အမြင့်မူးရောဂါ
တောင်ကိုရီးယားမှ စာရေးဆရာ ဟေးအီစူး (Hae Yisoo)
တောင်ကိုရီးယားက
စာရေးဆရာ ဟေးအီစူး(Hae Yisoo) ဟာ ၂၀၀၀ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးဝတ္ထုကို ပုံနှိပ်ဖော်ပြခံခဲ့ရတယ်။
၂၀၀၆ မှာ “ကန္တာရထဲက သားပိုက်ကောင် (The Kangaroo in the Desert)” နဲ့ ၂၀၀၉ မှာ “ဂျယ်လီငါး
(Jelly Fish)” လို့အမည်ရတဲ့ ဝတ္ထုတိုပေါင်းချုပ် နှစ်အုပ် ထုတ်ဝေခဲ့ပါတယ်။ “အစကနေပြန်လျှောက် (Walk Again From the
Beginning)” ဆိုတဲ့ လုံးချင်းဝတ္ထုရှည်ကို ဒီနှစ်ထဲမှာ အွန်လိုင်းကနေ စီးရီးစ်လိုက်
ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သူဟာ ကိုရီးယားနိုင်ငံမှာ ၂၀၀၄ ခုနှစ်က ချီးမြှင့်တဲ့ စင်ဟွန်းစာပေဆုနဲ့
၂၀၁၀ က ချီးမြှင့်တဲ့ မိုဆပ် စာပေဆုတွေကို ရရှိခဲ့ပါတယ်။ သူဟာ ကိုရီးယားနိုင်ငံ ဒန်ကောက်
တက္ကသိုလ်ရဲ့ ဖန်တီးမှုစာပေ ဌာနမှာ အလုပ်လုပ်နေပါတယ်။ ၂၀၁၀ခုနှစ် ဆိုးလ်မြို့မှာကျင်းပတဲ့
နိုင်ငံတကာ စာရေးဆရာများ ပွဲတော်ကို စီစဉ်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ကိုရီးယားစာပေ
ဘာသာပြန် အင်စတီကျုရဲ့ ပံ့ပိုးမှုနဲ့ အိုင်အိုဝါတက္ကသိုလ်ရဲ့ ၂၀၁၂ ခုနှစ် International
Writing Program ကို တက်ရောက်ခဲ့ပါတယ်။
ဟေးအီစူးဟာ
၂၀၀၇ နှစ်ဦးပိုင်းမှာ နီပေါနိုင်ငံကို ၄၂ရက် ကြာ ခရီးသွားခဲ့ပါတယ်။ ခရီးကနေ ရလာခဲ့တဲ့
ဝတ္ထုတို ၃ ပုဒ်ဟာ အဲဒီနှစ်ကုန်ခါနီးလောက်မှာ ကိုရီးယားမဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြခံရပါတယ်။
အဲဒီ ဝတ္ထုတို ၃ ပုဒ်ကတော့
၁) ဧဝရတ် တောင်တက်ခရီးအကြောင်း ရေးထားတဲ့ “အမြင့်မူးရောဂါ
(Altituded Sickness)”၊
၂) ဟိမဝန္တာတောင်တန်းတွေမှာ လေယာဉ်ပျံစောင့်နေကြတဲ့ တောင်တက်ခရီးသည်တွေအကြောင်းကို
ရေးထားတဲ့ “လူကလာလေဆိပ် (Lukla Airport)” နဲ့
၃) နီပေါက ပြန်လာခါနီး လုဗ္ဗိနိမှာ ကြုံတွေ့ခဲ့တဲ့
နေ့ရက်တွေအကြောင်းကို ရေးထားတဲ့ “လုဗ္ဗိနိမှထွက်ခွာခြင်း (Out of Lumbini)” တို့ ဖြစ်ကြပါတယ်။
ဟေးအီစူးဟာ
ကိုရီးယားလူမျိုးတစ်ယောက်ကို ဇာတ်လိုက်အနေနဲ့ ထားပြီး သူ့ရဲ့ နီပေါခရီး အတွေ့အကြုံတွေအပေါ်
အခြေခံတဲ့ ဝတ္ထုတို ၃ ပုဒ်ကို ရေးခဲ့ပါတယ်။ ကိုရီးယားမှာ ဝတ္ထုတိုတွေဟာ စာမျက်နှာ ၂၀
- ၃၀ လောက်အထိ ရှည်လျားပါတယ်။ သူတို့ဆီမှာ ဝတ္ထုတိုတစ်ပုဒ် ရေးနိုင်ဖို့အတွက် အချိန်ရော
ငွေကြေးပါ အတော် အားစိုက်ရတဲ့အကြောင်းကို ဟေးအီစူးက ရှင်းပြခဲ့ပါသေးတယ်။
နီပေါနိုင်ငံဆိုတာ
တောင်တက်သမားတွေအတွက် ကမ္ဘာမြေရဲ့ကျောရိုးလို့ တင်စားကြတဲ့ ဟိမဝန္တာတောင်တန်းတွေ တည်ရှိရာဒေသ
ဖြစ်နေသလို ဗုဒ္ဓဘာသာဝင် ဘုရားဖူးတွေအတွက်လည်း ဗုဒ္ဓဖွားတော်မူရာ လုဗ္ဗိနိဒေသက ဆွဲဆောင်နေပါတယ်။
ဟေးအီစူးရဲ့ “Nepal Trilogy” ဆိုတဲ့ နီပေါနောက်ခံ ဝတ္ထုတို ၃ ပုဒ်ဟာ မြင်ဖူးနေကျ ခရီးသွားနောက်ခံ
ဝတ္ထုမျိုးမဟုတ်ဘဲ အာရှတိုက်သားတွေရဲ့ အကျင့်စရိုက်တွေနဲ့ ခရီးကပေးလိုက်တဲ့ အမြင်သစ်တွေလည်း
ရောနှောပါဝင်နေပါတယ်။
“အမြင့်မူးရောဂါ”
ဝတ္ထုထဲမှာ စိတ်ဝင်စားစရာကောင်းတာကတော့ တောင်ပေါ်ကို တက်သွားတဲ့အခါ မြင်တဲ့အမြင်နဲ့ အတွေ့အကြုံတွေကို
ပေါ့ပေါ့ပါးပါး ဇာတ်ကြောင်းထဲမှာ ထည့်ထားတာပါပဲ။ အရှေ့တိုင်းသားတွေနဲ့ အနောက်တိုင်းသားတွေရဲ့
သဘာဝအပေါ် မတူညီတဲ့ ရှုမြင်ပုံတွေကိုလည်း ပြထားပါတယ်။ အနောက်တိုင်းသားတွေက သဘာဝကို အောင်နိုင်ချင်ကြပြီး
အလွယ်လိုက်ကြ ဒါမှမဟုတ်လည်း အလွန်အကျူး အပင်ပန်းခံကြတဲ့အခါ နောက်ဆက်တွဲ အကျိုးဆက်တွေ
ခံစားရပုံကို ပြထားပါတယ်။ အရှေ့တိုင်းသား ဟိမဝန္တာသား အဘိုးကြီးတစ်ယောက်ကတော့ လူတွေဟာ
သဘာဝကို အနိုင်ယူဖို့ထက် သဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေထိုင်ပြီး တောင်တက်ခြင်းဆိုတဲ့
ဖြစ်စဉ်အပေါ်မှာ သက်တောင့်သက်သာ သင်ယူ ခံစားသင့်တဲ့အကြောင်း အကြံပြုထားတဲ့ အခန်းပါပါတယ်။
အဲဒါဟာ တရုတ်ပညာရှိ လောင်ဇု ရဲ့ ပုံပြင်တစ်ပုဒ်နဲ့လည်း အတွေးချင်းတူပါတယ်။ ရေတွင်းထဲက
ရေကိုခပ်ချင်ရင် တစ်ခါခပ်ရင် တစ်ပုံးနဲ့ ဖြည်းဖြည်း ခပ်ယူသင့်တယ်။ ဒါဟာ ရေစုပ်စက်နဲ့
အလွယ်တကူ စုပ်လိုက်တာနဲ့စာရင် လုပ်အားရဲ့ ဖြစ်စဉ်မှာ ဥာဏ်အလင်းပွင့်လာနိုင်တယ်လို့
လောင်ဇု က ပြောခဲ့ပါတယ်။
“လူကလာလေဆိပ်”
ဝတ္ထုထဲမှာ လေယာဉ်ပျံမလာသေးလို့ ရက်အတန်ကြာ တိုးကြိတ် စောင့်ဆိုင်းနေကြတုန်း “စန်း”
လို့အမည်ရတဲ့ ထိုင်းအမျိုးသမီးလေးက ကိုရီးယားဇာတ်လိုက်ကို မေးပါတယ်။ ဒီတောင်တက်ခရီးမှာ
မြင့်လာတဲ့အမျှ ဘာအပြောင်းအလဲတွေ သတိထားမိသလဲပေါ့။ သူမျှော်လင့်တာကတော့ တိမ်၊ လေထု၊
ရာသီဥတု၊ ရှုမျှော်ခင်း စတဲ့အကြောင်းအရာတွေပါ။ ဒါပေမယ့် ကိုရီးယားဇာတ်လိုက် ပြန်ဖြေလိုက်တာက
နွားနောက်တွေရဲ့ ချေးတွေ တဲ့။ တောင်တက်သမားရှိတဲ့ နေရာတိုင်းမှာ နွားနောက်တွေကို တွေ့ရလေ့ရှိပါတယ်။
အနိမ့်ဒေသမှာ စားကျက် မြက်တွေပိုများတော့ နွားနောက်တွေရဲ့ ချေးတွေဟာ ရွှံ့ပျော့ပျော့တွေလိုပဲ
ပိုပြီး စိုစွတ်ပျော့ပြောင်းပါတယ်။ တောင်အမြင့်ကို ရောက်လာလေလေ အစားအသောက်က ရှားလာလေလေ
ဝမ်းသွားရတာ ပိုပြီး ခက်ခဲလာလေလေ ဖြစ်တဲ့အခါ သူတို့ရဲ့ ချေးတွေရဲ့ ပုံသဏ္ဍာန်ဟာလည်း ဝဲဂယက်လေးလို
ကွေးညွတ်လာပြီး အရောင်ကလည်း ကြေးနီနဲ့ လုပ်ထားတဲ့ ရုပ်ထုလိုပါပဲတဲ့။ အဲဒီအခါ ဇာတ်လိုက်ဟာ
အဲဒီချေးတွေကို တောင်အမြင့်ရောက်လာလေလေ အနုပညာလက်ရာတစ်ခုအဖြစ် ပြောင်းလဲလာလေလေလို့
မြင်မိတဲ့အကြောင်း ပြောထားတယ်။ ခေါင်းပေါ်က အမြင့်ကို မျှော်မှန်းတဲ့ တောင်တက်ခရီးမှာ
မြေကြီးပေါ် ခေါင်းငုံ့ကြည့်ပြီး နွားချေးတွေကို ပိုစိတ်ဝင်စားမိတဲ့ အမြင်ဟာ အံ့သြစရာပါ။
“ခရီးသွားခြင်းဆိုတာ အသစ်တွေ မြင်ရဖို့ထက် အမြင်သစ်တွေ ရဖို့” ဆိုတဲ့ အရှေ့တိုင်း အတွေးအခေါ်တစ်ခုကို
ရည်ညွှန်းတယ်လို့ ဟေးအီစူးက ရှင်းပြခဲ့ပါတယ်။
“လုဗ္ဗိနိမှထွက်ခွာခြင်း”
ဝတ္ထုထဲမှာ ဇာတ်လိုက်ဟာ လုဗ္ဗိနိဒေသမှာ ခရီးသွားနေတုန်း အိပ်မက်တစ်ခုကို မက်လိုက် နိုးလိုက်ဖြစ်နေတဲ့
အခန်းတွေ ပါဝင်ပါတယ်။ ဇာတ်လိုက်ဟာ “ဘဝကို ဘယ်လိုချိန်ဆရမလဲ” ဆိုတဲ့ အကြောင်းအရာတစ်ခုကို
ရေးသားဖို့ အလုပ်အပ်ထားခံရပါတယ်။ ဒါပေမယ့် သူဟာ အချိန်မီ မရေးနိုင်လို့ စိတ်မကောင်းဖြစ်နေရတယ်။
လုဗ္ဗိနိက အပြန် ဆိုက္ကားပေါ်မှာ သူအိပ်ငိုက်နေတုန်း ခရီးမှာ ကြားခဲ့ရတဲ့ သိဝိဘုရင်နဲ့
ခိုငှက် ဆိုတဲ့ ဇာတ်လမ်းကို အိပ်မက်မက်ပါတယ်။ လက်မောင်းမှာ နားနေတဲ့ခိုငှက်ကို ကယ်တင်ဖို့အတွက်
သိဝိဘုရင်က ဆာလောင်နေတဲ့ သိန်းငှက်တွေကို သူ့အသားကို စားစေတဲ့ အကြောင်းပါ။ အဲဒီ အိပ်မက်က
နိုးတော့ ဇာတ်လိုက်ဟာ ဘဝကို ဘယ်လိုချိန်ဆရမလဲ ဆိုတာကို ဘယ်လို ရေးရမလဲဆိုတာ အကြံဥာဏ်ရသွားပါတယ်။
ဇာတ်လိုက်ဟာ အနောက်နိုင်ငံမှာ ကြီးပြင်းခဲ့ပြီး အရာရာကို သွက်လက် မြန်ဆန်စွာ ဆန္ဒစောပြီး
လုပ်ကိုင်လေ့ရှိသူပါ။ သူ့ရဲ့ နာရီကို ဆယ်မိနစ် စောထားပါတယ်။ ဝတ္ထုအဆုံးမှာတော့ ဆယ်မိနစ်
စောထားတဲ့ သူ့အဖိုးတန်နာရီကို ဆိုက္ကားသမားရဲ့ တစ်နာရီကျော်နောက်ကျနေတဲ့ ဒစ်ဂျစ်တယ်
နာရီ အပေါစားနဲ့ လဲလိုက်ပါတယ်။ အရှေ့တိုင်းမှာ နှေးကွေးမှုရဲ့ တန်ဖိုးအကြောင်း၊ အသိပညာတစ်ခုဟာ
အချိန်တစ်ခုပြီးမြောက်တဲ့အခါမှ ရောက်လာတတ်တယ်ဆိုတာ ဇာတ်လိုက်က သဘောပေါက် သွားကြောင်း
စတာတွေကိုလည်း ဒီဝတ္ထုမှာ ပြထားခဲ့ပါတယ်။
နီပေါနောက်ခံဝတ္ထုတို
၃ ပုဒ်ထဲက “အမြင့်မူးရောဂါ” ကို မြန်မာမှုပြုလိုက်ပါတယ်။ အဲဒီ ဝတ္ထုတိုရဲ့ မူရင်းအင်္ဂလိပ်ဘာသာပြန်ဟာ
Calibri ဖောင့်ဆိုက် ၁၂ နဲ့ဆိုရင် ၂၅ မျက်နှာရှိပါတယ်။ အဲဒါကို ဟေးအီစူးက ပြန်ချုံ့ထားတဲ့
မူကို ဆီလျော်အောင် ဘာသာပြန်ပေးလိုက်ပါတယ်။
ဒီဝတ္ထုနဲ့
ပတ်သက်လို့ ဟေးအီစူးက မြန်မာ စာဖတ်ပရိသတ်ကိုလည်း အခုလို နှုတ်ဆက်စကား ပြောလိုက်ပါတယ်။
“နှင်းတွေဖုံးနေတဲ့
ဟိမဝန္တာတောင်တန်းတွေဟာ မြန်မာလူမျိုး စာဖတ်ပရိသတ်တွေ အတွက် စိမ်းကောင်းစိမ်းနေပါလိမ့်မယ်။
ဧဝရတ်တောင်ထိပ်မှာ
ကျွန်တော်ကိုယ်တိုင် အမြင့်မူးရောဂါ ရခဲ့စဉ်က ဒီဝတ္ထုကို ရေးဖို့ အာရုံရခဲ့ပါတယ်။
ဒါပေမယ့်လည်း
အမြင့်မူးရောဂါ အမှန်တကယ် စတင်ခဲ့တဲ့နေရာဟာ ဧဝရတ်တောင် မဟုတ်ဘဲ ကျွန်တော့်ရဲ့ တကယ့်ဘဝတည်ရှိရာ
ဆိုးလ်မြို့ပဲ ဖြစ်ပါလိမ့်မယ်။”
(ဆက်လက် ဖော်ပြသွားပါမည်။)
1 comment:
စိတ်ဝင်စားစရာကောင်းလိုက်တာနော်...
အဆက်ကို စောင့်နေတယ်ရှင့်....:)
Post a Comment