လေးရာသီရုပ်မြင်သံကြားဇာတ်လမ်းတွဲများမှ
အာရုံတစ်ခြမ်းကို နောက်တစ်ခြမ်းနဲ့ ဖမ်းလိမ်ချုပ်ထား
လွတ်မြောက်လိုစိတ်တွေတင်းတောင့် လွတ်ထွက် မသွားအောင်
ကျစ်ကျစ်ပါနေ သွေးကြောတွေထဲ တဖျဉ်းဖျဉ်း အသံတွေ တဟင်းဟင်း
ခြေလက်တွေဖြတ်တောက်လည်းအညှောင့်ပြန်ထွက် နံရိုးတွေတဖျစ်ဖျစ်ပြန်စေ့သွား ဆဲလ်တွေ
ရီဂျန်နရိတ် မဖြစ်နိုင်တော့အောင် ဦးခေါင်းတည့်တည့်ကို ချိန်ပြီးပစ်ထည့်လိုက်
မီးပွိုင့်တွေ တစ်ခုပြီးတစ်ခု ရှော့ခ်ရသွား လှေခါးမလိုဘဲ မိုးပျံတိုက်တွေကို လူလွန်သတ္တိနဲ့
ခုန်ချ ဘေးတိုက် တည့်တည့် ကန့်လန့် ဒေါင်လိုက် ဇောက်ထိုး ၃၆၀ဒီဂရီ
အကြီးအကျယ် ပေါက်ကွဲကာနီး တစ်စက္ကန့်အလိုမှ ဇာတ်လိုက်ဟာ သီသီကလေး
လွင့်စင်ထွက်သွား အားလုံးဆွံ့အကျန်ခဲ့မှ အရာရာ နေသားတကျ ဖွာလန်ကျဲစွာ
အင်နာဂျီပါးလွှာတဲ့ စကားလုံးပွယောင်းယောင်းတွေ တတ်နိုင်သမျှလေး ဒီတစ်ခါဖြင့်
တကယ့်ကို နောက်ဆုံး နူးညံ့တဲ့အသုံး မိခင်ဆန်ဆန် မောင်နှမဆန်ဆန် ချစ်သူဆန်ဆန်
တဒင်္ဂကလေး ဟိုမှာ ရိပ်ခနဲ လိုက်လာကြပြန်ပြီ ခေါင်းငုံ့ထား ပြန်လှည့်မကြည့်တမ်း
ပြေးပေတော့ မကြာခင် ဇာတ်သိမ်းပိုင်း အမှတ်စဉ်လေးဆယ် အတွဲတစ်ရာ့တစ်ဆယ် မှာ
စူပါအင်အားဖြည့် အင်ဂျက်ရှင်ကို သွေးကြောထဲ ဖောက်ခနဲ ဦးနှောက်ထဲ လက်ခနဲ
ဗီလိန်တွေလူကောင်းပြန်ဖြစ် ပြောင်းပြန်နိယာမနဲ့ အကူးအပြောင်းမှာ ဟက်ခနဲ
အရိုးတွေတရွှီရွှီတွန်လာကြ ဂူဂဲလ် ဖေ့စ်ဘွတ်ခ်များမှ တဆင့် ဗိုင်းရပ်စ်လို ပြန့်နှံ့စေတဲ့
ပါဝါတစ်ခုဟာ စုပ်ယူနေ သံလိုက်တုံးလိုဆွဲခေါ် အဲဒါဟာ မွတ်သိပ်မှုသက်သက်
စိတ္တဇကို စိတ်တစ်စက ပြန်ငြင်း ကြက်သီးမွေးညင်းတွေကို ခုတ်ပိုင်းချလိုက်
နောက်တစ်ခါ greater good အတွက် save the world ကျေးဇူးပြုပြီး
ကီးဘုတ်ပေါ်မှာ အဲဒီပတ်စဝါ့ဒ်ကို ရိုက်ထည့်နေမိတဲ့ လက်ချောင်းလေးတွေ ထိပ်ကို
ပင်အပ်တွေ တစ်ချောင်းချင်း တစ်ချောင်းချင်း တစ်ချောင်းချင်း … စိုက်-ထည့်-လိုက်
အဖြူရောင်မုသားများ လေထဲစိမ့်ထွက် အသက်ရှူသူတိုင်းအတွက် အန္တရာယ်အချက်ပေးသံ
ခေတ္တနားကြပါစို့ ခေတ္တရှောင်ရှားကြပါစို့ ခေတ္တထွက်ခွာကြပါစို့ ခေတ္တ ခေတ္တ
((အားးးးးး.. ဓာတ်လှေခါးထဲ ပိတ်မိနေလို့ ကယ်ကြပါဦး ဒုံး ဒုံး…))
ပန်ဒိုရာ
၂၄.၁၂.၂၀၁၁
Saturday, December 24, 2011
လေးရာသီရုပ်မြင်သံကြားဇာတ်လမ်းတွဲများမှ
Thursday, December 22, 2011
ခရစ္စမတ်လက်ဆောင်
ခရစ္စမတ်လက်ဆောင်
ခရစ္စမတ်ဆိုတာ သူ့အတွက် ပျော်ရွှင်စရာ ပွဲတော်တစ်ခုဟု မစဉ်းစားတော့တာ ကြာပြီ။ ခရစ္စမတ်မှ မဟုတ်၊ နှစ်သစ်ကူးပွဲ၊ ပါတီပွဲတွေ၊ စင်မြင့်ဖျော်ဖြေပွဲတွေ မည်သည့်ပွဲသဘင်မျိုးကမှ သူ့ကို ပျော်ရွှင်မှု (အနည်းဆုံး စိတ်လှုပ်ရှားမှုလောက်ပင်) မပေးစွမ်းနိုင်တော့တာ ကြာခဲ့ပြီ။ သူထိုင်နေသည့် ခုံတန်းရှည်ပေါ်ကို နှင်းတွေ ဖြိုးဖြိုးဖျောက်ဖျောက် ကျနေစဉ် အိမ်အတော်များများ ရှေ့တွင်တော့ ထင်းရှုးပင်များကို ပြောင်ပြောင်လက်လက် ရောင်စုံဖဲပြားများ ခေါင်းလောင်းများဖြင့် ဆင်ယင်နေကြသည်။ အိမ်တွေထဲမှ ကလေးများ ဆူဆူညံညံ အော်ဟစ်ရယ်မောနေသံကို ကြားရတော့ သူ ပခုံးတွန့်မိသည်။ အခုလိုအချိန်မျိုးမှာ တစ်ယောက်ယောက်က ပေးမည့် ခရစ္စမတ်လက်ဆောင်ကို မျှော်လင့်ရင်ခုန်နေကြတာ ဖြစ်မှာပေါ့။ ငယ်ငယ်တုန်းကတော့ လိုချင်ခဲ့သော အရာတွေကို စန်တာကလော့ဟု ခေါ်သော ခရစ္စမတ်ဘိုးဘိုးက လက်ဆောင်ထုပ်ထဲ ထုပ်ပိုးသယ်လာမည်ဟု သူလည်း မျှော်လင့်ခဲ့ဖူးပါသည်။ အဲဒီအချိန်က သူလိုချင်သည့် အရာတွေကတော့ ရိုးစင်းခဲ့ပါသည်။ ရောင်စုံခဲတံဗူး၊ ဘောလုံး၊ ပလစ်စတစ် သေနတ် စတာတွေ။ တခါတလေကျတော့ သူ တောင့်တနေသည့် အရာတွေက လက်ဆောင်ထုပ်ထဲ ပါမလာပေမယ့်လည်း အခြား သူ နှစ်သက်နိုင်သော အရာတစ်ခု ပါလာတော့ ပျော်ရွှင်ခဲ့ရပါသေးသည်။ ဥပမာ သူတွေးမထားခဲ့သည့် ရုပ်စုံကာတွန်း စာအုပ်တစ်အုပ်ဖြစ်ဖြစ် ချိုချဉ်တစ်ထုပ်ဖြစ်ဖြစ် ရလာတဲ့အခါ..။ တခါတလေတော့ ကိုယ်လိုချင်တာ မဟုတ်သည့် အရာတစ်ခု ရလာတော့လည်း ပျော်နိုင်တာပဲ မဟုတ်လား။ ကိုယ်လိုချင်တာ မဟုတ်သည့် အရာကလည်း ကိုယ်မလိုချင်တဲ့အရာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ အဲဒီအရာဟာ ပိုကောင်းသည် မကောင်းဘူးကလည်း ပြောရခက်ပါသည်။ မည်သူက သတ်မှတ်သလဲ ဆိုသည်မှာ မူတည်နေတတ်သည်။ ဘာပဲဖြစ်ဖြစ် ငယ်ငယ်တုန်းကတော့ ပျော်ရွှင်စရာတွေက အတော်များခဲ့ပါသည်။ ရုပ်ရှင်ကြည့်ရတာလည်း ပျော်စရာ။ ပွဲဈေးမှာ မုန့်တွေ ၀ယ်စားရတာလည်းပျော်စရာ။ စာမေးပွဲတွေ အောင်တာလည်း ပျော်စရာ။ အဲဒီအထဲမှာ ကဗျာရွတ်ပြိုင်ပွဲတွေမှာ ပြိုင်ရတာလည်း ပျော်စရာတစ်ခု။ စင်မြင့်ပေါ်မှာ ဒူးကလေးထောက်လို့ လက်ဟန်အမူအရာဖြင့် ပါးစပ်ကလေးဟပြီး ကဗျာရွတ်နေသည့် အပြစ်ကင်းစင်သော ကလေးလေးတစ်ယောက်၏ ပုံရိပ်ဟာ ပျော်စရာပဲ။ အဲဒီလို ပျော်စရာ ကဗျာတွေကို အသက်ကြီးလာတဲ့အခါ ဘာဖြစ်လို့ မရွတ်နိုင်ကြတော့တာပါလိမ့်။ ငယ်ငယ်ကတော့ ဘာလိုချင်ခဲ့ ဘာလုပ်ချင်ခဲ့သလဲဆိုတာတွေ၊ ရခဲ့သလား မရခဲ့သလား ဆိုတာတွေဟာ သိပ်တော့အရေးမကြီးခဲ့ဘူး ထင်ပါသည်။ မရတော့လည်း မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး အစားထိုး တစ်ခု ရသွားတော့လည်း အလွယ်တကူ ပျော်ရွှင်တတ်သားပဲ မဟုတ်လား။ တကယ်တော့ သည်လို ပြောရတာလည်း သိပ်တော့ မတရားပါ။ ဒါက အခုအချိန်မှာ အရင်အချိန်ကို ပြန်တွေးတဲ့ အတွေးဖြစ်နေသည်။ အဲဒီတုန်းကလည်း အဲဒီအရွယ်အလျောက် အရေးကြီးကောင်း ကြီးခဲ့နိုင်ပါသည်။ သို့သော်လည်း အသက်ကြီးလာသည့်အခါ လူတို့၏ အလိုတွေက ပိုပြီး ရှုပ်ထွေးနေတတ်သည် မဟုတ်ပါလား။ လူကြီးတို့၏ မျှော်လင့်ချက်သည် ကိုယ်တိုင်တစ်ဦးတစ်ယောက် ထက်ပိုသော အခြားသူများနှင့် သက်ဆိုင်သည့် မျှော်လင့်ချက် ဖြစ်နေတတ်သည်။ သူ့ဆန္ဒက အခြားတစ်ယောက်ယောက်၏ ဆန္ဒနှင့် ပြောင်းပြန် အချိုးကျနေနိုင်မလား။ ဒါဟာ လွဲမှားနေသည့် ယုတ္တိဗေဒလည်း ဖြစ်နိုင်ပါသည်။ လူတွေဟာ နောက်ဆုံးတော့ တစ်ဦးချင်း တစ်ယောက်ချင်း မဟုတ်ဘူးလား ဘာလို့ တခြားသူတွေကို ထည့်စဉ်းစားနေရမှာလဲ ဆိုသည်မှာ ပဋိပက္ခဖြစ်စေသော စဉ်းစားမှုဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လိုချင်တာတွေဟာ အချိန်အခါ နေရာအလိုက် ပြောင်းပြောင်းလာတတ်သည် ဆိုလျှင်တော့ သူ့မျှော်လင့်ချက်တွေ ပြောင်းလဲလာဖို့ သူက မျှော်လင့်နေသေးသည်။ အခုအချိန်မှာ ခရစ္စမတ်က သူ့အတွက် အရေးမကြီးဘူးပဲ ထားပါတော့၊ သူလိုချင်သည့် တစ်ခုခုဟာ ခရစ္စမတ်မှာ လက်ဆောင်တစ်ခုအဖြစ် ကျိန်းသေ ရလာမည် ဆိုလျှင်တော့ နေ့တိုင်းကို သူက ခရစ္စမတ် ဖြစ်နေစေချင်ဦးမှာ။ ဒါဟာလည်း မည်သူကမှ အပြစ်မတင်သင့်သည့် သာမန်လူသားဆန်ဆန် လောဘတစ်မျိုး ဖြစ်ပါလိမ့်မည်ဟု သူက ချေပနေမိသေးသည်။ ကိုယ်လိုချင်သည့် အရာတစ်ခုကို ကိုယ်ပေးစေချင်သူ တစ်ယောက်က ပေးလာမှ ရချင်တာ ဆိုတာမျိုးကတော့ မခက်ပေဘူးလား။ ဘာကိုမှ လိုချင်ရကောင်းမှန်း မသိတော့အောင် စိတ်တွေ ကုန်ခန်းနေတာလည်း ဖြစ်နိုင်ပါသည်။ ဘာထည့်ထားမှန်းမသိသည့် ကံကြမ္မာကို စွန့်စွန့်စားစား ဖွင့်ဖောက်ဖို့တော့ သူ မကြိုးစားခဲ့ပါ။ သူ ဆက်ထွက်လာတော့ ဝတ်ထားသည့် ကုတ်အင်္ကျီပေါ်မှာ တင်နေသော နှင်းဖတ်တွေက တပါတည်း ခိုတွယ်လိုက်သွားသည်။ အနီရောင် ဖဲကြိုးဖြင့် စည်းနှောင်ပြီး လှလှပပ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသည့် အစိမ်းရောင် လက်ဆောင်ထုပ်ကလေးက သူ့ကိုငေးကြည့်ရင်း ခုံတန်းရှည်ပေါ်မှာ ကျန်ရစ်ခဲ့သည်။
ပန်ဒိုရာ
၂၂.၁၂.၂၀၁၁
(Rose ရေးခိုင်းထားတဲ့ tag post ကို ရေးလိုက်ပါတယ်။)
Monday, December 19, 2011
ပညာရေးစနစ်တစ်ခု၏.....
ခိုင်စိုးလင်း စီစဉ်တဲ့ “ကျောင်းအကြောင်း” (all about school) ebook ထွက်ပါပြီ။ သရုပ်ဖော်ပုံတွေကို မလေးမေက ရေးဆွဲပါတယ်။ ပါဝင်ရေးသားသူတွေကတော့ ကိုကိုသက်၊ ကျော်ညိုသွေး၊ ကြည်သက်ဟန်၊ ခိုင်စိုးလင်း၊ ချစ်ကြည်အေး၊ ညီဇံလှ၊ ညိုမင်းခ၊ နေဦး၊ ပန်ဒိုရာ၊ မိုးလှိုင်ည၊ မှိုင်း ဆေး(၂)၊ Louise Jane Cher ၊ သက်ဝေ၊ ဟန်သစ်ငြိမ်၊ ဟယ်ရီလွင် နဲ့ သြမြိုင် တို့ ဖြစ်ပါတယ်။
အောက်က လင့်ခ်မှာ download ယူနိုင်ပါတယ်။ (connection နှေးလွန်းလို့ ကိုယ်တိုင်တော့ download မရသေးပါ။)
http://www.mediafire.com/?g8zfx92c7t1124o
ပန်ဒိုရာ ရေးသားတဲ့ “ပညာရေးစနစ်တစ်ခု၏ အစွန်းထွက်တန်ဖိုးများ၏ အရေးပါမှု၏ ကျေးဇူးခံကျေးဇူးစားများ၏ နောက်ဆက်တွဲ” ဆိုတဲ့ စာအသစ်တစ်ပုဒ်ရယ် “အသံမမြည်နိုင်တဲ့ ခေါင်းလောင်းကလေးတွေ” ဆိုတဲ့ ဝတ္ထုဟောင်းတစ်ပုဒ်ရယ်ကို ဖော်ပြထားပါတယ်။ download လုပ်ရတာ ခက်ခဲသူတွေ ဖတ်နိုင်ဖို့ စာအသစ်ကို ဒီမှာ ပြန်တင်လိုက်ပါတယ်။
--------------
ပညာရေးစနစ်တစ်ခု၏ အစွန်းထွက်တန်ဖိုးများ၏ အရေးပါမှု၏ ကျေးဇူးခံကျေးဇူးစားများ၏ နောက်ဆက်တွဲ
အခန်း(၁)
(အဲဒါ ကျောင်းပေါ့)
တက္ကစီဒရိုင်ဘာက မေးငေါ့ပြရင်းပြော။ ဓာတ်ပုံတွေ ဖြန်းခနဲ ရိုက်သံ။
(အဲဒီမှာ ကျောင်းဆောင်တွေရှိတယ်- စာသင်ဖို့၊ ဘော်ဒါဆောင်တွေရှိတယ်- ကျောင်းသားနေဖို့၊ ရေကန်တစ်ကန်ရှိတယ်- အပန်းဖြေဖို့၊ စာကြည့်တိုက်တစ်ခုရှိတယ်- စာအုပ်တွေထားဖို့၊ ဘွဲ့နှင်းသဘင်တစ်ခုရှိတယ်- ကျင်းပဖို့)
(ပညာရေးရော ဘယ်လောက်ရှိပါသလဲ)
ပြန်ဖြေသံ မကြားရ။
(…ပညာရေးနှင့်ကျောင်း၊ ကျောင်းနှင့်ပညာရေး၊ ကျောင်းမပါသောပညာရေး၊ ပညာရေးမပါသောကျောင်း…)
အတွေးများ လွတ်ထွက်ပြီး ၀ရုန်းသုန်းကား ဆူညံ။
အခန်း(၂)
ကတ္တားလာ၊ ကံလာ၊ ကြိယာလာ။ ကြားမှာ အတွဲအဆက်ပုဒ်များ လိုသလိုထည့်။ ဆရာက နမူနာပေး။ (ဥပမာ - မောင်လှသည် ဘောလုံးကို ကန်သည်)။ ၀ါကျများဖွဲ့ရန် ကျောင်းသားများကို ညွှန်ကြား။
(မောင်မြသည် ဘောလုံးကို ကန်သည်)
(မောင်ဘသည် ဘောလုံးကို ကန်သည်)
(နီနီသည် ဘောလုံးကို ကန်သည်)
(ဖြူဖြူသည် ဘောလုံးကို ကန်သည်)
(ကိုကိုသည် ဘောလုံးကို ကန်သည်)
(မမသည် ဘောလုံးကို ကန်သည်)
ကလေးများ တစ်ယောက်တစ်ပေါက် ဖြေသံ ဟိုနား ဒီနားက ထွက်လာ။ ဆရာက ခေါင်းညိတ်။
((၀တ်မှုန်ရွှေရည်သည် ဟန်ဘာဂါကို စားသည်))
(ဒါဘယ်သူပြောတာလဲ)
ဆရာ့အသံသည် မာန်ဖီနေ။ တစ်ခန်းလုံး ဟိန်းသွား။ ၀တ်မှုန်ရွှေရည်ကြောင့်လား၊ ဟန်ဘာဂါကြောင့်လား။ စားသည်ကြောင့်လား။ ကျောင်းသားများ မည်သူမျှ ပြန်မဖြေကြ။ တိတ်ဆိတ်နေ။ စာသင်ခန်း ပြူုတင်းပေါက်အပြင်တွင် တည်ရှိသော ဗာဒံပင်တစ်ပင်မှ သစ်ရွက်နီနီတစ်ရွက် ကြွေကျ မြေခ သေဟ။
အခန်း (၃)
ကြေမွနေသော ခေါင်းထဲမှ ပင့်ကူတစ်ကောင်၏ နားကျပ်တစ်စုံ ဆင်မယဉ်သာ လက်လှမ်းများဖြင့် ဒီဗွီဒီဖွင့်စက်တစ်လုံး ပလုပ်ပလောင်း ခရမ်းရင့်ရောင် သစ်ခွပန်းကို ရီမုကွန်ထရိုးဖြင့် ဒစ်ရှင်နရီ ကြည့်စရာမလိုဘဲ တယ်လီဖုန်း မြည်လာစဉ် စင်ကာပူတံဆိပ် Bee Cheng Hiang ၀က်သားပြား၏ နူးညံ့ပျောင်းမွှတ်မှုဟာ သွားရေယိုစရာ စတီးလ်ချိုင့်၏ အတွင်းရော အပြင်ပါ ညောင်းညာကိုက်ခဲနေသဖြင့် အ၀ါရောင် စက္ကူအိတ် ကျိုးပေါက်သွားလျှင်သွားချင်း ဒိုင်ယာရီနောက်ကွယ်မှ ဖြစ်တည်နေထိုင်မှု၏ အဓိပ္ပါယ်တွင် သက်ရောက်နှိုင်းယှဉ်ချက်များဖြင့် ဇီဝမျိုးစိတ်တို့ ပါဝင်ခွင့်မရသောအခါ တမ်းမက်မူးရီတိမ်းညွှတ်မိသူ အဖို့မှာတကား ကလီရှေးများဖြင့် အထူးထူးအပြားပြား တင်စားရွတ်ဆိုအပ်သော လမ်းဘေးလက်ဖက်ရည်ဆိုင် ယင်တလောင်းလောင်းအုံလျှက် ပစ္စတိုတစ်လက် ဖြောင်းခနဲအဖွင့် တစ်နေ့ရွှေ တစ်နေ့ငွေ ဆိုသလို ခရီးဆောင်အိတ် အနီရောင်လိုင်းကျားကြီးများထံသို့ တောအုပ်ဟာ တရွှီရွှီမြည် လိုင်းကျသွားနိုင်သည် ဆိုသော်လည်း ယနေ့အကြွေးမရောင်းသည့် တံခါးဟစိစိကို ရေအပြည့်ထည့်ထားသော ဇလားတစ်လုံး မျက်နှာသစ်ကန် အစပ်နားမှာ ပြက္ခဒိန်ရှေ့ချ စာစီစာရိုက် အချိန်တန်တော့လည်း နွားပိန်ကန်လာမှာပေါ့ကွာ။
အခန်း (၄)
ခန်းမထဲမှ လူအများသည် မိန့်ခွန်းကို စောင့်မျှော်လျက်။ မိန့်ခွန်း အစီအစဉ်သည် အသင့်ရေး မိန့်ခွန်းစာရွက်ကို စောင့်မျှော်လျက်။ မိန့်ခွန်းစာရွက်သည် သူ့ကိုကိုင်ဖတ်မည့် မိန့်ခွန်းခြွေသူကို စောင့်မျှော်လျက်။ မိန့်ခွန်းခြွေမည့်သူသည် မိုက်ကရိုဖုန်းကို စောင့်မျှော်လျက်။ မိုက်ကရိုဖုန်းသည် လျှပ်စစ်မီးကို စောင့်မျှော်လျက်။ လျှပ်စစ်မီးသည် စီမံကိန်းကို စောင့်မျှော်လျက်။ စီမံကိန်းသည် အသေးစိတ် ညွှန်ကြားချက်များကို စောင့်မျှော်လျက်။ အသေးစိတ် ညွှန်ကြားချက်များသည် ဆုံးဖြတ်ချက်ကို စောင့်မျှော်လျက်။ ဆုံးဖြတ်ချက်သည် အစည်းအဝေးကို စောင့်မျှော်လျက်။ အစည်းအဝေးသည် ခန်းမထဲမှ လူအများကို စောင့်မျှော်လျက်။ ခန်းမထဲမှ လူအများသည်…
အခန်း (၁-က)
(ရှင့်ဟာက ရိုးလွန်းတယ် ရှင့်ဟာက သိပ်ကိုရိုးလွန်းနေတယ်)
(ငါသင်ထားတာ ဒါအကုန်ပဲကွ)
စက္ကူအပိုင်းအစတစ်ဖဲ့ ကျကျနန ကျကွဲသွား။
ပန်ဒိုရာ
၂၁-၂၂.၁၀.၂၀၁၁
Wednesday, December 14, 2011
ခန္ဓာကိုယ်အခြေပြုဖြစ်စဉ်ဖန်တီးမှုများ (၈ ဒီဇင်ဘာ ၂၀၁၁)
၁။ Richard Martel (French Canadian performance artist & scholar)
အမှိုက်သိမ်း ခေါင်းလောင်းလေးတစ်လုံး ကို တီးတယ်။ အိတ်တစ်လုံးထဲက ဒန်အိုးဖုံးတစ်လုံး ထုတ်လာပြီး ရှေ့ကို ခြေလှမ်းမှန်မှန်နဲ့လျှောက်လာတယ်။ ဒန်အိုးဖုံးကို ကြမ်းပြင်ပေါ်ချတယ်။ အိတ်ရှိရာကို ပြန်သွားတယ်။ ခေါင်းလောင်းလေးကိုတီးတယ်။ အမှိုက်တွေကို လက်ခုတ်ထဲထည့်ပြီး အသေအချာ သယ်လာတယ်။ ဒန်အိုးဖုံးပေါ်မှာ သပ်သပ်ရပ်ရပ် ချတယ်။ ပြီးတော့ လက်ညိုးတစ်ချောင်းထောင်ပြီး တစ်နေရာကို ညွှန်ပြရင်း ရပ်နေတယ်။ ပြန်သွားတယ်။ အမှိုက်သိမ်းခေါင်းလောင်းကို တီးတယ်။ နောက်ထပ် ဒန်အိုးဖုံးတစ်လုံးနဲ့ အဲဒီ ဖြစ်စဉ်ကို ပြန်လုပ်တယ်။ လက်ညိုးထိုးတဲ့ ဦးတည်ရာကို အကြိမ်တိုင်းမှာ ပြောင်းတယ်။ အထက်စောင်းစောင်းဆီ အောက်စူးစူးဆီ အမှိုက်တွေတည့်တည့်ဆီ စသည်ဖြင့်။ ဒီလိုနဲ့ ဒန်အိုးဖုံး လေးခုတိတိမှာ အမှိုက်တွေ တန်းစီ နေရာချလို့ပြီးပြီ။ နောက်ဆုံဒန်အိုးဖုံး တစ်ခုကို အလယ်မှာ ချထားလိုက်တယ်။ ဒီတစ်ခါ သူ့အိတ်ထဲက အရာတစ်ခုကို မထုတ်ခင် အ၀ါရောင် ရာဘာလက်အိတ်တစ်စုံကို ကျကျနန စွပ်တယ်။ ဆွဲထုတ်လိုက်တာက ရွှေရောင် ပြောင်းတိုသေနတ် တစ်လက်။ သေနတ်ကို လက်နှစ်ဖက်နဲ့ အုပ်မိုးဆုပ်ကိုင် မြှောက်ချီတယ်။ အလယ်က ဒန်အိုးဖုံးဆီကို ခြေတစ်လှမ်းချင်း လှမ်းလျှောက်ပြီး သေနတ်ကို ထည့်လိုက်တယ်။ သေနတ်ရှိရာကို လက်ညိုးညွှန်လိုက်ပြန်တယ်။ အဲဒီနောက် အရပ်လေးမျက်နှာကနေ လေးကြိမ်တိုင်တိုင် ဒူးထောက် လက်နှစ်ဘက်ကို ဖြန့်ကားပြီး ရွှေရောင်သေနတ်ကို အရိုအသေ ပြုလိုက်တယ်။ ပြီးတော့ အမှိုက်ထည့်ထားတဲ့ ဒန်အိုးဖုံးလေးခုကို သေနတ်ရဲ့ လေးဘက် လေးတန်မှာ နေရာရွှေ့ ချထားလိုက်တဲ့အခါ ပြကွက်ပြီးဆုံးပါပြီ။
၂။ မသော်တာ၊ မြတ်ခိုင်ဇင်၊ ပီတိ
အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့ ကလေးမလေး တစ်ယောက်ဟာ ထီးအဖြူတစ်လက်ကို လက်တစ်ဘက်က ဇောက်ထိုး ကိုင်ဆောင်းထားတယ်။ မျက်လုံးနှစ်ဘက်ဟာ အ၀တ်တစ်စနဲ့ ပိတ်ဖုံးခံနေရပြီး အဖြူရောင် အိတ်တစ်လုံးကိုလည်း လွယ်ထားတယ်။ သူ့ရှေ့ဘက် ခပ်လှမ်းလှမ်းမှာတော့ ထည့်စရာ (ရေစစ်) တစ်ခု ကို လက်နှစ်ဘက် ဆန့်တန်းပြီး တည့်တည့်မတ်မတ်ကိုင်ကာ မတ်တတ်ရပ်နေသူ မိန်းကလေးတစ်ဦး။ တတိယမြောက် အမျိုးသမီးတစ်ဦးကတာ့ သစ်သားကုလားထိုင်တစ်လုံးကို ကြိုးကြီးကြီးတွေနဲ့ သူမရဲ့ နောက်ကျောကို ပူးချည်ထားတယ်။ လက်ထဲမှာတော့ အိတ်ကြီး တစ်လုံးကို ကိုင်ပြီး လူတွေကြားကို သွားလာလှည့်လည်နေတယ်။ အဲဒီအမျိုးသမီးရဲ့ ချဉ်းကပ်ခြင်းကို ခံရသူတွေဟာ အိတ်ကြီးထဲမှာ ပါလာတဲ့ ပလတ်စတစ်ဘောလုံး သေးသေးလေးတွေကို နှိုက်ယူပြီး အဖြူရောင်ဝတ်စုံနဲ့ ကောင်မလေးရဲ့ လက်ထဲကို သွားထည့်ပေးကြရတယ်။ ကလေးမလေးက ဘောလုံးရတဲ့အခါ သူ့ရှေ့မှာ မတ်တတ်ရပ်နေတဲ့ မိန်းကလေးရဲ့ ရေစစ်ခွက်ထဲကို ၀င်အောင် မှန်းပြီး လှမ်းပေါက်တယ်။ ဘောလုံးတွေက ဘေးကိုချော်သွားတာ များတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် ဘောလုံးတွေ တစ်လုံးပြီး တစ်လုံး ပေးကြတာကို ကလေးမလေးက ပေါက်ရင်းနဲ့ နောက်ဆုံး တစ်လုံးသာ အိတ်ထဲမှာ ကျန်တယ်။ ဒီတော့ အိတ်ကြီးကိုင်ထားတဲ့ အမျိုးသမီးက ကလေးမလေးရဲ့ မျက်လုံးစည်းကို ဖွင့်ပေးလိုက်တယ်။ နောက်ဆုံးဘောလုံးကို လက်ထဲထည့်ပေးလိုက်တယ်။ အမြင်အာရုံထင်ရှားသွားတဲ့ ကလေးမဟာ သူ့လက်ထဲက နောက်ဆုံးဘောလုံးနဲ့ ရေစစ်ထဲဝင်အောင် ပေါက်မလို့ အသေအချာ ချိန်တယ် ရွယ်တယ်။ နောက်ဆုံးအချိန်မှာတော့ ဘောလုံးကို မပစ်ပေါက်တော့ပဲ သူလွယ်ထားတဲ့ အဖြူရောင် အိတ်ထဲကိုပဲ ထည့်လိုက်တော့တယ်။
၃။ ငြိမ်းချမ်းစု
ဗုဒ္ဓဘာသာ ဘုရားရှိခိုး ဂီတသံက ပျံ့လွင့်နေတယ်။ သရုပ်ဖော်ပြသူဟာ ပရိသတ်ထဲမှာ ထိုင်နေတယ်။ တီးလုံးသံ မှိန်လာပြီး သူဟာ အိတ်တစ်လုံးထဲက စက္ကူလေယာဉ်ပျံတွေကို လေထဲကို လွှတ်ရင်း ရှေ့ကို လျှောက်လှမ်းလာတယ်။ စက္ကူလေယာဉ်ပျံ တွေ ဆက်လွှတ်တယ်။ နောက်တော့ စက္ကူလေယာဉ် တစ်စီးကို နံရံပေါ်မှာတင်ပြီး အတောင်ပံတစ်ဘက်စီပေါ်မှာ ဆော့ပင်တစ်ချောင်းနဲ့ ရေးခြစ်လိုက်တယ်။ ရေးလိုက်တဲ့ စာလုံးကတော့ FREEDOM တဲ့။ အဲဒီ FREEDOM လို့ အတောင်ပံတွေပေါ်မှာ ရေးထားတဲ့ စက္ကူလေယာဉ်ကို ကိုင်ပြီး အားကုန်လွှဲ လွှတ်လိုက်ပြန်တယ်။ လေယာဉ် ကျသွားတဲ့ အနီးအနားကလူတွေက တစ်ခါ ပြန်လွှတ်ကြတယ်။ အဲဒီလို လေယာဉ်ကို ဟိုဘက်ဒီဘက် လွှတ်နေကြတုန်းမှာပဲ သူဟာ ညာဘက် လက်ချောင်းတွေကို တိပ်တွေနဲ့ ပတ်ချည်လိုက်တယ်။ တိပ်ကြိုးနဲ့ ပတ်ထားတဲ့သူ့လက်ချောင်းတွေရဲ့ ထိပ်မှာတော့ ကဒ်ထူပြားနဲ့ လုပ်ထားတဲ့ လက်ညိုးထိုးနေတဲ့ပုံစံ လက်အတုတစ်ခုကို တပ်ဆင်လိုက်တယ်။ ဗြုန်းဆို သူက အသံနက်ကြီးနဲ့ ထအော်လိုက်တယ်။ “ဘာမှတ်နေလဲ၊ ငါရှာနေတာ…...” လက်ညိုးအတုကြီး ကို နေရာအနှံ့ ထိုးနေရင်း ပြောနေရင်း အဲဒီမှာ ပြကွက်ကို အဆုံးသတ်ပါတယ်။။
၎။ သင်တန်းသားတစ်ဦး (အမည် မမှတ်မိ)
တိုက်ပုံအနက်နဲ့ ပုဆိုးဝတ်ထားတဲ့ သူဟာ ခြေတစ်ပေါင်ကျိုးနဲ့ မြင်ကွင်းထဲ ၀င်ရောက်လာတယ်။ အဲဒီအနေအထားမှာပဲ စီးထားတဲ့ ကတ္တီပါဖိနပ်ကို တစ်ဖက်တစ်ချက်မှာ ချွတ်လိုက်တယ်။ ခြေကိုကားပြီး မတ်မတ်ရပ်တယ်။ တိုက်ပုံအင်္ကျီကို ကြယ်သီးမဖြုတ်ပဲ လက်ကိုလျှိုပြီး အထဲသွင်းလိုက်တယ်။ တိုက်ပုံအင်္ကျီရင်ဘတ် ကြယ်သီးလွတ်နေတဲ့ နေရာကနေ လက်ဖမိုးနှစ်ဘက်ကို ပြန်ထုတ်လာတယ်။ လက်အိတ် အဖြူရောင် စွပ်လိုက်တယ်။ လက်တွေရဲ့ အနေအထားကို လက်အုပ်ချီ၊ လက်တစ်ချောင်းပေါ် လက်တစ်ချောင်းဆုပ်ကိုင်၊ လက်သီးဆုပ် စသည်ဖြင့် အမျိုးမျိုး တဖြည်းဖြည်းနဲ့ ပြောင်းပြနေတယ်။ အကြာကြီး လက်သရုပ်ဖော်မှု ပြီးတဲ့အခါမှာတော့ လက်နှစ်ချောင်းကို ကို အင်္ကျီအောက်ကပဲ တိုက်ပုံအင်္ကျီလက် ထဲ ပြန်ထည့်လိုက်တယ်။ ၀တ်ထားတဲ့ ပုဆိုးကို အောက်နားစကနေ လှမ်းမတယ်။ ပုဆိုးကို အကုန်ဆွဲ ခေါင်းမြီးခြုံကာ တစ်ပတ်ကျွမ်း လှိမ့်ချလိုက်တဲ့အခါ ဖန်တီးမှုပြကွက်ဟာ အဆုံးသတ်ပါတယ်။
၅။ ဉာဏ်လင်းထက်
လူတွေရဲ့ လက်တွေကို သန့်စင်ဆေးရည်နဲ့ လိုက်ဖြန်းပေးတယ်။ လက်ချင်းတွဲပြီး လူတန်းကြီး နှစ်ထပ် လုပ်ခိုင်းတယ်။ လူတန်းကြီးရှေ့ မြက်ခင်းပြင်ပေါ်မှာ လှေခါးတစ်စင်းကို ထောင်ပြီး လှေခါးထစ်တွေ အဆုံးကို တက်ပါတယ်။ လက်ထဲမှာတော့ ရေကရားတစ်ခုကို ကိုင်ထားတယ်။ ပန်းပွင့်တွေကို လှေခါးပေါ်ကနေ ကြဲချလိုက်တယ်။ ရေကရားကို လှေခါးအမြင့်ကနေ ကိုင်မြှောက်ပြီး တစ်စက်ချင်း ဖြည်းဖြည်းသွန်းချပါတယ်။ ရေကရားကိုလောင်းနေစဉ် ဆုတောင်းတေးသံတစ်ခု နောက်ခံဂီတအဖြစ် ပေါ်လာခဲ့တယ်။ ရေစက်ချမှုပြီးဆုံးချိန်မှာ ပရိသတ်ကြီးကို လက်တွဲဖြုတ်နိုင်ကြပါပြီ လို့ ကြေညာလိုက်ပြီး သူ့ရဲ့ဖန်တီးမှု ကို နိဂုံးချုပ်ပါတယ်။
၆။ ရဲဝင်းစော
စစချင်းတော့ ကုလားထိုင်တစ်လုံးပေါ်မှာ သူ ထိုင်နေတယ်။ နောက်တော့ ကုလားထိုင်ပေါ်က ဆင်းပြီး ဘေးမှာ ထိုင်လိုက်တယ်။ ကုလားထိုင်ကို ဘေးဘက်လှည့်လိုက်တယ်။ သူလည်း ဘေးလှည့်ထိုင်တယ်။ ကုလားထိုင်ကို တစောင်းလှဲချလိုက်တယ်။ သူလည်း ကိုယ်တစောင်း လှဲချလိုက်တယ်။ ကုလားထိုင်ကို ပက်လက်လှန် ထောင်လိုက်တယ်။ သူလည်း ပက်လက်လှန်လိုက်တယ်။ ကုလားထိုင်ကို နောက်ကျောခိုင်းလိုက်တယ်။ သူလည်း နောက်ကျောခိုင်း ထိုင်လိုက်တယ်။ ကုလားထိုင်ကို မှောက်လိုက်တယ်။ သူလည်း မှောက်ချလိုက်တယ်။ ကုလားထိုင်ကို ရှေ့ဘက်ပြန်လှည့်ပြီး ချလိုက်တယ်။ သူလည်း ကုလားထိုင်နောက်ကနေ အဲဒီပုံစံအတိုင်း လိုက်ထိုင်လိုက်တယ်။ နောက်ဆုံးတော့ ကုလားထိုင်ကို သူ့ပေါင်ပေါ်ကို ယူတင်လိုက်ပါတော့တယ်။
၇။ ကိုစန်းဦး
စားပွဲပေါ်ကို ဖရဲသီးတစ်လုံးနဲ့ သင်္ဘောသီးတစ်လုံး ယူလာတယ်။ အမျိုးသမီးတစ်ယောက်ကို ဖိတ်ခေါ်တယ်။ ဖရဲသီးကို ချီးမြှင့်လိုက်တယ်။ စားပွဲကိုကျောခိုင်းပြီး ပရိသတ်ဘက် မျက်နှာမူထားတဲ့ ကုလားထိုင်တစ်လုံးပေါ်မှာ အမျိုးသမီးကို ဖရဲသီးကို ကိုင်ပြီး ထိုင်ခိုင်းလိုက်တယ်။ နောက်ထပ် အမျိုးသားတစ်ယောက်ကို ဖိတ်ခေါ်တယ်။ သဘောင်္သီးကို ပေးလိုက်တယ်။ နောက်ထပ် ကုလားထိုင်တစ်လုံး ပေါ်မှာ အဲဒီသင်္ဘောသီးကို ကိုင်ပြီး သူ့ကို ထိုင်ခိုင်းလိုက်ပြန်တယ်။ ခဏကြာတော့ သရုပ်ပြသူဟာ သင်္ဘောသီးကို ပြန်တောင်းတယ်။ လူကိုတော့ သူ့နေရာမှာပဲ ထိုင်ခိုင်းထားတယ်။ စားပွဲပေါ်မှာ ဓားတစ်ချောင်းနဲ့ သင်္ဘောသီးရဲ့ ထိပ်ဝကို လှီးဖြတ်လိုက်တယ်။ ဇွန်းတစ်ချောင်းနဲ့ အထဲက အသားတွေကိုခြစ်ယူပြီး ပန်းကန်ထဲကို ထည့်တယ်။ ဖရဲသီးကို လည်း ပြန်ယူပြီး ထိပ်ဝလှီးဖြတ် အသားခြစ်ယူတယ်။ နောက်တော့ သင်္ဘောသီးအသားတွေကို ဖရဲသီးထဲ အစာသွတ်တယ်။ ဖရဲသီး အသားတွေကို သင်္ဘောသီးထဲ အစာသွတ်တယ်။ အကျွင်းအကျန်တွေ အစအနတွေကို အားရပါးရ ပါးစပ်ထဲ ထည့်စားပြီး ရှင်းလိုက်တယ်။ ဘာမှမကျန်တော့တဲ့အခါ အသီးတွေကို လှီးဖြတ်ထားတဲ့ ထိပ်ဝတွေကိုပြန်ကပ်ပြီး စတက်ပလာနဲ့ နှိပ်ပိတ်လိုက်တယ်။ နောက်ဆုံးမှာတော့ ဖရဲသီးအစာသွပ်ထားတဲ့ သင်္ဘောသီးကို အမျိုးသားကို ပြန်ပေး သဘောင်္သီးအစာသွပ်ထားတဲ့ ဖရဲသီးကို အမျိုသမီးကို ပြန်ပေးလိုက်ပါတယ်။
၈။ အုန်းခိုင်ဇင်
မြက်ခင်းပြင်ပေါ်မှာ အိတ်တစ်လုံးထဲက အရာတွေကို ကြဲဖြန့်ချလိုက်တယ်။ တစ်ခါသုံး ဗူးခွံတွေ ပလတ်စတစ်ခွံတွေ၊ ပိန်ရှုံ့နေတဲ့ သံဗူးခွံတွေ၊ ဘောလ်ပင် ခဲတံ စာရေးကိရိယာ အပျက်တွေ။ သစ်ရွက်တွေ၊ ဂျင်းဘောင်းဘီ အင်္ကျီ အစုတ်အပြတ်တွေ။ စာရွက်လွတ်တွေပေါ်မှာ ဆော့ပင်ရောင်စုံနဲ့ စာကြောင်းတွေ ရေးခြစ်လိုက်တယ်။ White is blank. Green is illusion. Blue is pain. စသည်ဖြင့်။ ရောင်စုံစက္ကူတွေကို ဟိုဟိုဒီ ကြဲချလိုက်ပြန်တယ်။ ၀ါးအုပ်ဆောင်းတစ်ခုကို ယူလာပြီး ကွင်းပြင်ရဲ့အလယ် တစ်နေရာမှာ ချလိုက်တယ်။ စောစောက ရေးခြစ်ထားတဲ့ စာရွက်တွေကို အုပ်ဆောင်းပေါ်မှာ ပတ်ပတ်လည် စီရီခင်းလိုက်တယ်။ တိုင်ငါးတိုင်ကို အုပ်ဆောင်း ပတ်ပတ်လည်မှာ စိုက်လိုက်တယ်။ အုပ်ဆောင်းရဲ့ အလယ်က အပေါက်ထဲကို ကောက်ရိုးခြောက်စည်းတွေကို ထိုးထည့်လိုက်တယ်။ ပြီးတော့ ပန်းစည်းတစ်စည်းထဲက ရောင်စုံပန်းငါးပွင့်ကို ယူလာတယ်။ တိုင်တွေကြားမှာ ပန်းတွေကို တစ်ပွင့်စီ ဆင်ယင်လိုက်တယ်။ ကျန်တဲ့ပန်းတွေကို ပွင့်ဖတ်တွေခြွေပြီး ကြဲဖြန့်လိုက်ပြန်တယ်။ အသင့်ရေးထားတဲ့ စာတစ်ပိုဒ်ကို ရွတ်ဖတ်ခြင်းဖြင့် ပြကွက်ကို အဆုံးသတ်ပါတယ်။ “သံသရာလည်နေတဲ့ သံသရာစက်ဝိုင်းရဲ့ နှောင်ဖွဲ့ခြင်းနဲ့ အာရုံတွေရဲ့ တားမြစ်ထိန်းချုပ်မှုကို ခံစားကြတယ်။ ကြွေလွင့်ကြ၊ လှုပ်ရှားကြ၊ လှပကြ၊ စကြ၀ဠာခွင်ထဲမှာ တစ်စုံတစ်ယောက်ရဲ့ ………………………….”.
ပြည်လမ်း Institut Francais de Birmanie မှာ ၂၀၁၁ ဒီဇင်ဘာ ၈ ရက် ညနေက ကျင်းပခဲ့တဲ့ Body Temporary လို့ အမည်ရတဲ့ performance ဖန်တီးမှုတွေမှာ တွေ့မြင်ခဲ့ရတာတွေကို သိုလှောင်ထားခဲ့တဲ့ အာရုံထဲက ဆွဲခေါ်ပြီး အနီးစပ်ဆုံး စာစီကုံးလိုက်ပါတယ်။ အနုပညာရှင်တွေက ဘာတွေကို ဖန်တီးပြချင်ခဲ့သလဲ ဆိုတာ ရှာဖွေ တွေ့ရှိ သုံးသပ် ခံစားစရာများ ဖြစ်ခဲ့ရင် ကိုယ်တိုင် ဆက်လက် တွေးတောကြစေဖို့ပါ။
ပန်ဒိုရာ
Thursday, December 8, 2011
ကွန်ကရစ်မြို့တော်
ကွန်ကရစ်မြို့တော်
တစ်နာရီ ခြောက်ဆယ်မိုင်လျော့လျော့မှာ မအိပ်ငိုက်အောင်
ဖြစ်စေ အိပ်မငိုက်အောင်ဖြစ်စေ သတိပေးစာတမ်းကို နာခံလျက် အသက်ကို မြတ်မြတ်
နိုးနိုး ထုပ်ပိုးကာ ဘာ့ကြောင့်ရပ်ရပ် လမ်းဘေးချရပ်ရင်း အလျင်လိုသူများအနေဖြင့်
လမ်းအိုကိုသာ လိုက်သင့်သော ခရီးအဆုံးမှာ မြင်လေရာရာ ဟာခနဲ ဟင်ခနဲ
ကမ္ဘာမှားသလား ဂြိုဟ်မှားသလား ခရမ်းပြာလဲ့လဲ့ မီးလုံးမီးစုန်းတွေ အဆန်းတကြယ်
ပလတ်စတစ်ပန်းရောင်စုံတို့ ၀န်းရံခ နေသော ပဒုမ္မာ ကုမုဒြာ ကြာပန်းများလည်း လန်းစွင့်
လျက် ဘိလပ်မြေ ဘိလပ်ရည်များ လိမ်းကျံသည့် ကျက်သရေဆောင် လမ်းမရှည်များ စည်းကမ်းတကျ
လေးထောင့်ကွက်ကျ မဟာဆန်ဆန် ပါဠိပုံဆောင်ခဲ မြို့ငယ်များ အရာတော်မြေချ အိမ်ကြီးကနားတို့ဖြင့်
တုတ်တုတ်ပင်မလှုပ် လူသူဆူပူကင်းဝေး ဆိတ်ငြိမ်ပိပြားလျက် အခြေချ စိတ်နှင့်ခန္ဓာထပ်တူ
ရွေ့လျားကြသူများမှ တပါးအင်္ဂါရပ်များအားလုံး နှင့်အညီ ပြီးပြည့်စုံခြင်းဟာ ကျိုးနွံခယ
ဦးချချင်စရာ ညနက်နက်မှာ လထွက်ခါမှ ရုပ်တုကြီးများ အသက်ဝင်လာမလား သောသောညံညံ
မြို့သူမြို့သားတို့ စည်ကားပျော်ပါး ရောင်းဝယ်ဖောက်ကားကြ မနက်မိုးလင်းမှ အလျှိုလျှို
ပျောက်ကွယ်သွားကြလေသည် ဆိုသော ဒဏ္ဍာရီထဲက အဖြစ်မျိုးလား ရူးနှမ်းချောက်ချား
အတွေးပွားမိ နောင်အနှစ် တစ်ထောင်ခန့်အကြာ ပိဋကတ်သုံးပုံကို ဆောင်ကြဉ်း၍ ဘုရား
ကျောင်း ကန် စေတီ ပုထိုးများ တည်ထားစေခဲ့သော သာသနာ့ ဒါယိကာ မင်းမြတ်အနော်ရထာ၏
ဘုန်းတော် ကံတော် ဥာဏ်တော်ပွင့်လင်း အံ့ဘနန်း ဖြစ်လှပါဘိခြင်းလို့ ပုဂံမြို့ဟောင်းမှာ ကမ္ဘာလှည့်
ခရီးသွားတို့ ရင်သပ်ရှုမောရသလို မှတ်တမ်းများ မှတ်ရာများ အမှတ်သည်းခြေများဖြင့်
အသင်္ချေအသချာင်္ သင်္ချာတွက်ထုတ် အလုပ်ရှုပ်ကြရပေလိမ့်မလား လို့လည်း မရဲတရဲ စိတ်ကြီးများပင်
ဝင်ခဲ့မိ ကမ္ဘာ့အကျယ်ဆုံး လမ်းမကြီးတစ်စင်းထိပ်ဝယ် ညီလာခံသဘင်များလည်း ရက်သတ္တပတ်လုံး
နှစ်ဆယ့်လေးနာရီ အလင်းရောင်မပြတ် ၀ှဲချီးကျင်းပလျက် အမှန်အကန် တည်ရှိ ကိုင်တွယ်၍ရခြင်း
အကောင်အထည် ရုပ်အားဖြင့် ဒု ဗြက် တိတိတိကျရှိခြင်း သိပ်သည်း ကြမ်းရှ ကျစ်လျစ်
မာကြော ကြံ့ခိုင် ထူထဲ မြဲမြံခြင်း စသည့် ဂုဏ်သတ္တိများ အထူးထူးအပြားပြားဖြင့် ကွန်ကရစ်မြို့တော်။
ပန်ဒိုရာ
၇-၈.၁၂.၂၀၁၁
Saturday, November 19, 2011
အဲဒီအချိန်မှာတော့အဲဒါဟာအစစ်ဖြစ်ခဲ့သတဲ့
အဲဒီအချိန်မှာတော့အဲဒါဟာအစစ်ဖြစ်ခဲ့သတဲ့
မထင်မှတ်လောက်အောင် ရဲရဲတင်းတင်းတွေ ရေးချလိုက် ပြီးတော့မှ လေသံကို ချက်ချင်းဂီယာပြောင်း-မထင်မှတ်လောက်အောင် အသေးစိတ်တွေဖွဲ့နွဲ့ ပြီးတော့ မိန်းကလေးလေသံကိုဖျောက်၊ ပြီးတော့ လှချင်စိတ်ရှိသလောက် အလှတရားကို မဖန်တီးတတ်ရှာ တခါတလေ အရာအားလုံးကို လုပ်ပြနိုင်သူလိုလိုပုံဖမ်း၊ ပြီးတော့ ဘာမှမသိပါဘူးရှင် အချိုးမျိုးလေးနဲ့ ပြန်ပေါ်လာ အဝေးကနေ လက်တည့်စမ်းတတ်ပြီး ကိုယ်ပုန်းဖို့ အလုံခြုံဆုံးတစ်နေရာကို အမြဲရှာဖွေထားတတ်သူ - အတိုပြန်ချုပ်ပြောရရင် ပါးနပ်တယ်- သို့သော်ထူတယ်၊ ပါရမီရှိတယ်- သို့သော် ရှိသင့်သလောက် ရှင်းရှင်းလင်းလင်း မရှိဘူး၊ အရဲကိုးတယ်- သို့သော်သတ္တိနည်းတယ်၊ လူမှုတွေကို သိပ်မမှုစမ်းပါနဲ့ - တစ်ခါလောက် အိမ်ကပြေးကြည့်ပါလား၊ စိတ်ထဲက ရှုပ်ရှုပ်ထွေးထွေးတွေ အမှိုက်တွေ ကုန်သွားအောင် ဆန္ဒအရှိဆုံး အမှားတစ်ခုကို စိတ်ရှိလက်ရှိကျုးလွန်လိုက်- အပြင်ကိုထွက်ပြီး နည်းနည်းလောက် အသက်ရှူကြည့်လိုက် ဒါမှမဟုတ် အသက်ရှူရပ်ကြည့်လိုက်၊ ကားတစ်စင်းလို လမ်းဘေးထိုးရပ်လိုက်ရတဲ့ ဘ၀တွေရှိတယ် ၊ အင်ဂျင်မပါပဲ မောင်းနေတဲ့ ကားတွေရှိတယ် - ကားနေတဲ့ မောင်းတွေရှိတယ် - မောင်းထုခေါ်ပြီး လူထုက ကျောက်ခဲနဲ့ဝိုင်းပေါက်သတ်တဲ့ ပြစ်မှုတွေရှိတယ်- လက်ဖျားနဲ့တို့စရာမလိုဘဲနဲ့ အားအားယားယား တရားဝင် သတ်ဖြတ်မှုတွေလည်း ရှိတယ်၊ သေခြင်းတရားကို ရွှေဒင်္ဂါးလို ထွေခင်းစကားကြတယ် ဆိုတာကြားဖူးလား- လူ့ဘ၀ဆိုတာ မပျင်းတတ်ရင် တိုတိုလေး ပျင်းတတ်ရင် ရှည်ရှည်ကြီးပေါ့ ရှင်းပလား ၊ ငြီးငွေ့လွယ်စရာကောင်းတဲ့ လူလူချင်း ဆက်ဆံရေးတွေရှိတယ် - စကားလုံးလော်လီနေတဲ့ အခွင့်အရေးတွေ ရှိတယ်၊ လှုပ်စိလှုပ်စိ စီးဆင်းနေတာတွေ ရှိသလို အထက်အရပ်က ပီကေကပ်ထားခံရတာလည်း ရှိတယ်- အရင်ကပြောင်းခဲ့ပုံတွေနဲ့ အခုနောက်ဆုံး ပြောင်းနေတာတွေနဲ့ မတူတော့ ပြောင်းလဲတွေပုံက ပြောင်းလာတယ်၊ မျက်တောင်တဆုံးမကြည့်နဲ့ မျက်တောင်မခတ်ကြည့်ပါ လှမ်းကြည့်လိုက် လှန်ကြည့်လိုက် လှပ်ကြည့်လိုက် အတုတွေ ထထမလုပ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို အပြည့်ဖြည့်ထားလိုက် ကဲပါလေ စောစောက ပြောတာတွေလည်း မေ့ပစ်လိုက် မင်းမှာ အိုင်ဒီယာရှိတယ် စတိုင်သစ်ရှိတယ် အိုင်ကွန်ရှိတယ် ဖက်ရှင်ရှိတယ် ဖက်ရှင်အင်းမေ့ဂ်ျလည်းရှိတယ် ကဲ .. ရယ်မောသွားပြီဟုတ် အဲဒီလိုနေပါ ပေါ့ပေါ့ပါးပါးနေထိုင်ပြီး လေးလေးနက်နက် တွေးတောပါ ဟာသဥာဏ်ရှိတယ် သရော်မယ် လှောင်ပြောင်မယ် အရာရာကို ရယ်စရာ မြင်နေတတ်တာလည်း ကောင်းတော့ကောင်းပါတယ် ကောင်းလည်းမကောင်းဘူး ထောင်တန်တဲ့ စကားက ရယ်ရင် ပေါ့တတ်တယ် ငါးထောင်တန်ကတော့ အကြွေဖျက်ဖို့ခက်မယ် ထောင်တွေတန်းတွေကတော့ ဘယ်သူနဲ့မှ မတန်ပါဘူး စကားကို ကတ်မပြောနဲ့ ခတ်မပြောနဲ့ လွဲမပြောနဲ့ လွှဲမပြောနဲ့ ပြောရင်းဆိုရင်း လျှောချသွားပြန်ပြီ- ကြည့်။
ပန်ဒိုရာ
၁၈-၁၉.၁၁.၂၀၁၁
Friday, November 11, 2011
၂၀၁၁ တန်ဆောင်တိုင် ဦးဘဂျမ်းလမ်း ကာတွန်းအချို့
၁၃လမ်းမှာ ခင်းကျင်းထားတဲ့ ကာတွန်းတချို့ကို ရပ်ဝေးနေမိတ်ဆွေများအတွက် ဝေမျှလိုက်ပါတယ်။ နောက်ထပ်ပုံတွေ ထပ်ကြည့်ချင်ရင် facebook မှာ လာကြည့်ကြပါ။
Monday, October 31, 2011
ခြင်္သေ့လက်ဖ၀ါး
ခြင်္သေ့လက်ဖ၀ါး
ငါတို့ဟာ တောထဲကို နောက်တစ်ခါ မသွားတော့ဘူး*
ဝါးရွက်ချွန်ချွန်တွေ မြေစိုက်တဲတွေ ခြေနင်းသံတဒိုင်းဒိုင်းတွေ
ဒိန်ခဲကို မရွှေ့တမ်းခဲထားတဲ့ ပါးစပ်ကျယ်တွေ
မြစ်ထဲ ကန့်လန့်ဖြတ်စီးလာတဲ့ ၀ါးလုံးရှည်တွေကို လှမ်းကာတဲ့ လက်တွေ
ခေါင်းတွေ သုံးလုံး နှစ်လုံး တစ်လုံး နောက်ဆုံး အားလုံးနစ်မြုပ်သွား
ကျောင်းတွေမှာ ဘာသာရပ်တွေကို မသင်တော့ဘူးတဲ့
အိမ်တွေမှာ အမိုးအကာအခင်း မပါတော့ဘူးတဲ့
ပီယာနိုတွေကို အားလုံး စွန့်ခွာခဲ့ကြ ဒီမြို့လေးမှာ နှင်းကျခဲ့ပါတယ်
တချိန်က.. ဟိုးတချိန်က ကျခဲ့တဲ့နှင်းတွေ နှင်းကျိန်စာတွေလေ
ဗူးဆို ဖယုံမသီးတတ်တဲ့ အလေ့အထ ထွန်းကားလာ နံရံများ
ရုပ်တုများနဲ့ ရုပ်တူများ ပြေးလွှား နှလုံးလေဟပ်ပြီး ဗြုန်းဆို လဲကျသွား
သိမှုနဲ့ထပ်တူညီအခြေအနေကို ဆင့်ပွားနိုင်စွမ်းမရှိသော အို- လူသား
ကျွန်တော်ဟာ ကြံဖတ်တစ်ချောင်းပါ ကြိတ်နင်းခံပြီးသား
ကျွန်မဟာ အိတ်စတာနယ် ဟာ့ဒစ်ခ်စ် ပါ သိပ်ဆန့်တယ် အလွယ်တကူသယ်
ကျွန်တော်ဟာ ခရစ္စတယ်လ်ပန်းအိုးပါ စင်ပေါ်မှာအလှပြထားတယ်
ကျွန်မကတော့ တပ်ဆင်ထားတဲ့ အမှိုက်ပုံအတုထဲက ငါးရိုးတစ်ချောင်းပါ
ကျွန်တော်ဟာ ကျွန်မဟာ ကျွန်တော်ကျွန်မတို့ဟာ
ခြင်္သေ့လက်ဖ၀ါး ခြင်္သေ့လက်ဖ၀ါး
ကလေးလေးတွေ ပြေးတမ်းလိုက်တမ်း ကစားရင်း ညိုးညိုးညံညံ ရယ်မောကြ
ခြင်္သေ့လက်ဖ၀ါး အဲဒီမှာ ခြင်္သေ့လက်ဖ၀ါး
ပန်ဒိုရာ
၂၀-၂၇.၁၀.၂၀၁၁
* Les Lauriers sont coupés (Dujardin)
Thursday, October 27, 2011
တရားထိုင်ခြင်ထောင်ထဲ ၀ဲနေတဲ့ခြင်တစ်ကောင်
တရားထိုင်ခြင်ထောင်ထဲ ၀ဲနေတဲ့ခြင်တစ်ကောင်
………….. ခြင်ပုန်းတောမှာ မနေသာ ဆိုတဲ့အတိုင်း ထွက်လာတာ၊ အပုန်းလား အပွင့်လား အဖုံးလား အပိတ်လား တကယ်တော့ အသေအချာ မသိနိုင်ဘူး၊ တရားထိုင်ပုဂ္ဂိုလ်ဘေး ထောင့်ကလေးမှာ ငြိမ်ငြိမ်ကလေးနား ရှု- မှတ်- ပွား လိမ္မာယဉ်ပါးနေတဲ့ ခြင်ဟာ ပုထုဇဉ်ပဲပေါ့ - ချင်တွေတော့ သိပ်များနေသေးတယ် သူ့မှာ၊ ခြင့်ခမျာ လာချင် သွားချင် နားချင် စားချင် အဆိုးဆုံးကတော့ ချစ်-ချင်-နေသေးသတဲ့ ၊ ချဉ်ခြင်းတွေတပ်လို့ အ၀ိဇ္ဇာ အ၀ါစိတ်တွေနဲ့ အ၀ှာစိတ်တွေလည်းပါမယ် ၀ိုင်းစုခိုင်သိန်း ရဲ့ ပေါင်တွင်းသားလေးကိုမှ ထိုးဖောက်သွေးစုပ်ချင်တဲ့ စိတ်မျိုး ငါ့ဝမ်းပူဆာ မနေသာတဲ့ ခြင်ပါ- သို့သော် တံငါနားနီးတံငါ ရိပ်သာနားနီးတရား ပညတ်ကိုခွာ ပရမတ်ကိုမှတ် လူရဲ့အသားပေါ် နားရင် နားတယ်လို့ မှတ်လိုက်သတဲ့ နှုတ်သီးနဲ့ ဖောက်တယ် ဖောက်တယ် လို့ မှတ် သွေးတွေကိုလည်း စုပ်တယ် စုပ်တယ်လို့မှတ် မျိုချတယ်လို့မှတ် (အား..ကောင်းလိုက်တာ - ကောင်းတယ်လို့ ဆက်မှတ်) ၀န်းကျင်ကောင်းမှာ လက်ဖ၀ါးကြမ်းကြမ်းတွေနဲ့ ဗြန်းဗြန်း ရိုက်တာမျိုး သူ့မှာ မကြုံဖူးခဲ့ပါ၊ ဖူးခနဲ မှုတ်လိုက်တာဖြစ်ဖြစ် အသာလေး ပုဝါနဲ့ယမ်းလိုက်တာဖြစ်ဖြစ် ဒီလောက်ပဲ- လောကဓံလေက ခပ်နုနုလေး သွေးနေတုန်း နေ့လွဲညစာ(အဖတ်) မစားဘူး သေရည်သေရက် မလိုအပ်ဘူး အေးဆေးပဲ စောင့်ထိန်းနေ၊ သူဟာ အရည်အာဟာရ တစ်မျိုးတည်းကိုသာ ထာဝစဉ် မှီဝဲလျက် - ခြင်ထောင် မကျခင်အထိ ခြင်ဟာ တစ်ကိုယ်တော် လွတ်လပ်စွာ လှုပ်ရှားခဲ့၊ ပိုလီဂမီစနစ်မှာ ကာမေသုပုဒ်ဟာ အကျုံးမ၀င် မုသာဝါဒဟာလည်း တ၀ီဝီ စကားသံ တစ်မျိုးတည်းမှာ အကျုံးမ၀င်၊ ခြင်ကိုက် (တိုက်ရိုက်) သတ်လိုက်တဲ့ မသာဆိုတာ မရှိတော့ ပါဏာတိလည်း ကင်းရဲ့၊ အနည်းဆုံး သီလခြောက်ပါးလောက်တော့ စင်နေတဲ့ခြင် သူ့ကိုယ်သူ ခြောက်ပြစ်စင်လို့ သမုတ်လိုက်တယ်- နိဗ္ဗာန်ကို တိုက်ရိုက်သွားရင် ကောင်းမလား လူ့ဘ၀ဆိုတာကို ခဏလောက် ထရန်စစ် ၀င်ရင် ကောင်းမလား ခြင်ဦးနှောက်ကလေး ရှိသရွေ့ သူစဉ်းစားတယ်၊ လူအဖြစ်ဟာ သိပ်သက်သာတယ် ဇိမ်လည်းကျတယ် အစားအသောက်မျိုးစုံ အရသာမျိုးစုံနဲ့၊ ပျင်းစရာ သွေးတစ်မျိုးတည်း သောက်သုံးနေရတာ မဟုတ်ဘူး၊ ဒါတောင် တရားထိုင်ပုဂ္ဂိုလ်တချို့ နှစ်ချောင်းတည်း ရှိတဲ့ ခြေထောက်ကို ညောင်းတယ် ကိုက်တယ် လုပ်ချင်သေး၊ လှည့်လိုက် ပြောင်းလိုက် ပြင်လိုက်သေး၊ ခြင်လိုများ ခြေထောက်တွေ အများကြီးနဲ့ ဆိုရင် သူတို့မှာ ခြေထောက် တစ်ချောင်းပြီးတစ်ချောင်း ကိုက် ညောင်း ပြောင်းနေရတာနဲ့တင် အချိန်စေ့ပြီး တရားရမှာ မဟုတ်တော့ဘူး စဉ်းစားတယ် ခြင်ဦးနှောက်ကလေးနဲ့ သူစဉ်းစားတယ်၊ ဆရာတော် တရားဟောတုန်းက လောက်လန်းသဖွယ် ၀ိညာဉ်တွယ် တဲ့၊ ခြင်ဟာ မျက်လုံးတွေ ကျယ်လာခဲ့၊ ဒါကို သူကောင်းကောင်းသိတယ် ငယ်ငယ်က လောက်လန်းကလေးတို့ ဘ၀မှာ ပျော်ပါးဖို့ရာ လွယ်ခဲ့ပါတယ်၊ ခြင်ဟာ တရားဓမ္မနဲ့ သူ့ဘ၀ ထင်ဟပ်နားလည်လို့ အားတွေတက်လာခဲ့တယ်၊ ဒီလိုနဲ့ အချိန်စေ့တော့ တရားထိုင်ပုဂ္ဂိုလ်လည်း ထိုင်ရာက ထပြီ ခြင်ထောင်သိမ်းပြီ ဘေးကိုခါပြီ၊ ခြင်ထွက်လာတယ်၊ အသိုင်းအ၀ိုင်းရှိရာ ခြုံပုတ်ထဲက မ၀ံ့မရဲ ရိပ်သာနားကို လာမ၀ဲတတ်တဲ့ ကောင်တွေဆီ ရင်ကော့ပြီး ပြန်/ပျံသွားတယ်၊ အလကား တရားနဲ့ ဝေးတဲ့ကောင်တွေ- အမှောင်မိုက်ထဲက ခြင်မိုက်တွေဟာ ဓမ္မာရုံထဲက ထွက်လာတဲ့ခြင်ကို အတွေ့အကြုံ အကျိုးအကြောင်း မေးမြန်းဖို့ ၀ိုင်းလာကြတယ်၊ ခြင်ဟာ (စောစောကစုပ်လာတဲ့) သွေး နားထင်ရောက် နားထင်ကိုကျော် အန်တီနာအထိရောက် “ငါ့ခြင်တို့….” အစပြုပြီး ခြင်တင်းစာ ရှင်းလင်းပွဲမှာ မိန့်ခွန်းခြွေတော့တယ်။
ပန်ဒိုရာ
၉-၁၀.၁၀.၂၀၁၁
Thursday, October 20, 2011
အခုတော့ ငါလည်း လူနဲ့ အတော်ကလေး တူလာခဲ့ပြီပဲ
အခုတော့ ငါလည်း လူနဲ့ အတော်ကလေး တူလာခဲ့ပြီပဲ စစချင်း သိမှုထင်ရှားတာက နားပတ်ပတ်လည်မှာ နားလည်နေတဲ့ မိခင်ဘာသာစကားက နားထဲကို အော်တိုမက်တစ် လာလည် မက်ထရိုပိုလီတန်ဘ၀လို အကြားခလုတ် ပိတ်ဖွင့်ကစားလို့ မရတော့ပါ လူဟာ မနက်အလုပ်မသွားခင်နဲ့ ညနေအလုပ်ဆင်းပြီးချိန်မှာ ဘရိတ်ဖတ်စ်နဲ့ ဆပ်ပါး ကြေညက်အောင်ဝါးစားဖို့ အချိန်တစ်ချိန်စီ ရှိရ လူသောက်တဲ့ လက်ဖက်ရည်ဆိုတာ ချိုပေါ့ ချိုဆိမ့် ကျဆိမ့် စသည်ဖြင့် အမျိုးမျိုးအစားစား ကွဲပြားဖျော်စပ်နိုင်ရ ပဲ….. ပြုတ် ဆိုတဲ့ အော်သံနဲ့ နိုးထခြင်းစည်းစိမ် မုန့်ကြာစေ့သာကူ ဟင်းရွက်စုံ ဖီးကြမ်းငှက်ပျောသီး သင်ဖျူးဖျာ (အော်သံများဆက်လက်) သဘာဝနည်းစနစ်နဲ့ ထုတ်လုပ်ထားတဲ့ ခြင်တစ်ကောင် သို့မဟုတ် ခြင်အုပ်စုတစ်စု ဟာ ပြူတင်းပေါက်က ဒါမှမဟုတ် တံခါးမကြီးက ၀င်လာတတ်တာ မျှော်လင့်ထား-ပြီး-ခဲ့-သင့် ဓာတ်လှေခါး တပ်ဆင်မထားခြင်း မိုးရွာခြင်း (ခေတ္တ)ရေလျှံခြင်း လမ်းကြောပိတ်ခြင်း သိုင်းဝတ္ထုထဲကလို သွေးကြောမကြီးကို ထိုးပိတ်လိုက်ခြင်း (နောက်ဆက်တွဲသတင်း- သွေးကြောမကြီးကို ကာလတစ်ခုအတွင်း ပြန်ဖွင့်ပေးလိုက်ခြင်း) မီးမှန်နေပါ(သေး)တယ် ရေရပါတယ် သူလိုငါလို အခြေခံကျေနပ်မှုရှိပါတယ် သားက ကြီးလာရင် ပိုက်ဆံများများရအောင် သီလရှင်စက်ရုပ်တွေ တီထွင်ပြီး အလှူလိုက်ခံခိုင်းမှာ (လူကြီးတို့ ရယ်သံများ) ကာရေဘီယန်ကို ရောက်ရင် ဂျက်စပဲရိုးလို ကျင့် တုန်ခြင်း မှုန်ခြင်း ထစ်ခြင်း အခွေနဲ့စက် အသံတူအောင်ထည့် ရန်များကို ကိုယ်ရှင်းမယ် ဒီဝိုင်းကို ဘယ်သူရှင်းမယ် ချွေးနှဲစာလေးနဲ့လား အိုစာမင်းစာနဲ့လား စားစရာတွေကို ၀ါးသာစား ချိန်းဆိုမှုတွေ အေးအေးဆေးဆေး နောက်ကျပါ သာ-လာတော့မှာပါ နေသာ ထိုင်သာ သက်သာ အိမ်သာ မသာ စသည်ဖြင့် စကားမစပ် ပေါ့ထရီဟာ ပေါ်လက်တစ်စ်/ပေါ်လက်တီကယ် တို့ရဲ့အထက်မှာ ပေါလောပေါ်နေဆဲ အက်ဖ်အမ်ရေဒီယို နားထောင်ပါ ကြော်ငြာစာရွက် အသံထွက်ဖတ်ပါ အရိုးရှင်းဆုံးဘ၀ရဲ့ ပျော်ရွှင်မှု (ယိစ်!!!) ပန်ဒိုရာ ၂၁.၉-၂၀-၁၀.၂၀၁၁
Tuesday, September 13, 2011
အနိမ့်နိမ့် အမြင့်မြင့် အဆင့်ဆင့်
တည်သော မှီသော ရီသော ဟီသော
ဂီတဖြင့် မွေ့လျော်သော စည်ငြင်းဖြင့် နိုးထသော
ဆူညံအံပွက်သော တိုးတိတ်ညံ့သက်သော ကျပျောက်ဆုံးရှုံးသွားသော
ရှာဖွေတွေ့ရှိသော မြဲမြံတည်ဆောက်သော ပျက်လွယ်စီးလွယ်သော
ရီဝေမှုန်ဝါးသော ထင်ရှားပြတ်သားသော မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသော
အထက်အရပ်မှ တင်းကျပ်ဖြတ်တောက်သော ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်သော
စေ့စပ်ဆွေးနွေးသော တော်လှန်ပုန်ကန်သော အနုနည်းဖြင့် ဆွဲဆောင်ပူးကပ်သော
ရုတ်တရက် ဂရင်းဂရင်း ထမြည်လာသော ချက်ချင်း ကောက်ကိုင်လိုက်သော
ချစ်၍ခေါ်သည် လိုက်တော်မူခဲ့ မပျောင်းနွဲ့သော ချစ်၍ခေါ်ရာ လိုက်ချင်ပါလည်း
နော်ဇာရွှေကုံး တစ်ခိုင်လုံးကို လုံးလုံးမပိုင်သေးသော သင်ပုန်းချေလိုက်သော
သင်တို့ပုန်းနေခဲ့ကြသော သမိုင်းရေကြီး လှိုင်းစီးလိမ့်ပါကြသော
ဇုနတ်ဘုရင်က စေလွှတ်လိုက်သော ဟီရာနတ်ဘုရားမ၏ ကျိန်စာသင့်သော
တောသုံးတောင်ကို ပိုင်စိုးသော ရေမြေကို တက်နင်းထားသော
ဖွဲ့နွဲ့သော ရေးသားသော သီကုံးသော စပ်ဆိုသော ခြယ်သသော
အတွင်းသည် အပဖြစ်သော အပသည် အတွင်းဖြစ်သော
အရပ်ရှစ်မျက်နှာမှ တိုးဝင်လာသော အေး၍ခြောက်သွေ့သော
ပူ၍စွတ်စိုသော “ငါ”သည် “ရန်” နှင့်ပြတ်သော “ရန်”သည် “မိတ်”သာဖြစ်သော
လူအများ၏ဖြစ်သော လူအများ၌ဖြစ်သော လူအများအတွက်ဖြစ်သော
ယူကားယူ၍ မပေးသော ပေးကားပေး၍ မရသော ယသော အယသော
အဖန်ဖန်အလဲလဲ တခဲနက် အဆုံးသတ်သွားခဲ့သော…။
ပန်ဒိုရာ
၂၁-၈.၂၀၀၁ - ၁၃-၉.၂၀၁၁
Friday, September 2, 2011
စေ့ရုံစေ့ထားတဲ့ရွှေတံခါးတွေ
စေ့ရုံစေ့ထားတဲ့ရွှေတံခါးတွေ
တစ်ချပ်ပြီး တစ်ချပ် အထပ်ထပ် မတ်တတ်ရပ်နေကြ
ချပ် ချပ် ချပ် ချပ် နဲ့ ပြားချပ်ချပ် အသံတွေ
အဲဒီ အသံတွေဟာ ကတိက၀တ်တွေနဲ့ သံတမန်ခင်းလိုက်
ဖြည်းဖြည်း ခြေဖျားထောက်ပြီး ကိုယ်ယောင်ဖျောက်လိုက်
အချိန်နဲ့တပြေးညီ ဒေါင်လိုက်ရွေ့လျား ပြေးလွှားလိုက်
ဒီတံခါးကနေ လိရိကဟာ အမေရိကကို တွန်းဖွင့်ခဲ့
ဒီတံခါးနောက်မှာ မော်ဒန်နတီဟာ အိုင်ဒန်ဒတီမထင်ရှား ပုန်းအောင်းခဲ့
ဒီတံခါးထဲက ကလောင်သွားဟာ ဓားသွားကိုဖြတ်ကျော်ခဲ့
ဒီတံခါးပေါ် မေတ္တာတွေ ထွင်းထုထား
ဒီတံခါးကို သစ္စာဟာ ဖောက်ထွက်သွား
မွန်းစတား လိုက်ရှာခဲ့တာ ကလေးငယ် ဘူး ရဲ့ တံခါး
သတ္တမမြောက် တစ္ဆေကြီးလမှာ ၀ိညာဉ်တွေကို ဖွင့်ပေးလိုက်တဲ့ ငရဲတံခါး
တံခါးတစ်ချပ်ဟာ ခါးကြားမှာ ခါးထစ်ခွင်ခံထားရတယ်
ဆူးကြားမှာ ခါးခါးသီးသီး သီးနေတဲ့ တံခါးတွေရှိတယ်
အစိတ်စိတ်အမွှာမွှာ လွင့်စင်ပျက်ကျသွားခဲ့သော တံခါးများ
သော့ခလောက်ကြီး ဟီးလေးခိုနေသော တံခါးများ
ဆုကြေးတ၀က်နဲ့ လာဘ်ထိုးခံလိုက်ရသော တံခါးများ
အခင်းအကျင်းသစ်ကို မျက်ခြေပြတ် ကျန်ခဲ့သော တံခါးများ
မကြာမီ မျိုးရိုးဗီဇ တိမ်ကောပျောက်ကွယ်သွားတော့မည့် တံခါးများ
တံခါးရောင်စုံ ဖြူဖြူ ပြာပြာ ညိုညို ညက်ညက်
ရွေးလိုက်ပါ အနီလား အ၀ါလား နီးနီးလား ၀ါးဝါးလား
လက်သန်းဖျားနဲ့ ပါးပါးလေးတွန်းဖွင့်လိုက်။
ပန်ဒိုရာ
၂၉.၈-၁.၉.၂၀၁၁
Saturday, August 27, 2011
ယေဘုယျမျဉ်းတစ်ကြောင်း
ယေဘုယျမျဉ်းတစ်ကြောင်း
မိန်းမကြီးတစ်ယောက်က အရင်ဆုံး မြင်ပြီး လန့်အော်လိုက်တာ
လူတွေ တဖြည်းဖြည်းများလာတဲ့အချိန် အတော့်ကို အေးစက်တောင့်တင်းနေပြီ
ခဏကြာတော့ ရဲတွေရောက်လာ ပတ်ပတ်လည်ကို တိပ်ကြိုးများဖြင့်တား
လက်ဗွေရာယူ နီးစပ်ရာမေးမြန်း စုံစမ်းစစ်ဆေးမှု စတင်
ပျက်ပြယ်စပြုနေတဲ့ မှတ်ပုံတင်ကဒ်ပြားတစ်ပြားနဲ့ သူ့အကြောင်းသဲလွန်စ
ငွေစက္ကူအချို့ အကြွေအနည်းငယ် အကြွေးဝယ်ဘဏ်ကဒ်များ ခြေရာလက်ရာမပျက်
နေ့စဉ်အလုပ်သွားသာမန်ဝတ်စုံကို ၀တ်ဆင်ထား တွန့်ကြေမှုကင်းမဲ့
ဝေဒနာပြင်းပြင်းထန်ထန် ခံစားလိုက်ရပုံ မပေါ် သွေးစသွေးနကင်းရှင်း
ကြွပ်ကြွပ်အိပ်တစ်လုံးထဲမှာ တ၀က်တပျက် ၀ါးမျိုထားတဲ့ ဟမ်ဘာဂါ
ဒါ သူနောက်ဆုံးစားခဲ့တဲ့ ညစာပဲ
သူ ဆိုရှယ် မီဒီယာ/နက်ဝပ် တွေမှာ (ရှိခဲ့ရင်) တက်ကြွခဲ့သလား
သူ့မိသားစုကို တွယ်တာ သံယောဇဉ်ထားခဲ့သလား
သူ့လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်ပြေမပြေ
သူနောက်ဆုံးဆိုခဲ့တဲ့ သီချင်းတစ်ပုဒ် ရှိမရှိ
သူနောက်ဆုံး ဘယ်ကိုဦးတည်သွားခဲ့တာလဲ
သူနောက်ဆုံး ဘယ်သူ့ကို ဖုန်းခေါ်ခဲ့သလဲ
သူနောက်ဆုံး ၀င်ခဲ့တဲ့ အီးမေးလ်အကောင့်ဟာ ဘာလဲ
သူနောက်ဆုံး ချက်တင်း ပြောခဲ့သူ ဘယ်သူလဲ
သူနောက်ဆုံး တစ်ယောက်ယောက်ကို “နောက်ဆုံး” လို့ ပြောခဲ့သေးလား
သူ ကြိုးတစ်ချောင်းကို ဘာကြောင့်မသုံးခဲ့သလဲ
သူ ရေကန်တစ်ကန်ထဲကို ဘာကြောင့်မသွားခဲ့သလဲ
သူ အဆောက်အဦမြင့်တစ်လုံးကို ဘာကြောင့် မစဉ်းစားခဲ့သလဲ
သူ အိပ်ဆေးအလွန်အကျွံ ၀ယ်ယူဖို့ အခက်အခဲ ရှိခဲ့လို့လား
သူ့မှာ လိုင်စင်နဲ့ကိုင်တဲ့ သေနတ်တစ်လက် မရှိခဲ့လို့လား
မကြာမီ ဓါတ်တိုင်မီးများ လင်းလာ လူအုပ်ကွဲစပြု
အရပ်ထဲမှာ ခုနစ်ရက်စာ ပြောစရာများဖြင့် တစီစီကျန်ရစ်
အမိုးပေါ်မှာ အချက်ပြမီးလုံး တ၀ီဝီ လှည့်လည် ဆူညံနေသော ရဲကားများ
မလှုပ်မယှက် သက်မဲ့ခန္ဓာကိုယ်တစ်ခုကို သယ်ဆောင်ထားသော
လူနာတင်ယာဉ်တစ်စီး မြင်ကွင်းမှ ဝေး… ဝေး….. သွား……….။
ပန်ဒိုရာ
၂၃-၂၇.၈.၂၀၁၁
Monday, August 22, 2011
အမှောင်ဘက်ခြမ်းက ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့...
ခိုင်စိုးလင်း စီစဉ်တဲ့ The Dark Side (သို့) သူခိုးစာအုပ် ထွက်ပါပြီ။
သရုပ်ဖော်ပုံတွေကို မလေးမေ ရေးဆွဲပါတယ်။ ပါဝင်ရေးသားသူတွေက -
ဟန်သစ်ငြိမ်၊ ဟယ်ရီလွင်၊ နေမြဲ၊ ထွန်းထွန်းမြိုင် ၊ မိုးလှိုင်ည၊ နေဦး ၊ လင်းဒီပ ၊ ညိုမင်းခ၊ ကိုမျိုး ၊ ကြည်သက်ဟန်၊ မှိုင်း (ဆေး -၂)၊ သြမြိုင် ၊ နန်းညီ၊ ဇာတိ၊ ချစ်ကြည်အေး ၊ သက်ဝေ၊ တေလေ ၊ ပန်ဒိုရာ ၊ ကျော်ညိုသွေး ၊ ခိုင်စိုးလင်း
စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုဒ် ယူနိုင်ပါတယ်။ http://www.mediafire.com/file/89xt1xioc3avomd/the%20dark%20side.pdf
ပန်ဒိုရာ ရေးထားသော စကားပြေတစ်ပုဒ်ကို အဲဒီစာအုပ်ထဲ မှာ ဖတ်ရှုနိုင်ပါတယ်။
Monday, August 8, 2011
Mythical Moments
Mythical Moments
moments make myths mired
meanwhile
melting morals’ mistake
musical mountains’ mute
mellow mornings’ moan
molded mustangs’ mutiny
mid-summer mirages’ magnet
meanwhile
mysterious mentor’s make-over
motivation / meditation
maturity / modernity
mercy / misty
may mend misprinted memoirs
meanwhile
may Martians mitigate misuse
Ko Pan
Yangon, 10:00 pm, 08.08.11
ဒဏ္ဍာရီဆန်တဲ့ အခိုက်အတန့်များ
အခိုက်အတန့်တွေက
ဒဏ္ဍာရီတွေကို ရုန်းထွက်လို့မရအောင် ဖန်ဆင်းတယ်
ဒီအခိုက်အတန့်မှာ
အရည်ပျော်နေတဲ့ နီတိတရားတွေ မှားယွင်းကြ
တေးသံသာတောင်တန်းတွေ တိတ်ဆိတ်ဆွံ့အကြ
နူးညံ့ညင်သာ နံနက်ခင်းတွေ ပြင်းပြငြီးညူကြ
ပုံစံသွင်းထားတဲ့ မြင်းရိုင်းတွေ ပုန်ကန်ထကြွကြ
နွေလယ်ကာလရဲ့ တံလျှပ်တွေက ဆွဲဆောင်ကြ
ဒီအခိုက်အတန့်မှာ
လျို့ဝှက်သိုသိပ် ကြီးကြပ်သူရဲ့ ပြုပြင်ပြောင်းလဲမှု
တက်ကြွစိတ်အား/ ပဋိပတ္တိတရား
ရင့်ကျက်တည်ငြိမ်ခြင်း/ ခေတ်မီလတ်ဆတ်ခြင်း
ကြင်နာမှု/ နာကျင်မှု တွေက
စာစီမှားခဲ့တဲ့ အတ္ထုပ္ပတ္တိ ကို ပြင်ဆင်နိုင်စေ
ဒီအခိုက်အတန့်မှာ
မားစ်ဂြိုလ်သားတွေလည်း အလွဲသုံးများ နည်းပါးနိုင်စေ
ကိုပန်
ရန်ကုန်၊ ည ၁၀ နာရီ၊ ၈.၈.၂၀၁၁
(ဘာသာပြန် ပန်ဒိုရာ၊ ကိုပန်)
Tuesday, July 26, 2011
ပြည်တော်ပြန် တူမကလေးနှင့် နေအိမ်ဝန်းကျင် မြန်မာစံတော်ချိန် (၁၃.၇.၂၀၁၁) ညနေ ၆ နာရီ ၃၀ မိနစ် စက်ရပ်သတင်းအကျဉ်း
ပြည်တော်ပြန် တူမကလေးနှင့် နေအိမ်ဝန်းကျင် မြန်မာစံတော်ချိန် (၁၃.၇.၂၀၁၁) ညနေ ၆ နာရီ ၃၀ မိနစ် စက်ရပ်သတင်းအကျဉ်း
အိမ်ရှေ့တွင် ရပ်ကွက်ဓမ္မာရုံ ၄င်းနောက်တွင် ရေမြောင်းကြီး၊ မြောင်းနောက်ဖက်တွင် ၈ မိနစ် (သို့) ၁၀ မိနစ်လျင် တစ်ကြိမ် ခုတ်မောင်းလျက်ရှိသော မြို့ပတ် ရထားလမ်းတည်ရှိ၊ အိမ်ခေါင်းရင်းဘက်တွင် လုံးချင်းတိုက်၊ Taxi စီးလိုက စီးပါ၊ ဘတ်စကားမှတ်တိုင်မှ လမ်းမလျှောက်ချင်လျှင် ဆိုက်ကားစီး၊ လျှောက်နိုင်လျှင်လျှောက်၊ ရပ်ကွက်ပျံကျဈေးနှင့်နီး၊ ရထားလမ်းနှင့် ရေမြောင်း တောက်လျောက်၊ ရန်ကုန်စတိုင် အမှိုက်ပုံကခတ်ဟီးဟီး၊ စည်းကမ်းမရှိ အမှိုက်စွန့် တတ်သူများအဖို့ လွန်စွာမှ အဆင်ပြေ၊ ပတ်ဝန်းကျင်သန်.ရှင်းလျှင် လေကောင်းရနိုင် သို့သော် ညစ်ပတ် သို့ရာတွင် ၅ လွှာ တွင်နေသဖြင့် ခြင်မရောက်တတ်၊ အိမ်တွင် မည်သည့်ပရိဘောဂ မှ မရှိသဖြင့် ကလေး ဟိုတက်ဒီတက်တက်ရန် မစိုးရိမ်ရ၊ မည်သည့် ဖျော်ဖြေရေးမှ မရှိသည့်အပြင် ပတ်ဝန်းကျင်နှင့် ကလေး ဆက်စပ်မှုလည်း မရှိသဖြင့် တစ်လ အတွင်း တရုတ်ဘာသာစကားနှင့်တကွ အတူနေ အိမ်ဖော်ဘာသာစကား ဓလေ့/အကျင့်/စရိုက်များ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ချေရှိ၊ ပိုက်လိုင်းထဲမှာ လာသော ရေမှာ သံဓာတ်အပြည့် ပါဝင်နေသည်ကို မြည်းစမ်းတွေ့ရှိရ၊ ရေသန့်ဗူး မှာယူ သောက်သုံးနိုင်ချေရှိ၊ အောက်ပါအချက်များ ကြိုတင်သိထားလျင် ကလေးအား သွားရောက်တွေ.ဆုံ နိုင်ပါသည် ( ဆိုလိုသည်မှာ အမြင့်ကြောက်တတ်သူများ၊ အမှောင်ကြောက်တတ်သူများ (လက်ရန်းမပါသော လှေခါးတလျှောက်) နှင့် အသန့်ကြိုက်တတ်သူများ အလည်အပတ် မလာသင့်) မျက်မြင်ကိုယ်တွေ့ သတင်းသာဖြစ်ပြီး စာရေးသူ အာဘော် မပါဝင်ပါ။
သတင်းပို့သူ - သိုက်ဖွား
ဟိုပြင်ဒီပြင်လုပ် ကဗျာအုပ်စုထဲ ဆွဲထည့်သူ - ပန်ဒိုရာ
၁၄-၂၆.၇.၂၀၁၁
Sunday, July 17, 2011
စေးပျစ်ပျစ် ဟိုက်ဘရစ် အသက်ရှူသံများ
စေးပျစ်ပျစ် ဟိုက်ဘရစ် အသက်ရှူသံများ
မြို့လေးရဲ့
ရှည်ရှည်ကျလာတဲ့ အရိပ်တွေက
ကိုယ့်ကိုထိပါးစပြုလာတယ်
တရေးနိုးတိုင်း
ပွင့်ပြီလားလို့ ထထကြည့်မိတဲ့
သနပ်ခါးပင်လေးလည်း
လရောင်ကိုမွတ်သိပ်လို့
မြေဆီသြဇာကို အငန်းမရမျှော်လင့်လို့
အရည်ပျော်လာတဲ့ နံရံတွေနဲ့
လေးထောင့်စပ်စပ် နိုက်ထရိုဂျင်ငွေ့ဟပ်နေတဲ့ လေထုနဲ့
ဘ၀ဆိုတာ သိက္ခာ ဘ၀ဆိုတာ ဥစ္စာ
ဘ၀ဆိုတာ ပညာ ဘ၀ဆိုတာ … ဘာ.. ညာ
ဘ၀ဆိုတာ
လူငယ်စိတ်ထဲက ကန်ထုတ်လိုက်တဲ့ ဘောလုံးတစ်လုံး
ကိုယ့်ဆိပ်ကမ်း ကိုယ်ပြန်မဆိုက်နိုင်တဲ့
မုတ်သုန်ရာသီနဲ့ အမြဲစိမ်းသစ်တော
မွေးဖွားခြင်းဟာ ကူးစက်ရောဂါ
သေဆုံးခြင်းဟာ သဘာဝရဲ့လက်ဆောင်မွန်
မြို့တွေမှာ
သူရူးတွေ တန်းစီပြေးလွှားနေကြ
တိုးတိုက်တွန်းထိုးကြ လဲပြိုတက်နင်းကြ
အမှန်တရားဟာ
နောက်ဆုံးပေါ်အမှားတွေကို
နာရီမပြတ် အရှင်လတ်လတ် လွှင့်ထုတ်ပြ
မဖုံးမကွယ်အလှနဲ့
မားမားမတ်မတ် ရပ်နေတဲ့ အဲဒီတောင်တန်းတွေဆီကိုတော့
လေကောင်းလေသန့် ရှူရှိုက်ချင်ရုံသက်သက်နဲ့ တက်လာမိခဲ့တာပါ
မကြာခင်
ငှက်တွေအိမ်ပြန်ပေါ့
ကောင်းကင်မှာ ရှက်စနိုးအလှတွေ ဖြာကျလာတော့မယ်
သူ့နောက်ကျောကနေ သိုင်းဖက်ပြီး
ဆည်းဆာကို မျက်တောင်မခတ်တမ်း ငေးကြည့်ချင်နေခဲ့တယ်
လွင့်မျောနေတဲ့ တိမ်တွေ
အဆုံးကို မမြင်ရတဲ့ နက်ရှိုင်းမှု
ရှေ့မနီးမဝေးမှာတော့ ဖွင့်ဟထားတဲ့ ချောက်ကမ်းပါးတစ်ခု
ပန်ဒိုရာ
၁၁-၁၇/၇/၂၀၁၁
Wednesday, July 6, 2011
ကျိုးနေတဲ့ အကျိုးတွေရဲ့ အကြောင်း
၂-၆.၇.၂၀၁၁
Friday, July 1, 2011
ပတ်ဘလစ်ရေကူးကန်ထဲမှာ ၀တ်လစ်စလစ် ငါးကလေးတစ်ကောင် တွေ့လိုက်တယ်
ပတ်ဘလစ်ရေကူးကန်ထဲမှာ ၀တ်လစ်စလစ် ငါးကလေးတစ်ကောင် တွေ့လိုက်တယ်
လူအများကူးတဲ့ ရေကူးကန်ထဲမှာ ငါးကလေးတစ်ကောင်ကို အမှတ်မထင်
တွေ့လိုက်တာ ငွေရောင်လဲ့လဲ့ပြေးနေတဲ့ ကိုယ်ခန္ဓာ ငါ့လက်သန်းလောက် အရွယ်
အစားနဲ့ သေးသေးလေးပါ ဘယ်လိုလုပ်ပြီး ရောက်နေခဲ့သလဲ ဒီငါးပေါက်စဟာ အခု
လေးတင် တစ်ယောက်ယောက်ရဲ့ ဘီကီနီကြားက လျှောခနဲ ထွက်ကျလာ
တာများလား မြောင်းပေါက်တွင်းပေါက် တစ်ပေါက်ပေါက်က ကန်နဲ့ တိတ်တိတ်ဆက်
သွယ်နေပြီး ဖောက်ရောက်လာတာလား မင်းက ရေသားအဆောက်အဦမှာ အိမ်ဖွဲ့
နေတတ်ပေမယ့်လည်း ဒီရေကူးကန်ထဲက ဒီအရေနဲ့အသားကတော့ မင်းအတွက် သူစိမ်း
ဆန်လွန်းနေမယ် ရေကူးဝတ်စုံလည်း မပါ အကြေးခွံတုံးလုံးနဲ့ ဗလာကို ၀တ်ဆင်
ထားပုံကလည်း ရဲတင်းလွန်းနေမယ် ငါက အမြီးလေးကို အသာလှမ်းကိုင်ကြည့်
လိုက်တဲ့အခိုက် ဗြုန်းဆိုလှည့်ပြီး ငါ့လက်ကို သူကိုက်တယ် ကြည့်စမ်း သွေးစတွေ
ဖွာခနဲ တော်တော်ဆိုးတဲ့ကောင် သွေးညှီနံ့ကို ငါးမန်း တစ်ကောင်ကောင်များ ရသွား
ခဲ့ရင် ဘယ်လိုလုပ်မလဲ ငါးမန်း ထွက်လာပြီး ငါ့ကိုကိုက်လို့ ငါသေသွားရင် ဘယ်လို
လုပ်မလဲ ငါသေသွားတော့ လူတွေက ငါးမန်းတွေကို စိတ်ဆိုးပြီး လိုက်သတ်
လိုက်ကြလို့ ငါးမန်းတွေ မျိုးတုံးသွားရင် ဘယ်လိုလုပ်မလဲ ငါးမန်းတွေ သတင်းကိုကြား
တော့ ကျန်တဲ့ငါးတွေပါ ကြောက်လန့်ပြီး ဟိုပြေးဒီပြေးနဲ့ ကောလဟလ
ကြောင့် ရွာပျက်ဆိုသလို တဖြည်းဖြည်း ပျောက်ကွယ်ကုန်ရင် ဘယ်လို
လုပ်မလဲ ငါးတွေမရှိတော့တဲ့အခါ ငါးမစားရ မနေနိုင်သူတွေ စိတ်ကျ
ရောဂါနဲ့ တတိတိ သေကုန်ကြရင် ဘယ်လိုလုပ်မလဲ ကျန်တဲ့လူ
တွေပါ စိတ်ကျရောဂါ ကူးစက်လာပြီး လူသားမျိုးနွယ်ကြီး ပျက်သုဉ်း
သွားရင် ဘယ်လိုလုပ်မလဲ ဒီတော့ ငါလည်း ကိုဓဥပဒေနဲ့ သူ့လက်ညိုးကို ပြန်
ကိုက်ဖို့ စဉ်းစားပါသေးတယ် ဒါပေမယ့် သူ့မှာက လက်ညိုးမရှိဘူး ရေယက်
လေးတွေပဲ ရှိတော့ခက်သား ဒါနဲ့ သူ့ကို ယဉ်ပါးသွားအောင် ချစ်ကြည်ရေး
ဖွဲ့ဖို့ပဲ စိတ်ကူးလိုက်တယ် အသက်ကို တ၀ရှူသွင်းပြီးမှ ကြားဖူး
နားဝ ဖတ်ဖူးမျက်ဝ ကဗျာလိုလို ဘာလိုလို အစပြု ရွတ်လိုက်မိပုံက ဒီလို - အဟမ်း -
(ရေကန်လေးပါလား.. အလို ငွေငါး ငုပ်ဆင်းသွား ….)
ငါ့အသံ ကြားတော့ ငါးလေးလည်း မနေနိုင်တော့ဘူး ကဗျာဓာတ်ကူးစက်
သွားပုံရတယ် ဗိုက်ကလေး ဖောင်းလိုက်ပိန်လိုက်နဲ့ ပါးဟက်
လေး ဟစိဟစိနဲ့ အဲဒီကဗျာကို ဆက်ပြီး ရွတ်ပါလေရော - ဟော -
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ
ပန်ဒိုရာ
၂၉-၃၀.၆.၂၀၁၁
Sunday, June 26, 2011
ရောမလိုကျင့်ခြင်းနှင့် ၄င်း၏အစာမကြေမှုများ
(localization and its discontents)
လူတန်းရှည်ဟာ စိတ်မရှည်ကြတော့ဘူး
ကယာစူးယဉ်ကျေးမှုနဲ့ ဒီ ဂါးမန်း နဲ့တော့ တွေ့နေကြပြီ
ဒစ်စကောင့်တွေဟာ တန်းစီအမှိုက်ပုံးတွေထဲ စနစ်တကျ နေရာယူနေကြတယ်
မနက်ဖြန်ဟာတနင်္လာ တယ်လီဖုန်းကဒ်တစ်ကဒ် ပန်နင်ဆူလာက ပဲပြုတ်နှစ်ကျပ်ဖိုး
သွားပစ်လိုက် လျှောက်ပစ်လိုက် ဒီလမ်းမတွေဟာ ဒီခြေထောက်နဲ့ ထိုက်တန်တယ်
ဘ၀ဆိုတာ စတားဘတ်ခ်မှာ ဒဘယ်လ်ရှော့ ပဲ ကိုးကုန်းကိုးကျင်း ၀င်းဒိုးရှော့ပင်း ပဲ
ပန်းဆိုးတန်းမှာ ဖုံထူနေမှာ လှည်းတန်းဈေးထဲမှာ ချွေးပြန်နေကြမှာ ငါဘယ်သိမှာလဲ
အမေတစ်ယောက်က လသားလေးကို မိုက်ကရိုဝေ့ဗ် မီးဖိုထဲ ထည့်ဖုတ်လိုက်တဲ့အကြောင်း
အိတ်ခ်ျဒီဘီ တိုက်ခန်းပေါ်မှာ လူသတ်ပြီး သောက်သုံးရေကန်ထဲ ထည့်ထားလိုက်ကြောင်း
သမ္မတရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါတွေ ၀င်ပြိုင်မယ့်အကြောင်း
(ငါကတော့ ရုံးပိတ်ရက် တစ်ရက် ရမှာကို ပိုစိတ်ဝင်စားနေလေရဲ့ ဟေဟေ့….)
ယာဟူး နဲ့ ဂူဂယ်လ်မှ မကယ်ရင် လူရာဝင်ဖွယ် သတင်းထူးတွေကို သိမှာမဟုတ်တော့ဘူး
ဖေ့စ်ဘွတ်ခ်နဲ့ ဘလော့ခ်မှ မ၀င်ရင် ကမ္ဘာ့အပြင်ဘက် ရောက်သွားလိမ့်မယ်
သတင်းအချက်အလက်ဟာ ရေဒီရေးရှင်းလို ပြန့်တယ် နားစွင့်ထားကြ
တစ်ကျပ်ရှိရင် စာရွက်သားကောင်းကောင်းနဲ့ သတင်းစာတွေ တပုံကြီးရမယ်
အထက်လူကြီးရှေ့မှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေကြောင်း အားကစားကျင့်ပြ
တင်းနစ်ဆိုရင် တင်းနစ် ဂေါ့ဖ်ဆိုဂေါ့ဖ်
လမ်းလျှောက်ရင် လမ်းလျှောက်ဝတ်စုံ တသွေမသိမ်း
ဒူးနေရာဒူး တော်နေရာတော် သောကြာနေ့ဆို လျှော့ဝတ်ကြ
ကိုယ့်ဘာသာဆိုရင် လျှော့စားအဆီကျ ဘူဖေးအချိန်မှာတော့ တန်အောင်စား
limited land - unlimited space
သင့်ဦးနှောက်တွင်းမှာ နေရာနည်းနည်း ချန်ထားပါ
အပြည့် ဖြည့်လိုက်ရင် ခွက်ထဲမှာ ဘာမှထပ်ထည့်လို့မရတော့ဘူး ဇင်တရားအရ
အမြန်ရထားဟာ ခပ်နှေးနှေးသွားနေတယ် ငါ့စိတ်အလျဉ်ကို ဘယ်မီပါ့မလဲ
ဗိသုကာလက်ရာများရဲ့ အသည်းနှလုံး ခရီးသွားလာရေးရဲ့ အချက်အချာ
အာရှစီးပွား စုစည်းရာ အနုပညာတို့ရဲ့ ဆုံမှတ်
ဟောဒီကျွန်းရဲ့ အောက်တည့်တည့်မှာ ကမ္ဘာကြီးရဲ့ ဗဟိုချက်ရှိတယ် (ယုံလား)
မာလိုင်းရင်းသတ္တ၀ါဟာ လောကအလုံးကို စောင့်ကြပ်တယ်
စန်တိုစာဟာ နိဗ္ဗာန်ဘုံ ကိုပီတီယံဟာ နတ်သုဒ္ဒာ
ရထားသံလမ်းနဲ့ တိုက်မြင့်မြင့်တွေဟာ ဘ၀ရဲ့ထွက်ပေါက်
ပြီးပြည့်စုံချင်တဲ့ စနစ်တစ်ခုကို ချစ်ခြင်းတရားက လာစိန်ခေါ်တယ်
ငါဟာ သူ့မြေကိုနင်း သူ့ဆန်ကိုစားပြီး
သူမရဲ့ ရွှေရောင်ဆံပင်နီကျင်ကျင်တွေကို ရဲရဲရင့်ရင့် ရှိုက်နမ်းပစ်လိုက်တယ်
မရိန္နာမှာ လတစ်ခြမ်း ခပ်ပြာပြာ သာနေတယ်
မြို့ပြဟာ အပြားလိုက် မာတောင့်တောင့် လေးထောင့်စပ်စပ်နဲ့
ဖုံးမရဖိမရ မားမားမတ်မတ် မိုးတိုးမတ်တတ်ကြီး ရပ်နေတယ်
သူရဲကောင်းကြီး ဒွန်ကွီးစုတ် ဗြုန်းဆိုဝင်လာ မကောင်းသူပယ်ကောင်းသူကယ်
လက်ခုပ်သံတွေ သောသောညံသွား ဓားရှည်တစ်လက်ရဲ့ လှောင်ပြောင်မှု
ပြည်သူများ ဘာကို လိုချင်သလဲ ဘာကို လိုချင်သင့်သလဲ
သင်တို့ ဘာသိသင့်သလဲဆိုတာကို ကျွန်ုပ်တို့က သိနှင့်နေတယ်
ဒူးရင်းသီး အနုပညာတိုက်ဟာ စူးစူးဝါးဝါး လှနေသလို
ပန်နင်ဆူလာ ကုန်တိုက်မှာ စူးစူးဝါးဝါး အနံ့တွေ ထွက်နေတယ်
ညနေခြောက်နာရီမှာ ဆရာတော်တရားပွဲရှိတယ် ဓမ္မမိတ်ဆွေများ
အီးမေးလ်တစ်စောင်နဲ့ ဖုန်းမက်ဆေ့ခ်ျတစ်ခု RSVP အကြောင်းပြန်ရန် လို/မလို
ဟေ့ နားမလည်ဘူးလား ငါ့တရားဟာ ငါ့ကဗျာ ငါ့အဘိဓမ္မာဟာ ငါ့ကဗျာ
ငါ့ကျင့်စဉ် ငါ့ယောဂ ငါ့ပယောဂဟာ ငါ့ကဗျာ
နှစ်ဆယ့်လေးနာရီ/ခုနစ်ရက် per second billing, non-stop
ဘာတွေတုန်း ဘာတွေတုန်း
ဆက်သွယ်ရေးဧရိယာအတွင်း ထိန်ထိန်သာနေတဲ့ မီးရောင်တွေကြား
ငါ့စိတ်ကူးစိတ်သန်းတွေ လောင်းရိပ်ကျလို့
ပန်ဒိုရာ
၂၆.၆.၂၀၁၁
စလုံးဝေါဟာရများ ရှင်းလင်းချက်
အော့ချတ် = Orchard
ကယာစူး = Kiasu = fear of losing
ဂါးမန်း= gahmen = government
ပန်နင်ဆူလာ = peninsula plaza (မြန်မာများ ကျက်စားရာ)
အိတ်ခ်ျဒီဘီ တိုက်ခန်း = HDB flat = အစိုးရ ရောင်းချသော တိုက်ခန်း
limited land - unlimited space = SLA (အစိုးရမြေစာရင်းဌာန) ၏ ဆောင်ပုဒ်
မာလိုင်းရင်း = merlion
စန်တိုစာ = sentosa
ကိုပီတီယံ = kopitiam (စားသောက်ဆိုင်တန်း နာမည်)