ကွန်ပြူတာ ပိတ်ပြီး ၂၄ နာရီ နေနိုင်ပါ့မလား တဲ့။ အခုလာမယ့် မေလ ၃ ရက်နေ့က Computer Shutdown Day လို့ သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။
(ပုံကိုဒီက ရယူသည်။)
စကားစပ်လို့ ပန်ဒိုရာတစ်ယောက် ကွန်ပြူတာကို ဘယ်တုန်းကတည်းက စသုံးခဲ့သလဲ ဆိုတာလေး နည်းနည်း ပြောပြချင်ပါတယ်။ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ဆိုပါတော့။
ကွန်ပြူတာဆိုတဲ့ အရာကို စကိုင်ဖူးတာကတော့ ၁၉၉၄-၉၅ လောက်မှာပါ။ ကျောင်းပိတ်ရက်မှာ KMD က ကွန်ပြူတာ သုံးစွဲပုံ အခြေခံသင်တန်း တက်တယ်။ Doc, MS word, excel, paint စတဲ့ အခြေခံလေးတွေနဲ့ Network ချိတ်ထားတဲ့ ကွန်ပြူတာအချင်းချင်း ဘယ်လိုဝေမျှ သုံးကြတယ် ဆိုတာတွေ သင်ခဲ့ရပါတယ်။ အလုပ်ရှာတော့ ကွန်ပြူတာ သုံးတတ်တယ်လို့ စာရွက်တစ်ရွက်တိုး အရည်အချင်းတစ်ခု တိုးတဲ့ခေတ်ပေါ့။ အခုခေတ်မှာတော့ ကွန်ပြူတာ သုံးတတ်တယ် ဆိုတာ စာရေးတတ် ဖတ်တတ်တယ် ဆိုသလို စကားထဲ ထည့်ပြောစရာမလို ဖြစ်နေတော့တယ်။ မတတ်ဘူး ဆိုရင်သာ အအ လို ဖြစ်နေတော့တာကိုး။
ကွန်ပြူတာ သင်တန်းပြီးတော့လည်း ကိုယ်ပိုင်ကွန်ပြူတာဆိုတာ လူတိုင်း မ၀ယ်နိုင်ကြသေးတဲ့ကာလ ဆိုတော့ ဆက်မသုံးဖြစ်ပြန်ဘူး။ ဒါနဲ့ အလုပ်ထဲကို ရောက်တော့မှ သင်ထားတာလေး ခေါင်းထဲ ပြန်ခေါ်ပြီး သုံးရတော့တယ်။ ကွန်ပြူတာတွေ network ချိတ်ပြီး သုံးတဲ့ ရုံးမှာ သုံးခွင့်ရလို့ တော်တော့တယ်။ အဲဒီခေတ်က မြန်မာပြည်က ရုံးတိုင်းမှာ ကွန်ပြူတာ သုံးကြတာမဟုတ်။ သုံးလည်း များများစားစား မရှိကြပါ။ သို့သော်လည်း အဓိက သုံးတာကတော့ စာစီစာရိုက်ပါပဲ။ ပညာရေးကို အားပေးတတ်တဲ့ ဘော့စ်က သူ့မှာ ပိုနေတဲ့ ကွန်ပြူတာတစ်လုံးကို လေ့ကျင့်ဖို့ အိမ်ကို ၆ လ လောက် ပေးထားတယ်။ အင်္ဂလိပ်လိုရော မြန်မာလိုပါ စာရိုက်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက မြန်မာစာက CE တွေပေါ့။
၁၉၉၉ လား ဒါမှမဟုတ်၂၀၀၀ ခုနှစ် အစလောက်မှာ ထင်တယ်။ ပြည်တွင်းမှာ အင်ထရာနက် Intranet ဆိုပြီး စ ပေါ်လာတယ်။ ရုံးကလည်း ချက်ချင်း ချိတ်ဆက်ပါတယ်။ mpt အီးမေးလ်လည်း စသုံးလာတယ်။ ဒါပေမယ့် အဲဒီတုန်းက အီးမေးလ်ကို အချိန်တိုင်း ဖွင့်စစ်တာမဟုတ်ဘူး။ သူကနာရီနဲ့တွက်ပြီး FEC နဲ့ပေးရတယ်ထင်တယ်။ တစ်ရက်မှ တစ်ခါနှစ်ခါ dial up လုပ်ပြီးစစ်တယ်။ Outlook သုံးတယ်။ ဘာပဲဖြစ်ဖြစ် အီးမေးလ်တော့ သုံးတတ်သွားတာပေါ့လေ။
မြန်မာပြည်မှာ အင်တာနက် သုံးလာချိန် ၂၀၀၁ ခုနှစ် နှစ်လယ်လောက်မှာတော့ ကိုယ်က စင်္ကာပူ ရောက်လာပါပြီ။ ဒီမှာ သူများတွေကို မေးမြန်းပြီး အင်တာနက် အီးမေးလ် စသုံးတယ်။ အဲဒီတုန်းက hotmail။ နောက်တော့ သိပ်မကြိုက်တာနဲ့ yahoo ပြောင်းသုံးတယ်။ gmail ပေါ်လာတော့ အဲဒါပါ သုံးတယ်။
ပထမဆုံး ကိုယ်ပိုင် ကွန်ပြူတာကတော့ အဲဒီ ၂၀၀၁ မှာပဲ ၀ယ်ဖြစ်တဲ့ Toshiba Laptop လေးပါ။ satellite series ကပဲ။ တော်တော်သုံးရပါတယ်။ ၂၀၀၆ ကမှ ပျက်သွားတာ။ ဒါတောင် hard disk လဲပြီး မြန်မာပြည်မှာ ပေးသုံးထားတယ်။ နောက်တခုက Fujisu ၁၅ လက်မ ၀ယ်ပြီးတော့မှ ကြီးလို့ ခဏသုံးပြီး သူများကို ပြန်ရောင်းလိုက်တယ်။ ထပ်ဝယ်လိုက်တဲ့ အခုသုံးနေတဲ့ Fujisu လေးနဲ့တော့ အဆင်ပြေနေပါတယ်။ အသစ်တွေပေါ်တိုင်း လိုချင်နေပေမယ့် လောဘကို ထိန်းထားရသေးတယ်။
မြန်မာ အင်တာနက်ကမ္ဘာနဲ့ ပတ်သက်လို့ကတော့ ၂၀၀၄ လောက်မှာ ပလန်းနက် တို့ မှုန်ရွှေရည်တို့မှာ ပန်ဒိုရာနာမည်နဲ့ account ဖွင့်ပြီး ဖိုရမ်တွေ လိုက်ဖတ်ကြည့်ဖြစ်တယ်။ ၂၀၀၅ နှစ်ကုန်ခါနီး လောက်မှာတော့ ဖိုရမ်တစ်ခုမှာ နည်းနည်း ၀င်ပါလိုက်သေးတယ်။ ၂၀၀၆ နိုဝင်ဘာမှာ ဘလော့ စလုပ်တယ်။ မရေးဖြစ်သေးဘူး။ ၂၀၀၇ မတ်လမှ တကယ် စရေးဖြစ်ပါတယ်။
အခုတော့ ရုံးမှာလည်း ကွန်ပြူတာနဲ့ပဲ အလုပ်လုပ်နေရတာပဲလေ။ ရုံးကဆင်းပြီး အိမ်ပြန် ရောက်တော့လည်း ကိုယ်ပိုင် ကွန်ပြူတာလေး ဖတ်ခနဲ ဖွင့်လိုက် စာဖတ်စာရေး အင်တာနက်ဝင် သူငယ်ချင်းတွေနဲ့ ချက်ထဲမှာ စကားပြောနဲ့ အရင်ကလို တီဗွီကြည့်ချိန်တို့ မိတ်ဆွေတွေဆီ တွေ့ဆုံ လည်ပတ်ချိန်တို့ ဖုန်းပြောချိန်တို့လည်း တော်တော် လျော့ကုန်တော့တာပါပဲ။ ကွန်ပြူတာထဲမှာ အချိန်ကုန်ရတာ မျက်စိထိခိုက်နိုင်သလို လူမှုရေးအပါအ၀င် ပြင်ပလောကက ကောင်းတဲ့အရာတချို့ကို အစားထိုးခံရတတ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။
ဒီခေတ်မှာ ကွန်ပြူတာ လို့ ပြောလိုက်ရင် အင်တာနက်ဆိုတာက အလိုလို ကပ်ပါနေပါတယ်။ ကွန်ပြူတာ မကြည့်ရရင် မနေနိုင်သူတွေကို သတိပေးထားတာက လက်တွေ့ အပြင်ကမ္ဘာကို သတိရပါ တဲ့။ ကွန်ပြူတာကနေတဆင့် အင်တာနက်ကမ္ဘာ ထဲမှာ အလွန်အကျွံ နစ်မြုပ်နေသူတွေလည်း တော်တော် များနေကြပြီ။ (ဒီစကားကို ဘလော့ထဲမှာ ဘလော့ဂါက ပြောနေတော့ ၀ိုင်းရိုက် အဲ… ၀ိုင်း ကလစ် ကုန်ကြတော့မှာပဲ။) စိတ်ဖိစီးစရာ အပြင်ကမ္ဘာက ထွက်ပြေးချင်ကြတာလား။ စိတ်အပန်းဖြေတာလား။ Depression ၀င် စိတ်ဓာတ်ကျ နေတာလား။ အင်တာနက်မှာ လေလွင့်နေသူ အွန်လိုင်း ဒုက္ခသည်များ အတွက် ဆိုပြီး ဂျပန်မှာ အထူးအစီအစဉ်တောင် လုပ်ပေးရသတဲ့။ တကယ်တော့ အွန်လိုင်းကနေ တွေ့ရကြုံရ ဘ၀တွေကလည်း သက်ရှိလူတွေပဲ မဟုတ်ပါလား။
ဒါဆို ဒီစာကို လာဖတ်ဖြစ်သူတွေရော ကွန်ပြူတာပိတ်ပြီး တစ်နေ့တာလောက် နေနိုင်ကြမှာလား။ ကွန်ပြူတာတော့ ပိတ်ပါရဲ့ အင်တာနက်ကိုတော့ အဆက်ပြတ်မခံနိုင်ပဲ လက်ကိုင်ဖုန်းနဲ့ ပီဒီအေနဲ့ surf လုပ်နေဦးမှာလား။ Computer Shutdown Day က ကွန်ပြူတာကို တစ်ရက်လုံးပိတ်ပြီး လက်တွေ့ကမ္ဘာက လှုပ်ရှားမှုတခုခုမှာ ပါဝင်စေဖို့ ရည်ရွယ်သတဲ့။ အားကစားလုပ်တာ ဖြစ်ဖြစ် မိသားစုကို အချိန်ပေးတာ ဖြစ်ဖြစ်ပေါ့။ ဘာအတွက်မှ မသုံးပဲ ကွန်ပြူတာကို ၂၄ နာရီ ပိတ်ထားနိုင်မယ်လို့ ထင်ရင်တော့ မေလ ၃ ရက်နေ့ (စနေနေ့) မှာ ပါဝင်ဆင်နွှဲကြည့်နိုင်ပါတယ်။
(မှတ်ချက်။ ကွန်ပြူတာပြင်ပ ဧရိယာတစ်ခုခုသို့ ခရီးသွားခြင်း၊ ကွန်ပြူတာ ရုတ်တရက်ပျက်ခြင်း (ဖွ ဟဲ့)၊ … ဒါမျိုးမဖြစ်သော သာမန် အခြေအနေအောက်တွင် စာရေးသူတော့ ပါဝင်နိုင်မည် သိပ်မထင်။)
Wednesday, April 30, 2008
လေးထောင့်ပုံး အပြင်မှာ တစ်နေ့တာ
Saturday, April 26, 2008
စင်္ကာပူနိုင်ငံ မြန်မာသံရုံးတွင် အခြေခံဥပဒေမူကြမ်းအတွက် ကြိုတင်မဲဆန္ဒပေးခြင်း
မရှင်းမှာစိုးလို့ ခေါင်းစဉ်ကို သေသေချာချာ တပ်လိုက်ပါတယ်။ ကြိုတင်မဲဆန္ဒဆိုတာကတော့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုနိုင်ရေးအတွက် ၂၀၀၈ မေလ ၁၀ ရက်နေ့မှာ ပြည်လုံးကျွတ်ပေးရမယ့် မဲကို နိုင်ငံရပ်ခြားကနေ ကြိုတင်ထည့်တာကို ဆိုလိုမှန်းသိကြမှာပါ။ နောက်ဆက်တွဲများ ကျနော့် သူငယ်ချင်းညီလေးတယောက်ဆီက သိရသမျှ နောက်ပိုင်းတွင် သံရုံးမှနေ၍ ၁၀ ယောက် တသုတ် တန်းစီစေ၍ ပတ်စပို့နှင့် အခွန်ပြေစာ ပြခိုင်းကာ တခါတည်း register လုပ်၍ မဲပေးနိုင်ကြောင်း သိရပေသည်။ ကျောင်းသားများအနေနှင့်လည်း ကျောင်းသားကဒ်ပြားနှင့် ပတ်စပို့ တွဲပြ၍ မဲပေးနိုင်ကြောင်းလဲ သိရပေသည်။ စကားမစပ် တဆက်တည်း ပြောလိုသည်မှာ ၂၉ ရက်နေ့ မဲရုံပိတ်သည့်အခါ မြန်မာနိုင်ငံသား ကျနော်တို့အနေဖြင့် သံရုံးနှင့် အနီးတ၀ိုက်တွင် ရှိလျက် မဲပုံးကို စစ်ဆေးခွင့်ရှိရမည်ဖြစ်သောကြောင့် ညနေဘက် သွားရောက် စောင့်ကြည့်ကြပါကုန်လော့ဟု ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းအား တိုက်တွန်းလိုက်ရပါကြောင်း။)
အခုရေးတဲ့စာက ဆန္ဒခံယူပွဲကို သပိတ်မှောက်ရင် ပိုကောင်းမယ်လို့ ခံယူချက်နဲ့ မသွားလိုသူများအတွက် မရည်ရွယ်ပါ။ ကိုယ်တကယ်ထင်မြင်တဲ့ အယူအဆတခုကြောင့် ရပ်တည်နေတယ်ဆိုရင် လေးစားပါတယ်။ မဲပေးခွင့်မရဘူးဆိုသော သာသနာ့ဝန်ထမ်းများနဲ့ စိတ်ပေါ့သွပ်သူများကိုလည်း မရည်ရွယ်ပါ။ မဲပေးရကောင်းမှန်း နားလည်ပါလျက် ဘယ်မဲကိုထည့်ဖို့ ဆိုတာကိုလည်း ကိုယ်တိုင်သိရှိပါလျက် အကြောင်းကြောင်းကြောင့် ကြောက်လန့်ပြီး မဲသွားမပေးရဲသူများအတွက်သာ ရည်ရွယ်ပါတယ်။
မဲဆန္ဒလာပေးဖို့ စကာင်္ပူနိုင်ငံ မြန်မာသံရုံးက တရားဝင်ဖိတ်ခေါ်တဲ့ စာလေးရောက်လာလို့ ဒီနေ့စနေနေ့မနက်မှာပဲ ပန်ဒိုရာတယောက် စိန့်မာတင်လမ်းကို သွားခဲ့ပါတယ်။
မသွားခင်မှာတော့ မြန်မာအသိုင်းအ၀ိုင်းကြားမှာ ဒါမျိုးလေးတွေ ကြားခဲ့ရပါတယ်။
စိန့်မာတင်လမ်းက မြန်မာသံရုံးရှေ့ သရက်ပင်ကြီးအောက်မှာတော့ လူ ၂၀ လောက် တန်းစီနေကြတာကို တွေ့လိုက်ရပါတယ်။ လုံခြုံရေးဝန်ထမ်းတွေက စာရွက်ကလေးတွေ လာပေးတယ်။ စာရွက်ထဲမှာ နာမည်၊ ပတ်စပို့နံပါတ်နဲ့ ဆက်သွယ်ဖို့ ဖုံးနံပါတ်ရေးခိုင်းပါတယ်။ ခြံဝင်းထဲကိုတော့ ပေးမ၀င်သေးပါဘူး။
ခဏကြာတော့ စာရွက်ကလေးတွေကိုင်ပြီး သံရုံးဝန်ထမ်းတချို့ထွက်လာပါတယ်။ နာမည်ခေါ်ပါတယ်။ ကိုယ့်နာမည်ခေါ်ရင် ပတ်စပို့ပါလား တချက် ပြခိုင်းပါတယ်။ ဖိတ်ခေါ်စာကိုလည်း ပြခိုင်းပါတယ်။ နောက်တော့ ပိုက်ဆံအိတ်နဲ့ ပတ်စပို့ကို ပဲ အထဲကိုယူစေပြီးဝင်ခိုင်းပါတယ်။ ဟန်းဖုန်းကို တော့ ခဏပိတ်ခိုင်းပါတယ်။
အထဲမှာ စားပွဲတွေနဲ့ သံရုံးဝန်ထမ်းတွေ ထိုင်နေပါတယ်။ သူတို့မှာ စာရင်းရှိပါတယ်။ အဲဒီစာရင်းထဲမှာ အဆင်သင့်ရှိနေတဲ့ ကိုယ့်နာမည်ကိုရှာပြီး အဖေအမေနာမည်ကို ရေးဖြည့်ခိုင်းပါတယ်။ လက်မှတ်ထိုးခိုင်းပါတယ်။ ပြီးတော့ ပြည်တွင်းဖြစ်လို့ထင်ရတဲ့ ခပ်ပါးပါးစာရွက် ၀ါတာတာလေးနဲ့ ပုံနှိပ်ထားတဲ့ မဲပေးရမယ့် ကူပွန်လေးကိုပေးပါတယ်။ တခြမ်းမှာ ကိုယ့်နာမည်ရေးပြီး လက်မှတ်ထိုးခိုင်းပါတယ်။ ပြီးတော့ အဲဒီအခြမ်းကို သူတို့ကယူထားလိုက်ပါတယ်။ မဲပေးရမယ့် စာရွက်ခြမ်း ပေါ်မှာတော့ အမှန်ခြစ် သို့မဟုတ် ကြက်ခြေခတ် ခြစ်ရမယ့် ကွက်လပ်ပဲ ပါပါတယ်။ ကိုယ့် အချက်အလက်များ ဘာမှရေးစရာမလိုပါ။ အဲဒီမှာ ကိုယ်ကြိုက်တာ ခြစ်ပြီး မဲပေးပါ ပြီးရင် စာအိတ်ထဲမှာ ကော်ကပ်ပြီး ပိတ်ပါ။ မဲပုံးထဲထည့်လိုက်ပါ လို့ သေသေချာချာရှင်းပြပါတယ်။ လျှို့ဝှက်မဲစနစ်ဖြစ်ပါတယ်။
မဲပေးသူတွေအတွက် ကန့်လန့်ကာလေးတွေ ကာထားတဲ့ အခန်းလေးတွေ စီစဉ်ပေးထားပါတယ်။ ကန့်လန့်ကာကို ဆွဲပိတ်ပြီး စာရွက်ကလေးပေါ်မှာ ကိုယ်ထည့်ချင်တဲ့ မဲဆန္ဒကို ပေးထားတဲ့ဘောပင်နဲ့ ရေးခြစ်ပြီး စာအိတ်ထဲထည့်ကာ ပေးထားတဲ့ ကော်နဲ့ကပ်ပါတယ်။ ပြီးတော့ အခန်းပြင် ပြန်ထွက်ပြီး အပြင်မှာ ချထားတဲ့ မဲပုံးသုံးပုံးထဲက ကြုံတဲ့တပုံးမှာ ထည့်လိုက်ပါတယ်။ ပြီးပါပြီ။ ၂ မိနစ်လောက်ပဲ ကြာပါတယ်။
တရားဝင်ပို့တဲ့စာရတဲ့ စာရင်းထဲပါတဲ့ လူတွေဟာ တသောင်းကျော်လောက် ရှိတယ်လို့ သံရုံးဝန်ထမ်း တယောက်က ပြောတာ ကြားလိုက်ပါတယ်။
အောက်ကအချက်များကို အလေးထားပြောချင်ပါတယ်။
အခု ပြောခဲ့သော အကြောင်းအရာများဟာ မြန်မာအစိုးရက တရားဝင်ကျင်းပတဲ့ ဆန္ဒခံယူပွဲမှာ တရားဝင် မဲသွားထည့်ခဲ့တဲ့ အတွေ့အကြုံကို အခြေခံပြီး ပြောခြင်းဖြစ်ပါတယ်။ ဘာမဲကိုသွားထည့်ပါ လို့လည်း မစည်းရုံးပါ။ ကိုယ်ယုံကြည်ရာ ထည့်ပါ။ စင်္ကာပူကျွန်းမှာ အကြောက်ကြီး ကြောက်နေသူ ရွှေမြန်မာများ ရှိခဲ့ရင် ဧပြီလ၂၉ ရက်နေ့မကုန်ခင် မဲထည့်ဖြစ်အောင်တော့ သွားထည့်ပါ လို့သာ အချိန်မနှောင်းခင် ကျယ်လောင်စွာ သတိပေး ပြောဆိုလိုက်ခြင်း ဖြစ်ပါကြောင်း။
(ဖြည့်စွက်ချက်။ ပြောခဲ့တာတွေက စင်္ကာပူက အခြေအနေတွေပါ။ တခြားနိုင်ငံတွေမှာတော့ တူချင်မှ တူပါမယ်။ ဥပမာ. ရုရှက အခြေအနေတွေကို သူငယ်ချင်းတယောက် ပြောထားတာ အောက်က ကွန်မန့်မှာဖတ်ပါ။)
(ထပ်မံဖြည့်စွက်ချက်။ ကဒေါင်းညင်သာ ဘလော့မှ သတင်း။
Monday, April 21, 2008
ဘလော့သည်
သူပျော်ရင် အားလုံးပျော်လို့
သူငိုရင် လိုက်ငို
ဒီနေ့တည်လိုက် .. နောက်နေ့ကြည်လိုက်
အီလက်ထရွန်းနစ် လှိုင်းတွေထဲ
မူးမိုက်ဝဲလည် စွဲငြိစေတယ်..တဲ့
ဘယ်ဆိုင်းကိုတီးလို့
ဘယ်မီးကိုထိုးရင်
ဘယ်လက်ကိုချိုးတော့မှာလဲ…တဲ့
ဆယ့်နှစ်ကြိုးညို့အားနဲ့ ပြုစားခဲ့လေသလား
ပိုး..မွေး..ခေါ်..မျှော်… ၀မ်းတွင်းပါအတတ်နဲ့
ဇာတ်ကျမ်းကြေသူရဲ့
ဟင်းလင်းဖွင့်ထားတဲ့ ဗလာစင်မြင့်ပေါ်မှာ
လက်ညိုးကလေး တချက် ကလစ် ရောက်လိုက်တိုင်း
မျက်တောင်တချက်အခတ်
မေးကလေးအဆတ်နဲ့ကြုံလိုက်သလို
မတ်တတ်မူးမေ့ ဘ၀င်ခွေ့သွားစေသတဲ့…
ကဲ… အနုပညာလို့ပဲဆိုတော့မှာလားကွယ်
ဘ၀ အရှင်လတ်လတ်
တဖြတ်ဖြတ်လှုပ်ခါနေတဲ့အထဲက
ပျို့တက်လာတဲ့ စကားလုံးကလေးတချက်
ပိုးပိုးပေါက်ပေါက်ထွက်ကျလိုက်တိုင်း
စိန်ကျောက်များလို မြေ၀ယ်မကျ
မျက်တောင်မခတ် ခံယူနေကျသူရေ…
ဟောဒီကန့်လန့်ကာနောက်ကွယ်က
အရုပ်ကြိုးပြတ် ရင်တလင်းကဖြင့်
မှော်ကျင်း… မဟုတ်ခဲ့ရပါလားကွယ်…။
ပန်ဒိုရာ
Thursday, April 17, 2008
မြန်မာနှစ်သစ်ကူး
အားလုံးပဲ နှစ်သစ်မင်္ဂလာပါ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
နိုဝင်ဘာက မေးသွားပါတယ်။
“အမရေ..တခုလောက်မေးပါရစေ.. မြန်မာနှစ်သစ်ကူးက တန်ခူးလဆန်းတရက်နေ့မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ တန်ခူးလဆန်း ၁၂ရက်နေ့ ဖြစ်နေရတာလဲ.. အဲဒါသိချင်နေလို့ အချိန်ရရင်ဖြေပေးပါနော်”... တဲ့
ဒီမေးခွန်းကို ရတနာဖိုရမ်မှာ တချိန်က ဖြေဖူးတဲ့ ဘကြီး ၀ိဟာရီကိုပဲ ကိုးကားပြီး ဖြေလိုက်ပါတယ်။ ဘကြီးက ဒီနေရာမှာ ဒီလိုရှင်းပြထားပါတယ်။
မြန်မာ နှစ်ဆန်းတစ်ရက်ဆိုတာ ကမ္ဘာက နေကို တစ်ပတ်ပတ်မိတဲ့အချိန်ကို ပြောရတာ ဖြစ်ပါတယ် ။
နေကို တစ်ပတ်ပတ်မိပြီး မိဿရာသီ အစကို ပြန်ရောက်ဖို့ ၃၆၅ရက် ၆ နာရီ ၀န်းကျင် ကြာပါတယ် ။ဒါ့ကြောင့် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ဟာ အနောက်တိုင်းပြက္ခဒိန် မှာ နှစ်စဉ် ဧပြီလ ၁၆ - ၁၇ ရက်နေ့ ပတ်ဝန်းကျင် ဖြစ်ရပါတယ် ။ အနောက်တိုင်းပြက္ခဒိန်မှာ တစ်နှစ်ကို ၃၆၅ရက် ရှိလို့ ဖြစ်ပါတယ် ။ ရက်ထပ်နှစ်မှာတော့ ၃၆၆ရက်ရှိပါတယ် ။ ၄ နှစ်မှ တစ်ကြိမ် ရက်ထပ်တာဆိုတော့ တစ်နှစ် ပျှမ်းမျှ ၃၆၅ရက် ၆ နာရီ ၀န်းကျင်နဲ့ သွားကိုက်ပါတယ် ။
မြန်မာ လတွေကတော့ ရက်မစုံ ၆ လ ၊ ရက်စုံ ၆ လ စနစ်ဖြစ်လေတော့ တစ်နှစ်မှာမှ ၃၅၄ ရက်ပဲ ရှိနေပါတယ် ။
အနောက်တိုင်းနဲ့ဆိုရင် ၁၁ ရက် - ၁၂ ရက် ကွာသွားပါတယ်။
၃ နှစ်ကျော်လာရင် ၃၃ ရက် ၀န်းကျင် ကွာသွားပါပြီ ။ ဒါကို ညီအောင် ညှိဖို့အတွက် ၄ နှစ်တစ်ကြိမ်ခန့် ၀ါထပ်ပေးပြီး ၀ါဆိုလ ၂ လ သတ်မှတ်ပေးရပါတယ် ။ ဒါတောင် ၃ ရက် လိုနေဦးမှာပါ ။ စုမိလာလို့ ရက် ၃၀ပြည့်ရင် ၄ နှစ်အထိ မစောင့်ဘဲ ၃ နှစ်နဲ့ကို ၀ါထပ်ပေးရပြန်ပါတယ် ။
ဒါ့ကြောင့် နှစ်ဆန်းတစ်ရက်နေ့ဟာ တန်ခူးလဆန်း ၁ ရက်နေ့မှာ တစ်ကြိမ်တစ်ခါက ကျရောက်ခဲ့သော်လည်း နောက်နှစ်တွေမှာ တန်ခူးလဆန်း ၁၂ရက် ဖြစ်လိုက် ၊ တန်ခူးလဆုတ် ၉ ရက်ဖြစ်လိုက် ကဆုန်လဆန်း ၇ ရက်ဖြစ်လိုက် ၀ါထပ်လို့ ၀ါဆို ၂ လ ဖြစ်တဲ့အခါ တန်ခူးလထဲ ပြန်ရောက်သွားလိုက်နဲ့ ကျချင်သလို ကျနေတာ ဖြစ်ပါတယ် ။
Solar Year (နေ အခြေခံနှစ် )နဲ့ Lunar Year (လ အခြေခံနှစ် ) ကွာခြားချက်ကြောင့် ဖြစ်ရတာပါ ။
(ဘကြီးရေ ဘယ်ရောက်နေမှန်း မသိလို့ ခွင့်မတောင်းနိုင်တာ ခွင့်လွှတ်ပါ။ ဖြန့်ဝေပေးတာကို ကျေနပ်မယ်လို့ ယူဆပါတယ်။)
Wednesday, April 16, 2008
သံလွင်ကို အိပ်မက်မက်ခြင်း၊ နေဘုန်းလတ် နှင့် အွန်လိုင်းမဂ္ဂဇင်းများ
သံလွင်အိပ်မက် မဂ္ဂဇင်း မြန်မာနှစ်ဆန်း ၁ရက်နဲ့အတူ မကြာခင် ထွက်ပါတော့မယ်။ တကယ်ဆို ၂၀၀၇ အောက်တိုဘာကတည်းက ထွက်ရမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားခဲ့ရပါတယ်။
အခုထွက်မယ့် အတွဲ ၂ အမှတ် ၁ မှာ ပန်ဒိုရာရဲ့ ၀တ္ထုတိုလေး တစ်ပုဒ်နဲ့ ကဗျာတစ်ပုဒ်ပါပါမယ်။ နှစ်ခုစလုံး ဘလော့မှာ မဖော်ပြရ သေးတဲ့ အသစ်ဖြစ်ပါတယ်။ ၀တ္ထုတိုကတော့ ၂၀၀၇ အောက်တိုဘာ မတိုင်ခင် ကတည်းက ပို့ထားတာဖြစ်ပြီး ကဗျာကတော့ အခုသင်္ကြန်အမှတ်တရ ရေးပေးလိုက်တာပါ။ အမြည်းအနေနဲ့ ၀တ္ထုတို အစကလေးကို ဖတ်ကြည့်ပါနော်။
ကဗျာခေါင်းစဉ်ကတော့ “ပိတောက်၏ ငြင်းပယ်ခြင်း” .. တဲ့။
ဆက်လက်အားပေးဖို့အတွက် www.thanlwin.com မှာ အတွဲ ၂ အမှတ် ၁ ကို သွားစောင့်ဖတ်လိုက်ကြပါနော်။ နောက် တပတ် နှစ်ပတ်လောက်ကြာရင် မဂ္ဂဇင်းကို ပီဒီအက်ဖ်နဲ့ ဒေါင်းလုပ် လုပ်နိုင်အောင်လည်း စီစဉ်ပေးမယ်လို့ အယ်ဒီတာမင်းများက ပြောပါတယ်။
အဲဒီ စာနှစ်ပုဒ်နဲ့ ပတ်သက်လို့ ဝေဖန်စရာ ပြောစရာရှိရင် ဒီပို့စ်အောက်မှာ မှတ်ချက် ရေးသွားဖို့မေတ္တာရပ်ခံပါတယ်။
သံလွင်ကို အိပ်မက်မက်တဲ့အခါ သံလွင်ကို တည်ထောင်သူတစ်ဦး ဖြစ်တဲ့ “နေဘုန်းလတ်”ကို ဘယ်မေ့ထားလို့ ရမှာလဲ။ အထဲကနေ ဆက်သွယ်ခွင့်လေး ခဏရတုန်းမှာ သံလွင်ထွက်ပြီလားလို့ သူငယ်ချင်းတွေကို သံယောဇဉ်ကြီးစွာ လှမ်းမေးခဲ့တဲ့ နေဘုန်းလတ်ရေ … မင်းကို ငါတို့အားလုံး သတိရနေကြတယ်။ အိပ်မက်တွေ လွတ်လပ်စွာ မက်ခွင့်ရဖို့ ဆုတောင်းမျှော်လင့်နေကြတယ်။
ဘလော့မှာ မဖော်ပြရသေးတဲ့ စာမူတွေကို သံလွင်အိပ်မက် ကိုတော့ ပေးတယ်ဆိုတော့ ကိုယ့်စာတွေကို ထည့်ပေးနေတဲ့ “စာပန်းချီ”က စိတ်မကောင်းမှာ စိုးရသေးတယ်။ အတွေးအခေါ် မော်ဒန်ဆရာများ စုစည်းရာ “ဖွဲ့တည်ရာ” မဂ္ဂဇင်းက သင့်ကာကလည်း နာမည်ဂျီးတွေဆီက စာမူ တောင်းထားတယ်လို့ သူ့ဘလော့မှာ ကိုယ့်နာမည်ကို အော်ထားသေးတယ်။ (နာမည်မှာ ဂျီးတွေ တင်နေလို့လားလို့ ကွန်ပြူတာ စခရင်ကို ဖုံသုတ်ကြည့်ရသေးတယ်။) အွန်လိုင်းမဂ္ဂဇင်းတွေအတွက် ဘလော့မှာ မဖော်ပြရသေးတဲ့ စာမူအသစ်တွေကို အတတ်နိုင်ဆုံး (အတတ်နိုင်ဆုံး) အချိန်မီ ပို့ပေးနိုင်အောင် ကြိုးစားပါမယ်။ လောလောဆယ်တော့ ဆီပုံးထဲတောင် နပ်မှန်အောင် စာပြန်မရေးနိုင်တာသာ ကြည့်ပါတော့။
လေးစားစွာဖြင့်
ပန်ဒိုရာ
Saturday, April 12, 2008
သင်္ကြန်တေး
အားလုံးပဲ မင်္ဂလာ သင်္ကြန်ပါ။ နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ။ သူများမဏ္ဍပ်တွေတော့ လိုက်မလည်အားသေးဘူးဗျို့။ ဒီမဏ္ဍပ်ကိုသာ ကြိုက်သလောက် လာပက်ကြပေတော့။
မနှစ်က ရေးခဲ့တဲ့ ကဗျာလေးတပုဒ်နဲ့ပဲ လောလောဆယ် ဧည့်ခံထားလိုက်ပါတယ်။ တချို့အရာတွေက ဘယ်တော့မှ မဟောင်းဘူး မဟုတ်လား။
“သင်္ကြန်တေး”
မြမြဖူးခိုင်ရွှေဝါ..တဲ့
တစ်နှစ်တစ်ခါဒီပိတောက်
နှစ်ဦးကိုရောက်ခဲ့ပြန်ပြီပေါ့။
အဦးဆုံးလောင်းမယ့်ရေတစ်ခွက်အတွက်
တမ်းတမ်းမက်မက်ရင်ခုန်
လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကျော်ပုံရိပ်တွေက
ရေစိုရွှဲရွှဲ မျက်ရည်ဝဲ၀ဲ
ဆယ်ကျော်သက်တို့ အသည်းခွဲတမ်းကစားခန်းနဲ့
စွဲလန်းခဲ့ရတဲ့သင်္ကြန်။
သင်္ကြန်မတိုင်မီတစ်ရက်မှာ
သစ္စာမဏ္ဍိုင်ခိုင်ခိုင်စိုက်ကြ
ဘယ်သူမှမ၀င်ရ
အရေးမကြီးရင်ဖုန်းမခေါ်ရ
ပိတ်ရက်လေးရက်ဟာတိုလွန်းလှ
တို့နှစ်ယောက်ဘ၀ တစ်ကမ္ဘာဆိုတဲ့
အချစ်လှလှနဲ့ မနှစ်က သင်္ကြန်။
သင်္ကြန်မလေးတွေ က ကြ
ဒီလိုဒီလိုအလှ
ရေစိုစိုမှာကြွကြွရွှရွှ
မြို့ပြရဲ့မဏ္ဍပ်တွေမှာ
စတစ်ကာကြော်ငြာ မီးရောင်စုံဝေဖြာ
ရေဆာရင်ဘီယာတကျိုက်နဲ့
မီးသတ်ပိုက်ဆို ရယ်တာပေါ့ဆိုတဲ့
အပျော်စုံမြူး သေသောက်မူးတို့ရဲ့သင်္ကြန်။
ရေရှားဖုန်ထူ
ငယ်ငယ်တုန်းက မြို့ပူပူကလေးမှာတော့
ထော်လာဂျီနဲ့တစ်ပတ်ပတ်
ရေညစ်ပတ် ရေငန်ငန်
ကန်ရေချောင်းရေ
မြောင်းရေ ရွှံ့ရေ
ဘာရေမှဗွေမယူနိုင်
ပြည်ရွာစည်ကြောင်း
ဆည်မြောင်းချောင်းကန်
မပြည့်လျှံရကောင်းလားလို့လည်း
အကြောင်းတရားတို့အကြား ခေါင်းမစားနိုင်
သင်္ကြန်ဆိုတာ စိုသွားဖို့ပဲမဟုတ်လား နော ဆိုတဲ့
ပြည်သူပြည်သား လူအများတို့ရဲ့ သင်္ကြန်။
အဲဒီလို..
သင်္ကြန်မျိုးစုံ ဟန်မျိုးစုံ အသံမျိုးစုံနဲ့
တစ်နှစ်တစ်နှစ်ရှည်သွားချိန်မှာ
ရေခြားမြေခြား
ငွေရှားတဲ့ခဏ
အဖေအမေများနဲ့ဝေး
အဲ..တစ်ယောက်နဲ့လည်းဝေးနေရတဲ့ဘ၀မှာတော့
ပိတောက်တွေလည်းမမွှေးပြီကွယ်
ရွှေပြည်တော်ကြီး ဘယ်တော့နီး
ခရီးခုလတ်မှာမောလှပါတယ်
တန်ခူးလေအေး သွေးပါကွယ်
သင်္ကြန်မိုးဖွဲ သည်းပါကွယ်။
ဒီလိုနဲ့..
နှစ်ကူးပြီးတိုင်း
အရူးမီးဝိုင်း ဘ၀ကိုသုံးသပ်မိတော့
သံသရာဒီဇာတ်
ဆက်မပြတ်လည်သွားဖို့
အထပ်ထပ် တကယ်မှားခဲ့မယ်
လောဘတွေကြားမှာ ဒေါသထားလို့
မောဟပွားရင်ပွားခဲ့မယ်
ငါ့အမှားတွေကို
သိကြားမင်းပုရပိုက်မှာ
မှတ်ချင်လည်းမှတ်လိုက်ပါတော့ကွယ်။
သင်္ကြန်...
ပုံရိပ်များ...
တဒိတ်ဒိတ်သွေးခုန်သံကြားတိုင်း
ငါအဖျားကြီးဖျားနေပြီကွယ်
အနှစ်သုံးဆယ်ကျော် နှလုံးသားက
အပြုံးတွေ တစတစ ပါးပြီး
အမုန်းတွေသာ ဆဆပွားလာခဲ့ရင်
သင်္ကြန်ရေနဲ့ဆေးလို့လည်းစင်နိုင်ပါ့တော့မလား
ရွှင်နိုင်ပါတော့မလား
ကဲ ဘာမှမစဉ်းစားနဲ့
တူးပို့တူးပို့တွေနဲ့
မြူးလို့ထူးလို့နေပါ့ကွယ်
တော်သလိုဒီဘ၀မှာ
အပျော်ဆိုတာယူတတ်မှရမှာမို့
အပူဓါတ်ကိုဖြတ် အကြောင်းဆင်ခြင်
အကောင်းမြင်ဝါဒနဲ့ ကဗျာအလှတွေကိုသာသီလိုက်ကြစို့ရဲ့။ ။
ပန်ဒိုရာ
၈၊၃၊၂၀၀၇
Monday, April 7, 2008
အီးမေးလ်များနှင့်ပတ်သက်၍
ဘယ်လိုမှတော့ စိတ်မရှိကြပါနဲ့။ ဆားချက်တယ်လို့လည်း သဘောမထားကြပါနဲ့။ ပို့စ်အဟောင်းလေး တစ်ခုကို ပြန်ညွှန်းပါရစေ။ ပြန်ညွှန်းလိုတဲ့ အကြောင်းကတော့ သည်လိုပါ။ ဒီမနက်ပဲ အီးမေးလ်တစ်ခု ၀င်လာပါတယ်။ အရေးကြီးတဲ့ သတင်းပါ။ ဘလော့ဂ်တစ်ခုကိုလည်း ကြော်ငြာထားတာပါ။ သတင်းသိရလို့ ကျေးဇူးတင်လိုသော်လည်း အနှောင့်အယှက်ကလေး ဖြစ်ရတာကတော့ ပို့တဲ့အီးမေးလ်က ကိုယ်မသိတဲ့သူ ဖြစ်နေတာရယ် အပို့ခံရတဲ့ အီးမေးလ် လိပ်စာ စာရင်းထဲမှာ ကိုယ်မသိသော နာမည်ပေါင်းများစွာ (တစ်ရာလောက် အနည်းဆုံးရှိမယ်ထင်တာပဲ) ကို တပြုံလုံး မြင်နေရတာရယ် ကြောင့်ပါ။
Mass email မပို့ရလို့ မဆိုလိုပါ။ သင့်တော်တဲ့ နည်းနဲ့ပို့လို့လျှင် အားလုံး အဆင်ပြေနိုင်ပါတယ်။ အရေးကြီးတဲ့ အကြောင်းအရာတွေ ပို့လိုလျှင် ကိုယ်လုပ်ပုံကိုင်ပုံ အီးမေးလ်ပို့ပုံပို့နည်း မဟုတ်တာကြောင့် လူတွေစိတ်ညစ်ကာ အကြောင်းအရာကို ပေါ့တန်မသွားစေလိုပါ။
အခုအချိန်မှာ အီးမေးလ် ဆားဗစ်ပရိုဗိုက်တာ တွေကလည်း နည်းပညာတွေ ပိုကောင်းလာတဲ့အတွက် အီးမေးလ် တခုပို့လိုက်ရင် ဘယ်အိုင်ပီလိပ်စာက ဆိုတာ သိနိုင်ဖို့ မခက်ခဲပါဘူး။
စီးပွားရေး (commercial) နဲ့ ပတ်သက်တာဆိုရင်တော့ သည်လို ပို့ပုံဟာ ဥပဒေနဲ့လည်း ငြိစွန်းနိုင်ပါတယ်။ စင်္ကာပူမှာတော့ Anti-Spam Law ဆိုတာ ရှိပါတယ်။ ၂၀၀၇ ကမှ ထုတ်ပြန်ထားတာပါ။ စင်္ကာပူ အင်တာနက်က ပို့တဲ့လူဆိုရင် အကျုံးဝင်ပါတယ်။ ပိုသိချင်ရင် စင်္ကာပူ Spam Control Bill ကို ဒီမှာ ဖတ်ပါ။ တခြားနိုင်ငံတွေမှာလည်း အလားတူ ဥပဒေ ရှိကောင်းရှိပါလိမ့်မယ်။
ဒီအချိန်ကနေ ရှေ့လျှောက်ပြီး အရေးကြီး အီးမေးလ်တွေကို လူအများအပြားကို ပို့စရာတွေ ပေါ်လာဦးမှာပါ။ စာဖတ်သူများထဲက တိုက်ဆိုင်ခဲ့သော် နည်းနည်း စဉ်းစားနိုင်ဖို့ပါ။ အချိန်ရခဲ့လျှင် ပို့စ်ဟောင်းလေးကို အောက်မှာ ပြန်ဖတ်ကြည့်လိုက်ပါဦး။
-------------
Sep 21, 2007
လူအများအပြားကို အီးမေးလ် ပို့ခြင်းနှင့် ပတ်သက်၍
Sunday, April 6, 2008
သင်္ကေတများကိုဖြတ်ကျော်စဉ်
“ကိုယ်ဘာကို ကြိုက်သလဲ သူ မသိပါဘူးကွယ်”
သည်လိုဆိုသည်။ ကိုယ်က သည်လို ခပ်ညည်းညည်းကလေး ဆိုသည်။
“အင်း..”
တဖက်ကိုလှည့်ကာ လဲလျောင်းနေသော သူ့ထံမှ မပွင့်တပွင့် အသံထွက်လာသည်။
“ဟေး.. ပြောနေတာ ကြားရဲ့လား”
“အင်း…”
နောက်ထပ် မပွင့်တပွင့် အသံတစ်ခု။ ကိုယ်ကစိတ်မရှည်နိုင်။
“ကဲ ဒီဘက်လှည့်ပါဦး။ ဒီက မျက်နှာကို ကြည့်”
“အာ…. စောစောစီးစီး လာရစ်နေပြန်ပြီ။ အိပ်နေတာကို..”
သူကလှည့်လာပါသည်။
“ရစ်တာမဟုတ်ဘူး။ ပြောလေ…။ ဥပမာဆိုရင် သူများ ဘာအရောင် ကြိုက်သလဲ သူသိလို့လား”
သူနဲ့ ကိုယ် စတွေ့ပုံက သူများတကာတွေလို မဟုတ်။ စစချင်း သူက ကိုယ့်ကို စိတ်ဝင်စားပုံ မပြ။ ကိုယ်ကလည်း မြင်မြင်ချင်း ကြွေကျသွားစေနိုင်သော ရုပ်ရည်ပိုင်ရှင်မဟုတ်။ ဇာတ်လမ်းတခုသာ ဆိုရင်တော့ ပြန်တွေးရင် တိတိကျကျ ပွိုင့်တခုမှာ စတင်ခဲ့တာလို့ ပြောရခက်သား။ ကိုယ်တို့ဟာ အချက်အလက်တစ်ခုမဟုတ်၊ ဖြစ်စဉ်တစ်ခုသာ ဖြစ်ခဲ့မည်။
“မသိဘူးလေ။ ခင်ဗျားက ဘယ်တုန်းက ပြောပြဖူးလို့လဲ”
“အို.. ပြောပြရမှာလား။ မေးပေါ့”
“မမေးချင်ပါဘူး။ ဒါမျိုးတွေ အမြင်ကတ်လွန်းလို့.. အကြိုက်ဆုံးအရောင် အကြိုက်ဆုံးသီချင်း အကြိုက်ဆုံးစာအုပ် အကြိုက်ဆုံး ဘလာ ဘလာ ဘလာ”
ဖြတ်သန်းခဲ့သည့် အချိန်တွေက လုံလောက်အောင်တော့ ကြာမြင့်ခဲ့သည်ပဲ။ ကိုယ်က အပေါင်းအသင်း များသည်။ တခြားသူငယ်ချင်း ယောင်္ကျားကလေးတွေ ကိုယ်နဲ့ တစ်နာရီလောက် ခင်ခင်မင်မင် ဖုန်းပြောကြ။ ရယ်မောကြ။ သူက အနားမှာ ခပ်အေးအေး ရှိနေခဲ့။ သူကတော့ ကိစ္စမရှိရင် ကိုယ့်ဆီကို ဖုန်းမဆက်။ အပိုတွေလည်းမပြော။ အကြောင်းမရှိရင် အကြောင်းဘယ်တော့မှ မရှာ။ သူ့ချဉ်းကပ်ပုံက နားလည်ရခက်သား။ ကိုယ့်ကို စိတ်မ၀င်စားလို့လား ဆိုတော့လည်း မဟုတ်ပြန်။ ဒါဆိုလည်း နေတော့ပေါ့။ အဲသည်လို လျစ်လျူရှု လိုက်ပြန်တော့လည်း ရှေ့တိုးလာခဲ့။
“ဘယ်ဟုတ်မလဲ မေးခဲ့သင့်တာပေါ့။ မမေးလည်း ယူ မြင်အောင် ကြည့်ပေါ့။ ဒီမှာ… သူများက အစိမ်းရောင်ကို အရမ်းကြိုက်တာ သိရဲ့လား။”
“ခင်ဗျားကရော မြင်အောင် ပြပေါ့။ ပိုက်ဆံအိတ်။ အင်္ကျီ၊ ဖိနပ်၊ ဘောပင် ၊ ကော်ဖီခွက်၊ အိပ်ရာခင်း အရာရာကို စိမ်းနေအောင် သုံးလိုက်ပါလား။ တကယ်ကြိုက်တဲ့လူဆိုရင် အဲသည်လို လုပ်ကြတယ်မဟုတ်လား။ မေးစရာမလိုဘူး။ ကိုယ်သိမှာပေါ့။”
“အို … မသုံးနိုင်ပါဘူး..။ အင်္ကျီစိမ်းစိမ်းတွေလည်း အမြဲဝတ်မနေနိုင်ဘူး။ သူများက အသားမဖြူဘူး။ ကိုယ်နဲ့ လိုက်ဖက်မှာကိုပဲ ၀ယ်မှာပေါ့။ အသုံးအဆောင် ပစ္စည်းတွေလည်း အဲဒါတွေနဲ့ သင့်တော်တဲ့ အရောင်ကိုပဲ သုံးမှာပေါ့။”
“အင်းလေ...။ ဒါကြောင့်ပြောတာပေါ့။ အဲဒါက ခင်ဗျားပုံစံ ခင်ဗျားစတိုင် ပဲလေ။ ကိုယ်ကြိုက်တာဆိုပြီး ကြိုက်တဲ့နောက် တကောက်ကောက် လိုက်လို့လား။ နောက်ဆုံးတော့ သင့်တော်တာကိုပဲ လုပ်တာပဲ မဟုတ်လား။ အဲဒါတွေက အရေးကြီးသေးလို့လား”
ဒါပေမယ့်.. ဒါပေမယ့် တကယ် ကြိုက်တယ် ဆိုတာမျိုးလည်း ရှိသေးတာပေါ့ကွယ်။ ရှိဦးမှာပေါ့နော်။ အင်း.. ကြိုက်တာတွေကို ကိုယ်လိုချင်ခဲ့ပါသလား။ မလိုချင်ခဲ့ရင် ဒါမှမဟုတ် ရအောင် သေသေချာချာ မကြိုးစားခဲ့ရင် တကယ်မကြိုက်ခဲ့တာလား။ လိုချင်နေတာကရော ကြိုက်တာတွေလား။ ရအောင် ကြိုးစားပမ်းစား ယူခဲ့မိတာတွေကမှ တကယ် ကြိုက်တာတွေမို့လို့လား။ နောက်ဆုံးတော့ ဒါတွေအားလုံး ဘယ်လောက် ဘယ်လို အရေးကြီးသလဲ။
“နေပါဦး.. အခုအချိန်မှ ဒါတွေ ဘာလို့ မေးနေရတာလဲ”
သူက မေးလာသည်။ ကိုယ်က ညစ်ကျယ်ကျယ်အပြုံးဖြင့် သူ့ကို ကြည့်လိုက်သည်။
“သိစေချင်လို့ပေါ့။ အခု မေးကြည့်လိုက်ပါလား။ ဒါဆို ကိုယ့်ကိုရော တကယ်ကြိုက်တာလား သင့်တော်ရာကို ရွေးခဲ့တာလား လို့”
သူက ကိုယ့်ဆံနွယ်ခွေတွေကို ညင်ညင်သာသာ ထိုးဖွလိုက်ရင်း ကိုယ့်မျက်နှာကို ငုံ့မိုးကာ စေ့စေ့ကြည့်သည်။ အပြုံးကြီးကြီး တချက်ပြုံးသည်။ ခဏကြာမှ..
“လူမိုက်မှ မဟုတ်တာ... ဘာလို့မေးရမှာလဲကွယ်”
ဟု တီးတိုးဆိုလေသည်။
ပန်ဒိုရာ
Thursday, April 3, 2008
ထရိုဂျန်
ကိုယ့်ကွန်ပြူတာက အင်တာနက် ကော်နက်ရှင် ပြတ်ပြတ်ကျတတ်တာကိုတော့ သတိထားမိနေပါတယ်။ ဟိုတလောက သူငယ်ချင်းတစ်ယောက်က ဗီဒီယိုဖိုင်လေး ပို့ပေးလိုက်တာကို ဘယ်လိုမှ ဒေါင်းလုပ် လုပ်မရ။ တခြားကွန်ပြူတာက လုပ်မှရတယ်။ YouTube တချို့ဗီဒိုယိုဖိုင်တွေကိုလည်း ဖွင့်ကြည့်လို့ မရပြန်ဘူး။ ဒါနဲ့ တခုခုတော့ မှားနေပြီလို့ ရိပ်မိလာတယ်။ Anti Virus အသစ်လဲ တပ်လိုက်တယ်။ Scan လုပ်ပြီး ဖျက်ရမယ့်ဟာ ဖျက်လိုက်ပေမယ့်လည်း ကောင်းမလာဘူး။ ဒါနဲ့ ရောဂါလက္ခဏာကို ဂူဂဲလုပ်ပြီး ရှာဖတ်တော့ ထရိုဂျန် တမျိုးမျိုး ၀င်နေတာ ဖြစ်နိုင်တယ်လို့ ဖတ်ရတယ်။ ဗိုင်းရပ်စ်ရယ် ၀မ်းမ် ရယ် ထရိုဂျန်ရယ်က မတူပုံကိုလည်း ဖတ်လိုက်တယ်။ ထရိုဂျန်ဆိုတာ တကယ် ၀င်နေလား မသိပါဘူး။ ထိလွယ်ရှလွယ် ကဗျာကောင်ကြီးပီပီ ကဗျာတစ်ပုဒ်တော့ ဖြစ်သွားပြန်တယ်။
ထရိုဂျန်
အင်တာနက်ထဲမှာ
သွားနေကျ ဆိုက်တခုခုက အစပြုခဲ့မယ်
သုံး လေး လလောက်ထင်တာပဲ
ဘယ်တုန်းကတည်းက ငြိသွားသလဲကွယ်
ရိပ်မိတဲ့အချိန်မှာ
စက်တခုလုံး ကမောက်ကမဖြစ်လာ
လှုပ်ရှားမှုတွေ နှေးကွေး
ငေးငေးငိုင်ငိုင် ဖြစ်လို့
မန်မိုရီတွေ ကျဆင်းမေ့လျော့
အလုပ်တွေလည်း အမှားမှားအယွင်းယွင်းနဲ့
ပရိုဂရမ် ကောင်းကောင်း မသွားနိုင်တာကြာပေါ့
သိခဲ့သလိုလိုနဲ့
တကယ့်တကယ်နားမလည်တဲ့အရာတခု
စူးစမ်းရှာဖွေဖတ်ရှုကြည့်တော့လည်း
တိုက်ခိုက်ဖျက်ဆီးတဲ့
ဗိုင်းရပ်စ်ပိုး မဟုတ်ပြန်ဘူး
တွားသွားကပ်ပါးရွံစရာ
ကူးစက်ရောဂါလိုလည်း မဟုတ်ပြန်ဘူး တဲ့
အန္တရာယ်ပေးမှုနည်းပါတယ်..
သိမ်မွေ့ပါတယ်.. ချည်းပဲပြနေတယ်
ဘယ်လိုလဲကွယ်..
ဒုက္ခပေးဖို့မရည်ရွယ်လည်း
အဝေးက ထိန်းချုပ်မှု တခုခုအောက်မှာ
အပြုစားခံနေရသလိုပေါ့
တနေရာပဲ ၀ဲလည်ဝဲလည်
ဟန်ဆောင်ပန်ဆောင်သာ ပုံမှန်လှုပ်ရှားနေရ
လျို့ဝှက်ချက်တွေလည်း ရိပ်မိကုန်ပြီလားမသိတယ်
တရားမ၀င်တဲ့ ဆော့ဖ်ဝဲတခုကိုမှ
အလိုလိုတပ်ဆင်မိရက်သားလားကွယ်
ဘယ်လိုမှကြိုးစားဖျောက်ဖျက်မရ
တအုံနွေးနွေးဖြစ်နေရတယ်
တနေ့နေ့တချိန်ချိန်
ချိန်ကိုက်ဗုံးလို ပေါက်ကွဲသွားမှာလား
အားအင်ကုန်ခန်းတယ်
ဆက်သွယ်မှုတွေ ခဏခဏပြတ်ကျလို့
သက်ပြင်းချပြီး အစက ပြန်ပြန်စနေရတော့တယ်။
ပန်ဒိုရာ
Tuesday, April 1, 2008
ဧပရယ်ဖူးလ်ကိုတူးဆွခြင်း
ဧပရယ် ၁ ရက်နေ့ကို ရောက်ပါပြီ။ ဧပရယ်ဖူးလ် သို့မဟုတ် ဧပရယ်အရူး နေ့ (APRIL FOOL'S DAY ) လို့ခေါ်ကြတဲ့ ဒီနေ့ကို အရူးများအားလုံးနေ့ (All FOOLS DAY) လို့လည်း ခေါ်ကြသတဲ့။ ဒီနေ့မှာ တကမ္ဘာလုံးက လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရယ်စရာလုပ်ကြ နောက်ပြောင် လှည့်ဖြား ကျီစယ်ကြပြီး အမှတ်တရနေ့အဖြစ် ကျင်းပလေ့ရှိပါတယ်။
ဧပရယ်ဖူးလ်နေ့ ပေါ်ပေါက်လာပုံကို ရှာဖွေတူးဆွ ကြည့်တဲ့အခါကျတော့ ၁၆ ရာစုမှာ ပြင်သစ်နိုင်ငံက စခဲ့တယ်လို့တွေ့ရပါတယ်။ အဲဒီအချိန်က ဂျူလီယန်ပြက္ခဒိန် (Julian calendar ) လို့ခေါ်တဲ့ ပြက္ခဒိန်တမျိုးကို သုံးစွဲကြပါတယ်။ အဲဒီပြက္ခဒိန်အရ နှစ်သစ်ဆိုတာ ဧပရယ်လလောက်က စတယ်။ ၁၅၆၄ ခုနှစ်ကျတော့ ပြင်သစ်နိုင်ငံရဲ့ဘုရင်ဖြစ်တဲ့ န၀မမြောက် ချားလ်စ်ဘုရင် (King Charles IX) ကနေပြီး ဂရီဂိုရီယန် ပြက္ခဒိန် (Gregorian calendar) ဆိုတာကို ပြောင်းလဲသတ်မှတ်လိုက်တယ်။ ပြက္ခဒိန်အသစ်အရ နှစ်သစ်ဆိုတာ ဇန်န၀ါရီလ ၁ရက်နေ့က က အစပြုပါတော့တယ်။
ကျေးလက်ဒေသမှာ နေတဲ့လူတွေကျတော့ သတင်းကမရောက်လို့ ပြက္ခဒိန် ပြောင်းသွားတယ်ဆိုတာကို လပေါင်းနှစ်ပေါင်းများစွာ ကြာသည်အထိ မသိကြပြန်ပဲ နှစ်သစ်ကူးကို ဧပရယ်လ်မှာ ဆက်လက် ကျင်းပနေကြတယ်တဲ့။ အဲဒီလို လမှားပြီး နှစ်သစ်ကူး ကျင်းပတဲ့လူတွေကို ရယ်မော နောက်ပြောင်ကြတယ်။ ဥပမာဆိုရင် နှစ်သစ်ကူး လက်ဆောင်တွေ အကြောင်ရိုက်ပြီး သွားပေးတာတို့ ပါတီကိုလာဖို့ နောက်ပြီး ဖိတ်တာတို့ပေါ့။ အဲသည်ကစလို့ ဧပရယ်ဖူးလ် အလေ့အထ ဖြစ်လာတယ်။
ဒီကနေ့ ပြင်သစ်နိုင်ငံမှာတော့ ဧပရယ်လ်ဖူးလ် အလုပ်ခံရတဲ့လူကို ဧပရယ်လ်ငါး (Poisson d'Avril )လို့ခေါ်ကြတယ် တဲ့။ ပြင်သစ်ဘာသာနဲ့ Poisson ဆိုတာက ငါးကိုခေါ်တယ်။ Avril ကတော့ ဧပရယ်လပါ။ ဘာလို့ ငါး လို့ခေါ်ရသလဲ ဆိုတော့ ဧပရယ်လဟာ ရာသီခွင်အရ ငါးရုပ်သဏ္ဍာန်ဖြစ်တဲ့ မိန်ရာသီ (Piseces) မှာကျရောက်လို့ ဖြစ်ကောင်းဖြစ်မယ် လို့ဆိုကြတယ်။ အဲဒီ ဧပရယ်ငါး လုပ်ကြတာကို ပြင်သစ်မှာတော့ ကလေးများက လုပ်လေ့ရှိတယ်တဲ့။ များသောအားဖြင့် ငါးရုပ်ပုံကို သူငယ်ချင်းတွေရဲ့ နောက်ကျောမှာ မသိအောင် လိုက်ကပ်ကြတာမျိုးဆိုပဲ။ အဲဒီလို အရူးလုပ်ခံရတဲ့လူကို ဧပရယ်ငါး လို့ အကျယ်ကြီး အော်ဟစ်ပြီး နောက်ပြောင် ကြတယ်တဲ့။ (ပျော်စရာကြီးနော် ဟီး။)
အထက်ကပြောခဲ့တာတွေ သိနိုင်ဖို့ ဒီဝက်ဘ်ဆိုက် တွေကနေ ဖတ်ခဲ့ပါတယ်။
http://people.howstuffworks.com/question604.htm
http://www.suite101.com/article.cfm/americans_in_france/107651
http://en.wikipedia.org/wiki/Hilaria
သည်လိုနဲ့ ကိုယ့်အမိနိုင်ငံ မြန်မာပြည်ထဲကိုလည်း ဧပရယ်ဖူးလ် လုပ်တဲ့ အလေ့အထ ဘယ်တုန်းကထဲက စခဲ့ပါလိမ့်လို့ ဆက်လက် တူးဆွမိပြန်ပါတယ်။
အားလုံးသိကြမယ့်အတိုင်းပါပဲ။ ၁၆ ရာစု အချိန်အတော်များများမှာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တာက ဘုရင့်နောင် (၁၅၅၀-၁၅၈၁) ဖြစ်ပါတယ်။ အဲသည်အချိန်မှာ မြန်မာနိုင်ငံကို ပေါ်တူဂီလူမျိုး ဒတ်ခ်ျလူမျိုး ပြင်သစ်လူမျိုးတွေဟာ ရေကြောင်းကတဆင့် ကုန်သွယ်မှုတွေ အစပြုနေပါပြီ။ ကုန်သွယ်စီးဆင်းမှုနဲ့အတူ ယဉ်ကျေးမှု တွေလည်း ကူးလူးယှက်နွယ် လာပါတော့တယ်။ ကုန်သည်တွေနဲ့ ရောနှောကာ ဗဟုသုတ မပြတ်လိုက်စားတဲ့ ဘုရင့်နောင်ဟာ ပြင်သစ်တို့ရဲ့ ခေတ်စားလာတဲ့ ဧပရယ်ဖူးလ် အလေ့အထကို သတိပြုမိပါတယ်။
ဘုရင့်နောင်နဲ့ ပြင်သစ်ကုန်သည်များ တွေ့ဆုံစကားပြောကြပုံကို ဦးဖိုးကျားရဲ့ မြန်မာရာဇ၀င်အကျဉ်း ဒုတိယအကြိမ်ထုတ် စာမျက်နှာ ၈၉ စာကြောင်းရေ ၃၅ မှာ တွေ့နိုင်ပါတယ်။
ဘုရင့်နောင်ဟာ အင်အားကြီးတဲ့ ဘုရင်ဖြစ်သော်လည်း စိတ်နေစိတ်ထား ကောင်းမွန်တယ်။ ဒါကြောင့် ထိုင်းလူမျိုးတွေဆို အတိုက်ခံခဲ့ရပေမယ့်လည်း သူ့ကို အခုထိ လေးစားနေကြတုန်းပါပဲ။ သူဟာ အသက်ကြီးပိုင်း ရောက်တဲ့အခါ မလွှဲမရှောင်သာ တိုက်နေရသော်လည်း စစ်မက်ကို ငြီးငွေ့လာတယ်။ စစ်ရဲ့ အပြစ်တွေကို မြင်လာတယ်။ ဒါကြောင့် စစ်သွေး ခက်ထန်တဲ့ နှောင်းဘုရင်တွေကို ပညာပေးဖို့ အကြီးအကျယ် တခု ကြံစည်ခဲ့တော့တယ်။
နန်းတော်နံရံမှာ သူကွယ်လွန်ခါနီး နှစ်ပိုင်းတခု ဖြစ်တဲ့ အချိန် ခရစ်သက္ကရာဇ်နဲ့ ပြန်တိုက်ကြည့်ရင် ၁၅၇၉ ဧပရယ်လ ၁ ရက်နေ့မှာ မှတ်တမ်းတစ်ခု ရေး ခဲ့တယ်။ အဲဒါကတော့ သူရဲ့ပုံတူ ရုပ်တုကြီး ၁၀ ခု ပြည့်အောင် မြန်မာပြည်က အထင်ကရ မြို့တော် တွေမှာ ထုလုပ်နိုင်တဲ့ မင်းဟာ စင်္ကြာဝတေးမင်းကဲ့သို့ တန်ခိုးကြီးပြီး စစ်သေနင်္ဂဗျူဟာတွေ နိုင်နင်းနိုင်မယ်လို့ကျီစယ်ခဲ့တာ ဖြစ်ပါတယ်။
အဲသည်ကဗျည်းစာကို ကမ္ဘောဇသာဒီ နန်းတော်ကြီး တူးဖော်စဉ်က မတော်တဆ တွေ့သွားခဲ့တယ်။ ဒါနဲ့ပဲ……… ရှေ့ဆက်လာတဲ့ ဇာတ်လမ်းကတော့ .. အောက်မှာဖြစ်ပါတယ်…။
……
……
……
……
အစိမ်းရောင် ခြယ်ထားသော စာများကို အမှန်အကန်ဟု ထင်မိသူများအတွက် ၀မ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်။
အရူးလုပ်ခြင်းအနုပညာရဲ့ မှတ်သားစရာများ
- အမှန်အကန် အချက်များနဲ့ ရောနှော စကားပလ္လင်ခံရတယ်။ ဒါမှ ဟုတ်သယောင်ယောင် ရှိတယ်။
- ရာဇ၀င်ချီပြီး အမှန်အကန် နာမည်တွေကိုပါ ရဲရဲယူသုံးရတယ်။ လိမ်မယ့်လိမ် အချက်အလက် ခပ်ထွားထွားနဲ့ ကြီးကြီးကျယ်ကျယ် လိမ်ရတယ်။ အကိုးအကား ထည့်ရတယ်။ တကယ်ဟုတ်မဟုတ် ဒုက္ခခံပြီး စာအုပ်လိုက်ရှာ စာရွက်ပြန်လှန် ကြည့်ချင်ရင်လည်း သဘောပဲပေါ့။
- မျက်နှာပြောင်ပြောင်ထားရတယ်။ မရှက်ပါနဲ့။ ကြမ်းပိုးကိုလိပ်ဖြစ်အောင် ပြောနိုင်ရမယ်။ တကမ္ဘာလုံးကို အရူးလုပ်သင့်လုပ်ရမယ်။
- ဒီခေတ်မှာ သာမန် တစ်ဆင့်လောက်တည်းတော့ မလိမ်ကြတော့ဘူး။ နှစ်ဆင့် သုံးဆင့် လိမ်ရတယ်။ ဘုံခုနှစ်ဆင့်လောက် လိမ်တာမျိုးတောင် ရှိသေး။
- လူတိုင်းဝိုင်းကြည့်နေတဲ့ ဘလော့လို နေရာမျိုးမှာကို ခပ်တည်တည်နဲ့ ကျယ်ကျယ်လောင်လောင် ဖြစ်အောင် လွှင့်ရတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူဖတ်များသွားတယ်ဆိုရင် အောင်မြင်တာပဲ မဟုတ်လား။ အနည်းဆုံး တစ်ယောက်နှစ်ယောက် ယုံသွားလည်း အမြတ်ပဲလေ။
- ဒီလောက်နဲ့ တော်ပြီ မှတ်သလား။ ဧပရယ်နဲ့ အားမရသေး။ မေလကျမှ အကြီးအကျယ် ထပ်လိမ်ပြဦးမယ်။ သတိသာ ထားကြပေတော့။
ပုံ
ပန်ဒိုလိမ်