Saturday, October 18, 2008

အချစ် ……. ဆိုသည်မှာ


အချစ် (၁)


“ကြယ်တွေ ကြွေလိုက်တာနော်..”
ကောင်လေးက ပက်လက်လှန်ကာ ကောင်းကင်ကြီးကို ကြည့်နေရင်း ပြောသည်။
“အင်း.. ကြယ်တွေ ကြွေတုန်း ဆုတောင်းရင် ပြည့်တယ်တဲ့”
ဒူးကလေးပိုက်ကာ ထိုင်နေသော ကောင်မလေးက ပြောလိုက်သည်။
“နင်က ဘာဆုတောင်းမှာလဲ”
ကောင်လေးကမေးလိုက်သည်။
“ငါလား ပိုက်ဆံတွေ အများကြီး လိုချင်တယ်။ ထီပေါက်ရင် ကောင်းမယ်နော်”
“အင်း ဒါပဲလား”
“ပြီးတော့ ငါလျှောက်ထားတဲ့ ကျောင်းကိုလည်း ရချင်တယ်။ စာတွေ အများကြီး ဆက်သင်ချင်တယ်”
“ဒါပဲလား”
“ဟင့်အင်း… ဒါဘယ်ကမလဲ။ ငါ့ဖေဖေနဲ့မေမေကို အသက်အရှည်ကြီး နေစေပြီး ငါက ကျေးဇူးဆပ်ချင်တယ်”
“ဒါပဲလား”
“ပြီးတော့ ကမ္ဘာအနှံ့ လျှောက်လည်ချင်တယ်။ နေရာတကာ ရောက်ဖူးချင်တယ်”
“ဒါပဲလား”
“မပြီးသေးဘူး။ ဖြစ်နိုင်ရင် ငါကလေ ဒီ့ထက် ပိုပြီး ချောချင်လှချင်သေးတယ်။ နတ်ရေကန်ထဲ ကျတယ် ဆိုတာမျိုးပေါ့”
“နင့်ဆုတောင်းတွေကလည်း များလိုက်တာနော်”
“အင်း.. ဟုတ်တယ်။ ဒါနဲ့ နင်ကရော ဘာဆုတောင်းမှာလဲ’
“ငါလား”
ကောင်လေးက တီးတိုးပြောလေသည်။
“နင်ဆုတောင်းတိုင်း ပြည့်စေဖို့ ကြွေပေးမယ့် ကြယ်ကလေးတပွင့် ထပ်ခါထပ်ခါ ပြန်ဖြစ်ပါစေပေါ့”


အချစ် (၂)

“ကျွန်တော် ကျွန်တော် … မပေးနိုင်တော့ဘူး ဥက္ကဌရေ..”
ကလေးအဖေ သည် သမီးကလေးကို ခပ်တင်းတင်း ပွေ့ဖက်ထားလိုက်သည်။ အနားတွင် ဗုံစီသလို စီနေသော ကြီးစဉ်ငယ်လိုက် ဘုစုခရု ကလေးများသည် သူတို့ အဖေကိုတလှည့် ဧည့်စိမ်းများကို တလှည့် မျက်နှာငယ်ဖြင့် ကြည့်နေလေသည်။
“ဒီလိုလဲ မလုပ်နဲ့လေ။ ကလေးတွေ ရှေ့ရေး ကြည့်ဦးမှပေါ့။”
“ဟုတ်တယ်။ သူတို့အမေက နောက်ဆုံးကလေးကို မမွေးနိုင်လို့ မီးတွင်းထဲမှာ ဆုံးသွားပြီးတဲ့နောက်ပိုင်း ဒီကလေး တပြုံကြီးကို ခင်ဗျား ဘယ်လိုမှ မကြည့်နိုင်တော့တဲ့အပြင် လုံလုံလောက်လောက်လည်း မထောက်ပံ့နိုင်ဘူးလေ။ သမီးလေးကိုတော့ အခုလို မွေးစားချင်တဲ့လူ ပေါ်လာတုန်း ပေးလိုက်တာ ကောင်းပါတယ်။”
“ဟုတ်ပါတယ်။ ကျွန်မတို့ကလည်း အိမ်မှာ မိန်းကလေး မရှိလို့ အဖော်ရချင်တာ ဆိုပေမယ့် ကလေးကို သူစာလိုက်နိုင်သလောက် ကျောင်းလည်း ထားပေးဦးမှာပါ။”
“ကျွန်တော် ကလေးတွေနဲ့ မခွဲနိုင်ဘူး။ သူတို့မောင်နှမချင်း ခွဲရမှာလည်း မကြည့်ရက်ဘူးဗျာ။”
ကလေးအဖေသည် ပြောရင်း အသံတိမ်ဝင်သွားသည်။
“ဟုတ်တယ် ဟုတ်တယ် ညီလေး ညီမလေးတွေနဲ့မခွဲချင်ဘူး။ သား ကျောင်း ဆက်မတက်တော့ဘူး။ ဆိုက်ကားနင်းမယ်လေ။”
ဆယ်နှစ်သားခန့်ရှိသော အကြီးကောင်လေးက ၀င်ပြောလိုက်သည်။
ကလေးအဖေက မျက်နှာကို အုပ်ကာ တသိမ့်သိမ့် ရှိုက်လိုက်သည်။ ဘာမှန်းညာမှန်း ရေရေလည်လည် မသိသော်လည်း သူ့အဖေနှင့် အကိုတို့၏ မျက်နှာရိပ်ကို ကြည့်ကာ အော်ငိုလိုက်သော ကလေးတသိုက်၏ အသံများ တဲကလေးထဲ ပျံ့လွင့်သွားသည်။ သမီးလေးကို မွေးစားမည့် အမျိုးသမီးကြီးသည် မျက်ရည်များ ၀ဲလာလေသည်။ ရပ်ကွက်လူကြီးသည် မြင်ကွင်းမှ မျက်နှာကို လွှဲရင်း ခေါင်းယမ်းကာ သက်ပြင်းကိုသာ အသာမှုတ်ထုတ်လိုက်တော့သည်။




အချစ် (၃)

“အဘိုးကြီးနှယ် လုပ်ချလိုက်ပြန်ပြီကွယ်”
အဘွားကြီးသည် အိပ်ရာပေါ်မှ အနံ့ထောင်းထောင်းထနေသော ရေကွက်ကွက်ကို စိတ်မသက်မသာဖြင့် ကြည့်လိုက်လေသည်။
“တနေ့တနေ့ သူ့အတွက် လျှော်ရဖွတ်ရ။ ကိုယ်ကလည်း သိပ်နေကောင်းလှတာ မဟုတ်။ အခုလည်း ဘယ်ရောက်သွားပြန်လဲ မသိ။”
တဖြစ်တောက်တောက် ပြောနေစဉ် အိမ်ရှေ့မှ ကလေးတစ်ယောက် အော်သွားသံ ကို ကြားလိုက်ရသည်။
“ဘွားလေးရေ အဘိုး သစ်ပင်တက်နေတယ်ဗျို့”
“ဟင်.. ဘုရား ဘုရား”
ကပျာကယာ ထွက်ကြည့်လိုက်တော့ ခြံထဲတွင် အဘိုးကြီးသည် လက်ကလေး နောက်ပစ်ကာ မသိသလို ရပ်နေလေသည်။
“ရှင်.. ရှင်.. သစ်ပင်ပေါ် တက်တယ်ဆို”
အဘိုးကြီးက မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ခေါင်းညိတ်ပြလိုက်ပါသည်။
“အဲဒါတွေ စိတ်ညစ်ရတာပေါ့ အဖေကြီးရေ။ ရှင့်ကိုရှင် ကာလသားလေး မှတ်နေလား။ လေဖြတ်ထားလို့ မသန်မမာ ဖြစ်နေတယ်ဆိုတာလည်း မမေ့နဲ့ဦး။ သစ်ပင်ပေါ် ဘာသွားလုပ်ရတာလဲ။ သားသမီးတွေက တယောက်မှ အနားမှာ မရှိဘူး။ ကျွန်မလည်း ရှင့်ကို မျက်စိဒေါက်ထောက် ကြည့်မနေနိုင်ဘူး။”
အဘွားကြီးသည် ပြောရင်း ဒေါသသံပါလာသည်။
အဘိုးကြီးထံမှ စကားသံ မပီမသ ထွက်လာသည်။
“မင်းအတွက်ပါ”
“ဘာလဲ ကျွန်မအတွက်”
အဘိုးကြီးသည် နောက်ပစ်ထားသော လက်ကို ရှေ့သို့ ထုတ်လိုက်သည်။
ကံ့ကော်ပန်းကလေး သုံးလေးခက် ဖြစ်လေသည်။




အချစ် (၄)

လရောင်သည် တောအုပ်ထဲမှ သစ်ပင်ထူထူများနှင့် မြက်ခင်းများပေါ်သို့ ငွေရောင်အလွှာပါး တစ်ထပ်ကို ပြိုးပြက်လွှမ်းခြုံ နေစေ၏။ မြင်းခွာသံသဲ့သဲ့ သည် ဝေးရာမှ နီးလာပြီ။ ချပ်မိန်ညို ၀တ်ဆင်ထားသော သဏ္ဍာန်တစ်ခု မြင်ကွင်းသို့ ပေါ်လာသည်။ နေ့မှန်းညမှန်း မသိလောက်အောင် စစ်ပန်းလာခဲ့သော သူရဲကောင်းသည် တောအုပ်ထဲမှ ရေကန်ကလေးကို လှမ်းမြင်လိုက်လေသည်။ လမင်းသည် ပြာပြာမှောင်နေသော ကန်ရေပြင်ထဲတွင် လှုပ်ရုံလေး လှုပ်နေ၏။ သူရဲကောင်းသည် ကန်ရေအေးအေးဖြင့် ခြေလက်မျက်နှာတို့ကို သုံးသပ်ဆေးကြောရင်း အမောဖြေလိုက်သည်။
ထိုအခိုက်…..
ကန်စပ်နံဘေးတွင် တချိန်လုံး ငိုက်မျဉ်းနေခဲ့သော တောပန်းကလေး တစ်ပွင့်၏ ပွင့်ဖတ်များ ဖြတ်ခနဲ အာသွားလေသည်။
ဝန်းကျင်တ၀ိုက် ရုတ်ချည်း သင်းပျံ့လာသော ပန်းရနံ့ကြောင့် သူရဲကောင်းသည် ဟိုဟိုဒီဒီ စူးစမ်းလိုက်သည်။ ပန်းကလေး တစ်ပွင့် ပါလား..။
လရောင်အောက်ဝယ် ဖြူသလို ၀ါသလို ပြာသလို နှင့် အရောင်လျှပ်ပြေးနေသော တောပန်းကလေးသည် သူရဲကောင်းကို ခပ်ငေးငေး ကြည့်နေသယောင်။ သူရဲကောင်းသည် ပန်းကလေးရှိရာသို့ အလိုအလျောက် လက်လှမ်းလိုက်မိလေသည်။ တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်….။ သူရဲကောင်းသည် သက်ပြင်းတစ်ချက်ကို သာသာချလိုက်သည်။
မကြာမီ မြင်းခွာသံများ ပြန်လည် ပေါ်ထွက်လာသည်။ ပြီးတော့ မှိန်ဖျော့ ပျောက်ကွယ်သွားခဲ့ပြီ။
လှုပ်ခတ်သွားခဲ့သော ကန်ရေပြင်ဘေးမှ ပန်းကလေးသည် လရောင်အောက်ဝယ် ထီးထီးကျန်ခဲ့လေသည်။



အချစ် (၅)


“……………..”
“……………..”
“……………..”
“………………”
“……………..”





ကိုအောင်သာငယ် ရေးခိုင်းထားတဲ့ စာပါ။ ဆက်ရေးချင်တာလေးတွေ ရှိသေးပေမယ့် ဒီလောက်နဲ့ပဲ ရပ်ထားလိုက်တယ်။ ဆက်ပြီး တက်ဂ် ချင်တဲ့ လူတွေရှိတာပေါ့။ တစ်ယောက်က အာသဝေါ ကုန်လုလု ဖြစ်နေသတဲ့။ နောက် တစ်ယောက်ကလည်း သာသနာပြုတော့မယ်တဲ့။ ဒါနဲ့ ကိုယ့်ကို မော်မကြည့်ဝံ့တဲ့ နတ်ဆိုးလေးကိုပဲ တက်ဂ်လိုက်ပါတယ်။ ဟေ့ရောင်လေး ရေးပေတော့။

19 comments:

စူး said...

မြင်ကွင်း၃ ကို အကြီုက်ဆုံးးးး

M.Y. said...

ချစ်သူအတွက်အကြိမ်ကြိမ်ကြွေပေးမယ့်ကြယ်တစ်စင်း..

ကပ်ဆိုက်နေတဲ့ကြားက စူးနင့်အောင်မြင်လိုက်ရတဲ့ဖခင်မေတ္တာနဲ့ မောင်နှမချစ်ခြင်းများ..

ကြည်နူးဆွတ်ပျံ့ စွာ ခံစားလိုက်ရတဲ့မအိုစွမ်းတဲ့ သိင်္ဂါရကံ့ကော်ခက်တွေ..

တိုင်းပြည်ချစ်တဲ့၊ ကြမ်းတမ်းတဲ့ သူရဲကောင်းကိုဖျားယောင်းနိုင်စွမ်းတဲ့တောပန်းလေးရဲ့ နူးညံ့မှု..

ကွဲပြားတဲ့ ချစ်ခြင်းဖွဲ့ ဝတ္ထုတိုလေးတွေစုစည်းထားတဲ့ဝတ္ထုတိုကောင်းတစ်ပုဒ်

kay said...

အချစ်(၆) - (သို့) အခြောက်ချစ်

ခပ်ချောချော ကောင်လေး တယောက်- ဆံပင် ညှပ် ဆိုင် ထဲသို့ဝင်လာသည်။ သူ့မျက်လုံးက..တစုံတယောက်ကို ရှာဖွေ နေသလိုလို- ပြီးမှ ပြုံးသွားသည်။

ခပ်တည် တည် ..ပြီးတော့ သက်တောင့်သက်သာ ဆံညှပ် ခုံ မှာ ၀င်ထိုင် လိုက်တော့..
ပူနွေးနွေးလက်တစုံ သူ့လည်ပင်းကို လာထိ သည်။ သူ့ခေါင်းပေါ်မှာ- လှုပ်ရှားမူ တချို့ ပြေးလွှားနေသည်။ ပြီးတော့..ရေ.. အမွှေးနံ့..အေးမြမူ.. ခပ်ဖွဖွ..လက်ချောင်းများ..။ မျက်စိ ကို အသာပိတ်ရင်း.. ဇိမ်ယူ ပြစ်လိုက်သည်။

` ဟင်း..မှန်ထဲ မှာ ကြည့်စမ်း..လန်းနေတာပဲ..နောက်တခါ..ဆံပင် သိပ်ရှည်အောင် မနေနဲ့လေ-ကောင်လေး...သြော်..ပိုက်ဆံ ပေးမလို့.. ငါ့ကိုများ..ပိုက်ဆံပေးစရာလာ.. ဒါဆို နောက်တခါ လာမညှပ်နဲ့..´

တနာရီခန့်အကြာ..မာမီအောင် ရဲ့ ဆိုင် လေး ထဲက..ကောင်လေး ..လက်ပြရင်း..ထွက်ခွါသွားသည်။

------
(ပန်ဒိုရာ- ၏ အချစ် ဖွဲ့အား..ခင်မင်စွာဖြင့်..နောက်ပြောင် ပါသည်။ အားလုံး..ဖီလင်အောက်စေသောဝ်)

ညိမ်းညို said...

မချီးကျူးတတ်အောင်ကို ကောင်းတယ် မကြီးပန်ရေ
ကွန့်မန့်ကောင်းကောင်း မရေးပေးတတ်တာကလဲ ဒုက္ခပါပဲနော် :)

ကိုမောင်ရင် ရေးပေးသလိုပါပဲဗျို့ :)
အနော်လဲ အဲလိုမြင်တယ်ဗျ :)

Moe Cho Thinn said...

အချစ်တွေကို ရေးပြထားတာ ပါးပါးလေးနဲ့ လှတယ်။
ဒါနဲ့ ပန်ပန့် အချစ်ကရော..

Htoo Myat said...

အချစ် ၃ ကို သဘောကျတယ်ဗျာ... ကျနော်လည်း သစ်ပင် ကောင်းကောင်း တက်တတ်အောင် ကျင့်ပါဦးမယ်။ နှစ် ၅၀ လောက်တော့ အချိန်ရပါသေးတယ်။ :)

Phyo Evergreen said...

ွှအချစ်(၁) - ဆွတ်ပျံ့ကြည်နူးခံစားသွားတယ်..။
အချစ်(၂) - မတွေးရဲဘူး အဲဒီလိုအဖြစ်မျိုး။
အချစ်(၃) - အဘွားကြီးကဘာပြန်ပြောလဲသိချင်ပါတယ်။
အချစ်(၄) - သိပ်နားမလည်ပါ..။
အချစ်(၅) - "......" ကသီလရှိတဲ့လူမှမြင်ရတာလား.. :PP။

Younggun said...

အချစ် တစ်နဲ့သုံးကို အထူးသဘောကျမိပါတယ် အမြဲမရောက်ပေမယ့် မကြာခဏလာဖတ်ဖြစ်ပါတယ် စာအရေးကောင်းသူအဖြစ် သတိထားမိပါတယ်။ ရသ၊ မဟုတ်ရင် သုတတစ်ခုခုပေးတဲ့ ဘလော့ဂါတစ်ဦးလို့မြင်မိပါတယ်။ ရသ၊ သုတတစ်စုံတရာအတွက်ကျေးဇူးတင်ပါတယ်။

သစ်နက်ဆူး said...

ပန်ဒိုရေ.....
မြင်ကွင်းစုံ ဘ၀စုံကိုအချစ်တေါ ခင်းပြသွားလိုက်တာ....
ချီးကျူးပါတယ်...။
မပြည့်စုံတဲ့ မိသားစုလေးကိုတော့ ရင်ထဲပိုထိတယ်...။

ATN said...

ဒါဟာ ၀တ္ထုတိုတဲ့လား.. မဟုတ်ဘူးထင်တာပဲ...

အချစ်မျိုးစုံကို မြင်ရတယ်...

nu-san said...

မပန်ရဲ့ အချစ်တွေ ဖတ်ပြီး heart ထိသွားပြီ။ မပန်ကရော ဘယ်အချစ်ထဲ ပါလဲ?? :) မကေရဲ့ အချစ် (၆) ကိုပါ တလက်စတည်း ဖတ်လိုက်ရတယ်... :D

ပုံရိပ် / Pon Yate said...

မပန် ကောင်းတယ်....။ အဘိုးကြီးနဲ့ အဘွားကြီး စုံတွဲကို သဘောအကျဆုံးပဲ ဟဲ။ အချစ်၂ အတွက်တော့ စိတ်မကောင်းပါ။ နောက်ဆုံး အချစ်၅ ကိုတော့...လိုသလို တွေးယူလိုက်သည်....။

မကေရဲ့ အချစ်၆ ကိုလည်း ကြိုက်ပါရဲ့။

Sonata Cantata said...

မပန်ရော မကေရော ရေးတတ်လိုက်ကြတာ

Anonymous said...

ဒေါ်လေးတို့ ကတော့ လက်စွမ်းပြလိုက်တာ ကောင်းချက်ဗျာ ဒန်ပေါက် နဲ့  ကြက်သားစားလိုက်ရသလိုပဲ ..။ မိသားစုအချစ်လေးဖတ်ပြီး မျက်ရည်ဝဲမသလားတောင်မသိ ။ ကောင်းတာပဲသိတယ် ဆရာမရေးတာမြင့်တော့ တပည့်ကမသိတော့ဘူးး)

MANORHARY said...

အချစ်တွေအားလုံးအရမ်းကောင်းပါသည်...
ကာယကံရှင်၏အချစ်ကရောဟု...တွေးမိပါကြောင်း...း)

သက်ဝေ said...

အချစ် (၃) ကို ကြိုက်တယ်...။ ဆက်ရေးချင်တာလေးတွေ ရှိသေးပေမယ့် ဒီလောက်နဲ့ပဲ ရပ်ထားလိုက်တယ်... ဆိုပါလား...။ မရပ်ထားပါနဲ့  ပန်ပန်ရေ... ရှိသေးတာများကို ဆက်ရေးလိုက်ပါ...။ မျှော်နေမယ်...။

တန်ခူး said...

တို့ လဲ အချစ် ၃
အချစ် ၃ က မဲအများဆုံးပါလား..
ဒါထက်… အချစ် ၅ ဘယ်ပျောက်… အော် သိပြီ… ပန်ဒိုရီဆီရောက်…
ကေ့ အချစ် ၆ ကလဲ မိုက်မှမိုက်…

Mhu Darye said...

came,read and enjoy...
you put a smile on my face...
^-^

pandora said...

မမြတ်နိုး၊ ကိုမောင်ရင်၊ ညိမ်းညို မှတ်ချက်များအတွက် ကျေးဇူး။

မကေ... အဲဒီအချစ်က အလှဆုံးပဲနေမယ်။ ဘယ်ဖီးလ် အောက်လိမ့်မတုန်း။ ပိုတောင် ဖီးလ်တက်သွားတယ်။ တနားပါဒယ်နော်။ တဖက်သက်အချစ်ဟာ ဆိုးပါသည်.. တဲ့။

မမိုးချိုသင်း... ပန်ပန့်အချစ်လား။ အနားမနေ ပြေးလွှားနေရလို့ ဟောဟိုက ရေသဖန်းပင်ကြီးပေါ်မှာ ချိတ်ထား၇တယ်လေ။

ထူးမြတ်.. တံချူနဲ့လည်းရနိုင်ပါတယ်ဟယ်။

ဖြိုး.. တချစ်ချင်း ကောက်ချက်ဆွဲသွားတာ ကျေးဇူး။ ဟုတ်ပ။ အချစ် ၅ က သီလရှိမှမြင်ရတယ်။

ရောင်ဂန်းရေ..ကျေးဇူးပါနော်။

ကိုဆူး ကိုအောင်သာငယ် မနုစံ ပုံရိပ် sonata-cantata မောင်မျိုး မနော် မသက်ဝေ မတန်ခူး မှုးဒါရီ.. အတူတူ ခံစားပေးတာ ကျေးဇူး။ ပန်ဒိုရာ့အချစ်ကတော့ အထက်မှာ ပြောခဲ့သလို..။