Thursday, August 7, 2008

သာသည့်မြေမှာ


သူတို့ရဲ့ ၄၃ နှစ်မြောက် အမျိုးသားနေ့ကတော့ နီးလာပါပြီ။ အလုပ်ထဲမှာလည်း National Day Observance ဆိုပြီး ပျော်ရွှင်ပွဲလေးလုပ် စားကြသောက်ကြ လုပ်ကြပါတယ်။ သာရေးနာရေး ကော်မီတီထဲမှာ ပါနေတဲ့အတွက်ကြောင့် အဲဒီအခန်းအနားလေး လုပ်ကိုင်ပြင်ဆင် ကြတဲ့အထဲမှာ နိုင်ငံသား မဟုတ်သော်လည်း ဖြူနီဝတ်စုံ တကားကားနဲ့ ပါဝင်ဖြစ်ခဲ့ပါတယ်။

ပန်ဒိုရာ ဒီနိုင်ငံလေးကို စရောက်ရောက်ချင်း အချိန်က တစ်ခုသော ဂျူလိုင်လမှာပါ။ ရောက်ပြီး တစ်လအကြာ သြဂုတ်လမှာ National Day အစမ်းလေ့ကျင့်ပွဲအတွက် လက်မှတ်ရခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရောက်ခါစဆိုတော့ အဲလိုလက်မှတ်မျိုးကို ဒီကလူတွေ ညအိပ် တန်းစီတိုး ပြီးတော့ကို လိုချင်ကြမှန်း မသိခဲ့ဘူး။ ရတော့လည်း သွားကြည့်လိုက်တာပေါ့လေ။ အဲဒီမှာပဲ သူတို့တွေရဲ့ ပျော်ရွှင်တက်ကြွစွာ ပါဝင်မှုကို အံ့သြခဲ့ရပါတယ်။

ဒီနိုင်ငံမှာက တကယ့်နေ့ဖြစ်စေ အစမ်းပွဲဖြစ်စေ လူတွေက အရမ်းသွားချင်ကြပါတယ်။ တစ်နှစ်မှ တစ်ခါ ကျင်းပတဲ့ အစည်ကားဆုံး အခန်းအနား ဖြစ်သလို အဲဒီပွဲမှာ အခမဲ့ဝေတဲ့ အိတ်တလုံးနဲ့ စားစရာတွေ လက်ဆောင်တွေလည်း ရတာကိုး။ နှစ်စဉ်နှစ်တိုင်းမှာ သီချင်းအသစ် တစ်ပုဒ် အထူးစပ်တယ်။ နာမည်ကြီး အဆိုတော် တယောက်ယောက်က ဆိုပါတယ်။

ဟိုတနေ့က ကျင်းပတဲ့ အလုပ်ထဲက အခန်းအနားလေးမှာလည်း နိုင်ငံတော်သီချင်း အပါအ၀င် သီချင်းတွေ ဆိုကြပါတယ်။ လက်ကလေးတွေ လေထဲဝှေ့ယမ်းပြီး သူတို့ ပျော်ရွှင် တက်ကြွစွာ သီဆိုနေတာကို ဓာတ်ပုံတွေ ရိုက်ပေးရင်း သီချင်းတွေထဲက သံစဉ်ရော စာသားပါ နှစ်သက်မိတဲ့ သီချင်းတစ်ပုဒ်ကို ဝေမျှချင်စိတ် ပေါ်လာပါတယ်။




We are Singapore

There was a time when people said
That Singapore won't make it, but we did
There was a time when troubles seemed too much
For us to take, but we did
We built a nation, strong and free, reaching out together
For peace and harmony

Chorus 1:
This is my country, this is my flag
This is my future, this is my life
This is my family, these are my friends
We are Singapore, Singaporeans
Singapore our homeland, it's here that we belong
All of us united, one people marching on
We've come so far together, our common destiny
Singapore forever, a nation strong and free
( Repeat Chorus 1 )


( Sung ) (ဒါက သူတို့ရဲ့ National Pledge ပါ)
We the citizens of Singapore
Pledge ourselves as one united people
Regardless of race, language or religion
To build a democratic society
Based on justice and equality
So as to achieve happiness
Prosperity and progress for our nation


Chorus 2:
We are Singapore, we are Singapore
We will stand together, hear the lion roar
We are Singapore, we are Singapore
We're a nation strong and free forevermore
( Repeat Chorus 1 & 2 )

We are Singapore, Singaporeans ( X 2 )

Chorus ပိုဒ်မှာ သူတို့တွေ ပျော်ပျော်ရွှင်ရွင် သီဆိုကြသလို “ဒါငါ့နိုင်ငံပဲ၊ ဒါငါ့အလံပေါ့၊ ဒါငါ့ရဲ့အနာဂတ်၊ ဒါငါ့ဘ၀၊ ဒါငါ့မိသားစု၊ ဒါငါ့မိတ်ဆွေတွေ၊ ငါတို့မြန်မာနိုင်ငံ၊ ငါတို့မြန်မာနိုင်ငံသားတွေ” လို့ ခေါင်းမော့ရင်ကော့ ပြုံးပြုံးကြီး ပြောချင်လိုက်တာ။ ပြည်သူတွေရဲ့ အနာဂတ်နဲ့ ဘ၀ ဆိုတာ နိုင်ငံတော်ဆိုတဲ့ အရာနဲ့ ထပ်တူ ကျ လာစေချင်လိုက်တာ။ သူ့မြေမှာ ဖြူပြာပွင့်လို့ တင့်တယ် နေကြတာကို ကြိုးစား မုဒိတာပွားရင်း ဆရာမကြီး ငွေတာရီရဲ့ ကဗျာလေးတစ်ပုဒ် ကိုလည်း သတိရမိတယ်။

သာသည့်မြေသို့

အလှထူးပါဘိ
မြဖူးပြာအငုံနှင့်
လွှာရုံမှာညှာစုံကျင်းရော့ထင်
ဖြူဝင်းငွေမှုန်လွှာတို့
လေယူရာ ရနံ့ညင်း
သင်းပျံ့ခဲ့သူ့ခြံမှာ။

ငါ့ခြံကြည့်ပြန်တော့
မချိပူပွေဖြာခဲ့
မြေပြာမှာနေစာမတင့်နိုင်ဘု
ကြည်စရာနီဝါတွေလည်းမပွင့်လေတော့
စိမ်းရင့်ရောင်နွယ်ခြုံဖုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်
အားပျက်စရာ။

သူ့စခန်း
သာဆန်းရဂုံသွင်မို့
ငါလှမ်းကာခိုဝင်လို့
ပြာငွေစင်ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှာလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြေခင်းရယ်နဲ့
ညင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ပါချင့်စိတ်ထဲ။

သို့လည်းလေ
မသင့်လျော်လေဘု
ငါ့ခြံမြေဥယျာဉ်နန်းဟာလည်း
လှလေသည်သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေ၀င့်အောင်လ
ငါ့ခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနှုတ်ဖို့ခဲ။


ငွေတာရီ





40 comments:

. said...

တနေ့နေ့ပေါ့ဗျာ။

မျှော်လင့်ချက်ဆိုတာက
မနက်ဖန်လိုပဲ မဟုတ်လား
ကုန်ဆုံးမသွားမချင်း
တနေ့နေ့တော့ သီချင်းကို
ဆိုနေကြရတာပါပဲ။

. said...

အောင်သာငယ်

wai lin said...

အဲဒါ ကျနော်တို့ခေတ်က အထက်တန်း လက်ရွေးစင်ကဗျာ စာအုပ်ထဲက အလွတ်ကျတ်ခဲ့ဘူးတဲ့ ကဗျာပေါ့။ ဒါပေမယ့် ငွေတာရီကို ကျနော်က ကြိုက်ကိုကြိုက်တာ၊ အသံချိုသလောက် စကားလုံးတွေ နိုင်နင်းလှပလွန်းလို့။ ပြီးတော့ ရိုးဂုဏ်ကလည်း ကဗျာတိုင်းမှာပေါ်တယ်။
ငွေတာရီ ကဗျာ ၁၀၀ ဆိုတာ သူဆုံးပြီးမှ ခင်ပွန်းသည် မင်းယုဝေက စီစဉ်ထုတ်ဝေခဲ့တဲ့စာအုပ်ပေါ့။ အဲဒါ အမျိုးသား စာပေဆုရတယ်လေ။ အဲဒီထဲက တဂိုးကဗျာတွေကို ဘာသာပြန်ရေးထားတာဆိုရင် ပင်ကိုယ်ရေးတွေလား ထင်ရလောက်အောင် ပြောင်မြောက်လှပတာ.။ ငယ်ငယ်က ကျနော် ခါးကြားထိုးခဲ့တဲ့ ကျနော့်ရဲ့ သင်ရိုးကျမ်းဆိုလည်း မမှားဘူး။ အခုမှ အဲဒီစာအုပ်ကလေး ပြန်လိုချင်နေမိတယ်။ ကဗျာလေးပြန်ဖတ်လိုက်ရလို့ အတော်ကြည်ကြည်လင်လင် ပြန်ဖြစ်သွားတယ်ဗျာ။ ကျေးဇူးပဲ။

wai lin said...

အနှစ် ၂၀ လုံးလုံး ပေါင်းနှုတ်ခဲ့တဲ့သူတွေ ဒီကဗျာလေးဖတ်ပြီး ကိုယ်လုပ်ခဲ့တာ မမှားဘူးဆိုတာ ဘ၀င်ကျ အေးချမ်းကြပါစေ။ အားအင်အသစ်တွေ ခဲစေ..မြဲစေ..သတည်း။

Ko Paw said...

ကျနော့်အမြင်တော့ အဲဒီပွဲက မြောက်ကိုရီးယားနိုင်ငံက ကင်မ်ဂျောင်အီမွေးနေ့လိုဘဲ အတုအယောင်ဆန်လွန်းလှပါတယ်။ (နောက်ဆုံး အမျိုးသားနေ့အတွက် အမွန်အမြတ်စပ်တဲ့ သီချင်းကလည်း ဂျပန်ကြော်ငြာက Lyric ကို ခိုးချထားတာဆိုဘဲ။)

Singapore Press Holdings (SPH)ရဲ့ ၂၀၀၆ ခုနှစ်စစ်တမ်းအရ ဒီနိုင်ငံရဲ့ ဆယ်ကျော်သက် လူငယ်လူရွယ်တွေရဲ့ ၅၃ ရာခိုင်နှုန်းလောက်က ဖြစ်နိုင်ရင် စင်္ကာပူကို အပြီးတိုင် စွန့်ခွာသွားချင်နေကြသတဲ့။

၂၀၀၈ ခုနှစ်မှာ စင်္ကာပူဝန်ကြီးချုပ်ရဲ့ အဆိုအရ စကောလားရှစ်ကို ခံစားနေတဲ့ အတော်ဆုံး အထူးချွန်ဆုံးလူ အေလယ်ဗယ် ကျောင်းသားတွေအနက် ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ နိုင်ငံရပ်ခြား နှစ်စဉ် အပြီးတိုင် ပြောင်းရွှေ့အခြေချနေကြတယ်။

သက်ကြီးရွယ်အိုတွေ ဘ၀အာမခံချက် အလုံအလောက်မရှိ။ အလုပ်လက်မဲ့များ၊ နာမကျန်းသူအတွက် လူမှုထောက်ပံ့ရေးစနစ်မရှိ။ မိမိရဲ့ နေ့စဉ်ဘ၀ကို အကြီးအကျယ်လွှမ်းမိုးသက်ရောက်မှုရှိသော ပေါ်လစီများတွင် မိမိကိုယ်တိုင် ၀င်ရောက် ပြောရေးဆိုပိုင်ခွင့် မရှိ။ လူအများစုအတွက် စီပီအက်ဖ် အိုစားမင်းစာ စုဆောင်းငွေမှာ မတန်တဆ ဈေးကြီးလှသော တိုက်ခန်းတွေ ၀ယ်ယူရတဲ့အထဲ ပဲ့ပါသွားတော့တယ်။

စင်္ကာပူမှာလည်း ငတ်တဲ့လူတွေ ငတ်ကုန်ပြီ။ အယ်လ်ဂျာဇီးရားသတင်းဌာနရဲ့ သတင်းတပုဒ်ကို ဒီမှာတွေ့နိုင်ပါတယ်။

http://theonlinecitizen.com/2008/07/spores-soaring-food-prices-video/

ဒါကတော့ စင်္ကာပူရဲ့ စိန်စီသောည ဗီဒီယို။

http://www.youtube.com/watch?v=1HpeTQY_xo0&feature=related

ဒီတော့ ကနေဒါ၊ သြစတြေးလျ၊ ယူအက်စ်အေနဲ့ နယူးဇီလန်နိုင်ငံတွေကို ပြောင်းရွှေ့သွားတဲ့ စင်္ကာပူနိုင်ငံသားတွေဆိုတာကလည်း ဒုနဲ့ဒေး။ စင်္ကာပူဟာ ကမ္ဘာမှာ အခြေချ နေချင်စရာ အကောင်းဆုံးထဲက တနိုင်ငံသာဆိုတယ် နိုင်ငံကို စွန့်ခွာထွက်ပြေးသူ အရေအတွက်က ကြောက်ခမန်းလိလိ တနေ့တခြား တိုးပွားလို့လာ။

အဲဒီထွက်ပြေးတဲ့ လူတွေ နေရာမှာ မြန်မာ၊ ဗီယက်နမ် နဲ့ တရုတ်နိုင်ငံတွေက ရယ်ဒီမိတ်နိုင်ငံသားတွေကို ဒလဟော တင်သွင်းလိုက်တယ်။ အဲဒီလူတွေကလည်း ၀င်ကစွပ်တွေ။ ငရဲက လာသူ ပြာပူမကြောက်တွေ။ အခွင့်အရေးကို လိုလို့ နိုင်ငံသားပြောင်းလိုက်တဲ့ အခွင့်အရေးသမားက အရေအတွက်များတယ်။ ဒီနိုင်ငံကို ချစ်လွန်းလို့မဟုတ်။

အခု အလုပ်ခွင်တွေမှာဆို အရမ်းသိသာတယ်။ စင်္ကာပူနိုင်ငံသားတွေက နေရာတော်တော်များများမှာ လူနည်းစုဖြစ်နေပြီ။ ကျနော်တို့ကုမ္ပဏီက ဌာနတွေ အတော်များများထဲမှာ နိုင်ငံခြားသားဦးရေက ပိုများတယ်။ ကျနော်လည်း နောက်လထဲမှာ စင်္ကာပူရောက်တာ ကိုးနှစ်ရှိပြီ။ မလေးရှားမှာ အလုပ်လုပ်ခဲ့စဉ်ကလောက်တောင် ပျော်စရာကောင်းသည်မထင်။ ထိုင်းက လာလုပ်တဲ့ သူငယ်ချင်းတွေလည်း ထိုင်းကို ပြန်ပြေးကြ။ ဒါမှမဟုတ် တခြားနိုင်ငံတွေကို ပြောင်းပြေးကြ။ သည်တော့ စင်္ကာပူဟာ တကယ်ဘဲ သာသည့်မြေလား။ ခွာသည့်မြေလား။ စဉ်းစားစရာ။

ဒီလိုနဲ့ ကိုယ့်ပန်းဥယျာဉ်အတွက်တော့ မျှော်လင့်ချက်ဝေေ၀စီစီနဲ့ ကျနော်တို့လည်း ကြိုးစားပေါင်းနှုတ်နေဆဲ။

Steve Evergreen said...

I think it is true for many countries. If you read this article "Emigration soars as Britons desert the UK" http://tinyurl.com/485ofw , you can see many British going out of Britain. So Uk government grants entitled immigrants as British citizen one in every 3 minutes. Check out my post http://steveevergreen.blogspot.com/2008/07/how-many-years-to-become-british.html

I also want to move to NZ or Au for some reason even after I have been a British citizen . But not America :(

Ko Paw said...

ဆောရီးဗျိုး။ အပေါ်က ကျနော့်ကွန်မင့်မှာ Lyric လို့ မှားပြောမိတယ်။ အမှန်က စိတ်ကူးစိတ်သန်း ကူးချခြင်းကို ပြောလိုခြင်းပါ။ သီချင်းဗီဒီယိုနှစ်ခု နှိုင်းယှဉ်ချက်နဲ့ သုံးသပ်ချက်ကို ဒီလင့်ခ်မှာ သွားဖတ်နိုင်ပါတယ်။

http://www.yawningbread.org/arch_2008/yax-906.htm

ကလိုစေးထူး said...

ကျနော်တို့ နိုင်ငံမှာလဲ အဲဒီလို အခမ်းအနားတွေ လုပ်နေသားပါပဲဗျ။ ဒိုရာ သတင်းစာ မဖတ်ဘူးနဲ့တူတယ်။ :D
သာသည့်မြေသို့ ကဗျာကိုလဲ ပြန်ဖတ်ဖြစ်သွားတဲ့အတွက် တင်ပေးတဲ့ မမလေးကို ကျေးဇူးဗျို့။

အောင်မျိုးနိုင် said...

ကိုပေါသို့ …
ကိုပေါပြောသလိုဘဲ စင်္ကာပူဟာ သာသည့်မြေလား ခွာသည့်မြေလား ဆိုတာ စဉ်းစားချင်စရာတော့ ကောင်းပါတယ်။ ကျွန်တော်လဲ ဒီမှာ ရောက်နေတာ ရ နှစ်နီးပါးရှိပါပြီ။ ဒီနိုင်ငံရဲ့  အားနည်းချက် အားသာချက် တွေကိုလဲ အတော်လေး တီးမိခေါက်မိ ရှိလာပြီ ဆိုပါစို့ ။

ကျွန်တော်တို့ တတွေ ကိုယ့်တိုင်းကိုယ့်ပြည်၊ ကိုယ့်မြေ ကိုယ့်ရေ၊ ကိုယ့်နိုင်ငံမှာ သမာသမတ်နည်းနဲ့  နေထိုင် စီးပွားရှာဖို ခက်ခဲလို့၊ ကိုယ်တိုင်လဲ တိုးတက်ခေတ်မှီတဲ့ နိုင်ငံတကာ ဗဟုသုတကြွယ်ဝစေဖို့ ၊ ကလေးငယ်တွေရဲ့ ရှေ့ ရေး ပညာသင်ကြားရေး စတဲ့ ကိုယ်တိုင် မရောင့်ရဲ မတင်းတိမ်နိုင်တဲ့ လောဘတွေကို ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီး ဒီကို ရောက်လာခဲ့ကြတယ် မဟုတ်လား။

တစ်ချို့ ဆို ရိုးရိုးတင်မဟုတ် ပညာသင်ဆု (စကော်လာရှစ်) ရအောင် အရေးကောင်းကောင်း အပြောကောင်းကောင်းနဲ့ လိမ်ညာပြီး ဒါပြီးရင် တိုင်းပြည်ကို ပြန်လည် အလုပ်အကြွေးပြုပါ့မယ်ဆိုပြီး ရောက်လာ၊ ဒီမှာ ကျောင်းတက်ပြီး အလုပ်တွေရ၊ PR တွေရ၊ မိသားစုတွေခေါ် ဘယ်နှစ်ယောက် တိုင်းပြည်ကို ကျေးဇူးဆပ်ဖို့  ဆိုပြီး တကယ်ပြန်သွားကြတာ တွေ့ ဖူးသလဲ..။ တစ်ချို့ ကျတော့လဲ တိုင်းပြည်က ပြည်ပ ပညာတော်သင်အနေနဲ့  လွှတ်လိုက်ပြီး မပြန်ကြတော့တာမျိုး၊ (Passport သက်တမ်း တိုးမရတော့တဲ့ စက်မှုတက္ကသိုလ်က ဆရာမတွေ စာရင်း မြန်မာသံရုံးမှာ ကိုပေါတွေ့ ဖူးမယ် ထင်ပါတယ်) ၊ အရေးအခင်းတွေမှာ ဆန္ဒပြပြီး အဖမ်းအဆီး ခံရမှာကြောက်ပြီး ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာကြ တာမျိုးတွေ… အများကြီးရှိပါတယ်။

ဘာတွေဘဲပြောပြော ဘယ်လိုနည်းနဲ့ ဘဲ ရောက်လာရောက်လာ ဒီကိုရောက်နေ၊ နေထိုင် စီးပွားရှာနေ၊ ပညာသင်ကြားနေ ကြတာခြင်းတော့ အတူတူတွေဘဲ မဟုတ်လား။ ဒီတော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ် ရောက်လာကြသူတွေ.. ရောက်နေပြီးသား နေရာတစ်ခုမှာ တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစား လုပ်ကိုင် နေထိုင်ကြရမယ့်အစား ဘာဖြစ်လို့ များ မကောင်းရာ မကောင်းကြောင်းတွေ ရှာဖွေ ဆန့် ကျင် ပြောဆိုနေကြအုံးမှာလဲ…။ ဒီနိုင်ငံဟာ ကိုယ့်နိုင်ငံထက် အတန်အသင့် ပိုကောင်းတယ် လို့ ယူဆပြီး ရောက်လာကြ ပြီးမှတော့ ဘာကြောင့် ကိုယ့်လက်ရှိ ထမင်းရှင်ကို စိတ်ထဲ အကောင်းမမြင်ဘဲ ဒီလိုတွေ ရေးနေ ပြောနေကြမှာလဲ..။ သူတို့  National Day ဆိုလဲ Day လိုက်ပေါ့။ ကိုယ့်ကို ဘာများ ထိခိုက်သွားလို့ လဲ။ ကိုပေါရဲ့  သမီးကလေး ကျောင်းတက်တဲ့အခါမှာ National Day အတွက် အနီ အဖြု ဆင်တူ ၀တ်စုံလေး ၀တ်ရမယ်ဆိုရင် ကိုပေါ မ၀ယ်ပေးဘဲ နေမှာလား။

ဟုတ်ပါပြီ။ သူတို့  Singaporean တွေ သူတို့ နိုင်ငံကို စွန့် ခွာ ထွက်ပြေးကြလို့  ကျွန်တော်တို့ တတွေ ဒီမှာ နေရာလေး တစ်ခု သိပ်မခက်ခဲဘဲ ရခဲ့ကြတယ် မဟုတ်ဖူးလား။ ပြီးတော့ မေးပါရစေ… အခု ဒီနိုင်ငံ မကောင်းဘူးလို့ ပြောနေသူ ကိုပေါ ကိုယ်တိုင်ကရော အတန်အသင့် အသက်ရှုချောင်ချောင် နေနိုင်တဲ့ ဒီနိုင်ငံကို စွန့် ပြီး တခြား တစ်နိုင်ငံကို ထွက်သွားဖို့  (သို့ မဟုတ်) ကိုယ့်တိုင်းပြည် ကိုပြန်ဖို့  အဆင်သင့် ဖြစ်နေပါပြီလား..။ ကိုပေါရော အဲဒီ စီပီအက်ဖ် ဆိုတဲ့ အိုစားမင်းစာ စုဆောင်းငွေတွေနဲ့  မတန်တဆ ဈေးကြီးလှတယ်ဆိုတဲ့ တိုက်ခန်းကို ၀ယ်ယူခဲ့တာဘဲ မဟုတ်ဖူးလား။

ဒါကြောင့် ဘာဘဲတွေးတွေး စိတ်ကောင်း စေတနာကောင်းလေးနဲ့  ယှဉ်ပြီးတွေးတတ်ရင် ကုသိုလ်ရပါတယ် ဗျာ..။ ကျွန်တော်တို့  ဘာသာတရား အဆုံးအမမှာရှိတဲ့ ကံ ကံ၏ အကျိုးတရား ဆိုတာ ကိုပေါ ကြားဖူးမယ် ထင်ပါတယ်။
ကံကောင်းခြင်း ကံဆိုးခြင်း ဆိုတာ လူက လုပ်တာပါ။ စိတ်ထားကောင်းလျှင် ကံကောင်းမည်။ စိတ်ထားဆိုးလျှင် ကံဆိုးမည် တဲ့…။ ကျွန်တော်ပြောချင်တာ ဒါပါဘဲဗျာ..။

ဘလော့ဂ်ပိုင်ရှင် မပန်ဒိုရာရေ… ခုလိုဝင်ရေးရတာ အားနာပြီး ရေးခွင့်ရတာ ကျေးဇူးတင်ပါတယ်ဗျာ..။

ငြိမ်းဝေ said...

ကျနော်က သာသည့်မြေသို့ ကဗျာကို
ငယ်ငယ်ကလေးထဲက မကြိုက်ဘူး။
ကျနော့်မှာ အရိပ်မည်းကြီးတခုရှိခဲ့တယ်။
ငွေတာရီတို့ မြ၀တီတို့ဆိုရင် ဟိုဖက်ကို အကျိုးပြုစေတယ်လို့ ယူဆခဲ့လို့ သာသည့်မြေကိုလည်း
ခပ်တုံးတုံး ခပ်အအ ကဗျာလို့ ခံစားခဲ့မိတယ်။ ကျနော်က ရိုးဂုဏ်ရှိတဲ့ ကဗျာနဲ့ ခပ်အအ ကဗျာဟာ မတူဘူးလို့ ယူဆတယ်။ (ဆရာလေး နှင်းခါးမိုးရေ ... အရိပ်မည်းကြီးနဲ့ ခရီးသွားခဲ့ရတဲ့ ကျနော့်ကို ခွင့်လွတ်)

တန်ခူး said...
This comment has been removed by the author.
တန်ခူး said...

ပန်ရေ… သားက သူတတ်သလောက် မှတ်သလောက် Singapore National song ဆိုနေတာ ကြားတော့…မြန်မာနိုင်ငံတော်သီချင်းလဲ သင်ပေးဦးမှလို့ တွေးနေမိတာ…

Ko Paw said...

ကိုအောင်မျိုးနိုင်…ရေ။

မျက်စိအောက်မှာ မြင်တွေ့နေရတာ အထူးသဖြင့် သူတို့အစိုးရကိုယ်တိုင်က ၀န်ခံထားတဲ့ အချက်အလက်တွေကို အရှိကို အရှိအတိုင်းရေးချလိုက်တာကို အကောင်းမမြင်ဘူးလို့ သုံးသပ်တာကတော့ အံ့သြစရာပါ။

အမှန်ကို အမှန်အတိုင်းမြင်တာက အဆိုးမြင်တာမဟုတ်သလို အကောင်းမြင်တာလည်းမဟုတ်ပါဘူး။ အရှိကို အရှိအတိုင်းမြင်တာပါ။ ဗုဒ္ဓဘာသာကလည်း အကောင်းမြင်ဝါဒကိုရော၊ အဆိုးမြင်ဝါဒကို ပါ အားမပေးပါဘူး။ အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ရှုမြင်တတ်အောင်ဘဲ လမ်းညွှန်ပါတယ်။ မဂ္ဂင်ရှစ်ပါးမှာတောင် သမ္မာဒိဋ္ဌိက ရှေ့ဆုံးက လာတာမဟုတ်လား။

ဒုတိယအပိုဒ်မှာ ကိုအောင်မျိုးနိုင်ပြောထားတဲ့အချက်တွေအားလုံးကို ထောက်ခံပါတယ်။

“ဒီမှာ ကျောင်းတက်ပြီး အလုပ်တွေရ၊ PR တွေရ၊ မိသားစုတွေခေါ် ဘယ်နှစ်ယောက် တိုင်းပြည်ကို ကျေးဇူးဆပ်ဖို့  ဆိုပြီး တကယ်ပြန်သွားကြတာ တွေ့ ဖူးသလဲ..။”

ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့….

ကိုအောင်မျိုးနိုင် ပတ်ဝန်းကျင်မှာ မရှိပေမယ့် ကျနော့် ပတ်ဝန်းကျင်မှာ အဲသည်လို ယုံကြည်ချက်နဲ့ ပြန်သွားတဲ့သူတွေ အများကြီး ရှိပါတယ်။ ဆရာ၊ ဆရာမထဲက လာပြီး မာစတာ၊ ပီအိတ်ခ်ျဒီ ယူပြီး ကျောင်းဆရာ၊ ဆရာမ ပြန်လုပ်နေတဲ့ သူတွေလည်း ရှိပါတယ်။ မြန်မာသံရုံးမှာ ထုတ်တဲ့ စာရင်းထဲမှာ မဆိုင်သူတွေပါ ထိနေတယ်ဆိုတာ ကိုအောင်မျိုးနိုင် သိမယ်မထင်ဘူး။ ၀န်ကြီးဦးသောင်းလက်မှတ်နဲ့ နှုတ်ထွက်စာကျပြီးသား အပြစ်မဲ့ ၀န်ထမ်းဟောင်းတွေ ပါနေတယ်ဆိုတာကို သတိပြုပါ။ (ကိုအောင်မျိုးနိုင် ပြောတဲ့ အခွင့်အရေးသမားမျိုးတွေလည်း ပါမှာ အသေအချာပါ။) ဒီတော့ ဘုမသိ၊ ဘမသိနဲ့ သိမ်းကြုံးပြောတာဟာ အဲဒီစာရင်းထဲမှာပါတဲ့ အပြစ်မရှိသူတွေကို စော်ကားရာရောက်နေပါတယ်။

နောက်ပြီး ကျနော်တို့နဲ့အတူ နိုင်ငံရေးလုပ်နေတဲ့ အသိုင်းအ၀ိုင်းကလူတွေလည်း ဒီမှာ ပီအာရ် ကျပြီးမှ ပြည်တွင်းမှာ လှုပ်ရှားဘို့ အပြီး ပြန်သွားတဲ့ လူတွေ ရှိပါတယ်။

ဒီတော့ ကိုယ်က အဲဒီလောက် မလုပ်နိုင်လို့ (ဒါမှမဟုတ်) ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလို လုပ်တဲ့လူတွေ၊ ပေးဆပ်တဲ့လူစားမျိုးတွေ မတွေ့ဘူးတာနဲ့ ဒါမျိုးဘယ်နှစ်ယောက် တွေ့ဘူးပါသလဲဆိုပြီး လုံးဝမရှိသယောင် ၀ါးလုံးရှည်နဲ့ သိမ်းရမ်းတာဟာ မသင့်တော်ဘူးဆိုတာကိုတော့ ထောက်ပြလိုပါတယ်။

“ဟုတ်ပါပြီ။ သူတို့  Singaporean တွေ သူတို့ နိုင်ငံကို စွန့် ခွာ ထွက်ပြေးကြလို့  ကျွန်တော်တို့ တတွေ ဒီမှာ နေရာလေး တစ်ခု သိပ်မခက်ခဲဘဲ ရခဲ့ကြတယ် မဟုတ်ဖူးလား။……”

ဆိုတဲ့ မှတ်ချက်နဲ့ ပတ်သက်လို့တော့….ကျနော်ကလည်း အဲသည်အချက်ကို ငြင်းစရာ မရှိပါ။ ပြောရရင် ကိုအောင်မျိုးခိုင်မှတ်ချက်က ကျနော့် ပထမ ကွန်မင့်ကိုတောင် ပိုမိုခိုင်မာသွားစေပါသေးတယ်။

ကျနော့်ကို မေးထားတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ (ပါစင်နယ် မေးခွန်းဖြစ်နေပေမယ့်လည်း)….နည်းနည်း ဖြေလိုက်ပါမယ်။

ကျနော် စင်္ကာပူမှာ ရာသက်ပန်နေဘို့ ရည်ရွယ်ချက်မရှိပါ။ အိမ်ဝယ်ရခြင်းရဲ့ အကြောင်းရင်းကို အရင်လက ကျနော့်ဘလော့ဂ်ပို့စ်တခုထဲမှာ ပွင့်ပွင့်လင်းလင်း ရှင်းပြထားပါတယ်။

ထမင်းရှင်ဆိုတဲ့ ကိစ္စကိုလည်း သဘောမတူပါဘူး။ ယနေ့အထိ စင်္ကာပူအစိုးရရော…ကျနော့်အလုပ်ရှင်ကရော…ကျနော့်ကို တနပ်မှ အလကားကျွေးထားတာမဟုတ်။ ကျနော် တန်ရာတန်ကြေးကို လုပ်မပေးနိုင်တဲ့တနေ့မှာ ကျနော့်ကို ဆက်ထားမှာမဟုတ်။ စင်္ကာပူနိုင်ငံဟာ သြစတြေးလျတို့ ကနေဒါတို့လို Welfare state မဟုတ်ပါဘူး။ အဲဒီနိုင်ငံတွေမှာဆိုရင်တော့ အလုပ်မရှိခင်စပ်ကြား ခြောက်လအတွင်းဆိုရင် အစိုးရက ထောက်ပံ့ထားလို့ ကျေးဇူးတင်ရင် တင်ထိုက်သေးတယ်။

စင်္ကာပူမှာ မနေရလို့လည်း ကိစ္စမရှိ။ ကျနော်တို့ ပညာနဲ့ ဘယ်နိုင်ငံမှာမဆို ရပ်တည်နိုင်တယ်ဆိုတာကို စင်္ကာပူရဲတွေ ကျနော်တို့ကို တန်လင်းရဲစခန်းအဟောင်းမှာ ခေါ်ပြီး လက်ချာပေးဘို့ကြိုးစားကတည်းက သူတို့ကို အဲသည်လိုဘဲ ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပါတယ်။ (“ရဲစခန်းမှာ…” ဆိုတဲ့ ကျနော့် ဘလော့ဂ်ပို့စ်အဟောင်းတွေမှာ ရှာဖတ်ကြည့်ပါ။) ဆိုလိုတာက ကျနော်တို့ဟာ သူ့ကျွန်မဟုတ်ပါဘူး။ ဒီနိုင်ငံကို ကျနော်တို့လိုဘဲ အမေရိကား၊ ဂျပန် နဲ့ ကမ္ဘာတလွှားက ပညာရှင်တွေ ဒီလိုဘဲ တန်ရာတန်ကြေးရလို့ လာလုပ်နေကြတာလည်း ရှိပါတယ်။ ဘယ်သူမှာ ငါ့ထမင်းရှင်ဆိုပြီး မှားမှားမှန်မှန် မဝေဖန်ဘဲ ပါးစပ်ပိတ်နေကြတာမဟုတ်ပါဘူး။ ကျနော်တို့မှာ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်ရှိပါတယ်။ ပန်ဒိုရာ ဘလော့ဂ် ပရိုဖိုင်းလ်မှာ တပ်ထားတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကိုဘဲ ဖတ်ကြည့်ပါ။

နောက်တခုက ကျေးဇူးရှိတယ်ဆိုဦးတော့ ကျေးဇူးရှင်က မဟုတ်တာလုပ်ရင် မပြောရတော့ဘူးလားဗျာ။ ကိုယ့်ကို ကျွေးမွေးလာတဲ့ ကျေးဇူးရှင် လူသတ်နေတယ်ဆိုရင် ကျနော်တို့က ရဲစခန်းကို အကြောင်းမကြားရတော့ဘူးလားဗျာ။ ကျနော့်အနေနဲ့လည်း စင်္ကာပူမှာ ငါအနေချောင်တယ်ဆိုတိုင်း မတရားတာတွေ့ရင်တော့ ရေငုံနှုတ်ပိတ်နေမှာမဟုတ်။ ကျနော့်လက်ရှိအနေအထားကို ထိပါးစေဦးတော့၊ ပြောသင့်ပြောထိုက်တာတော့ ပြောသွားမှာဘဲ။ ကိုယ်အနေချောင်တာနဲ့ မှားမှားမှန်မှန် နှုတ်ပိတ်နေတာ၊ ထောက်ခံနေတာမျိုးတော့ ကျနော့်အနေနဲ့ ဘယ်တော့မှ မလုပ်။

ဒီတော့ ထမင်းရှင်မို့ မှားမှားမှန်မှန် ပြန်မပြောရဘူးဆိုတဲ့ လော့ဂျစ်ကလည်း တလွဲ လော့ဂျစ်လို့ဘဲ ကျနော် ယူဆပါတယ်။

ကျနော့်အနေနဲ့ တကယ် ကျေးဇူးတင်မယ်ဆိုရင် ကျနော့်ကို ပညာသင်ပေးခဲ့တဲ့ အမိမြန်မာပြည်ကိုဘဲ ကျေးဇူးတင်မှာပါ။ အဲသည်လို မိမိတိုင်းပြည်လွတ်လပ်အောင်၊ ဂုဏ်ယူနိုင်တဲ့အဆင်းအတန်းရောက်အောင် စင်္ကာပူမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွသူတွေဟာ ချွေးနှဲစာထဲကနေ လစဉ် အိတ်စိုက်လို့ရော၊ ကျနော့်တို့ရဲ့ ရှားရှားပါးပါး အားလပ်ချိန်တွေရောကိုပါ ပေးဆပ်ပြီး လစဉ်မပျက် ပြည်တွင်းအင်အားစုတွေကို ထောက်ပံ့နိုင်ဘို့ကြိုးစားလျက်၊ မြန်မာတွေအကြားမှာ နိုင်ငံရေးအသိစိတ်ဓါတ် မြင့်မားလာရေးအတွက် ကြိုးပမ်းလျက် ရှိနေပါတယ်။

Kay said...

ပန်ပန်ရေ-
ပေါင်းနှုတ်ဖို့ ..ဆက်အားခဲ ထားပါ အုံး။

ကိုပေါ နဲ့..ပန်ပန် နဲ့.. စပ်တူ ဒိုင်လုပ်ပါလား...အဟဲ..ကံလိုက်တယ်.. ထိုးသား တွေ တအား တက်တာပဲ။

shin said...

The way Singapore celebrate the National Day is really amazing... Seriously. I joined Singapore national day event once before. In the middle of the activities, I was even thinking that it'll be very good if we can celebrate only half like this in my country.

Anyway, I totally agree that Singapore can encourage their people to be more united and love their country. So sad to notice that there is no special event on Myanmar national day other than it's a public holiday.

Whether Singapore copy either idea or song of other country, it's still a very good thing that they put a lot of effort in celebrating their National Day.

မင်းယွန်းသစ် said...

Nothing is impossible!!!

ဂျစ်တူး - gyit_tu said...

ဒီမှာရေးထားတဲ့ ကိုပေါ နဲ့ ကိုအောင်မျိုးနိုင်တို့ရဲ့ ကွန်မန့်တွေကို ဖတ်ပြီး ကျမရဲ့ အတွေ့ အကြုံကို ဖလှယ်ချင်ပါတယ် ။

ပထမဆုံးအချက်ကတော့ လူတော်၂များ၂ဟာ ကိုယ့်အတွက် ၊ ကိုယ့်မိသားစုအတွက် စသည်ဖြင့်တို့ကြောင့် သာတယ်လို့ ထင်တဲ့ မြေကို ပြောင်းကြတာ မဆန်းပါဖူး ။ ဒါကြောင့်လည်း moving to greener pasture လို့တောင် ဆိုရိုးရှိတာပါပဲ ။

စင်္ကာပူဟာ အရှေ့တောင်အာရှမှာတော့ ပညာရေး ၊ စီးပွားရေး ၊ လူနေမှု အဆင့်အတန်း စတဲ့နေရာတွေမှာ ထိပ်သီးနိုင်ငံဖြစ်ပေမယ့် ၊ ကမ္ဘာမှာတော့ အဲဒီနေရာတွေမှာရော ... ဒါ့အပြင် လူ့ အခွင့်အရေး ၊ အလုပ်သမားအကျိုးခံစားခွင့် ၊ သက်ကြီးရွယ်အို အကျိုးခံစားခွင့် ၊ သဘာဝအခြေအနေ စတဲ့ နေရာတွေမှာ အားနည်းသေးတယ်လို့ ဆိုလို့ ရပါတယ် ။

ဒါပေမယ့် ပြောင်းရွှေ့ ကြတဲ့ စင်္ကာပူနိုင်ငံသားအများစုဟာ သူတို့အစိုးရကို မုန်းလို့တော့ နေရာပြောင်းရွှေ့ တာမဟုတ်ပါဖူး ။ ခုခေတ် စင်္ကာပူနိုင်ငံက လူငယ်တွေဟာ ပီအေပီရဲ့ လုပ်ရပ်တွေကို အကုန်မထောက်ခံကြပေမယ့် ၊ လီကွမ်ယု မ တည်ခဲ့တဲ့ ပါတီကြောင့် စင်္ကာပူ ခုလို တိုးတက်နေရတယ် ဆိုတာကိုတော့ လက်ခံ ယုံကြည်ထားကြပါတယ် ။

သူတို့အမြင်မှာ ပီအေပီနဲ့ ရင်ဘောင်တန်းနိုင်မယ့် အတိုက်အခံပါတီတချို့ ကို အလိုရှိတယ် ။ ဒါမှ သူတို့နိုင်ငံဟာ ကမ္ဘာ့ ထိပ်တန်း နိုင်ငံတွေလို နိုင်ငံရေးမှာလည်း check-and-balance ပိုရှိလာမယ်လို့ ယုံကြည်ကြပါတယ် ။

တချိန်တည်းမှာ စင်္ကာပူအစိုးရရဲ့ corruption ကင်းတာ ၊ နိုင်ငံသားတွေရဲ့ အကျိုးကို အမြဲ ပြန်ကြည့်တာ ၊ စင်္ကာပူနိုင်ငံကို ကမ္ဘာမှာ တိုးတက်သည်ထက် တိုးတက်လာအောင် လုပ်နေတဲ့ ဒီအစိုးရကိုတော့ သူတို့ လေးစားကြတုန်းပါ ။

ဒီနိုင်ငံမှာ national health system မရှိ ၊ public health system ကလဲ ဈေးက ကြီးသေး ၊ ကောင်းလဲ မကောင်း ၊ ပရိုက်ဘိတ်ပဲ ဦးစားပေးရ ၊ အဲလိုမျိုး မကောင်းတာတွေ ရှိပါတယ် ။ ဒါပေမယ့် အဲဒါကြောင့်လည်း အစိုးရက ခုနောက်ပိုင်း သက်ကြီးရွယ်အိုတွေအတွက် သေချာ medishield, private insurance companies တွေနဲ့ လင့်ခ်ထားတဲ့ incomeshield, စသည်ဖြင့်တို့ကို လုပ်လာကြတာ တွေ့ ရပါတယ် ။ နောက် CPF scheme ကိုလည်း သေချာ ordinary, special, medisave ရယ်လို့ သုံးမျိုး သုံးစားခွဲပြီး ၊ အတတ်နိုင်ဆုံး သူ့ နိုင်ငံသားတွေရဲ့ retired age အတွက် ပြင်ဆင်ပေးထားတာပါ ။

နောက် သက်ကြီးရွယ်အိုတွေနဲ့ ကိုက်ညီမယ့် တိုက်မျိုးတွေလည်း ဆောက်ပေးတာတွေရှိသလို ၊ ပေါ်လစီအရ social workers တွေရဲ့ ဘ၀တွေကို လှစ်ဟပြတဲ့ ရုပ်ရှင်ကားတွေနဲ့တောင် လူတွေကို ပညာပေးသေးတာပါပဲ ။ ဒါကြောင့် national welfare system လို့ သီးသန့်မရှိပေမယ့် အစိုးရက လုံးဝပစ်ထားတာ မဟုတ်ပါဖူး ။

national health system နဲ့ welfare တွေပေးတဲ့ ယူကေ လို နိုင်ငံမျိုးမှာ tax ပေးရတာ အဆမတန် စင်္ကာပူထက် များတယ် ။ နောက် အဲဒီနိုင်ငံမှာ အလုပ်မလုပ် အလေလိုက်ပြီး welfare ပေါ် ထိုင်စားနေသူတွေလည်း ရှိပါတယ် ။ National health system ဆိုတော့ အလကားရလို့ အလွဲသုံးစားလုပ်သူတွေလည်း ဒု နဲ့ ဒေး ။ ယူကေမှာ ဆေးရုံတခုဝင်ရင် ကိုယ်ဖြစ်တာထက် တခြားရောဂါဖြစ်ပြီး ဆေးရုံက ဆင်းလာရသူတွေလည်း ရှိပါတယ် ။

နောက် စင်္ကာပူနိုင်ငံက တိုက်ခန်းတွေဟာ အစိုးရဆီက ဒိုက်ရိုက်ဝယ်ရင် ၊ ဈေးကို လျှော့ပေးထားတာ ၊ နောက် မိဘနားနေရင် အစိုးရက ပိုက်ဆံပြန်ထုတ်ပေးတာ ၊ နိုင်ငံသားတယောက်က resale flat ၀ယ်ရင် ၊ အစိုးရက ပိုက်ဆံပြန်ထုတ်ပေးတာတွေလည်း ရှိပါတယ် ။ နောက် နိုင်ငံသားတယောက်ဟာ တိုက်ခန်းကို တလုံးပဲ ပိုင်ခွင့်ရှိတယ် ။ ဒါတွေကို ကြည့်မယ်ဆိုရင် တကယ်တော့ ဒီတိုက်ခန်းတွေဟာ ပြည်သူတွေအတွက် သေချာ အဆင်ပြေအောင် လုပ်ထားတဲ့ စနစ်တွေပါ ။

စင်္ကာပူနိုင်ငံရဲ့ national day celebration တွေကို ကျောင်းမှာ လေးနှစ်လောက် နှစ်စဉ်ကြုံတွေ့ ခဲ့ရတယ် ။ နောက် နေ့တိုင်း ကျောင်းသားဘ၀မှာ သူတို့ရဲ့ နိုင်ငံတော်သီချင်းဆိုတာ national pledge ဆိုတာတွေ ကြုံတွေ့ ခဲ့ရတယ် ။ အဲဒီအချိန်တွေမှာ သူတို့နိုင်ငံသားမဟုတ်တဲ့ ကျမဟာ ဘယ်တော့မှ မရိုးနိုင်အောင် သူတို့ရဲ့ ဂုဏ်ယူဝင့်ကြွားစွာ ဆိုနေတဲ့ အသံအောက်မှာ ကြက်သီး ထမိတာ အမှန်ပါ ။ ကျမတို့ မြန်မာပြည် ကျောင်းတွေမှာ ကမ္ဘာမကြေ ဆိုတိုင်း ကြက်သီး ထကြ သလိုပေါ့ ။

ဘာပဲဖြစ်ဖြစ် နှစ်စဉ် စင်္ကာပူအစိုးရက သူတို့ national day ကို တခန်းတနားကျင်းပပေးတာကလည်း လေးစားစရာအချက်တခုပဲ ။ စင်္ကာပူဟာ သူတို့နိုင်ငံမှာ racial harmony ကို အဓိက ထားတဲ့အတွက် အဲလိုပွဲတွေမှာတောင် ဘာသာမျိုးစုံပါဝင်တဲ့ သီချင်းတွေကို ပေါင်းစပ် သီဆိုပြီး ၊ national spirit ကို မြှင့်တင်တာမျိုးထိ သေချာ အလေးထား စီစဉ်တာပါ ။

ကျမ အမြင်တော့ နိုင်ငံတိုင်းမှာ သူ့ ဟာနဲ့သူ အားနည်းချက် အားသာချက် ရှိကြစမြဲပါ ။ လူတိုင်းမှာလည်း ဒီလိုပါပဲ ။ ဒါပေမယ့် အဓိကအရေးကြီးတာကတော့ ကျမတို့ ဒီနိုင်ငံမှာ နေပြီး ရလာတဲ့ အတွေ့ အကြုံတွေကို နေကာမျက်မှန် မတတ်ထားတဲ့ မျက်ဝန်းတွေနဲ့ အရှိကို အရှိအတိုင်းမြင်ပြီး ၊ ကောင်းတဲ့အချက်တွေကို လေးစား ၊ မကောင်းတာကို သတိထား ပြီး ၊ ကိုယ့်မြန်မာနိုင်ငံတွက် ပြန် အသုံးချဖို့ အရေးကြီးပါတယ်လို့ ..... ။

ဒါနဲ့ ကိုပေါရေ ... မလေးရှားနိုင်ငံမှာတော့ အလုပ်မလုပ်ဖူးပါဘူး ။ ဒါပေမယ့် ကျောင်းတုန်းက တွေ့ ခဲ့တဲ့ မလေးရှားက တရုတ်သူငယ်ချင်းတွေကတော့ သူတို့ နိုင်ငံက အစိုးရဟာ မလေးလူမျိုးတွေကိုသာ သိပ်ဘက်လိုက်ပြီး ၊ တိုင်းပြည်မှာလည်း corruption ပေါများတဲ့အကြောင်း စိတ်ပျက်လက်ပျက် ငြီးတာမျိုးတော့ အမြဲ ကြုံတွေ့ ခဲ့ဖူးပါတယ် ။

Ko Paw said...

မဂျစ်တူးသို့

မဂျစ်တူး ၀င်ရောက်ဆွေးနွေးတာကို ကျေးဇူးတင်ပါတယ်။ အနိုင်ရပြီးရော ငြင်းတာမျိုးမဟုတ်ဘဲနဲ့ စင်္ကာပူနဲ့ ပတ်သက်လို့ ကျနော်သိသမျှ အချက်အလက်တွေကို ဆွေးနွေးဖလှယ်တဲ့သဘောမျိုးနဲ့ ဆွေးနွေးပါမယ်။

စင်္ကာပူကနေ လူငယ်တွေ အများစုပြောင်းပြေးကြတာဟာ စားဝတ်နေရေးအကြပ်အတည်းကြောင့်မဟုတ်ပါဘူး။ ပညာရေး၊ လူမှုရေး၊ NS၊ စီပီအက်ဖ် စတဲ့ နယ်ပယ်ပေါင်းစုံမှာ လူငယ်တွေဟာ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်မရ၊ လွတ်လပ်စွာ ဖန်တီးခွင့်မရ တဲ့အတွက်ကြောင့် လွတ်လပ်တဲ့ တိုင်းပြည်တွေကို ထွက်ခွာသွားကြတာလို့ အဆိုပါ စစ်တမ်းတွေက ဆိုပါတယ်။

ဟုတ်ပါတယ်။ Check and Balance System ကို လူငယ်အများက အလိုရှိကြတာ အမှန်ပါဘဲ။ အဲသည်လို ရှိမှသာလျှင် နိုင်ငံခေါင်းဆောင်တွေလုပ်ကိုင်တာ မှားယွင်းမှုရှိမရှိ၊ အကျင့်ပျက်လာဘ်စားခြင်း ရှိမရှိ သိနိုင်ပါမယ်။

ဒါပေမယ့် အဲသည်လို Check and Balance System ရှိဘို့ဆိုတာ လွတ်လပ်တဲ့ မီဒီယာ၊ လွတ်လပ်တဲ့ တရားရေးစီရင်မှု၊ လွတ်လပ်တဲ့ အင်န်ဂျီအိုတွေ၊ နောက်ဆုံး အရေးအကြီးဆုံးက နိုင်ငံရေးအရ လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိတဲ့ အတိုက်အခံတွေ နဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ လိုအပ်ပါတယ်။

အဲဒီအချက်တွေ တခုမှ စင်္ကာပူမှာ မရှိပါဘူး။ အဲဒီအကြောင်းနဲ့ ပတ်သက်လို့ အထောက်အထားနဲ့ အသေးစိတ်ပြောကြမယ်ဆိုရင် ကျနော်ပြောဘို့ အသင့်ရှိပါတယ်။ ဒီမှာတော့ နေရာနဲ့ အချိန်ကြောင့် အချုပ်သဘော ရေးပြသွားမှာပါ။

မီဒီယာ။

မီဒီယာကို ပြောမယ်ဆိုရင် စင်္ကာပူမှာ မီဒီယာအားလုံးဟာ မီဒီယာကော့ပ်နဲ့ အက်စ်ပီအိတ်ခ်ျ လက်အောက်မှာဘဲ ရှိပါတယ်။ အဲဒီ SPH မှာ လက်ရှိ ဥက္ကဋ္ဌကို ဒုဝန်ကြီးချုပ်ဟောင်း တိုနီတန်ပါ။ အစဉ်အဆက် SPH က လူတွေကို ပီအေပီထဲ ဆွဲသွင်းခဲ့တာကို လေ့လာကြည့်ရင်တွေ့နိုင်ပါတယ်။ ( အသေးစိတ်သိနိုင်ဘို့ One Nation under Lee ကို အောက်ကလင့်ခ် ကြည့်ပါ။)

http://www.youtube.com/watch?v=17qhGIwyGj0&NR=1

အဲဒီအစိုးရထိန်းချုပ်တဲ့ သတင်းစာတွေကနေ အချက်အလက်မှားတွေ၊ ၀ါဒဖြန့်ချီရေးကို နေ့စဉ်နဲ့အမျှ ပြည်သူလူထုခေါင်းထဲကို ရိုက်သွင်းနေပါတယ်။ အတိုက်အခံရဲ့ သဘောထားတွေ၊ ဖြေရှင်းချက်တွေ၊ ပြောကြားချက်တွေကို ပြည့်စုံစွာ ဖော်ပြခွင့်မပေးတာ၊ ပီအေပီရဲ့ တဖက်သတ် အာဘော်တွေကိုဘဲ အစဉ်တစိုက်ဖော်ပြတာတွေ လုပ်နေပါတယ်။ စင်္ကာပူရဲ့ မီဒီယာလွတ်လပ်မှုအဆင့်အတန်းဟာ နယ်ခြားမဲ့သတင်းထောက်များအဖွဲ့ရဲ့ ရီပို့တ်အရ နိုင်ငံပေါင်း ၁၆၉ နိုင်ငံမှာ အဆင့် ၁၄၇ ချိတ်ပါတယ်။

လွတ်လပ်တဲ့ တရားစီရင်မှု…………

နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကေ့စ်တွေမှာ စင်္ကာပူ တရားရေးစနစ်ဟာ လွတ်လပ်မျှတမှုရှိပြီး ပီအေပီ ပါတီခေါင်းဆောင်ပိုင်းနဲ့ ပါဝင်ပတ်သက်လာတဲ့ ကေ့စ်တွေမှာ တရားရေးဟာ ဘက်လိုက်မှုရှိတယ်လို့ အထင်ကရအဖွဲ့ကြီးတခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ရှေ့နေများကောင်စီက မကြာခင်ကမှ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါပါတယ်။ (ကျနော့်ဘလော့ဂ်ကတဆင့် သွားပြီး ဖတ်ရှုနိုင်ပါတယ်။)

အထူးသဖြင့် နိုင်ငံရေးအရ အစိုးရပေါ်လစီတွေကို ဝေဖန်တာကို ပီအေပီအစိုးရက (အထူးသဖြင့် လီကွမ်းယူ၊ လီရှမ်လွန်းနဲ့ ဂိုချုပ်တောင်တို့ဟာ ) အသရေဖျက်မှုကို လက်နက်သဖွယ်စွဲကိုင်ပြီး အတိုက်အခံတွေကို ဒေ၀ါလီခံရတဲ့အထိ ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ပါတယ်။ အဲသည်တရားခွင်တွေမှာ လုံးဝ တရားမျှတမှုမရှိဘူးဆိုတာ အပြည်ပြည်ဆိုင်ရာက အထင်ကရ အဖွဲ့အစည်းတွေရဲ့ (အမ်နက်စတီ အင်တာနေရှင်နယ်၊ ရှေ့နေများကောင်စီ၊ ကနေဒါ ဥပဒေရှင်များ စောင့်ကြည့်လေ့လာရေးအဖွဲ့၊ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာန) စတာတွေရဲ့ အစီရင်ခံစာတွေမှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒါကို ကြည့်ရင် ပီအေပီဟာ သူ့ကို ရင်ဘောင်တန်းနိုင်ရုံမက သူ့ထက် သာလွန်သွားမယ့် နိုင်ငံရေးအတိုက်အခံတွေကို မတရားတဲ့ နည်းနဲ့ ညစ်ပတ်အနိုင်ယူတာမျိုးကို လုပ်လည်းလုပ်ခဲ့တယ်။ (ဥပမာ ချားတိုင်ဖိုး၊ JBJ, Fransic Siew, Devan Nair, Dr. Chee စသည်….အဲဒါ အကုန်မဟုတ်သေး….နာမည်တွေ အကုန်ပြန်မရှာချင်တော့လို့။) ရှေ့လျှောက်လုပ်ဘို့လည်း ၀န်မလေးဘူး ဆိုတာကို တွေ့ရပါတယ်။ အဲဒါကို Corruption လို့ မခေါ်ရင် ဘာလို့ ခေါ်မလဲ ကျနော်လည်း မသိတော့ဘူး။

လွတ်လပ်တဲ့ အင်န်ဂျီအိုတွေ ဖွဲ့စည်းခွင့်မရှိ…..

မလေးရှားနဲ့ အင်ဒိုနီးရှားမှာ လွတ်လပ်တဲ့ ရှေ့နေများကောင်စီ (Bar Council), anti-corruption agency, Human right watch boday တွေ ရှိပါတယ်။ စင်္ကာပူမှာ မရှိပါ။ အဲသည်အဖွဲ့တွေက တရားရေးနဲ့ ပတ်သက်လို့ ၊ ဥပဒေနဲ့ ပတ်သက်လို့၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အစိုးရအပေါ်ကို ဖိအားပေးနိုင်ပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ အကျင့်ပျက်လာဘ်စားတာ မှန်ပေမယ့် နိုင်ငံသားတွေရဲ့ လွတ်လပ်မှု၊ လူ့အခွင့်အရေးကို လေးစားမှု၊ သူ့နိုင်ငံသားကို ဦးစားပေးကာကွယ်မှုတို့မှာ စင်္ကာပူထက်အများကြီးသာပါတယ်။ သူတို့တွေ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပြီ။ စင်္ကာပူသာ မပြောင်းရင် အနှေးနဲ့အမြန် နောက်ကျကျန်ခဲ့မှာဘဲ။

အတိုက်အခံ…..

အတိုက်အခံတွေကို လွတ်လပ်စွာ နိုင်ငံရေးအရ လှုပ်ရှားခွင့်ပေးလိုက်ရင် ဘယ်သူဟာ ပိုအရည်အချင်းရှိသလဲဆိုတာ လီကွမ်းယူက ဆုံးဖြတ်ပေးစရာမလိုဘဲ ပြည်သူက ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အတိုက်အခံတွေနဲ့ မီဒီယာမှာ Debate လုပ်ရမှာကို ပီအေပီ ခေါင်းဆောင်ပိုင်းက သေမလောက်ကြောက်ပါတယ်။ ကျနော်တို့ဆီမှာ ဦးသန်းရွှေက အတိုက်အခံတွေနဲ့ Debate မလုပ်ဝံ့သလိုပါဘဲ။ ရှင်းရှင်းပြောရရင် အခု ဂျူရောင်း ဂျီအာရ်စီက အမတ်တယောက်သေသွားလို့ လွတ်လပ်သွားတဲ့ နေရာမှာ ကြားဖြတ် ရွေးကောက်ပွဲလုပ်ပေးဘို့ ဂျေဘီဂျေက စိန်ခေါ်တာကိုတောင်မှ ပီအေပီက မလိုက်လျောရဲပါဘူး။

ကျနော်လေ့လာအကဲဖြတ်ကြည့်သလောက် ဒေါက်တာချီးတို့ ဂျေဘီဂျေတို့ဟာ လီရှန်လွန်းထက် အများကြီး အရည်အချင်းရှိတယ်လို့ အကဲဖြတ်မိပါတယ်။ ပီအေပီဟာ လူထု ထောက်ခံမှုကို ရတယ်လဲဆိုရဲ့။ တချိန်တည်းမှာ အတိုက်အခံတွေကို လွတ်လပ်စွာ နိုင်ငံရေးလုပ်ပိုင်ခွင့်မပေးတာဟာ ဘာကြောင့်လဲဆိုတဲ့အချက်ကို စဉ်းစားကြည့်သင့်ပါတယ်။

ရွေးကောက်ပွဲ…..

ရွေးကောက်ပွဲ ကော်မရှင်ဟာ လွတ်လပ်တဲ့ အဖွဲ့မဟုတ်ပါ။ ၀န်ကြီးချုပ်ရုံးအောက်မှာ ရှိပြီး ၀န်ကြီးချုပ်ဆီကို တိုက်ရိုက်အစီရင်ခံရတယ်။ ရွေးကောက်ပွဲနီးကာမှ အချိန်ကပ်ပြီး မဲဆန္ဒမြေကို (Election Boundary) ကို ပီအေပီ စိတ်ကြိုက်ဆွဲတယ်။ မီဒီယာမှာ အတိုက်အခံရဲ့ Coverage ကို နည်းထားတယ်။ ပြီးရင် အဆောက်အဦး Upgrade လုပ်ပေးမယ်၊ လုပ်မပေးဘူးဆိုတဲ့အချက်တွေနဲ့ မဲဝယ်တယ်။ ပရိုဂရက်ဇ် ပက်ကေ့တွေ ပေးပြီး မဲဝယ်မယ်။ လွတ်လပ်တဲ့တိုင်းပြည်တွေမှာ အဲဒါကို အကြီးအကျယ် မသမာ မှုလို့ သတ်မှတ်ပါတယ်။ စင်္ကာပူမှာတော့ ပေါ်တင်လုပ်နေတာဘဲ။

နောက် GRC စနစ်ဟာ ပီအေပီက မနိုင်နိုင်အောင် လုပ်ထားတဲ့ စနစ်ဘဲ။ တဖက်မှာ အတိုက်အခံတွေကို ငွေကြေးအရ ရံပုံငွေ မတောင့်တင်းအောင် စည်းမျဉ်းစည်းကမ်းမျိုးစုံနဲ့ ကန့်သတ်ထားတယ်။

ဆင်ဆာ……

မြန်မာပြည်မှာတင် ဆင်ဆာရှိတာမဟုတ်ပါဘူး။ စင်္ကာပူမှာရှိတဲ့ MDA လို့ ခေါ်တဲ့ Media Development Authority ဆိုတာကလည်း နိုင်ငံရေးဆင်ဆာ အကြီးစားကြီးပါ။ စင်္ကာပူမှာ အတိုက်အခံတွေရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မီဒီယာဖြန့်ချီချက်မှန်သမျှဟာ အဲဒီ MDA က စည်းမျဉ်းစည်းကမ်းတခုမဟုတ် တခုနဲ့ ငြိအောင် Loosely ရေးဆွဲထားတဲ့ စည်းကမ်းဥပဒေတွေနဲ့ ပြည့်နှက်လို့နေပါတယ်။

အဲသည်လို အနေအထားတွေကြားထဲမှာ အတိုက်အခံဟာ ပီအေပီနဲ့ ရင်ဘောင်မတန်းနိုင်ဘူးလို့ ပြောတာ တဖက်သတ် ဖိပြောရာကျ မနေဘူးလား။ မြန်မာပြည်မှာလိုဘဲ အစစ အစိုးရက ချုပ်ကိုင်ထားတဲ့ စနစ်တခုအောက်မှာ ပြုပြင်ပြောင်းလဲဘို့ ကြိုးစားနေရတဲ့ အတိုက်အခံတွေရဲ့ အခက်အခဲကို မှန်းဆစာနာပေးရင် မကောင်းဘူးလား။

စီပီအက်ဖ်…..

စီပီအက်ဖ်နဲ့ပတ်သက်လို့ ပြောရရင် ကမ္ဘာပေါ်မှာ စင်္ကာပူလူမျိုးဟာ ဒုတိယမြောက် ငွေအစုဆုံးလူမျိုးဖြစ်ပြီး အနားယူတဲ့အချိန်မှာ ငွေမလုံလောက်တဲ့ လူမျိုးလို့ ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စီပီအက်ဖ်အတွက် အတိုးက ၂.၅ % ဘဲ ရှိပြီး အဲဒီအထဲက အများစုဟာ အိမ်ဝယ်တဲ့ အထဲမှာ သုံးလိုက်ရတဲ့အတွက် ဖြစ်ပါတယ်။
အခုဆိုရင် စီပီအက်ဖ်ကို မူလ အသက် ၅၅ နှစ်မှာ ထုတ်ယူခွင့် ရှိရာကနေ တဖြည်းဖြည်း ၆၁ နှစ်။ နောက် ၆၅ နှစ်။ နောက်ဆုံး ၆၇ အထိ တိုးမြှင့်သတ်မှတ်မယ်လို့ အစိုးရကပြောပါတယ်။ ဒါလည်း အကုန်ချက်ချင်းတန်းထုတ်လို့ရတာမဟုတ်။ Minimum Sum ဆိုတဲ့ အနည်းဆုံး ၁၂၅၀၀၀ ဒေါ်လာလောက် ချန်ပြီးမှ ပိုတာကို ထုတ်ရတာဖြစ်ပါတယ်။ ကျန်တဲ့ငွေက အရစ်ကျ မသေမချင်း လစဉ်ရမယ်။ ဒါကြောင့် စလုံးတွေက စီပီအက်ဖ်ကို Cash before Funeral လို့တောင် ခေါ်ဆိုကြပါတယ်။

အများစုဟာ အစိုးရအနေနဲ့ စီပီအက်ဖ်တွေကို ဂျီအိုင်စီကတဆင့် နိုင်ငံခြားမှာ ရင်းနှီးမြှုတ်နှံတာတွေမှာ အရှုံးပေါ်ပြီး အချိန်မီ ပြန်မပေးနိုင်လို့ အချိန်ဆွဲတာလို့ ယူဆကြပါတယ်။ အစိုးရက အဲသည် National reserve တွေ၊ GIC တွေနဲ့ ပတ်သက်ပြီး Transparency မရှိတဲ့အတွက် အဲသည်လို သံသယဖြစ်တဲ့လူတွေကို အပြစ်ဆိုလို့မရပါဘူး။ သူတို့သံသယအတိုင်းလည်း ဖြစ်နိုင်ပါတယ်။ မဟုတ်ရင် ဘာကွယ်ထားစရာရှိလဲ။ လွတ်လပ်တဲ့ အဖွဲ့အစည်းတခုခုကို ပေးစစ်လိုက်ပေါ့။

စောစောက ပြောတဲ့ Check and Balance မှာ ဒါမျိုးတွေကို ပြည်သူက သိချင်ရင် အချိန်မရွေး အစိုးရက ဖြေရှင်းပြသနိုင်ရပါမယ်။ အစိုးရဟာ ပြည်သူကို Accountable ဖြစ်ရပါတယ်။ မဟုတ်ရင် ကိုယ့်ငွေတွေ ကုန်လို့ ကုန်သွားမှန်းတောင် သိမှာ မဟုတ်ပါဘူး။

HDB….

ဒီ အိပ်ခ်ျဒီဘီ စပေါ်လာတော့ ကြွေးကြော်သံက နိုင်ငံသားတိုင်း အဖိုးနှုန်းချိုသာစွာ အိမ်ဝယ်နိုင်ရေးပါ။ ၀င်ငွေနည်းတဲ့ လူတန်းစားဟာ အိမ်ဖိုးမတတ်နိုင်ပါဘူး။ အဲသည်မှာ စီပီအက်ဖ် စုဆောင်းငွေကနေ ပေးဝယ်လိုက်တဲ့အခါ လူတွေကလည်း စီပီအက်ဖ်ကို တော်တော်နဲ့ ပြန်ထုတ်လို့ မရတဲ့အတူတူ အကောင့်ထဲ ရှိသမျှ ငွေတွေနဲ့ ပုံအောဝယ်။ နောက်ပြီး နိုင်ငံခြားသားပီအာရ်တွေကိုလည်း အဆမတန် ချပေးလိုက်တဲ့အတွက် အိမ်ဈေးတွေ ထိုးတက်တော့တာပါဘဲ။ နိုင်ငံခြားသားတွေ အဆမတန် ၀င်ရောက်လာမှုကြောင့် စင်္ကာပူနိုင်ငံသားတွေမှာ အလုပ်အကိုင်ကြပ်တည်းမှုအပြင် အိမ်ယာဈေးနှုန်းတွေ မိုးပျံနေတာနဲ့ တိုးတော့တာပါဘဲ။

နိုင်ငံတခုဟာ သူ့နိုင်ငံသားကောင်းစားရေးကို ရှေ့တန်းတင်မလား။ နိုင်ငံခြားသားကောင်းစားရေးကို ရှေ့တန်းတင်မလား။ စဉ်းစားစရာအချက်ပါ။

ပိုဆိုးတာက အတိုက်အခံတွေ ဘယ်လိုပင်ဖိအားပေးပေမယ့် အိမ်ဆောက်လုပ်ရာမှာ ကုန်ကျငွေပမာဏ အမှန်ကို အစိုးရက လျို့ဝှက်ထားတာပါဘဲ။ ဒီမှာတခါ အစိုးရက သူ့မြှုတ်နှံမှုတွေ အရှုံးပေါ်လို့ ငွေတွေ ပြန်ရအောင် ကိုယ့်နိုင်ငံသားတွေဆီက အိမ်ဈေးတွေမတန်တဆ မြှင့်ရောင်းခြင်းဖြင့် ငါးကြင်းဆီနှင့် ငါးကြင်းကြော်နေသလားဆိုတဲ့ မေးခွန်းတွေပေါ်လာပါတယ်။ ထုံးစံအတိုင်း အစိုးရဘက်က Transpancy မရှိတဲ့အတွက် ဒီကိစ္စဟာ ပြေလည်မသွားဘူး။ ဘယ်တော့မှ NKF ပြဿနာလို လူတွေအလန့်တကြားဖြစ်အောင် ဘူးပေါ်သလို ပေါ်မလဲ စောင့်ကြည့်ရမှာဘဲ။

NKF အရှုပ်တော်ပုံတုန်းကလည်း လူတွေ အတန်တန် စိုးရိမ်ပူပန်နေတဲ့ကြားက၊ သတိပေးနေတဲ့ကြားက အစိုးရက လက်ပိုက်ကြည့်နေလိုက်တာ။ နောက်ဆုံး ဘယ်အခြေဆိုက်သွားသလဲ။ အဲဒီတုန်းကဆိုရင် တာဝန်ရှိတဲ့ ကျန်းမာရေးဝန်ကြီး ခေါဘွန်ဝမ်တို့၊ ၀န်ကြီးချုပ်ကတော် ဟိုချင်းတို့၊ ဂိုချုပ်တောင်ကတော် တို့က အင်ကေဖက် စီအီးအို ဖြစ်တဲ့ တီတီဒူရိုင်းဘက်က လူသိရှင်ကြားကာကွယ်ပေးခဲ့သေးတာနော်။ တီတီဒူရိုင်းကိုယ်တိုင်ကလည်း သူ့ကို စွတ်စွဲတဲ့သူ၊ ဝေဖန်တဲ့သူတွေကို အသရေပျက်မှုနဲ့ တရားစွဲပြီး နိုင်ခဲ့လိုက်သေးတယ်။ အဆုံးမတော့ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဘူးပေါ်သလို ပေါ်ခဲ့ရပါတယ်။

ဒီနေ့ ပါလီမန်ထဲမှာရှိတဲ့ ပီအေပီ အမတ်အများစုဟာ လူထုထောက်ခံမှုကြောင့် တက်လာတာလို့လဲ ပြောလို့မရ။ ဘာကြောင့်လဲဆိုတော့ GRC စနစ်နဲ့ ဘယ်အတိုက်အခံနဲ့မှ ပြိုင်စရာမလိုဘဲ အချောင်နေရာရလာကြတာကိုး။ GRC အများစုက ယှဉ်ပြိုင်သူမရှိ။ Walk over ဖြစ်နေတာကို။ အတိုက်အခံက နေရာတိုင်းမှာ ၀င်မပြိုင်နိုင်တာကလည်း ရှင်းပါတယ်။ ဒီကနေ့ ပီအေပီကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်၊ ရွေးကောက်ပွဲစနစ်နဲ့ ဒီနိုင်ငံမှာ အတိုက်အခံဟာ ဘယ်တော့မှ ခေါင်းမထောင်နိုင်ဘူး။

ခုနက ပြောတဲ့ Check and Balance system ကို အမှန်တကယ်လိုလားတယ်ဆိုရင် နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာ နိုင်ငံရေးလုပ်ပိုင်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွေ လိုပါတယ်။ ကျနော်တို့က နေရာတကာ မျှတမှု Fair Play ကိုဘဲ ကြိုက်တယ်။ ကလိန်ကကျစ်လုပ်ပြီး နိုင်တာကို သဘောမကျ။ အထူးသဖြင့် အစိုးရတရပ်ဟာ ကလိန်ကကျစ်လုပ်ပြီး အာဏာတည်တံ့အောင် လုပ်နေပြီဆိုရင် အဲဒီနိုင်ငံ အနှေးနဲ့ အမြန် ဒုက္ခရောက်ပြီသာမှတ်။

ခုနကပြောတဲ့ လွတ်လပ်တဲ့ အခြေအနေတွေကို လုပ်မပေးနိုင်ဘူးဆိုရင် Check and Balance System မရှိတဲ့အတွက် ဒီအစိုးရဟာ Corruption ကင်းပါတယ်လို့ ပြောရခက်တယ်။ ဥပမာ ဒေါ်လာ ၃၀၀ ဘီလီယံ စီးပွားရေးကို ကိုင်တွယ်နေတဲ့ ၀န်ကြီးချုပ်လစာဟာ ဒေါ်လာ ၃ ထရီလီယံ ကို ကိုင်တွယ်နေတဲ့ ဥရောပနဲ့ အမေရိကန်က ခေါင်းဆောင် ၆ ယောက်ပေါင်းထက် လစာများနေတယ်။ ဒါကို ဒီက အတိုက်အခံတွေက Legalized Corruption လို့ ခေါ်ကြတယ်။ ဟုတ်တယ်လေ။ ကိုယ်ဒီလောက် မတန်တဆ ရနေတာ၊ ဘာလာဘ်စားစရာလိုတော့လဲ။ လုပ်ခဲ့တဲ့ အမှားတွေအတွက်လဲ တာဝန်ယူစရာမလိုဘူး။ နှုတ်ထွက်ပေးစရာမလိုဘူး၊ ဘယ်လောက်ကောင်းတဲ့ စနစ်လဲ။ (One Nation Under Lee ကို ကြည့်ပါ၊)

စင်္ကာပူမှာ အောက်ခြေ ၀န်ထမ်းတွေ လာဘ်ပေးလာဘ်ယူတော့ ကင်းရှင်းပါတယ်။ သူတို့ လစာကလည်း မသေးဘဲကိုး။ ဒါပေမယ့် Corruption ကင်းသလားဆိုတော့….သူတို့ရဲ့ Profession ကို ဘက်မလိုက်ဘဲ၊ အာဏာပိုင်တွေရဲ့ ဘက်မလိုက်ဘဲ ဘယ်လောက် တိကျစွာ လိုက်နာသလဲဆိုတာအပေါ်မှာ မူတည်တယ်။ ဥပမာ တရားသူကြီးတယောက်ဟာ ဥပဒေနဲ့ မညီဘဲ ဘက်လိုက်ဆုံးဖြတ်တယ်ဆိုရင် အဲဒီ တရားသူကြီး အဂတိလိုက်စားတာဘဲ။ အကျင့်ပျက်တာဘဲ။ ဥပမာ….ရဲ တယောက်က သူ့လုပ်ပိုင်ခွင့်မဟုတ်ဘဲ လူတယောက်ကို အတင်းတားဆီးတယ်၊ နှောက်ယှက်တယ်ဆိုရင် အဲဒီ ရဲ ဟာ အကျင့်ပျက်တာဘဲ။ အဂတိလိုက်တာဘဲ။ ဒါမျိုးတွေ စင်္ကာပူမှာ ကင်းရှင်းပါရဲ့လား။ လေ့လာကြည့်ရှုစေချင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဗမာပြည်ထက် စီးပွားရေးတိုးတက်နေတာ တချက်နဲ့တင်ကြည့်ပြီး ကျနော်တို့ဟာ အာဏာရှင်စနစ်ကို မျက်စိမှိတ်ထောက်ခံမိမယ်ဆိုရင် ဒီဘက်မှာ လူ့အခွင့်အရေးဆုံးရှုံးနေတဲ့၊ တဘက်သပ် နှိပ်ကွပ်ခံနေရတဲ့၊ ဒီမိုကရေစီစနစ်အတွက် တိုက်ပွဲဝင်နေတဲ့လူတွေ အပေါ်မှာ ကျနော်တို့ဟာ မတရားရောက်ပါလိမ့်မယ်။ အစကတည်းက ကိုယ်ဟာ ဘယ်လို ယုံကြည်ချက်ကို ကိုင်စွဲသလဲ၊ ဘယ်ပန်းတိုင်ကို သွားနေတာလဲဆိုတာ မျက်ခြေမပြတ်ဘို့ လိုမယ်ထင်ပါတယ်။

ကိုပေါ

Anonymous said...

အကျယ်အကျယ်တွေ မဆွေးနွေးလိုတော့ပါ။ ဒီလောက်တောင် စင်္ကာပူနိုင်ငံရဲ့  မကောင်းတဲ့ အချက်အလက်တွေကို နက်နက်နဲနဲ လေ့လာသိရှိထားတဲ့ ကိုပေါတစ်ယောက် စင်္ကာပူနိုင်ငံမှာ မိသားစုနဲ့ တကွ HDB က အိမ်ပါဝယ် ယူပြီး ယနေ့ ထက်တိုင် အခြေချ နေထိုင်နေတာ ဘာကြောင့်များပါလိမ့် လို့ သာ မေးလိုက်ချင်ပါတော့တယ်..။

ဂျစ်တူး - gyit_tu said...

ကိုပေါရေ .. ခုလို ပြောပြထားတာတွေ တော်၂များ၂ထဲက တချို့ ကို လက်ခံသလို ၊ တချို့ ကိုတော့ ကျမရဲ့ ချဉ်းကပ်တဲ့ ရှုထောင့်က ကိုပေါနဲ့ကွာလို့ လက်မခံနိုင်တာတွေ ရှိပါတယ် ။ အသေးစိတ်ကတော့ ထားပါတော့လေ ။ တခါတလေကျ တချို့ ကိစ္စတွေက ချဉ်းကပ်တဲ့ ရှုထောင့်ချင်းမတူနေဖူးဆိုရင် ၊ ဒီအတိုင်းထားလိုက်တာကောင်းပါတယ် ။

ဒါပေမယ့် ကျမ တခုတော့ ပြောချင်ပါတယ် ... ကျမ ဒေါက်တာချီးကို လုံးဝသဘောမကျပါ ။ သူ့ ရဲ့ ပါစင်နယ်က ကောင်းချင် ကောင်းမယ် ။ ဒါတော့ ကျမ မသိ ။ သို့သော် သူ့ လုပ်ရပ်တွေကို မကြိုက်ပါ ။ သူက မြန်မာ့အရေးကို ခုတုံးလုပ်ပြီး ၊ သူတို့ပါတီအတွက် publicity ရအောင် လုပ်နေတယ်လို့ ကျမ မြင်တယ် ။ သူ လုပ်သမျှတွေဟာ ခုထိတော့ မြန်မာပြည်အတွက် ဘာမှ ထိ၂ရောက်၂ အကျိုးရှိလာာတာ မမြင်မိသေးဖူး ။ သူ ၀င်ပါလို့ စလုံးအစိုးရက မြန်မာတွေကို ပို ဒေါက် ထောက် ကြည့်ခံရတဲ့ ဖြစ်နိုင်ချေရလဒ်ပဲ ကွက်၂ကွင်း၂ မြင်ရတယ် ။

ပီအေပီက သူတို့ကို အသရေဖျက်မှုနဲ့ လူတွေကို တရားစွဲတာ မှန်ပါတယ် ။ ဒေါက်တာချီးကလည်း အဲလို ခံရတဲ့ လူတယောက်ပေါ့ ။

ဒါပေမယ့် ကျမမြင်တာတော့ ပီအေပီဟာ လူတယောက်ကို အလကားနေရင်းတော့ စွပ်စွဲချက်တင်လို့ မရပါဖူး ။ လူတယောက်ဟာ လုံးဝအပြစ်မဲ့နေတယ်ဆိုရင် သူတို့ ပြဿနာရှာစရာ တခုမှ မရှိဘူး ။ အဲ... တခုခု အမှားလုပ်ထားတာလေး အသေးအမွှား ရှိမယ်ဆိုရင်တော့ ၊ မီးခိုးကြွက်လျှောက် လိုက်တာပါပဲ ။ ဒီတော့ အဲလို ခံရသူတွေက အရင်တည်းက သူတို့မှာ မှားတာတော့ ရှိတာ အမှန်ပဲ ။

နောက်ပြီး ဒေါက်တာချီးဟာ လီရှန်လုံးထက် အရည်အချင်းသာတယ်ဆိုတာကို ဘယ်လို အထောက်အထားနဲ့ ပြောပါသလဲ ။

ကိုပေါအမြင်မှာ စင်္ကာပူနိုင်ငံမှာရှိတာတွေဟာ ဘာတချက်မှ မကောင်းသလိုပါပဲ ။ စင်္ကာပူနိုင်ငံမှာ ဘယ်လို အချက်ကိုများ ကောင်းတယ်လို့ မြင်ပါသလဲလို့ မေးလိုက်ပါရစေ ။

ဘာလို့လဲဆိုတော့ လူတယောက်ဟာ နိုင်ငံတနိုင်ငံမှာ နေနေတယ်ဆိုရင် သူ့ အတွက် အဲဒီနိုင်ငံက တခုခု အကျိုးအမြတ် ပေးတဲ့ နိုင်ငံတခုဖြစ်လို့ နေတာပဲလို့ ကျမက ယုံကြည်ထားပါတယ် ။ ဒါကြောင့် အပေါ်က မေးခွန်းကို မေးတာပါ ။

အလုပ်အကိုင်ကြောင့်လို့တော့ ကျမ မထင်မိဘူး ။ ဘာလို့လဲဆိုတော့ ကိုပေါ ပြောခဲ့တဲ့ စကားထဲမှာ ဘယ်နိုင်ငံမဆို သွား လုပ် လို့လည်း ရတယ်လို့ ပါခဲ့ပါတယ် ။

ဒီအပိုင်းက ကိုယ်တွေ့ ကြုံခဲ့ရတာကို နှိုင်းယှဉ်ပြီး ပြောဖြစ်တာ ။ တကယ်တော့ ကျမကလည်း ကိုပေါတို့လို အမြဲ ထိတွေ့ လေ့လာနေသူတွေလောက်တော့ သီအိုရီပိုင်းကို မကျွမ်းကျင်ပါဖူးး) ရွေးကောက်ပွဲမတိုင်ခင်က ကျမတို့အလုပ်က စလုံးတွေနဲ့ ဒီနိုင်ငံရဲ့ အတိုက်အခံတွေအကြောင်း ဆွေးနွေးဖြစ်ကြတိုင်း ၊ workers' party ကိုပဲ ဒီကလူတွေက ပီအေပီရဲ့ possible worthy opponent အဖြစ် သတ်မှတ်ကြပါတယ် ။

သက်ဝေ said...

This is my country, this is my flag
This is my future, this is my life
This is my family, these are my friends
ဆိုတဲ့ နေရာလေးကို နားထောင်ရင်း ကြည်နူးစိတ်၊ အားကျစိတ်တို့ နဲ့ မျက်ရည်ဝဲမိတယ်..။

shin said...

Yeh! I also surprise that since ko paw don't like Singapore that much, why is he still staying here?

When most of the Singaporean(among my Singaporean friends) are happy with their current situation, why is he so angry with not enough freedom in Singapore? Isn't it that he should worry about our country first?

M.Y. said...

ပို့ စ်တစ်ခုအခြေံခံပြီး ဆွေးနွေးထားကြတာ မှတ်သားစရာများမို့  ကိုအောင်မျိုးနိုင်၊မဂျစ် ၊ကိုပေါ နဲ့ ပို့ စ်ရေးသူ ပန်ဒိုရာကိုကျေးဇူးတင်စရာပဲ။ personal အနေ နဲ့ တိုက်ခိုက်တဲ့ စကားများ၊ ကွန်မန့် မှာ မပါဖို့  တော့ အရေးကြီးပါတယ်။

စင်္ကာပူ နိုင်ငံမှာ နန်းတော်လဲမဟုတ်တဲ့ HDB အိမ်ဝယ်နေတာမျိုးက ကိုယ်ပိုင်ရွေးချယ်ခွင့်ထင်ပါတယ်၊ နိဗ္ဗာန်ဘုံရောက်သလို အကောင်းဆုံး လို့ ဆိုနိုင်မည်မထင်ပါ။ မိမိ သား သမီးကလေး ကျောင်းတက်တဲ့အခါမှာ National Day အတွက် အနီ အဖြု ဆင်တူ ၀တ်စုံလေး ၀တ်ရခြင်း မရခြင်း ဆိုတာကလဲ ကျောင်းစည်းကမ်းအရ ၀တ်ဆိုဝတ်ရမှာပါပဲ။ အဲဒိအပေါ်ယံတွေ ထက်၊ “ငါ့သမီးကလေး အနီအဖြူကလေးနဲ့ စလုံးမကလေး စစ်စစ်ကြီး ဖြစ်နေပြီ ဂုဏ်ယူစရာကြီးဟဲ့ ၊ စင်းဂလစ်ရှ် လိုကလဲမွှတ်လို့ ..” ဆိုတဲ့မိဘမျိုးထက် အဲဒိသားသမီးကို မိမိဇာတိသွေး၊ မိမိ ဇစ်မြစ်အမှန်ဟာ မြန်မာပြည် ဆိုတာသိဖို့ ၊ မြန်မာ့အကြောင်းပိုနားလည်ပြီးတတ်စွမ်းသမျှ မျိုးဆက်လက်ဆင့်ကမ်း ကူညီသွားဖို့ အတွက် မိဘက ဘယ်လောက် ပေးစွမ်းနိုင်တယ်ဆိုတာ ပိုအရေးကြီးတယ်ထင်ပါတယ်။
တစ်ခါက.. ၂၀၀၄ ခုနှစ်ထင်ပါတယ်။ Oversea Singaporean Club ထင်တယ်။ ပြည်ပမှာအခြေချ သွားကြတဲ့ ပြည်ပရောက်စင်္ကာပိုရီယန်တွေ စင်္ကာပူမှာ ပြည်လည်တွေ့ ဆုံပွဲလုပ်ပါတယ်။ ဒီလို အမျိုးသားနေ့ အချိန်မှာပဲထင်ပါတယ်။ သူတို့ အားလုံး ရဲ့ အိမ်အလွမ်း၊ အိမ်အကြောင်းရင်ဖွင့် ချက်။ နှစ်ပေါင်း နှစ်ဆယ်လောက်ကြာနေလာခဲ့ကြတဲ့ သူတို့  ရဲ့ ဆိုင်ရာ ပြည်ပနိုင်ငံ (ဒီနေရာမှာ ကနေဒါ ၊ ဥရောပ နဲ့ သြစတြေးလျ) တွေနဲ့ သူတို့ အမိမြေ ဒီကနေ့ စင်္ကာပူကို ပြန်နှိုင်းယှဉ်ကြတဲ့အခါ တစ်ညီတစ်ညွတ်တည်းလေသံထွက်လာတာက ၀မ်းနည်းစွာနဲ့ သူတို့ သတ်မှတ်ကြတယ်။ “ဒီကနေ့ စင်္ကာပူ လူငယ်မျိုးဆက်တွေ က ရုပ်ဝတ္ထုသိပ်ဆန်သွားပြီ” တဲ့။စင်္ကာပူကလည်း အလုပ်ဇော၊ ရုပ်ဝတ္ထုဇောတွေကြောင့် materialistic သိပ်ဖြစ်လွန်းနေပြီတဲ့။ လူသားဘ၀ ရဲ့ တန်ဖိုးတွေ ပျောက်မှာစိုးတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် မဂျစ်ပြောသလိုပါပဲ။အကောင်းအဆိုးရှိစမြဲမို့  ကောင်းတာလေးတွေလဲရှိပါတယ်။ အခွန်အတုပ်ခ က နည်းပါတယ် (အစိုးရက ကျန်းမာရေး ပြန်မကြည့်ရလို့ လဲဖြစ်နိုင်ပါတယ်)။ သွားရေးလာရေး အဆင်ပြေလွန်းပါတယ်။ အလယ်အလတ်တန်းစားအများစုဖြစ်နေပါတယ် (ဒါကောင်းတယ်)။ သန့် ရှင်းတယ်။ စည်းကမ်းရှိတယ်။ ပညာရေးအဆင့် မြင့်တယ်။ ဒီလိုပဲမကောင်းတာလေးတွေလဲရှိသမို့ ..ပီကေမစားရဆိုတာမျိုးကအစ ဒ်ါဏ်ပေးတတ်လွန်းလို့  fine island လို့ အခေါ်ခံရပြန်ပါတယ်။

နိုင်ငံတိုင်း မှာ ဘယ်နိုင်ငံမှာ perfect ဖြစ်မနေတာလဲအမှန်ပါ။ မြန်မာနိုင်ငံ ကတော့ မြန်မာလူမျိုးတွေအတွက် အကောင်းဆုံးပါပဲလေ….
”ငါ့တိုင်းပြည်ကလေး မှာ သစ်မြစ်တွေကို တောင် ငါချစ်တယ်…
တကယ်လို့ အကြိမ်ပေါင်းတထောင်သေရင်အဲဒိမှာပဲ ငါသေချင်တယ်….
တကယ်လို့ အကြိမ်ပေါင်းတစ်ထောင် ပြန်မွေးရင်လည်း အဲဒိမှာပဲ ငါမွေးချင်တယ်…

တဲ့ ပက်ဗလို နိရူဒါ စကားလေး ကိုအောင်သာငယ်ဘလော့ မှာတင်ထားတာ ပြန်ကူးပေးလိုက်တယ်….

ကျွန်တော်တို့ အားလုံး မြန်မာပြည်သားဖြစ်ခဲ့ကြတာ..မြန်မာပြည်မှာ မွေးခဲ့ကြတာ ဘယ်သူမှနောင်တမရမှာသေချာပါတယ်…ဟုတ်တယ်ဟုတ်…

ကွန်မန့် တွေက ပို့ စ်တစ်ခုတောင်ဖြစ်နေပါလား..ပန်ပန်ရေ…ကောင်းမှကောင်း…ဘလော့ဂ်ခြင်း၇ဲ့ အနှစ်သာရ..ဆွေးနွေး..နွေးထွေး ..အေးဆေး….

With Warm Regards

Ko Paw said...

ကိုမောင်ရင်သို့.......

ဝင်ရောက်ဆွေးနွေးတဲ့အတွက် ကျေးဇူးပါ။ ဘလော့ဂ်ပိုင်ရှင်မပြောခင် ဦးအောင်ပြောလိုက်ပါတယ်။း-) အင်မတန်လည်း ကျိုးကြောင်းညီညွတ်တယ်။ ဆွေးနွေးပုံ ဆွေးနွေးနည်းဟာ နည်းစနစ်လည်း မှန်ကန်တယ်ဆိုတာ ပထမဦးဆုံး ပြောလိုက်ပါရစေ။ အဲဒီအတွက်လည်း ကျနော် လေးစားပါတယ်။

တခြားသူတွေမေးမြန်းဆွေးနွေးကြတဲ့အထဲက ပါစင်နယ် ရေးသား မေးမြန်းချက်တွေကိုတော့ ကျနော် ဖြေကြားဆွေးနွေးသွားမှာ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဟာ စင်္ကာပူရဲ့ နိုင်ငံရေးစနစ်နဲ့ လက်ရှိ၊လတ်တလော အခြေအနေကို ဆွေးနွေးနေကြခြင်းသာဖြစ်ပါတယ်။ တယောက်နဲ့ တယောက် အတွေးအမြင် အယူအဆ ကွဲပြားနိုင်တဲ့ အချက်ကို လက်ခံနိုင်ပါတယ်။ ပါစင်နယ် တိုက်ခိုက်ရေးသားခြင်းမျိုးကို ကျနော့်ဘက်ကလည်း ဒီပန်ဒိုရာပို့စ်တွေမှာ အထူးရှောင်ကြဉ်ထားပါတယ်။

ကျနော့်အနေနဲ့ ရှေ့ပို့စ်တခုက ကွန်မင့်မှာဆိုခဲ့တဲ့အတိုင်း ဒီဆွေးနွေးချက်တွေအတွင်းမှာ မည်သူတဦးတယောက်ကိုမျှ ချက်ချင်းအယူအဆ တထိုင်တည်းနဲ့ ပြောင်းလဲသွားအောင် ပြုလုပ်ရန် ကျနော့်မှာ ရည်ရွယ်ချက်မရှိပါ။ တတ်လည်း မတတ်နိုင်ပါ။

သို့သော် စင်္ကာပူနိုင်ငံရေးစနစ်အပေါ် သည်သို့ သည်ပုံ ရှုမြင်သုံးသပ်သူများရှိတယ်ဆိုတဲ့ အချက်ရယ်၊ အများသတိမပြုမိတဲ့ အချက်တွေရယ်ကိုသာ ကျနော်က အချက်အလက်နဲ့ ထောက်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျနော့်ရဲ့ အဓိက ရည်ရွယ်ချက်ကို ပြောပြရရင်လည်း လူတွေ အရင်က မစဉ်းစားမိတဲ့ စဉ်းစားစရာ အချက်တွေ ရသွားမယ်၊ တခြားသူတွေမှာလည်း မတူကွဲပြားတဲ့ အမြင်တွေ ရှိပါလား၊ သူတို့ ဘာကြောင့် ဒီလို စဉ်းစားသလဲ။ ဘယ်လိုအချက်တွေကို အခြေခံသလဲ ဆိုတဲ့ အတွေးမျိုးတွေ သူတို့ ခေါင်းထဲ ရောက်လာရင် ကျနော် ဒီမှာ လက်အညောင်းခံ အချိန်အကုန်ခံ ရေးရတာ အလဟဿ မဖြစ်ဘူးလို့ ယူဆပါတယ်။

.....မဂျစ်တူးသို့....

ဒေါက်တာချီးကို မဂျစ်တူးအနေနဲ့ မထောက်ခံဘဲနေလို့ ရပါတယ်ခင်ဗျာ။ ဒါဟာ လူတယောက်ရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ Force လုပ်ပြီး အတင်းအကြပ် လက်ခံခိုင်းလို့ မရပါဘူး။ ဒါဟာ အရှိတရားပါ။ အရှိတရားကို လက်ခံနိုင်ဘို့ဘဲ နှလုံးသွင်းပါတယ်။ (မကေသွယ်ရဲ့ ဘလော့ဂ်ထိပ်ထောင့်မှာ ရေးထားသလိုပေါ့)

ဒေါက်တာချီးကို ကျနော့်အနေနဲ့ ထောက်ခံတယ်၊ လေးစားတယ်ဆိုတဲ့အချက်ကိုလည်း ဒီနေရာမှာ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်ရှိတယ်လို့ ယူဆပါတယ်။

ဒေါက်တာချီးဟာ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ မြန်မာသံရုံးရှေ့မှာ Petition နဲ့ Candlelit vigil ဦးဆောင် လုပ်ခဲ့ပါတယ်။ ပြည်သူလူထု၊ ကျောင်းသား၊ ရဟန်းတွေကို မြန်မာစစ်အစိုးရကလူမဆန်စွာ နှိပ်ကွပ်တာကို ဆန့်ကျင်ရှုံ့ချကြောင်း Petition နဲ့ စင်္ကာပူအစိုးရအနေနဲ့ မြန်မာစစ်အစိုးရကို လက်နက်တွေရောင်းချနေတာတွေ ရပ်တန်းက ရပ်ဘို့ တောင်းဆိုတဲ့ Petition ပါ။ မြန်မာပြည်သူတယောက်အနေနဲ့ ကြည့်ရင် သူ့လုပ်ရပ်ကို ဘာမှ မထောက်ခံနိုင်စရာအကြောင်းမရှိပါဘူး။

စင်ကာပူနိုင်ငံရေးဘက်က ကြည့်ရင်လည်း သူဟာ ပါတီနိုင်ငံရေးလုပ်နေတဲ့ နိုင်ငံရေးသမားတယောက်မို့ ဒီကိစ္စကို သူ့နိုင်ငံရေးအကျိုးအမြတ်အတွက် Publicity အတွက်လုပ်ရင် လုပ်ပိုင်ခွင့် ရှိပါတယ်။ လုံးဝ မမှားယွင်းပါဘူး။ အမေရိကန်သမ္မတ ဘုရှ်နဲ့ သမ္မတ ကတော် လော်ရာတို့လည်း လုပ်နေကြပါတယ်။ ဒေါက်တာချီးလုပ်ရပ်ကြောင့် ဘာအကျိုးရလဒ်ဖြစ်လာသလဲဆိုတော့ စင်္ကာပူဟာ မြန်မာအစိုးရကို လက်နက်ရောင်းနေတယ်ဆိုတဲ့ကိစ္စ လူတွေအာရုံ ပိုထားမိလာတယ်။ စင်္ကာပူမှာ မြန်မာတွေရဲ့ နိုင်ငံရေးအသိစိတ်ဓါတ်ကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။ သူဟာ အစိုးရတရပ်မဟုတ်တဲ့အတွက် အမေရိကန်အစိုးရလို အစိုးရတရပ်က ပြုလုပ်နိုင်တဲ့ အပြောင်းအလဲမျိုးအထိတော့ လုပ်မပေးနိုင်ပါဘူး။ ဒါကလည်း လက်ခံရမယ့် အရှိတရားတခုပါဘဲ။ ဒါပေမယ့်လည်း အတိုင်းအတာ တခုအထိ အကျိုးသက်ရောက်မှု ရှိတာတော့ မငြင်းနိုင်ဘူး။

ဒီတော့ မြန်မာ့အရေးမှာ ဒေါက်တာချီး ထောက်ခံအားပေးတဲ့ကိစ္စကို ဘာမှ ရှုတ်ချစရာအကြောင်းမရှိပါဘူး။ (သူတင်မက အတိုက်အခံအမတ်တွေဖြစ်တဲ့ မစ္စတာ လောင်းတို့၊ မစ္စတာ ချမ်းတို့ က တကယ်လို့သာ ထောက်ခံအားပေးလာရင်လည်း ကြိုဆိုရမှာပါ။)

သူဟာ တကယ်လို့ ကျနော်တို့ မြန်မာလူထုကို ထိခိုက်နစ်နာအောင် ခုတုံးလုပ်ပြီး အမြတ်ထုတ်တယ်ဆိုရင်တော့ သူ့ကို ကျနော်တို့ မြန်မာတွေကသာမက စင်္ကာပူလူမျိုးတွေကပါ ရှုတ်ချသင့်တာပေါ့။ အခုက သူက ဘယ်မြန်မာကိုမှ နစ်နာအောင် မလုပ်ခဲ့ပါဘူး။

ဒေါက်တာချီးက အဲသည်လို မြန်မာ့အရေးကို ကူညီထောက်ပံ့နေတဲ့အချိန်မှာ စင်္ကာပူအစိုးရကတော့ မြန်မာစစ်အစိုးရကို အကာအကွယ်ပေးလျက်ရှိပြီး တဖက်ကလည်း စင်္ကာပူမှာ ရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေကို လူမသိသူမသိနည်းနဲ့ နှိပ်ကွပ်အရေးယူလျက်ရှိပါတယ်။

တကယ်တမ်းပြောရရင် ဒေါက်တာချီးတို့က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မိမိရဲ့ ဘ၀ကို ပေးဆပ်ပြီး တိုက်ပွဲဝင်နေတဲ့လူတွေပါ။ ဒေါ်စုတို့ ဦးဝင်းတင်တို့ကို ထောက်ခံရင်၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ် လက်ခံယုံကြည်တယ်ဆိုရင် ဒေါက်တာချီးလိုလူကို မထောက်ခံနိုင်စရာ အကြောင်းမရှိပါ။ တကယ်လို့ ဒေါက်တာချီးဟာ သူ့အကျိုးစီးပွားသာ သူကြည့်ခဲ့ရင် ဒီအချိန်မှာ တက္ကသိုလ်မှာ လက်ချာရာ ရာထူးနဲ့ တိုက်နဲ့တာနဲ့ ကားနဲ့ အကျအန နေထိုင်ခဲ့သူပါ။ သူနိုင်ငံရေးထဲမ၀င်ချိန်က အဲသည်လို လူနေမှုအဆင့်အတန်းနဲ့ နေခဲ့တဲ့သူပါ။ သူ့အမျိုးသမီးကလည်း ပညာတတ် ပီအိတ်ဒီဘွဲ့ရတယောက်ပါ။

တကယ်လို့သာ ပီအေပီအစိုးရက မြန်မာ့ဒီမိုကရေစီအရေးကို လှိုက်လှိုက်လှဲလှဲ အားပေးခဲ့တယ်ဆိုရင်ဖြင့် ကျနော်တို့ကလည်း ပီအေပီကို ဒေါက်တာချီးနည်းတူ ရက်ရက်ရောရော အမှတ်ပေးမိမှာ အမှန်ပါဘဲ။

ဒါပေမယ့် ဒေါက်တာချီးလုပ်ရပ်ကြောင့် စလုံးအစိုးရက မြန်မာ့တွေအပေါ် ပိုဒေါက်ထောက်ကြည့်ခံရတဲ့ ဖြစ်နိုင်ချေရလဒ်ဖြစ်လာတယ်ဆိုတဲ့ ကောက်ချက်ကတော့ လွဲတယ်လို့ ယူဆပါတယ်။ မြန်မာတွေအပေါ် စလုံးအစိုးရက ဒေါက်ထောက်ကြည့်တယ်ဆိုရင် အဲဒီ ကြည့်တဲ့ အစိုးရရဲ့ မှားယွင်းတဲ့လုပ်ရပ်ဘဲ ဖြစ်ပါတယ်။ အပြစ်တင်ချင်းတင်ရင် စင်္ကာပူအစိုးရကိုဘဲ အပြစ်တင်ရမယ်။ စင်္ကာပူအစိုးရကို မဝေဖန်ချင်လို့ ဒေါက်တာချီးကို မဆီမဆိုင် ပုံချတာတော့ မတရားဘူး၊ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

အမေရိကား၊ ထိုင်းနဲ့ မလေးရှားမှာလည်း အတိုက်အခံတွေက မြန်မာ့အရေးအတွက် ထောက်ခံပြီး သူ့အစိုးရကို ဆန့်ကျင်ကန့်ကွက်နေကြတာပါဘဲ။ သူတို့ကို အပြစ်ပြောလို့ မရသလို ဒေါက်တာချီးကိုလည်း အပြစ်ပြောလို့မရပါဘူး။ အတိုက်အခံဆိုတာဟာ လက်ရှိအစိုးရရဲ့ ပေါ်လစီကို ထောက်ပြဝေဖန်နေရတာမျိုးပါ။ အဲဒီအနေအထားကို မကြိုက်ဘူးဆိုရင် တပါတီစနစ်ကို ကျနော်တို့ ဘာကြောင့် ရှစ်လေးလုံးအရေးတော်ပုံနဲ့ ဖြုတ်ချခဲ့ကြသလဲ ဆိုတဲ့ မေးခွန်းကို အရင်ပြန်မေးရပါလိမ့်မယ်။

....ပီအေပီက သူတို့ကို အသရေဖျက်မှုနဲ့ လူတွေကို တရားစွဲတာ မှန်ပါတယ် ။ ဒေါက်တာချီးကလည်း အဲလို ခံရတဲ့ လူတယောက်ပေါ့ ။

ဒါပေမယ့် ကျမမြင်တာတော့ ပီအေပီဟာ လူတယောက်ကို အလကားနေရင်းတော့ စွပ်စွဲချက်တင်လို့ မရပါဖူး ။ လူတယောက်ဟာ လုံးဝအပြစ်မဲ့နေတယ်ဆိုရင် သူတို့ ပြဿနာရှာစရာ တခုမှ မရှိဘူး ။ အဲ... တခုခု အမှားလုပ်ထားတာလေး အသေးအမွှား ရှိမယ်ဆိုရင်တော့ ၊ မီးခိုးကြွက်လျှောက် လိုက်တာပါပဲ ။ ဒီတော့ အဲလို ခံရသူတွေက အရင်တည်းက သူတို့မှာ မှားတာတော့ ရှိတာ အမှန်ပဲ ။......

ဆိုတာနဲ့ ပတ်သက်လို့ စင်္ကာပူမှာ အသရေဖျက်မှုနဲ့ တရားစွဲခံခဲ့ရသူတွေဟာ ဘယ်သူတွေလဲ။ သူတို့ကို ဘာကြောင့်စွဲသလဲ။ သူတို့ကို တရားဥပဒေအရ မျှမျှတတ ကာကွယ်ပိုင်ခွင့်ပေးခဲ့သလား။ တရားသူကြီးကရော ဘယ်လို ဆုံးဖြတ်သလဲ။ အဲဒီတရားသူကြီးတွေကို ခန့်အပ်ခြင်း၊ ပင်စင်အရွယ်ရောက်တဲ့အခါ နောက်ထပ် သက်တမ်းတိုးခြင်းတွေ ဘယ်သူက ချုပ်ကိုင်ပြီး၊ ဘာကြောင့်အဲသလို လုပ်သလဲ။ အဲဒီအမှုတွေအပေါ် နိုင်ငံတကာက ဥပဒေပညာရှင်များက ဘယ်လိုသုံးသပ်ပါသလဲ။ အဲဒါတွေကို လေ့လာပြီး၊ ဖတ်ပြီး ဒီအကြောင်းအရာအပေါ်မှာ ဆက်လက်ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ အခုအနေအထားမှာ “...သူတို့မှာ မှားတာတော့ ရှိတာအမှန်ဘဲ....” ဆိုပြီး အချက်အလက်မပါ ထင်ကြေးနဲ့ ပြောတာမျိုးကိုတော့ ကျနော့်အနေနဲ့ လက်ခံဆွေးနွေးသင့်တယ်လို့ မယူဆပါ။

လူတယောက်ကို အသရေဖျက်မှုနဲ့ တရားစွဲမယ်ဆိုရင် လုံလောက်တဲ့ သက်သေအထောက်အထားအပြင် အဲဒီလူကို ဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့် အပြည့်အ၀ပေးရမယ်။ လွတ်လပ်တဲ့ တရားစီရင်မှု ရှိရမယ်ဆိုတာ မဂျစ်တူးလည်း လက်ခံမယ်ထင်ပါတယ်။ အမှုသွား အမှုလာကို လေ့လာကြည့်စေချင်ပါတယ်။ စင်္ကာပူ မီဒီယာမဟုတ်တဲ့၊ သမာသမတ်ရှိတဲ့ လွတ်လပ်တဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက အဲသည် အသရေဖျက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဝေဖန်သလဲ အရင်လေ့လာကြည့်ဘို့ တိုက်တွန်းပါရစေ။ ဥပမာပြောရရင် Workers' Party ကို စတင်တည်ထောင်တဲ့ JBJ ဆိုတဲ့ လွှတ်တော်အမတ် ရှေ့နေဟာ “တန်လျင်ဟောင်းဟာ သူထွက်မသွားခင် ဒီရဲသတင်းပို့ချက်ကို သူ့ကို ပေးသွားပါတယ်” ဆိုတဲ့ စကားလေးတခွန်းပြောမိလို့ လီကွမ်းယူရဲ့ အသရေဖျက်မှုနဲ့ တရားစွဲချက်ကို ခံရတယ်ဆိုရင် အံ့သြမလားမသိဘူး။ လေ့လာကြည့်ပါ။ ဘယ်လောက် မတရားသလဲဆိုတာ ကိုယ်တိုင်လေ့လာကြည့်မှ သိပါလိမ့်မယ်။ နောက်ပြီး နိုင်ငံရေးအတိုက်အခံတွေကို မြန်မာပြည်မှာ မင်းကိုနိုင်တို့ကို ၅ည နဲ့ ဆွဲသလို ဒီမှာလဲ အိုင်အက်စ်အေနဲ့ ဆွဲထည့်တာတွေ အများကြီးရှိခဲ့ဘူးပါတယ်။ ဒီတော့ အမှားလုပ်လို့ အရေးယူတယ်ဆိုတာလောက်ဘဲ မှန်းခြေနဲ့ ပြောပြီး ဆွေးနွေးလို့မရပါဘူး။ ဘယ်လိုအမှားလဲ။ တိတိကျကျ ဆွေးနွေးကြရင် ပိုပြီး စိတ်ဝင်စားစရာကောင်းမယ်ထင်ပါတယ်။

နောက် ဒေါက်တာချီးကို စင်္ကာပူလူမျိုးတွေအများစုနဲ့ မြန်မာနိုင်ငံသားတွေ အဲဒီလို အမြင်မျိုး သက်ရောက်သွားတာ Mainstream Media တွေဖြစ်တဲ့ တူဒေး၊ စထရိတ်စ်တိုင်းမ် နဲ့ တီဗီ သတင်း တွေရဲ့ ပယောဂ မကင်းပါဘူး။ ကျနော်ကိုယ်တိုင်လည်း ရောက်ပြီး တနှစ်လောက်အထိ စင်္ကာပူရဲ့ မီဒီယာကို လွတ်လပ်တယ်ထင်ပြီး အဲသလို အမြင်မျိုးရှိခဲ့ဘူးပါတယ်။

အခုနောက်ပိုင်းမှာမှ အင်တာနက်ကတဆင့် အတိုက်အခံတွေရဲ့ အမြင်နဲ့ အယူအဆ၊ နောက်ပြီး ဖြစ်ရပ်မှန်တွေကို စေ့စေ့ငုငု သိလာခွင့်ရခဲ့တယ်။

စင်္ကာပူမှာ WP ကို လူတွေ ထောက်ခံတာမဆန်းပါဘူး။ ဒါပေမယ့် သတိပြုရမှာက အဲဒီပါတီက အမတ်နဲ့ အခြားအတိုက်အခံအမတ် ၂ ဦး လွှတ်တော်ထဲမှာ ရှိနေတာ ကြာပြီဖြစ်ပေမယ့် ဘယ်ကိစ္စကိုမှ အများအာရုံစိုက်လာအောင်၊ အစိုးရအပေါ်မှာ ဖိအားမပေးနိုင်ဘူး။

ဒေါက်တာချီးဟာ ပါလီမန်မှာ အမတ်နေရာမရပေမယ့် လူ့အခွင့်အရေး၊ ဂျီအက်စ်တီ၊ အင်န်ကေအက်ဖ်၊ စီပီအက်ဖ် စတဲ့ အရေးပါတဲ့ ကိစ္စတိုင်းမှာ လူထုကို သိလာအောင် နိုးကြားလာအောင် လှုံ့ဆော်နိုင်စွမ်းပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲ လုပ်ဘို့ သုံးနှစ်လောက်လိုသေးပေမယ့် အရင်လိုမဟုတ်။ စင်္ကာပူရဲ့ မီဒီယာတွေပေါ်မှာ လူအခွင့်အရေးနဲ့ ပတ်သက်လို့၊ ဂျီအာရ်စီနဲ့ ပတ်သက်လို့၊ တရားရေးနဲ့ ပတ်သက်လို့၊ ကိစ္စပေါင်းများစွာ လှုပ်လှုပ်ရှားရှားနဲ့ ဆွေးနွေးမှုတွေ ရှိလာတယ်။ အဲဒါတွေဟာ ဒေါက်တာချီးနဲ့ အက်စ်ဒီပီ ပါတီရဲ့ ကြိုးပမ်းမှုကြောင့်ဘဲလို့ တက်ကြွတဲ့ စင်္ကာပူက လှုပ်ရှားသူတွေက ဆိုကြတယ်။

ဒီတော့ အခုပြောခဲ့သမျှဟာ ကျနော့်သဘော၊ ကျနော့်အမြင်။ လက်ခံချင်မှ လက်ခံပါ။ လူအများစု လက်မခံလည်း အကြောင်းမဟုတ်သေး။ စနစ်တခုကို ပြောင်းလဲတာမျိုးမှာ မျက်စိတမှိတ်၊ လျှပ်တပြက်အတွင်း ၀ုန်းကနဲ၊ ပြောင်းလဲလို့ ရတာမျိုးမဟုတ်။ အစိုးရတရပ်ပြုတ်ကျသွားတိုင်းလဲ စနစ်တခုကို အစစ်အမှန်ကူးပြောင်းသွားတာမျိုးမဟုတ်။ အစပိုင်းမှာ လူတွေရဲ့ ထောက်ခံမှုအပြည့်အ၀ မရနိုင်တဲ့ အချိန်ကာလ အပိုင်းအခြား တခုကတော့ ရှိစမြဲပါဘဲ။ အဲဒါကလည်း (နှလုံးသွင်း လက်ခံရမယ့်) အရှိတရားပါ။

သို့သော် အချက်အလက်နှင့်တကွ အကျိုးသင့်အကြောင်းသင့်ပြောလာလျှင်တော့ မည်သူ့ကိုမဆို နားထောင်ဆွေးနွေးရန်အသင့်ရှိပါတယ်။ ယုံကြည်လောက်အောင် ပြောရင် အယူအဆ ပြောင်းတန်သင့်လည်း ပြောင်းတာပေါ့ဗျာ။

ဂျစ်တူး - gyit_tu said...

ကိုပေါ .. ခုလို ပြန်လည်ရှင်းပြထားတာ ကျေးဇူးပါ ။ ကျမတို့ လွတ်လပ်စွာ သဘောထားကွဲလွဲကြတာပေါ့း)

ငြိမ်းဝေ said...

ဆွေးနွေးခြင်းဖြင့် ပညာရှိမရှိကို သိနိုင်၏။
တိုင်ပင်ပြောဆိုခြင်းဖြင့် စင်ကြယ်ခြင်းကို သိနိုင်၏။

အဂုင်္တ္ထိုပါဠိတော် (ပထမတွဲ)

မောင်မျိုး said...

ဒေါ်လေးရေ့.... “ဒါငါ့နိုင်ငံပဲ၊ ဒါငါ့အလံပေါ့၊ ဒါငါ့ရဲ့အနာဂတ်၊ ဒါငါ့ဘ၀၊ ဒါငါ့မိသားစု၊ ဒါငါ့မိတ်ဆွေတွေ၊ ငါတို့မြန်မာနိုင်ငံ၊ ငါတို့မြန်မာနိုင်ငံသားတွေ” လို့  ကျနော်လည်း အော်ပြီး အသံတွေ ကွဲထွက်သွားအောင်ဆိုပစ်လိုက်ချင်တယ် အခုတော့လားး...သူများမေးရင် အဲ့လိုနေ့ လား ရှိတော့ရှိတယ်လို့ ပဲပြောမတော့တယ် ။ဒီမှာလိုပဲ ထိုင်းဘုရင်မွေးနေ့ ဆို ပြည်သူတွေက အလေးထားကြ ကန်တော့ကြတာ လေးစားစရာ ကျနော်တို့ လည်း အဲ့လို လူစိတ်ရှိတဲ့ ခေါင်းဆောင်ရှိကြည့်ပါလား တစ်ညကို အခါတစ်ရာလောက်ရှစ်ခိုးမယ် အခုတော့လားးးးးးးးးး :(

TZA said...

အင်း.. တော်သေးလို့ ကျနော်တို့တတွေ မြန်မာ့အရေးမှာ မကွဲလွဲကြ(သေး)တာ၊ ဟူး။

စင်္ကာပူကိုကျနော် တောအုပ်အဖြစ်ပဲ ကြည့်ပါတယ်၊ သစ်ပင်တိုင်းကို လိုက်မကြည့်နိုင်ပါဘူး။ ကိုပေါက အပင်တွေ၊ အရွက်တွေ၊ ကိုင်းတွေခက်တွေ အားလုံးလိုက်ကြည့်နေတယ် ထင်ပါတယ်။

နောက်ပြီး ကိုပေါဒီလောက်ထိ စိတ်တိုင်းမကျဖြစ်နေတာ ဘာလို့စင်္ကာပူမှာနေနေသလဲ ဆိုတာကို ပါစင်နယ်မေးခွန်းလို့ မယူဆသင့်ပဲ ဒီငြင်းခုန်မှုရဲ့ အဓိကသော့ချက်ဖြစ်တဲ့အတွက် ဖြေရှင်းသင့်တယ်ထင်ပါတယ် (ခပ်တည်တည် တရားသူကြီးဝင်လုပ်တာ၊ ရိုက်ပေါက်ပဲ)။ တခါတလေ ဆန့်ကျင်ဖို့အတွက်နဲ့ပဲ ဆန့်ကျင်နေသလားလို့ ခံစားရတယ်။ နောက်ပြီး ဒီမိုကရေစီဆိုတာ အများစုသဘောကို အနည်းစုက လိုက်လျောပေးရတာလို့ မှတ်သားဖူးပါတယ်။

Ko Paw said...

ကိုတီဇက်အေ…

ဒီမိုကရေစီဆိုတာ အများဆန္ဒနဲ့ အုပ်ချုပ်တဲ့ စနစ်ဆိုတာ လက်ခံပါတယ်။

သို့သော် အနည်းစုရဲ့ အခွင့်အရေးကိုလည်း အများစုနည်းတူ တန်းတူရည်တူဘဲ ပေးရပါတယ်။ အနည်းစုမို့လို့ သူရဲ့ ရပိုင်ခွင့်တွေကို ချိုးပေါက်တာမျိုး၊ ထိပါးတာမျိုး မဖြစ်ရပါ။ အဲဒီအတွက် အခြေခံဥပဒေမှာကို အားလုံးဟာ တန်းတူညီမျှ အခွင့်အရေးကို ရရှိရမယ်လို့ဆိုပါတယ်။

အနည်းစုဟာ သူ့အယူအဆကို လွတ်လပ်စွာ ဆွေးနွေးငြင်းခုံပိုင်ခွင့်ရှိပါတယ်။ ပန်ဒိုရာဘလော့ဂ်က ဘေးကော်လံမှာ တင်ထားတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ဖတ်ကြည့်ပါ။ အဲဒါကိုက ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ လူအများက အယူအဆ တခုကို လက်ခံလို့ လူနည်းစုကို အတင်းအကြပ်လက်ခံစေလျှင် အဲဒါ ဒီမိုကရေစီ စနစ်မဟုတ်ပါ။

အဲဒီ အခြေခံသဘောတရားကို လက်ခံယုံကြည်မှု မရှိသူတွေဟာ အများနောက်ကိုဘဲ ယုံယုံ မယုံယုံ ထောက်ခံပြောဆိုတတ်ပါတယ်။ ကိုယ်မယုံတောင်မှ အများ အပြစ်ပြောခံရမှာ၊ အဝေဖန်ခံရမှာကို ကြောက်ပြီး နှုတ်ဆိတ်နေတတ်ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ထွန်းကားစေလိုရင် အဲသည် စိတ်ဓါတ်မျိုးတွေကို ကြိုးစားပြုပြင်ရပါလိမ့်မယ်။ အာဏာရှင်စနစ်နဲ့ ဆက်သွားမယ်ဆိုရင်တော့ ပြင်ဘို့ မလိုအပ်ပါဘူး။

အဲသည်လို အနည်းစုရဲ့ အခွင့်အရေး၊ အခြေခံလူအခွင့်အရေးတွေ စင်္ကာပူရဲ့ အခြေခံဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပါလျက်၊ သူတို့ရဲ့ အမျိုးသား သစ္စာအဓိဋ္ဌာန်မှာ အစဉ်အမြဲ ရွက်ဆိုနေပါလျက် စင်္ကာပူအစိုးရက လိုက်နာခြင်းမရှိပါ။ ဥပမာ အတိုက်အခံနယ်မြေက နိုင်ငံသားတွေကို ခွဲခြားဆက်ဆံတာမျိုး။ အိုးအိမ်တွေ Upgrade လုပ်မပေးဘူး။ အဆင်ပြေအောင် စီမံမပေးဘူး။ တကယ်တော့ အဲဒီ အတိုက်အခံ နယ်မြေက နိုင်ငံသားတွေဟာလည်း နိုင်ငံသားတွေပါဘဲ။ ၀င်ငွေခွန်ကို သူများနည်းတူ ပေးဆောင်နေရတဲ့ သူတွေပါဘဲ။ အဲသည်လို လူနည်းစုရဲ့ ရပိုင်ခွင့်ကို အလေးမထားတာဟာ ဒီမိုကရေစီစနစ်မဟုတ်ပါ။

နိုင်ငံတခုအတွက် အရေးအပါဆုံ အဲသည်အခြေခံအချက်ကို သစ်ကိုင်းအခက်အလက်၊ အရွက်ရယ်လို့ ပမာပြုလိုက်တာကတော့ အံ့သြရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူးဗျိုး။

ကိုယ်ရေးကိုယ်တာ မေးခွန်းကတော့ မဖြေနိုင်ပါဘူး ကောင်လေးရယ်။ ၀မ်းနည်းပါတယ်။ သိချင်ရင် ဘီယာလိုက်တိုက်။ မူးရင် ဖြေကောင်းဖြေမယ်ကွယ်။ တခုတော့ အသေအချာ အသိပေးလိုက်မယ်။ ကျနော်ဟာ စင်္ကာပူနိုင်ငံသား ခံယူထားသူမဟုတ်ပါ။ မြန်မာနိုင်ငံသားစစ်စစ်ပါ။ ဘဘဦးသန်းရွှေတို့နဲ့ တမြေတည်းနေ တရေတည်းသောက်ဘ၀မှာဘဲ ရှိနေပါတယ်။ (တော်ကြာ တောင်တွေးမြောက်တွေးနဲ့ ယုံထင်ကြောင်ထင် ဖြစ်နေမှာ စိုးလို့ပါ။)

ဥပမာတခုလည်း ပေးလိုက်ပါဦးမယ်။ ပြဿနာတခုကို ရှောင်ပြေးခြင်းနဲ့ ဖြေရှင်းတတ်တာ ကျနော့် ၀ါသနာ မဟုတ်ပါ။ သဲကန္တာရထဲမှာရှိတဲ့ ငှက်ကုလားအုတ်တွေဟာ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ သဲထဲမှာ ဦးခေါင်းကို ထိုးဝှက်တတ်သတဲ့။ သဘောက သူက ရန်သူကို မမြင်ရရင် ရန်သူကလည်း သူ့ကို မမြင်တော့ဘူးလို့ ယူဆတဲ့သဘောပေါ့။ ကျနော်က ငှက်ကုလားအုတ်လို အပြေးမသန်ဘူးခင်ဗျ။ တတ်နိုင်ရင်တော့ ငှက်ကုလားအုတ်အတောင်ကို ဦးထုတ်မှာ အမြတ်တနိုး စိုက်ချင်တဲ့ လူမျိုးပါ…ကျေနပ်တော့နော်။

(ဆန့်ကျင်ခြင်းအတွက် ဆန့်ကျင်ခြင်း….(တနည်း) ဆန့်ကျင်ခြင်းဖော် ဆန့်ကျင်ခြင်းဆိတ်ခ် (တနည်း) ဆန့်ကျင်ခြင်း၏ အနုပညာ…. (တနည်း) ဆန့်ကျင်သူတယောက်၏ ဖွင့်ဟ၀န်ခံချက်…(တနည်း) ဆန့်ကျင်လောက၏ စိန်ခေါ်သံ….။ စကားလုံးလေးတွေ လှတယ်နော်)

HLK said...

I have been living in Singapore for about 6 years. Throughout this period, I have many questions whose answers remain unknown on how Singapore should fit into our future plans. Now that I am glad I found the answers to those questions in Ko Paw's comments.

Thanks to all who put time and efforts into this discussion.

P.S. It puzzles me why some bloggers keep asking about why Ko Paw still remains in Singapore because I think migration to another land will take years of planning ahead, especially so as this is not the very first-time migration from our motherland during which we knew not much about the world and which we had fewer options to go to.

တေးမွန် (ah nai) said...

အကိုတို့  အမတို့ .

ဒီနေ့ ဟာ အကျွန်တို့ ရဲ့ ၈၈၈၈ ရဲ့ ၂၀ ပြည့်နေ့ လေ
စင်္ကာပူဆိုတာ မြန်မာနိုင်ငံမှ မဟုတ်ပဲ ကွယ်ရို့ 
ဒီနေ့ မှာ စကာင်္ပူအမျိုးသားနေ့ အကြောင်းကို ခဏလောက် ဘေးဖယ်ထာလိုက်ကြရအောင်...
နောက်ရက်မှ ဆက်ဆွေးနွေးလို့ ရပါတယ်လေ။

(အကြံပြုခြင်းသာ ဖြစ်ပါကြောင်း) :D ....

တေးမွန်

Anonymous said...

Hello All,

Thanks for all of your comments.

For my personal option,

1 - Singapore is not a good place to stay.
It's only place for work and money.

2- Most of us are left from our country to others country as a refugee. Some of us only left from our country to work and study in other country.
Anyway, all of us have a wish or plan to come back our country.

In Singapore , Young Singaporeans are left from their country especially Educated peoples. Why educated peoples are left from their country? And also do they have a plan or wish to come back their county? Why?

3- I have a lot of Singaporeans friends and I ask them about NDP (National day’s party). No one interest at all and they replied “it is waste of money “ . Why?
For me, I thought their NDP is as like as our “Army Force day”

4- There are no Human Rights in Singapore. Even as Singaporean, they do not get a “Citizen Right”



Regards,
SN

PS. - I remember “Tay Za Lu Nge “ when I see some Singaporean .

Anonymous said...

ကိုပေါကို မေးနေ ပြောနေတာတွေကို ဖတ်ရပါတယ်။ မြန်မာဆန်လိုက်တဲ့ မြန်မာများရဲ့မေးခွန်းတွေပါ။ စင်္ကာပူအစိုးရကို ကိုပေါကအကောင်းမပြောဘူး။ ဒါပေမယ့် ဘာလို့ဒီမှာအိမ်ဝယ်လဲ။ ဒီမှာမိသားစုနဲ့နေလဲ။ (ကားဝယ်ထားရင်လဲ မေးဦးမယ်နဲ့တူတယ်) မြန်မာပြည်မှာ နေထိုင်သူ၊ ကိုယ်ပိုင်အိမ်ဝယ်နေသူတွေကရော တကယ်မြန်မာအစိုးရကို . . . .။

TZA said...

ဟေဟေ့.. ကိုယ့်ဘလော့ဂ်မှာ ရေးရတာအားမရလို့ သူများဆီမှာလာရေးတာ၊ ပန်ပန်ရေ၊ သည်းခံဗျို့။
--
ဒီလိုဗျ၊ ကိုပေါတို့ ကျနော်တို့လို စင်္ကာပူမှာ လုပ်ကိုင်စားသောက်နေကြတဲ့ မြန်မာတွေနဲ့ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းမှာပဲ လုပ်ကိုင်စားသောက်နေတဲ့ မြန်မာတွေနဲ့ နှိုင်းယှဉ်ပြောလို့ မရဘူး။ အောက်မှာရှင်းမယ်။

အကြောင်းကတော့ ရွေးချယ်ပိုင်ခွင့် ဆိုတဲ့ အရာကြီး ပြည်ပရောက်နေတဲ့ ကျနော်တို့အားလုံးမှာ ရှိခဲ့ကြတယ်၊ အထူးသဖြင့် စင်္ကာပူလိုနေရာမှာ လုပ်ကိုင်စားသောက်နေတဲ့ လူတွေအတွက် ရွေးချယ်ခွင့်ဆိုတာ ဒီမှာကွ ဆိုပြီး ဖြန့်ပြလို့ရအောင် လက်ထဲမှာကို ရှိနေကြတယ်၊ ထိုင်း၊ မလေးရှား စတဲ့ အာဆီယံနိုင်ငံတွေကို ဖုန်းဒိုင်းဆိုပြီး ကောက်သွားလို့ရတယ်၊ အပြီးပြောင်းသွားလို့ လုံးဝ ရတယ်၊ အထူးသဖြင့် ကော်လံဖြူလုပ်သားတွေပါ။

စကားမစပ်၊ ရွေးချယ်ခွင့်လုံးဝမရှိပဲ ပြည်တွင်းမှာလည်း မနေချင်ရင် ကျနော်တို့ အခု ရုရှပြည်ကြီးကို ရောက်ကောင်း ရောက်နေကြမယ်။ ဒါက ရွေးချယ်ခွင့်ကို မြင်သာအောင် ပြောတာ၊ ရုရှသည် ရွေးချယ်ခွင့်တခုဆိုပေမယ့် ဒီခေတ်ကြီးမှာ အဲသလို ရွေးချယ်ခွင့်ကို လိုလိုချင်ချင်ရွေးပြီး သွားတဲ့သူ အင်မတန်ရှားမယ်လို့ ကျနော်ယုံတယ်။ အဲဒီလမ်းကိုလည်း မရွေးချင်ဘူးဆိုရင် မြန်မာပြည်ထဲမှာပဲ နေကြရမယ်ဟုတ်ဖူးလား။ ရုရှသွားရင် အနည်းဆုံး အမြင်ကျယ်တာပေါ့၊ ဘဝနဲ့ရင်းပြီး ခြစားနေတဲ့ ယန္တရားကြီးကို ပြုပြင်ပစ်မယ်ပေါ့၊ ထားပါတော့၊ ပြောချင်တာက ဒါတွေဟာ ဦးစားပေးချင်းမတူတဲ့ ရွေးချယ်ခွင့်တွေပဲ။ "မြန်မာပြည်ထဲကလူတွေရော၊ သူတို့နေချင်လို့ နေနေတာလား" ဆိုတဲ့မေးခွန်းရဲ့ အဖြေက "မဟုတ်ဘူး၊ သူတို့မှာ ရွေးချယ်ခွင့် မရှိလို့"၊ ရှင်းရှင်းလေး။

ဘာဖြစ်လို့ စင်္ကာပူကိုရွေးချယ်ခဲ့သလဲ၊ ဒီရောက်နေတဲ့လူတိုင်းမှာ တခြားလူကို ပြောပြနိုင်တဲ့ (အပေါ်ယံပဲဖြစ်ဖြစ်) အဖြေ ရှိကိုရှိတယ်၊ ရှိကိုရှိနေရမယ်၊ ရှိကိုရှိနေသင့်တယ်။ အဲဒါဟာ ကိုယ်ရေးကိုယ်တာကွ ဆိုတဲ့အဖြေနဲ့ ပိတ်လိုက်လို့ရတဲ့မေးခွန်းမျိုး မဟုတ်ဘူး။ ဘယ်တုန်းက လာတာလဲ၊ ဘာအလုပ် လုပ်တာလဲ၊ ဝင်ငွေဘယ်လောက်ရသလဲ၊ အစရှိတဲ့ မေးခွန်းမျိုးက ကိုယ်ရေးကိုယ်တာ၊ မမေးသင့်သလို ဖြေစရာလည်း မလိုဘူး။

ဥပမာ ကျနော် ဒီကိုလာတာက ဒီမှာ ပညာသင်ချင်လို့၊ ဒီမှာအလုပ်လုပ်ချင်လို့၊ ဩော်၊ ပိုက်ဆံရှိရင် အိမ်ဝယ်မှာပေါ့၊ ရှင်းနေတာပဲ၊ ဒီလိုအဖြေကို ကျနော်ပြန်ဖြေဖို့ ဝန်မလေးပါဘူး။ ကိုပေါ ဘာကြောင့် ဒီလောက်လွယ်တဲ့မေးခွန်းကို မဖြေချင်သလဲ ဆိုတော့ကာ စင်္ကာပူရဲ့ ကောင်းကွက်ကို လုံးဝ မဟချင်လို့ပဲ၊ ဒါ ကိုပေါရဲ့ အရှိုက်ပဲ၊ ဒါ ကျနော့ယူဆချက်ပါ၊ မှားရင်ပြန်ဖြေရှင်းပါ။ ဒီမှာဖိမေးနေကြတယ် ဆိုတာကလည်း အဲဒါကိုအသည်းယားလို့ မေးနေကြတယ် ထင်တာပဲ၊ စပ်စုချင်လို့ မဟုတ်ဘူး။ ကိုပေါဘာကိစ္စနဲ့ ဘယ်မှာနေနေ ဘယ်သူ့အပူမှမဟုတ်ဘူး၊ မေးဖြစ်စေတဲ့ အကြောင်းရင်းက ကိုပေါဟာ ဒီနိုင်ငံမှာ မိသားစုနဲ့ နေထိုင်နေပါလျက်နဲ့ ဒီနိုင်ငံလေးရဲ့ မကောင်းတဲ့အကွက်တွေပဲ ဖိပြောနေလို့ပဲ၊ ဒါကြောင့် မေးခွန်းထုတ်ကြတာ သဘာဝကျပြီး၊ မဖြေတာ သဘာဝမကျဘူး။ ဒါက မြန်မာဆန်မဆန်နဲ့ လုံးဝမဆိုင်ဘူး၊ ဒါက လောဂျစ်အရ ထုတ်ရတဲ့မေးခွန်း။

ကျနော်ဟာ ကိုပေါရဲ့ တောင်းဆိုမှုတွေ၊ လှုပ်ရှားမှုတွေကို မထောက်ခံချင်လို့၊ အားမပေးချင်လို့ ဒါတွေရေးနေတာ လုံးဝ လုံးဝ လုံးဝ မဟုတ်ဘူး၊ စင်္ကာပူမှာ နေနေသူချင်းအတူတူ သူ့လိုတက်ကြွတဲ့ လူတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် တစုံတရာ အကျိုးကျေးဇူးခံစားရမယ်ဆိုရင် သူ့လိုပဲ မြန်မာနိုင်ငံသားဖြစ်တဲ့ ကျနော်လည်း ခံစားခွင့်ရမှာပဲ၊ စိတ်ထဲမှာ ကျိတ်ပြီးတောင် ဝမ်းသာသေးတယ်၊ ဒါပေမဲ့...

ကျနော်အူယားရခြင်းအကြောင်းရင်းက တဖက်စောင်းနင်းဖြစ်နေတတ်တဲ့ ကိုပေါရဲ့ ဝေဖန်ချက်ကိုပါ၊ နိုင်ငံတနိုင်ငံကို ဝေဖန်မယ်ဆိုရင် သူ့ကောင်းကွက်ကို လုံးဝမဟရဘူးလို့ ဘာလို့ကိုယ့်ကိုကိုယ် ဘောင်ခတ်ထားသလဲ၊ ဘာဖြစ်လို့ ဒီနိုင်ငံမှာ လုပ်ကိုင်စားသောက်နေရခြင်း အကြောင်းရင်းလေးကိုတောင် နှုတ်က မဟချင်ရအောင် နာကြဉ်းနေသလဲ။ ဒီကျွန်းလေးဆီက ဘာဆိုဘာမှ မရလိုက်ဘူးလား၊ ပညာသင်ပေးတဲ့ မြန်မာပြည်ကို ကျေးဇူးတင်သင့်သလို ကိုပေါရဲ့လုပ်အားကို အသိအမှတ်ပြု ဝယ်ယူနေတဲ့ ဒီကျွန်းလေးကိုရော (ပါးပါးလေးဖြစ်ဖြစ်) ကျေးဇူး မတင်သင့်ဘူးလား၊ ဘာဖြစ်လို့ ကိုယ့်အတွင်းစိတ်ကို ဘောင်ခတ်ထားသလဲ။

ကျနော့်လိုလူတောင် ဒီလိုဖြစ်နေတာ၊ ရန်ကုန်မှာ ပွဲစားခအတွက် ရှာကြံပေါင်နှံပြီး စင်္ကာပူမှ စင်္ကာပူဖြစ်နေတဲ့ မြန်မာတွေ ကိုပေါရဲ့ ဝေဖန်ချက်ကိုဖတ်ပြီး ဘယ်လိုခံစားရမလဲ၊ သူတို့တတွေ ယိုးဒယားပဲ သွားသင့်သလား၊ အင်ဒိုနီးရှားပဲ သွားရမလား၊ စင်္ကာပူလို ပညာတတ်မှန်ရင် အခွင့်အရေးရှိတဲ့၊ အလုပ်သာရှိရင် နေထိုင်ခွင့်လည်း အလွယ်တကူ ရနိုင်တဲ့၊ ရတဲ့လခကလည်း ဒိပြင်သွားနိုင်တဲ့ နေရာတွေထက် ပိုရနိုင်တဲ့ နေရာမျိုးကို အာဏာရပါတီရဲ့ ဒီလိုဒီလိုဒီလိုဒီလိုဒီလို လုပ်ရပ်တွေကြောင့် မလာကြပါနဲ့လို့ တားရမယ့်ပုံဖြစ်နေတယ်။
--
ဒီမှာ စာဖတ်သူတွေရှုထောင့်ကို ပြန်ရေးပါမယ်၊ စင်္ကာပူကိစ္စပြောလိုက်တိုင်း မြန်မာနဲ့ယှဉ်ကြတော့ ဒီလိုမေးခွန်းမျိုး ထွက်လာနိုင်ပြန်ရော..

"မင်းတို့ဒီမိုသမားတွေ၊ မြန်မာပြည်ကျတော့ ဘာလို့ တဖက်စောင်းနင်း ရေးနေကြသလဲ၊ ကောင်းကွက်တွေလည်း ရေးကြပါလား.. blah.. blah.."

မတူပါဘူးခင်မျ၊ ဘာဖြစ်ဖြစ် ကောက်ယှဉ်လို့ မရဘူးခင်မျ၊ မြန်မာ ပြည်သူပြည်သားတွေ လူတိုင်းစေ့မဟုတ်တောင် လူများစု ဝမ်းရေးအတွက် မကြောင့်မကြ နေကြရတဲ့တနေ့ ရောက်တော့မှ ဒီအချက်ကို ဒီအတိုင်း ယှဉ်ချင်ယှဉ်ကြပါ၊ အဆိုးမြင်ဝါဒီတို့ ဘာတို့ညာတို့ နာမည်တပ်ကြပါ၊ အခုလက်ရှိ မြန်မာပြည်လို မကောင်းတာတွေက ကောင်းတာတွေထက် အင်မတိအင်မတန် များနေတဲ့ အခြေအနေမှာ ကောင်းတာတွေကို ရှာကြံပြီး ချီးမွမ်းနေဖို့ မသင့်တဲ့အတွက် မကောင်းတာပဲ ဖိရေးကြတာ မဆန်းဘူးခင်မျ။
--
တွေးမိတယ်။

အကယ်၍သာ အလုပ်လက်မဲ့များအဖွဲ့အစည်း ကနေ (ဥပမာပြောတာ) ကိုပေါကို နိုင်ငံခြားသားမှန်းမသိပဲ ပီအေပီကို နိုင်ငံခြားသားအလျှံပယ်ခေါ်သွင်းတဲ့ကိစ္စနဲ့ လမ်းပေါ်ထွက်ဆန္ဒပြဖို့ ခေါ်ခဲ့ရင် ကိုပေါ ဘယ်လိုငြင်းမလဲ။

shin said...

ကျနော်အူယားရခြင်းအကြောင်းရင်းက တဖက်စောင်းနင်းဖြစ်နေတတ်တဲ့ ကိုပေါရဲ့ ဝေဖန်ချက်ကိုပါ၊ I also feel the same way! Nothing is perfect. I feel that KO paw point out too many bad things about Singapore and not a single good thing.

As long as we are happy with our current situation, that will be enough. When we are in the discussion, other than bad thing, we should point out some good thing too. For example like the country like Bhutan, even though it is one of the most isolated and least developed nations in the world, the people staying inside there are very happy.

I understand KO paw want all of us to know more about Singapore. But it'll good if he can tell us some good things about Singapore other than bad things.

Anonymous said...

STOP STOP STOP

pls stop arguing, but all we now that sg is really better than among asean because of their hard working on development. Also like or dislike has on all ppl not only s'porean. I asking before american, he also ownself has confusion. Senior Lee also worry about his ppl and comment before immigrant affair for his ppl. My opnion is don't talk on good or bad also concentarte on what we can do on better way round. Argument be never end.

Ko Paw said...

ကိုတီဇက်အေလေးရယ်....

ပါစင်နယ်တွေ မေးလှချေလားကွယ်.....သိချင်ရင် ဘီယာလိုက်တိုက်ပါဆိုနေမှ။ မူးရင်တော့ ဖြေကောင်းဖြေမယ်ကွယ်။း-)

ကိုတက်ဇက်အေပြောတဲ့အထဲမှာ....

မြန်မာပြည်ထဲကလူတွေရော၊ သူတို့နေချင်လို့ နေနေတာလား" ဆိုတဲ့မေးခွန်းရဲ့ အဖြေက "မဟုတ်ဘူး၊ သူတို့မှာ ရွေးချယ်ခွင့် မရှိလို့"၊ ရှင်းရှင်းလေး။

ဆိုတာလေးနဲ့ ပတ်သက်လို့...

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးချယ်ခွင့်မရှိလို့ မြန်မာပြည်မှာ နေနေတာလားဟယ်။ (ကိုယ့်ကိုယ်ကို အန်တီစုနဲ့ နှိုင်းတယ်လို့တော့ မထင်ပါနဲ့ကွယ်။ ကျနော် ချေးစိမ်းပန်းကုန်ပါဦးမယ်ဟယ်။ သဘောကို ပြောပြတာပါ။)

ဒေါ်အောင်ဆန်းစုကြည်လိုဘဲ လွတ်လပ်တဲ့ နိုင်ငံကြီးတွေမှာ အလွယ်တကူ သွားရောက်နေထိုင်ခွင့်ရှိပါလျက် မြန်မာပြည်မှာဘဲ ဆင်းဆင်းရဲရဲနဲ့ အဖိနှိပ်ခံမှုကို အံတုပြီး ဆက်လက်နေထိုင်ဘို့ ရွေးချယ်ထားတဲ့ သူတွေ ကျနော့်အသိမိတ်ဆွေတွေ ထဲမှာကို တပုံတပင်ကြီး ရှိပါတယ်။

နောက်ပြီး ဒီကွန်မင့်ကို အစပြုလာခြင်းဟာ စင်္ကာပူနိုင်ငံသားတွေအနေနဲ့ (SPH စစ်တမ်းအရ) လူငယ်တွေရဲ့ ၅၃ % က စင်္ကာပူကနေ အပြီးတိုင် ထွက်သွားချင်တယ်။ ၇၅%လောက်က မျိုးချစ်စိတ်ဆိုတာကို အယုံအကြည်မရှိဘူး ဆိုတဲ့ အစိုးရသတင်းစာ စစ်တမ်းတွေအပေါ်မှာ မူတည်ပြီး ငြင်းလာကြတာ...မဟုတ်လား။

ကျနော့်ဘက်က စင်္ကာပူရဲ့ ကောင်းခြင်းငါးဖြာတွေကို မှန်ဘီလူးနဲ့ ရှာဖွေတင်ပြပေးမယ်လို့ ဘယ်တုန်းအခါကမှ ကတိက၀တ်မပေးခဲ့ရပါလားဗျာ။ ဒီတော့ စင်္ကာပူကောင်းတယ်ဆိုတာ ကျနော်ဘက်က တင်ပြရန် တာဝန်မရှိ။ ကိုတက်ဇက်အေတို့ ကောင်းတယ်ထင်ရင် လူတွေကို လွတ်လွတ်လပ်လပ် တင်ပြနိုင်ပါတယ်။ ကျနော် ချုပ်ခြယ်မထားပါဘူးဗျာ...။ ကျွန်တော့်မှာ စင်္ကာပူအစိုးရလို မီဒီယာနဲ့ တကွသော အင်တာနက်ကို ကွန်ထရိုးလုပ်ချင်တဲ့ ဆန္ဒမရှိပါဘူးဗျာ။ ယုံပါ။ ဘုရားစူး၊ မိုးကြိုးပွတ်။

ကဲ...ဒီတော့၊ ကျနော့် ပါစင်နယ်ကို သိချင်ရင် ကျနော့်ကို ဘီယာလိုက်တိုက်ဘို့ အဆင့်သင့်ဖြစ်ပြီလား။ စဉ်းစားထားလိုက်ပါကွယ်။ (လူချင်းခင်မင်မှုနဲ့) မူးရင် ပြောကောင်းပြောမယ်ကွယ်....ညှင်းညှင်းညှင်း။

pandora said...

တကယ်ကတော့ အခုလိုဆွေးနွေးနေကြတာ ကောင်းပါတယ် ဒီမိုကရေစီကျကျ ဖြစ်တာပေါ့ ဘာညာနဲ့ နှမ်းလေးဖြူးရုံ ပြောမလို့ပါပဲ။ ကိုပေါက ဘလော့ပိုင်ရှင်ထက် ဦးအောင် ဒီလိုပြောလိုက်လို့ ကိုယ့်မှာပြောစရာ မကျန်တော့တာက တစ်ကြောင်း၊ အစဖော်မိသူက အဆုံးသတ်ပေးရမယ်လို့ သူငယ်ချင်းများက ပန်ဒိုရာ အလွန်ကြောက်တဲ့ စကားလုံးကြီးဖြစ်တဲ့ တာဝန် ဆိုတာကြီးနဲ့ ခြိမ်းခြောက် ကိုင်ပေါက်လာတာက တစ်ကြောင်းကြောင့် ဒီစာကိုရေးလိုက်ပါတယ်။

ဒီတော့ ဘယ်က စရမလဲ။ လူရွှင်တော်တွေ ပြက်လုံးထုတ်နေတာကို အငြိမ့်မင်းသမီးက ၀င်လာတဲ့လေသံနဲ့… အို.. တော်ကြပါတော့ အစ်ကိုတို့ရယ်.. ဒီလိုဝင်ရမလား။ ဟဲဟဲ ။

ဆွေးနွေးမှုစတာကတော့ ပို့စ်ထဲမှာ သာသည့်မြေဆိုတာ ပါတဲ့အတွက်ကြောင့်ပါ။ စင်္ကာပူဟာ သာသည့်မြေမဟုတ်ဘူး။ ဒီအချက် ဒီအချက်တွေကြောင့် ခွာသည့်မြေ လား စဉ်းစားစရာ ဖြစ်တယ်လို့ ကိုပေါက argue လုပ်ပါတယ်။ ဒီနိုင်ငံရဲ့ အားနည်းချက် ဒါမှမဟုတ် ဆိုးတဲ့အချက်တွေ (အဓိကကတော့ အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲပုံနှင့် ပိုဆိုင်တဲ့ အချက်တွေ) ကို ကိုပေါက ထောက်ပြနေတဲ့အတွက် လူအများက ကောင်းတဲ့အချက် မရှိတော့ဘူးလား၊ ဒါဆို ဘာလို့ ဒီမှာ နေနေလဲ လို့ မေးကြပါတယ်။

ကိုပေါ ထောက်ပြထားတဲ့ အချက်အလက်တွေဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။ တကယ် ဖြစ်ပျက်နေတာ တွေပါ။ ဒါဆိုရင် ဒီမြေဟာ မနေသင့်တော့တဲ့ မြေလား။ ဘာကြောင့် မြန်မာ ၂ သိန်းကျော်လောက် ဒီကျွန်းလေးမှာ လာနေကြသလဲ။ နောက်ထပ်လည်း မြန်မာပြည်က လူထုလူတန်းစား အလွှာအသီးသီး ၀င်လာမစဲ တသဲသဲ ရှိနေကြရတာလဲ။ ရောက်ပြီးတဲ့ မြန်မာ အများစု (အများစုဟုသာ ပြောသည်) ကလည်း ဘာကြောင့် ဆက်နေဖြစ်ကြတာလဲ။

သာမန်လူ တစ်ယောက်ရဲ့ ရိုးရိုးအမြင်နဲ့ ပြောရရင် ပြည်ပကို ဘာလို့ထွက်လာသလဲ ဆိုတာ အောက်က အကြောင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ (ဒီ့ထက်မက အကြောင်းတွေလည်း ရှိနိုင်ပါသေးတယ်)

၁) မြန်မာပြည်မှာ လုပ်ကိုင်ရှာဖွေ စားသောက်ရတာ ခက်ခဲလို့။ ဒီမှာအလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့ချင်လို့။
၂) ကျောင်းဆက်တက်ချင်လို့။
၃) ကိုယ့်ပညာနဲ့ လိုက်ဖက်တဲ့ အလုပ်ကို ဒီမှာပဲ ရနိုင်လို့။
၎) မြန်မာပြည်မှာ နေနိုင်စားနိုင်သော်လည်း ပိုပြီး ကြီးပွားတိုးတက်မှုကို လိုချင်လို့။
၅) ကလေးတွေ ရှေ့ရေးအတွက် ပညာရေးက ဒီမှာပိုကောင်းမယ်လို့ ယူဆလို့ ။

နောက်တဆင့်ကျတော့ ဘာကြောင့် တခြားကို မသွားပဲ စင်္ကာပူကိုမှ လာကြသလဲ ဒါမှမဟုတ် တခြားကို ထပ်မပြောင်းပဲ စင်္ကာပူမှာမှ နေနေကြသလဲ ဆိုတာ မေးစရာ ဖြစ်လာပါတယ်။

၁) မြန်မာပြည်နဲ့ သွားရလာရ ဆက်သွယ်ရတာ လွယ်လို့။
၂) ကိုယ့်မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးအများစုက ဒီမှာရှိလို့။
၃) (တချို့ အခြားနိုင်ငံများက ပိုသာတယ်ဟု ယူဆတယ်ဆိုရင်) ပိုကောင်းသော နိုင်ငံကို သွားဖို့ အရည်အချင်းမမီလို့။ အဆက်အသွယ်မရလို့။
၎) ထပ်ပြောင်းရမှာအတွက် အခြေကို အစကနေ ပြန်မစချင်လို့။ စွန့်စားမှု မယူချင်တော့လို့။
၅) နောက်တနေရာကို ဆက်ကူးသွားဖို့ စောင့်နေတဲ့ ကြားကာလမို့လို့။

လာတဲ့အခါမှာတော့ လာခွင့်ရဖို့အတွက် အစွယ်ရှိသူကလည်း အစွယ်အားကိုး ဦးချို ရှိသူကလည်း ဦးချိုအားကိုး ဆိုသလို မိမိတို့ ငွေကြေးဖြစ်စေ ပညာဖြစ်စေ အစွမ်း ရှိသလောက် ထုတ်သုံးပြီး လာခဲ့ကြမှာပါပဲ။

ကိုပေါလည်းလေ လောကီသားပေမို့ အထက်က အချက်တွေထဲက တချက်မဟုတ် တချက်နဲ့တော့ ကိုက်ညီနေမှာပေါ့။ ဆက်တွေးရရင် အဲသည်လို သာမန်အကြောင်းတွေ အပြင် အထူးတလည် အကြောင်းတွေလည်း ရှိနေနိုင်ပါတယ်။

၁) ပြန်ရင် မြန်မာပြည်မှာ အကြွေးတွေ ဆပ်စရာရှိလို့။
၂) ဘာကြောင့်ဖြစ်ဖြစ် ဒီမှာပဲ နေရမယ် တော်ပြီ ထပ်ပြောင်းတော့ဘူးလို့ အိမ်သူသက်ထားက တချက်လွှတ်အမိန့် ထုတ်ထားတာကို မလွန်ဆန်ရဲလို့။
၃) ဗေဒင်က ဤအရပ်၌သာ အကျိုးအပေးဆုံး ဖြစ်တော့သတည်း လို့ ဟောထားလို့။
၎) ဖြူဖြူဖွေးဖွေး စလုံး တရုပ်မလေး(တွေ)နဲ့ သံယောဇဉ်လေးတွေ တိုးတိုးတိတ်တိတ် ရှိနေလို့။ စတာတွေ ဖြစ်နိုင်တာပေါ့နော်။

(ဒါတွေဆို ပါစင်နယ် ဆန်လာတာပေါ့လေ။ အဲဒီလောက်အထိ အသေးစိတ်ကို သိချင်လို့ မဟုတ်ပါဘူး။ သို့သော်လည်း တွေးစရာတွေကို တိုးလို့တန်းလန်း ထားပေးခဲ့တော့ အတွေးကို ဘရိပ်မအုပ်နိုင် ဖြစ်သွားတာပါ။ အဟဲ..။ )

ဘယ်လိုဖြစ်ဖြစ်ပါ လူတွေမှာ ပြောပိုင်ခွင့်ဆိုတာ ရှိသလို မပြောပိုင်ခွင့်ဆိုတာလည်း ရှိရမှာပါ။ မပြောချင်တာကို မပြောပဲ နေခွင့် ရှိနိုင်ပါတယ်။

အဲ.. စကားကို ပြန်ကောက်ရရင် သာမန်အနေအထားမှာတော့ ဘယ်သူမဆို ကိုယ့်နိုင်ငံမှာပဲ ကိုယ်နေချင်ကြမယ်။ နေလည်း နေသင့်တယ်ပေါ့။ ဒါပေမယ့် မနေနိုင်ပဲ တခြားကို ရောက်လာတယ်။ တခြား ဆိုတဲ့အထဲမှာမှ ဒီကျွန်းကလေးကို ရောက်လာတယ်။ သို့သော်လည်း ဒီကျွန်းရဲ့ စီမံမှုတွေမှာ ကိုပေါ ထောက်ပြသလို မကောင်းတဲ့ အချက်တွေက ရှိနေတယ်။ (သည်နေရာမှာ ထင်တာပြောရရင်တော့ အဲဒီအချက်တွေကို အခုပြောလိုက်မှ ဖတ်သူတွေဟာ ဆာတိုရီ ဥာဏ်အလင်းရသလို သိသွားတာမဟုတ်ပဲ ယခင်ကတည်းက အနည်းနဲ့အများ သိနေကြတယ်လို့ ယူဆပါတယ်။ သူတို့လူမျိုးတွေ ကြားထဲမှာလည်း ဒါတွေ ပြောနေကြတာ အမှန်ပဲလေ။)

သိသော်ငြားလည်း မခွာနိုင် ဖြစ်နေရသေးတယ် ဆိုရင်တော့ ဒီနေရာနဲ့ ကိုယ်နဲ့ အပြန်အလှန် အမှီသဟဲ ပြုကြတဲ့ အတိုင်းအတာ တခုအထိ ရှိနေသေးတယ်ဆိုတာ အသိအမှတ် ပြုရမှာပါ။ ဒါဆိုရင် အဲဒီစနစ်တွေကို ခန့်ခွဲအုပ်ချုပ်သူများဟာလည်း သူတို့ ပြည်သူတွေ လက်ခံနိုင်တဲ့ (လက်မခံနိုင်လို့ မရတဲ့)၊ လူပုံအလည်မှာ ချပြလို့လည်း တင့်တယ်တဲ့ အတိုင်းအတာ တခုအထိ ဖြစ်အောင် စမတ်ကျကျ (လူလည်ကျကျလို့လည်း ပြောနိုင်ပါတယ်) စီမံထားတယ် ဆိုတာ မငြင်းနိုင်ပါဘူး။

ဒီတော့ မတရားဘူး ဆိုးတယ် လို့ထင်တဲ့အချက်တွေကို ဒီမြေမှာ ရောက်နေတဲ့ နိုင်ငံခြားသား အနေနဲ့ ဘယ်လိုတုံ့ပြန်မှာလဲ။ ဒီကြားထဲမှာ ကိုယ့်နိုင်ငံက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ သူများနိုင်ငံရဲ့ ဥပဒေဘောင်တွေ ကြားမှာ ဘယ်လောက် အတိုင်းအတာအထိ လှုပ်ရှားနိုင်မလဲ။

နိုင်ငံခြားသား အနေနဲ့ သူတို့နိုင်ငံသားများတောင် တုတ်တုတ် မလှုပ်နိုင်သော ဒီနိုင်ငံက တင်းကျပ်တဲ့ စနစ်ကို လှုပ်ခါဖို့ ကြိုးစားတာဟာ သူတို့ နိုင်ငံသားများ ကိုယ်တိုင်က ထောက်ခံမှု ပေးနိုင်ပါ့မလား။ ဘယ်လောက်အထိ ထိရောက်မှု ရှိနိုင်မလဲ။ ကောင်းကျိုးများ ဆိုးကျိုးများကို အခုလို ဖြစ်နိုင်ခြေရှိတဲ့ မြင်ကွင်းများအောက်မှာ ချခင်းကြည့်နိုင်ပါတယ်။

ကောင်းသောမြင်ကွင်းများ

၁) လှုပ်ရှားမှုများ ထောက်ခံမှုရကာ အားကောင်းလာပါမယ်။ အာဆီယံ အတိုက်အခံများ အားလုံး တဖြည်းဖြည်း စုပေါင်းကာ အာဆီယံ ဒီမိုကရေစီ ကို တည်ထောင်နိုင်ပါမယ်။ မြန်မာ တစ်နိုင်ငံတည်း သာမက ဒီမိုကရက်တစ် အာဆီယံ ဖြစ်လာပါမယ်။

၂) မြန်မာတို့ရဲ့ ဒီမိုကရေစီ တက်ကြွှမှုဟာ ဒီနိုင်ငံသားများအတွက် စံပြဖြစ်လာပါမယ်။ သူတို့တွေလည်း အားကျပြီး ဒီမိုကရက်တစ် စင်္ကာပူဖြစ်လာပါမယ်။ အတိုက်အခံများ အားကောင်းလာပါမယ်။ (ဖြစ်လာရင် အခုလိုပဲ စီးပွားရေး ကောင်းဦးမှာလားဟင် ဆိုတာကတော့ သီးသန့်ကိစ္စ ဖြစ်ပါတယ်။)

၃) စင်္ကာပူ အပါအ၀င် အာဆီယံ အစိုးရများက မြန်မာတို့ရဲ့ တက်ကြွ တောင်းဆိုမှုကြောင့် မနေနိုင်တော့ပဲ မြန်မာအစိုးရကို ဖိအားပေးရပါမယ်။ သည်လိုနည်းနဲ့ ၀ိုင်းဝန်းပြီး မြန်မာ့အရေး ဖြေရှင်းနိုင်ပါမယ်။

ဆိုးသောမြင်ကွင်းများ

၁) တက်ကြွသော မြန်မာများကို ဖိနှိပ်ပါမယ်။ နေလို့မရအောင် လုပ်ပါမယ်။ သည်လိုဖြစ်လာရင် စင်္ကာပူ အတိုက်အခံကလည်း ထိထိရောက်ရောက် အကူအညီ မပေးနိုင်ပါဘူး။

၂) မြန်မာအချင်းချင်း သဘောထား ကွဲလွဲလာနိုင်ပါတယ်။ တက်ကြွသူများကို လူတန်းစားတမျိုးလို့ သီးသန့် မြင်လာပါမယ်။ သူတို့လုပ်လို့ တို့တွေပါ နေရကျပ်တယ်လို့ အမြင်စောင်းလာနိုင်ပါတယ်။

၃) သည်နိုင်ငံသားများ ကိုယ်တိုင်က မြန်မာများကို ငြိုငြင်ပါမယ်။ အချိန် ကြာလာတာနဲ့အမျှ မြန်မာတွေဟာ ပြဿနာရှာနေတာပဲလို့ အမြင်ရှိနိုင်ပါတယ်။

ဒါတွေက ဥပမာ ပြောပြတာပါ။ နောက်ထပ် မြင်ကွင်းတွေ လည်း ရှိပါဦးမယ်။

စစ်တိုက်တဲ့ အခါမှာတောင် အတိအလင်း လေကြောင်းက ဗုံးကျဲချတာ ရှိသလို လူအင်အား လက်နက်အင်အားကို မူတည်ပြီး လှုပ်ရှားရတဲ့ ပြောက်ကျားစစ်ဆိုတာ ရှိပါတယ်။ Primary Focus နဲ့ Secondary Focus ဆိုတာလည်း ရှိပါတယ်။ တခါတခါ Secondary Focus မှာ အားထည့်နေပြီး Primary Focus မှာ လွတ်သွားတတ်လို့ ကိုယ်တကယ် လိုချင်တာ ကို ထိခိုက် စေတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အဲဒီလို မြင်ကွင်းများထဲမှာ ဘယ်ဟာက ဖြစ်နိုင်ခြေ အရှိဆုံး ဆိုတာကို စဉ်းစားတွက်ချက်ပြီး စင်္ကာပူရောက် မြန်မာ့အရေး တက်ကြွသူများ အသင့်တော်ဆုံးနဲ့ အဖြစ်နိုင်ဆုံး နည်းဗျူဟာတွေကို ပါးနပ်စွာ ချကြလိမ့်မယ်လို့ ထင်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ မြန်မာ့အရေး ပျင်းရိသူ ပန်ဒိုရာကတော့ ဒီစကားဝိုင်း ဖြစ်ပေါ်လာစေတဲ့ ပို့စ်ကို ရေးတဲ့အချိန်မှာ မျက်စိတဆုံး မတွေးပဲ မျက်မွေးတဆုံးပဲ တွေးတယ် ဆိုပါတော့လေ။ ရိုးရိုးပဲ စဉ်းစားခဲ့တာပါ။ ကြုံတွေ့သလောက် အချိန်ပိုင်းကလေးမှာ ကိုယ်ပိုင် ခံစားရတဲ့ အမြင်ကလေးပါပဲ။ အလုပ်ထဲမှာ သူတို့ အဲဒီသီချင်းကို အပူအပင်နည်းစွာ ပေါ့ပေါ့ပါးပါး ဆိုကြတယ်။ အခန်းအနားပြီးရင် စားရမယ့် အစားအသောက်အတွက်ပဲ ဖြစ်စေဦးတော့ တက်ကြွနေတယ်။ ပျော်ရွှင်နေတယ်။ ကိုယ်လည်း ဒီလို ဖြစ်ချင်တယ်။ ကိုယ့်ဆီမှာ ဒီလောက်တောင် မဖြစ်ရဘူး။ အဲဒီမှာ အဲဒီသီချင်းကို ကိုယ့်ဘာသာ သဘောကျတယ်။ ကဗျာလေး သတိရတယ်။ ဒါလောက်ကလေးပါပဲ။ မသက်ဝေ ရေးတဲ့ ကွန်မန့်လေးနဲ့ အနီးစပ်ဆုံးပါပဲ။

လာရေးသူ လာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလောက်ဆို အားလုံး ကျေနပ်နိုင်ကြမယ် ထင်ပါတယ်။ စကားတွေ ပြောရတာ မောတယ်ဗျာ။




(ပီအက်စ်။ ။ ဒိုင်လုပ်ရတာလည်း နေရာတကာ စားသာတယ်မထင်နဲ့။ ဒီစာကို ပြန်ရေးရတဲ့အတွက် ထမင်းစားချိန်တွေတောင် နစ်နာပြီး ဗိုက်တော်တော်ဆာသွားတယ်။ ပြန်လျော်ပေး။ ကိုပေါအိမ်ကို မရရအောင် စုံစမ်းပြီး ညစာတစ်နပ်တော့ လာစားရမယ်။ မဒမ်ပေါရေ ချက်ကျွေးဖို့သာ ပြင်ပေတော့။)

Kyaw Kyaw said...

Ma Pandora,

I am really disgusted by your negative views on the impacts of the activities of the Burmese activists in Singapore. Now you are criticizing them for the possible implications of their activities for the whole Burmese community in Singapore only when you've come to know that Singapore government does not like their activism and is attacking them in an underhanded way by not renewing their visas. Why didn't you say so when over 40 Burmese were holding a protest in Orchard during the previous ASEAN Summit and also when over a thousand Burmese were wearing "No" T-shirts and caps outside the Burmese Embassy during the referendum? Come on, what have you got to be afraid of so much? You have never been an activist yourself. Besides, with your pro-PAP ideas, you will be all right. So, save your worries! It's really disgusting that people like you are siding with the oppressor rather than with the oppressed.

pandora said...

Dear Kyaw Kyaw,

I am terribly sorry that you interpreted my comment that way. I am just stating the true facts for consideration. I can sympathize with your pain due to the recent events happened to (maybe) your friends. Please calm down and read my comment again. Please also read my previous posts if you really want to know my opinion on Burma’s affairs. Anyway, I didn’t mean to write about politics on this blog and this is my choice.

Now that your comment sounds like personal, I have to close the comments for this post. So sorry about that.

Pandora