Wednesday, September 19, 2007

သိုက်မြုံကိုခွာရတဲ့ သိင်္ဂါရငှက်တို့အကြောင်း

သိုက်မြုံကိုခွာရတဲ့ သိင်္ဂါရငှက်တို့အကြောင်း

ယဉ်ကျေးသိမ်မွေ့တဲ့ အသည်းနှလုံးတွေဟာ
ကြင်နာတတ်တဲ့ ရင်ခွင်မှာသာ တည်သင့်တယ်
ကံကြမ္မာက ဗိုလ်ကျချင်သူတစ်စုကို
အနှစ်လေးဆယ်ကျော် ဖေးမနေခဲ့တယ်
အဲဒီကစ အလွဲကြီးလွဲခဲ့တယ်..
တကယ်တော့ ကဗျာရေးဖို့ မွေးဖွားလာခဲ့
တေးချင်းတွေသာ သီကျုးချင်ခဲ့
ခေါင်းလောင်းသံတွေလှတဲ့ မြကျွန်းမှာသာပျော်မွေ့ချင်ခဲ့
နူးညံ့သူမို့ ကဗျာကိုမြင်တယ်
ကဗျာကိုမြင်သူမို့ ရိုးသားမှုကိုမြင်တယ်
ရိုးသားမှုကိုမြင်သူမို့ အမှန်တရားကိုမြင်တယ်
ခေါင်းလောင်းသံတွေ အက်ကွဲလို့
အနှစ်မဲ့လာတဲ့ ဒီတောအုပ်ထဲ
ဆူးပင်တွေ တောထ မင်းမူ နေတာ မြင်မိတော့
ကဗျာတေးသီသံ မချိုနိုင်တော့ဘူး
သားသတ်သမားရှေ့ လည်စင်းပေးတဲ့အထိလည်း
မယဉ်ကျေးနိုင်တော့ဘူး
ချွေးစက်တောက်တောက်နဲ့
မျက်ရည်ပေါက်ကြီးငယ်တွေ
လှိုင်းတံပိုးထလို့ အုံကြွ
ရဲရဲပွက် အိုင်ထွန်းသွားရတဲ့အခါ
နူးညံ့တဲ့အရေခွံကိုခွာချဖို့
ခေတ်က တောင်းဆိုလာတယ်
အကြေးခွံမာတစ်ခုကို တင်းတင်းပတ်လိုက်တော့
အခုအချိန်အထိ အမေနဲ့ မတွေ့ရတော့ဘူး
ညီမလေးနဲ့ မတွေ့ရတော့ဘူး
သူငယ်ချင်းတွေနဲ့ မတွေ့ရတော့ဘူး
ချစ်သူနဲ့ မ တွေ့ ရ တော့ ဘူး
မ - တွေ့ - ရ - တော့ - ဘူး
...... ပြီးရင် ပြန်လာခဲ့နော် ..တဲ့
ထုံးဖြူဖြူစေတီတွေက
ဆည်းလည်းသံတချွင်ချွင်ရယ်
သနပ်ခါးနံ့သင်းသင်းရယ်
သူချစ်တဲ့ ၀ါထိန်ထိန်ပိတောက်တွေရယ်
ပိုင်ရှင်မဲ့ဂစ်တာအိုတစ်လက်ရယ်
နူးညံ့တဲ့ ကလောင်တစ်ချောင်းရယ်
စောင့် နေ တုန်း ကွယ်..။

ပန်ဒိုရာ

(သူတို့တွေအတွက် ခံစားရေးဖွဲ့မိပါသည်။)

16 comments:

(တေးမွန်) said...

ပထမဆုံးပဲဖတ်တွားတယ်.. နာကျင်သွားတယ်.. သူတို့ အတွက်ကော..ဘာမှမတက်နိုင်သေးတဲ့ ကိုယ်အတွက်ကော


နတ်ဆိုး

ညီညီ(သံလွင်) said...

“နူးညံ့တဲ့အရေခွံကိုခွာချဖို့
ခေတ်က တောင်းဆိုလာတယ်”

အဲဒီ စာကြောင်းလေး အကြိုက်ဆုံးပဲ.. ဟုတ်တယ် ခေတ်က တောင်းဆိုလာတဲ့အခါ နူးညံ့မှုတွေ မာကျောလာတတ်တာပဲ

Anonymous said...

မပန်.. နင့်ကနဲ ခံစားသွားပါတယ် ။

ဂျစ် ဝေမျှတဲ့ မှောင်ဝင်ပန်းချီကား ဆောင်းပါးအောက်မှာ နွေဦးတေး ဆိုသူက ခုလို ရေးခဲ့ပါတယ် ..

spring (နွေဦးတေး)
ဂျစ်... သေကွဲရှင်ကွဲပေါင်းများစွာရဲ့ကြားမှာ ကျနော်တို့ပုဂ္ဂိုလ်ရေးဘ၀တွေရှိကြတယ်။ ဒါကို ကျနော့်အနေနဲ့ဆိုရင် ပေးဆပ်တယ်လို့ မသတ်မှတ်ချင်ပါဘူး။ ပေးဆပ်တယ်ဆိုတဲ့စကားရဲ့နောက်မှာ မျှော်လင့်မှုတခုခုကပ်ပါနေတယ်လို့ ခံစားရလို့ပါ။ ပြည်သူ့အတွက် ကွက်လပ်ဖြည့်နေတယ်လို့ပဲ ဆိုပါရစေ။

Anonymous said...

ငိုချင်လာတယ် မပန်။

Anonymous said...

...... ပြီးရင် ပြန်လာခဲ့နော် ..တဲ့…ဆွေးဆွေးမြေ့ မြေ့ ..ထိသွားတယ်….
မြကျွန်းသာ ဆိုတဲ့စကားလုံး မြင်လိုက် ရတိုင်း..စာဆက်မဖတ်နိုင်လောက်အောင်..ကွန်းခိုခဲ့ ရာနေရာတွေ ကို သတိရ..ရသွားတယ်…တကယ့်ကို အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေ၊ အနုပညာသမားတွေ မွေးထုတ်ခဲ့ရာနယ်မြေဖြစ်ခဲ့ဖူးတယ်လေ.

ချစ်ခြင်းတွေ လဲ
ခေတ်တွေ၊စနစ်တွေထဲ စတေးခဲ့ရတယ်…

အဆောင်ရှေ့အင်းလျားမြေ…
စောင့်နေတဲ့ကလောင်တွေ..
ဂစ်တာ ကြိုးညှိမယ့်လက်ချောင်းတွေ
ခေတ်တွေထပ်မလင့်စေ ဖို့ 
မြကျွန်းညိုညို ပြန်လည်စိုပြေ ဖို့ ……..

Layma said...

သူတို့ တွေ အတွက်ရေးတဲ့ ကဗျာကို သမီးတို့တွေတော့heart ထိသွားတယ်.....။

ခင်မင်းဇော် said...

ပန်ပန်..
ငိုချင်တယ်.....

မေငြိမ်း said...

တကယ် မြင်ပေးတဲ့ ကိုယ်ချင်းစာစိတ်ကလေးကို လေးစားတယ်..။ အဲဒီနှစ်တွေထဲ... ဆုံးရှုံးခဲ့တာ တွေ.. ဘာနဲ့မှ ပြန်ပေးချေလို့မရ..။ အမှန်ဝန်ခံရရင် ခုထိတော့ တရားခံတွေကို သင်ပုန်းမချေနိုင်ပါ..။

pandora said...

20 Sep 07, 05:22
WL: လူတိုင်း သိင်္ဂါရငှက်တွေချည့်။ မုန်တိုင်းကို တေးသံနဲ့ အံတုခဲ့ကြ။ ကိုယ်သီတဲ့တေးဟာ ကိုယ့်အသိုက်အမြုံပေါ့။ ယုတ္တိဗေဒတွေတော့ မလွဲကြေးပေါ့ ပန်ဒိုရာ။ ကျန်းမာပါစေ

မောင်ဖြူ said...

မြကျွန်းညိုညို
ကွန်းခိုရာတက္ကသိုလ်မှာဆို
စာပေဂီတနဲ့သာ
အနုပညာ~~~~~~
သိင်္ဂါရငှက်တို့ရဲ့
နေညိုညိုအိပ်တန်းပြန်လာမယ့်
တောင်ပံခတ်သံတွေကို နားစွင့်လျက်...

မြင့်ဇေ said...

ပန်ဒိုရာရေ

လတ်တလောအဖြစ်အပျက်တွေကြောင့် ဒီကဗျာကို ခုမှ ဖတ်ဖြစ်တယ်။ ကှေးဇူးတင်တယ်။

ထုံးဖြူဖြူ စေတီတွေလည်း
ဒီတခေတ်ညှိုးတဲ့အချိန်မှာ
လွမ်းစေတီတွေဖြစ် နေမှာ အသေအချာပါ။

ဖိုးဇေ

pandora said...

အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ခေတ်ကတောင်းဆိုလာရင် နူးညံ့တဲ့ သိင်္ဂါရငှက်တွေဟာ မီးပုံထဲက ပြန်ရှင်သန်လာတဲ့ ဖီးနစ်ငှက်တွေလို မာကျော ပြင်းရှ သွားတတ်ပါတယ်။

thamudayanwe said...

ရင်ထဲမှာ....ထိသွားပါတယ်..

Anonymous said...

really sorry to read this poem.
i miss my home land, i miss the smell of Tha-net-khar, i miss pagodas, i miss Padauk flower, i miss my old guitar ... and i miss everything that i left ...
oh dear ... i'm tearing now .... ;(

anyway ... thank you very much for your poem.

Anonymous said...

XQSn0B actually, that's brilliant. Thank you. I'm going to pass that on to a couple of people.

Anonymous said...

Good job!