Thursday, April 3, 2008

ထရိုဂျန်

ကိုယ့်ကွန်ပြူတာက အင်တာနက် ကော်နက်ရှင် ပြတ်ပြတ်ကျတတ်တာကိုတော့ သတိထားမိနေပါတယ်။ ဟိုတလောက သူငယ်ချင်းတစ်ယောက်က ဗီဒီယိုဖိုင်လေး ပို့ပေးလိုက်တာကို ဘယ်လိုမှ ဒေါင်းလုပ် လုပ်မရ။ တခြားကွန်ပြူတာက လုပ်မှရတယ်။ YouTube တချို့ဗီဒိုယိုဖိုင်တွေကိုလည်း ဖွင့်ကြည့်လို့ မရပြန်ဘူး။ ဒါနဲ့ တခုခုတော့ မှားနေပြီလို့ ရိပ်မိလာတယ်။ Anti Virus အသစ်လဲ တပ်လိုက်တယ်။ Scan လုပ်ပြီး ဖျက်ရမယ့်ဟာ ဖျက်လိုက်ပေမယ့်လည်း ကောင်းမလာဘူး။ ဒါနဲ့ ရောဂါလက္ခဏာကို ဂူဂဲလုပ်ပြီး ရှာဖတ်တော့ ထရိုဂျန် တမျိုးမျိုး ၀င်နေတာ ဖြစ်နိုင်တယ်လို့ ဖတ်ရတယ်။ ဗိုင်းရပ်စ်ရယ် ၀မ်းမ် ရယ် ထရိုဂျန်ရယ်က မတူပုံကိုလည်း ဖတ်လိုက်တယ်။ ထရိုဂျန်ဆိုတာ တကယ် ၀င်နေလား မသိပါဘူး။ ထိလွယ်ရှလွယ် ကဗျာကောင်ကြီးပီပီ ကဗျာတစ်ပုဒ်တော့ ဖြစ်သွားပြန်တယ်။



ထရိုဂျန်

အင်တာနက်ထဲမှာ
သွားနေကျ ဆိုက်တခုခုက အစပြုခဲ့မယ်
သုံး လေး လလောက်ထင်တာပဲ
ဘယ်တုန်းကတည်းက ငြိသွားသလဲကွယ်
ရိပ်မိတဲ့အချိန်မှာ
စက်တခုလုံး ကမောက်ကမဖြစ်လာ
လှုပ်ရှားမှုတွေ နှေးကွေး
ငေးငေးငိုင်ငိုင် ဖြစ်လို့
မန်မိုရီတွေ ကျဆင်းမေ့လျော့
အလုပ်တွေလည်း အမှားမှားအယွင်းယွင်းနဲ့
ပရိုဂရမ် ကောင်းကောင်း မသွားနိုင်တာကြာပေါ့
သိခဲ့သလိုလိုနဲ့
တကယ့်တကယ်နားမလည်တဲ့အရာတခု
စူးစမ်းရှာဖွေဖတ်ရှုကြည့်တော့လည်း
တိုက်ခိုက်ဖျက်ဆီးတဲ့
ဗိုင်းရပ်စ်ပိုး မဟုတ်ပြန်ဘူး
တွားသွားကပ်ပါးရွံစရာ
ကူးစက်ရောဂါလိုလည်း မဟုတ်ပြန်ဘူး တဲ့
အန္တရာယ်ပေးမှုနည်းပါတယ်..
သိမ်မွေ့ပါတယ်.. ချည်းပဲပြနေတယ်
ဘယ်လိုလဲကွယ်..
ဒုက္ခပေးဖို့မရည်ရွယ်လည်း
အဝေးက ထိန်းချုပ်မှု တခုခုအောက်မှာ
အပြုစားခံနေရသလိုပေါ့
တနေရာပဲ ၀ဲလည်ဝဲလည်
ဟန်ဆောင်ပန်ဆောင်သာ ပုံမှန်လှုပ်ရှားနေရ
လျို့ဝှက်ချက်တွေလည်း ရိပ်မိကုန်ပြီလားမသိတယ်
တရားမ၀င်တဲ့ ဆော့ဖ်ဝဲတခုကိုမှ
အလိုလိုတပ်ဆင်မိရက်သားလားကွယ်
ဘယ်လိုမှကြိုးစားဖျောက်ဖျက်မရ
တအုံနွေးနွေးဖြစ်နေရတယ်
တနေ့နေ့တချိန်ချိန်
ချိန်ကိုက်ဗုံးလို ပေါက်ကွဲသွားမှာလား
အားအင်ကုန်ခန်းတယ်
ဆက်သွယ်မှုတွေ ခဏခဏပြတ်ကျလို့
သက်ပြင်းချပြီး အစက ပြန်ပြန်စနေရတော့တယ်။



ပန်ဒိုရာ


8 comments:

Anonymous said...

Please use Linux :P

စိုးထက် - Soe Htet ! said...

ထိလွယ်ရှလွယ် ကဗျာ ကောင်ကြီးရဲ့ ကဗျာ ကို လာခံစား သွားပါတယ် :D

ကိုပေါ said...

ထရိုဂျန်ကြောင့်
ဒိုပန် တယောက်
ငိုသံပေါက်နေပါလားဟေ့……

အလျဉ်း မဆိုးခင်
ဝင်းဒိုးကို ရီအင်စတောလ်လုပ်….
(ဟင်းအိုးဆူအောင် စောင့်မနေနဲ့)

နှမြောမက်စရာမရှိရင်
ဖောမက် သာ ချထည့်လိုက်။….
(တောအရက်…လို့ နားကြားမလွဲနဲ့အုံး)

ဒေတာတွေ ပျောက်ဆုံးမှာကြောက်ရင်
နောက်တလုံးသာ ပြေးဝယ်လိုက်ပါတော့။

Anonymous said...

ဟုတ်တယ်....ဟုတ်တယ် မပန်ဒိုရာ။
ချိန်ကိုက်ဗုံးလို မပေါက်ကွဲခင် အချိန်မှီပြင်လိုက်(သို့ ) အသစ်တလုံးပြေးဝယ်လိုက်တာ အကောင်းဆုံးဘဲ။

Anonymous said...

ထရိုဂျန် ကိုကဗျာလေးဖွင့်ဆိုထားတာ ဂွတယ်ဗျ ကျနော့်စက်လဲ ဒါပေမယ့် မလုပ်တတ်လို့  ဖွင့်လိုက် ပိတ်လိုက် ကလိလိုက်တယ် ပျက်သွားတော့ ဆိုင်ပို့ လိုက်ကော ကောင်းသွားတယ်လေ ဟားဟား ပြင်ခတော့ ရုံးကပေးရတာပေါ့ ကိုယ်မှမကုန်တာ။

နတ္ထိ said...

“…လျို့ဝှက်ချက်တွေလည်း ရိပ်မိကုန်ပြီလားမသိတယ်…”
အင်း..မဟုတ်မှ လွဲရော။ စက်ထဲမှာတင် ထရိုဂျန် ရောက်တာ မဟုတ်လောက်ဘူး။ စိတ်ထဲမှာလဲ ရောက်နေပုံရတယ်။ ဟုတ်?

မေငြိမ်း said...

ဟီဟိ..
လုပ်ပုံ..
တကယ်ပဲ ဟုတ်နေတော့သလိုလို..
ထရိုဂျန်..တဲ့
မသိမသာ ၀င်လာပေလို့သာပဲ...
ဒုံးစိုင်းများဝင်ချလာလိုက်ရင် အခက်ပေါ့ အရီးပန်ရေ..။

pandora said...

ထရိုဂျန်အတွက် အကြံကောင်းများ ပေးသွားသော အားပေးသွားသော Linux Promoter ကိုစိုးထက် ကိုပေါ မHT မောင်မျိုး ကိုအက္ခရ မမေငြိမ်းတို့ ကျေးဇူးပါ။

လောလောဆယ်တော့ ကြိုးစားပမ်းစား ထုတ်လိုက်ရမှာ ပျင်းကလည်းပျင်း အချိန်ကလည်းမရသေး. မွေးထားပါရစေဦး။

ဟဲဟဲ..။