်သက် စုတ်သောက်ရင်း သူဘာဆက်ပြောလာမလဲဆိုတာ နားစွင့်ထားလိုက်ပါတယ်။

“ဒီနေရာမှာ ကံသာအမိ ကံသာအဖ ပဲ။ ပထမဆုံး သတိထားရမှာက လေယာဉ်ပျံ ပျက်ကျနိုင်တာကို ပဲ”

“ဒီနေရာမှာ လေယာဉ်ပျက်ကျတတ်တယ် ဟုတ်လား”

“နှစ်တိုင်းပဲလေ။ ဆာ ဟီလာရီရဲ့ မိန်းမနဲ့သမီးဟာ ဒီနေရာမှာ လေယာဉ်ပျက်ကျပြီး သေသွားရတာ”

ကျွန်တော်သောက်လက်စ ဘီယာတွေ ပါးစပ်ထဲက ထွက်ကျကုန်တယ်။ ဒါက ဘယ်လိုမှ ဖြေသိမ့်လို့ရတဲ့ သတင်းမျိုး မဟုတ်ဘူးလေ။  ကျွန်တော့်အနေနဲ့ ဘယ်လောက်ပဲ သတိကြီးကြီးထားထား လေယာဉ်ပျက်တယ်ဆိုတာမျိုးက ကျွန်တော်က တားလိုက်လို့ ရတာမဟုတ်ဘူး။ ဒီအန္တရာယ်ကို ကျွန်တော် တစ်ခါမှ တွေးမကြည့်ဖူးဘူး။ တောင်တက်သမားကြီးရဲ့ခွက်ကို ဘီယာထပ်ဖြည့်ပေးရင်း ကျွန်တော် အလေးအနက် မေးလိုက်တယ်။

“တော်တော်ကြောက်စရာကောင်းတာပဲ။ ဒီ့အပြင် ကျွန်တော် ဘာတွေ သတိထားရဦးမလဲဗျ”

“အမြင့်မူးရောဂါ ပေါ့ကွာ”

“ကျွန်တော် အဲဒီရောဂါအကြောင်း စာအုပ်တွေထဲမှာ ဖတ်ထားတယ်။ တောင်တက်ရင် ဖြည်းဖြည်း လျှောက်တက်ရမယ်။ တစ်နေ့ကို မီတာ ၃၀၀ ထက်ပို မသွားရဘူး။ ရေအများကြီး သောက်ရမယ်။ အဲဒါတွေကို မေ့မသွားအောင် ကျွန်တော် ချရေးထားတယ်”

“အေး.. ဟုတ်တယ်။ အဲဒါတွေပဲ။ မင်းသိထားသမျှကို သေသေချာချာ လိုက်နာရမယ်။ တကယ်လို့ နေထိုင်မကောင်းဖြစ်လာရင် ချက်ချင်း ပြန်ဆင်းရမယ်။ တချို့လူတွေ အဲဒီရောဂါကြောင့် သေရတဲ့အထိ ဖြစ်သွားကြတာရှိတယ်”

တောင်တက်သမားကြီးက ခွက်ကို တစ်ခါတည်း မော့ချလိုက်တယ်။ သူ့ဇလုတ်က နိမ့်လိုက်မြင့်လိုက်။ ဘာတစ်ခွန်းမှ ဆက်မပြောတော့ပဲ ဗြုန်းခနဲ ထိုင်ရာက ထလိုက်တယ်။ ကျွန်တော်လည်း လိုက်ပြီး မတ်တတ်ရပ်လိုက်တယ်။

“ခင်ဗျား သွားတော့မလား”

“ဘာမှ ပြောစရာမကျန်တော့ဘူးလေ။ ငါလည်း ပင်ပန်းနေပြီ”

ကျွန်တော်ကတော့ မေးခွန်းတွေ အများကြီး ဆက်မေးချင်စိတ် တရွရွဖြစ်နေတုန်းပဲ။ ကျွန်တော့်မျက်နှာပေါ်က စိုးရိမ်ပူပန်မှုကို တွေ့တော့ တောင်တက်သမားကြီးက နောက်ဆုံး အကြံဥာဏ်တစ်ခု ထပ်ပေးလိုက်တယ်။

“ဒါနဲ့ မင်းမှာ ခရက်ဒစ်ကဒ် ပါလား”

“ဟုတ်.. ပါပါတယ်. ဒါပေမယ့်…”

“ဟုတ်ပြီ အဲဒါ ဘောင်းဘီအိတ်ထဲ အမြဲထည့်ထား။ မလိုအပ်ရင် မသုံးဖြစ်အောင်နေ။ ကဲ.. ကံကောင်းပါစေကွာ”

အဲဒီလိုပြောပြီး ကျွန်တော့်လက်ကို သူ့ရဲ့ လက်ဖဝါးကြီးတွေနဲ့ ဆုတ်ကိုင်လှုပ်ယမ်း နှုတ်ဆက်ပြီးတော့ စားသောက်ဆိုင်ထဲက ထွက်သွားပါတယ်။ သူပျောက်သွားတော့မှ ကျွန်တော်က တောင်တက်နေရင် ခရက်ဒစ်ကဒ်ကို ဘာကြောင့် ဘောင်းဘီအိတ်ထဲ အမြဲဆောင်ထားဖို့ လိုတယ်ဆိုတာကို မတွေးတတ်အောင် ဖြစ်နေမိတယ်။


                                      ………..

ဧဝရတ်တောင် တက်မယ့်သူတွေဟာ ဟိမဝန္တာဆီ ဝင်ပေါက်ဖြစ်တဲ့ လူကလာ အထိ လေယာဉ်စီးရပါတယ်။ ကျွန်တော်လည်း အပါအဝင်ပေါ့။ အဲဒီခရီးစဉ်က ဆာ ဟီလာရီရဲ့ မိန်းမနဲ့သမီး လေယာဉ်ပျက်ကျခဲ့တဲ့ ခရီးပါပဲ။ ကျွန်တော့်ရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ အဲဒီလေယာဉ်ပျံပေါ်ကို မယုံမရဲနဲ့ ခြေချလိုက်တာ ပြီးတော့မှ ရယ်မိတာပါ။ လေယာဉ်အတွင်းပိုင်းဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ခေတ်စားခဲ့တဲ့ ထိုင်ခုံ ၁၂လုံးပါတဲ့ မီနီဗင်ကားလေးနဲ့ တူနေတယ်။ တချို့နေရာတွေကို သစ်သားနဲ့ ဖာထေးထားတယ်။ ထိုင်ခုံနောက်မှီတွေ ပြုတ်ကျနေပုံက ခေါက်ကုလားထိုင်အတိုင်းပဲ။ အိုမင်းဟောင်းမြေ့နေတဲ့ လေယာဉ်မောင်း ကိရိယာတွေက ကလေးကစားစရာတွေနဲ့ တူနေတယ်။

လေယာဉ်လည်းစထွက်ရော လေယာဉ်တစ်ခုလုံး လှုပ်ခါသွားလိုက်တာ သွားတွေတောင် တဂတ်ဂတ် တုန်လာတယ်။ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ နီပေါအဘွားကြီးက ပုတီးစိတ်ရင်း ဘုရားစာတွေ စရွတ်ပါတော့တယ်။ သူရွတ်နေတာ တဖြည်းဖြည်း မြန်လာပြီး နောက်ဆုံးမှာ သူက လေထဲကို ဆန်စေ့တွေ ကြဲလိုက်တယ်။ အဲဒီလို အဘွားကြီးရဲ့ ဘုရားစာရွတ်သံနဲ့ ဆန်စေ့ကြဲပြီး ဆုတောင်းမှုက ကျွန်တော့်အကြောက်တရားကို မသက်သာစေပါဘူး။ ဆန်စေ့တွေက ကျွန်တော့် ခေါင်းနဲ့ ဂျက်ကက်အကျီင်္ပေါ် လာကျကုန်တယ်။      

လေယာဉ်က မိုးတိမ်တောင်တွေနဲ့ တွေ့တော့ ထွက်ခါစထက်တောင် ပိုပြီး လှုပ်ခါလာတယ်။ ဒီလိုအရှိန်ဟာ လေယာဉ်ကို လေထဲကနေ တစ်စစီ ပျက်ကျမတတ် ဖြစ်စေပါတယ်။ လေယာဉ်ရဲ့ ဟိုဘက်ဒီဘက် ဘေးတိုက် ကြောက်စရာ လွန့်လူးနေပုံကလည်း ပင်လယ်ထဲမှာ လှိုင်းကြီးကြီး အပုတ်ခံရတဲ့ သင်္ဘောလိုပဲ။ လေယာဉ်ပျံချိန် မိနစ်လေးဆယ်ပဲ ကြာပေမယ့် အဲဒီအတောအတွင်းမှာ ကျွန်တော် တစ်စက္ကန့်လေးတောင် စိတ်မအေးနိုင်ခဲ့ပါဘူး။

လူကလာလေဆိပ်ကို ရောက်တော့ အထုပ်အပိုးတွေ ရွေးယူရတဲ့နေရာကို ရောက်လာပါတယ်။ ဒေသခံ ရှာပလူမျိုးတစ်ယောက်က ကျွန်တော့်ဆီ လျှောက်လာပါတယ်။ ကျွန်တော်က တစ်ဦးတည်းသော အာရှတိုက်သား တောင်တက်သမားဖြစ်နေတော့ ကျွန်တော့်ကို မှတ်မိဖို့က သိပ်လွယ်ပါတယ်။ သူက “ကိုရီးယားလား” လို့မေးတာကို ခေါင်းညိတ်ပြလိုက်ပါတယ်။ သူက ခေါင်းကိုညွတ်ပြီး နှုတ်ဆက်ပါတယ်။

“မင်္ဂလာပါခင်ဗျာ”

“မင်္ဂလာပါ”

ကျွန်တော်ကလည်း သူ့ကို ပြန်ခေါင်းညွတ်လိုက်ပါတယ်။ အဲဒီ ရှာပလူမျိုး က ဆံပင်ကောက်ကောက် အသားနက်နက် ရိုးရိုးသားသားပုံစံနဲ့ တကယ့်ကို တောင်ပေါ်ရွာသားရုပ်ပါ။ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ကြတယ်။ သူ့နာမည်က ပြာဘ။ သူ့ဟာ ကက်တ်မန်ဒူမြို့က ခရီးသွားအကျိုးဆောင် ကုမ္ပဏီက ငှားထားတဲ့ ဧည့်လမ်းညွှန်ပါ။  


ပန်ဒိုရာ

(ဆက်လက်ဖော်ပြပါမည်။)


2 comments:

နတ္ထိ said...

မြောက်ကိုရီးယားသားတွေ ဒုံးပျံပေါ်တက်နေချိန်မှာ တောင်ကိုရီးယားသားတွေ တောင်တက်နေချိန် ဖြစ်မယ်။

မိုးနတ်ကြယ်စင် said...

ခုမှပဲ မိမိုးနတ်ရွှေဘ၀င် ရေအလျဉ်မှာ ကျတော့ဒယ် :)
အာဘွားပါ မ :P
ချစ်တဲ့...မိုးနတ်