Wednesday, September 26, 2007

ခြင်္သေ့

အခြေနေတွေကြားမှာ စိတ်အာရုံမရတာနဲ့ အချိန်မရတာနဲ့ စာအသစ်မရေးဖြစ်ပါဘူး။ ဆရာအောင်ဝေးရဲ့ ကဗျာတစ်ပုဒ်ကို ကြိုက်လွန်းလို့ ကူးယူဖော်ပြလိုက်ပါတယ်။ ကော်ပီရိုက် ချိုးဖောက်သလို ဖြစ်ရင် သက်ဆိုင်သူ ပိုင်ဆိုင်သူကို အနူးအညွတ် တောင်းပန်ပါတယ်။ ခွင့်လွှတ်နိုင်မယ်လို့ ယူဆပါတယ်။


ခြင်္သေ့

တောသုံးတောင်သို့အ၀င်မှာ
ခြင်္သေ့ဟာ
သမင်မမျက်လုံးကို
ပခုံးပေါ်ပစ်တင်လိုက်တယ်။

ဒီကောင်လွမ်းခဲ့ပါတယ်
ညီမလေးရယ်။

ငါ့နှလုံးသားမှာ
ပန်းများဝေဖူး
ဒီနွေဦးဟာ
မင်းခူးယူဖို့ပါ။

ကန္တာရမဆန်ပါဘူး
ငါ ဒဏ်ရာရခဲ့တာပါ။

ညညတွေမှာ
မျက်ရည်နဲ့ငါ့ကိုသိပ်လေ
မြေ၀သုန်ရေ…
လင်းယုန်ငှက်တွေ
ငါဂုဏ်ပြုပါရဲ့။

ကောင်းကင်အိပ်ယာမှာ
ငါမအိပ်ချင်ပါဘူး။

လရောင်တွေကို
ငါမမေ့ချင်ပါဘူး။

ကမ္ဘာပေါ်မှာ
မြစ်တွေရဲ့ခေါ်သံ
ငါကြားနေရဦးမယ်။

ကွဲကြေတဲ့အပြုံးများသာ
နောက်ဆုံးကဗျာတစ်ပုဒ်
ချစ်သူဖတ်ဖို့ဟုတ်ပေလိမ့်မယ်။

ရာဇ၀င်အုတ်ဂူမှာ
မြှုပ်ကူသူမရှိ
လွမ်းသူ့ပန်းခွေချမယ့်လူမရှိ
ညီမလေးရယ်…
မရှိခြင်းတွေပဲ
ဒီကောင့်ဘ၀လေ။

ဗျာပါဒနှင်းဆီရေ
နေရစ်ပေတော့။

ပြီးပါပြီ -
ဆည်းဆာရီမှောင်
အနောက်တောင်မှာ
ဒီကောင်
ခြင်္သေ့ယောင်ဆောင်တဲ့တိမ်တွေ
တညနေလုံးထိုင်ကြည့်ခဲ့တယ်

အောင်ဝေး
ဟန်သစ်မဂ္ဂဇင်း ဇွန်လ ၁၉၉၄

Expand..

Friday, September 21, 2007

လူအများအပြားကို အီးမေးလ် ပို့ခြင်းနှင့် ပတ်သက်၍

လူအများအပြားကို အီးမေးလ် ပို့ခြင်းနှင့် ပတ်သက်၍

တနေ့တနေ့ အီးမေးလ်ဖွင့်လိုက်တိုင်း သတိထားမိတာလေး တစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ mass emailing လို့ခေါ်တဲ့ လူအများအပြားကို အုပ်စုလိုက် ပို့တဲ့ အီးမေးလ်တွေ အကြောင်းပါပဲ။

လူဆိုတာ ကိုယ်သိတာလေး သဘောကျတာလေးတွေကို ရခဲ့ရင် သူငယ်ချင်း အပေါင်းအသင်းကို ဝေမျှချင်ကြပါတယ်။ သဘောကျတဲ့ ကာတွန်း ဓာတ်ပုံ စာ စသည်ဖြင့် ရတဲ့အခါ နီးစပ်ရာကို ပို့ချင်တတ်ကြပါတယ်။ တချို့ ဝေမျှတဲ့ အီးမေးလ်တွေကတော့ ရွှေပေလွှာလို့ခေါ်တဲ့ ဆက်ပို့ရင် ဘာဖြစ်ညာဖြစ် မပို့ရင် ဘာဖြစ်ညာဖြစ် အမျိုးအစားတွေ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ဖတ်လို့ကောင်းတဲ့ အတွေးအမြင်စာတန်းလေးတွေ ရုပ်ပုံလှလှလေးတွေနဲ့ အတူ ပါလာတတ်ပါတယ်။ (ပန်ဒိုရာကတော့ fwd ဆိုတဲ့ subject နဲ့ အစချီတဲ့ အီးမေးလ်တွေထဲမှာ အဲဒီလို ရွှေပေလွှာ တွေပါလာရင် ဆက်မဖတ်ပဲ ချက်ချင်း ဖျက်ပစ်တတ်တဲ့ အကျင့်ဆိုးကလေး ရှိပါတယ်။) တချို့ ဝေမျှတဲ့အီးမေးလ်တွေကတော့ တကယ်ကို သိသင့်သိထိုက် အရေးကြီးတဲ့ သတင်းအချက်အလက်များ ဖြစ်ကြပါတယ်။

အားလုံးသိတဲ့အတိုင်း အီးမေးလ်တိုင်းမှာ to လို့ ကိုပို့ချင်သူကို ဦးတည်ထားပြီး ပို့တာရယ် cc ဆိုပြီးကိုယ့်ကို ဘေးက ကော်ပီပို့တာရယ် bcc ဆိုတဲ့ ကိုယ့်အီးမေးလ် လိပ်စာကို မမြင်ရတဲ့ ကော်ပီ ပို့တာရယ်လို့ သုံးမျိုး ပို့လို့ရပါတယ်။ အီးမေးလ် တစ်ခုကို မပို့ခင်မှာ ဒီအီးမေးလ်ဟာ ဘာအမျိုးအစားလဲ ဘယ်သူ့ကိုပို့မှာလဲ ဘယ်လိုပို့မှာလဲ ဆိုတာ သေသေချာချာ မစဉ်းစားမိခဲ့ကြဘူး ဆိုရင်ဖြင့် မှတ်သားဖူးသော စည်းကလေးများကို အောက်ပါအတိုင်းဝေမျှလိုက်ပါတယ်။

အပို့ခံရသူရဲ့ အီးမေးလ်လိပ်စာ အချင်းချင်းမြင်ရတဲ့ နည်းလမ်းများ (to, cc) နဲ့ ပို့တဲ့အခါ အဲဒီလူများဟာ အချင်းချင်းသိတဲ့လူများဟုတ်မဟုတ် စဉ်းစားသင့်ပါတယ်။ မသိကြပါက -

- ကိုယ်မသိသူတွေ အချင်းချင်းလိပ်စာတွေမြင်နေရတာ တချို့လူများအတွက် စိတ်မသက်မသာ ဖြစ်စေပါတယ်။ တချို့က ကိုယ့်အီးမေးလ် လိပ်စာကို ကိုယ်ပေးချင်တဲ့လူကိုမှ ပေးချင်တာပါ။

- တဆင့်တဆင့်ပို့ကြရင်းနဲ့ တခါတခါ ပို့တဲ့လူက ကိုယ်မသိတဲ့လူ ဖြစ်နေရင် ကိုယ့်အီးမေးလ် ဘယ်ကရပါလိမ့်လို့ ထိတ်လန့်နိုင်ပါတယ်။

- အရေးကြီးသလို sensitive ဖြစ်သော အီးမေးလ်များ ပို့တဲ့အခါ ပေါက်ကြားနိုင်ပါတယ်။ တပြုံလုံးအီးမေးလ်တွေ အတွဲလိုက် လုံခြုံရေးအတွက် အန္တရာယ်ရှိပါတယ်။

လုပ်ငန်းခွင်တွေမှာတော့ l လူအများကို အီးမေးလ် (
mass email) ပို့တဲ့အခါ privacy, security နဲ့ ethic အတွက် ဒီလိုလုပ်လေ့ရှိပါတယ်။

၁) ကိုယ့်အီးမေးလ် လိပ်စာကို ပဲ to မှာ ပို့ပါတယ်။
၂) ကိုယ်ပို့ချင်သူများကို bcc မှာထည့်ပါတယ်
၃) ဒီလိပ်စာကို ဘယ်လိုရကြောင်းပြောပါတယ်။ (များသောအားဖြင့် အီးမေးလ်ရဲ့ အောက်ခြေမှာ စာကြောင်းတစ်ကြောင်းထည့်ပါတယ်။)
၎) ဒီလိုအီးမေးလ်မျိုး နောက်နောက် လက်ခံမရချင်ရင် ကျေးဇူးပြုပြီး ပြန်ပြောပါလို့ သူ့အတွက် ထွက်နိုင်ခွင့် opt out option ပေးပါတယ်။ (များသောအားဖြင့် အီးမေးလ်ရဲ့ အောက်ခြေမှာ စာကြောင်းတစ်ကြောင်းထည့်ပါတယ်။)

(လူတပြုံကြီး နာမည်ပါပြီးသား အီးမေးလ်ကို forward လုပ်ရရင်လည်း လိုအပ်ပါက ရှေ့ကလိပ်စာတွေကို ဖျက်ပစ်နိုင်ပါတယ်။ )

နမူနာလေး ပြရမယ်ဆို ဒီလိုပါ။ ရွှေပေလွှာပဲ ဆိုကြပါစို့။

-----------------
Fwd: fw: fwd: Fwd: Forwarding : ဖတ်ဖြစ်အောင်ဖတ်စေချင်။ အရေးကြီး။ အရင်လို။ တကယ်ပါ။ ဘုရားစူး။ မိုးကြိုးပွတ်။
From: pandorablurblurblur@yahoo.com
To: pandorablurblurblur@yahoo.com
Cc:
Bcc: (မှတ်ချက်။ ဒီထဲက အီးမေးလ် လိပ်စာတွေ မမြင်ရပါ။)

---------- Forwarded message ----------

---------- Forwarded message ----------

---------- Forwarded message ----------

---------- Forwarded message ----------

အထူးဂါထာတော်။ “ဘာညာသာရကာနေကြာကွာစိ။ ဂနာဟိ။”

ဤဂါထာကြီး ကို ၇ ရက်သားသမီး ၇ယောက်ကို ၇ မိနစ်အတွင်း ဆက်မပို့က ကွန်ပြူတာကို ဗိုင်းရပ်စ်ဝင်ြခင်း၊ ရုံးမှာ ချက်တင်(chatting) လုပ်နေတုန်း စူပါဗိုက်ဆာနှင့် ပက်ပင်းတိုးခြင်း၊ ရေအိမ်ထဲတွင် တစ်ရှုးပေပါ ကုန်နေခြင်း စသော ဘေးဆိုးများ ကြုံလတ္တံ့ ။ ဆက်လက်ဝေမျှပါက ဂေါ်မစွံလူပျိုကြီးများ ချက်(chat) ထဲတွင် အီစီကလီ တွေ့လတ္တံ့၊ အင်တာနက်ဝင်နေစဉ် သင်ကံထူးရှင်ဖြစ်ကြောင်း ပေါ့ပ်အပ်များ ပေါ်လာလတ္တံ့။

(သင့်အီးမေးလ် လိပ်စာကို သင်၏ secret admirer မှတဆင့် ရခဲ့ပါသည်။ နောက်နောင်ဒီလို အီးမေးလ်မျိုး လက်ခံမရရှိချင်ပါက “တော်တော့နော်၊ ပို့နဲ့တော့” ဟု subject တွင်ရေးပြီး ယခုပို့သူထံ ပြန်ပို့ပေးပါ။)

Note: forwarded message attached.
Yahoo! Answers - Check it out.
------------------


မိမိဝေမျှချင်တဲ့ သတင်းအချက်အလက် အမျိုးအစားရဲ့ sensitive ဖြစ်တာမဖြစ်တာ security လိုအပ်တာမလိုအပ်တာမှာ မူတည်ပြီး စဉ်းစားနိုင်ကြစေရန် ဖြစ်ပါတယ်။

Expand..

Wednesday, September 19, 2007

သိုက်မြုံကိုခွာရတဲ့ သိင်္ဂါရငှက်တို့အကြောင်း

သိုက်မြုံကိုခွာရတဲ့ သိင်္ဂါရငှက်တို့အကြောင်း

ယဉ်ကျေးသိမ်မွေ့တဲ့ အသည်းနှလုံးတွေဟာ
ကြင်နာတတ်တဲ့ ရင်ခွင်မှာသာ တည်သင့်တယ်
ကံကြမ္မာက ဗိုလ်ကျချင်သူတစ်စုကို
အနှစ်လေးဆယ်ကျော် ဖေးမနေခဲ့တယ်
အဲဒီကစ အလွဲကြီးလွဲခဲ့တယ်..
တကယ်တော့ ကဗျာရေးဖို့ မွေးဖွားလာခဲ့
တေးချင်းတွေသာ သီကျုးချင်ခဲ့
ခေါင်းလောင်းသံတွေလှတဲ့ မြကျွန်းမှာသာပျော်မွေ့ချင်ခဲ့
နူးညံ့သူမို့ ကဗျာကိုမြင်တယ်
ကဗျာကိုမြင်သူမို့ ရိုးသားမှုကိုမြင်တယ်
ရိုးသားမှုကိုမြင်သူမို့ အမှန်တရားကိုမြင်တယ်
ခေါင်းလောင်းသံတွေ အက်ကွဲလို့
အနှစ်မဲ့လာတဲ့ ဒီတောအုပ်ထဲ
ဆူးပင်တွေ တောထ မင်းမူ နေတာ မြင်မိတော့
ကဗျာတေးသီသံ မချိုနိုင်တော့ဘူး
သားသတ်သမားရှေ့ လည်စင်းပေးတဲ့အထိလည်း
မယဉ်ကျေးနိုင်တော့ဘူး
ချွေးစက်တောက်တောက်နဲ့
မျက်ရည်ပေါက်ကြီးငယ်တွေ
လှိုင်းတံပိုးထလို့ အုံကြွ
ရဲရဲပွက် အိုင်ထွန်းသွားရတဲ့အခါ
နူးညံ့တဲ့အရေခွံကိုခွာချဖို့
ခေတ်က တောင်းဆိုလာတယ်
အကြေးခွံမာတစ်ခုကို တင်းတင်းပတ်လိုက်တော့
အခုအချိန်အထိ အမေနဲ့ မတွေ့ရတော့ဘူး
ညီမလေးနဲ့ မတွေ့ရတော့ဘူး
သူငယ်ချင်းတွေနဲ့ မတွေ့ရတော့ဘူး
ချစ်သူနဲ့ မ တွေ့ ရ တော့ ဘူး
မ - တွေ့ - ရ - တော့ - ဘူး
...... ပြီးရင် ပြန်လာခဲ့နော် ..တဲ့
ထုံးဖြူဖြူစေတီတွေက
ဆည်းလည်းသံတချွင်ချွင်ရယ်
သနပ်ခါးနံ့သင်းသင်းရယ်
သူချစ်တဲ့ ၀ါထိန်ထိန်ပိတောက်တွေရယ်
ပိုင်ရှင်မဲ့ဂစ်တာအိုတစ်လက်ရယ်
နူးညံ့တဲ့ ကလောင်တစ်ချောင်းရယ်
စောင့် နေ တုန်း ကွယ်..။

ပန်ဒိုရာ

(သူတို့တွေအတွက် ခံစားရေးဖွဲ့မိပါသည်။)

Expand..

Tuesday, September 18, 2007

အခြေခံယုတ္တိဗေဒအလွဲ

အခြေခံယုတ္တိဗေဒ အလွဲ

အဆို = မောင်ဖြူ၏ လုပ်ရပ်သည် မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ ထို့ကြောင့် မောင်ဖြူ၏ လုပ်ရပ်သည် သင့်တော်၏။
လေ့လာသူ = ဟင်.. ဘာမှလည်းမဆိုင်ဘူး။

အဆို = မောင်ဖြူ၏ လုပ်ရပ်သည် မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ ထို့ကြောင့် သင့်တော်သောလုပ်ရပ် ဟူသည် လောက၌မရှိ။
လေ့လာသူ = ဘုရား ဘုရား။

အဆို = မောင်ဖြူ၏ လုပ်ရပ်သည်မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ လူတိုင်း မသင့်တော်တာ လုပ်ကြစို့။
လေ့လာသူ = ကယ်တော်မူကြပါ။

Expand..

Sunday, September 16, 2007

နှင်းရည်စက်လက်နဲ့ပုရစ်ဖူးလေး

နှင်းရည်စက်လက်နဲ့ပုရစ်ဖူးလေး

ဒီပို့စ် ဟာ ပို့စ် ၁၀၀ မြောက် ဖြစ်ပါတယ်။ ပို့စ် ၁၀၀ မြောက်မှာ ဘာရေးမလဲ စဉ်းစားလိုက်တော့ ကိုယ့်အကြောင်းပဲ ကိုယ်ရေးချင်နေပါလား။ တကယ်တော့ လူတွေဟာ ကိုယ့်အကြောင်းပဲ ကိုယ်စဉ်းစား၊ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်ချင်ကြသူတွေချည်းပဲလို့ ထင်မိတယ်။ တစ်ခုပဲ။ ကိုယ့်အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ချင်တယ်။ အေးအေးချမ်းချမ်း လုပ်ချင်တယ်။ ပွင့်ပွင့်လင်းလင်း လုပ်ချင်တယ်။ အဲဒါလေးပါ။ တချို့လူတွေအတွက်ကျတော့ အဲဒါလေး ဆိုတာကလည်း.. အဲဒါလေး ဆိုတာကိုတောင် .. အင်း….။

အခု စက်တင်ဘာလ တဲ့။ မြန်မာပြည်မှာဆို မိုးအကုန် ဆောင်းအကူးကို မကြာခင် ရောက်လုပေါ့။ ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ နှင်းငွေ့တထောင့် မိုးတမှောင့် ကို သတိရလာတယ်။ နေမင်းကြီးကိုတောင် ရောင်ဝါမထွန်း ချမ်းရှာလွန်း၍ ဆိုတဲ့ မဲဇာတောင်ခြေရတုက အဖွဲ့ကလေးတွေကို သတိရလာတယ်။ မြောက်လေအပြန် ဟေမာန်ဆောင်းရာသီ တဲ့။ အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ရာသီ တဲ့။ ဆောင်းအမီ သီချင်းကို သတိရလာတယ်။ သတိရစရာတွေကတော့ အများကြီးပဲ။ ရင်ထဲကို ဆောင်းရာသီ ရောက်လာတယ်။ ဆောင်းနဲ့ပတ်သက်လို့ ဒီကဗျာတိုလေး တစ်ပုဒ်တော့ ရေးခဲ့ဖူးတယ်။

“Winter”
Yes, it comes and goes.
But .....
.......
.......
it snows.

ဆောင်း.. မြန်မာပြည်ကဆောင်း.. ရာသီသုံးမျိုးရှိတဲ့ ချစ်စရာ့ အမိမြေမှာ ကိုယ်ကြုံဖူးတဲ့ ဆောင်းဟာလေ snow လို့ခေါ်တဲ့နှင်းပွင့်တွေ အဖတ်အဖတ်ကျ ခြေဖျားလက်ဖျားတွေ အေးခိုက်ကျင်ခဲနေအောင် ဆောင်းပီတဲ့ ဆောင်းရင့်ရင့်တော့ မဟုတ်ဘူးကွယ်။ မနက်လင်းရင် မြူတွေဝေ့လို့ နှင်းစက်လေးတွေက မြက်ပင်အဖျားမှာ သီးလို့ ရောင်စုံပန်းကလေးတွေ လန်းလို့ မြမြကလေး ချမ်းတဲ့ဆောင်း။ ဆောင်းဖြစ်ရုံလေး ဆောင်းတဲ့ ဆောင်း။ ကဗျာဆန်တဲ့ ဆောင်း ပေါ့..။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလတစ်ခုကတော့ ချမ်းချမ်းစီးစီး ဒီဇင်ဘာလရဲ့ နံနက်ခင်းတစ်ခုမှာ အားကစားစွပ်ကျယ်လက်ပြတ်လေး ၀တ်ထားတဲ့ ကလေးမလေး တစ်ယောက်ဟာ ထိုင်ခုံရှည်တစ်ခုပေါ်မှာ ခိုက်ခိုက်တုန်နေတယ်။ … သမီးက လူကောင်လေးသေးတယ်။ အရန်ထဲမှာပဲ ပါနော် … တဲ့။ အတန်းဖော်တွေနဲ့ ယှဉ်ရပ်ရင် သူတို့နားရွက်ကျော်ကျော် လောက်ပဲ ရှိပြီး သေးကွေးပါးလျတဲ့ သူ့ခန္ဓာကိုယ်လေးကို အားမရစွာကြည့်ရင်း စိတ်စောနေရှာတယ်။ အနွေးထည်ဝတ်ထားရင် သူ့ကိုခံနိုင်ရည်မရှိ အားနည်းတယ် ထင်ကြမှာစိုးလို့တဲ့။ အကျီလက်ပြတ်ကလေးနဲ့ အားတင်းနေပြီး အုပ်ချုပ်သူဆရာကိုသာ မျက်လုံးချင်းဆိုင်အောင် လိုက်ကြည့်နေတော့တာပဲ။ ဟော.. လူစားလဲမယ်တဲ့။ ခေါင်းကိုမော့ထားမိတယ်။ သူ မပါရပြန်ဘူး။ အဲဒီလို ဆောင်းနံနက်ခင်းမှာ လက်ဖ၀ါးတွေ ရဲနေအောင် တီးလိုက်ရတဲ့ လက်ခုပ်သံတွေရယ်.. အသံတွေပြာဝင်သွားအောင် အော်ဟစ်ခဲ့ရတဲ့ ဟစ်ကြွေးသံတွေရယ်.. ကိုယ်တိုင် တစ်စက်မှ လှုပ်ရှားခွင့်မရလိုက်ပဲ အောင်ပွဲခံသွားတဲ့ အားကစားအသင်း တစ်ခုရယ်.. ။

ရာသီစက်ဝိုင်းကတော့ တစ်ပတ်ပြီး တစ်ပတ် လည်နေတာပဲလေ။ ဆောင်းရယ် နှင်းရယ် အေးမြတာ သန့်စင်တာချင်းရယ် သူရယ် အတူတူပါပဲကွယ် ဆိုတဲ့ နှင်း။ နှင်းကလေးတွေမှ ဟုတ်ရဲ့လားလို့ သံသယတောအလယ် မောရတဲ့ နှင်း။ အဲဒီ နှင်းတွေကတော့ တက္ကသိုလ်မှာ တကယ့်ကို ဝေခဲ့ဖူးတယ်နော်။ နေရောင်လာတော့ နှစ်သိမ့်ရုံလေး ဝေနေတဲ့ နှင်းတွေ ကသုတ်ကယက် နှုတ်ဆက်ပြေးခဲ့။ ဆောင်းတွင်းအိပ်မက်တွေရယ် မနိုးချင်လည်း နိုးခဲ့ရတယ်။ မလင်းစေချင်လည်း နေ့ရောက်ပြီမို့ နေရောင်လင်းလင်းအောက် ဆက်လျှောက်… တဲ့….။

အခု ကိုယ်ရောက်နေတဲ့ နေရာလေးတစ်ခုမှာဖြင့် ဆောင်းလည်း မရှိပါလားကွယ်။ ညစ်ညမ်းမီးခိုး မဟုတ်တဲ့ မြူသန့်သန့်တွေ ဘယ်မှာလဲ။ မြောက်ပြန်လေရှရှ ဘယ်မှာလဲ။ သစ်ရွက်ဖျားမှာ ခိုတွဲနေတဲ့ နှင်းရည်စက်တွေ ဘယ်မှာလဲ… ဟင်။ လှပတဲ့ တိုက်တာတွေ ခန်းနားတဲ့ အဆောင်အယောင်တွေ ပြည့်နှက်နေတဲ့ ဒီနေရာမှာ တနှစ်ပတ်လုံး တသမတ်ထဲ ရာသီဥတု ဖြစ်လို့ ဆောင်းစိမ့်စိမ့်ကလေးကို ရှာဖွေမတွေ့ဖြစ်ခဲ့တယ်။

ဒီတော့လည်း စိတ်ကူးထဲက ကဗျာမပီ စာမပီတွေရယ် နှင်းတွေလို သိပ်သိပ်ဖွဲဖွဲ သွန်းချမိပြန်တယ်။ နှင်းနှင်းချင်းမို့ နှင်းတွေကို ထွင်းဖောက်မြင်လေရော့သလား။(ကို) နှင်းခါးမိုး ကတော့ ဒီနေရာမှာ ဒီလိုမှတ်ချက်ချခဲ့တယ်။

“ရေးသူက ပြောမလို ပြောမလိုလုပ်ပြီးမှ ဘာကို ၀ှက်ဝှက်သွားတာလဲ။ ဘာ့ကြောင့်လဲ။

တခါတခါကျတော့လည်း နှင်းတွေမှုန်ဝေနေတာ နေရောင်လင်းလင်းထက် မနက်ခင်းကို ပိုလှစေတယ်မဟုတ်လား။

နှင်းရည်စက်လက်နဲ့ ပုရစ်ဖူးကလေးတွေ ကဗျာရေးသူရဲ့ ရှင်သန်နေတဲ့မျှော်လင့်ချက်၊ မျှော်လင့်ချက်ရဲ့ ရှင်သန်ခြင်းထဲမှာ လူးလွန့်နိုးထလာမယ်လို့ ယုံမိတယ်။ ကြည်လင် လန်းဆန်းပါစေ။”


ဖျော့တော့တဲ့ ဆောင်းတစ်ခုကဖြင့် မနက်ခင်းကို အလှဆင်ဖို့ နှင်းမှုန်ဝေပေးမိတာလား။ ကြည်လင်လန်းဆန်းခွင့် မရသေးလို့လည်း ၀ှက်ထားမိတာလား။ ဒီကဗျာနဲ့ မှုန်ဝါးဝါး ဖွင့်ဆိုမိပြန်တယ်။

နှင်းရည်စက်လက်နဲ့ပုရစ်ဖူးလေး

ပွင့်လင်းခွင့်မရသေးဘူး
မျက်တောင်မှေးစင်းစင်းနဲ့
ချမ်းချမ်းမြမြ မနက်ခင်းရယ်
မြောက်ပြန်လေအဝှေ့ ယိမ်းကနေတဲ့
ဆောင်းငွေ့တွေကရီရီဝေေ၀
မရဲတရဲအလှနဲ့ ၀ိုးတ၀ါးပြုံးနေရှာတယ်
တိမ်တိုက်တွေကသနားလို့ထင့်
နေလုံးကြီးကိုအားတင်းဝှက်ကာပေးတယ်
အခြေအနေတွေရယ်
အချိန်အခါတွေရယ်
သက်ပြင်းထဲတောင် မြူတွေဆိုင်းလို့
အမြင်အာရုံမရှင်းမလင်းကြား
ပြာပြာအက်အက် ခိုက်ခိုက်တုန်နေ
အဲဒါ သက်သက်ကလေး ခါးနေတဲ့ ဆောင်းဦး ပေါ့
ပွင့်လိုက်တော့ ပွင့်လိုက်တော့..တဲ့
ပန်းပွင့်ရောင်စုံတွေက ခေါင်းထောင်လို့
နှင်းပွင့်လေးတွေ ကတော့ ဖူးဖူးငုံနေဆဲ။


ပန်ဒိုရာ


(အဉ္ဖလီ က ဆောင်းရာသီ အကြောင်းရေးပါလို့ တက်ဂ်ထားခဲ့တယ်။ အဲဒါကို ရေးတယ်လို့ပဲ သဘောထားချင်လည်း ထားလိုက်တော့နော်။)

Expand..

Thursday, September 13, 2007

ဘေးလူ - ၃

ဘေးလူ - ၃

လေပြင်းမုန်တိုင်းတွေတိုက်လို့
အားလုံးလဲပြိုယိမ်းထိုး
ဆူဆူညံညံပြေးကြလွှားကြ
ချောင်မှာတိတ်တိတ်လေးကုပ်နေတဲ့
ပုလွေဆရာရယ်လေ
ပြန့်ကျဲနေတဲ့ ၀ါးလုံးတွေကိုကြည့်လိုက်
သက်ပြင်းချလိုက်နဲ့
နူးညံ့တဲ့ဆံခွေတွေရယ်
ပျော့ပြောင်းတဲ့လက်ချောင်းတွေရယ်ကလွဲလို့
ဘာမှ မပိုင်ဆိုင်သူပါ
မီးရောင်အောက်မှာ မဖျော်ဖြေတတ်
ကျယ်ကျယ်လောင်လောင် တေးသီရမှာရှက်သူပါ
နောက်တော့ သူခဏပျောက်သွားတယ်
ပီတိတွေတထမ်းကြီးနဲ့ ပြန်လာတယ်
“အရေးကြီးချိန်ဘယ်ရောက်သွားလဲ”
အားလုံးဝိုင်းအပြစ်တင်ကြ
အဲဒီမှာ
ဝါးလုံးလေးတွေ စီစီရီရီ
ကြိုးလေးခိုင်ခိုင်စည်းထားတဲ့
အဆန်းတကြယ်တူရိယာကိုကမ်းပေးလိုက်တယ်
ဆင်ဖိုနီတေးသွားတွေ ညီညီညာညာ
အလိုအလျောက်ထွက်ကျလာ
အားလုံးအံ့သြငေးမောကြခိုက်
သူဟာ တိတ်တိတ်လေးပြုံးလို့ လှည့်ထွက်သွားပြန်တယ်။



ပန်ဒိုရာ



ဘေးလူ - ၁ နဲ့ - ၂ က ဒီမှာ နဲ့ ဒီမှာ ပါ။


Expand..

Wednesday, September 12, 2007

ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။



ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။

လုံးဝ
လေတယ်
စိတ်တိုင်းကိုမကျ
လောကပါလခံတွင်းချဉ်လွန်း
သူတို့အားလုံး သိမ်းကျုံးလို့အမှုန့်ခြေမွ
ငါ့ ဒေါသတွေနဲ့ ခပ်တင်းတင်း တစ်ပတ်ပတ်လို့
ရင်ဘတ်ထဲထိ ခပ်ပြင်းပြင်း တအား ရှိုက်ဖွာပစ်လိုက်ချင်
ပရိုမီးသီးယပ်စ်* ရေ...... မီးလေးတစ်တို့လောက်ပေးပါကွယ်။

ပန်ဒိုရာ

*Prometheus

Expand..

Tuesday, September 11, 2007

ထင်တာတွေ...

ထင်တာတွေ လျှောက်မပြောနဲ့
ထင်တာတွေ ပြောထွက်ရမယ်
ထင်တာတွေ ပြောရင် ထိန်းချုပ်ပါ
ထင်တာတွေ ပြောရင် မထိန်းချုပ်နဲ့
ထင်တာတွေ ပြောဖို့ ၀န်လေးတယ်
ထင်တာတွေ ပြောဖို့ ၀န်မလေးဘူး
ထင်တာတွေ ပြောနိုင်တာ တူညီမှု
ထင်တာတွေ ပြောနိုင်တာ ကွဲပြားမှု
ထင်တာတွေ ပြောဖို့ အများကိုညှိနှိုင်းပါ
ထင်တာတွေ ပြောဖို့ သီးသန့်ဆန်ပါ
ထင်တာတွေ ပြောတာ စည်းကမ်းမဲ့မှု
ထင်တာတွေ ပြောတာ လွတ်လပ်မှု
ထင်တာတွေ ပြောတာ တာဝန်
ထင်တာတွေ ပြောတာ အခွင့်အရေး
ထင်တာတွေ...

ပန်ဒိုရာ

Expand..

Monday, September 10, 2007

အစွန်းများ



အစွန်းများ

မောင်ဖြူသည် တောင်အရပ်တွင် နေ၏။
မောင်မဲသည် မြောက်အရပ်တွင် နေ၏။
မောင်နီသည် အလယ်အရပ်တွင် နေ၏။
မောင်နီသည် တောင်အရပ်တွင်နေသည်ဟု မောင်မဲကဆို၏။
မောင်နီသည် မြောက်အရပ်တွင်နေသည်ဟု မောင်ဖြူကဆို၏။
မောင်ဖြူသည် တောင်ဘက်ကျလွန်းသည်ဟု မောင်မဲကဆို၏။
မောင်မဲသည် မြောက်ဘက်ကျလွန်းသည်ဟု မောင်ဖြူကဆို၏။
မောင်နီသည် အလယ်တည့်တည့်ကျလွန်းသည်ဟု သူ့ကိုယ်သူဆို၏။
ကျွန်ုပ်က ထိုအဆိုအားလုံးကို ထောက်ခံခဲ့၏။
ကျွန်ုပ်ကို ပြောင်းလွယ်ပြင်လွယ် ရှိလွန်းသည်ဟု သူတို့ကဆိုကြ၏။

ပန်ဒိုရာ

Expand..

Sunday, September 9, 2007

တက်စလာ မှတ်တိုင်တစ်ခုကို ခလုတ်တိုက်ခြင်း

ဟေ့ မောင်တက် … ဒီမှာ မအားတဲ့ကြားထဲက မင်းကြိုက်တတ်တဲ့ ကဗျာလေးတစ်ပုဒ်နဲ့ မွေးနေ့လက်ဆောင်ပေးမယ်ကွာ။


တက်စလာ မှတ်တိုင်တစ်ခုကို ခလုတ်တိုက်ခြင်း

ရထားဆိုလား ခရီးဆိုလား တိုက်ပွဲဆိုလား
နှိုင်းချင်တာနှိုင်း
နေမင်းကြီးကအရှေ့ကထွက်ပြီး အနောက်က၀င်တယ်
မြစ်တွေက မြင့်ရာကနေ နိမ့်ရာကိုစီးတယ်
လူတွေက အရှေ့ အနောက် အမြင့် အနိမ့် ဆိုတာတွေ လိုက်သတ်မှတ်တယ်
နေကလည်း ၀င်လိုက် ထွက်လိုက်
မြစ်တွေလည်း စီးလိုက် ဆင်းလိုက်
မိုးကုတ်စက်ဝိုင်းဆိုတာဆီ ရောက်အောင်လျှောက်မယ်
ရောက်ခဲ့ရင် ၁၈၀ ဒီဂရီ စောင်းအောင် ဆွဲလှည့်ဖို့ကြုံးဝါးတယ်
မှတ်တိုင်တွေ လမ်းမှာ စိုက် စိုက် စိုက်
(အဲဒီခဏ)
ကောင်မလေးတစ်ယောက် ကဗျာထဲ ထည့်ထည့်ရေးတဲ့
ကြောက်စရာ ချစ်စရာ ဂဏန်းတစ်လုံးနဲ့ ရင်ဆိုင်တွေ့တော့
ဝုန်း ….


ပန်ဒိုရာ

Expand..