Wednesday, January 23, 2008

စောင့်သူ

ဆရာမ မေငြိမ်းရေးတဲ့ စောင့်သူ ဆိုတဲ့ ၀တ္တုတိုကလေးကို ဖတ်ပြီး မနေနိုင်လို့ အမှတ်မထင် ကောက်ခြစ်မိလိုက်တဲ့ စာပိုဒ်တချို့ဆိုပါတော့။ ဘလော့ဂ်မှာ တင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပါ။ ဒါပေမယ့် ပြန်ဖတ်မိရင်း ဒီအင်တာနက်ထဲ တနေရာမှာ ခြေရာထင်သွားမှတော့ နောက်တနေရာမှာ ခြေရာပြန်ချလိုက်တာ သိပ်မကွာတော့ပါဘူးလေဆိုပြီး တင်လိုက်တယ်။ ဆရာမ၀တ္တုကို ဆင့်ပွားခံစားမှုသက်သက်ပါ။

မှောင်လိုက်တာပိန်းလို့
လေပူတွေလည်းတိုက်
မောအိုက်လွန်းတယ်
ဘေးနားက လက်ကလေးတစ်ဖက်ကိုတောင်
အမှတ်မထင် ဖယ်ချမိသွားတယ်။

သူ့နံဘေးမှာ
သူ့ဘ၀က အိပ်မောကျနေတယ်
ဘ၀က အချစ်ကို ပြဌာန်းချိန်မှာ
အချစ်က ဇယားသုံးကွက်ထဲ
ဒလိန့်ခေါက်ကွေးကျွံကျ
အနှစ်နှစ်ဆယ် အကျဉ်းချ
တရားခံအစစ်က ဘယ်သူလဲကွယ်။

သူမချစ်တဲ့သူနံဘေးမှာ
သူမက အိပ်မောကျနေတယ်
ကိုယ်မွေးခဲ့တဲ့မြေကြီးကို
ကိုယ့်လက်တွေနဲ့ပြန်ထိခွင့်မပါ
အမေအိုအလွမ်းနဲ့
မျက်ရည်စမ်းစမ်းတွေမပါ
ပိတောက်ဝါလွမ်းချင်းနဲ့
ကံ့ကော်ခင်းကသွေးစက်တွေမပါ
သူမ မက်နေတဲ့အိပ်မက်တွေကတော့
ပြုံးယောင်ပဲသန်းနေပါစေပေါ့။

သူ့ရဲ့နွေတညကတော့
ရွာသူနှောက်လို့
ခြောက်ခြောက်ခြားခြားအိပ်မက်တယ်
ပိတောက်တွေဝေလိုဝေ
သနပ်ခါးနံ့တွေမွှေးလိုမွှေး
ရေတမာပင်တွေကြားပြေးလိုပြေး
ချွေးစေးပျံ အသံနက်နဲ့
အနှောင်ဖွဲ့ကရုန်းထွက်ရတယ်။

သူမကတော့
အိပ်မောကျနေတုန်းကွယ်
ဘ၀ကရော…
…….
ဟောဒီအခန်းကျဉ်းထဲမှာ
တကယ်တော့ သူတစ်ယောက်တည်းပါပဲ
အသက်ရှုသံပြင်းပြင်းနဲ့
မိုးလင်းမှာကိုစောင့်နေမိတယ်။ ။

ပန်ဒိုရာ

6 comments:

Anonymous said...

"သူ့ရဲ့နွေတညကတော့
ရွာသူနှောက်လို့
ခြောက်ခြောက်ခြားခြားအိပ်မက်တယ်
ပိတောက်တွေဝေလိုဝေ
သနပ်ခါးနံ့တွေမွှေးလိုမွှေး
ရေတမာပင်တွေကြားပြေးလိုပြေး
ချွေးစေးပျံ အသံနက်နဲ့
အနှောင်ဖွဲ့ကရုန်းထွက်ရတယ်။"

နှစ်သက်ခံစားသွားပါတယ်။
ဒီမြေ ဒီရေ နဲ့ ဝေးနေသမျှတော့......

Kaung Kin Ko said...

ဆရာမမေငြိမ်းရဲ့ ဝတ္ထုတိုကော ကဗျာလေးကော ခံစားသွားပါတယ်။

Unknown said...

Hiya!

i foud your blog in Teen Magazine. it was about " Chit tu ain" by ma ainchannmyay but it also shows ur blog name.From that moment, i m ur biggest fan. especially i like ur poems. keep writing.

ကိုပေါ said...

ကျနော့်မိတ်ဆွေ ကျောင်းသားနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်ကပြောဘူးတယ်။ ထောင်ထဲမှာ (ကဗျာ၊သီချင်း စတဲ့) ကိုယ်ဖန်တီးတဲ့အနုပညာလေးကို ထောင်ကျနေသူအချင်းချင်းမျှဝေတဲ့အခါ အနုပညာ မြောက်လွန်းလှရင် အားလုံးက ၀ိုင်းပြီးထောမနာကြပုံက “ကောင်းဗျိုး။ ကောင်းဗျိုး” တဲ့။
အခုလည်း ဆရာမ မေငြိမ်းဝတ္ထုရော၊ ပန်ဒိုရာရဲ့ ကဗျာအတွက်ရော....(ထောင်ထဲမှာ မဟုတ်ပေမယ့်) အင်တာနက်ပေါ်ကပဲ ဟစ်လိုက်ပါရစေ.....“ကောင်းဗျိုး။ ကောင်းဗျိုး”။

ပုံရိပ် / Pon Yate said...

မပန် ကဗျာက တကယ်ထိတယ်။ မပန်ကို တကယ် လေးစားပါတယ်။

pandora said...

အတူခံစား အားပေးသူများအားလုံး ကျေးဇူးပါနော်။