Saturday, June 16, 2007

မိုးရေစက်တွေနဲ့အတူ Happy Birthday Nyimalay!

မိုးရေစက်တွေနဲ့အတူ Happy Birthday Nyimalay!

မိုးတွေ ရွာနေတယ် ညီမလေးရေ..
ဒီလိုမိုးတွေ ရွာတော့
ဟိုး လွန်ခဲ့တဲ့ ၂၃ နှစ်က ဇွန်လ ၁၇ ရက်နေ့
မိုးတွေသည်းသည်း ရွာနေတဲ့ နံနက်ခင်းတစ်ခုကို သတိရတာပေါ့ကွယ်…


ညီမလေး သိလား.. အဲဒီမနက်ကလည်း ခုလိုပဲ မိုးတွေ ရွာနေတယ်လေ..
မိုးရေစက်တွေနဲ့အတူ လူ့လောက ကြီးထဲကို ရောက်လာတာကတော့
ဟောဒီ က ကိုယ်တို့ အချစ်ရဆုံး အငယ်ဆုံး ညီမလေးရယ်ပေါ့
အဲဒီနှစ်က မိုးဦးကျ စောတယ်ထင်တယ်..မိုးအဆက်မပြတ်ရွာတယ်
မေမေလည်း ဆေးရုံတောင် မသွားနိုင်ဘူး
ဖေဖေတာဝန်ကျတဲ့နယ်မြို့လေး တစ်မြို့ရဲ့ အိမ်မှာပဲ ညီမလေးကို မွေးခဲ့တယ်..
မှတ်မိသေးတယ် ညီမလေးရေ…
ကိုယ်တို့ အကြီးသုံးယောက် စိတ်တွေလှုပ်ရှားနေကြတာ
ကလေးတွေ အခန်းထဲ မ၀င်ရဆိုတော့ .. အပြင်မှာ ထိုင်လိုက်ထလိုက်…
ကလေးလေးဆိုတာ ဘယ်လိုမွေးလာမလဲ သိလည်းသိချင်…
အဲဒီ အချိန်မှာ မွေးပြီ မွေးပြီ ဆိုတဲ့ အဘွားရဲ့အသံ အူဝဲ အူဝဲ ဆိုတဲ့ ကလေးငိုသံ
ကြားလိုက်ရချင်း ဖြတ်ခနဲဆို တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့
မနက် ၇ နာရီထိုးဖို့ ၅ မိနစ်အလိုပေါ့
မမ သေသေချာချာ မှတ်ထားလိုက်တာပေါ့ ညီမလေးရယ်
အင်း..ညီမလေးကို အိမ်မှာလာမွေးပေးခဲ့တဲ့ ဆရာဝန်ကြီးကတော့
နောင်တချိန်မှာ အေးအေးငြိမ်း အိအိငြိမ်း ဆိုတဲ့ ရင်ချင်းဆက် အမွှာလေးတွေကို
ခဲရာခဲဆစ်ကြားက အောင်အောင်မြင်မြင် မွေးပေးနိုင်ခဲ့တဲ့ ဆရာဝန်ကြီးပေါ့…
ညီမလေးတော်တော်ကြီးတဲ့အထိ သူက ညီမလေးကို ဘေဘီလေး လို့ခေါ်တယ်သိလား…

ကလေးပေါက်စ နီတာရဲလေးကိုကြည့်ပြီး ကိုယ်တို့ မောင်နှမတွေ အူယားနေကြတယ်
ကိုင်လည်း ကိုင်ချင်.. ထိလည်း မထိရဲ…
သူနာပြုဆရာမလေးက ညီမလေးကို ရေချိုးပေးတာ အချိန်ကြာသွားလို့တဲ့
မွေးမွေးချင်းမှာ ညီမလေး နှာစေးပါလေရော
နှုတ်ခမ်းလေးကလည်း ပြာလို့
အမယ် မောင်လေးက မပီကလာ ပြောသေးတယ်
မေမေ.. ညီမလေး နှုတ်ခမ်းလေးက ပန်းခရမ်းရောင်လေးနော် တဲ့..
အားလုံး ၀ိုင်းရယ်ကြတာပေါ့..
အဲဒီတုန်းကတော့ ပြောင်းဖူးစေ့လေးတွေနဲ့ တူတယ် လို့ တို့တွေ တင်စားပြောကြတဲ့
ခြေချောင်းလေးတွေ ပိုင်ရှင်ညီမလေးဟာ..
အခုလို.. အရပ် ၅ ပေ ၅လက်မသာသာ ပိန်ရှည်ရှည် ကောင်မလေးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်ထင်ခဲ့ကြမလဲနော်…

ညီမလေးဆံပင်လေးတွေက အရမ်းပျော့စင်းပြီး ပါးပါးလေး
ပြီးတော့ အညိုရောင်.. အနက်လည်းမဟုတ်ဘူး.
တနင်္ဂနွေသမီးလေးဟာ ဆံပင်ဖြောင့် လူလည်းဖြောင့်တော့
ကဲ.. ခန့်မှန်းကြည့်လို့ရပါပြီ…
ဆောင့်အောင့် စိတ်ကောက်တတ်တဲ့ ကလေးမလေးပေါ့
စိတ်ကောက်အောင်လည်း အကိုနှစ်ယောက်က မရိုးနိုင်အောင်စတာကိုး
ကဲ .. ဒီလိုပြောတာကြားတော့ ညီမလေးက ထပ်စိတ်ကောက်ဦးမယ်
ညီမလေးကို မေမေက ကလေးဘ၀ကတည်းက ဆံပင်အရှည်ထားပေးတယ်နော်..
ကလေးလေးဖြစ်ပြီးတော့ ကျောလည်လောက်ဖြောင့်စင်းနေတဲ့ ဆံပင်ညိုညိုနဲ့
အသားဖြူဖြူ မျက်လုံးပြူးဝိုင်းဝိုင်း နှုတ်ခမ်းပါးလေးနဲ့ ညီမလေးဟာ
ဘယ်ကိုရောက်ရောက် လူတွေစိတ်ဝင်စားတာခံရတယ်
အင်္ဂလိပ်မလေးနဲ့တူတယ်.. ဘိုမရုပ်လေးနဲ့တူတယ်လို့ ပြောကြတယ်နော်
မမကတော့ ချစ်တဲ့ မျက်စိနဲ့ကြည့်တော့ အကောင်းတွေပဲပြောနေမိပြီထင်တယ်…

ပိန်သွယ်ပါးလျားလွန်းတဲ့ ညီမလေးကို အငယ်ဆုံးလေးလည်းဖြစ်တော့
ကျောင်းစာမှာ အရမ်းကြိုးစားအောင် ပထမရမှ ဖြစ်မယ်ဆိုတာမျိုး
ဖေဖေ မေမေတို့က အတင်း မကြပ်မတ်ဘူး
ဒါပေမယ့် ညီမလေးက ပထမ မဟုတ်တောင် အမြဲတမ်း ဆုတွေ ရခဲ့ပါတယ်..
တချို့လူတွေက အလိုက်ကန်းဆိုးမသိ ပြောကြတယ်..
သူ့အစ်မလောက်တော့ မထက်ဘူးနော်တို့ မတော်ဘူးနော် တို့..
ညီမလေး မျက်နှာညိုးသွားခဲ့သလားကွယ်
လောင်းရိပ် ဆိုတာများလား လို့ ကိုယ်တခါတခါစဉ်းစားမိတယ်
အင်း… ညီမလေး မွေးလာခါစက ကိုယ်တော်တော် စိတ်ကူးယဉ်ခဲ့တယ်
ညီမလေးကို အတော်ဆုံး အကောင်းဆုံးဖြစ်စေရမယ်..
ဘယ်လိုသင်ပေးမယ်.. ဘယ်လို လမ်းညွှန်ပေးမယ်..
တကယ့်တကယ်ကျတော့ ညီမလေး အသက် ၈ နှစ်လောက်ကတည်းက
ကိုယ်အိမ်မှာ ကောင်းကောင်းမနေခဲ့ရတော့ဘူးလေ
မမကို သိပ်တွယ်တာတဲ့ ညီမလေးကို နွေးထွေးမှုတွေ ဘယ်လောက်ပေးနိုင်ခဲ့လို့လဲ
ဘာတွေများ အနီးကပ် သင်ကြား လမ်းပြခဲ့ရလို့လဲကွယ်…
ဒါပေမယ့် ညီမလေးကကိုယ်ပိုင် သီးသန့်ပုံစံတစ်ခုနဲ့
လိမ္မာခဲ့ပါတယ်… တာဝန်ကျေခဲ့ပါတယ်…
ဖေဖေ မေမေအနားမှာနေပြီး အိမ်ရဲ့ဆည်းလည်းလေး ဖြစ်ခဲ့တယ်..
မကြာခင် ပိုပြီး ထပ်ဆင့်မြင့်မားတဲ့ ပညာတွေ
သင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်မိတယ်ကွယ်
အင်း.. အိမ်မှာတော့ ဆည်းလည်းလေးမရှိရင် ပျင်းကျန်ခဲ့ကြမှာကိုလည်း စိုးရိမ်မိသေးတယ်….

ညီမလေးရယ်…
လမ်းဆိုတာ စဖောက်သူအတွက်တော့..
ဆူးတွေလည်းတိုးရ.. ခြုံတွေလည်းခုတ်ရ..
ဒါဏ်ရာတွေလည်းရ.. မျက်ရည်တွေလည်းကျပေါ့ကွယ်
အတွေ့အကြုံရခြင်းဆိုတာ နာကျင်ခြင်းတွေ ရောထွေးနေတတ်ပါတယ်..
ချစ်တဲ့ညီမလေးတို့ကိုတော့  နာကျင်ခြင်းဆိုတာတွေ မကြုံတွေ့စေချင်ပဲ
လမ်းဖြောင့်ဖြောင့်တစ်ခုမှာ မပင်မပန်း လျှောက်စေချင်တာပေါ့နော်
ညီမလေးရှိနေခြင်းဟာလည်း ကိုယ့်အတွက် အဓိပ္ပါယ်တွေ ပြည့်ဝစေတယ်
ကိုယ့်ကို ချစ်ခင်စွာ အထင်တကြီးနဲ့
ကိုယ်လုပ်သမျှအကောင်းမြင်နေတဲ့ညီမလေးကြောင့်
ဘာပဲဖြစ်ဖြစ် တစ်ခုခု မိုက်မိုက်မဲမဲ ဆုံးဖြတ်ခါနီးမှာ ညီမလေး ဆိုတဲ့မျက်နှာနဲ့..
ပြန်လည်တည့်မတ်ခဲ့ရတဲ့ အချိန်တွေ.. ရှိခဲ့ရတာပေါ့..
အဲဒီအတွက် ညီမလေးဆိုတဲ့ မိုးစက်ကလေးဟာ
ကိုယ့်ကို အေးမြစေခဲ့ပါတယ်..

မိုးတွေကတော့ ရွာနေတုန်းပဲ ညီမလေးရေ..
ညီမလေးရဲ့အတူ မွေးဖွားဖက် မိုးစက်ကလေးတွေ အကြောင်း
သိနားလည်ဖို့လိုတယ်ကွယ်
လောကကြီးက မိုးနဲ့ တူတယ်လို့ ထင်မိတယ်
မိုးဆိုတာ ကောင်းကင်နဲ့မြေပြင်တို့ရဲ့ ခွန်အားတွေနဲ့
လှပစွာ ပေါင်းစပ် ဖန်ဆင်းထားတဲ့ အနုပညာတစ်ရပ်ပေါ့
အကျိုးပြုသလို အကျိုးကိုလည်းပျက်စေတတ်တယ်
မိုးရိပ်ရောင် ဟိုတောင်က ညိုမလိုနဲ့ အသံမြည်ခြိမ်းပြီးမှ မရွာပဲနေတတ်တယ်
မရွယ်ပဲ တစ်ခါတည်း ဖြုန်းခနဲ သည်းသည်းမည်းမည်းလည်း ရွာတတ်တယ်
ကြောက်စရာ ထစ်ချုန်းလို့ လျှပ်စီးတလက်လက်နဲ့လည်း အုန်းအုန်းချတတ်တယ်
တစ်ခါရွာမိရင် မစဲပဲ တစိမ့်စိမ့်နဲ့ လွမ်းစရာ စွေနေတတ်တယ်
ရွာချင်တဲ့နေရာမှ ကွင်းကွက်လို့ ကွက်ကျားမိုးလည်းရွာတတ်တယ်
ကံဆိုးသူတွေနောက်မှ ကောက်ကောက်ပါအောင်လည်း လိုက်တတ်တယ်
မိုးအုံ့တဲ့ မပွင့်မလင်း ညနေခင်းတွေက ဖြားယောင်းတတ်တယ်
လောကကြီးက မာယာတွေများလွန်းတယ်
လောကကြီးအကြောင်းကို
တို့တွေ သင်ယူရဦးမယ်ကွယ်…

ချစ်ရတဲ့ညီမလေး
ဇွန်လ ၁၇ ရက်နေ့မှာကျရောက်တဲ့
၂၃ နှစ်မြောက် မွေးနေ့မှသည်
သက်ရှည်ကျန်းမာ ပျော်ရွှင်စွာနဲ့
ချစ်တဲ့သူများနဲ့ မခွဲမခွာနေရပြီး
ညီမလေးလိုလားတဲ့ အောင်မြင်မှုပန်းတိုင်ကို
အရောက်လှမ်းနိုင်တဲ့
ပညာပြည့်ဝ နှလုံးလှသူလေး ဖြစ်ပါစေလို့
အဝေးရောက် မိုးရေစက်တွေနဲ့အတူ
မမ ဆုတောင်းလိုက်ပါတယ်..

ချစ်တဲ့မမ
ပန်ဒိုရာ

မိုးရွာရင် ဘာလုပ်လဲဆိုတဲ့ tag game လေးတစ်ခုပါ။
ကိုယ့်ကို တက်ထားတဲ့သူကတော့ မယ်မောင် ပေါ့။ ကိုယ်ရေးတာကတော့ ရေးစေချင်တာနဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မယ်။
နောက်ထပ် တက်ချင်သူများကတော့…

ခရီရေတာ
ကဒေါင်းညင်သာ
ပုံရိပ်

12 comments:

ပုံရိပ် / Pon Yate said...

မပန်က ဒီလိုတော့လည်း နုနုဖြော့ဖြော့ ရေးတတ်သား…ဟီးဟီး။ ကျွန်မ tag လုပ်ခံရတော့ မပန်လိုရေး ရမှာလား။ ဒါဆိုရင်တော့ စဉ်းစားရဦးမယ်။

(တေးမွန်) said...

ပန်ဒိုရာကြီးဗျာ.. ဒီလောက်ရက်စက်မယ်လို့ အထင်ခဲ့ဝူ..
၈နှစ်သမီးကတည်းက ညီမလေးနဲ့ ခွဲ ခဲ့တာတဲ့..

သနားပါတယ်။

ဟေ..ဟေးး

~^&^~

Anonymous said...

အကို၂ယောက်နဲ့ ဒီလောက်ချစ်တဲ့ အမ ရှိတဲ့.. ကံကောင်းလှတဲ့ မပန်ညီမလေးတွက်.. ဒီကနေပဲ မွေးနေ့ဆုမွန်ကောင်း ပေးလိုက်ပါတယ်ရှင် ။

စိုးထက် - Soe Htet ! said...

A good Birthday present to your sister. Tomorrow is my birthday of 33. But my parents told me there was no rain while I was born. Whatsoever it is, this birthday present is great and meaningful to read.

Tesla said...

ညီမလေးရေ ပျော်ရွှင်ဖွယ် မွှေးနေ့ဖြစ်ပါစေ.. ကဲကြည့် အမကြီးပန်က နုတ်ခန်းရွဲ့ မျက်မှောင်ကျူတ်ပြီး မျက်စောင်းက ထိုးပြန်ပြီ- ရိုးရိုးသားသား ဆုတောင်းပေးတဲ့ဟာကို- ဟွန်း-
(ဟိ မသိမသာ အမလို့ ခေါ်လိုက်ရတာ အရတာ ချိတာ :P )

pandora said...

ညီမလေး မွေးနေ့မှာ ဆုတောင်းသူများ မှတ်ချက်ရေးသွားသူများကို ကျေးဇူးအထူးတင်ပါကြောင်း..
အမလို့ မရိုးသားသော ရည်ရွယ်ချက်ဖြင့်ခေါ်ပါက ကျေးဇူးမတင်ပါကြောင်း။

ကိုဖြိုး said...

မိုးရွာနေလားလာကြည့်တာ

ပေါက်ပေါက်ဆုပ် said...

ညီမလေးကိုတော်တော်ချစ်တာပဲ
အလိုအမမျိုးရှိတာတော်တော်ကံကောင်းတာပဲ :)

Unknown said...

ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ ညီမလေးရေ။ ကျေးဇူးမတင်ချင်လည်းနေ၊ ကျေးဇူးအတင်ခံချင်လို့ လာဆုတောင်းပေးတာမှ မဟုတ်ပဲ။ ဘာပဲဖြစ်ဖြစ် အမပဲ။

pandora said...

ကိုဖြိုး.. ဟုတ်တယ် မိုးတွေကတော့ ရွာနေတုန်းပဲလေ.. ဟဲ..
ပေါက်ပေါက်ဆုပ်.. ကန်စွန်းရွက် မပါဘူးလား.. ဟဲဟဲ.. ကိုယ်ကလည်း ညီမလေးရတာ ကံကောင်းပါတယ်
ဇင်ကိုလတ်.. အင်းး..ကျေးဇူးတင်ခံချင်လို့ မဟုတ်ဘူးဆိုလို့ ကျေးဇူးတင်လိုက်ပါပြီ.. လက်ဆောင်လေးပါရင်တော့ ပိုကောင်းမယ်ဟာ..

Unknown said...

အော်..တိုက်ဆိုင်လိုက်တာနော်..တနင်္ဂနွေ ဆံပင်ဖြောင့် အသားဖြူ ပိန်ပြားပြား စိတ်ကောက်တာဒင်မကပဲ.. မပန်ညီမက ဇွန်၁၇..အပ်မိန်ညီမက မေ၂၁..မေထုန်ရာသီဖွားချင်းလဲ လာတူနေဒယ်.. မပန်ရဲ့ ညီမလေးပေါ်ထားတဲ့ ခံစားချက်နဲ့ ထူးထူးခြားခြား လာတူနေလို့ ဖတ်ရင်း မျက်ရည်တောင်ဝဲတွားဒယ်..မပန်ရယ်..

Unknown said...

စဓဗဝပေါ့ကွာ