Friday, January 18, 2008

စက္ကူလှေ

စက္ကူလှေကလေး
ဆိုက်လာတယ်။

တက်မပါလှော်သူမဲ့
လေအတိုက်
ရေစီးအရိုက်မှ
ရှိုက်ရှိုက်ရင်း ရှေ့ဆက်ရတယ်။

လှေထဲမှာ
ဖြန့်ခင်းထားတာ
ပန်းပွင့်ရောင်စုံ
မငုံ့တငုံ မပွင့်တပွင့်
ဖွင့်မပြောဖြစ်တဲ့စကား
မထားဖြစ်ခဲ့တဲ့ကတိတွေလား။

အကုန်ချရေးပြီးမှ
မျှော်လင့်ချက်တွေကို
ခေါက်ချိုးသိမ်းဝှက်
စက္ကူလှေကလေးလုပ်
မျှောလွှတ်လိုက်တယ် ဆိုတာမျိုးလား။

ဇီဝပိုးမွှား ကပ်ရောဂါ
စီးပွားပြိုင်ဆိုင်မှုများ စစ်ပွဲများ
နည်းပညာဆန်း လက်နက်ဆန်းများ
ကမ္ဘာမြေနဲ့ဝေးရာ သယ်ဆောင်သွားမလို့
ငယ်သူတို့အိပ်မက်တွေ
လမ်းခုလတ်မှာ
ပြည့်လျှံဖိတ်မောက်
အားလုံးမှောက်ကျခဲ့တာလား.။

အလိုမကျမှုတွေ
မအောင်မြင်မှုတွေ
စိတ်ဖိစီးမှုတွေ
တဒင်္ဂသာယာမှုတွေ
ဝမ်းဗိုက်မှာစိုစွတ်ရင်း
လှုပ်လေ မြုပ်လေ
ပင်လယ်မရောက်ခင်
ချောင်းလတာမှာပဲ နွံနစ်ကျန်ခဲ့တော့မှာလား။

မောရတယ်…
ညနေခင်းမှာ
လေညင်းခံရင်း
ပန်းတစ်ခြင်းနဲ့ သစ်သီးနီဝါ
ဘောင်ခပ်ထားတဲ့ရေကန်ပြာပြာက
အလှလှေကလေးပဲ ဖြစ်ချင်လည်းဖြစ်လိုက်ပါတော့။

ဒီဆိပ်ကမ်းက
ဖမ်းမထားလိုက်ဘူး
စက္ကူလှေကလေး
တရွေ့ရွေ့နဲ့
ဆက်မျောသွားတယ်။ ။


ပန်ဒိုရာ

9 comments:

imaginary clouds no 2 said...

အကုန်ချရေးပြီးမှ
မျှော်လင့်ချက်တွေကို
ခေါက်ချိုးသိမ်းဝှက်
စက္ကူလှေကလေးလုပ်
မျှောလွှတ်လိုက်တယ် ဆိုတာမျိုးလား။ \0/ \0/ \0/
စက္ကူလှေ ဆိုတဲ့ကဗျာခေါင်းစဉ်ကို ကြိုက်တယ်ဗျို့ ။ဆက်ရေးပါ ခင်ဗျား။

Chaos said...

ဇီဝပိုးမွှား ကပ်ရောဂါ
စီးပွားပြိုင်ဆိုင်မှုများ စစ်ပွဲများ
နည်းပညာဆန်း လက်နက်ဆန်းများ
ကမ္ဘာမြေနဲ့ဝေးရာ သယ်ဆောင်သွားမလို့
ငယ်သူတို့အိပ်မက်တွေ
လမ်းခုလတ်မှာ
ပြည့်လျှံဖိတ်မောက်
အားလုံးမှောက်ကျခဲ့တာလား.။

လမ်းခုလတ်မှာ
မောက်ကျတာတောင်
ပြန်ကောက်ပေးမယောင်နဲ့
လွတ်လွတ်များချနေကြသလားလို့..........

စိုးထက် - Soe Htet ! said...

ဖတ်ရုံပဲ တတ်ပါတယ် ... :P

P.Ti said...

ကဗျာလေးကို ကြိုက်ပါတယ်။ ပန်ဒိုရာ ရဲ့ အနုပညာ စိတ်ကူးစိတ်သန်းကို အားကျမိပါတယ်။

လင်းဦး(စိတ်ပညာ) said...

ကောင်းလိုက်တာ ....ရင်ထဲကို စွဲသွားတယ်

တန်ခူး said...

စက္ကူလှေကလေး တရွေ့ရွေ့နဲ့ ဆက်မျောနေသမျှ မျှော်လင့်ချက်တွေ မနစ်မြုပ်သေးဘူးလေ.....။

Kaung Kin Ko said...

ရေစီးအရိုက်မှ
ရှိုက်ရှိုက်ရင်း ရှေ့ဆက်ရသတဲ့လား။

ကဗျာလေး လှလိုက်တာ။

ကလိုစေးထူး said...

ကောင်းတယ်ဆိုတာက လွဲရင် ဘာမှတ်ချက်မှ မပေးတတ်ဘူး။ တွေးတော့ တွေးရတယ်။

pandora said...

မောင်တိန်ရေ တကယ်တော့ အဲဒီအပိုဒ်ကလေးက ဖတ်ဖူးခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ပြန်ခံစားမိတာပါ။ ဆက်ရေးပါမည်။
Chaos နည်းနည်းပါးပါးတော့ ကျန်ဦးမယ် မျှော်လင့်ပါရဲ့လေ။

ကိုစိုးထက် ပီတိ ကိုလင်းဦး မတန်ခူး ကောင်းကင်ကို ကိုစေးထူး အားပေးကြတာ ကျေုးဇူးပါ။