ပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့် အ၀တ်လျှော်မယ် ကြမ်းတိုက်မယ် အိမ်သန့်ရှင်းရေးလေး ဘာလေး လုပ်မယ်လို့ စဉ်းစားလိုက်ပါတယ်။ ကြမ်းတိုက်နေတုန်း အ၀တ်လျှော်စက်ကို လှည့်ထားမှပဲလေ ဆိုပြီး အ၀တ်တွေထည့်ပြီး ဆပ်ပြာရည် လောင်းချလိုက်မလို့ လုပ်တော့ ဘုရားဘုရား ကံကောင်းလို့ ကြမ်းတိုက်ရင် သုံးတဲ့ အရည်ကို ထည့်မိတော့မလို့။ ဗူးအရွယ်ချင်းက ခပ်ဆင်ဆင်ကိုး။
ပန်းကန်တွေ အိုးတွေ အရင်ဆေးဦးမှပဲလေ ဆိုပြီး ပန်းကန်ဆေးတဲ့ ဆပ်ပြာရည်နဲ့ ဆေးပါတယ်။ ဆေးပြီးတဲ့အခါ basin ကိုတော့ စတီးလ် တို့ အလူမီနီယမ်တို့ ဆေးဖို့ လုပ်ထားတဲ့ အရည်နဲ့ ဆေးလိုက်တော့ ပြောင်လက်သွားပါတယ်။ အားလုံးပြီးစီးတော့ လက်ကို hand soup လို့ရေးထားတဲ့ လက်ဆေးရည်လေးနဲ့ ဆေးလိုက်ပါတယ်။
ကြမ်းပြင်ကို တိုက်ဖို့ floor လို့ရေးထားတဲ့ အရည်ကို ရေပုံးထဲ ထည့်ပြီး အ၀တ်တပ်ထားတဲ့ တုတ်တံနဲ့ mop လုပ်တယ် လို့ ခေါ်တဲ့ အလုပ်ကို လုပ်ရပါတယ်။ မှန်တွေကို တိုက်တဲ့အခါကျတော့ glass လို့ရေးထားတဲ့ spray ဗူးထဲက အရည်နဲ့ ဖျန်း။ ပြီးတော့မှ အပေါ်ကနေ အ၀တ်နဲ့ တိုက်ပါတယ်။ အိမ်သာကြွေခွက်ကျတော့ နောက်တစ်မျိုးလာပါပြီ။ သူကတော့ ပါဝင်ပစ္စည်းတွေက ပိုပြင်းထန်သတဲ့။ ကြွေကိုတောင် အရောင်ချွတ်တယ်ဆိုတော့ လက်ကို မထိအောင် သတိထား သုံးစွဲလိုက်ရပါတယ်။
ဒါနဲ့ ပြန်စဉ်းစား မိပြန်တယ်။ မနက်မိုးလင်း အိပ်ရာကထလို့ သွားတိုက်တဲ့အခါ သွားတိုက်ဆေးလို့ခေါ်တဲ့ ပျော့စိစိအရာနဲ့ အမြုပ်ထွက်အောင် တိုက်ပြီး ဆေးကြောရတယ်။ ကြော်ငြာတခုက - ပါးစပ်ကိုသန့်စင်ရင် သွားတိုက်ရုံနဲ့ မလုံလောက်ဘူး ကြိုကြိုကြားကြားတွေကို ထိရောက်ဖို့အတွက် ဒါသုံးမှဖြစ်မယ် - လို့ ပြောထားတော့ ပလုပ်ကျင်းတဲ့ အရည်နဲ့ ကျင်းထုတ်လိုက်ရ ပါသေးတယ်။
မျက်နှာသစ်တော့လည်း မျက်နှာသစ်ဖို့ လုပ်ထားတဲ့ ဆပ်ပြာနဲ့ သစ်ပြန်တယ်။ မိန်းကလေးဆိုတော့ ၀ီစိကိစ္စက များတော့ မျက်နှာသစ်တာတောင် တစ်မျိုးထဲနဲ့ မပြီးပြန်ဘူး။ စိတ်ရှည်ရင် ရှည်သလို ၀ါသနာ ပါရင် ပါသလို ပထမအဆင့် ဒုတိယအဆင့်တွေနဲ့ ရိုးရိုးဆပ်ပြာရည် ပြီးရင် သဲဆပ်ပြာလို ပွတ်တိုက်တဲ့အရာ ပြီးရင် ပြန်ဆေးရမယ့် toner လို့ခေါ်တဲ့အရာ စတာတွေနဲ့ မျက်နှာကို အဆင့်ဆင့် ဆေးကြောလို့ ရပါသေးတယ်။ ပွဲလမ်းရှိလို့ မိတ်ကပ်တွေဘာတွေ ထူထူလိမ်းထားမိရင်တော့ မျက်နှာမသစ်ခင်မှာ မိတ်ကပ်ဖျက်ဆေး လို့ခေါ်တဲ့ အရည်ကြည်ကြည်နဲ့ ဂွမ်းစလေးသုံးပြီး အရင် ဖျက်ရပါသေးတယ်။ ရေချိုးတဲ့ အခါမှာလည်း ရေချိုးတဲ့ ဆပ်ပြာရည် ခေါင်းလျှော်တော့ ခေါင်းလျှော်ရည် ပြီးရင် ဆံပင်ပျော့ဆေး ဒါတွေကို သုံးစွဲရပါတယ်။ နွားစာခွက်နဲ့ ခပ်ဆင်ဆင်တူတဲ့ ရေချိုးဇလုံ bathtub ရှိလို့ အဲဒီထဲ ၀င်ပြီးချိုးမယ် ဆိုရင်တော့ အမြုပ် foam ဖြစ်စေတဲ့ ရေချိုးရည်ကို ထည့်ပြီး ဇိမ်ကျကျ ချိုးနိုင်ပါသေးတယ်။
ကိုယ့်ဆီမှာ ငယ်ငယ်ကတော့ ပြည်တွင်းဖြစ် မွှေးဆပ်ပြာ ဆိုတာပဲ ရေချိုးဖို့အတွက် အထူးပေါ့။ ရွှေဝါဆပ်ပြာ ဆိုရင်လည်း ပန်းကန်ဆေးမလား အ၀တ်လျှော်မလား လက်ဆေးမလား ကြိုက်ရာသုံး။ အနီရောင် ကာဘော်လိတ် ဆပ်ပြာ တစ်တုံးနဲ့ မျက်နှာသစ်တာရော ရေချိုးတာရော ခေါင်းလျှော်တာရော အ၀တ်လျှော်တာရော သုံးကြတာလည်း ကြုံဖူးပါရဲ့။ တချို့ လူကြီးများကတော့ အခုထိ ကာဘော်လိပ်မှ ကာဘော်လိပ် ပါပဲ။
နည်းပညာက တိုးတက်လာပြီး အမျိုးမျိုး ပေါ်လာတော့လည်း ပိုပြီး ထိရောက်မယ့် ဖော်မြူလာတွေနဲ့ အထူးပြုထားတဲ့ ဆေးကြောရည်တွေကို သူများသုံးသလို ကိုယ်လည်း လိုက်သုံးဖြစ်တာပါပဲ။ တခါတလေ မှားသုံးမိရင် ချက်ချင်းပဲ ဥပါဒ် ဖြစ်တော့မတတ် လန့်မိတာလည်း ရှိပါသေးတယ်။ တကယ်တော့လည်း ဆပ်ပြာဟာ ဆပ်ပြာပဲပေါ့ လို့ စဉ်းစားပြန်တော့လည်း non-soap formula ဆိုတာ ရှိပြန်ရောတဲ့။ ဆပ်ပြာ မပါသော ဆပ်ပြာပေါ့နော်။ ဒါမျိုးတွေက တခြား ကုန်ပစ္စည်းတွေမှာလည်း တွေ့ပါတယ်။ သကြားလုံးကိုတောင် sugar free ဆိုတော့ အဘိုးအဘွားတွေကိုဆို ဘယ်လို ရှင်းပြရမှန်းတောင် မသိတော့ဘူး။ ဟဲ့ ဒါဆို နင်တို့ဟာက ဆေးသကြားပေါ့ ဆိုတော့လည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် sugar free လုပ်ထားပါတယ် ဆိုမှ ဆေးသကြား ဆိုတာကြီးတော့လည်း မဟုတ်လောက်သေးပါဘူးပေါ့။ အဲ.. လမ်းချော်လာပြီ။ ဆပ်ပြာ အကြောင်း ပြန်ဆက်ပါမယ်။
ဒီနေ့ အဖို့တော့ သန့်စင်ဆေးကြောတဲ့ အရာ အတော်များများ သုံးခဲ့လိုက်ရပါလား။ ဒါတောင်မှ ကွန်ပြူတာတို့ တီဗွီတို့ မှန်သားပြင် ဆေးတဲ့ အရည်တို့ ခြေသည်းလက်သည်း ဆိုးဆေး ဖျက်တဲ့အရည် တို့ မပါသေးဘူး။ ဟိုတယ် တချို့မှာတော့ ခေါင်းလျှော်ဖို့အတွက်နဲ့ ရေချိုးဖို့အတွက်ပါ နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ ဆပ်ပြာရည်လို့ ထားပေးတာ တွေ့ဖူးပါတယ်။ နည်းပညာတွေသုံးပြီး အထူးပြုတွေ အသီးသီးနဲ့ ရှုပ်အောင် လုပ်ပြီးတဲ့အခါ ရှင်းအောင် ပြန်လုပ်ကြဦးမလား တော့ မသိပါဘူး။ multi-purpose သန့်စင်ပစ္စည်း ပေါ်မလာဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ ဤဆေးကြောသန့်စင်ရည်ကို သွားတိုက် မျက်နှာသစ် ရေချိုး ခေါင်းလျှော် ပန်းကန်ဆေး အ၀တ်လျှော် ကြမ်းတိုက် အိမ်သာဆေး မှန်ဆေး ကားဆေး စသည့် ကိစ္စအ၀၀၌ ထိရောက်စွာ အသုံးပြုနိုင်ပါသည် ဆိုတာမျိုးပေါ့။
ကဲ.. ဤခန္ဓာကိုယ်ကြီးနဲ့ ပတ်ဝန်းကျင်ရှိ ရုပ်ဝတ္တုများ အသီးသီးအတွက် အထူးစီမံ ပြုလုပ်ထားတဲ့ ဆေးကြော သန့်စင်ရည်များနဲ့ ဆေးကြောပြီးတဲ့ သကာလမှာ သန့်စင်ရန် တစ်ခုသာ ကျန်ပါတော့တယ်။ စိတ်…။
ပန်ဒိုရာ
Type the rest of your post here.
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





13 comments:
ပန်ဒိုရာအိမ်လေးက သန်.ရှုင်းပြောင်လက်နေတာဘဲကွယ်. ချီးကျူ့းပါတယ်။
စိတ်ကို သန့်ရှင်းစင်ကြယ်အောင် တရားသွားဝင်ကြပါစို့.. :)
စိတ်သန့်ရှင်းရေးက တခုပဲရှိတယ်။ တရားကိုနှလုံးသွင်းဖို့။
တရားနှလုံးမသွင်းနိုင်သေးဘူးဆိုလဲ တခုပဲရှိတယ်။ စိတ်မရှိအောင်ထားဖို့။
လူဖြစ်နေလို့ စိတ်မရှိအောင်ထားဖို့ မဖြစ်နိုင်သေးဘူးဆိုလဲ တခုပဲရှိတယ်။ စိတ်ကိုသန့်ရှင်းအောင်ထားဖို့။
စိတ်သန့်ရှင်းရေးက....
အင်....မနက်အလုပ်ဆင်းရအုန်းမယ်။ အိပ်မှ။
စိတ်ကလေး တခု တော့..ပေပေ ရေ ရေ လေး ထား လိုက်ပါ။ လူ မြင်တာ လိုက်လို့။
နောင်ဆို လည်း..စိတ် ကို ဆေး တဲ့.. detergent တွေ ပေါ် ချင် ပေါ်လာမှာ.. တရား ၁၀ ရက်စခန်း မလို- ဆေး တလုံးသောက် အကုန် ရှင်း - ဆိုပြီး။း)
ဆားချက်တာလဲ ချက်တာပေါ့... သန့်ရှင်းရေး လာလုပ်ခိုင်းနေတယ်... ပန်ပန်တို့ကတော့ နော်.....
ဟုတ်သား
အရေးကြီးတာကို သန့်စင်တိုက်ချွတ်ဖို့
မေ့နေပါပေါ့လား
ဒီမှာ စရောက်ခါစက ပစ္စည်းအမည်တွေ၊ အညွှန်းတွေကို ထိုင်းလိုရေးထားတော့ ဘာက ဘာအတွက်မှန်း နားမလည်ဘူး။ “ဆပ်ပြာတစ်တုံး အသုံးများစွာ” ဆိုပြီး ဦးပုညလေသံနဲ့ ပြောရလေမလားပဲ။ ကျနော်နဲ့ မောင်အန့်တို့နှစ်ယောက် ရေချိုးလည်း ဒီဆပ်ပြာ၊ အဝတ်လျော်လည်း ဒါပဲ၊ မျက်နှာသစ်လည်းဒါ၊ ပန်းကန်ဆေးရင်တောင် (အများအားဖြင့် ကြွပ်ကြွပ်အိတ်နှင့်စား၍ မဆေးရပါ။) ဒီဆပ်ပြာပဲ သုံးလိုက်တာပဲ။
အခုတော့ ဟိုမေးဒီမေးနဲ့ သုံးတတ်ပြီ။ ဒါတောင် ပုံကို သေချာကြည့်ပြီး သုံးနေရတုန်းပဲ။ ဟိုတလောက ကြွေဆေးတဲ့ အရည်နဲ့ ပန်းကန်ဆေးတဲ့ အရည် မှားလိုက်သေး၏။ ဖေရှယ်ဖုန်းတစ်ဗူး လက်ဆောင်ရလို့ သုံးနေတာ ၂ နှစ်ခွဲရှိပြီ၊ ကုန်သေးဘူး။ ဟဲ…ဟဲ။ အကုန်ဆုံးကတော့ ခေါင်းလျှော်ရှည်ဗျို့။
ပန်ဒိုရာစာဖတ်မှပဲ ခန္ဓာကိုယ်အတ္တဘောကို တရားမှတ်ဖြစ်တော့တယ်။
သင်ကာ
Lux ဆပ်ပြာ ဗူးလေး လက်ဆောင်ပေးပါလား ကုန်သွားတာ မ၀ယ်ရသေးလို့  :)
အဆုံးလေးလှတယ်…
ဓါတုဗေဒပစ္စည်းတွေ သုံးတာ ကြမ်းလှချည်လား.. ဓါတုပန်ဒြာ.
(Tesla)
အားလုံး စိတ်ရော ကိုယ်ပါ သန့်ရှင်းရေး လုပ်နိုင်ကြပါစေ။ မှတ်ချက်များအတွက် ကျေးဇူးပါ။
Ma Pandora, i like ur post.
Post a Comment