အခုတလော ကိုယောဟန်အောင်ရဲ့ အရပ်ပျက်မကလေးကို ဖတ်ပြီးတဲ့အခါ တိုက်ရိုက် မသက်ဆိုင်ပေမယ့်လည်း မနှစ်က စရေးထားခဲ့တဲ့ ၀တ္ထုလေးတစ်ပုဒ်ကို သတိရလာပါတယ်။ မနှစ်က ဂျူလိုင်လ လောက်က ဘလော့ဂ်မှာ တင်ခဲ့ဖူးတဲ့ ဒီကဗျာလေး နဲ့အတူ အဲဒီ ၀တ္ထုလေးကို ပျိုးထားခဲ့မိတယ်။
Education?
ဘ၀က သင်ပေးတာလား
ဘ၀ကို သင်ယူရမှာလား
သင်ယူခြင်းက ကျောင်းလား
ကျောင်းက ပညာရေးလား
ပညာရေးအတွက် ဘ၀နဲ့
ဘ၀အတွက် ပညာရေး
ပင့်ခ်ဖလွိုက်က ပြောတယ်
We don't need no education
ညနေစာအတွက် မြောင်းထဲမှာ ငါးဖမ်းနေတဲ့
ကလေးတစ်ယောက်ကလည်း
အဲဒီလိုပဲပြောတယ်
အဲဒီကလေးကို စာသင်ခန်းထဲရောက်အောင် လိုက်ဖမ်းဖို့အတွက်
အသက်လေးဆယ် အရွယ်မှာ စီမံကိန်းမစခင်
စာသင်ခန်းထဲမှာ အနှစ်သုံးဆယ် အချိန်ယူမိတယ်။
နောက်တော့ ဆက်မရေးဖြစ်ခဲ့။ နာဂစ် အပြီးမှာတော့ ကိုယ်ခင်းကျင်းထားခဲ့တဲ့ ဒေသရဲ့ နေရာ အတော်များများက ခေါင်းလောင်းကလေးတွေလည်း အသံမမြည်ရုံသာမက အက်ကွဲလို့ ရွှံ့နွံတွေထဲ စုန်းစုန်းနစ်လို့…။ ဒါနဲ့ပဲ ၀တ္ထုလေးကို ပစ်ချထားလိုက်မိတယ်။ ပြီးခဲ့တဲ့ လကတော့ သံလွင်အိပ်မက်အတွက် စာမူရေးရင်း ဆက်ရေးမလားလို့ တချက် စောင်းငဲ့ကြည့် လိုက်ပါသေးတယ်။ အခုတော့ စိတ်တိုင်းမကျတကျနဲ့ပဲ လက်စသတ်လိုက်ပါပြီလေ။ ခံစားကြည့်ပေါ့နော်။
အသံမမြည်နိုင်တဲ့ခေါင်းလောင်းကလေးတွေ
“ယူ့ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးပေါ့။”
မျက်မှောင်တွန့်ချိုးအောက်မှ မျက်ဝန်းစိမ်းစိမ်းတွေက သူ့မျက်လုံးတည့်တည့်ကိုဖောက်ကာ ရင်ထဲအထိ စိမ့်ဝင် ခါးရှ သွားသည်။
“ဆုံးဖြတ်ချက်ဆိုတာ ချပြီးရင် ဆက်လုပ်ဖို့ပဲပေါ့.. မြတ်ရယ်..”
“ယူ ကလေ သိပ်ခေါင်းမာတာပဲ။ ဒီတောကြိုအုံကြားကို တကယ်သွားနေစရာ မလိုပါဘူး.. စာရင်းဇယားတွေ နဲ့ကစားလိုက်ရင် ရပါတယ်လို့ ပြောပြီးပြီပဲ.. ”
“ဒီလို မပြောနဲ့တော့လေ မြတ်.. မြတ်ပြောတာကို သဘောမတူဘူးလို့ ကိုယ်အကြိမ်ကြိမ် ပြောခဲ့ပြီပဲ…”
မြတ်က နှုတ်ခမ်းကို ဖွဖွကိုက်သည်။ မျက်ဝန်းတို့ တဖြတ်ဖြတ် တောက်ပလာသည်။ သူ အရှိန်ကို ချက်ချင်းလျှော့ချလိုက်သည်။
“ဆောရီး.. မြတ် . ကျွန်တော် လေသံမာသွားရင် ခွင့်လွှတ်ပါ ။ ဆိုလိုတာက… ဒီအချိန် ဒီအခွင့်အရေးကို အနှစ်နှစ်အလလ စောင့်လာခဲ့ရတာပါ… ကိုယ် ဒါတွေ တကယ် သိချင်တယ်။ ပြီးတော့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အမှန်အကန် ရှာကြည့်ချင်တယ်.”
မြတ် လှောင်သလို တစ်ချက်ပြုံးသည်။
“ ကောင်းပြီလေ.. ဒါဆို နောက်မှ မြတ်ကို အဆိုးမဆိုနဲ့.. ဒီကျောင်းပိတ်ရက် တစ်လလေးကို မြတ်ပြောသလိုသာ ဒယ်ဒီတို့ဆီကို သွားလည်လိုက်ရင် အဲဒီနိုင်ငံမှာ အလုပ်တွေ ဘာတွေအတွက်ပါ အကုန် တစ်ခါတည်း စီစဉ်ခဲ့လို့ရတယ်.. နောင်နှစ် ကျောင်းပြီးရင် မြတ်တို့နှစ်ယောက်ကိစ္စ ဖြူးလို့ဖြောင့်လို့..။ အခုတော့ ဘာမှမထူးတဲ့ အရှုပ်ထုပ်တွေထဲ ယူ ဘာတွေ ဖြေရှင်းပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့.. ဟင်းဟင်း.. ”
သူ ရင်ဝကို ဆောင့်အကန် ခံလိုက်ရသလို နာနာကျင်ကျင်။ သို့သော် အတတ်နိုင်ဆုံး ကြည်ကြည်လင်လင် ပြန်ပြုံးပြလိုက်ပါသည်။
“ အင်းလေ.. စောင့်ကြည့်လိုက်ပါ မြတ်..”
“ဒါဆိုလည်း ပြီးရောလေ.. ဒီမှာ ယူ့အတွက် အိုင်ရှာထားတဲ့ Literature review တွေ။ ကံကောင်းပါစေ။”
မြတ်က သူ့အပေါ် စေတနာရှိမှန်းကိုတော့ သူ ကောင်းကောင်းသိပါသည်။ သူ့လက်ထဲကို လှမ်းထည့်ပေးလိုက်သည့် စီဒီ ဓာတ်ပြားချပ်ကလေး ပေါ်မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် စာလုံးများမှာ သိပ်တော့ မရှည်လျားလှပါ။
Capacity Building တဲ့။
--------------------
မြစ်ကြောင်းတခုမှ အစပြုသည်။ ပြီးတော့ ပင်လယ်ဝ ကျယ်ကျယ်ကို ဖြတ်သည်။ နောက်တော့ မြစ်မကြီးမှ ခက်ဖြာကျနေသော ချောင်းကွေ့လေးအတိုင်း သွားသည်။ သူအဖြေရှာချင်သော အနာဂတ်တခုသည် ချောင်းကလေး၏ ရွှံ့ညွံလတာပြင်နံဘေးမှာ တံတားကလေးထိုးကာ စောင့်နေလေသည်။
ပဲ့ထောင်ဟုခေါ်သော စက်တပ် ရေယာဉ်ကလေးပေါ်မှ ဆင်းတော့ မျှော်လင့်ချက် တွေ သိသိသာသာပါသော မျက်ဝန်းပေါင်းများစွာတို့က သူ့ကို ငေးစိုက် ကြည့်နေကြလေသည်။ အားလုံးကို အချိုသာဆုံး ကြိုးစား ပြုံးပြလိုက်ပါသည်။
“ဆရာလေး.. ဆရာလေး ဦးပိုင်စိုးသူ ဆိုတာ မဟုတ်လားဟင်။”
ဆရာလေး….. ခေါ်ပုံက သူ့အတွက် နားဝမှာ ထူးဆန်းသည်။ သွက်လက် သော်လည်း အေးချမ်းသော အသံလေးကို ကြားလိုက်ရသည်။ ညိုပြာညက်ညက် ပါးပြင်ပေါ်မှာ ပါးကွက်ကျားကျားကလေးနှင့် အားပါးတရ ရယ်ပြနေသူကလေး တစ်ဦးကို တွေ့လိုက်ရသည်။
“ကျွန်မတို့က ဆရာလေးကို လာကြိုတာပါ။ ဆရာလေး လက်ထဲက အထုပ် ကျွန်မကိုပေး။”
မတားလိုက်နိုင်ချိန်မှာပဲ သူ တရွတ်တိုက် ဆွဲလာခဲ့သော ခရီးဆောင်အိတ်က သူမနောက်သို့ ပေါ့ပေါ့ပါးပါး လိုက်ပါသွားလေသည်။
ဆိုက်ကားပေါ်မှ မြင်ကွင်းတလျှောက်တွင် ရွာတန်းရှည်ကလေး၏ ဘေးတစ်ဘက်တစ်ချက်မှ ဓနိမိုးထားသော အိမ်ကလေးများ ကို တွေ့ရသည်မှာ သူ့အဖို့တော့ အထူးအဆန်း ဖြစ်နေသည်။
“ဒါ ဆရာလေး တည်းဖို့ စီစဉ်ထားတဲ့ အိမ်ပေါ့။”
အစိုးရ မူလတန်းကျောင်းဟု ဆိုင်းဘုတ်တပ်ထားသော မြေစိုက် စာသင်ကျောင်းကလေး၏ မနီးမဝေးမှ ပျဉ်ထောင် သွပ်မိုး အိမ်သစ်ကလေးသည် လမ်းမှာသူတွေ့ခဲ့သော ဓနိမိုးဓနိကာ အိမ်အများစု ထက်တော့ သားနားနေတာ အမှန်ပင်။
“ဒီနေ့တော့ ညနေလည်းစောင်းပြီ ဆိုတော့ ဆရာလေးလည်း နားတော့ပေါ့။ ညနေစာ ကျွန်မတို့ စီစဉ်ထားပါတယ်။”
ဆီဝင်းနေသည့် ပုစွန်အကောင်ခတ်လတ်လတ် နှင့်အာလူး ဟင်းနီနီက ပန်းကန်လုံး ကလေးထဲ မှာ သပ်သပ်ရပ်ရပ်။ ငါးပိထောင်း တို့စရာ။ နောက်ထပ် သူ အမျိုးအမည် မခွဲခြားနိုင်သည့် အသီးအရွက်ဟင်း ပန်းကန် တစ်ခု။ နီဝါရောင်ဖျော့ဖျော့ အနည်းငယ် သန်းနေသော်လည်း အငွေ့တစ်ထောင်းထောင်း ထနေသော ထမင်း။ အဲဒါ မြန်မာဆန်ဆန် ကျေးလက်က ဖွယ်ဖွယ်ရာရာ ညစာ တစ်ပွဲ ပေါ့။ အင်း.. သူတို့တွေကို ကူညီချင်လို့ အဖြေလာရှာကြည့်သည် ဆိုသည့်ကောင်ဟာ လောလောဆယ်တော့ သူတို့ချွေးနှဲစာဖြင့် စေတနာထက်သန်စွာ တည်ခင်းသော ညစာကို အရင်စားနေရပြီ။ သည်အချိန်မှာ မြတ်နဲ့သာ ဆိုလျှင်တော့ ခေတ်မီတဲ့ မြို့ပြနိုင်ငံလေး တစ်နိုင်ငံရဲ့ ဆွတ်ပျံ့ဖွယ်ရာ မီးရောင်ပြာပြာ အောက်မှာ ၀ိုင်ချိုတခွက်နှင့် ဖြစ်ချင်ဖြစ်နေမည်ပေါ့။ သူခေါင်းခါယမ်းလိုက်သည်။ မေ့ထားလိုက်။ အားလုံး မေ့လိုက်ပါ ပိုင်စိုးသူ.. ။ မင်း အခုရောက်နေတာ ဘယ်နေရာလဲ။
--------------------
အခုတော့ ဆရာလေး ဆရာလေး.. ခေါ်သံတွေနဲ့လည်း သူ အသားကျစ ပြုလာပြီ။ ဒီအရပ်ကလူတွေက ကျောင်းအုပ်ကြီးမှလွဲ၍ ကျောင်းဆရာ ဆရာမတွေကို ဆရာလေး ဆရာမလေး ဟုခေါ်လေ့ ရှိကြသည်။ သူ့ကိုလည်း ကျောင်းဆရာတစ်ယောက်လို သဘောထားကြသည်ပေါ့။
ရွာကလေးက တောင်နှင့်မြောက် သွယ်တန်းနေသည်။ ရွာတန်းရှည်ကလေးဟု ဆိုရမည်။ ချောင်းကွေ့ကွေ့ကလေး အစပ်မှာ ဆောက်ထားသော ကမ်းနားတန်းဟုခေါ်သော အိမ်လေးများက တန်းစီနေသည်။ ရွာ၏ အရှေ့ဘက်ကို ဆက်သွားလျှင် တော့ ဥယျာဉ်တချို့နှင့် ကွင်းပြင်တချို့ကိုတွေ့ရမည်။ ထိုမှကျော်လွန်သွားလျှင် ပြန့်ပြူးနေသော သဲသောင်ပြာပြာနှင့် ပင်လယ်ရေပြင်ကို တွေ့ရမည်။
ပင်လယ်ကမ်းစပ်အနီး ကုန်းမြေကျသော အပိုင်းတလျှောက်တွင် ရေလုပ်ငန်း လုပ်သူများ နေထိုင်ကြသော အိမ်ကလေး တချို့ တည်ရှိသည်။ ငါးပိလုပ်သည့် မျှင် ဟုခေါ်သော ပုစွန်သေးသေးကလေးများ အပါအ၀င် ပုစွန်မျိုးစုံနှင့် ငါးစို ငါးခြောက်များ ငန်ပြာရည်အိုး ငါးပိအိုးများ ငါးဖမ်းပိုက်များ ဖြန့်ခင်းထားသော ထိုနေရာကလေးကို beach ဆိုသော ပင်လယ်ကမ်းခြေဟု လှလှပပ ခေါ်နိုင်မည်မဟုတ်ပါ။ အလုပ်ဆိပ်ကမ်းဟု လက်တွေ့ကျသော နာမည်တခုကို သူတို့က ပေးထားသည်။
ပထမဆုံးလုပ်ရသည့် အလုပ်ကတော့ သူမေးစရာရှိသည့် မေးခွန်းများကို မမေးခင် သူတို့တွေ မေးသော မေးခွန်းပေါင်းစုံကို ဒိုင်ခံ ဖြေနေရခြင်းဖြစ်သည်။
“ဆရာလေးရယ် မေးပါရစေနော်။ မသိလို့ မေးရတာ ရှက်လည်းရှက်ပါရဲ့။ ဆရာလေးတို့နေတဲ့ အဲဒီနိုင်ငံခြားမှာ ထမင်းတွေဘာတွေရော စားကြရဲ့လားဟင်။”
နည်းနည်း ရင်းနှီးလာကြတော့ အမေစိန် ဟု အများသူငါ ခေါ်ကြသော ခပ်ပိန်ပိန်ပါးပါး အဒေါ်ကြီးက ရယ်မောရင်း မေးလာသည်။
“အို အမေကလည်း ဘာတွေလျှောက်မေးမှန်းမသိဘူး။”
ဘေးမှ အပျိုပေါက်အရွယ် မိန်းကလေးက သူ့အမေ၏ လက်ကို မသိမသာ ဆွဲလိမ်ရင်း ရှက်ကိုးရှက်ကန်းနှင့် ဆိုသည်။
“မေးပါစေ ညီမရဲ့။ သြော်.. အဒေါ်ရယ်.. ကျွန်တော်နေတာက အာရှတိုက်ထဲက နိုင်ငံလေးပဲ ထမင်းတို့ ခေါက်ဆွဲတို့ပဲ အဓိက စားရတာလေ..။”
“အော် အော် ငါက မသိပါဘူးအေ။ ပေါင်မုန့်တို့ ဘာတို့ ဘိုစာတွေပဲ စားရတာလားလို့ပါ။”
“အမေကလည်း တီဗွီမှာ လာတဲ့ ကိုရီးယားကားတွေ မကြည့်ဖူးတာ ကျနေတာပဲ။ အဲဒီမှာလည်း ကိုရီးယားမှာလိုပဲ နေမှာပေါ့။ ထမင်းတွေ ခေါက်ဆွဲတွေ စားကြတာပဲဟာ။ ထမင်းမရှိတာက အင်္ဂလန် တို့ အမေရိကန်တို့ မှာပဲဟာကို။”
ကလေးမကလေးက ၀င်ထောက်သည်။ အမေကလည်း အ ရန်ကော ဆိုသည့်အနေဖြင့် မျက်စောင်းတချက် ထိုးလိုက်သေးသည်။
“အို… ဘာပဲဖြစ်ဖြစ်အေ..။ ဟိုမှာစားရတာတွေကတော့ ထမင်းချင်းတူတောင် ငါတို့ဆီမှာထက်တော့ ကောင်းမှာပဲ..။ နေရတာတွေလည်း ကောင်းမှာပဲ။ ဟုတ်တယ်မဟုတ်လား ဆရာလေး။ ဆရာလေး ဆိုရင်လည်းကြည့် အသားလေးတွေကို ဖြူနုလို့”
“ဒါကတော့ အမေရယ် သူတို့က နိုင်ငံခြားကိုး”
နိုင်ငံခြားဆိုတာ သည်နိုင်ငံလိုပဲ နိုင်ငံတွေအများကြီးထဲက နိုင်ငံတနိုင်ငံသာ ဖြစ်ကြောင်း။ နိုင်ငံခြားက တချို့လူတွေ ရတဲ့ အခွင့်အရေးတွေ နေထိုင်မှု အဆင့်အတန်းတွေ ဒီကလူတွေမှာလည်း နေထိုင်ခံစားနိုင်ခွင့်ရှိကြောင်း..။ ပြောပြချင်သည့် စကားတွေက သူ့နှုတ်ဖျားမှာ ပလုံစီလာသည်။
“ဆရာလေးက အဲဒီမှာ ငယ်ငယ်လေးကတည်းက ကျောင်းတက်နေတာပေါ့နော်။ အခုဆို ဘာစာတွေ သင်နေတာလဲဟင်။”
ပုဆိုးစိမ်းအဟောင်းကလေးကို တိုတိုဝတ်ကာ ကိုယ်အထက်ပိုင်း ဗလာကျင်းထားသော ချာတိတ်ကလေးက မေးလာပြန်သည်။ ဒါကတော့ ဖြေရတာ နည်းနည်းကျပ်သည်။ ကလေးတွေ နားလည်အောင် သူဘယ်လိုပြောပြရပါ့မလဲ။
“အင်း.. ဘယ်လိုပြောရမလဲ။ နိုင်ငံတွေကို ပိုပြီးကောင်းအောင် ဘာတွေလုပ်ရမလဲ ဆိုတဲ့အကြောင်း။”
ပြောပြီးမှ သူ့ဘာသာ မျက်နှာပူနွေးရင်း ခေါင်းတစ်ချက် ခါယမ်းမိပြန်သည်။ ကလေးများကတော့ သတိထားမိဟန်မတူပါ။ နှပ်တရှုံ့ရှုံ့နှင့် ကတုံးကလေးတစ်ယောက်က ဖြတ်မေးလေသည်။
“ဒါဆို ဆရာလေးက အဲဒီကျောင်းတွေ အောင်ပြီးသွားရင် ကျွန်တော်တို့ ဆီမှာ ကျောင်းဆရာ လာလုပ်မှာလားဟင်။”
သည်မေးခွန်းကတော့ သူ့ရင်ဝကို တည့်တည့် လာမှန်ပါသည်။
“အင်း.. လာချင်တာပေါ့ကွ..။”
လာချင်တာပေါ့ ဆိုသော ၀ါကျ၏ နောက်ကွယ်က ဒါပေမယ့် ဟူသော တိတ်တဆိတ် အသံကိုတော့ သူသာလျှင် အသိဆုံး ဖြစ်ခဲ့သည်။
ကလေးများက သူတို့အတွေးနှင့် သူတို့ ပြုံးသွားချိန်မှာ သူကလည်း သူ့အတွေးနှင့်သူ မချိပြုံးကလေး ပြုံးလိုက်ပါသည်။
“ကျွန်တော်တို့ဆီမှာ ဆရာဆရာမတွေက ခဏခဏ ပြောင်းတယ်။ ဟိုတလောက အသစ်ခန့်လိုက်တဲ့ ဆရာမလေးလည်း ပြန်သွားကတည်းက ပြန်မလာတော့ဘူး။ နောက်ထပ် အသစ်ပြန်ရဖို့တော့ ထပ်စောင့်ရဦးမှာပဲ။”
ကလေးတယောက်က ဆက်ပြောပြပါသည်။ အဲသည်လို ညနေခင်းလေးတွေထဲက စကားဝိုင်းများကို သူ့မှတ်စုထဲမှာ ဘယ်လိုရေးချရမလဲဆိုတာ အကြာကြီး စဉ်းစားခဲ့ရပါသည်။
--------------------
“တို့ရွာတောင်ပိုင်းက ဦးမြသန်းရဲ့ သား ရန်ကုန်မှာ ပွဲရုံဖွင့်ပြီး ကြီးပွားနေတာလေ။ ဒီကျောင်းဆောင်လေး ဆောက်ဖို့ ရေစက်ချပြီး သူလာလှူသွားတာပေါ့။”
တိုက်ခံ တစ်ထပ် အဆောက်အဦလေးကို ညွှန်ပြရင်း ဆရာတော်က ဆိုသည်။ နံနက်ခင်း၏ နေခြည်ဝင်းဝင်းအောက်ဝယ် ပရဟိတကျောင်း ဟူသော ဆိုင်းဘုတ်အိုကလေးက ရွှေရောင်တောက်ပနေလေသည်။ လူမှုရေးလုပ်ငန်းများ လုပ်ရာတွင် ကျော်ကြားသော ဆရာတော်သည် အသက်နှင့်မလိုက်အောင် လှုပ်ရှားတက်ကြွဆဲ။ မင်း ငါ နှင့် အားပါးတရ သုံးနှုန်းကာ ဆက်ပြောလာသော စကားများက သူ့အတွက် အားတက်မိသလို အတွေးတို့ကိုလည်း ဝေစေသည်။
“တို့ကျောင်းမှာတော့ အချိန်က ညှိလို့ရတယ်ကွာ။ မင်းနှယ်.. ရွာက ကလေးတွေထဲမှာ အစိုးရ အတန်းကျောင်းမှာ အချိန်ပြည့် မတက်နိုင်တာ အများကြီးကွ။ ငါတို့ဆီမှာတော့ မနက် ၇ နာရီ ကျောင်းတက်တယ်။ နေ့လည် ၁နာရီလောက် ဆင်းပေးလိုက်တယ်။ ကျောင်းလခလည်း မလိုဘူးကွာ။ စာအုပ်ဖိုးပဲ ကိုယ့်ဘာသာ ပေးကြပေါ့။ သိပ်နွမ်းပါးတဲ့ မိဘမဲ့ ကလေးတွေကတော့ ကျောင်းမှာအိပ် ကျောင်းမှာပဲနေ။ ထမင်းပါ ကျွေးရတော့တယ်။ ဒီကဝေယျာဝစ္စလုပ်။ ဘုန်းကြီးကျောင်းသားပေါ့ကွာ။”
ဆရာတော်က ဆက်ရှင်းပြပါသည်။
“အခုလောလောဆယ်တော့ နှစ်တန်း (ဒုတိယတန်း) အထိပဲ သင်ပေးနိုင်သေးတယ်လေ။ ကျောင်းဆရာမှ မရှိပဲ။ ငါရယ် စာချဦးဇင်းရယ် နှစ်ပါးပဲ သင်ကြတာပဲကိုး။ ကျန်တဲ့ ဦးဇင်းတပါးနဲ့ ကိုရင်တွေက ဆွမ်းခံထွက်ရသေးတယ်။ တခါကတော့ ဆရာ တစ်ယောက်လောက် ဆွဲခန့်ငှားဖို့ စဉ်းစားကြသေးတယ်။ ပိုက်ဆံက မလောက်ဘူးကွ။ အလှူရှင်ရှိမှပဲ ဖြစ်မယ်လေ။”
“စာမေးပွဲစစ်တော့ရော ဘုရား။”
“အစိုးရကျောင်းက မေးခွန်းကို ဒီမှာယူဖြေတာပါပဲ။ ပြီးတော့ အဖြေလွှာတွေကို ပို့ပြီး အဲဒီက ဆရာတွေပဲ အမှတ်ခြစ်ပေးတယ်။ အောင်မှတ်ရရင် အောင်တာပေါ့ကွာ။
အေးကွာ…. မင်းစာထဲမှာ ဒါတွေထည့်ရေးလိုက်ပါ။ နော်.. ငါတို့ သွပ်လည်းလိုတယ် အိမ်သာခွက်တွေ ဘာတွေလည်း လိုတယ်။ မလောက်သေးဘူးကွ။ ငါတို့ပြောနေတာနဲ့ စာရင်တော့ မင်းတို့ ပညာတတ် ကျောင်းသားတွေ စာနဲ့ပေနဲ့ ထည့်ရေးရင်တော့ ပိုမြန်မြန် ရောက်လာမှာပေါ့နော်။”
ဆရာတော်က တက်တက်ကြွကြွ ဆိုလေသည်။ သူ သက်ပြင်းတချက်ကို မျိုချလိုက်ပါသည်။
“ကလေးတစ်ယောက်ဟာ ပညာရေးကို ရယူနိုင်ဖို့အတွက် သူ့ရဲ့ပတ်ဝန်းကျင်က အခြေအနေ ပေးနေဖို့လိုတယ်။ ကလေးတွေနဲ့ လိုက်လျောညီထွေရှိတဲ့ကျောင်း၊ ကလေးပျော်ကျောင်း ဖြစ်ဖို့အတွက် ကလေးအတွက် အဆင်ပြေစေမယ့် အနေအထားကို ခင်းကျင်းထားရမယ်။ ခင်ဗျားသိတဲ့အတိုင်း လိုအပ်ချက်တွေက ဘက်စုံ ထောင့်စုံမှာဆိုတော့ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကလည်း ကန့်သတ်နေတယ်ဗျာ။ ဒီတော့ ဘယ်နေရာမှာ ပိုအားထည့်ရင် ထိရောက်မှု ပိုရှိမလဲ။ အကူအညီတွေ မရှိတော့တဲ့အချိန်မှာ ဒုံးဒုံးရပ်သွားတာမျိုး မဟုတ်ပဲ ရေရှည် ဆက်ပြီး သူတို့ဘာသာ တည်တံ့သွားစေဖို့အတွက် စွမ်းအင်တွေကို ဘယ်နေရာမှာ ဦးစားပေး ပျိုးထောင်ပေးရမှာလဲ။ ခင်ဗျား တခုခု အသစ် ရှာဖွေတွေ့ရှိလာရင်တော့ ကျွန်တော်တို့ လုပ်နေတာတွေအတွက် လက်တွေ့ အကျိုးရှိမှာပေါ့ဗျာ။”
သူ့စာတမ်းအတွက် အကူအညီပေးသည့် အဖွဲ့အစည်းက အရာရှိ၏ စကားကို ကြားယောင်လာသည်။
“ကျွန်မအယူအဆကတော့ ဘုန်းတော်ကြီးကျောင်း ပညာရေးဆိုတာက သစ်မရခင်စပ်ကြား ၀ါးပေါင်းကွပ်သလိုပဲ မဟုတ်လား။ နောက်ဆုံးတော့ ကလေးတွေကို တကယ့် formal စာသင်ခန်းထဲကိုပဲ ရောက်စေရမှာပဲလေ။ ဒါကြောင့်မို့ အထောက်အပံ့တွေက မလုံမလောက်ဖြစ်နေရင်တော့ အစိုးရကျောင်းကိုပဲ ဦးစားပေး ချပေးသင့်တယ်လေ။ ကျွန်မတို့ဆီမှာလည်း ဘာမှ ပြည့်စုံလှတာ မဟုတ်ဘူး။”
ရွာကို မလာခင် သူဝင်တွေ့ခဲ့သော မြို့နယ်ပညာရေးမှူး ဆရာမကြီးတစ်ဦး၏ အယူအဆတစ်မျိုးကလည်း အတွေးထဲ ၀င်လာသည်။
“ကလေးတွေ စာသင်ခန်းထဲ ရောက်ဖို့က ကလေးတွေကိုပဲ ပညာရေး အခြေခံအဆောက်အဦ တစ်ဘက်ထဲကနေ ပံ့ပိုးပေးရုံနဲ့ ပြီးတာမဟုတ်ဘူး။ ဒါကြောင့် သတ်မှတ်ရွေးချယ်ထားတဲ့ ဒေသတွေကိုပဲ အာရုံစိုက်ပြီး ကျန်းမာရေး ၀င်ငွေရရှိရေးတွေ စတာတွေအတွက်ပါ ဘက်ပေါင်းစုံကနေ ပံ့ပိုးပေးဖို့ ဒီအစီအစဉ်တစ်ခု ဆွဲကြည်ြ့ကတယ်။”
အန်ဂျီအို တစ်ခုတွင် အလုပ်လုပ်နေသော သူ့မိတ်ဆွေ တစ်ဦးကတော့ သည်လိုပြောခဲ့လေသည်။
သူရေးနေသော စာမျက်နှာတချို့သည် တိမ်မယောင်နှင့် နက်သော မည်သည့်ကွက်လပ်များကို မည်မျှ ဖြည့်ပေးနိုင်မည်နည်း။
--------------------
တစ်လ ဆိုသော အချိန်ကာလသည် တဖြည်းဖြည်း ကုန်ဆုံးလုပြီ။ သည်ရွာကလေးမှာ စတည်းချရင်း အနီးအနားက ရွာနီးချုပ်စပ်လေး အတော်များများလည်း ကုန်းတတန် ရေတတန်ဖြင့် သူရောက်ဖူးခဲ့ပြီ။ သူ့မှတ်စုစာအုပ်ကလေးလည်း တဖြည်းဖြည်း ပြည့်လာခဲ့ပြီ။
ညနေအလင်းရောင်မပျောက်ခင် အိမ်ရှေ့ကိုထွက်ကာ စာရွက်များကို ရှင်းလင်းနေစဉ် ခြေသံဖွဖွနှင့်အတူ သနပ်ခါးနံ့လေး သင်းလာသည်။
“ဆရာလေး”
မော့်ကြည့်လိုက်တော့ ညိုပြာညက်ကလေးက သူ့ကိုပြုံးကြည့်နေသည်။
“ကလေးတစ်ယောက် ကျောင်းမတက်တာ ကြာလို့ သူ့ကိုသွားကြည့်ရင်း ရွာအရှေ့ပိုင်းကို သွားမလို့။ ကွက်သစ်ဘက်ကို သွားရင် လိုက်ခဲ့ချင်တယ်လို့ ဆရာလေး ပြောထားလို့လေ။ လိုက်ဦးမလား။”
သူခေါင်းညိတ်ကာ သူမ ခေါ်ရာနောက်ကို လိုက်လာခဲ့ပါသည်။ ရွှံ့စပ်စပ် ရှိသော ချောင်းကျဉ်းကလေးကိုဖြတ် ဥယျာဉ်တချို့ကို ကျော်ပြီးသောအခါ အိမ်ကလေး လေးငါးအိမ်ကို မြင်လိုက်ရသည်။
“ဒီနေရာက မြေသတ်မှတ်ထားတာ မရှိလို့ မတတ်နိုင်တဲ့လူတွေက ဒီလိုပဲ တဲလေးထိုးပြီး နေလိုက်ကြတာပဲလေ။” ညိုပြာညက်လေးက ရှင်းပြလေသည်။
တဲလေးတလုံးအတွင်းတွင် အိပ်မောကျနေသော ကလေးလေးတစ်ယောက်ကို ရင်ခွင်ထဲ ချီပွေ့ထားသော မိခင်ကလေးသည် အလွန်ဆုံးရှိလှမှ အသက် နှစ်ဆယ်ကျော်ပေါ့။ သေးညှက်သော ကိုယ်ခန္ဓာနှင့် နုနယ်သော မျက်နှာကလေးက နွမ်းနယ်ဖျော့တော့နေသည်။ ဆီနှင့်ကင်းဝေးနေသော ဆံနွယ်စဖွာဖွာတို့က ကပိုကရိုဝဲပျံလျက်။
ညိုပြာညက်ကလေးက စကားစလိုက်ပါသည်။
“မောင်ထူး ကျောင်းမတက်လို့ လာမေးတာပါ။”
“ဟုတ်တယ်။ ကျွန်မ မသွားခိုင်းတာ ဆရာမလေးရေ။”
ဆတ်ခနဲ ပြန်ပြောလိုက်သော သူမ၏ စကားသံကြောင့် သူတို့ တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြသည်။ ဘာဆက်ပြောရမှန်းမသိ။
“အငယ်လေးက အရမ်းဖျားနေတယ်လေ။ ကျွန်မလည်း ဈေးရောင်းမထွက်နိုင်ဘူး။ မောင်ထူးမှ အိမ်မှာ ကူမလုပ်ရင် ဘယ်သူမှ မရှိဘူး။”
“ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် စာမေးပွဲကလည်း နီးပြီဆိုတော့လေ ကျောင်းပျက်တာများရင် ကျွန်မတို့က ကလေး စာမလိုက်နိုင်မှာစိုးလို့ပါ။”
ထိုစဉ် တဖြတ်ဖြတ်နှင့် ပြေးလာသော ခြေသံကလေးကို ကြားလိုက်ရသည်။
“အမေရေ အမေရေ….. ဒီနေ့တော့ ပုစွန်ထုပ်ကြီး ရလာတယ်ဗျ။”
“ဟယ်.. ဟုတ်လား။ အေး အေး... ပြီးရင် ဒိုင်ကို မြန်မြန် သွားသွင်းရမယ်။”
အားရ၀မ်းသာ ရယ်မောလာသော မောင်ထူးလေးသည် သူတို့ကို မြင်လိုက်သောအခါ ကွက်ခနဲ မျက်နှာပျက်ကာ မီးဖိုချောင်ထဲကို ပြေးဝင်သွားပါသည်။ သူတို့ ဘာတစ်ခွန်းမှ ဆက်မပြောဖြစ်တော့ပါ။ အားလုံး တဒင်္ဂ တိတ်ဆိတ်သွားသည်။
“စာမေးပွဲရှုံးလည်းရှုံးပဲ ဆရာမလေးရေ မတတ်နိုင်ဘူး”
မောင်ထူးအမေက ချီထားသောကလေးကို ဘေးသို့ ဖြည်းဖြည်းချရင်း ဆိုသည်။
“ပညာတတ်တော့ရော အလွန်ဆုံး ဆရာမလေးတို့လို ကျောင်းဆရာတွေ ဘာတွေ ဖြစ်လာမှာပေါ့။ ဆရာမလေးတို့ ကိုယ်တိုင်က လစာ ဘယ်လောက်ရတာ လိုက်လို့။”
လွှတ်ခနဲ ပြောလိုက်တုန်းက ပြောပြီးမှ စကားရပ်ကာ သတိရသွားဟန်နှင့် အားနာကြည့် တစ်ချက် ကြည့်သည်။ ပြီးတော့ မထူးပါဘူးလေ ဆိုသည့်ပုံစံနှင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အကြည့်လွှဲသွားသည်။
ပညာဆိုတာ…………... အဲဒီ မိခင်ငယ်ငယ်ကလေး နားလည်အောင် ဘယ်စကားလုံးတွေနဲ့ ပြောပြရမလဲ။ သူမျက်နှာ ပူနွေးလာမိသည်။ ။ ကကြီးခခွေး အေဘီစီဒီလား၊ ပထ၀ီ သမိုင်း ဗဟုသုတတွေလား။ ဒါမှမဟုတ်.. ပိုပြီး အဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ ငါးများများရအောင် ဖမ်းဖို့ ပုစွန်ထောင်ဖို့ ဈေးရောင်းဖို့ ဆိုတာတွေလိုမျိုး သူတို့ရဲ့ ဗိုက်ဟာဟာကို ချက်ချင်း ဖြည့်ပေးစေမယ့် နည်းလမ်းတွေလား ။ ကမ္ဘာကျယ်ကျယ်ကြီးထဲက ဟောဒီနေရာ ပိစိလေးမှာ နေထိုင်နေကြတဲ့ လူသားတွေ အရေးတကြီး ချက်ချင်း လိုအပ်နေတာ ဘာများလဲကွယ်။ ၀မ်းနည်းစရာ ကောင်းလှစွာ.. သူဆိုတဲ့ ကောင်ကရော လိုအပ်နေတာတွေ ဖြည့်ပေးဖို့ ဘယ်လောက်အထိ ဘာတွေ လုပ်ပေးနိုင်မှာလဲ ဆိုတာ သူကိုယ်တိုင် အသေအချာ သိပါရဲ့လား။
မောင်ထူးလေးအမေက မတ်တပ်ထရပ်လိုက်ပါသည်။
“ကျွန်မ မောင်ထူးကို မနက်ဖြန် ကျောင်းပြန်လွှတ်လိုက်ပါမယ်လေ။ ဆရာမလေးတို့ ပြန်ရတာလည်း မိုးချုပ်တော့မယ်”
ပြီးပြီးရောဟု သူတို့ကို နှင်လိုက်ခြင်းလား။ မီးဖိုချောင်ဘက်က ပန်းကန်ခွက်ယောက် သံများ သဲ့သဲ့ ကြားလိုက်သလို.။ အင်း.. ဟုတ်တာပေါ့လေ။ သူတို့လေးတွေ ညစာစားချိန် ဖြစ်ချင်ဖြစ်နေမှာ။ သေချာတာကတော့ အဲဒီညစာမှာ မောင်ထူးလေး စောစောက ဖမ်းမိထားတဲ့ ပုစွန်တုပ်ကြီး မပါမှာဘဲ ဖြစ်သည်။
အပြန်လမ်းတွင် အတွေးများစွာဖြင့် သူ ညိုပြာညက်ကလေး ဦးဆောင်ရာနောက်ကိုသာ တိတ်တိတ်လိုက်ပါလာခဲ့ပါသည်။
“ပင်လယ်ဘက်ကို ဆရာလေး ဆက်သွားဦးမလား။ နေစောင်းတော့မယ်။ ကျွန်မတော့ ပြန်တော့မယ်နော်။”
ခေါင်းညိတ်ပြလိုက်ပြီး သူ့ ခြေလှမ်းများက သောင်ပြင်ကမ်းစပ် ဘက်ကို အလိုလို ဦးတည်ဖြစ်သွားသည်။
သောင်ကန်စွန်းနွယ်တွေက သဲပြင်ခြောက်ခြောက်ပေါ်မှာ တွန့်လိမ်တွားသွားနေသည်။ ရောက်စက ဗေဒါဟု သူ အထင်မှားမိသေးသည်။ ဘေးနားတွင် အုန်းလက်တွေက လေတိုးတိုင်း ရှဲရှဲမြည်ကာ ယိမ်းကနေကြသည်။ ငါးပိငါးခြောက်နံ့တို့ ရောထွေးပါသော ပင်လယ်လေသည် သူ့ကို တွန်းဝှေ့တိုက်ခိုက်လာသည်။ ကောင်းကင်ဝယ် တိမ်စတို့ နီဝါရောင်သွေး လွင့်ပြေးနေကြသည်။ တံငါလှေလေးတချို့ ငါးဖမ်းရာမှ ပြန်ဝင်လာသည်ကို ပင်လယ်ပြင်ကျယ်ကြီးထဲမှာ လှမ်းမြင်နေရသည်။ ဟောသည် ရွာတန်းရှည်ကလေးမှာ အခုလို အုန်းပင်တန်းတွေ သောင်ကန်စွန်းတွေ ပင်လယ်ရေပြင်၊ တိမ်တွေကို ငေးမော စိတ်ကူးယဉ် ခံစားနေနိုင်တဲ့ သူ့လို လူ ဘယ်နှစ်ယောက် ရှိမလဲဟု ဖြတ်ခနဲ ၀င်လာသော အတွေး ကိုတော့ သက်ပြင်းတစ်ချက်နဲ့ အတူ မှုတ်ထုတ်ရုံသာ သူတတ်နိုင်သည်။
ပညာ ဆိုတာ ဘာလဲ။ မြင်နေရသော ပယ်လယ်ကြီးလို ကျယ်ပြော နက်ရှိုင်းနိုင်သည်ပေါ့။ သူ့အတွက်တော့ ပင်လယ်ရေလို ငတ်မပြေ ဖြစ်နေတာလည်း ဖြစ်နိုင်သည်။ မောင်ထူးလေးတို့အတွက်တော့ လောလောဆယ် သောက်လို့ရမည့် ရေချိုချိုတစ်ပေါက်ကိုသာ ပိုမျှော်လင့်နေတာလည်း ဖြစ်နိုင်သည်။
သူ့ဘ၀ရဲ့ အချိန်တော်တော်များများကို ဘယ်နေရာတွေမှာ ကုန်လွန်ခဲ့စေသလဲ။ သည်လိုနေရာတွေကို ဘာကြောင့် သည့်ထက်စောပြီး သူ မရောက်ဖြစ်ခဲ့သလဲ။ ကျောင်းကသင်ခန်းစာနဲ့ သူစိတ်ကူးယဉ်ခဲ့တာတွေ နဲ့ လက်တွေ့ဆက်စပ်ဖို့ ရေးရေးမြင်လာချိန်မှာ မြတ်လို မိန်းကလေးနဲ့ တွေ့ခဲ့တာရော ကံဆိုးတာလား။ ကံကောင်းတာလား။ ဒီရွာကလေးက ပြန်ပြီး နောက် တစ်နှစ်အကြာလောက်ဆိုရင် သူ့ကိုယ်သူ ဘယ်နေရာမှာ မြင်နေရမှာလဲ။
ဟိုးဝေးဝေးမှာတော့ မိုးကုတ်စက်ဝိုင်းအောက်ကို နေလုံးကြီးက တရွေ့ရွေ့ လှိမ့်ဝင် နေလေသည်။ ဒီဘက် ကမ္ဘာတစ်ခြမ်းရဲ့ နေ၀င်လုလုအချိန်မှာ ဟိုဘက် ကိုယ်မမြင်နိုင်တဲ့ ကမ္ဘာအခြမ်း တနေရာကတော့ နေအရုဏ်မိုးသောက် ဖြစ်နေလိမ့်မည်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်လေ….။ နေ့သစ်တွေဆိုတာ ကုန်ဆုံးသွားသည်မှ မဟုတ်ပဲ။ နေခြည်တွေ ဖြာလင်းတဲ့ နံနက်ခင်းတစ်ခုဟာ ဟောသည်နေရာကိုလည်း ရောက်ကို ရောက်လာရဦးမည် ဟုသာ သူမျှော်လင့်လိုက်ပါတော့သည်။
ပန်ဒိုရာ
Monday, October 27, 2008
အသံမမြည်နိုင်တဲ့ခေါင်းလောင်းကလေးတွေ
Friday, October 24, 2008
မြို့ပြ၏ တောထဲတောင်ထဲ တိုးကြည့်ခြင်း
ဒီနိုင်ငံသား သူငယ်ချင်းတွေ အဖော်ကောင်းတာနဲ့ Southern Ridges လို့ ခေါ်တဲ့ နေရာကို ၄ ကီလိုမီတာ ခရီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ Harbour Front MRT station နားကနေ ညနေ ၅ နာရီက စထွက်ပါတယ်။
ဒါက စစချင်း မြေပုံ။
လမ်းလျှောက်ရင် ဆောင်ရန် ရှောင်ရန်..တဲ့။
စပြီး တောတိုးကြလေတယ်။ လမ်းတလျှောက်မှာ လှေခါးထစ်ကလေးတွေကို အဆင့်ဆင့် တက်ရတယ်။ တိုက်အမြင့် ၂၄ ထပ်စာလောက် တက်ရလိမ့်မယ် လို့ ခရီးအစ ကတည်းက ကြိုတင် သတိပေးထားခဲ့ပါတယ်။
တလမ်းလုံး ခြုံနွယ်ပိတ်ပေါင်းတွေ တောပန်းလေးတွေ တွေ့ရတာပေါ့။ နောက်တော့ မြက်ခင်းလေးနဲ့ နည်းနည်းရှင်းတဲ့နေရာကို ရောက်လာတယ်။သစ်ခက်ကလေးတွေ နွယ်ကျနေတာ မလှဘူးလား။
တံတားသေးသေးလေးကို ဖြတ်တော့ Sentosa ကို မိုးပေါ်က ကားလေးတွေနဲ့ သွားနေတာကို ပြန်လှမ်းကြည့်ခဲ့သေးတယ်။
ကုန်းမြင့်ပေါ်ကနေ ဆက်လျှောက်လာရင်း မြို့ဘက်ကို လှမ်းကြည့်လိုက်တော့ သစ်ပင်တွေကြားက တိုက်တွေက လှနေပြန်ပါတယ်။
နောက်ထပ်ပန်းခြံတခုကို ရောက်လာတယ်။
ဒီလမ်းကလေး ခင်းထားပုံကို လှတယ်လို့ ထင်မိတယ်။
ဒီတံတားက ဗိသုကာ လက်ရာတွေ တော်တော်လှတယ်။ သစ်သားတွေကို အသားပေးဆောက်ထားတယ်။ ကျွန်းတွေများလား။ မြန်မာပြည်က ၀ယ်တာများလား။
အနီးကပ် ခရေဇီ ရိုက်ချက်။
အကွေ့အကောက် အရှိုက်အ၀န်းတွေနဲ့ ဆွဲဆောင်နေတဲ့ တံတားလေး။
တံတားရဲ့ ဘေးကနေ လမ်းမကို ငုံ့ကြည့်လိုက်သေးတယ်လေ။
နောက်တနေရာကို ဆက်ရောက်လာတယ်။ သံတံတားတွေ အဆင့်ဆင့်။ အောက်မှာတော့ တောပဲရှိတယ်။
သစ်ပင်ပင်စည်တွေက နီကျင်ကျင်နဲ့။ လှတော့လှနေတာပါပဲ။
အဲဒီလို တမျှော်တခေါ်ကြီး ဆက်လျှောက်ကြတာပေါ့။
တံတားအဆင့်ဆင့် ဆုံးခါနီးတော့ လမ်းဘေးမှာ လုံးချင်းအိမ်လေးတွေ တွေ့လို့ အံ့သြသွားတယ်။ တောရိပ်တောင်ရိပ်နီးတော့ အေးချမ်းမှာပဲ။ ဈေးကြီးမယ် ထင်ပါတယ်။ ဒီလိုနိုင်ငံမှာ ဒီလိုအိမ်လေး ၀ယ်နိုင်ဖို့တော့ မလွယ်ပါဘူး။ သူငယ်ချင်း တချို့ကတော့ မြွေပါးကင်းပါး ကြောက်စရာကြီးလို့ ပြောနေကြတယ်။
Hort Park ကိုရောက်ပြီ။ အဲဒါ ခရီးဆုံးပဲပေါ့။ ဓာတ်ပုံတွေ ရိုက်ရင်း ဖြည်းဖြည်း လျှောက်လာတော့ ညနေ ၇ နာရီကျော်သွားတယ်။
Hort Park ထဲက ရေကြည်ကြည်ထဲမှာ အရိပ်ထင်နေတဲ့ အဆောက်အဦလှလှလေးကို မှတ်တမ်းတင်လာခဲ့သေးတယ်။ ကဲ.. အတူလိုက်လျှောက်ရတာ မျက်စိ ညောင်းသွားပြီလား။ ပန်းလေးတွေ ရိုက်လာတာတော့ နောက်မှပဲ သီးသန့်တင်တော့မယ်နော်။
Tuesday, October 21, 2008
အထာစကား
အထာစကား
မင်းတို့ကလွတ်ရာကျွတ်ရာ
ဟိုကောင်တွေကအထဲမှာ
ငါတို့က၀င်လိုက်ထွက်လိုက်
ဇာတ်တိုက်လို့မရတာလည်း မပြောနဲ့တော့
သိလား...
နေရာတကာ
အထာ....နဲ့
ကလေးတွေဗွီဒီယိုဂိမ်း အိုဘားမားကန်ပိန်းထည့်တာ
အထာ….နဲ့
ငွေကြေးခရိုက်စစ်နဲ့ ခါတော်မှီလူမွဲဖြစ်တာ
အထာ....နဲ့
တနေ့တလုံး မှန်မှန်ဗုံးကွဲနေတာ
အထာ....နဲ့
ဘောင်းဘီကိုချွတ် ပုဆိုး ပြောင်းဝတ်မယ်ကြံတာ
အထာ….နဲ့
ကမ္ဘာမကြေကိုတောင် အထာတွေနဲ့ဆိုနေရတဲ့ခေတ်
စိတ်ဆေးရုံကဆင်းထားတဲ့ လက်မှတ်
ဘက်ကပ် လုပ်ထားရတယ်
သိပ်လိုအပ်ရင်သရဲမွေး
ဗလိနတ်စာကျွေးရတယ်
ခေါင်းညိတ်ပြီးမှ
လက်နောက်ပစ် လွှတ်ချရတယ်
ပေးရင်အသာယူထား
အားရင်ကြိတ်ဝေလိုက်
တံဆိပ်တွေတော့လာလာမကပ်လေနဲ့
မိတ်အင်ဒီတင် တောင် မပြောနဲ့
ဘရန်းဒက် မဖြစ်လည်းနေပစေ
ခေါက်ထားတာတွေ လိုက်မဖြည်ရင်တော်ပြီ
ရေရှည်ကိုတွေး
ဒါကိုမှ ဒိတ်မပေါက်သေးရင်
ဟောဒီစာမျက်နှာ
ကွန်ပြူတာစခရင်ကိုပါးအပ်
နားဆတ်ဆတ်ထောင်ကြည့်
ဇလုံသံ ပန်းကန်သံ ပလုံသံ ပလွမ်သံ
ငပိသံ ငါးခြောက်သံ ဖိသံ ဟောက်သံ
ဈေးရောင်းသံ ခွေးမောင်းသံ
ညစ်ပတ်သံ ပစ်ခတ်သံ
ကလေးကစားသံ ပြေးလွှားသံ
ကြား.... သလား....
ကဗျာပုဝါပါးနဲ့
အလွှာတလွှာခြားထားတယ်
အထာ ……….... နဲ့။
ပန်ဒိုရာ
Monday, October 20, 2008
နှုတ်တိုက်ကဗျာ
နှုတ်တိုက်ကဗျာ
ကွန်ပြူတာကိုမေ့လိုက်ပါ
ကီးဘုတ်ကိုမေ့လိုက်ပါ
ဘောလ်ပင်နဲ့စာရွက်ကိုမေ့လိုက်ပါ
မင်းတီးခတ်ချင်ခဲ့တဲ့ ဂစ်တာတလက်ရဲ့
သံစဉ်ချိုတွေကို ကိုက်မျိုချလိုက်ပါ
သွားလေရာ လာလေရာ
ဘယ်ကြည့် ညာကြည့်
သတိနဲ့နှုတ်တိုက်ရွတ်ပါ
နံရံတွေကိုကြည့်ရင်းနှုတ်တိုက်ရွတ်ပါ
မျက်နှာကျက်ကိုငေးရင်းနှုတ်တိုက်ရွတ်ပါ
ထမင်းကြမ်းကြမ်းတွေစားရင်းနှုတ်တိုက်ရွတ်ပါ
မနက်ဖြန်ဆင်တူတွေကိုစောင့်ရင်း နှုတ်တိုက်ရွတ်ပါ
ခလုတ်တိုက်ရင်လည်းသတိရပါစေ
တရေးနိုးရင်လည်းသတိရပါစေ
ဘာတွေရွတ်နေသလဲ လို့ မိသွားရင်တော့
ဘုရားစာလို့ဖြေချင်ဖြေ...
ဒါပေမယ့်
မေတ္တာသုတ်ဆိုတာမျိုးတော့ ယောင်လို့မှမဖြေမိစေနဲ့
ကြာရင်တော့မင်းနှုတ်ခမ်းတွေ ခြေကုန်လက်ပမ်းကျလာမယ်
မင်းအိပ်မက်တွေ အပ်ကြောင်းထပ်လာမယ်
မင်းအသံတွေ ဇောချွေးပျံလာမယ်
မင်းမှတ်ဥာဏ်တွေ ပက်ကြားအက်လာနိုင်တယ်
မင်းအားထားစရာ မင်းရဲ့နှလုံးသားတခုပဲကျန်မယ်
ဘယ်လိုမှမသိမ်းနိုင်တော့တဲ့အခါ
အဲဒီအကြောင်းအရာ
ငါတို့ဆီအရောက်နှုတ်တိုက်ပို့လိုက်ပါ
နောက်မျိုးတဆက်ကိုနှုတ်တိုက်ကမ်းလိုက်ပါ။
ပန်ဒိုရာ
Sunday, October 19, 2008
သံလွင်အိပ်မက်ထဲက ခြေရာတွေ
သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၃) ထွက်ပါပြီ။ အယ်ဒီတာ တစ်ဦးဖြစ်တဲ့ ဘလော့ဂါ နေဘုန်းလတ်ကို ရုံးထုတ်စဉ်က သံလွင်အိပ်မက်အတွက် ဆိုပြီး သူရွတ်ပြခဲ့တဲ့ ကဗျာလေးတစ်ပုဒ် အပါအ၀င် အခြား ဘလော့ဂါ တွေ စာရေးသူတွေရဲ့ ၀တ္ထုတို ဆောင်းပါး ကဗျာ တွေကို မြိုင်မြိုင်ဆိုင်ဆိုင် အားဖြည့်ထားပါတယ်။
ပန်ဒိုရာ ရေးတဲ့ ခြေရာချွန်မြ ဆိုတဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။
...............
ဒီအချိန်ကိုရောက်လျှင် သူ့ရင်ထဲ နွေးထွေးလာသည်။ အကာအရံများဖြင့် ၀န်းရံနေသော သူ့အလုပ်နေရာတွင် လွတ်နေသော ထိုအောက်ခြေ ထောင့်ကွက်လပ်ကလေး ကို လှမ်းကြည့်လိုက်လျှင် သပ်ရပ်သော လမ်းမတခုကို တပိုင်းတစ မြင်ရမည်။ ထိုတပိုင်းတစ ပြကွက်တွင် ဒီအချိန်ရောက်တိုင်း စည်းဝါးကျနစွာ ဖွဲ့နွဲ့ထားသော သံစဉ်ချို တစ်ပုဒ် ရိုက်ခတ် လာမည်။ အဲသည် သံစဉ်ချိုလေးကို နက်မှောင်မှောင် ပြောင်လက်လက် ရှူးဖိနပ်ချွန်လေး တစ်ရံဖြင့် ဘောင်ခတ်ထားသည့် ခြေထောက်ကလေးက ဖန်ဆင်းထားပါသည်။
ကံကောင်းသောနေ့များတွင် လမ်းမမှာ ကားလာနေသဖြင့် ခြေထောက်ကလေးသည် ခေတ္တရပ်တန့်စောင့်ဆိုင်း နေရတတ်သည်။ အဲသည် အခါမျိုးမှာ သူ့အတွက် ခြေထောက်ကလေးကို ငေးမောချိန် ပိုရလေ့ရှိသည်။ လမ်းကို ဖြတ်မကူးခင်မှာ ခဲတံချောင်းလေးလောက် သေးချွန်ချွန် ဖိနပ်ခွာကလေး ပေါ်မှာ ခြေလှမ်းကို ထိန်းလိုက်ပုံ။ ကားကို စောင့်နေချိန်တွင် အိနြေ္ဒရရ ရပ်နေပုံ။ ကားများ ရှင်းသွားမှ မနှေးလွန်း မမြန်လွန်း ခြေလှမ်းများဖြင့် တလှမ်းချင်း ဆက်လှမ်းထွက်သွားပုံ။ မနွဲ့သော သို့သော် ဆတ်တောက်တောက်လည်း ဖြစ်မနေသော မနှေးသော သို့သော် ပျာယာခတ်ခြင်းမျိုးလည်း ဖြစ်မနေသော ခြေလှမ်းများ ပိုင်ရှင်။ သည်လို မိန်းကလေးတစ်ယောက်ဟာ ရုပ်ကလေးလည်းလှ စိတ်ထားကလေးလည်း သိမ်မွေ့သူ ဖြစ်ရမည်ဟု ဆိုင်ဆိုင်မဆိုင်ဆိုင် သူ တိတ်တခိုး ကောက်ချက်ချသည်။ .................
ဆက်ဖတ်ရန် ဒီကို သွားပါ။
Saturday, October 18, 2008
အချစ် ……. ဆိုသည်မှာ
အချစ် (၁)
“ကြယ်တွေ ကြွေလိုက်တာနော်..”
ကောင်လေးက ပက်လက်လှန်ကာ ကောင်းကင်ကြီးကို ကြည့်နေရင်း ပြောသည်။
“အင်း.. ကြယ်တွေ ကြွေတုန်း ဆုတောင်းရင် ပြည့်တယ်တဲ့”
ဒူးကလေးပိုက်ကာ ထိုင်နေသော ကောင်မလေးက ပြောလိုက်သည်။
“နင်က ဘာဆုတောင်းမှာလဲ”
ကောင်လေးကမေးလိုက်သည်။
“ငါလား ပိုက်ဆံတွေ အများကြီး လိုချင်တယ်။ ထီပေါက်ရင် ကောင်းမယ်နော်”
“အင်း ဒါပဲလား”
“ပြီးတော့ ငါလျှောက်ထားတဲ့ ကျောင်းကိုလည်း ရချင်တယ်။ စာတွေ အများကြီး ဆက်သင်ချင်တယ်”
“ဒါပဲလား”
“ဟင့်အင်း… ဒါဘယ်ကမလဲ။ ငါ့ဖေဖေနဲ့မေမေကို အသက်အရှည်ကြီး နေစေပြီး ငါက ကျေးဇူးဆပ်ချင်တယ်”
“ဒါပဲလား”
“ပြီးတော့ ကမ္ဘာအနှံ့ လျှောက်လည်ချင်တယ်။ နေရာတကာ ရောက်ဖူးချင်တယ်”
“ဒါပဲလား”
“မပြီးသေးဘူး။ ဖြစ်နိုင်ရင် ငါကလေ ဒီ့ထက် ပိုပြီး ချောချင်လှချင်သေးတယ်။ နတ်ရေကန်ထဲ ကျတယ် ဆိုတာမျိုးပေါ့”
“နင့်ဆုတောင်းတွေကလည်း များလိုက်တာနော်”
“အင်း.. ဟုတ်တယ်။ ဒါနဲ့ နင်ကရော ဘာဆုတောင်းမှာလဲ’
“ငါလား”
ကောင်လေးက တီးတိုးပြောလေသည်။
“နင်ဆုတောင်းတိုင်း ပြည့်စေဖို့ ကြွေပေးမယ့် ကြယ်ကလေးတပွင့် ထပ်ခါထပ်ခါ ပြန်ဖြစ်ပါစေပေါ့”
အချစ် (၂)
“ကျွန်တော် ကျွန်တော် … မပေးနိုင်တော့ဘူး ဥက္ကဌရေ..”
ကလေးအဖေ သည် သမီးကလေးကို ခပ်တင်းတင်း ပွေ့ဖက်ထားလိုက်သည်။ အနားတွင် ဗုံစီသလို စီနေသော ကြီးစဉ်ငယ်လိုက် ဘုစုခရု ကလေးများသည် သူတို့ အဖေကိုတလှည့် ဧည့်စိမ်းများကို တလှည့် မျက်နှာငယ်ဖြင့် ကြည့်နေလေသည်။
“ဒီလိုလဲ မလုပ်နဲ့လေ။ ကလေးတွေ ရှေ့ရေး ကြည့်ဦးမှပေါ့။”
“ဟုတ်တယ်။ သူတို့အမေက နောက်ဆုံးကလေးကို မမွေးနိုင်လို့ မီးတွင်းထဲမှာ ဆုံးသွားပြီးတဲ့နောက်ပိုင်း ဒီကလေး တပြုံကြီးကို ခင်ဗျား ဘယ်လိုမှ မကြည့်နိုင်တော့တဲ့အပြင် လုံလုံလောက်လောက်လည်း မထောက်ပံ့နိုင်ဘူးလေ။ သမီးလေးကိုတော့ အခုလို မွေးစားချင်တဲ့လူ ပေါ်လာတုန်း ပေးလိုက်တာ ကောင်းပါတယ်။”
“ဟုတ်ပါတယ်။ ကျွန်မတို့ကလည်း အိမ်မှာ မိန်းကလေး မရှိလို့ အဖော်ရချင်တာ ဆိုပေမယ့် ကလေးကို သူစာလိုက်နိုင်သလောက် ကျောင်းလည်း ထားပေးဦးမှာပါ။”
“ကျွန်တော် ကလေးတွေနဲ့ မခွဲနိုင်ဘူး။ သူတို့မောင်နှမချင်း ခွဲရမှာလည်း မကြည့်ရက်ဘူးဗျာ။”
ကလေးအဖေသည် ပြောရင်း အသံတိမ်ဝင်သွားသည်။
“ဟုတ်တယ် ဟုတ်တယ် ညီလေး ညီမလေးတွေနဲ့မခွဲချင်ဘူး။ သား ကျောင်း ဆက်မတက်တော့ဘူး။ ဆိုက်ကားနင်းမယ်လေ။”
ဆယ်နှစ်သားခန့်ရှိသော အကြီးကောင်လေးက ၀င်ပြောလိုက်သည်။
ကလေးအဖေက မျက်နှာကို အုပ်ကာ တသိမ့်သိမ့် ရှိုက်လိုက်သည်။ ဘာမှန်းညာမှန်း ရေရေလည်လည် မသိသော်လည်း သူ့အဖေနှင့် အကိုတို့၏ မျက်နှာရိပ်ကို ကြည့်ကာ အော်ငိုလိုက်သော ကလေးတသိုက်၏ အသံများ တဲကလေးထဲ ပျံ့လွင့်သွားသည်။ သမီးလေးကို မွေးစားမည့် အမျိုးသမီးကြီးသည် မျက်ရည်များ ၀ဲလာလေသည်။ ရပ်ကွက်လူကြီးသည် မြင်ကွင်းမှ မျက်နှာကို လွှဲရင်း ခေါင်းယမ်းကာ သက်ပြင်းကိုသာ အသာမှုတ်ထုတ်လိုက်တော့သည်။
အချစ် (၃)
“အဘိုးကြီးနှယ် လုပ်ချလိုက်ပြန်ပြီကွယ်”
အဘွားကြီးသည် အိပ်ရာပေါ်မှ အနံ့ထောင်းထောင်းထနေသော ရေကွက်ကွက်ကို စိတ်မသက်မသာဖြင့် ကြည့်လိုက်လေသည်။
“တနေ့တနေ့ သူ့အတွက် လျှော်ရဖွတ်ရ။ ကိုယ်ကလည်း သိပ်နေကောင်းလှတာ မဟုတ်။ အခုလည်း ဘယ်ရောက်သွားပြန်လဲ မသိ။”
တဖြစ်တောက်တောက် ပြောနေစဉ် အိမ်ရှေ့မှ ကလေးတစ်ယောက် အော်သွားသံ ကို ကြားလိုက်ရသည်။
“ဘွားလေးရေ အဘိုး သစ်ပင်တက်နေတယ်ဗျို့”
“ဟင်.. ဘုရား ဘုရား”
ကပျာကယာ ထွက်ကြည့်လိုက်တော့ ခြံထဲတွင် အဘိုးကြီးသည် လက်ကလေး နောက်ပစ်ကာ မသိသလို ရပ်နေလေသည်။
“ရှင်.. ရှင်.. သစ်ပင်ပေါ် တက်တယ်ဆို”
အဘိုးကြီးက မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ခေါင်းညိတ်ပြလိုက်ပါသည်။
“အဲဒါတွေ စိတ်ညစ်ရတာပေါ့ အဖေကြီးရေ။ ရှင့်ကိုရှင် ကာလသားလေး မှတ်နေလား။ လေဖြတ်ထားလို့ မသန်မမာ ဖြစ်နေတယ်ဆိုတာလည်း မမေ့နဲ့ဦး။ သစ်ပင်ပေါ် ဘာသွားလုပ်ရတာလဲ။ သားသမီးတွေက တယောက်မှ အနားမှာ မရှိဘူး။ ကျွန်မလည်း ရှင့်ကို မျက်စိဒေါက်ထောက် ကြည့်မနေနိုင်ဘူး။”
အဘွားကြီးသည် ပြောရင်း ဒေါသသံပါလာသည်။
အဘိုးကြီးထံမှ စကားသံ မပီမသ ထွက်လာသည်။
“မင်းအတွက်ပါ”
“ဘာလဲ ကျွန်မအတွက်”
အဘိုးကြီးသည် နောက်ပစ်ထားသော လက်ကို ရှေ့သို့ ထုတ်လိုက်သည်။
ကံ့ကော်ပန်းကလေး သုံးလေးခက် ဖြစ်လေသည်။
အချစ် (၄)
လရောင်သည် တောအုပ်ထဲမှ သစ်ပင်ထူထူများနှင့် မြက်ခင်းများပေါ်သို့ ငွေရောင်အလွှာပါး တစ်ထပ်ကို ပြိုးပြက်လွှမ်းခြုံ နေစေ၏။ မြင်းခွာသံသဲ့သဲ့ သည် ဝေးရာမှ နီးလာပြီ။ ချပ်မိန်ညို ၀တ်ဆင်ထားသော သဏ္ဍာန်တစ်ခု မြင်ကွင်းသို့ ပေါ်လာသည်။ နေ့မှန်းညမှန်း မသိလောက်အောင် စစ်ပန်းလာခဲ့သော သူရဲကောင်းသည် တောအုပ်ထဲမှ ရေကန်ကလေးကို လှမ်းမြင်လိုက်လေသည်။ လမင်းသည် ပြာပြာမှောင်နေသော ကန်ရေပြင်ထဲတွင် လှုပ်ရုံလေး လှုပ်နေ၏။ သူရဲကောင်းသည် ကန်ရေအေးအေးဖြင့် ခြေလက်မျက်နှာတို့ကို သုံးသပ်ဆေးကြောရင်း အမောဖြေလိုက်သည်။
ထိုအခိုက်…..
ကန်စပ်နံဘေးတွင် တချိန်လုံး ငိုက်မျဉ်းနေခဲ့သော တောပန်းကလေး တစ်ပွင့်၏ ပွင့်ဖတ်များ ဖြတ်ခနဲ အာသွားလေသည်။
ဝန်းကျင်တ၀ိုက် ရုတ်ချည်း သင်းပျံ့လာသော ပန်းရနံ့ကြောင့် သူရဲကောင်းသည် ဟိုဟိုဒီဒီ စူးစမ်းလိုက်သည်။ ပန်းကလေး တစ်ပွင့် ပါလား..။
လရောင်အောက်ဝယ် ဖြူသလို ၀ါသလို ပြာသလို နှင့် အရောင်လျှပ်ပြေးနေသော တောပန်းကလေးသည် သူရဲကောင်းကို ခပ်ငေးငေး ကြည့်နေသယောင်။ သူရဲကောင်းသည် ပန်းကလေးရှိရာသို့ အလိုအလျောက် လက်လှမ်းလိုက်မိလေသည်။ တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်….။ သူရဲကောင်းသည် သက်ပြင်းတစ်ချက်ကို သာသာချလိုက်သည်။
မကြာမီ မြင်းခွာသံများ ပြန်လည် ပေါ်ထွက်လာသည်။ ပြီးတော့ မှိန်ဖျော့ ပျောက်ကွယ်သွားခဲ့ပြီ။
လှုပ်ခတ်သွားခဲ့သော ကန်ရေပြင်ဘေးမှ ပန်းကလေးသည် လရောင်အောက်ဝယ် ထီးထီးကျန်ခဲ့လေသည်။
အချစ် (၅)
ကိုအောင်သာငယ် ရေးခိုင်းထားတဲ့ စာပါ။ ဆက်ရေးချင်တာလေးတွေ ရှိသေးပေမယ့် ဒီလောက်နဲ့ပဲ ရပ်ထားလိုက်တယ်။ ဆက်ပြီး တက်ဂ် ချင်တဲ့ လူတွေရှိတာပေါ့။ တစ်ယောက်က အာသဝေါ ကုန်လုလု ဖြစ်နေသတဲ့။ နောက် တစ်ယောက်ကလည်း သာသနာပြုတော့မယ်တဲ့။ ဒါနဲ့ ကိုယ့်ကို မော်မကြည့်ဝံ့တဲ့ နတ်ဆိုးလေးကိုပဲ တက်ဂ်လိုက်ပါတယ်။ ဟေ့ရောင်လေး ရေးပေတော့။
Monday, October 13, 2008
ဖွဲ့တည်ရာ မဂ္ဂဇင်း အတွဲ (၁) အမှတ် (၅)
Sunday, October 12, 2008
စည်းအပြင်ဘက်က စဉ်းစားခြင်း ဥပမာတစ်ခု
စာတွေရေးဖို့ လောလောဆယ် စိတ်အေးလက်အေး မရှိသေးတာမို့ စိတ်ဝင်စားစရာ ဗွီဒီယိုလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဥပဒေ ပညာရှင်တစ်ဦး ဖြစ်တဲ့ Prof. Larry Lessig ရဲ့ speech ဖြစ်ပါတယ်။
တီထွင်ဖန်တီးမှုတွေ ကြောင့်ပဲ လူတွေ အကျိုးရှိမယ့် နည်းပညာတွေ တိုးတက်လာတယ်။ ဖျော်ဖြေမှုတွေ စာပေ အနုပညာတွေ ဆန်းသစ်လာတယ်။ ဒါကြောင့် တီထွင်ဖန်တီးမှုတွေကို အားပေးကြရတယ်။ အားပေးဖို့အတွက် တီထွင်ဖန်တီးမှုတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးရတယ်။
ဟိုယခင်ကတော့ သာမန် နေ့စဉ်ဘ၀မှာ လူတွေက ဖန်တီးမှုတွေကို ထိုင်ကြည့်ကြတယ်။ အခုခေတ်မှာ ကိုယ်တိုင် ဖန်တီးကြည့်ကြတယ်။ အကျိုးအမြတ်ကြောင့် မဟုတ်ပဲ ဖန်တီးလိုစိတ်ကြောင့်ကို ဖန်တီးလာကြတယ်။ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့အခါ ဖန်တီးပြီးသားတွေ အပေါ်မှာပဲ ဖြတ်ညှတ်ကပ်ပြီး အသစ်တစ်ခုအဖြစ် တန်ပြန်ဖန်တီး ကြတာ ရှိလာတယ်။ ပြီးတော့ မျှဝေကြတယ်။
ဒီအခါ ဖန်တီးမှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားခဲ့တဲ့ တချို့ ဥပဒေ တွေဟာ လူတွေ နေ့စဉ်နေထိုင်နေတဲ့ ဘ၀မှာပဲ အလွယ်တကူ ချိုးဖောက်စေတဲ့ အရာတစ်ခု ဖြစ်လာတယ်။ ဥပဒေဆိုတာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခဲ့ရတယ် ဆိုရင် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေ စိတ်ဝင်စားမှုတွေ မတားမဆီးနိုင် ပြောင်းလဲလာတဲ့အခါ အစွန်းနှစ်ဘက်ကြားမှာ ဘယ်လို လိုက်လျောညီထွေ ပြုပြင်သင့်သလဲ။ အထူးသဖြင့် မျိုးဆက်သစ်တွေရဲ့ ဖန်တီးလိုစိတ်ကို မပိတ်ပင်စေဖို့ ဘာလုပ်နိုင်မလဲ ဆိုတာကို ရှုထောင့်တမျိုးက သုံးသပ်ထားတာ စိတ်ဝင်စားစရာ ကောင်းတဲ့ တွေးတောခြင်း ဥပမာ တစ်ခုပါ။
ဒါကိုကြည့်ပြီးတဲ့အခါ ကလေးတစ်ယောက် ဖန်တီးထားတဲ့ ဒီဗွီဒီယိုလေးကိုလည်း အားပေးကြည့်ကြပါဦး။
Thursday, October 9, 2008
ကိတ်မုန့်တစ်လုံးကို ဘယ်လိုခွဲဝေမလဲ
“ဒီမှာ ကိတ်မုန့် တစ်လုံး ရှိတယ်။ စားမယ့်လူက အယောက်နှစ်ဆယ် ရှိတယ် ဆိုပါစို့။ ဘယ်လိုခွဲဝေနိုင်မလဲ။”
ဆရာက သူ့လက်ထဲက ကိတ်မုန့်ကို စားပွဲပေါ် ချထားလိုက်ပြီး ကျောင်းသားများ မျက်နှာကို တစ်ဦးချင်း လိုက်ကြည့်လေသည်။ ရှေ့ဆုံးတန်းတွင် ထိုင်နေသော ကျောင်းသား တစ်ယောက်က အရင်ဆုံး လက်ထောင်လိုက်သည်။
“အလယ်ကနေ နှစ်ခြမ်းအရင် ခြမ်းမယ်။ ပြီးတော့ တစ်ခြမ်းကို ဆယ်စိတ်အညီအမျှ ရအောင်စိတ်မယ်။”
ဆရာက သင်ပုန်းပေါ် ရေးမှတ်လိုက်သည်။
“ဆိုလိုချင်တာက တူညီတဲ့ အစိတ် နှစ်ဆယ် ရအောင် ပိုင်းမယ်ဆိုပါတော့။ ဟုတ်လား။”
“ဟုတ်ပါတယ် ဆရာ”
“ကျနော်ကတော့ ဒီလို မခွဲဘူး။”
ခပ်၀၀ ကျောင်းသားတစ်ယောက်က ပြောလေသည်။ သူ့မျက်နှာပေးက ခပ်ပြုံးပြုံး။ သူက ပျော်တတ်ပုံရသည်။
“ကိုယ်ခန္ဓာ အချိုးအစားအလိုက် ခွဲမယ်။ ၀တဲ့လူတွေကို အစိတ်ကြီးကြီးပေးမယ်။ ပိန်တဲ့လူတွေကို အစိတ်သေးသေးပေးမယ်။”
တတန်းလုံး ၀ါးခနဲ ရယ်မောလိုက်ကြသည်။ အတန်းက ပိုပြီး အသက်ဝင်လာသည်။
မိန်းကလေးတစ်ယောက်က ခပ်သွက်သွက် ၀င်ပြောလိုက်သည်။
“ဘယ်ဟုတ်မလဲဆရာ။ မိန်းကလေးတွေကို ဦးစားပေးတဲ့အနေနဲ့ အစိတ်ကြီးကြီးတွေ ပေးရမယ်။ ယောင်္ကျားလေး တွေက အစိတ်သေးသေးယူရမယ်။”
“ဟုတ်တယ် ဟုတ်တယ်။” မိန်းကလေးများ ဘက်မှ ထောက်ခံသံများ ထွက်လာသည်။
ဟစ်ပ်ဟော့ပ်စတိုင် ပေါက်နေသော ကျောင်းသား တစ်ယောက်က အားကျမခံ ပြောလိုက်ပြန်သည်။
“ဟာ.. ဒီလိုပြောကြေးဆိုရင် အသက်ပေါ် မူတည်ပြီး ခွဲသင့်တာပေါ့။ အသက်ကြီးတဲ့လူတွေက ကိတ်မုန့်ကို ပိုပြီး စောစောစားဖူးလို့ နည်းနည်းပဲ ယူသင့်တယ်။ ငယ်တဲ့သူတွေက များများယူရမယ်။ သာမန်အားဖြင့် ဆိုရင် ငယ်တဲ့လူတွေက ဘ၀မှာ အချိန်ကြာအောင် ဆက်အသက်ရှင် နေရဦးမယ် မဟုတ်လား။ သူတို့ကို ဦးစားပေးသင့်တယ်။”
ထိပ်ပြောင်ပြောင်နှင့် ကျောင်းသားတစ်ယောက်က ကပျာကယာ ကန့်ကွက်လိုက်ပါသည်။
“ဟေ့ဟေ့.. မောင်ရင်ပြောတာက ပြောင်းပြန်တွေ ဖြစ်နေပါပြီ။ အသက်ကြီးသူတွေကို အရိုအသေ ပေးတဲ့အနေနဲ့ ပိုပြီး များများပေးသင့်တာ မဟုတ်ဘူးလား။”
မျက်မှန်ထူထူ တပ်ထားသော ကျောင်းသားတစ်ယောက်က လက်ခါရမ်းလိုက်သည်။
“တခုမှ မဟုတ်သေးဘူး ထင်တယ် ဆရာ။ ဦးစားပေးတယ် ဆိုရင်လည်း ဘယ်သူ့ကိုပဲပေးပေးလေ တကယ်စားနိုင် မစားနိုင်က သိဖို့ လိုသေးတယ်။ မကြိုက်တဲ့ လူကလည်း ရှိဦးမယ်။ ဘယ်သူ စားချင်သလဲ။ ဘယ်လောက် စားနိုင်သလဲ။ မေးပြီးမှ လိုသလို ခွဲပေးတာ ကောင်းမယ် ထင်ပါတယ်။ နို့မို့ရင် အလဟသတွေ ဖြစ်ကုန်မှာ စိုးရတယ်လေ။”
ဆရာက ပြောသမျှ နည်းလမ်းတွေကို သင်ပုန်းပေါ်မှာ ချရေးလိုက်ပါသည်။
“ဟုတ်လာပြီ ဟုတ်လာပြီ။ ကဲ .. ဆက်စဉ်းစားပါဦး။”
အအေးဓာတ်ကဲသော အခန်းထောင့်တနေရာတွင် ထိုင်နေသည့် အနွေးထည်ထူထူ ၀တ်ထားသော ကျောင်းသား တစ်ယောက်က လက်ထောင်လိုက်သည်။
“ကျနော် စဉ်းစားမိတာ ပြောပါရစေ။”
သူကတော့ စကားပြောတာ တုံ့နှေးနှေး နိုင်လှသည်။ သူ့ထံမှ စကားသံ ထွက်လာရန် စက္ကန့်အနည်းငယ်ကြာ စောင့်လိုက်ရသည်။
“ကိတ်မုန့်မှာ သစ်သီးတချို့လည်း ပါနေတယ်။ လှီးလိုက်တဲ့အခါ အစိတ်တိုင်းမှာတော့ သစ်သီးတစ်ခု ပါမသွားနိုင်ဘူး။ နောက်တခုက ပဲ့တာရွဲ့တာ တွေလည်း ဖြစ်နေနိုင်တယ်။ စားချင်သူ စားနိုင်သူတိုင်းကို လိုသလို ခွဲပေးရရင် မျှတဖို့အတွက် ခက်တယ်ဆရာ။ ကျနော်ကတော့ လုပ်အားစိုက်ထုတ်တဲ့ အပေါ်မှာ မူတည်ပြီး ခွဲချင်ပါတယ်။”
“ဟုတ်ပြီ။ ဒီတော့…”
“ဒီကိတ်မုန့်ကို သယ်လာရတဲ့လူ၊ ခွဲဝေဖို့ ဓားနဲ့လှီးပေးတဲ့လူ၊ ပြီးတော့ စားဖို့ ပန်းကန်တွေ ဆေးကြောပေးရတဲ့လူ၊ စားသောက်ပြီးရင် သန့်ရှင်းရေးလုပ်ပေး အမှိုက်ပစ်ပေးတဲ့လူ .. စတဲ့ လူတွေဟာ ကိတ်မုန့် ခွဲဝေစားသုံးတဲ့ ကိစ္စမှာ ကမကထ လုပ်ပြီး သူတို့ရဲ့လုပ်အားကို စိုက်ထုတ်ပေးတဲ့အတွက် သူတို့ လိုချင်တဲ့အပိုင်းကို အရင် ရွေးခွင့်ပေးသင့်ပါတယ် ဆရာ။”
“ဟာ.. ဒါဆို သူတို့က အကြိုက်ဆုံး အကောင်းဆုံးတွေ ယူသွားပြီး တခြားလူတွေ အတွက် မကျန်ရင် ဘယ်လိုလုပ်မလဲ။”
တချိန်လုံး ငြိမ်နေခဲ့သည့် ဆံပင်ရှည်ရှည် ကျောင်းသားတစ်ယောက်က ထအော်လိုက်သည်။
ဆရာက ခေါင်းတဆတ်ဆတ် ညိတ်ရင်း ချရေးလိုက်ပြန်သည်။
“ကဲ ဟုတ်ပြီ။ ဒီလောက်ဆိုရင်တော့ စဉ်းစားကြတာ လုံလောက်သလောက် ရှိပါပြီ။ အားလုံး ပြောတာတွေ ခြုံကြည့်လိုက်ရင် ဒီလို မှတ်ချက်ချရမယ်။ ပထမဆုံး ပြောရမှာကတော့ ကိတ်မုန့်တစ်လုံး ခွဲဝေရတာ ထင်သလောက် မလွယ်ဘူးပဲ။”
ကျောင်းသားများ ၀ါးခနဲ ရယ်လိုက်ကြပြန်ပါသည်။ ဆရာက ဆက်ပြောသည်။
“အညီအမျှဖြစ်ခြင်း(equality) နဲ့ မျှတခြင်း(equity) ဆိုတာ မတူဘူး။ မတူညီတဲ့ အခြေခံတွေပေါ်ကို အညီအမျှ သွားလုပ်လိုက်လို့ မမျှမတ ဖြစ်သွားတာတွေ ရှိတတ်တယ်။ မျှတဖို့အတွက် ညီညီမျှမျှ မဟုတ်ပဲ ခွဲဝေရတာတွေ ရှိတတ်တယ်။ ဦးစားပေးသင့်တာတွေကို ထည့်တွက်ဖို့ လိုသလို လုပ်အားစိုက်ထုတ်မှု ကိုလည်း ထည့်တွက်ရမယ်။ အလေအလွင့် မရှိအောင်လည်း တွက်ချက်ရမယ်။ အဲဒီလို မျှတအောင် လုပ်ရမယ့် စဉ်းစားပုံတွေက ဒီအတိုင်း ညီညီမျှမျှ အပိုင်းတွေ ပိုင်းချလိုက်တဲ့နည်းထက် ပိုရှုပ်ထွေးတယ်။ ခွဲဝေပုံတွေ စဉ်းစားတဲ့အခါ ကိုယ့်အကျိုးစီးပွား တွေနဲ့လည်း ပြိုင်ဆိုင်နေတတ်တယ်။ အလွဲသုံးစား မလုပ်စေဖို့လည်း လိုတယ်။ ဒါကြောင့် အများသူငါရှေ့မှာ ရှင်းရှင်းလင်းလင်းဖြစ်ဖို့နဲ့ ထောက်ပြခွင့် ရှိဖို့တော့ လိုမယ်။ နောက်ထပ် ဘာတွေ ရှိဦးမလဲ ဆက်စဉ်းစားကြတာပေါ့။ ဒီနေ့တော့ ဒီလောက်ပဲ။ ဆရာဝယ်လာတဲ့ ကိတ်မုန့်ကိုလည်း လက်တွေ့ တကယ်စားလိုက်ကြပါဦး။”
ဆရာက ဓားတစ်ချောင်းကို ကိတ်မုန့်ဘေးသို့ ချပေးလိုက်ရင်း ရယ်သံစွက်ကာ ပြောလိုက်ပါသည်။
“ကဲ တရားအမျှတဆုံး ဖြစ်အောင် ခွဲပြီး စားကြပေတော့။ ဆရာ့ဖို့လည်း တစ်စိတ်ချန်ထားဦးနော့ ”
ကျောင်းသားများ ပျော်ရွှင်စွာ ရယ်မောရင်း ကျောင်းဆင်းလိုက်ကြပါသည်။
ပန်ဒိုရာ
(ကျောင်းသားဘ၀ စာသင်ခန်း အတွေ့အကြုံ တစ်ခုမှ ဆင့်ပွား ခံစားထားပါသည်။)
Wednesday, October 1, 2008
အနုပညာ အတတ်ပညာ
ပြီးခဲ့တဲ့ ရက်ပိုင်းက သူငယ်ချင်းတယောက်နဲ့အတူ အနုပညာနဲ့ အတတ်ပညာ အကြောင်းကို ပြောဖြစ်ခဲ့ကြတယ်။ အနုပညာထဲမှာ အတတ်ပညာက ဘယ်လောက် အတိုင်းအတာအထိ ရောနှောနေသင့်သလဲ။ အတတ်ပညာသက်သက်က လူတွေရဲ့ စိတ်နှလုံးကို ဘယ်လောက်ဖမ်းစားနိုင်မလဲ။ အနုပညာ အတတ်ပညာဆိုတဲ့ စကားတွေရဲ့ အဓိပ္ပာယ်ကို ဘယ်လို ဖွင့်ဆိုရမလဲ။ ကိုယ်ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ကို သတိရသွားခဲ့ပါတယ်။ အဲသည်စာကတော့ အဖြေတခုခုကို လှစ်ပြခဲ့တယ် လို့ ထင်မိပါတယ်။ အခုလို ခံစားပြီး ပြန်ရေးချ လိုက်တယ်။
-----
ဇာခန်းဆီးပါး နောက်ကွယ်က အရိပ်စွန်းစတစ်ခုဟာ ဘုရင့်စာဆိုငယ်အတွက် လှုပ်ခတ်နေခဲ့ဖူးတယ်။။ နှင်းဆီရောင် သန်းနေတဲ့ နူးညံ့တဲ့ ခြေတစ်စုံဟာ ခြေလှမ်းတစ်ချက် ချလိုက်တိုင်း ခြေကျင်းဝတ်မှာ ဆင်မြန်းထားတဲ့ ရွှေခြူလေးတွေ ချလွင်ချလွင်နဲ့ တွန်းတိုက်လို့။ တဖန် ဒါဟာ စာဆိုငယ်ရဲ့ ရင်ခုန်သံ စည်းချက် အဖြစ် ကူးပြောင်းလို့။ အဲဒီအချိန်တွေမှာ နန်းရင်ပြင်ဟာ တောအုပ်စပ်စပ်က ပန်းရိုင်းတို့ရဲ့ ရနံ့နဲ့ သင်းပျံ့သွားခဲ့မှာပေါ့။ တချို့ဇာတ်လမ်းတွေဟာ ဒဏ္ဍာရီဆန်ဆန် ဆွတ်ပျံ့ ငြိမ်းချမ်းခဲ့ဖူးပါတယ်။ နှာခေါင်းချွန်ကောက်ကောက် ပိုင်ရှင် ကိုဧည့်သည်တစ်ယောက် နန်းရင်ပြင်ကို စကားလုံးတွေနဲ့ သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ အဲဒီအချိန် မတိုင်မီ အထိပေါ့။
နန်းရင်ပြင်ဟာ သတ်ကွင်းတခုအဖြစ် ကူးပြောင်းလာလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ခဲ့ကြမှာလဲ။ အဲဒီနေ့မှာတော့ ဘုရင်အပါအ၀င် ပရိသတ်ဟာ အသစ်အဆန်းကို ငံ့လင့်နေကြတယ်။ ကိုဧည့်သည်ဟာလည်း အာသာငန်းငန်း ဆာလောင်နေတဲ့ နှလုံးသားကို ၀တ်ရုံ ခမ်းခမ်းနားနားတစ်ခုနဲ့ ဖုံးအုပ်ရင်း အသင့် စောင့်နေတယ်။ ပြိုင်ပွဲရဲ့ ဒုတိယနေ့ရောက်ခဲ့ပြီ။ တိတိကျကျပြောရရင် တကယ်တော့ ဒါဟာ လောင်းကြေးထပ်ထားတဲ့ စစ်ပွဲတပွဲပါပဲ။
သိမ်မွေ့တဲ့ စာဆိုငယ်ရဲ့ ပါးပြင်ဟာ မိန်းမပျိုတစ်ယောက်လို ရှက်သွေးဖြာ နေတယ်။ သူက ကဗျာတစ်ပုဒ်ကို ဖြည်းဖြည်းညင်သာ စရွတ်လိုက်ပါတယ်။ သူ့အသံဟာ နူးညံ့ တိုးလျလွန်းတဲ့အတွက် ပထမ တစ်ကြောင်း နှစ်ကြောင်းမှာ ကြားတောင်မကြားရပဲ တိမ်ဝင်သွားတယ်။ သူရွတ်လိုက်တဲ့ ကဗျာဟာ ဘာနဲ့တူသလဲ ဆိုတော့ တောအုပ်ထဲက လေကို ထိုးခွဲထွက်လာတဲ့ ပုလွေသံလေးလိုပဲ။ အဲသည် ဂီတသံဟာ ဘယ်ကနေ ထွက်ပေါ်လာသလဲ ဆိုတာကို မဝေခွဲနိုင်ဘူး။ တခါတခါ တောင်ဘက်က တိုက်ခတ်လာတဲ့ လေပြည်ရဲ့ နှလုံးသည်းပွတ်မှာ….။ တခါတခါ တောင်ကုန်းထိပ်က လွင့်မျောနေတဲ့ တိမ်တိုက်တွေထဲမှာ…။ အဲဒီ ဂီတသံက အာရုံဦး နေထွက်ချိန်ရဲ့ တွေ့ဆုံမိတ်ဆက်မှုတွေကို သယ်ဆောင်လာသလို ဆည်းဆာ နေ၀င်ချိန်ရဲ့ လွမ်းမောတမ်းတစရာတွေ ကို ဖော်ကျူးနေသလိုလည်း ဖြစ်နေတယ်။
အသံဟာ နေရာတကာကနေ ပျံ့လွင့်နေတယ်။ အရိပ်ကျနေတဲ့ လမ်းကြားလေးတွေက.. အထီးကျန်နေတဲ့ လမ်းမတွေက… ကောင်းကင်ရဲ့ အရည်ပျော်ဆင်းနေတဲ့ အပြာရောင်ထုထဲက… မြက်ခင်းတွေရဲ့ စိုလက်နေတဲ့ အစိမ်းရောင်တွေထဲက…။ ကြားလိုက်ရတဲ့ လူတွေဟာ ကဗျာရဲ့ အဓိပ္ပာယ်ကို တိတိကျကျ ဘာရယ်လို့ မပြောနိုင်ဘူး။ တနည်းပြောရရင် သူတို့ရဲ့ နှလုံးသားထဲက ထွက်ကျလာတဲ့ လိုအင်ဆန္ဒတွေကို ရေရွတ်ပြဖို့ စကားလုံးတွေကို ရှာမတွေ့နိုင်ဘူး.။ မျက်လုံးမှာ မျက်ရည်တွေ ပြည့်နှက်လာတယ်။ ပြီးတော့ သူတို့ရဲ့ ဘ၀ကို ပြီးပြည့်စုံတဲ့ နေရာကို ခေါ်ဆောင်သွားပါတော့လို့ သေမင်းကိုပဲ တမ်းတမိတော့သလိုမျိုး ခံစားနေကြရတော့တယ်။
စာဆိုငယ် ကိုယ်တိုင်ကရော..။ သူ့ရဲ့ ပရိသတ်ကို မေ့လျော့နေတယ်။ သူ့ရဲ့ ပြိုင်ပွဲကိုလည်း မေ့နေတယ်။ သူတစ်ယောက်တည်း တွေတွေ ရပ်နေရင်းက သူ့အတွေးတွေဟာ လှုပ်ခါနေလိုက်တာ နွေလေပြည်ရဲ့ တိုက်ခတ်မှုကို ခံရတဲ့ သစ်ရွက်တွေလိုပါပဲ။ သူက ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်။ ပရိသတ်ကလည်း ရင်ထဲမှာ ဖော်မပြနိုင်အောင် ရောနှောထွေပြားနေတဲ့ ၀မ်းနည်းမှု ဆွတ်ပျံ့ကြည်နူးမှု တွေနဲ့အတူ လက်ခုတ်သြဘာ ပေးဖို့တောင် မေ့လျော့ ငြိမ်သက်နေကြတော့တယ်။
ငြိမ်သက်နေတဲ့ ပရိဿတ် ဘာမှ ပြန်မပြောနိုင်ခင်မှာ ကိုဧည့်သည်ဟာ ခမ်းနားလှပတဲ့ ဝေါဟာရတွေ နန်းရင်ပြင်ထဲကို ဖြန့်ကြဲချလိုက်တယ်။ ဒီမှာ… ချစ်သူဆိုတာ ဘာလဲ။ အချစ်ဆိုတာဘာပဲ။ ခမ်းနားကြီးကျယ်တဲ့ ချစ်ရာဇ၀င် ပုံပြင်တွေကို သင်တို့ကြားဖူးပါစ။ ချစ်ခြင်းရဲ့အနက်ကို ခွဲခြမ်းစိတ်ဖြာဖူးပါစ။ စကားလုံးတွေကပဲ အားလုံးရဲ့ စတင်ရာ ဖြစ်တော့တယ် ဆိုတာ သင်တို့ သိပါစ။ အို .. ပြောရရင်တော့ စကားလုံးတွေသာလျှင် ဘုရားသခင် ဖြစ်တယ်။
သူဟာ ကျမ်းဂန်တွေထဲက အကိုးအကားတွေကို ထည်ထည်ဝါ၀ါ သုံးချလိုက်တယ်။ ပြီးတော့ စကားလုံးတွေဟာ ကောင်းကင်ဘုံနဲ့ မြေကြီးတို့မှာ ရှိရှိသမျှ အရာတွေ အားလုံးရဲ့ အထက်မှာ ရှိကြောင်း ကြွေးကြော် ကြုံးဝါးလိုက်တယ်။ ဒီမှာ.. စကားလုံးတို့ထက် ကြီးကျယ် မြင့်မြတ်တဲ့အရာ ဘာများ ရှိသေးလို့လဲ.. ဟင်..။
သူ့ဟာ ရင်ဘတ်တွေကို ဖွင့်ထားတယ်။ ဦးခေါင်းကို မော့ထားတယ်။ သူ့အသံဟာ ခြင်္သေံ့တစ်ကောင်လို ဟိန်းဟောက်နေတယ်။ ဆင်တကောင်ရဲ့ တိုက်ပွဲဝင် ဟစ်ကြွေးသံမျိုး တုန်ခါနေတယ်။
ဝံ့ကြွားစွာနဲ့ ပတ်ပတ်လည်ကို သူကြည့်လိုက်တယ်။ သူ့ရဲ့ စိန်ခေါ်မှုကို ဘယ်သူမှ အံတု မတုန့်ပြန် နိုင်ပါဘူးလေ။ သားကောင်ကို တ၀ကိုက်ဖဲ့ ၀ါးမျိုပြီးသွားတဲ့ ခြင်္သေ့တစ်ကောင်လိုပဲ သူ့ရဲ့ ခုံပေါ်မှာ မြိန့်မြိန့်ကြီး ပြန်ထိုင်ချလိုက်တယ်။ အဲသည် အချိန်အထိကို သူ့အသံဟာ နန်းရင်ပြင်ရဲ့ နံရံတွေမှာ တိုင်လုံးကြီးတွေမှာ တုန်ရီ ပဲ့တင်ထပ်နေတုန်းပဲ။ ခမ်းနားပေစွ။ ကြီးမြတ်ပေစွ။ ပရိသတ်ဟာ တုန်လှုပ်ကျန်ခဲ့တော့တယ်။ ပညာရှင်များကတောင် အံ့ချီးမဆုံး ဖြစ်ကြရတယ။် လက်ခုတ်သြဘာသံတွေ ညံသွားတယ်။ ဘုရင်ကလည်း အံ့သြခြင်းတွေနဲ့ ပါးစပ်အဟောင်းသား။
အို.. သည်လိုဆိုတော့လည်း စာဆိုငယ်ရဲ့ ကဗျာမျိုးဟာ အများသူငါတောင် စပ်မယ်ဆိုရင် ဖွဲ့သီနိုင်သေးတာပဲ။ ထူးခြားတဲ့ စကားလုံးဆိုတာလည်း ဝေး။ ဘာမှ အဆင်တန်ဆာမပါ။ နားလည်လွယ်တယ်။ ရိုးလွန်းလှတယ်လေ။ စာဆိုငယ် ကဗျာရွတ်စဉ်က လူတွေရဲ့ ရင်ထဲမှာ စွဲငြိသွားတဲ့ တစုံတရာကို ခမ်းနားတဲ့ စကားလုံးတွေက ရေလှိုင်းတွေလို အလုံးအရင်းနဲ့ ၀ါးမျို ဖုံးအုပ်သွားလိုက်ကြတယ်။
သည်ခံစားမှုဟာ ဘုရင်ကိုလည်း ချွင်းချက် ဘယ်ချန်ခဲ့ပါ့မလဲ။ ဘုရင်ဟာ သူ့လက်စွဲ စာဆိုငယ်ကို အားမလိုအားမရနဲ့ မျက်နှာရိပ် မျက်နှာကဲ ပြလိုက်တယ်။ တခုခု ထပ်ပြီး စပ်ဆိုပါဦးပေါ့။ စာဆိုဟာ မျက်လွှာချလို့ မတုန်မလှုပ် နေပါတယ်။ ဘုရင်ရဲ့ အားမရမှုဟာ ဒေါသအဖြစ် ကူးပြောင်းသွားတယ်။ သူဟာ စိတ်လိုက်မာန်ပါနဲ့ ပလ္လင်ပေါ်ကဆင်းပြီး လည်မှာ ဆင်မြန်းထားတဲ့ အဖိုးထိုက်ပုလဲကုံးကို ချွတ်ပြီး ဧည့်သည်စာဆိုရှင်ရဲ့ လည်ပင်းမှာချိတ်ဆွဲလိုက်တယ်။ မောင်မင်း အနိုင်ရပါပေတယ်။
နန်းရင်ပြင် တခုလုံး သောင်းသောင်းဖျဖျ ဆူညံသွားတော့တယ်။ ဦးရစ်ခေါင်းပေါင်းတို့ ဝှေ့ယမ်းသံ၊ လက်ခေါက်မှုတ်သံ၊ လက်ခုတ်သြဘာတီးသံ။ သောသောရုတ်ရုတ် တိုးဝှေ့ကြ။ လက်ဆွဲလှုပ်ယမ်းကြ။ ကြီးကျယ်ခမ်းနားမှုဟာ ယစ်မူးစရာ ကောင်းလှ။ အဲသည်အချိန်မှာ ကျောခိုင်းထွက်ခွာသွားတဲ့ စာဆိုငယ်ကို ဘယ်သူကမှ အာရုံထားကြတော့ဟန် မတူပါဘူးလေ။
အဲသည်ညဟာ လမိုက်ည ဖြစ်လို့နေပြန်တယ်။ ကောင်းကင်အလင်းဟာ အမှောင်ထုကို ထိုးခွဲပြီး စာဆို့အခန်းထဲက ပြတင်းပေါက်ကလေးကို ဖြတ်သန်း ရောက်မလာနိုင်တဲ့ ညမျိုးပေါ့။ စာဆိုဟာ ၀တ်ရုံကို ချွတ်လိုက်တယ်။ သူအနှစ်နှစ်အလလက ရေးခဲ့တဲ့ ကဗျာတွေအားလုံးကို ဆွဲထုတ်ပြီး ကြမ်းပေါ်ပုံချလိုက်တယ်။ တချို့တလေဆိုရင် ဟိုးအစောပိုင်းကာလ ကရေးခဲ့တာမို့ သူ့အတွက် မေ့တောင် မေ့နေပြီလေ။ စာမျက်နှာတွေကို ဟိုဟိုဒီဒီ လှန်လှော ကြည့်လိုက်တယ်။ အခုတော့လည်း သည်ကဗျာတွေဟာ အသေးအမွှားဆန်လွန်းပေစွ။ ရိုးစင်းလွန်းလှပေစွ။ ကာရန်တွေကလည်း ကလေးဆန်လွန်းလှတယ် ။
စာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ် တစစီ ဆွဲဆုတ်လိုက်တယ်။ ပြီးတော့ ဘေးက မီးဖိုထဲကို ပစ်ချလိုက်တယ်။ လောင်ကျွမ်းကြ.. လောင်ကျွမ်းကြစေတော့….။ ပြီးတော့ သူဟာ ပျားရည်နဲ့ ရောနှောထားတဲ့ အဆိပ်တစ်ခွက်ကို သောက်ချလိုက်ပြီး အိပ်ရာပေါ်မှာ လဲလျောင်းနေပါတော့တယ်။
မွှေးပျံ့တဲ့ ရနံ့တခု အခန်းထဲမှာ ထုံသင်းလာတယ်။ တစုံတယောက်ရဲ့ ခြေသံဖွဖွကို ကြားလိုက်ရတယ်။ ဘယ်သူများလဲ။ ရံရွေတော် တစ်ဦးပေလား။ မျက်လုံးကို ကြိုးစားဖွင့်ကြည့်လိုက်တယ်။ သူဟာ အဆိပ်နဲ့ ထုံထိုင်းလို့ အာရုံတွေလည်း မှုန်ဝါးနေပြီ။ အမျိုးသမီး သဏ္ဍာန်တစ်ခုကို မှုန်ပျပျ မြင်လိုက်ရတယ်။ သူရဲ့ နှလုံးအိမ်မှာ အမြဲ တန်ဖိုးထား သိမ်းဆည်းထားခဲ့တဲ့ အရာတခုဟာ သူ့ရဲ့ နောက်ဆုံး အချိန်ပိုင်းကလေးမှာ သူ့မျက်နှာကို ငေးစိုက်ကြည့်နေလေတယ်။
… ကျွန်မ.. ဘုရင့်သမီးတော်ပါ… စာဆို …
စာဆိုဟာ အားတင်းပြီး ထထိုင်လိုက်ပါတယ်။ မင်းသမီးက သူ့နားနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
… ဘုရင်က မတရား ဆုံးဖြတ်ခဲ့တယ်။ အခု ရှင့်ကို အောင်သရဖူ ဆင်မြန်းပေးဖို့ လာခဲ့တာပါ။ သည်ပွဲမှာ ရှင် အနိုင်ရပါတယ် …
မင်းသမီးက သူ့လည်မှာ ဆွဲထားတဲ့ ပန်းကုံးကို ဖြုတ်ပြီး စာဆိုငယ်ရဲ့ ဦးခေါင်းမှာ ဆင်မြန်းပေးလိုက်တယ်။ အဲသည်အချိန်မှာပဲ စာဆိုငယ်ဟာ အိပ်ရာပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားတော့တယ်။
(ရာဘင်ဒြာနတ်တဂိုး Rabindranath Tagore (1861-1941) ရဲ့ THE VICTORY ကို ပြန်လည်ခံစားရသလို အကျဉ်းချုံးပြီး ချရေးလိုက်ပါတယ်။ အပြည့် ဘာသာပြန်ခြင်း မဟုတ်ပါ။ အစီအစဉ် မတိကျ၊ အပိုတွေရော အလိုတွေပါ ပါပါတယ်။အကြီးအကျယ် အမှားအယွင်း သို့မဟုတ် မူရင်းစာကို ပျက်စီးစေခြင်း ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ အင်္ဂလိပ်ဘာသာဖြင့် အပြည့်အစုံကို ဖတ်ရန် ဒီကို သွားပါ။)