Wednesday, January 2, 2008

မင်္ဂလာနှစ်သစ် ၂၀၀၈

ပန်ဒိုရာရဲ့ဘလော့ဂ်ကို လာဖတ်ကြသော မိတ်ဆွေများ အားလုံးကို မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်ပါတယ်။ အကြောင်းကြောင်းကြောင့် မအားလပ်လို့ ဆီပုံးခဏဖြုတ်ထားပြီး ကွန်မန့်တွေကိုလည်း မပြန်ဖြစ်သေးတာကို အရမ်းအားနာမိပါတယ်။ မကြာခင် အဆင်ပြေသွားမှာပါ။


၂၀၀၈ရောက်ပြီ။ လမ်းပေါ်မှာ ပျော်ရွှင်အော်ဟစ်သံတွေ ကြားနေရတယ်။ ပုံရိပ်တွေ အတော်များများ ပြန်မြင်တယ်။ နှစ်သစ်ကူးချိန် အတော်များများမှာ ဘာရယ်လို့အမှတ်မထားပဲ အိပ်ပျော်နေတဲ့ ကလေးမလေး တစ်ယောက်။ အတူတူ ညစာစားကြ အော်ဟစ်ကြ တိုက်ခန်းတစ်ခန်းမှာ အတူစုအိပ်ကြတဲ့ နှစ်တချို့ကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတစု။ ဘယ်လိုလဲ လို့ သူငယ်ချင်းတွေက မေးမေးနေတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်။ တစ်ခုသော ဒီဇင်ဘာ ၃၁ မှာတော့ သူငယ်ချင်းတွေနဲ့ အတူရှိနေချိန် ဂဏန်းတွေ နောက်ပြန်ရေတွက်ပြီးပြီးချင်း မထင်မှတ်တဲ့ အပြုအမူတစ်ခုကို ကောင်လေးက လုပ်လိုက်ခဲ့။ သူငယ်ချင်းတွေလည်း အံသြလို့။ ကောင်မလေးလည်း အံ့သြရှက်ရွံ့ပျော်ရွှင်။ အဲဒီနေ့ကစပြီး သူတို့နှစ်ယောက်ဟာ…။

ဘလော့ဂ်ပို့စ်တွေ အသစ်တက်လာရင် ပို့စ်အဟောင်းတွေက စာမျက်နှာဟောင်းထဲ ၀င်ဝင်သွားသလိုပဲ တစ်နှစ်တစ်နှစ်နဲ့ အချိန်တွေ ကုန်သွားတာ မြန်လွန်းလှတယ်။ အချိန်ဆိုတာ ရေတွက်ပုံ သက်သက်ထက် ပိုလေးနက်တဲ့ အရာတစ်ခုတော့ ဖြစ်သင့်တာပေါ့။ ကိုယ့်ထက် အသက် ၁၀ နှစ်လောက် ငယ်တဲ့ သူငယ်ချင်းကလေး တစ်ယောက်ကို (စိတ်ပေါက်ပေါက်နဲ့) ပြောခဲ့ဖူးတယ်။ မင်းထက် ၁၀ နှစ် ပိုကြီးတယ်ဆိုတာ ထမင်း ၁၀ နှစ် စောစားခဲ့ဖို့အတွက် သက်သက်တော့ မဟုတ်ဘူး.. လို့။

နှစ်သစ်ရောက်တိုင်းမှာ သေချာတာက အရေအတွက်အရ အသက်တစ်နှစ်တော့ ကြီးပြီ။ ဒီနှစ် ပန်ဒိုရာ ဖြစ်ခြင်းဟာ မနှစ်က ပန်ဒိုရာဖြစ်ခြင်းထက် ဘယ်လိုအဓိပ္ပာယ် ပိုထူးခြားလာမှာပါလိမ့်။ မြစ်ရေ ၂ခါ မစီးဆင်းဘူး ဆိုတာမျိုးဆန်ဆန် တဒင်္ဂငယ်ချင်း မတူရုံနဲ့တော့ အသစ်လို့မခေါ်ချင်။ ကိုယ်လိုချင်တဲ့ (လိုချင်ခဲ့ရင်) သစ်လွင်လတ်ဆတ်ခြင်း နဲ့ တိုးတက်ပြောင်းလဲခြင်းရနံ့တို့ထုံသင်းနေတဲ့ တကယ့်နှစ်အသစ်ကို ငုံဖူးလာစေဖို့ဆိုရင်တော့….

“၂၀၀၈ရဲ့ အဓိပ္ပာယ် ကို ရှာ…”

၁၀-၉-၈-၇-၆-၅-၄-၃-၂-၁
နှစ်တစ်ခုအသစ်ကူးပြီ လို့လူတွေအော်ဟစ်နေကြ
ငါ့ဘ၀အဟောင်းကတော့ သက်ပြင်းချတယ်
ဦးတည်ချက်နဲ့အရွေ့မှမရှိရင်
လူ့ဘ၀မှာနေနေတယ်လို့တောင်မဆိုနိုင်
ဖြစ်တည်မှုသက်သက်သာ
ကျောက်တုံးတစ်တုံး
သစ်ပင်တစ်ပင်
မြေဖြူတစ်ခဲ
စားပွဲတစ်လုံး
ဓာတ်ပြားတစ်ချပ်… စသည်
ငါပိုင်ဆိုင်တာ ဖြစ်တည်ရုံလား ဘ၀လား။

ကြိုက်သလို တန်ဆာဆင်နိုင်တယ်
ဘ၀ကို ကြိုက်သလို တန်ဆာဆင်နိုင်တယ်
ကိန်းဂဏန်းတွေပုံနှိပ်ထားတဲ့ စက္ကူတွေနဲ့ဆင်ယင်မလား
ဘယ်တော့မှနောင်တမရတဲ့ အကျင့်တွေနဲ့လား
ကွန်ပျူတာရှေ့ တစ်နေ့ကို ၁၂ နာရီထိုင်ရင်းလား
ကိုယ့်သဘောကိုယ်ဆောင်ပါ
အသစ် အသစ် အသစ် ကူးချိန်မှာ
မေ့လျော့စေတဲ့ဟိုအရည်ထဲ စိမ်တာလည်းစိမ်
ဂဏန်းတွေနောက်ပြန်ဆုတ် ရေတာလည်းရေပေါ့
ကိုယ့်တန်ဖိုးတော့ ဆုတ်မလာစေဖို့ သတိထားရသေး။

ပန်ဒိုရာ


11 comments:

ညီညီ(သံလွင်) said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ မပန်

ကိုပေါ said...

စိမ် ဖြစ်သေးတယ်။ နှစ်သစ်က စလို့ ကျန်မာပျော်ရွှင်ပါစေဗျိုး။

Chaos said...

မပန်ရေ
ကဗျာလေးရေးထားတာ တအားလှတယ်
မပန်တစ်ယောက် ပျော်ရွှင်နိုင်ပါစေနော်

တန်ခူး said...

သစ်လွင်လတ်ဆတ်တဲ့ 2008ပန်ဒိုရာရဲ့လက်ရာတွေကို မျှော်လင့်ရင်း နှစ်သစ်မှာ ရင်ခုန်သံတွေချိုမြပါစေလို့

မျှားပြာ said...

မပန် အဆင်ပြေပါစေဗျာ။

အောင်သူ said...

မပန်ရေ မင်္ဂလာပါ။

ဆောင်းယွန်းလ said...

ဘလော့ဂ်ပို့စ်တွေ အသစ်တက်လာရင် ပို့စ်အဟောင်းတွေက စာမျက်နှာဟောင်းထဲ ၀င်ဝင်သွားသလိုပဲ တစ်နှစ်တစ်နှစ်နဲ့ အချိန်တွေ ကုန်သွားတာ မြန်လွန်းလှတယ်။ အချိန်ဆိုတာ ရေတွက်ပုံ သက်သက်ထက် ပိုလေးနက်တဲ့ အရာတစ်ခုတော့ ဖြစ်သင့်တာပေါ့။ ကိုယ့်ထက် အသက် ၁၀ နှစ်လောက် ငယ်တဲ့ သူငယ်ချင်းကလေး တစ်ယောက်ကို (စိတ်ပေါက်ပေါက်နဲ့) ပြောခဲ့ဖူးတယ်။ မင်းထက် ၁၀ နှစ် ပိုကြီးတယ်ဆိုတာ ထမင်း ၁၀ နှစ် စောစားခဲ့ဖို့အတွက် သက်သက်တော့ မဟုတ်ဘူး.. လို့။
အတွေးအခေါ်လေးကကောင်းတယ်ဗျာ.နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေမပန်ရေ

ZawZaw said...

ခုမှဘဲ လာနှုတ်ဆက် ဖြစ်တယ် မပန်ရေ- နှစ်သစ်မှာ အောင်မြင် မှုတွေ ပိုင်ဆိုင် ပျော်ရွှင်စွာရရှိ ပြီးဖြတ် သန်းနိုင် ပါစေဗျာ။

ထွန်း said...

ဟယ်ရီဒိုရာရေ..ဆက်သွယ်ချင်တယ် ဘယ်ဘလော့ကာ ကနေ တဆင့် ဆက်သွယ်ရမလဲလို့ သိပါရစေ။

Kaung Kin Ko said...

မပန်ကလဲ မေ့လျော့စေတဲ့ဟိုအရည်ထဲ စိမ်တာကိုး။ :-D ဟီးဟီး။ နောက်တာ။
ကဗျာပြန်ရေးတာဖတ်ရလို့ ဝမ်းသာပါတယ်။ ကဗျာလေးကြိုက်တယ်ဗျို့ ။ တစ်ခါတစ်ရံလည်း ကျောက်တုံးတွေလို့ ခံစားချက်မဲ့မဲ့နဲ့ ဖြစ်တည်ချင်တယ်ဗျာ။ ငိုရတာတွေများလို့ ။

nu-san said...

မပန်ဆီမှာ New Year Wish ထားခဲ့ပြီ အောက်မေ့တာ.. အခုပြန်ကြည့်တော့ ရေးထားတာ မတွေ့လို့.. အဟီး..

မပန်တစ်ယောက် နှစ်သစ်မှာ ချစ်ချစ်နဲ့ပျော်ရွှင်ပါစေ..