Thursday, May 31, 2007

ကျွန်တော်မပိုင်တဲ့ အဲဒီအင်္ကျီ

(ကိုယ်ရေးချင်တဲ့ ပုံစံလေးတွေလည်း နည်းနည်း ရေးပါရစေနော်.. မေတ္တာတော့ မပို့ကြပါနဲ့..လို့.. ဟဲဟဲ.. )



ကျွန်တော်မပိုင်တဲ့ အဲဒီအင်္ကျီ

အင်္ကျီ တစ်ထည်တည်းပါပဲ
ကျွန်တော် သာယာနာပျော်စွာ ၀တ်ဆင်တယ်
ချုပ်ရိုးတွေပြတ်မတတ် လွမ်းလွမ်းဆွေးဆွေး ၀တ်ဆင်တယ်
ဂိုဂိုး ၀တ်ခဲ့တဲ့ ကုတ်အင်္ကျီဆန်ဆန်ပေါ့
အဲဒီ အင်္ကျီနဲ့ပဲ ဆောင်းတွင်းအခါ ၀ံပုလွေတွန်သံစူးရှရှ
နှင်းခါးခါးတွေ ရန်က ကာကွယ်တယ်..
ပေါင်မုန့်တွေ သိုးတော့လည်း
လူယဉ်ကျေးတွေရဲ့ အငမ်းမရ ညစာစားပွဲမှာ အဲဒါ ကန့်လန့်ကာပေါ့
လက်ယာဘက်မှာလား လက်ဝဲဘက်မှာလား မမှတ်မိတော့
ကျွန်တော့်အကျီင်္မှာ အိပ်ကပ်တစ်ခုတည်း
အဲဒီ အိပ်ကပ်ထဲ ကမ္ဘာကြီးတစ်ခုလုံးကို အချုပ်ချထားချင်သူလေ
လျှော်ဖွပ်လိုက် မီးပူတိုက်လိုက်နဲ့
ခေါက်ရိုးချိုးတဲ့အခါ ချိုးရတယ်
အရောင်တွေ အဆင်တွေ ခဏခဏပြောင်းတော့
ကိုယ်ပိုင်ဆိုတာ ကိုယ့်ကိုပိုင်တဲ့အရာဖြစ်သွားရော
အမယ်. ကျွန်တော်က ကော်လံတွေဘာတွေထောင်
ဟော့ရှော့ဆိုတာ တွေဘာတွေ ထထ လုပ်လိုက်သေး
ပြောရရင် အဲဒီအကျီင်္က စကားလုံးတွေနဲ့ပဲဖွဲ့စည်းတာဖြစ်နိုင်တယ်
စကားလုံးတွေက ခက်တော့
စကားခက်တွေ လုံးသွားတယ်
ကဲ.. မခက်ပေဘူးလား
တစ်ခုပဲရှိတယ်
ကျွန်တော့်အင်္ကျီက ကျွန်တော့်ကိုယဉ်ပါးလာ
သူကများ ပြန်ကောက်ချက်ချ
ကျွန်တော်က သိမ်သိမ်မွေ့မွေ့နဲ့ မရိုးသားသူဆိုပဲ။

ပန်ဒိုရာ

Expand..

Wednesday, May 30, 2007

ဘေးလူ -၂ - (သို့မဟုတ်) ပြတိုက်ထဲကပန်းချီကား

(ဘေးလူ ၁ ရေးပြီး နှစ် တော်တော်ကြာမှ ဒီကဗျာတစ်ပုဒ် ထပ်ရလာတယ်။ )

ဘေးလူ -၂ - (သို့မဟုတ်) ပြတိုက်ထဲကပန်းချီကား







ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတစ်ခုကို
ဆုံးရှုံးလိုက်ရတဲ့အခါ.......

တကယ်တော့မင်းဟာ ကိုယ့်အတွက်
ပြတိုက်ထဲက ဂန္ထ၀င်ကျော်ကြား
စိတ္တဇ ပန်းချီကားတစ်ချပ်ပါကွယ်
မင်းရှေ့မှာခြေစုံရပ်
လေးလေးစားစား ဦးညွတ်မိတဲ့ကိုယ်ပါ
မင်းကိုနားလည်ဖို့ စိတ်ဝင်တစား အဖြေရှာရင်း
ချာချာလည်ခဲ့ရတဲ့နေ့တွေလည်းများလှပြီပေါ့..

ဒါပေမယ့်လေ
ကိုယ်ဟာမင်းကိုပိုင်ဆိုင်ဖို့ဆိုတာဝေးစွ
မင်းဆီကကျလာမယ့် ဖုန်မှုန့်တစ်မှုန့်ကိုတောင်
အမြတ်တနိုးကောက်သိမ်းဖို့အရေး
(၀င်ကြေးမပေးနိုင်တဲ့နေ့တွေများဆို)
တံတိုင်းကာထားတဲ့စည်းအပြင်က
ငေးယုံသာငေးခွင့်ရခဲ့တဲ့ဘ၀ပါ
တခါတခါ ကံအခွင့်ပေးလို့လူလစ်ခိုက်မှာ
မင်းမျက်နှာကိုအသာထိတို့ကြည့်ခွင့်ရတာမျိုးများရှိခဲ့ရုံနဲ့
နှစ်သိမ့်ကျေနပ်ခဲ့ရတဲ့သူပါ..

ဒါပေမယ့်
ဒါပေမယ့်ပေါ့ကွယ်..
တန်ဖိုးကြီးတဲ့မင်းနဲ့ မတန်တရာ
ကိုယ့်ရဲ့ဂေဟာနုံချာချာထဲ
မင်းယောင်မှားဝင်လာတောင်မှ
ချိတ်ထားဖို့ကိုယ့်မှာနေရာလွတ်မရှိတော့ပါ
တော်မ၀င် မကျော်ကြားပေမယ့်
ကိုယ့်ရဲ့အသက်လိုတန်ဖိုးထား
ကိုယ်ပိုင်လက်ရှိပန်းချီကားနေရာမှာလည်း
ဘယ်လိုမှပြောင်းလဲ မချိတ်ဆွဲနိုင်တာ...

အဲဒီလို..
(ပိုင်ဆိုင်ချင်မှုဆိုတာတွေနဲ့ ကင်းလွတ်တဲ့)
သီးသန့်ရင်ခုန်သံတွေကြား
ညင်ညင်သာသာလေးခံစားနေမိခိုက်
မင်းကိုသော့ခတ်အပိုင်သိမ်းထားမယ့်သူပေါ်လာ
အဝေးကတောင်မြင်ခွင့်မရတော့မှာ..တဲ့..

မထိုက်တန်တဲ့ပိုင်ရှင်ဖြစ်မှာပူမိတာ
ကိုယ့်နဲ့ဘာဆိုင်လို့လဲ...
ပြတိုက်ထဲမှာပဲမင်းကိုရှိနေစေချင်တာ
ကိုယ့်ရဲ့အတ္တလား...
အနုပညာမြောက်ပန်းချီကားဆိုတာ..
ကမ္ဘာပေါ်မှာ ဒီတစ်ကားထဲရှိတာမို့လား..

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွယ်..
.....
ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတစ်ခုဖြစ်ပေမယ့်
ဆုံးရှုံးလိုက်ရတဲ့အခါ.......
...
...
...
အ ကြာ ကြီး ၀မ်း နည်း မိ ဦး မှာ..။ ။


ပန်ဒိုရာ (၁၉ ဒီဇင်ဘာ ၂၀၀၅။ ၂၂း၂၀ နာရီ)


Expand..

Tuesday, May 29, 2007

ပြေးကြသူများ

ပြေးကြသူများ

နှလုံးသားတွေထက်
ပန်းမန်နံ့သာမှုန်လိမ်းထားစရာမလိုဘူး
အို.. အချစ် လို့ခေါ်တဲ့အရာထက်တောင် ခိုင်ဦးမလား
လက်တွေ တွဲစရာမလိုပဲ
အမှန်ဆိုတာကို ရင်ဆိုင်ရဲရမယ်..
နားလည်လည်မလည်လည်
နောက်ဆုံးတော့
နားလည်မှုသီအိုရီပဲ ကျန်မယ်..
ဂျင်းဘောင်းဘီတွေဆိုတာ
သံတမန်ဆန်ဆန် ခေါက်ရိုးကျိုးစရာမှမလိုဘဲ
အောဒီပတ်စ် ကွန်းပလက်စ်* ကနေ
ဖောက်ထွက်လိုက်စမ်း
ကဲပါ.. လာ..
ဟိုး ...... ရှေ့မှာ လမ်းကရှည်သေး
ပညာသားအပြည့်နဲ့..
တို့တွေ လူကြီးဆန်ကြတာပေါ့နော်။

ပန်ဒိုရာ

*Freud's Odeipus Complex

Expand..

Monday, May 28, 2007

ဖြည့်စွက်ချက် ၀ိဘစ္ဆ မှ ဗီဘစ္ဆ သို့


တခါက ရေးခဲ့တဲ့ ၀ိဘစ္ဆ ဆိုတဲ့ ကဗျာ မှတ်မိကြမယ်ထင့်။

ကိုနတ္ထိ ကျေးဇူးနဲ့ ပါဠိစကား အမှန် စက်ဆုပ်ခြင်း ဆိုတာ ဗီဘစ္ဆ လို့လည်း စာလုံးပေါင်းမှန်း သိလိုက်ရပါတယ်။ အောက်က စကားလေးကို ရည်ညွန်းကြပါ။ ပါဠိအလင်္ကာကျမ်းထဲက ရသတွေကိုပြတဲ့ ဂါထာပါ။

သိင်္ဂါရ ဟဿ ကရုဏာ ရုဒ္ဓ ၀ီရ ဘယာနကာ ဗီဘစ္ဆ ဗ္ဘုတ သန္တာ စ ရသဌာယီန နုက္ကမာ။

ကိုနတ်ကို ကျေးဇူးတင်ပါတယ် လို့ ထပ်မံပြောပါရစေ။

မှတ်ချက်ချပေးတဲ့ ဆရာမမေငြိမ်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။


Expand..

ကောင်းကင်ပျိုအလှ




ဒီဓာတ်ပုံက တင်ပြီးသားပါ။ ဒါပေမယ့် ကဗျာလေးတစ်စ ရလာတော့ ထပ်တင်လိုက်တယ်။

ကောင်းကင်ပျိုအလှ

ကောင်းကင်ပျို
ငိုယိုပြီးကာစ။
ပါးပြင်နီမြန်း
ရှက်သွေးဖြန်းတဲ့အလှ။

ပန်ဒိုရာ

Expand..

Friday, May 25, 2007

ကမ္ဘာကျော်အဆိုအမိန့်တွေ မဟုတ်ပေမယ့် - ၁

ပန်ဒိုရာဆိုတာ
ဒါတွေနဲ့ ကြီးပြင်း ရှင်သန် လာခဲ့တဲ့သူ .......


  • အပြောကောင်းတဲ့ လူဟာ အလိမ်ကောင်းတတ်တယ်။ (ချစ်မေမေ)
  • တက္ကသိုလ် သွားတက်ရင် ဒီ့ပြင်ဟာမလုပ်ချင်နေ ကဗျာတွေတော့ ဆက်ရေးနော်။ ပြီးရင် မဂ္ဂဇင်းတွေဘာတွေကို ပို့ကြည့်ပါလား သမီးရယ်။ (ချစ်ဖေဖေ)

  • ဘယ်ဘုန်းကြီး ဆွမ်းခံထွက်စောစော ဆွမ်းစားချိန်တော့ အတူတူတဲ့.. ငါတော့ ပင်ပန်းတဲ့အလုပ်ဆို လေတောင်မချွန်ဘူးဟေ့။ (ကိုကို လူနောက်)

  • ဟင်းသီးဟင်းရွက်တွေ ၀ယ်ရင် ဈေးမဆစ်ပါနဲ့ မေမေရယ်။ သူတို့ခမျာ ကိုယ့်လောက်မရှိလို့ ဒါမျိုး ရောင်းစားနေရတာ။ ကိုယ်က တစ်ကျပ်နှစ်ကျပ်နဲ့ ဘာမှဖြစ်မသွားပါဘူး။ (မောင်လေး လူရိုး)
  • သိလား ညီမလေးကတော့လေ.. အဲဒါ ငါ့မမ လို့ သူငယ်ချင်းတွေကို ကြွားပစ်လိုက်တာပေါ့။ (ညီမလေး အပြစ်ကင်းသူကလေး)

  • သတ္တိမရှိတဲ့လူမှာ အချစ်ဆိုတာ မရှိဘူး။ အေး.. သစ္စာဆိုတာလည်း မရှိဘူး သူငယ်ချင်း။ (ထူးဆန်းသော သူငယ်ချင်းတစ်ဦး)

  • Dictionary တစ်အုပ်လုံး အလွတ်ရအောင် ကျက်နိုင်တယ် ဆိုရင်တော့ တစ်ခုခုမှားနေပြီ။ Dictionary တစ်အုပ်ကို အလွတ်ရအောင် ကျက်ဖို့မှ ကြိုးစားမကြည့်ဖူးဘူး ဆိုရင်လည်း ဘယ်တော့မှ အဆင့်တစ်ခုအထိ တတ်လာမယ့်ကောင် မဟုတ်ဘူး။ (လေးစားချစ်ခင်ရသူ ဆရာတစ်ဦး)
  • လူ့ဘ၀ထဲမှာ လူတွေဟာ ကြိုးကလေးတွေလို ပဲ။ တစ်ချောင်းနဲ့တစ်ချောင်း ဖြတ်သွားကြတာ အင်မတန် တိုက်ဆိုင်လို့။ အဲဒီအခိုက်ကလေးမှာမှ ပြသနာပေါ်လာတယ်ဆိုရင် ဒါနှစ်ဘက်စလုံး ကံဆိုးတာပဲ။ (လေးစားချစ်ခင်ရသူ ဆရာတစ်ဦး)
  • Truth နဲ့ Reality ထပ်တူကျအောင် ကြိုးစားနိုင်မှ တကယ်တော်တဲ့သူဗျ။ (လေးစားချစ်ခင်ရသူ ဆရာတစ်ဦး)

  • တာဝန်သိရင် တာဝန်ရှိတယ်။ တာဝန်မသိရင် တာဝန်မရှိဘူး။ (အလုပ်ရှင်တစ်ဦး)
  • ကျွန်တော် အမုန်းဆုံးကတော့ Conspiracy Theories တွေကို ယုံတဲ့လူတွေပဲ။ ဘယ်တော့မှ မယုံနဲ့။ အမေရိကန်ဖွဲ့စည်းပုံဥပဒေမှာတောင် ပြင်ဆင်ချက် ဘယ်နှစ်ခုရှိလဲ သိလား။ Everything is negotiable if you have valid reasons ပါ။ (ခင်မင်လေးစားရသူ အစ်ကိုတစ်ဦး)

  • လူဆိုတာ နောက်ဆုံးတော့ ကိုယ်ရှာတာ ကိုယ်ရတာပဲ။ ကိုယ်မရှာခဲ့တဲ့ ကိစ္စတစ်ခု ရမလာတာ ၀မ်းနည်းစရာ မဟုတ်ပါဘူး။ သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး။ ဘ၀တလျှောက်လုံးမှာ ကိုယ် ဘာတွေအတွက် အချိန်ပေးခဲ့ပြီး ဘာတွေ တကယ် ရှာဖွေခဲ့လဲဆိုတာ။ (ချစ်သူ၊ ကိုယ့်ကိုပိုင်ဆိုင်သူ)

Expand..

Thursday, May 24, 2007

မျဉ်းပြိုင်နှစ်ကြောင်း

မျဉ်းပြိုင်နှစ်ကြောင်း

ခဏတာဆုံမှတ်
ဖြတ်ပြီးရင်ဝေးသထက်ဝေးသွားမယ့်
ပြေးမျဉ်းနှစ်ကြောင်းထာဝရဆုံနိုင်အောင်လို့
တို့တွေပန်းတိုင်တစ်ခုချ
ခရီးအတူတူ သွားခဲ့ကြတယ်။

အခုတော့...
မျဉ်းပြိုင်နှစ်ကြောင်းကြားက
ခြားနေတဲ့ရွှေပင်လယ်ကြီး
ကာလို့ဆီး
ဘယ်တော့နီးရမှာလဲကွယ်။ ။

ပန်ဒိုရာ

၅.၀၂.၂၀၀၇

Expand..

Wednesday, May 23, 2007

သီးစုံချဉ်ဟင်း (သို့) ကုလားဟင်း စားရအောင်

သီးစုံချဉ်ဟင်း (သို့) ကုလားဟင်း စားရအောင်

ဒီတစ်ခေါက်တော့ အရသာရှိသောစာ ရေးမယ်။ ဟဲဟဲ

ဒီနေ့တော့ အိမ်စောစော ပြန်ရောက်တာနဲ့ ချက်ချင်ပြုတ်ချင် စိတ်ကလေး ရှိနေတယ်။ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တော့ အောင်မယ်.. အတော်ပဲ..
ဒန့်သလွန်သီးနှစ်တောင့်
အာလူးနှစ်လုံး
ရုံးပတီသီး လေးငါးတောင့်လောက်
ခရမ်းသီးတစ်လုံး
ခရမ်းချဉ်သီးတစ်လုံး
တို့ကို အောက်ပါအတိုင်း လှီးပြီး ရေဆေးထားလိုက်ပါတယ်။ အာလူးကိုတော့ ဆားအနည်းငယ်နဲ့ နယ်ထားပါတယ်။











တချိန်ထဲမှာ ငါးရံ့ခြောက်တုံးလေးတွေ ကိုရေစိမ်ထားလိုက်ပါတယ်။ ကြက်ဥသုံးလုံး ကိုပြုတ်ထားပါတယ်။ မန်ကျည်းသီးမှည့် ရေစိမ်ထားပါတယ်။

ကြက်သွန်နီနဲ့ငရုပ်သီးကို ဆီသတ်ပါတယ်။ ငါးပိလေး နည်းနည်းပါ တခါတည်း ထည့်လိုက်တယ်။ ပြီးတော့ မာတဲ့ကိစ္စတွေဖြစ်တဲ့ ငါးခြောက်နဲ့ အာလူးကို အရင်ထည့်မွှေပြီး အတန်ငယ် နူးသွားအောင် ရေနည်းနည်း ထည့်ချက်လိုက်ပါတယ်။ ပဲတော့ မထည့်တော့ဘူး။













ရေခန်းသွားတော့ ဒန့်သလွန်သီး ခရမ်းသီး ခရမ်းချဉ်သီး ရုံးပတီသီး တွေကို အစဉ်လိုက်အတိုင်း ထည့်မွှေပါတယ်။ ငန်ပြာရည် အချိုမှုန့်ထည့်တယ်။ ပြီးတော့ ရေထည့်ပြီး နူးအောင်ချက်ပါတယ်။ ကြက်ဥလေးတွေကိုတော့ အပ်ချည်ကြိုးနဲ့ ထက်ခြမ်းခြမ်းပြီး နည်းနည်း ကြော်ပြီးမှ ထည့်လိုက်ပါတယ်။ ဟင်းနူးတော့ နည်းနည်းမြည်းကြည့်ပြီး မန်ကျည်းရည်လေးကို ချိန်ဆထည့်ပါတယ်။ မဆလာလေးအုပ်ပြီးတဲ့ အခါမှာတော့ ဒီလို စားဖို့အသင့်ဖြစ်ပြီပေါ့။ ရေခဲသေတ္တာဖွင့်တဲ့ အချိန်ကစရေရင် စုစုပေါင်း ၄၅ မိနစ်ပဲ ကြာပါတယ်။ ကဲ စားကြပါဦး။


Expand..

Tuesday, May 22, 2007

မေ့ရက်သူုသို့

အသစ် မရေးအားတိုင်း ကဗျာအဟောင်းလေးတွေ တင်ဖြစ်တယ်။ ဒါက ငယ်ငယ်တုန်းက ရေးခဲ့တဲ့ ကဗျာလေးပါ။ ၁၉၉၀ ကျော်စ လောက်ကလို့ ထင်တယ်။ ကြာခဲ့ပြီ။ ဘာခံစားချက်မှ မရှိသေးခင် လျှောက်ရေးထားတဲ့ ကဗျာလေး။ ဝေဖန်ကြည့်။

မေ့ရက်သူုသို့

တရံရောတွင်က
သံယောဇဉ်ကြိုးတစ်ချောင်း
ထောင်း ခနဲပြတ်...
ဒါ ဇာတ်သိမ်းလားကွယ်....

ဟိုတချိန်ခါ လရောင်ဖြာလင်း
ရယ်မောရင်းနဲ့ တေးချင်းဆိုညည်း
ဒါန်းစီးဖူးတာ မှတ်မိပါကွယ်..

အလွမ်းလေညင်း ပန်းသတင်းဆောင်
ပန်းရောင်ပန်းရိပ် လွမ်းထိတ်စိတ်စော
ပန်းခင်းတောမှာ ပျော်မောဖူးတာ
မှတ်မိပါကွယ်....

ကွယ်...
လွယ်လွယ်နဲ့တိမ်း..
သစ်စိမ်းချိုးဖြတ် ရက်စက်တတ်သမျှ
ဘယ်ဘ၀အထိ
မသိဟန်ဆောင် မမြင်ယောင်ပြု
အခုမှတော့လေ.....။ ။

ပန်ဒိုရာ

Expand..

Sunday, May 20, 2007

ဘလော့ဂ်ခြင်းအနုပညာ

(ချက်ခြင်းအနုပညာ ပြီးတော့ ဘလော့ဂ်ခြင်း အနုပညာရေးပါဦးလို့ ညီညီ(သံလွင်) ကပြောလို့။)


ဘလော့ဂ်ခြင်းအနုပညာ

ဘလော့ဂ်သို့မဟုတ် ကိုယ်ပိုင် အင်တာနက် စာမျက်နှာများပေါ်တွင် စာရေးသားခြင်းသည် မြန်မာတို့ အကြား တစတစ ရေပန်းစားလာခဲ့ပြီတည်း။ ဤနေရာတွင် ဘလော့ဂ်တို့၏သမိုင်း ကမ္ဘာပေါ်တွင် ဘလော့ဂ် ဘယ်နှစ်ခုရှိ စသည်တို့ကို ကျွန်ုပ်က ဆွေးနွေးမည် မဟုတ်ပါ။ မသိလို့.. ဟုတ်ပေါင်.. မှားပြောမိမှာစိုးလို့.. ဟုတ်သေးပါဘူး။ အဲ.. အခြားအခြားသော ဘလော့ဂါတို့ ဖန်တစ်ရာတေအောင် ဆွေးနွေးခဲ့ပြီး ဖြစ်၍သာတည်း။ ကိုမင်းကျော်၊ ကိုရဲမွန်၊ ကိုနေဘုန်းလတ်၊ အစရှိသူတို့ ရေးထားခဲ့သည်များကို ရည်ညွှန်းကြပါကုန်။

ဘလော့ဂ်တစ်ခု ဖန်တီးလျှင် ပထမဆုံး သင့်ဘလော့ဂ်ကို နာမည်ပေးရမည်။ ယခုအခါ စီးပွားရေး လူမှုရေး နိုင်ငံရေး စသည့် ရည်ရွယ်ချက်မျိုးစုံ ဖြင့် ဘလော့ဂ်များ ဖွင့်လှစ်နေကြသည့် အားလျော်စွာ မိမိ၏ ဘလော့ဂ်နာမည်ကို မိမိရည်ရွယ်ချက်နှင့် ကိုက်ညီအောင် ပေးနိုင်လေသည်။ ဘယ်သူဘယ်ဝါ၏ ဒိုင်ယာရီ၊ ကိုယ်ပိုင်စာမျက်နှာ စသည်တို့မှာ ရိုးအီလှပြီ။

သာဓကဆောင်ရသော် အိမ်ပွဲစား၊ မြေပွဲစား၊ အကျိုးဆောင်များ အနေနှင့် ကိုယ့်ဘလော့ဂ်ကို အိမ်ခြံမြေ ဟု ပွင့်ပွင့်လင်းလင်း အမည် ပေးနိုင်သည်။ အငြိမ့်ပွဲ၊ ဇာတ်ပွဲ ထောင်သူများကလည်း ဒေါင်းကညင်သာ မင်္ဂလာ စသည်ဖြင့် ဆွဲဆောင်မှုရှိသော အမည်များပေးနိုင်သည်။ တချို့ကမူ မိမိလက်ရှိ မခံစားနိုင်သည့် အခြေအနေများကို ထင်ဟပ်သော အမည်များ ပေးကြသည်။ ဥပမာ အပိုင်းအစများ၊ လွတ်ကျသွားသော အိုးပုတ်၊ ရင်ထဲမှာ ဟိုဟာဒီဟာ စသည်တို့ဖြစ်သည်။ တချို့ကတော့ မိမိက ဘယ်သူဘယ်ဝါနှင့် အမျိုးတော်စပ် ပတ်သက်သူဖြစ်ကြောင်း ကိုယ့်ဘလော့ဂ်ကို လူရှိန်အောင် မသိမသာ ထုတ်ဖော် တတ်ကြသည်။ ရပ်ကွက်လူကြီး တူမ၏ ကဗျာဆရာ အစရှိသဖြင့် ခပ်တည်တည် အမည်ပေးနိုင်သည်။ တချို့ကတော့ ကိုယ့်ကိုယ်ကို နှိမ့်ချစွာ အမည်ပေးတတ်ကြသည်။ သာမန်လူမှတ်တမ်း စသည်ဖြင့်။ ဤသို့ဆိုလျှင် သူကလွဲလို့ အခြားလူများကတော့ အရိယာသူတော်စင်လိုလို စူပါဟီးရိုးလိုလို ဖြစ်သွားတတ်သည်။

အမည်ပေးခြင်း ပြီးလျှင် အကြောင်းအရာဘက် စဉ်းစားရမည်။ မိမိကိုယ်ပိုင် လိုင်းတစ်ခုကို ရွေးရမည်။ စတိုင်ရှိမှ စတားဖြစ်မည် မဟုတ်ပါလော။ တချို့က နိုင်ငံရေး အတွေးခေါ်များ။ တချို့က ကဗျာ။ တချို့က နည်းပညာ။ တချို့က ဂီတ။ တချို့ကတော့ ဘာရယ်မဟုတ် လိုင်းပေါင်းစုံ မထသ။ အဲ.. တချို့ကတော့ မိမိ၏ နေ့စဉ် ခံစားချက်များကို လင်းကြက်ဆော်ချိန်၊ ဆွမ်းခံပြန်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ မိုးချုပ်၊ သန်းခေါင်ကြက် တွန်ချိန် စသည့် အချိန်ပိုင်းများခွဲ၍ တင်ပြတတ်ကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ဘလော့ဂ်မျိုးစုံကို ဖတ်ရှုရခြင်းသည် ပန်းပေါင်းစုံ ဝေဆာနေသော ပန်းခင်းကြီးထဲ လျှောက်လှမ်းရသကဲ့သို့ ခံစားချက်အစုံစုံဖြင့် ကြည်နူးဖွယ်ရာအတိ ဖြစ်ပေသည်။ တစ်ခုတော့ ရှိသည်။ ဤခံစားချက်အစုံစုံ ကို အလုပ်ထဲတွင် လုပ်ဖော်ကိုင်ဖက်များ မြင်အောင်တော့ သွားမဖတ်မိစေနှင့်ကိုယ့်လူ။ ငိုလိုက် ရယ်လိုက် သင့် စပရင် မျက်နှာကို အမှတ်မထင်တွေ့သွားသော် စိတ်ပညာဆရာနှင့် တိုင်ပင်ရန် အကြံပြုခံရတတ်သည်။

ဘလော့ဂ်များ များပြားလာသောအခါ စာအုပ်ထုတ်ဝေရန်၊ သာရေးနာရေး လူမှုရေးများ ဆောင်ရွက်ရန် စသည်တို့အတွက် တစုတစည်းတည်း ရှိကြရန်လိုလာသည်။ အကြွေးတောင်း ကောင်းသူများကို ရံပုံငွေကောက်ခံရန် ကော်မီတီလူကြီး တင်၍ ဦးဆောင် လှုပ်ရှားသင့်သည်။ ထို့နောက် မြန်မာဘလော့ဂါ အစည်းအရုံး သို့မဟုတ် မြန်မာဘလော့ဂါအသင်း ဟူ၍ ထင်ရှားလာမည်။ အဲ.. ခဏနေဦး။ ကျွန်ုပ်တို့ထဲမှ အချို့သည် ပြည်ပတွင် နေထိုင်ကြ သော်လည်း အများစုမှာ မြန်မာနိုင်ငံသားများပင် ဖြစ်ကြသည်။ မြန်မာဥပဒေများကို ပြန်ကြည့်ပါရစေဦး။ အမယ်.. အသင်းအဖွဲ့ ဆိုသည်မှာ အကျိုးအမြတ် စီးပွားရေးအတွက် မဟုတ်သော်လည်း ဖွဲ့ချင်တိုင်း ဖွဲ့ခွင့်ရသည်မဟုတ်။ မှတ်ပုံတင်ရမည်။ သက်တမ်းတိုးရမည်။ သက်တမ်းတိုးလျှင် ထောက်ခံချက် မရသည်တို့ ဘာတို့ ဖြစ်လာနိုင်သည်။ မလွယ်ပါလား။ ဒီတော့ စောစောက ပြောမိသည်များ ဘွာတေး ဘွာတေး။ ဘာအသင်းမှ မဟုတ်ဘူးနော်။ ဟူး. တော်သေးသည်။ တော်ကြာ နေရင်းထိုင်ရင်း မတရားအသင်း ဖြစ်သွားမည်။

မြန်မာဘလော့ဂ်များ လက်ရှိထက် ပို၍ထွန်းကားလာလျှင် အပြိုင်အဆိုင်များလာမည်။ တနေ့တနေ့ ကန့်သတ်ရသော အချိန်ကလေးတွင် ဘလော့ဂ်ပေါင်း မြောက်များစွာကို အကုန်အစင် ဖတ်ရှုနိုင်ရန် ခက်ခဲလှသည်။ ကိုယ့်ဘလော့ဂ်ကို လာဖတ်စေချင်လျှင် ဆွဲဆောင်နိုင်ရမည်။ သို့ဖြစ်လျှင် နောင်အနာဂတ်၌ ဘလော့ဂ်များ၏ အရည်အသွေးကို မြှင့်တင်ရန် အစီအစဉ်များ ကြံဆလာနိုင်သည်။ အစွယ်ရှိသူက အစွယ်ကိုအားကိုးပြီး ဦးချိုရှိသူက ဦးချိုကို အားကိုးလေ့ရှိသည် မဟုတ်ပါလား။ စီးပွားရေး စိတ်ရှိသူများက ဘလော့ဂ်ကို လာလည်လျှင် ကံစမ်းမဲပေးခြင်း၊ နည်းပညာ သမားများက ဘလော့ဂ်တွင် အရုပ်အသံသာမက အနံ့ပါရနိုင်အောင် တီထွင်ဖန်တီးခြင်းမျိုးဖြင့်ဆွဲဆောင်မည်။ လုပ်ငန်းရှင်များကလည်း ဟစ် (ခေါ်) လာရောက်လည်ပတ်သူများသော ဘလော့ဂ်ကို ကြော်ငြာများထည့်ကြမည်။ နောက်ပိုင်း ကမ္ဘာကျော်သွားက ဘီလ်ဂိတ်တို့ ဘာတို့ပါ စိတ်ဝင်စားပြီး မိုက်ကရိုဆော့ဖ် ကြော်ငြာတွေ လာထည့်မည်။ မြန်မာလို ဖတ်ချင်လာသဖြင့် မြန်မာစကားပါ လိုက်သင်ကုန်ကြမည်။

ကျွန်ုပ် အကြံပေးလိုသည်မှာကား ဘလော့ဂ်များ၏ အရည်အသွေး တိုးတက်ရေးအတွက် နှစ်စဉ် ဆုတစ်ခုပေးလျှင် ကောင်းမည်။ အဲဒီတော့ ဒီဆုကို မည်ကဲ့သို့ နာမည်ပေးမည်နည်း။ မြန်မာဘလော့ဂါ အိုင်ဒိုးလ် ဆိုလျှင် ကောင်းမလား။ မဖြစ်သေး။ အမေရိကန်အိုင်ဒိုးလ်ကို ဖရန်ချိုက်ဆိုလား ရွိုက်ရယ်လတီဖီး ဆိုလား ပိုက်ပိုက်ပေးနေရမည်။ အဲ.. မြန်မာရုပ်ရှင်မှာ အကယ်ဒမီဟု ပေးသည်မဟုတ်လား။ ဘလော့ဂ်ဆိုတော့ တီထွင်ဆန်းသစ်သော အမည်ဖြင့် ဘလယ်ဒီမီ ဆုဟု ပေးလျှင်တော်ပေမည်။ ဟုတ်ပြီ။ အင်္ဂလိပ်လို ဘယ်လို စာလုံး ပေါင်းမည်နည်း။ တတ်သရွေ့မှတ်သရွေ့ စဉ်းစားရလျှင် Bloody-me (ကျေးဇူးပြု၍ ဘာသာပြန်ရန် မကြိုးစားပါနှင့်။) ဟုဖြစ်နိုင်သည်။ ကဲ. ချစ်စွာသော စာရှုသူ။ သင်လည်း မြန်မာဘလော့ဂါတစ်ယောက် ဆိုပါက ဘလယ်ဒီမီ မလိုချင်ပေဘူးလား။ ကျွန်ုပ်ကိုယ်တိုင်မူကား ဤအိုင်ဒီယာကို စွန့်ဦးတီထွင်သူဖြစ်သဖြင့် ဘလယ်ဒီမီ ပေါ်လာပါက ပွဲကျင်းပရေးအတွက် စပွန်ဆာများမှ ပံ့ပိုးသော အကျိုးအမြတ်ကို ရာခိုင်နှုန်းတစ်ခုဖြင့် ခွဲဝေရသင့်သည်ဟု ထင်မိလေသည်။

ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။

Expand..

Tuesday, May 15, 2007

မိုးတစ္ဆေ

မိုးတစ္ဆေ


အပြင်ဘက်မှာ
မိုးတွေသည်းသည်းရွာနေတယ်...

မိုးရေတွေစိုရွှဲနေတဲ့
မည်းမည်းလက်လက် ကတ္တရာလမ်းပေါ်က
နီယွန်မီးရောင်ပြိုးပြက်တဲ့အခါ
ကားစက်နှိုးသံသဲ့သဲ့ကြား
အိမ်ပြန်နောက်ကျသွားတတ်တဲ့ညနေတွေ..

ထီးတစ်ချောင်းနှစ်ယောက်
ဘယ်လောက်ဝေးဝေး မမောကြေးတဲ့
အေးစက်နေတဲ့လက်များ
ရင်ခုန်သံဝိုးတ၀ါး
စိတ်တွေထွေပြားလိုက်တာ..

စိတ်ကောက်ရင် ဘတ်စ်ကားလိုက်စီး
မိုးမိပြီးဖျားတော့
အားငယ်နေသလားကွယ်
ကို ၀ယ်တိုက်တဲ့ ဟို လမ်းထိပ်ကဆန်ပြုတ်ကိုမှ
ဒီကသောက်ချင်ပြန်သတဲ့..

ကားကိုခဏရပ်ထား
အနားမှာအသာမှီပေါ့
Celine Dion က
My heart will go on တဲ့
လိမ္မော်ရနံ့ သင်းသင်းနဲ့အတူ
ညနေခင်းတွေ စီးဆင်းကြတဲ့အခါ..

အတိတ်တွေ ခါးသတဲ့လား
တဖွားဖွားကျနေတဲ့မိုးစက်မိုးမှုန်တွေ
ဘယ်လိုတားနိုင်မှာလဲ
သွား... ကွယ်…
မကြားချင်လည်း
ထားခဲ့တဲ့ ဒိုင်ယာရီလေးတစ်အုပ်ရယ်
ကြိုးပြတ်ကျန်ခဲ့တဲ့ လော့ကတ်သီးလေးတစ်ခုရယ်
မျက်ရည်တွေ စိုနေတဲ့ လက်ကိုင်ပုဝါလေးတစ်ထည်ရယ်
ခုလို မိုးရွာတဲ့ညတွေမှာ တစ္ဆေ လာလာခြောက်နေလို့။ ။

ပန်ဒိုရာ
၁၅၊၅၊၂၀၀၇

Expand..

Monday, May 14, 2007

တိတ်တခိုး

တိတ်တခိုးဆိုတဲ့ နာမည်နဲ့ ကဗျာတွေ အများကြီးရှိကြတဲ့ အထဲက တစ်ပုဒ်လို့သာ မှတ်လိုက်ပါနော်။
(မလေး အတွက်..)

တိတ်တခိုး

တကယ်တမ်းမတော့
မရွယ်ပန်းတစ်ပွင့်ပန်ဆင်။

အလှမ်းပြင် ဘ၀င်ဇောရယ်နဲ့
မနွမ်းခင် လိုချင်မောပါပေါ့
စောစောကသာမြင်လိုက်ချင်။

ကိုယ့်ဘ၀ကိုယ်ဆင်ခြင်
မျှော်မြင်ကာ ဘ၀င်ကျရသူမို့
တော်ဝင်စရာ ဟိုပင်အလှဆီက
သခင့်ဘ၀နှင့်မတန်သေး။

အလှမ်းသင့်ရာ
ပန်းတစ်ပွင့်သာ တော်သလို ဆွတ်ပြီးသူမို့
ညွတ်မိသူသခင်အရိပ်မှာ
တိတ်တိတ်အသာရှိုက်ရတယ်
ရင်လှိုက်ကာမွှေး။ ။

ပန်ဒိုရာ
၉၊၁၁၊၂၀၀၆

Expand..

Sunday, May 13, 2007

ဘလော့ဂ်များနှင့်လွတ်လပ်မှု၊ တာဝန်ယူမှု၊ စည်းကမ်း

ဘလော့ဂ်များနှင့်လွတ်လပ်မှု၊ တာဝန်ယူမှု၊ စည်းကမ်း

ကွန်ပြူတာကို ပေါင်ပေါ်စတင်လိုက်တော့ အိုင်ပီ (Intellectual Property) အကြောင်း ရေးမလို့ပဲ။ နောက်တော့ ဘလော့ဂ်တွေ လျှောက်လည်ရင်း အတွေးတစ်ခုက ခေါင်းထဲ ၀င်လာတယ်။ ဒါကတော့ ကိုယ်တစ်ယောက်တည်း တွေးမိတာ ဖြစ်ချင်မှဖြစ်မှာပါ။ အင်တာနက်ထဲမှာ ဘလော့ဂါတစ်ယောက် ဟာ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် ရေးနိုင်ခွင့် ရှိသလဲဆိုတာရယ် ၊ ကိုယ်ရေးထားတဲ့ စာတွေမှာ ဘယ်လောက်အထိ တာဝန်ရှိသလဲဆိုတာရယ်၊ ဘယ်လောက် အတိုင်းအတာ အထိ အထိန်းအချုပ် သို့မဟုတ် ကျင့်ဝတ် သို့မဟုတ် ဥပဒေ လိုအပ်သလဲဆိုတာပါ။ အဲ.. ဆက်ပြီးတော့ လူ့အဖွဲ့အစည်း တစ်ခုမှာ စောစောကပြောခဲ့တဲ့ ထိန်းချုပ်မှု ၊ အုပ်ချုပ်မှု တွေ ဆိုတာ ဘာလို့ လိုအပ် ရတာလဲလို့ တွေးမိပြန်ပါရော။ ဒီလို ဆက်တွေးပြီးတဲ့အခါ တချိန်က ဖတ်ခဲ့ဖူးတဲ့ စာတိုပေစတွေ ခေါင်းထဲဝင်လာပါတယ်။

Thomas Hobbes ( Leviathan 1651) ပြောခဲ့တဲ့ အတွေးအခေါ်အရတော့ လူဆိုတာ သူ့ချည်းပဲလွှတ်ထားရင် ရူးမိုက်တဲ့ အပြုအမူတွေလုပ်ကြမယ်။ အချင်းချင်း ရန်ဖြစ်မယ်။ မင်းမဲ့စရိုက်တွေ လွှမ်းမိုးမယ်ပေါ့။ ဒါကြောင့် လူတွေ အချင်းချင်းကြားမှာ ဖြစ်ကြမယ့် အရေး တွေအတွက် ထိန်းကွပ်ဖို့ သီးခြားပုဂ္ဂိုလ် (Third Party) လိုလာပါတယ်။ အဲဒါဟာ အုပ်ချုပ်သူ ဆိုတာ လိုအပ်ရခြင်း အကြောင်းရင်းပါပဲ။ ဒါကြောင့်သူ့ရဲ့ အတွေးအခေါ်အရ အုပ်ချုပ်သူ ရဲ့ ကဏ္ဍဟာ အာဏာကို ကိုင်ချုပ်ထားရေး၊ တရားဥပဒေစိုးမိုးရေး၊ လူတွေကို မဟုတ်တာ မဖြစ်အောင် ကာကွယ်စောင့်ရှောက်ရေးမှာ ပိုထင်ရှားပါတယ်။ အုပ်ချုပ်သူဆိုတာ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းသူ ဖြစ်တယ်။ ပြည်သူတွေဆိုတာ အဲဒါတွေကို လိုက်နာရမယ့်သူတွေ ဖြစ်တယ်။

John Locke (Two Treaties of Civil Government 1690) ကတော့ Hobbes ရဲ့အိုင်ဒီယာနဲ့ အတော်ကြီး ဆန့်ကျင်ပါတယ်။ သူက ဖွဲ့စည်းပုံ အခြေခံဥပဒေ Constitution ဆိုတာကို ပြောခဲ့ပါတယ်။ ယုံကြည်မှု Trust ဆိုတာကိုလည်း ပြောခဲ့ပါတယ်။ အရှင်းဆုံးပြောရရင် အုပ်ချုပ်သူဆိုတာကလည်း ဒီအတိုင်းလွှတ်ထားရင် အာဏာအလွဲသုံးစား လုပ်မယ်။ ဒီတော့ ဒီလို မလုပ်နိုင်အောင် စာချုပ်ကလေးနဲ့ ပြန်ထိန်းချုပ်ထားဖို့လိုမယ်ပေါ့။ အုပ်ချုပ်ခံတွေရဲ့ အခွင့်အရေးကိုလည်း ထည့်တွက်ဖို့လိုတယ်တဲ့။ အာဏာကို ထိန်းချုပ်တာနဲ့ဆက်စပ်လို့ Montesquieu ကိုတော့ ကြားဖူးကြမှာပါ။ အာဏာကိုခွဲဝေခြင်း (Separation of Power) ဆိုတာကို ပြောခဲ့တဲ့သူပေါ့။ အုပ်ချုပ်ရေးအာဏာ။ ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေး အာဏာ ဆိုတာတွေ သိကြမှာပါ။ သူပြောတာကတော့ ရှင်းရှင်းလေးပါ။ A country is not free if one person has all these three powers.

အဲ ရေးကောင်းကောင်းနဲ့ ဘရိတ်အုပ်မရတော့ဘူး။ (တော်ကြာ အမည်မသိ လာလည်သူတွေ သိပ်များလာမှာ စိုးရတယ်။ ဟတ် ဟတ်။ စာအုပ်တွေအရ ပြောနေတာပါနော်။) ဒီလိုပါ ပန်ဒိုရာပြောချင်တာက ပထမဆုံးပြောခဲ့တဲ့ Thomas Hobbes နဲ့ပဲ ဆိုင်ပါတယ်။

အခုအချိန်မှာ မြန်မာဘာသာစကားနဲ့ ဖြစ်စေ အခြား ဘာသာစကားနဲ့ဖြစ်စေ ကမ္ဘာအရပ်ရပ်က မြန်မာတွေဖန်တီးထားတဲ့ မြန်မာဘလော့ဂ်များ နဲ့ ဘလော့ဂါများ ဆိုတဲ့ လူ့အဖွဲ့အစည်းတစ်ခု အင်တာနက်ဆိုတဲ့ ကွန်ယက်ကြီးထဲမှာ ထင်ထင်ရှားရှား ပေါ်လာပါပြီ။ ဘလော့ဂ်တွေဆိုတာ သူ့ရဲ့သဘောသဘာဝအရကတော့ မိမိကိုယ်တိုင် တည်းဖြတ်တဲ့ကိုယ်ရေးချင်တာတွေကို ကြိုက်သလိုရေးနိုင်ခွင့်ပေးထားသလို ပါပဲ။

မြန်မာဘာသာနဲ့ ဘလော့ဂ်တွေပေါ်လာတဲ့အတွက် အနည်းဆုံး အောက်ကအကျိုးတွေ ရနိုင်ပါတယ်။
၁) အတွေးခေါ် နှင့် ဗဟုသုတများ ပိုမိုကျယ်ပြန့် ပွင့်လင်းလာခြင်း။
၂) နိုင်ငံရပ်ခြားရောက်နေသော မြန်မာများနှင့် ပြည်တွင်းရှိ မြန်မာများအကြား ဆက်သွယ်မှု ကွန်ယက် ကျယ်ပြန့်လာခြင်း။
၃) မြန်မာစာပေ မြန်မာစကား တိုးတက်ထွန်းကားလာနိုင်ခြင်း။
၎) ပြည်တွင်း စာပေစိစစ်ရေးအောက်တွင် တင်ပြခွင့်မရသော စာပေများ လွတ်လပ်စွာ ဖွင့်ချနိုင်ခြင်း။

တဖက်ကလည်း အခမဲ့ ၀န်ဆောင်မှုပီပီ ရေးသူရော ဖတ်သူပါ အတိုင်းအတာ တစ်ခုအထိပဲ နည်းပညာအရ လုံခြုံမှု ရှိနိုင်မယ်။ ထိုးဖောက်ပြီး ကိုယ့်ဘလော့ဂ်ကို ၀င်ရေးသွားတာတို့။ ကိုယ်တိုင်ကလည်း သတင်းမှား ကို အမှတ်မထင် ရေးမိတာတို့ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ကိုယ်ရေးတဲ့ စာအတွက် ဘယ်လိုအကာ အကွယ်ယူမလဲ။ ဘယ်လောက်အထိ တာဝန်ယူနိုင်သလဲ။ (Disclaimer ဆိုတာလေး ထည့်ထားရင် အများကြီး အထောက်အကူ ပြုမှာပါ။ ပို့စ်တွေ များလာတော့ ပန်ဒိုရာလည်း ပြင်ဆင်နေပါတယ်။)

နောက်တစ်ချက်က ရေးတဲ့စာတွေဟာ သူတပါးကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်လို့တို့ အချင်းချင်း အယူအဆ လူမျိုးရေး ၀ါဒ စတာတွေ မတူကြလို့ ငြင်းကြခုန်ကြတာတွေ ဖြစ်နိုင်လာပါတယ်။ အဲဒါတွေဟာ အတိုင်းအဆမဲ့ ပြင်းထန်သွားနိုင်ပါတယ်။

နောက်တစ်ခုက ကော်ပီရိုက် ချိုးဖောက်တာတွေပေါ့။ သူကကိုယ့်ကို ချိုးဖောက် ကိုယ်ကသူ့ကို ချိုးဖောက်။ နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။

စဉ်းစားစရာတစ်ခုက အုပ်ချုပ်မှု တစ်ခုခု လိုတယ်ဆိုရင် ဘလော့ဂ်တွေကို ဘယ်လို နယ်မြေ ပိုင်းခြား နိုင်ပါသလဲ။ နိုင်ငံအလိုက်ခွဲမှာလား၊ လူမျိုး ၊ နိုင်ငံသားအလိုက်ခွဲမှာလား။ ဥပမာ ပန်ဒိုရာဟာ မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် ဘလော့ဂ် ရေးတဲ့အခါ မြန်မာနိုင်ငံက သတ်မှတ်တာကို လိုက်နာရမှာလား။ စလုံးမှာ လောလောဆယ် နေတဲ့အတွက် စလုံးက သတ်မှတ်တာကို လိုက်နာရမှာလား။ ဒါမှမဟုတ် အင်တာနက် ကိစ္စဖြစ်တော့ အင်တာနက်နဲ့ပါတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အရ သတ်မှတ်ထားတာခြင်းမျိုးကို လိုက်နာရမှာလား။

ဘယ်နေရာမှာ ဘယ်လိုပဲ ရှိနေပါစေ။ လောလောဆယ် မြန်မာ ဘလော့စဖီးယား ထဲမှာတော့ သတ်သတ်မှတ်မှတ် စည်းမျဉ်းစည်းကမ်း နဲ့ အရေးယူတယ် ဆိုတာမျိုး မကြားရသေးပါ။ ဒါပေမယ့် တချို့နိုင်ငံတွေမှာတော့ ဘလော့ဂါတွေကို ကော်ပီရိုက်ချိုးဖောက်တာတို့၊ နိုင်ငံရေး ကိစ္စနဲ့ ငြိစွမ်းလို့ ဆိုတာမျိုးတွေနဲ့ အရေးယူခံရတာမျိုး ကြားနေရပါပြီ။

ကော်ပီရိုက် ဆိုတာကတော့ နိုင်ငံတကာမှာ ခိုင်မာနေတဲ့ အရာတစ်ခုမို့ ချိုးဖောက်ရင် သိသာထင်ရှားပါတယ်။ နိုင်ငံရေးတို့ အကြည်ညိုပျက်တာတို့ ဘာတို့ကတော့ သတ်မှတ်သူ (သို့) အရေးယူချင်သူရဲ့သဘောထား discretionary power မှာမူတည်ပါတယ်။ အဲဒီတော့ အနည်းဆုံးတော့ မြန်မာ ဘလော့ဂါများ အနေနဲ့ ထင်ရှားသိသာတဲ့ ကော်ပီရိုက် ကိုတော့ မချိုးဖောက်မိအောင် စောင့်ထိန်းသင့်ပါတယ်။ ဆန်ခိုးမမိ ဖွဲခိုးမိ ဆိုတဲ့ မြန်မာစကားလည်း ရှိပေတာကိုး။ အဲဒီအပြင် လိမ္မာပါးနပ်စွာနဲ့ ပညာသားပါသော scholarly approach အနေနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ လူမှုရေး အနေနဲ့လည်း အသရေဖျက်သလို ဟာမျိုးထိ မဖြစ်ရအောင် အချင်းချင်း နားလည်မှု အရိုအသေပေးမှုတွေ အတိုင်းအတာတစ်ခုအထိ ရှိနေဖို့ အရေးကြီးပါတယ်။ (ဒီနေရာမှာ စကားစပ်လို့.. ပန်ဒိုရာသည် အလွန်အာချောင်ကာ အလွန်နောက်တတ်ပါသည်။ မကျေနပ်သည်များရှိက စီဘောက်စ်မှာ လာရောက် သတိပေးသွား နိုင်ပါသည်။)

တိုးတက်တဲ့ နိုင်ငံ တွေမှာတော့ ဥပဒေ ဆိုတာ လိုက်နာရမယ့်သူတွေ ကိုယ်တိုင် ဆွဲကြရတဲ့ ကိစ္စမျိုးပါ။ စင်္ကာပူလို မိဘဆန်သော အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံမှာတောင် အခုနောက်ပိုင်းမှာ public consultation လို့ခေါ်တဲ့ ပြည်သူတွေနဲ့ တိုင်ပင်ခြင်း မျိုးတွေကို ဥပဒေတစ်ခု ပြင်ရင်ဖြစ်စေ ပေါ်လစီတစ်ခု ပြင်ရင်ဖြစ်စေ လုပ်လာကြပါတယ်။ (အဲ တချို့ ကတော့ စလုံးအစိုးရက တရားဝင်ဖြစ်မှု legitimacy ပိုခိုင်အောင် လူလည်ကျရုံပါလို့ ဝေဖန်ကြတယ်။ ဘယ်လိုဖြစ်ဖြစ် စလုံးနိုင်ငံမှာ ပြည်သူဆီက အသံကို ထည့်စဉ်းစားတဲ့နေရာမှာ (လူရာသွင်းလာတဲ့ နေရာမှာ) အရင်ကနဲ့စာရင် ပိုပြီး တိုးတက်လာတာကတော့ မငြင်းနိုင်တဲ့ အချက်ပါ။)

ဒီတော့ Thomas Hobbes ရဲ့ သီအိုရီကြီး အရ အရေးယူတာတွေ စည်းမျဉ်းစည်းကမ်း ဆိုတာတွေ မိုးပေါ်ကကျအလာခံမယ့်အစားတော့ အခုကတည်းက အခြေခံစည်းလေးတွေ သတိမလွတ်ကြရင်း ကိုယ့်ဘလော့ဂ်လောကကို ဘယ်လို စည်းကမ်း သတ်မှတ်ချက် ကလေးတွေ ထပ်မံရှိသင့်တယ်ဆိုတာ ကိုယ်တိုင် စဉ်းစားကြရင် မသင့်ပေဘူးလား။

လောလောဆယ်တော့ အတွေးတွေနဲ့ အမေးတွေပါပဲ။ အဖြေတွေကိုတော့ ရှာလိုက်ပါဦးမယ်။

US က ဘလော့ဂ်ဥပဒေ လေ့လာရန်။

Expand..

Thursday, May 10, 2007

“သူငယ်ချင်းလေးယောက်”

အသစ်မရေးအားတော့လည်း -ရတနာ- ကပဲ သွားသွား တူးဆွနေရတယ်။ ဒါက ပုံစံတစ်မျိုး။ ပေါ့ပေါ့ပါးပါးပေါ့။ လူကြီးတွေတော့ ကြိုက်မယ်မထင်ဘူး။ (ဒီလိုပြောလို့ ပန်ဒိုရာက ဘယ်လောက် ငယ်လို့လဲ ဆိုတော့.. အင်း ကိုယ်လည်း လူကြီးပါပဲလေ။)

“သူငယ်ချင်းလေးယောက်”

တရံရောအခါကျောင်းတော်မှာ
ချစ်သူငယ်ချင်းလေးယောက် ရှိခဲ့တာ
တစ်ယောက်ကတော့ကျောင်းစာ အသေကြိုးစား
တစ်ယောက်က လှချင်ပချင်စိတ်ကများ
နောက်တစ်ယောက်က စားမယ်သောက်မယ်ချက်ပြုတ်စား
ဟိုစပ်ဒီစပ် ကဗျာရူးကတော့ငါမဟုတ်လား
အတူ နေ အတူ စား အတူ သွား
ပျော်ရွှင်ခဲ့ကြကာလများ
လာကြသွားကြ ဒီလိုဘ၀မှာ
ထာဝရတရား ဘာမှမတားနိုင်
ကာလများတောင်ကြာခဲ့ပါလား။

ပျော်ရာမှာမှာမနေ တော်ရာရှာဖွေ
လျော်မှာပါလေလို့ဆုံးဖြတ်ကာ မင်းတို့ထွက်လို့သွား
တစ်ယောက် ပြီး တစ်ယောက်
ခြေရာတွေပျောက်
တောက်လျောက်ဝေးကွာ နိုင်ငံတွေပါ ခြား
ရက်ရှည်ရှည်တိုင်း
မျက်ရည်တွေဝိုင်းတာ သက်သေတံတိုင်းပါ
မှန်းဆနှိုင်းကာ အခု ဘဝ
ပြန်မရတော့တဲ့ အတိတ်ကခြေရာများ
တို့တွေဆုံနိုင်ဦးတော့မလား။

တခါ တခါ ငါပြန်စဉ်းစား
သောကတွေကင်းကွာ လောဘတွေရှင်းစွာ
မင်းပျော်ခဲ့တာအိပ်မက်လား လို့
အချိန်စက်များ မှိန်ပျက်သွား
မိုးစက်တွေကြား ပြိုးပြက်မျက်ရည်များ
ငါးနှစ်ကြာရင်ပြန်လာမယ်လို့ ပြောခဲ့ကြတဲ့စကား
ငါ့မှာတော့ရုန်းမထွက်နိုင်တစ်ယောက်ထဲ
လမ်းဆိုးကြီးထဲမှာလျှောက်နေဆဲ
အမြဲသတိရမယ်ပြောခဲ့ကြတာ
ငါယုံလိုက်ပါမယ်သူငယ်ချင်းတို့ရာ။ ။

ပန်ဒိုရာ
၅၊၁၊၂၀၀၆

Expand..

Tuesday, May 8, 2007

“ကြိုး”

“ကြိုး”

အနောက်ဘက်ဆီ
နေခြည်ဖြိုးဖျ၊ မှောင်ရီစပြီ
အိမ်ဝတံခါး၊ ခြံဝင်းနားမှာ
လာသွားခေါက်ပြန်၊ ရင်ခုန်မြန်ခဲ့
ရွှင်ပြန်ခဏ၊ပြုံးစမျက်နှာ
လူတွေ့မှာစိုး၊ ရယ်ပုန်းခိုးရင်း
့မြတ်နိုးခုံမင်၊ ပြင်ဆင်ချက်နွှေး
မွှေးပျံ့ငွေ့လူ၊ ညစာပူလည်း
သူရောက်ချိန်နှင့်၊ အဆင်သင့်လေ
ခင့်စေတနာ၊ ထင်ဟပ်မှာလား
ပါးပြင်နီသွေး၊ ရှက်ပူနွေးမိ။

နာရီကြည့်ကြည့်၊ မော့မိမိလေ
ထိထိလှုပ်လှုပ်၊ လက်များဆုတ်ကိုင်
ရောက်ချိန်တိုင်လို့၊ လာနိုင်ပါလည်း
မည်းမည်းမှောင်ပိတ်၊ ဟိုလမ်းထိပ်က
အရိပ်မှုန်ဝါး၊ သူလေလားလို့
ထင်မှားမိမော၊ စိတ်လည်းစောခဲ့။

လလည်းမသာ၊ ကြယ်ပြာမလင်း
ညမင်းရင့်ရော်၊ ပြန်ချိန်ကျော်ပေါ့
ရိုက်ဆော်တီးခတ်၊ အပ်ကြောင်းထပ်ပြန်၊
နာရီသံများ၊ စိတ်ချောက်ခြားမိ
ဘုရားရှေ့မှောက်၊ ဆုပန်ရောက်ရင်း
ဘေးကင်းရန်ကွာ၊ သူပြန်လာဖို့
ခါခါသက်ပြင်း၊ စိတ်ကိုတင်းရ။

သြော်... လွန်လှပြီကွယ်၊ ဘယ်ဆီရယ်လို့
ဘယ်လိုကျိုးကြောင်း၊ မပြောကောင်းလား
နှောင်းပေါ့ညစာ၊အေးစက်မာပြီ
စိတ်နာဒေါသ၊မီးတစ်စဖြစ်
ရင်ဝလှိုက်ပူ၊ ဘလောင်ဆူမိ
သူဒီလြိုဖင့်၊ မကြာသင့်လေ
ဖွင့်ဟမြည်တမ်း၊ ခင့်နှုတ်ခမ်းလည်း
ယောင်ရမ်းကိုက်ခဲ၊ သွေးချင်းရဲပေါ့။

ဟော..
ပြောရင်းဒီမှာ၊ သူပြန်လာပြီ
ခြေရာကြွကြွ၊ ပြုံးစစနဲ့
အိမ်ဝတံခါး၊ရောက်ပြီလားဟင်
စကားကွယ်ချို့၊ နှုတ်ဝဆို့ပြီ
ဘယ်သို့ဘယ်ဖြင့်၊ မပြောနှင့်စဉ်
သခင့်ရင်ထက်၊ ခေါင်းကွယ်ဝှက်ရင်း
မက်မက်ရှိုက်ငင်ငိုမိသည် ။ ။


ပန်ဒိုရာ
၂၁.၁၂.၂၀၀၅

Expand..

Saturday, May 5, 2007

ပန်ဒိုရာထပ်တက်ခြင်း

ပန်ဒိုရာထပ်တက်ခြင်း

လန့်မသွားကြပါနဲ့။ ဂစ်ဂစ်လို့ တက်တာမဟုတ်ပါဘူး။ မတက် tag ရသေးတဲ့ လူတွေ့ထားလို့ ကိုယ့် ထူးဆန်း ရူးနှမ်းတဲ့ အကြောင်းလေး တစ်ချက်နှစ်ချက် ထပ်ဖြည့်ရင်း ထပ်တက်မလို့ပါ။ (အချိန်ကျန်ပါသေးတယ်နော် အတက်ဖခင်ကြီး Tesla။)

၁၁) ပန်ဒိုရာကကြွားတတ်တယ် ဟဲဟဲ မသိမသာတမျိုး သိသိသာသာတမျိုးပေါ့။ သတိထားမိတဲ့ သူတွေက ထားမိကုန်ပြီဆိုတော့လည်း ထူးပါဘူး ဖွင့်ပြောလိုက်တာကောင်းပါတယ်။

၁၂) တွန့်လိန် ရှည်မျောမျော တွားသွားကောင်များကို အလွန်ကြောက်၊ ကိုယ့်အသားနဲ့ ထိမှာ သိပ်စိုးတာ။ လာတို့တဲ့လူ ရှိလို့ကတော့ ကမ္ဘာ့ရန်ပဲ။ ဘယ်တော့မှ ခွင့်မလွှတ်ဘူးမှတ်။

ကဲ တက်တော့မယ်နော် ။ အခုတလောမှ ရှာဖွေတွေ့ရှိထားတဲ့ ကိုရဲမွန်ပါ။ အင်မတန် စာရေးကောင်းသူပါ။

Expand..

Thursday, May 3, 2007

စင်္ကာပူရဲ့အလှအပ







© Pandora 2007
စင်္ကာပူရဲ့အလှအပပေါ့။ ဒါကတော့ ကိုယ်ရိုက်တာမဟုတ်ဘူး။ သူရိုက်ထားတာ။
swissotel ရဲ့ ၅၄ ထပ်ကပါ။


Expand..

Wednesday, May 2, 2007

ပန်ဒိုရာ၏ မွေးနေ့

ပန်ဒိုရာ၏ မွေးနေ့

ယနေ့ မေလ ၂ ရက်နေ့ သည်ကား ပန်ဒိုရာ၏ မွေးနေ့ပေတည်း။

မွေးနေ့တွင် မိခင်ဖခင် ကျေးဇူးရှင်တို့ကိုသတိရမိ၏။ ဘုရားမှ တဆင့် တိုင်တည် ကန်တော့ရမည်။ ညကျလျှင် ဖုန်းဆက်ရမည်။ မာကြောင်းသာကြောင်း ပြောရမည်။
ချစ်သူကို သတိရမိ၏။ မနေ့က ချက် ကြရင်း မွေးနေ့လက်ဆောင် တောင်းခဲ့သည်။ ဟိုတနေ့က အသစ်လဲပေးသွားသော ဖူဂျစ်ဆု လက်ပ်တော့ပ်ပဲလေ ဆိုတာကို သိပ်တော့မကျေနပ်ချင်။ ဒီလိုရောချလို့ ရရိုးလား။ တကယ်တော့ မွေးနေ့လက်ဆောင်တို့ မည်သည်မှာ ရွှေဆွဲကြိုး၊ လော့ကက်၊ စိန်လက်စွပ် သို့မဟုတ် အနည်းဆုံး အိုမီဂါ နာရီတစ်လုံး လောက်တော့ ဖြစ်သင့်သည် မဟုတ်ပါလော။
မောင်ညီမတို့ကို သတိရမိ၏။ စုန်ရေပဲရှိသည် ဆိုသည်မှာ မကောင်းပါလား။ သူတို့ဖို့ကိုသာ ၀ယ်ပေးနေရသည်။ ကိုယ့်အတွက်ကျတော့ မွေးနေ့မှာ တန်ဖိုးကြီးကြီးမားမား လောက်လောက်လားလားလေး ၀ယ်ပေးဖို့ကို အလိုက်မသိကြ။
သူငယ်ချင်းများကို သတိရမိ၏။ တစ်နှစ်တစ်နှစ် သူတို့ပေးလိုက်လျှင် ကိုယ်လိုချင်တာနှင့် တစ်ခုမှ မကိုက်။ ဒါကြောင့် ဒင်းတို့ ခုချိန်ထိ အပျိုကြီးဖြစ်နေကြတာဟု စိတ်နာနာနှင့် တွေးမိသည်။ သူငယ်ချင်း ကောင်ကလေးများ ကျတော့လည်း ကိုယ့်မှာချစ်သူရှိတဲ့ အချိန်ကစလို့ အရင်လို လှတပတ မွေးနေ့လက်ဆောင် လေးများ ပေးရမှာကို မိုးကြိုးအတောင့်လိုက် ပစ်ခံရတော့မည့်အလား ဝေါင်ဝေါင်ရှေးလို့ သတိတောင်မရကြတော့။
အခုတလော လောက ကောင်းကျိုး ဘာများဆောင်မိသလဲ ပြန်တွေးကြည့်မိသည်။ အလုပ်ထဲမှာတော့ ကြိုးစားတာပဲ။ ဘောနပ်စ်ကလေးကို မျှော်မှန်းလို့ပေါ့။ အိမ်ကို ငွေမှန်မှန်ပို့သည်။ သြော် ကိုယ်မပို့လို့ ဘယ်သူကပို့မှာတုန်း။ အင်း ဘုရားရှိခိုး ပုတီးစိပ်လည်း သိပ်မလုပ်ဖြစ်။ အလှုခံတွေလည်း မထည့်မိ။ ထီတော့ထိုးဖြစ်သား။ သံရုံးလည်း အခွန်ဆောင်ပြီးပြီ။ စဉ်းစားပါဦးလေ.. အများ အကျိုးဆောင်တာမျိုးလေး။ အဲ.. မှတ်မိပြီ.. ဘလော့ဂ်တစ်ခု တင်ထားသည်။ ခါးနာပြီး လမ်းမလျှောက်နိုင်သည့် ကြားထဲကပင် အများပျော်ရွှင်နိုင်အောင် ပို့စ်တွေ ကြိုးစားပမ်းစား တင်ခဲ့သည်။ ဒါလောက်ဆို ငါ့ကို မေမေ မွေးရကျိုးနပ်ပါပြီဟု ကျေနပ်မိလေသည်။

Expand..