စပိန်ပန်းချီဆရာ ဖရန်စစ္စကို ဒီ ဂိုယ (Francisco de Goya 1746-1828) ရဲ့ ပန်းချီကား တချို့အကြောင်း ဒီမှာ ပြောခဲ့ပါတယ်။
သူ့ရဲ့ဘ၀ နောက်ပိုင်း အချိန်တွေမှာ သူ့အိမ်နံရံ ပလာစတာပေါ်မှာ ဆီဆေးနဲ့ဆွဲခဲ့တဲ့ ပန်းချီ ၁၄ ပုံဟာ အနက်ရောင်လွှမ်းသော Black Paintings တွေ အနေနဲ့ ကြော်ကြားပါတယ်။ နံရံမှာ ဆွဲခဲ့တဲ့အတွက် အဲဒီပန်းချီတွေကို ပန်းချီဆရာက ဘယ်သူ့ကိုမှ ပြဖို့ မရည်ရွယ်ခဲ့ဘူး လို့ ယူဆကြပါတယ်။ နောက်ပိုင်းမှာတော့ နံရံတွေယိုယွင်းလာတဲ့အခါ အဲဒီ ပန်းချီကားတွေကို ကင်းဗတ်စ် ပေါ်ကို ကူးပြောင်း ယူခဲ့ကြပါတယ်။
၁၈၂၀-၂၃ လောက်မှာ ဆွဲခဲ့တဲ့ တင်းပုတ်များဖြင့်တိုက်ခိုက်ခြင်း (Fight with Clubs (or) Duel with Cudgels ) လို့အမည်ရတဲ့ ပန်းချီကား ဟာလည်း အဲဒီ Black Paintings တွေထဲမှာ အပါအ၀င်ပါပဲ။
(မူလပုံမှာ) အပြာရောင် အနီရောင်အရိပ်တွေ လွှမ်းမိုး ခြယ်မှုန်းထားတဲ့ ပုံမှာ တင်းပုတ်တွေကို သုံးပြီး တိုက်ခိုက်နေကြတဲ့ လူ နှစ်ယောက်ကို မြင်နိုင်ပါတယ်။ သူတို့ရဲ့ ခြေထောက်တွေဟာ အောက်ခံ မြေပြင်မှာ နစ်မြုပ်နေတဲ့အတွက် အဆုံးအထိ မမြင်ရပါဘူး။
ပုံထဲက တိုက်ခိုက်နေသူတွေရဲ့ လက်လွှဲပုံနဲ့ ကိုယ်ဟန် အနေအထား တွေကို ကြည့်ရင် သူတို့ကိုင်ထားတဲ့ တင်းပုတ်တွေဟာ လေးလံနေကြောင်းနဲ့ တစ်ဦးနဲ့တစ်ဦး အသေအချာ ချိန်ရွယ်ထိန်းပြီး တိုက်ခိုက်နေကြောင်း သိသာပါတယ်။ ပုံရဲ့ဟန်ချက်တွေက တိုက်ပွဲ အချိန် ကြာရှည်တာနဲ့ ပင်ပန်းနေတာ ကို ဖော်ပြသလို သဲပြင်ထဲ နစ်မြုပ်နေတာကလည်း ရုန်းထွက်ဖို့ နည်းလမ်းမရှိတော့ပဲ တစ်ယောက် မဟုတ် တစ်ယောက် သေမှသာ တိုက်ပွဲ အဆုံးသတ်တော့မယ် ဆိုတာမျိုး ခန့်မှန်းကြပါတယ်။ အဲဒီလို နစ်မြုပ်နေတဲ့ အခြေအနေဟာ တယောက်ရဲ့ ရိုက်ချက်တွေကို တယောက်က ရှောင်တိမ်းနိုင်ဖို့ ခက်ခဲတာကို ပြတယ်လို့လည်း ဆိုကြပါတယ်။
နောက်ခံ အလင်းရောင်ကတော့ ပျောက်ကွယ်လာပြီး မှောင်လုလုသန်းလာတာကိုလည်း တွေ့ရတယ်။ ဒါဟာ မျှော်လင့်ချက်ရောင်ခြည် ပျောက်ဆုံးလာတာမျိုးဖြစ်သလို ပိုဆိုးတဲ့ အခြေအနေကို ဆက်တိုးလာပြီလို့ ပန်းချီဆရာက ဆိုလိုမယ်လို့ ထင်မြင်ချက်ပေး ကြပါတယ်။
ဝေဖန်ချက်တွေက တညီတညွတ်ထဲလိုလို ဆိုကြတာကတော့ တိုက်နေသူနှစ်ဦးဟာ အလုံးအထည် ပုံသဏ္ဍာန် ဆင်တူတဲ့အတွက် ညီအစ်ကို ဒါမှမဟုတ် ကိုယ်ပွားပုံရိပ်ကို ဖော်ကျူးတယ်လို့ ပြောကြပါတယ်။ တူသူချင်း ဒါမှမဟုတ် အချင်းချင်း အသေအကြေ တိုက်ခိုက် ကြတာကို ပြချင်တာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီကာလက ဖြစ်ပျက်ခဲ့တဲ့ စပိန် ပြည်တွင်းစစ်ကို ရည်ညွှန်းပုံရတယ်လို့ အဓိပ္ပာယ် ဖွင့်ကြတာကို မှတ်သားရပါတယ်။
source: Wiki အပါအ၀င် အင်တာနက်မှ ရယူ၏။
ပန်းချီဆွဲတဲ့လက် - ၁
ပန်းချီဆွဲတဲ့လက် - ၂
Friday, August 1, 2008
ပန်းချီဆွဲတဲ့လက် - ၃
Subscribe to:
Post Comments (Atom)
8 comments:
နှုတ်တစ်ရာ ပုံတစ်ရိပ် ဆိုတာ ဒါမျိုးနေမှာ...
စွယ်စုံရတဲ့အမကြီး ကျန်းမာချမ်းသာစွာဖြင့် စာကောင်းပေမွန်များ ဆက်လက်ရေးဖွဲ့နိုင်ပါစေခင်ဗျာ..။
ပျော်ရွှင်ချမ်းမြေ့ပါစေ :) :)
ကျနော်တို့ရဲ့ တိုက်ပွဲတွေကိုပဲ မပန် ရည်ညွှန်းနေလေရော့သလားဗျာ။
တလောတုန်းကပေါ့...။ မနှစ်က ကျနော် ရောက်ခဲ့တဲ့ မက္ကဆီကန် နွေရာသီပွဲတော်ကို ထပ်ရောက်ဖြစ်လိုက်သေးတယ်။ အဲဒီမှာ ပန်းချီကားတချို့ ခင်းကျင်းရောင်းနေတာ...။ မနှစ်တုန်းကလဲ ဘလော့ဂ်မှာ ပို့စ်တခု တင်ဖူးသေးတော့ အခုလဲ တချို့ပန်းချီတွေကို ကြည့်ရင်းနဲ့ ဒိုရာ မြင်ရင်တော့ တော်တော်ကြိုက်မှာပဲ လို့ သတိရလိုက်မိသေးတယ်။ ကံဆိုးချင်တော့ အဲဒီတုန်းက ကျနော့် ကင်မရာပျက်နေတယ်။ နောက်များမှပဲ ကြုံကြိုက်ခဲ့ရင် ပန်းချီကားကောင်းကောင်းလေးတွေ တွေ့တဲ့အခါ ဓာတ်ပုံရိုက်ပြီး ပို့ပေးဦးမယ်။
အခုမှ သိတယ် သေချာလေးရှင်းပြထားတာ ကျေးဇူးဗျ ။
ခု ပို့စ်အပြင် မဖတ်ရသေးတဲ့ အရင် ပို့စ်၂ခုကိုပါဖတ်ရှု မှတ်သားသွားပါတယ်။
အဲလို ရှင်းပြလိုက်တော့ ပန်းချီက ရုပ်လုံးပိုကြွလာတယ်…
ကိုအက္ခရ အက္ခရာ တစ်ရာ ပုံတစ်ရိပ် ပေါ့။
ညိမ်းညို စွယ်စုံရတယ် မလုပ်ပါနဲ့ ရှာဖွေဖတ်ပြီး ပြန်ရေးတာပါ။
ကိုအောင်သာငယ် ယူသော်ရ၏ပေါ့ ဗျာ။
ကိုစေးထူး ပို့ပေးရင်ကျေးဇူး။
မောင်မျိုး နိုဝင်ဘာ မတန်ခူး လာဖတ်သွားတာ ကျေးဇူးပါနော။်
Post a Comment